တစ်ခုတည်းသော အမွေ
“ညောင် “ညောင် ““ညောင်” “ညောင်”
စူပါမားကတ်မှာ ဈေးဝယ်ပြီး အပြန် ဓါတ်လှေကားထဲ ဝင်ကာနီးဆဲဆဲမှာ တညောင်ညောင် အော်သံနဲ့အတူ ကြောင်မအိုကြီး ရောက်လာတာမို့ လက်ထဲကဝယ်လာတဲ့စားစရာတွေထဲမှာ ကြောင်အတွက် ဘာများပါလာပါလိမ့်လို့ အပြေးအလွားစဉ်းစားမိတော့ ကြောင်စားလို့ရမယ့် စားစရာ မပါလာ။
ဒီကြောင်က အခြားကြောင်တွေလိုလဲမဟုတ်တော့ သူ့အတွက် သီးသန့် ချက်ကျွေးမှဖြစ်မှာမို့ အိမ်ရောက်ရောက်ခြင်း မီးဖိုထဲ ပြေးပြီး ကြောင်စာ ချက်ရတော့မှာသေချာပါသည်…
ဒီကွန်ဒိုတိုက်ခန်းကြီးမှာ အထပ်ပေါင်းများစွာ အခန်းပေါင်းများစွာရှိပေမယ့် ဂရုတစိုက် အစာကျွေးမယ့်သူ စောင့်ရှောက်မယ့်သူ မရှိတာကြောင့် ဒီကြောင်အိုမကြီးက အမွေးအတောင်တွေ ကအစ ခြောက်ခြောက်ကပ်ကပ် ဖြူဆုပ်ဆုပ် လမ်းလျှောက်တိုင်းလဲ အားပြတ်ပြီး ယိုင်နဲ့နဲ့ ဖြစ်နေရုံမက အစာကျွေးသည့်တိုင်အောင် မြန်ရည်ရှက်ရည်စားဖို့ သွားတစ်ချောင်းမှ မရှိတော့ပါ။
ဒီကြောင်အတွက် စားစရာတာဝန်ယူထားရသူက အခန်းပေါင်းများစွာရှိသော ဒီကွန်ဒိုကြီးမှာ ကျွန်မတို့အခန်းက ကျွန်မသူငယ်ချင်းတစ်ယောက်ရယ် ကျွန်မရယ် နှစ်ယောက်သာရှိပါသည်။
ကျွန်မသူငယ်ချင်းကတော့ တိရိစ္ဆာန်ချစ်သည့်နေရာမှာ ကျွန်မထက် လေးစားစရာ အားကျစရာ ကောင်းလွန်းအောင် တော်လွန်းနေပြန်ပါသည်။ ဒီကြောင်အိုကြီးကို စပြီးသတိထားမိကတည်းက ကြောင်အတွက် သီးသန့် ငါးတွေဝယ်ပီးရေခဲသေတ္တဲာမှာ ထည့်ထားတတ်ပြီး ကြောင်အော်သံကြားတိုင်း ငါးကို ပြုတ်ပြီး ကျွေးလေ့ရှိတာမို့ အခုဆို ကြောင်အိုကြီးက သုံးထပ်ကို တကူးတက တက်လာပြီး ကျွန်မတို့အခန်းရှေ့မှာ လာအော်နေတတ်ပီ။
သူ့ကို ဂရုတစိုက်နဲ့ အစာကျွေးနေကျမို့ ဒီအခန်းကို ကြောင်အိုကြီးက မှတ်မိနေတာ မဆန်းလှသော်လဲ သူအင်မတန်ဆာလောင်နေချိန်မှာတော့ လှေကားထစ်တွေကနေပြီး ခြေလှမ်းယိုင်နဲ့နဲ့တွေနဲ့ သုံးထပ်ကို တက်လာတတ်တဲ့ သူ့ကိုတွေ့တိုင်း ကျွန်မတို့ စိတ်မကောင်းဖြစ်ရပြန်ပါသည်။
ဒီတိုင်းပြည်မှာ ရှိရှိသမျှသော ကြောင်တွေအားလုံး ကံဆိုးလွန်းတာကို တစတစ သတိထားမိခဲ့ပေမယ့် အဖြေရယ်လို့ တိတိကျကျတော့ရှာလို့မရခဲ့ပါ။ တကယ်ဆို ကြောင်လေးတွေဆိုတာ အိမ်မွေးတိရိစ္ဆာန်တွေထဲမှာမှ အခွင့်ထူးခံလေးတွေ လို့ကျွန်မမေမေက မကြာခဏပြောဘူးပါသည်။
ကျွန်မတို့တိုင်းပြည်က ကြောင်တွေကတော့ ဒီကကြောင်တွေထက် ကံကောင်းနေပါသေးသည်။ ကျွန်မတို့ တိုင်းပြည်မှာ ဆင်းရဲ ချမ်းသာမရွေး ကိုယ်မွေးထားတဲ့ကြောင်တွေကို အချိန်တန်ရင် ပုဇွန်ခြောက်ထောင်းပြီး ထမင်းနယ်ကျွေးမည့်သူကမရှားပါ။
ဒီ့ထက်ပိုလို့တတ်နိုင်ပါက ပဲကြီးလှော်နှင့်ခပ်ဆင်ဆင်တူသော ကြောင်အတွက် သီးသန့် ထုတ်လုပ်ထားသည့် သားရေစာများကို ဈေးကြီးပေးဝယ်ပြီး ကျွေးကြပါသေးသည်။ အိမ်မှာ အလှမွေးသောကြောင်များကိုလဲ နှစ်စဉ်နှစ်တိုင်း ဆေးခန်းပို့ပြီး ကာကွယ်ဆေးထိုးပေးရုံမက နာမကျန်းဖြစ်ရင်လဲ တိရိစ္ဆာန်ဆရာဝန်က အိမ်တိုင်ယာရောက် ဆေးလာထိုးပေးသည်အထိ ဘုန်းကံကြီးမားသော ကြောင်များလဲ ရှိပါသေးသည်။
ကြောင်တစ်ကောင်ကို အစပြုပြီး ချစ်ခင်ယုယ အကြင်နာပိုလွန်းသော ကြောင်တို့၏ သခင်မလေးများနှင့် တိရိစ္တာန်ဆရာဝန်တို့ ရွှေလက်တွဲသွားကြသော ဇာတ်လမ်းများလဲ ကျွန်မတို့တိုင်းပြည်တွင် မရိုးနိုင်အောင်ကြားဘူးခဲ့ပါသည်။
ကျွန်မ၏ အစ်မကြီးပင်လျှင် သူမွေးထားသောကြောင်မလေးအတွက် မကြာခဏ မျက်ရည်လည်ရွဲဖြစ်ပြီး နေ့မရွေးညမရွေး ဆေးခန်းပြေးနေခဲ့ဘူးပါသည်။ ပိစိဆိုတဲ့ သူ့ကြောင်မသေးသေးလေး ကလေးမွေးသည့်ညက ကြောင်မီးနေစောင့် မမကြီးတစ်ယောက် တစ်ညလုံးမအိပ်ရပဲ ကြောင်လက်သည်ပါ ဖြစ်ခဲ့ဘူးပါသည်။ မမကြီး သည်းသည်းလှုပ်ပုံမှာတော့ ပြောစမှတ်ပြုပါသည်။
အကောင်သေးသေးကြောင်မလေးက ကလေးမမွေးနိုင်တာမို့ ပြူတစ်တစ်နဲ့ ထွက်လာတဲ့ ကြောင်ပေါက်စလေးတွေကို မမကြီးကိုယ်တိုင် လက်နဲ့ဆွဲထုတ်ပေးခဲ့ရပါသည်။ ကြောင်မလေးက ကလေးတွေ ထွက်မလာမချင်း နာကျင်စွာနဲ့ အော်ဟစ်နေချိန်မှာ မမကြီးကလဲ မျက်ရည်တွေ ပေါက်ပေါက်ကျလို့ ကြောင်မလေးကို အားပေးနေခဲ့ပါသေးသည်။
ဆေးခန်းတွေပိတ်ချိန်မှာ ကလေးမွေးမိတာမို့ ကြောင်မလေး ပိစိဆေးရုံတက်ချိန်မရလိုက်ပါ။ ဆေးခန်းဖွင့်ချိန်ဆိုရင်တော့ မမကြီးက ဆရာဝန်ကို ပြေးခေါ်ဖို့ ဝန်မလေးတာမို့ ကြောင်အိုဂျီနဲ့ ကလေးမွေးရမှာတော့ သေချာလှပါသည်။
အင်မတန့်အင်မတန် ကြင်နာတတ်သော သနားတတ်သော စာနာတတ်သော သခင်များနှင့်သာ ကြီးပြင်းခဲ့ကြသော ကျွန်မတို့ အချစ်တော် ကြောင်လေးများမှာ အလွန်ကံကောင်းကြပါသည်။
ထိုသို့ ကြောင်အခွင့်အရေး အပြည့်အဝ ရခဲ့သော ကျွန်မတို့တိုင်းပြည်မှကြောင်များနှင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့သော ကျွန်မ ဒီမြို့ကကြောင်တွေကို စတင်ပြီး တွေ့မြင်ရချိန်မှာတော့ အမည်မဖော်နိုင်သော ခံစားမှုတစ်ရပ်ဖြင့် တုန်လှုပ် ခြောက်ချားခဲ့ဘူးပါသည်။
ဒီမြို့လေးကိုရောက်ပြီး သုံးရက်မြောက်နေ့မှာ အလုပ်ကပြန်လာကာစ မြေညီထပ်ရှိ အဆောင်ဟောခန်းမကြီးတွင် အဝင်အထွက် လက်မှတ်ထိုးနေချိန်တွင် အဆောင်ဆင်ဝင်ဝဆီမှ ကြောင်အော်သံကြားမိတာမို့ မနေနိုင်မထိုင်နိုင် ထွက်ကြည့်မိတော့ အစာတောင်းနေသော ကြောင်နှစ်ကောင် အသံကုန်ဟစ်ပြီး အော်နေတာကို တွေ့လိုက်ရပါသည်။ ဘေးပတ်ဝန်းကျင်က လူများကလဲ ဥဒဟို သွားလာလျက် အသွားအလာမပျက် ကြောင်အော်သံကိုလဲ ဂရုမထားကြသလို ကြောင်တွေကိုလဲ အလေးမထားကြပါ။
တိုက်တိုက်ဆိုင်ဆိုင် ကျွန်မကျောပိုးအိတ်ထဲမှာ နို့ပေါင်မုန့် အချို့ရှိနေတာမို့ သတိတရနဲ့ ကြောင်နှစ်ကောင်ကို ထုတ်ကျွေးနေစဉ်မှာပဲ အဆောင်တာဝန်ကျ လုံခြုံရေးဝန်ထမ်းက ရောက်လာပြီး ကျွန်မကို နှင်ထုတ်ပါတော့သည်။ ဆင်ဝင်အောက်မှာ အမှိုက် မဖွပါနဲ့ဆိုတဲ့ ခပ်ဆတ်ဆတ် သတိပေးသံနဲ့အတူ ကြောင်နှစ်ကောင်ကို မောင်းထုတ်ပြီး ကျွန်မရဲ့ ပေါင်မုန့်တွေကိုပါ ပြန်ရှင်းလင်းသွားပါလို့ အမိန့်ပေးလာပါသည်။
ရုတ်တရက် လူအများရှေ့မှာ အပြောခံလိုက်ရတာမို့ တာဝန်ကျ လုံခြုံရေးဝန်ထမ်းကို နားမလည်နိုင်စွာနဲ့ တစ်ချက်ကြည့်ပြီး ပေါင်မုန့်များကို ကောက်ယူကာ မလှမ်းမကမ်းရှိ တိုက်နှစ်တိုက်ကြား ကားပါကင်ဆီလှမ်းထွက်လာမိပါသည်။ လူသွားလူလာရှင်းသော ကားပါကင်ဆီရောက်မှ ကြောင်နှစ်ကောင်ကို ပြန်ခေါ်ပြီး အစာကျွေးရပါသည်။ ကြောင်တွေအစာစားပြီး ပြန်သွားတော့မှ စားကြွင်းစားကျန်များကို စနစ်တကျ ရှင်းလင်းပြီး ကျွန်မအခန်းသို့ ပြန်ခဲ့ရပါသည်။
နေရာသစ်မှာ ကြုံတွေ့လိုက်ရသော လူနေမှုစရိုက် အသစ်စက်စက်မှာ ပျော်ဝင်ဖို့ကြိုးစားရင်း မတူညီသော ဓလေ့ထုံးစံအသစ်ကို လက်မခံချင်ပဲ လက်ခံလိုက်ရပါသည်။ ဒါလားဟဲ့ နိုင်ငံခြား ဒါလားဟဲ့ လူ့အခွင့်အရေး တိရိစ္ဆာန်အခွင့်အရေးလို့ ခပ်တိုးတိုးရွတ်ဆိုရင်း ကြောင်နှစ်ကောင်ပေးသော သင်ခန်းစာနှင့် စာနာသနားလွယ်သော ကျွန်မ၏ ပင်ကိုစရိုက်ကို ပထမဆုံးအကြိမ်အဖြစ် စိတ်ပျက်မိခဲ့သော နေ့တစ်နေ့လဲ ဖြစ်ခဲ့ပါသည်။
ကျွန်မအဆောင်မှ မပြောင်းမချင်း လူတွေ့တိုင်း တညောင်ညောင်အော်ကာ အစာတောင်းတတ်သော ကြောင်တွေကိုတွေ့တိုင်း အစာကျွေးဖြစ်ခဲ့ပါသည်။ တစ်ခါ အအော်ခံရဘူးသော အတွေ့အကြုံကြောင့် လူနေတိုက်ကြီးများအောက်တွင် လူမြင်သူမြင်ခံပြီး အစာမကျွေးရဲတော့ပါ။ ကြောင်အစာကျွေးတိုင်း လူသူလေးပါး ကင်းရှင်းသော နေရာများဖြစ်သည့် လူနေတိုက်တာများမဟုတ်သော တိုက်ဘေး လမ်းကြား ကားပါကင်စတဲ့နေရာတွေမှာ သတင်းစာစက္ကူစခင်းပြီး အစာကျွေးရပါသည်။
ကျွန်မရဲ့အလုပ်ကလဲ အဆောင်နားမှာ ရှိရှိသမျှသော ကြောင်တွေကိုအစာကျွေးသည့် အလုပ်တစ်ခုတည်းမဟုတ်တော့ပဲ ကြောင်တွေအစာ စားမစားစောင့်ကြည့်ရင်း နောက်ဆုံး စာကြွင်းစားကျန်တွေကိုပါ ရှင်းလင်းသုတ်သင်ရတဲ့ အလုပ်တစ်ခုပါ ပိုလာခဲ့ပါသည်။
ကျွန်မကြောင်တွေကို အစာကျွေးသည့်အခါတိုင်းလဲ ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာကြသော လူအချို့က မသိမသာ ငဲ့စောင်းကြည့်သွားကြပါသည်။ ဖြတ်သွားဖြတ်လာများမှ ကျွန်မကိုကြည့်ပြီး အလုပ်မရှိ ကြောင်ရေချိုးဆိုတဲ့ စကားပုံကို မသိမသာ ရွတ်ဆိုချင်ရွတ်ဆိုသွားပါလိမ့်မည်။
ကျွန်မကတော့ ကျွန်မလုပ်နိုင်သော အလုပ်တစ်ခုကို လုပ်သင့်လုပ်ထိုက်သော အချိန်တွင် လုပ်ခဲ့ခြင်းလို့ပဲ ခံယူထားခဲ့ပါသည်။ နှမ်းတစ်ပွင့်နဲ့ ဆီမဖြစ်နိုင်တာကို သိခဲ့သော်ငြား နေ့စဉ် နေ့တိုင်း နှမ်းတစ်ပွင့်တည်းမှ ဖြစ်လာသော ဆီစက်သေးသေးလေးကို လျော့ကျမသွားရအောင် ကြိုးစားပြီးထိန်းသိမ်းခဲ့ဘူးပါသည်။
အဆောင်မှာနေစဉ်က ပိန်ပိန်လိမ်လိမ် ပုပုကွကွ ပျိုပျို အိုအို ကြောင်ပေါင်းစုံနှင့်ရင်းနှီးခဲ့သလို အဆောင်မှရွေ့ပြီး တိုက်ခန်းငှားနေမိချိန်မှာလဲ ကြောင်အိုကြီးတစ်ကောင်နှင့် ထပ်ဆုံရပြန်ပါသည်။
အိမ်ပြောင်းစကာလမှာတော့ ပတ်ဝန်းကျင်မှာ တိရိစ္ဆာန်တစ်ကောင်တလေမှ မတွေ့မိတာမို့ ရုတ်တရက် စိတ်ချမ်းသာသွားမိပါသည်။ ကျွန်မအတွက်တော့ တိရိစ္ဆာများ၏ ဒုက္ခကို မမြင်လို မတွေ့လိုတာထက် မမြင်ရဲ မမြင်ရက်တာက ပိုမှန်ပါလိမ့်မည်။
ကျွန်မ ဒီနိုင်ငံမှာ နေထိုင်စဉ်ကာအအတွင်း အိမ်မွေးတိရိစ္ဆာနှ်များအနက် အိမ်မွေးခွေးတစ်ကောင်စ နှစ်ကောင်စကိုသာ ဖြတ်သွားဖြတ်လာ မြင်ဘူးခြင်းဖြစ်ပြီး လမ်းမပေါ်မှာတော့ လမ်းဘေးခွေးတစ်ကောင်မှ မတွေ့ခဲ့မိပါ။ (ကျွန်မရဲ့ သတ်မှတ်ချက်အရ) လမ်းဘေးကြောင်များကိုသာ လမ်းပေါ်မှာ မကြာခဏ တွေ့ရတတ်ပါသည်။
ဒီတိုင်းပြည်က ခွေးများကြောင်များ ရရှိထားသော အခွင့်အရေးကတော့ ကျွန်မတို့တိုင်းပြည်က ခွေးများကြောင်များ ရရှိထားသော အခွင့်အရေးနှင့် ပြောင်းပြန်အချိုးကျနေခဲ့ပါသည်။ မြန်မာပြည်မှာ လမ်းဘေးကြောင်မရှိ လမ်းဘေးခွေးသာရှိ၏။ ဒီတိုင်းပြည်မှာတော့ လမ်းဘေးခွေးမရှိ လမ်းဘေးကြောင်သာရှိ၏။ ဟုတစ်ယောက်တည်း မှတ်ချက်ချနေမိပါသည်။
မြန်မာပြည်မှ ညစ်ညမ်းစကားတစ်ခွန်းဖြစ်သော ခွေးသူတောင်းစားဆိုသော စကားတစ်ခွန်းနေရာကို ဒီတိုင်းပြည်တွင်တော့ ကြောင်သူတောင်းစား ဆိုသော စကားလုံးဖြင့် အစားထိုးကြည့်လိုက်မိပါသည်။
ကျွန်မအိမ်ရှိကြောင်မကြီးက အဆောင်နားမှာ တွေ့ခဲ့ဘူးသော ကြောင်များထက် အဖြစ်ဆိုးလှပါသည်။ ကြောင်အဆင်းသဏ္ဍန်ကအစ သိသိသာသာ ကွာခြားလှပါသည်။ ကြောင်အိုမကြီးကတော့ ဆင်းရဲခြင်း ငတ်မွတ်ခြင်းဒဏ်ကို အလူးအလဲခံစားထားရသော လက္ခဏာများနှင့် အတိပြီးနေခဲ့ပါသည်။
အမွေးအတောင်များမှာ ဖြူရော်နေခဲ့သလို အရေပြားများကလဲ နံရိုးများကိုပင်ထိုးဖောက်မြင်နေရအောင် ပါးလျလျ။ ခြေလှမ်းတစ်လှမ်းခြင်းစီကို ယိုင်နဲ့နဲ့ လှမ်းနေရတဲ့ ကြောင်မကြီးမှာ အစာကျွေးလို့မှ မြိန်ရည်ရှက်ရည်စားဖို့ သွားတစ်ချောင်းမှမရှိ။
နဂိုငတ်မွတ်မှုကို အစာကောင်းကောင်းမဝါးနိုင်သော အာဟာရ ချို့တဲ့မှုကို ပေါင်းထည့်လိုက်တော့ အိုမင်းမစွမ်းတဲ့ ကြောင်အိုမကြီးအတွက် ဆုတ်ကပ်ဆိုက်နေသည်နှင့်မခြား။
ပထမဆုံးအကြိမ် ကြောင်အိုမကြီးနှင့် စတင်ဆုံးဆည်းတဲ့နေ့ကတော့ ကြောင်စာကျွေးနေကျ ကျွန်မအတွက် ထီပေါက်သလိုခံစားခဲ့ရပါသည်။
ကြောင်မကြီးက ကျွန်မဆီမှာ အစာလာတောင်းနေတာကြောင့် အလုပ်ကပြန်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဝယ်လာမိတဲ့ KFC ကကြက်ကြော်တစ်တုံးကို ဆွဲထုတ်ပြီး ဝမ်းသာအားရကျွေးမိချိန်မှာမှ ကျွန်မအတွက် ငိုရအခက်ရယ်ရအခက် ပြဿနာကို စပြီး တွေ့လိုက်ရပါသည်။
ကျွန်မချကျွေးသော ကြက်ကြော်ကို ကြောင်မကြီးက ပါးစပ်ဖြင့် တွန်းကာ တို့ကာစားဖို့ကြိုးစားရှာပါသည်။ သို့သော် ကိုက်စရာ သွားကတစ်ချောင်းမှ မရှိတာမို့ ကြက်ကြော်နှင့် ကြောင်အိုမကြီး အပြန်အလှန်လွန်ဆွဲသလို တိုက်ပွဲဖြစ်နေရှာပါသည်။ သူ့အခက်အခဲကို ရိပ်မိတာမို့ ကြက်သားတုံးကို တစစီ ဖဲ့ပေးဖို့ လှမ်းဆွဲပြန်တော့ ကြောင်မကြီးက အဆွဲမခံ ကျွန်မကို ပြန်ပြီး ရန်လုပ်ပါသည်။ နောက်ဆုံးတော့ စိတ်မသက်မသာနဲ့ ကြောင်မကြီးကို ကြက်ကြော်နှင့် နှစ်ပါးသွား ကခိုင်းခဲ့ရပါတော့သည်။
နောက်နေ့တွေမှာတော့ အခွင့်ထူးခံ သူ့အတွက် ငါးတွေ ဝယ်ပြီး နူးနေအောင် ပြုတ်ရပါတော့သည်။ ငါးပြုတ်ကို ထမင်း နည်းနည်းနဲ့ ပျော့ပြဲနေအောင်နယ်ပြီး သွားမပေါက်သေးသော ကလေးကို ကျွေးသလို ကျွေးရပါတော့သည်။ ဒီနိုင်ငံရောက်မှ သင်ယူခဲ့တဲ့ သင်ခန်းစာလေးတွေကြောင့် နိုင်ငံကြီးသားပီသစွာပဲ အစာလဲကျွေး စောင့်ကြည့် ပြီးသန့်ရှင်းရေးလဲလုပ် ဒါနကုသိုလ်မျိုးစုံကို တပြိုင်တည်း ယူရပါတော့သည်။
တခါတရံ စာနာစိတ်အရင်းခံပြီး ကြောင်တွေကို အစာကျွေးတိုင်း ကျွန်မဘဝမှာ စွဲထင်နေခဲ့သော အရိပ်အချို့ကို ပြန်မြင်ယောင်လာတတ်ပါသည်။ လွမ်းဆွတ်စာ တမ်းတစွာ မြင်ယောင်မိတဲ့ အရိပ်တွေကတော့ ကျွတ်မထက်ပိုလို့ တိရိစ္ဆာန်တွေကို ချစ်ခင်တွယ်တာတတ်သော အဘိုးပဲဖြစ်ပါသည်။ အဘိုးကိုတော့ ကျွန်မတို့ မြေးတွေအကုန်လုံးက ပါပါကြီးလို့ ခေါ်ကြပါသည်။
အိမ်မှာ မွေးထားသောကြောင်များနှင့် တစ်ကောင်တည်းသောခွေးကို အစာကျွေးတဲ့ အလုပ်ကို ပါပါကြီးက တစ်ဦးတည်း တာဝန်ယူခဲ့ပါသည်။ ကျွန်မတို့ ငယ်စဉ်ကလဲ နေ့လည်စာ ညစာတွေကို ပါပါကြီးကိုယ်တိုင် တယုတယ ခွံ့ကျွေးလေ့ရှိပါသည်။ ထမင်းစားချိန်တွေမှာတော့ ထမင်းအုပ်ကြီးထဲမှာ ထမင်းရော ဟင်းပါ နယ်ထည့်ထားပြီး မြေးတွေအားလုံးကို စက်ဝိုင်းပုံစံ ထိုင်စေပြီး ပါပါကြီးက အလည်မှာ ထိုင်ကာ မြေးများကို အလှည့်ကျ ခွံ့ကျွေးလေ့ရှိပါသည်။
မြေးအားလုံးကို နေ့စဉ်နှင့်အမျှ ထမင်းခွံ့ကျွေးသော အလေ့အထမှာ ထမင်းဟင်း အလေအလွင့် မရှိစေရေးသက်သက်တော့ မဟုတ်လောက်ပါ။ ပါပါကြီး၏ မြေးများအပေါ်ထားရှိသော မေတ္တာစေတနာများက ထမင်းစားပွဲပေါ်မှာ ပြန့်ကျဲနေမည့် ထမင်းလုံး ဟင်းစက်များနှင့်လဲ လားလားမှ မဆိုင်ခဲ့ပါ။
ကျွန်မတို့ အားလုံးထမင်းစားပြီးချိန်မှာတော့ ပါပါကြီးက ထမင်းဇလုံကြီးထဲကို ထမင်းနှင့် ငါးပြုတ်များထည့်ကာ နှံ့စပ်အောင် နယ်ပါသည်။ တခါတရံ စိတ်တိုင်းမကျမချင်း ဆား အချိုမှုန့်များထည့်ကာ ထပ်ကာထပ်ကာ မြည်းကြည့်ပါသည်။ စိတ်တိုင်းကျပြီဆိုရင်တော့ သူ့အချစ်တော် ကြောင်များနှင့် တစ်ကောင်တည်းသော ခွေးကို ခေါ်ပြီး ထမင်းကျွေးပါတော့သည်။
ထမင်းကျွေးခါနီးတိုင်းလဲ ခွေးနှင့် ကြောင်များ အစာစားသော ခွက် ရေသောက်သောခွက်များကို စနစ်တကျ ဆေးကြောတတ်ပါသေးသည်။ ကျွန်မတို့ မွေးထားသောခွေးမှာ မျိုးရိုးကောင်းသော အိမ်မွေးအလှခွေး မဟုတ်ခဲ့ပါ။ ညအချိန်တွင် လှေကားထစ်တွင် အိပ်သော မသင်္ကာစရာမြင်လျှင် လှမ်းဟောင်တတ်သော သာမန် လမ်းဘေးခွေးသာ ဖြစ်ပါသည်။
သို့သော် ပါပါကြီးက အိမ်မှာမွေးထားသော ကြောင်များ ခွေးများကို အိမ်ရှိလူများနှင့် တန်းတူ သဘောထားပြီး ကျွေးမွေးခဲ့ပါသည်။ ခွေးစာနယ်တိုင်း ဂရုတစိုက် မြည်းတတ်သော အဘိုးကို မြေးများက နှာခေါင်းတရှုံ့ရှုံ့ဖြင့် စပ်စုတိုင်းလည်း ခွေးဆိုတာ လူလိုပဲ လျှာရှိတယ် အရသာခံတတ်တယ် အကောင်းမှပဲ စားချင်မှာပေါ့ မင်းတို့တောင် အကောင်းကြိုက်တတ်သေးတာ ခွေးလဲ ကြိုက်မှာပေါ့ ။
လူမစားတဲ့ အရိုးအရင်း စားကြွင်းစားကျန်တွေ ငါက မကျွေးချင်ဘူးဆိုတဲ့ အဘိုးကို သတိရမိတိုင်း ရှားပါးစွာ တွေ့ရခဲတဲ့ အဘိုးရဲ့ စေတနာတွေကို လေးစားလို့မဆုံးခဲ့ပါ။
ကြောင်အိုမကြီးအတွက် ငါးပြုတ်တိုင်းလဲ အိမ်က လျှပ်စစ်မီးဖိုလေးပေါ်မှာ နေ့နေ့ညည မပြတ်ရအောင် တည်ထားတတ်တဲ့ ခွေးစာကြောင်စာ ငါးပြုတ်အိုးကြီးကို အခါမလပ် သတိရနေမိပါသည်။
အိမ်မွေးတိရိစ္ဆာန်တွေကို သူထမင်းမစားမီ ဦးဦးဖျားဖျား ထမင်းနယ်ကျွေးလေ့ရှိသော စားကြွင်းစားကျန်ကျွေးလေ့မရှိသော ပါပါကြီး၏ မေတ္တာ စေတနာတွေကို ကျွန်မကိုယ်တိုင်လဲ လိုက်မမီခဲ့သလို ပါပါကြီးကဲ့သို့ စိတ်ထားမြင့်မြတ်သော လူမျိုးကိုလဲ အပြင်လောကမှာ အခုချိန်ထိ မတွေ့မိသေးပါ။
ပါပါကြီး ကွယ်လွန်သွားပြီးသည့်နောက်ပိုင်းမှာတော့ လျှပ်စစ်မီးဖိုပေါ်က ငါးပြုတ်အိုးကြီးလဲ တစတစ ပျောက်ကွယ်သွားခဲ့ပါသည်။ သူ၏ချစ်လှစွာသော အိမ်မွေးတိရိစ္ဆာန်များလည်း ထိုနည်းလည်းကောင်းပင် တစစီ တစစီ ပျောက်ကွယ်သွားခဲ့ပါသည်။
လူကြီးသူမများပြောစကားအရ လူမမာ ရှိသောအိမ် နာရေးဖြစ်နေသောအိမ်တွင် ကြောင်သတ္တဝါများနေလေ့မရှိ ကြောင်များတွင် အလိုလို သိနေသော အာရုံခံစားမှုကြောင့် ထိုအိမ်များမှ ဝေးရာသို့ ထွက်ပြေးနေလေ့ရှိသည် ဆိုတဲ့ စကားကတော့ ကျွန်မတို့ အိမ်အတွက် မဟုတ်ခဲ့ပါ။
ပါပါကြီး ကွယ်လွန်ချိန်တွင် ပါပါကြီးချစ်လှစွာသော ကြောင်မလေးက ဗီရိုအမြင့်တနေရာမှနေ၍ ပါပါကြီးကို မမှိတ်မသုံ စိုက်ကြည့်နေခဲ့ပါသည်။ သူ့ကိုချစ်သော သခင်ကို ပစ်၍ အဝေးသို့ မပြေးခဲ့ပါ။ သူ၏ ချစ်လှစွာသော ခွေးလေးကလဲ သူ့သခင်ကွယ်လွန်ပြီး လ အနည်းငယ်အကြာတွင် သခင့်အပေါ်လွမ်းစိတ်ဖြင့် ကောက်ကာငင်ကာ ကွယ်လွန်သွားခဲ့ပါသည်။
ပါပါကြီး ကွယ်လွန်ချိန်မှစ၍ လမ်းပ်ါတွင် လေလွင့်နေသော ခွေးများ ကြောင်များကိုမြင်တိုင်း နာနာကျင်ကျင် ခံစားရပါသည်။ ပါပါကြီး၏မျက်နှာကို ပြေးမြင်မိပါသည်။
သတ္တဝါ တို့အပေါ် မေတ္တာပေး၍ မေတ္တာရခဲ့သော အကြင်နာပေး၍ အကြင်နာရခဲ့သော ပါပါကြီး၏ စေတနာတရားနှင့် နှိုင်းယှဉ်တုပ၍ မီနိုင်လောက်သော စေတနာ မေတ္တာမျိုးကို ကျွန်မ ငတ်မွတ်နေခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။ တိတိကျကျ ဆိုရပါမူ ဆယ့်ငါးနှစ်တိတိ ကြာခဲ့ပါပြီ။
အခု ကျွန်မမြင်နေတွေ့နေရသော ကြောင်အိုမကြီးကို ပါပါကြီးတွေ့ခဲ့လျှင် ဆေးခန်းပို့ပြီး ဂလူးကို့စ်သွင်းပေးမလား ထမင်းကို ညက်နေအောင်ဝါးပြီး သေသေချာချာ ခွံ့ကျွေးနေမလား… နွားနို့ကျိုပြီး အချိန်ဇယားနဲ့ တိတိကျကျ တိုက်နေလေမလား …. သေချာတာကတော့ ကျွန်မထက် အဆပေါင်းများစွာ ကြင်နာယုယစွာ စောင့်ရှောက်မှုပေးနိုင်ပါလိမ့်မည်။
သတ္တဝါများအပေါ်ထားရှိသော ပါပါကြီးရဲ့ မေတ္တာက အရာအားလုံးထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်ပဲလေ။
ပါပါကြီးထံမှာ ကျွန်မရယူနိုင်ခဲ့သော တစ်ခုတစ်သော အမွေကတော့ သတ္တဝါတို့အပေါ်ထားရှိအပ်သော စာနာစိတ်နှင့် ဂရုဏာတရား သာဖြစ်ပါသည်။
Tuesday, November 24, 2009 | Labels: အမှတ်တရလေးတွေ | 15 Comments
ကျွန်မရဲ့ ကန့်ကူလက်လှည့်
သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာ ဆိုတဲ့စကားလုံးတွေထက် ကန့်ကူလက်လှည့် ငယ်ဆရာ ဆိုတဲ့ အဆိုလေးကို ရင်းရင်းနှီးနှီး စပြီးကြားဖူးခဲ့တာ အဖေ့ဆီက ဖြစ်ပါသည်။
အဖေက ကဗျာဆန်သလို တခါတရံ စကားပြောရင်လဲ စာသံပေသံတွေနဲ့ နောက်တီးနောက်တောက် ပြောတတ်သူတစ်ယောက်မို့ အဖေနဲ့စကားပြောရင် ဘယ်တုန်းကမှ မပျင်းရပါ။
အိမ်မှာ သားသမီးတွေ ပညာရေး အတွက် အမြဲစိတ်မအေးနိုင်တဲ့ သူကအဖေပါ။ ကျွန်မမောင်နှမတွေအားလုံး အင်္ဂလိပ်စာကို အဖေ့ရှေ့မှာ ဘယ်သူမှ အသံထွက်ပြီး မဖတ်ရဲကြ။ တစ်ယောက်ယောက်က ယောင်ယမ်းပြီး စာလုံးတစ်လုံးလောက် အော်ဖတ်လိုက်လို့ကတော့ အဖေ့အတွက် သင်စရာ အကွက်ရသွားသလို အော်ဖတ်လိုက်တဲ့သူကလဲ အဖေ့စိတ်တိုင်းကျ အသံမထွက်မချင်း ထပ်ခါတလဲလဲ ဆိုနေရတတ်ပါသည်။ အဖေ့စိတ်ကြိုက် အသံမထွက်လာပါက မရမချင်း အအော်ခံရတတ်ပါသည်။
နောက်ဆုံးတော့ ကျွန်မတို့ မောင်နှမတွေ အားလုံး ဘွဲ့အသီးသီးရသည်အထိ အဖေ့ရှေ့မှာ အင်္ဂလိပ်စာကို အသံထွက်ပြီး မဖတ်ရဲခဲ့ကြပါ။ အဖေကိုယ်တိုင်က ဆယ်တန်းအထိသာ ကျောင်းတက်ခဲ့ပီး ဘွဲ့မရခဲ့ပါ။ ဒါပေမယ့် အဖေ ငယ်စဉ်ကတည်းက တက်လာခဲ့တဲ့ကျောင်းတွေက အင်္ဂလိပ်သာသနာပြုကျောင်းတွေ ဖြစ်တာမို့ အင်္ဂလိပ်စကားပြောတဲ့ ဆရာတွေနဲ့ စနစ်တကျ သင်ခဲ့တဲ့အဖေက သားသမီးတွေရဲ့ အင်္ဂလိပ်အသံထွက်တွေကို ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့ပါ။
ပြီးတော့ သားသမီးတွေ လက်ရေးမလှမှာကိုလဲ အဖေက စိတ်ပူတတ်ပါသေးသည်။ အဖေရော အမေပါ လက်ရေးလက်သား သေသပ်လှပအောင် ရေးနိုင်ကြပါသည်။ သားသမီးတွေ အားလုံးကိုလဲ လက်ရေးလှလှလေးတွေ ရေးနိုင်ဖို့ အဖေကိုယ်တိုင် တဖွဖွ မှာနေခဲ့သလို ကျွန်မတို့ စာရေးတဲ့ ခဲတံတွေအားလုံးကိုလဲ အဖေကိုယ်တိုင် ချွန်ပေးခဲ့ဘူးပါသည်။
အခုချိန်ထိ အလုပ်ထဲမှာ ခဲချွန်စက်နဲ့ ခဲတံချွန်တိုင်းလဲ ဓါးပါးပါးလေးနဲ့ အဖေချွန်ပေးခဲ့တဲ့ မချွန်မတုံး ခဲတံလေးတွေကို ကျွန်မ သတိရနေခဲ့ပါသည်။
ကျွန်မတို့မောင်နှမတွေထဲမှာတော့ လက်ရေးမလှတဲ့သူက တချိန်လုံးမျက်နှာ ငယ်ရပါတော့သည်။ ကျွန်မ မှတ်မိသလောက် အကိုကြီးရဲ့ လက်ရေးက ပဲပင်ပေါက်လို ရှည်မျောမျော ထိုးထိုးထောင်ထောင် အဖေက အကိုကြီးရဲ့ လက်ရေးကို ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့။ ဘုန်းကြီးကျောင်းသား လက်ရေးလို့ ထောပနာပြုတတ်သလို အခွင့်ရတိုင်းလဲ လက်ရေးမလှတဲ့အကြောင်းကို ပြောလို့မဆုံးခဲ့ပါ။
အကိုကြီးလဲ သူ့လက်ရေးပဲပင်ပေါက်တွေကို မကြာခဏ ခလုတ်တိုက်ခံနေရတာမို့ ဘွဲ့ရခါနီးမှ လက်ရေးလှစာအုပ်ဝယ်ပီး အင်္ဂလိပ်စာရော မြန်မာစာပါ ပြန်ရေးရပါတော့သည်။
(အလုပ်ထဲမှာ ဘယ်လိုမှ ကြိုးစားပြီး ဖတ်လို့မရတဲ့ နိုင်ငံတကာက လက်ရေးလက်သားတွေ တွေ့တိုင်း ဘွဲ့ရခါနီးမှ ဝလုံးပြန်ရေးနေတဲ့ အကိုကြီးကို သတိရမိပါသည်။ )
အဖေ့ကျေးဇူးကြောင့် အခုတော့ ကျွန်မအကိုကြီးရဲ့ ပဲပင်ပေါက် လက်ရေးထိုးထိုးထောင်ထောင်တွေက ဝိုင်းဝိုင်းစက်စက် လှလှပပ ဖြစ်လာခဲ့ပါသည်။ ကျွန်မဆီကိုစာလာလို့ အကိုကြီးရဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေ မြင်ရတိုင်လဲ အဖေနဲ့ အကိုကြီးရဲ့ လက်ရေးလှ စစ်ပွဲကို ပြန်မြင်ယောင်ပြီး ခဏခဏ ပြုံးမိပါသည်။
ကျွန်မကိုယ်တိုင်လဲ အဖေနဲ့လဲ မကြာခဏ ပြဿနာတက်ခဲ့ဘူးပါသည်။ အဓိက တက်တဲ့ပြဿနာတွေက ကျွန်မဖတ်တဲ့ စာအုပ်တွေက စပါသည်။ ကျွန်မက တွေ့သမျှ မြင်သမျှ စာအုပ်ကို ဖတ်လေ့ရှိသူ။ မျက်စိရှေ့တွေ့သမျှ အချစ်ဝတ္တု သိုင်းဝတ္တုကစလို့ မဂ္ဂဇင်း ဂျာနယ် အတ္ထုပတ္တိ သမိုင်း ရာဇဝင် မှန်သမျှ အသည်းအသန် ဖတ်တတ်သူ။ စာမှန်ရင် ကောင်းကောင်းဆိုးဆိုး မဝေဖန်ပဲ တွေ့သမျှကို မလွတ်တမ်းဖတ်ခဲ့ပါသည်။
အဖေကတော့ ကျွန်မလိုမဟုတ်ပါ။ ကျွန်မ စာအုပ်ဖတ်နေချိန်မှာ ဘာစာအုပ်တွေလဲလို့ စပ်စပ်စုစုမေးမြန်းတတ်ပီး သူမကြိုက်တဲ့ အချစ်ဝတ္တုဖတ်နေရင်လဲ ပွစိပွစိ ပြောလို့မဆုံးတော့ပါ။ အပျော်ဖတ် အချစ်ဝတ္တုတွေဖတ်တာကို အဖေက အားမပေးခဲ့ပါ။ နာမည်ကျော် စာရေးဆရာမတွေရဲ့ အချစ်ဝတ္တုတွေ ဖတ်မိတိုင်းလဲ အဖေနဲ့ ခဏခဏ စကားများခဲ့ရပါသည်။
“အဲလို အရည်မရ အဖတ်မရစာတွေဖတ်လို့ ဘာအကျိုးရှိမှာလဲ နောင်တချိန် ညည်းစာရေးရင် ဘယ်လိုစာတွေရေးမှာလဲ” လို့ မဆီမဆိုင်မေးတတ်ပါသေးသည်။ အဲဒီချိန်တုန်းကတော့ ကျွန်မစာရေးဖို့ စိတ်ကူး စိုးစဉ်းမျှ မရှိခဲ့ပါ ။ဒါပေမယ့် တချိန်ချိန်မှာ ကျွန်မစာရေးဖြစ်လိမ့်မယ် ဆိုတာကိုတော့ အဖေက မှန်းဆမိနေခဲ့ပုံရပါသည်။
အဖေကိုယ်တိုင်ကလဲ စာဖတ်သူတစ်ယောက် အဖေစွဲစွဲမြဲမြဲ ဖတ်လေ့ရှိတဲ့စာအုပ်တွေက ရသစာပေတွေ။ ကာတွန်းစာအုပ်က စလို့ ရှိရှိသမျှ ဖတ်ဖွယ်ဖတ်ရာ စာအုပ်မှန်သမျှ သေသေချာချာ ရွေးပြီးဖတ်လေ့ရှိပါသည်။
ကာတွန်းတွေထဲမှာ အရိုင်းဇာတ်ကောင်ကို အဖေက အလွန်သဘောကျပါသည်။ မဂ္ဂဇင်းဆိုရင် အဖေ့အသည်းစွဲက စံပယ်ဦး မဂ္ဂဇင်း ။ တစ်ခါတုန်းက ရပ်ကွက်ထဲက စာအုပ်ဆိုင်က စာအုပ်ဟောင်းတွေ ရှင်းထုတ်တော့ စံပယ်ဦးစာအုပ်တွေ အကုန်လုံးနီးပါး အဖေကဝယ်လာခဲ့ဘူးပါသည်။
မစန္ဒာရဲ့ ဝတ္တုတိုတွေကိုလဲ အဖေက သဘောကျသည်။ မစန္ဒာရဲ့ ပုဇွန်ကြား ခုနစ်ကောင် ဝတ္တုတိုလေးကိုလဲ သတိရတိုင်း ပြန်ပြောပြတတ်ပါသည်။ တခါတရံ အိမ်မှာ ပုဇွန်ဟင်းချက်လို့ စကားစပ်မိတိုင်းလဲ စာအုပ်ကိုရှာပြီး ပုဇွန်ကျား ခုနစ်ကောင်ကို ပြန်ဖတ်ခိုင်းလေ့ရှိပါသည်။
ကျွန်မကိုလဲအခွင့်သင့်တိုင်း လမ်းကြုံတိုင်း သူကြိုက်တဲ့ ဝတ္တုတွေကို အသံထွက်ပြီး ဖတ်ပြခိုင်းတတ်ပါသည်။ကျွန်မ အလုပ်အားရက်တွေမှာတော့ အချိန်ရရင်ရသလို အဖေ့ကို စာအုပ်တွေ ဖတ်ပြခဲ့ဘူးပါသည်။
အဖေ့ရဲ့ အကြိုက် အခြားစာအုပ်တစ်အုပ်ကလဲ ဆရာချစ်စံဝင်းရဲ့ အမေနဲ့ အမေ့အကြောင်း စာအုပ်လေးပဲဖြစ်ပါသည်။ အဖေကြိုက်တဲ့စာအုပ်လေးကို ကျွန်မလဲကြိုက်နှစ်သက်တာမို့ အကြိမ်ပေါင်းများစွာ အဖေ့ကို ဖတ်ပြခဲ့ရပါသည်။ စာအုပ်ဖတ်ပြီးတိုင်းလဲ အဖေက သမီး အဲဒီစာအုပ်လေး မကောင်းဘူးလား ဘယ်နေရာမှာ ဘယ်သူက ဘယ်လိုပြောတာ ဆိုပြီး စမြုံ့ပြန်ပြီး ပြန်ပြောနေတတ်ပါသေးသည်။
အဖေက မကောင်းဘူးလားမေးတိုင်းလဲ ကျွန်မက ကောင်းတယ်လို့ တစ်ခါမှမပြောပဲ နှာခေါင်းပဲရှုံ့ပြခဲ့ဘူးပါသည်။ တကယ်တော့ အဖေ့ကို စချင် နောက်ချင်စိတ်နဲ့သာ နှာခေါင်းရှုံ့မိပေမယ့် အဖေကြိုက်နှစ်သက်သော စာအုပ်များကို ကျွန်မလဲ နှစ်သက်ခဲ့ပါသည်။ အဖေစာဖတ်ခိုင်းချိန်တွေမှာ ကောင်းတယ်ပြောမိရင် ခဏခဏ ဖတ်ပြရမှာ သေချာတာမို့ တစ်ခါမှတော့ ကောင်းတယ်နော်လို့ မပြောဖြစ်ခဲ့ပါ။
ဆရာကြီး ဦးရန်အောင်ကို သူ့အမေက အမြဲမှာတတ်တဲ့စကားတစ်ခွန်းကိုလဲ အဖေက တချိန်လုံး တဖွဖွပြောနေတတ်ပါသေးသည်။ ဆရာကြီး အသက် ၆၀ ကျော်သည့်တိုင် “ဟဲ့ ငရံ ကားလမ်းဖြတ်ကူးရင် သေသေချာချာ ကူးနော် “လို့ မှာတတ်တဲ့ ဆရာဦးရန်အောင်ရဲ့ အမေအကြောင်းကတော့ ခဏခဏ ဖတ်ရလွန်းတာမို့ စာမျက်နှာတောင် အလွတ်ရလုရခင် ဖြစ်ခဲ့ပါသည်။
အဖေ့ရဲ့ အသည်းစွဲ စကားပြေတစ်ပုဒ်လဲရှိပါသေးသည်။ အဖေ့ရဲ့ အသည်းစွဲ ကျွန်မတို့မောင်နှမတွေရဲ့ အသည်းမစွဲတစွဲ စကားပြေကတော့ အထက်တန်း မြန်မာစာ သင်ရိုးဟောင်းထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား စကားပြေလေး ဖြစ်ပါသည်။
မင်းတုန်းမင်း ဖြစ်လာမယ့် မောင်လွင်ကို ငါးခြောက်ပြား သိမ်းခိုင်းတဲ့ မင်းဆရာတော် ဦးစန္ဒိမာရဲ့ ငါးရံ့ခြောက်နှစ်သက်ပုံနဲ့ မောင်လွင်ကို ကျောကွဲအောင် ကြိမ်လုံးနဲ့ရိုက်ပြီး ဆုံးမနေပုံကို မြင်ယောင်စေတဲ့ စကားပြေလေးက ကျွန်မ အလွတ်ရလုနီးပါး ဖတ်ပြခဲ့ရတဲ့ စကားပြေတစ်ပုဒ်လဲ ဖြစ်ပါသည်။
မင်းတုန်းမင်းနှင့် ငါးခြောက်ပြား စကားပြေကို ဖတ်ပြီးတိုင်းလဲ သမီးရေ ကံ့ကူလက်လှည့် ငယ်ဆရာဆိုတာ ဘယ်လိုကွဲ့ ဆရာတော်က မောင်လွင်ကို ဘာ့ကြောင့် ဘယ်လို ဆုံးမခဲ့သလဲ မောင်လွင်ရဲ့ မယ်တော်ကလဲ ဆရာတော်ကို ဘာ့ကြောင့် အပြစ်မမြင်ခဲ့တာလဲ ဆိုတဲ့ ရှင်းလင်းချက်ကိုလဲ စီကာပတ်ကုံး ရှင်းပြတတ်ပါသေးသည်။ (အခုတော့ မင်းတုန်းမင်းကြီး နိုင်ငံတော်ကို စနစ်တကျ အုပ်ချုပ်ခဲ့ပုံ စည်းစနစ် ကြီးခဲ့ပုံတွေကို မကြန်ရေးတဲ့စာအုပ်တွေထဲမှာ ထပ်မံမှတ်သားမိပြန်တော့ အဖေ့ကို ဖတ်ပြချင်စိတ်တွေ ပေါ်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခေါက် အိမ်ပြန်ချိန်မှာ အဖေ့ကို ဖတ်ပြဖို့ စာအုပ်တစ်အုပ် တိုးခဲ့ပါပီ။)
ကျွန်မတို့ မောင်နှမတွေထဲမှာ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြားကို မဖတ်ဘူးတဲ့သူ မရှိသလောက် အဖေ့လက်ထဲမှာ အဲဒီ စကားပြေ စာအုပ်တွေ့ရင်လဲ မောင်နှမတွေ အလျှိုလျှို ပျောက်သွားတတ်ကြပါသည်။ အကိုတွေအမတွေအားလုံးကတော့ အဖေ့ကို စာဖတ်ပြရမှာ ပျင်းကြပါသည်. စာဖတ်ဖို့ကိုလဲ စိတ်မဝင်စားကြပါ။
နောက်ဆုံးမှာတော့ အဖေ့အတွက် ပင်တိုင် စာဖတ်ပြဖို့တာဝန်ကျလာသူက ကျွန်မတစ်ယောက်တည်း ကျန်ပါတော့သည်။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဖေခိုင်းတိုင်း မရိုးနိုင်တဲ့စာအုပ်တွေကို ဖတ်ပြရလွန်းတော့ ကျွန်မလဲ အဖေကြိုက်တဲ့စာအုပ်တွေကို ကြိုက်တတ်လာခဲ့ပါသည်။
အဖေကျွန်မတို့ကို စာဖတ်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်ကိုလဲ ရိပ်မိလာခဲ့ပါသည်။ အဖေကိုယ်တိုင် စာဖတ်နိုင်သူတစ်ယောက် ဖြစ်တာမို့ စာဖတ်ရမှာ ပျင်းသူတစ်ယောက်မဟုတ်ခဲ့ပါ။ စာဖတ်ရမှာ ပျင်းရုံသက်သက်နဲ့တော့ သားသမီးတွေကို တကူးတက ခိုင်းနေမှာ မဟုတ်တာတော့သေချာပါသည်။ ကျွန်မတို့မောင်နှမတွေကို ရသစာပေတွေနဲ့ ရင်းနှီးလာအောင် မိတ်ဆက်ပေးရုံသက်သက် စာကောင်းပေကောင်းတွေ ရွေးဖတ်တတ်အောင် သင်ယူပေးခြင်းသက်သက်လဲ ဖြစ်နိုင်ပါသည်။
အဖေဖတ်ခိုင်းတတ်သော အဖေဖတ်လေ့ရှိသော စာအုပ်များအားလုံးသည် အပျော်ဖတ်စာပေများမဟုတ်ပဲ အသိပညာ ဗဟုသုတနှင့် ရသပေးနိုင်သော စာအုပ်များသာဖြစ်ခဲ့ပါသည်။ စာဖတ်ခြင်းအမွေကိုတော့ အဖေ့ဆီကပင် အပြည့်အဝရခဲ့ပါသည်။
စာဖတ်သူပီပီ အဖေက ပုံတိုပတ်စ ဟာသတိုတိုထွာထွာများကိုလဲ ပြောတတ်ပါသေးသည်။ တခါက အညာသူအညာသားများ ကပ်စေးနည်းတဲ့ အကြောင်းပြောမိတော့ အဖေက အညာသားရေနစ်တဲ့ပုံပြင်လေးကို ပြောပြခဲ့ဘူးပါသည်။
အညာသားတစ်ယောက်ရေနစ်နေချိန်မှာ သွားကယ်မိတဲ့သူက “ဟေ့လူ လက်ပေး” လို့ လှမ်းပြောတော့ အညာသားက လက်ကို မကမ်းပဲ ပေပြီးတော့နေတယ် တဲ့။ နောက်မှ ကယ်တဲ့သူက သူကယ်နေတာက အညာသားဆိုတာ သတိရသွားပြီး “ဟေ့လူ ဒီမှာ ကျုပ်လက်ကို လှမ်းယူလိုက်” ဆိုမှ အညာသားက လက်ကို လှမ်းဆွဲတယ်လို့ ပြောပြဘူးပါတယ်။
အညာသားတွေများ ရေနစ်ပီး သေခါနီးဆဲဆဲမှာတောင် ပေးဆိုတဲ့စကားလုံးထက် ယူပါဆိုတဲ့စကားလုံးကိုသာ လက်ခံချင်ကြတာ အာဂ ကပ်စေးနည်းတွေလို့ အားရပါးရပြောတတ်တဲ့ အဖေက အခုတော့ အညာသူ ချွေးမတစ်ယောက်ရလို့ ချွေးမကိုလဲ အခွင့်ရတိုင်း အညာသားရေနစ်တဲ့ပုံပြင်ပြောပြပြီး ကျီစယ်နေတတ်ပါသည်။ (အညာသားစစ်စစ်များဖြစ်သော ကိုရေတမာနဲ့ ကိုနေစိုးနိုင်ကို မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ။)
ကျွန်မအတွက်တော့ အဖေ ပြောပြောနေခဲ့သော ကံ့ကူလက်လှည့် ငယ်ဆရာသည် အဖေကိုယ်တိုင်လဲ ဖြစ်ခဲ့ပါသည်။
ကျွန်မစာရေးဖို့ စဉ်းစားတိုင်း ဒီလိုစာမျိုးရေးရင် အဖေလက်ခံနိုင်ပါ့မလား။ ကျွန်မရေးတဲ့စာဟာ သုတစာပေ ဖြစ်မလား ရသစာပေဖြစ်မလား အပျော်ဖတ် သက်သက် စာပေဖြစ်နေမလား ဆိုတဲ့ အတွေးတွေက ကျွန်မကို အချိန်တိုင်းလဲ နှိပ်စက်နေခဲ့ဘူးပါသည်။ လူငယ်ပီပီ လူငယ်လက်ခံနိုင်မယ့် ပေါ့ပေါ့ပါးပါး စာလေးတွေ ရေးဖို့ကြိုးစားတိုင်းလဲ အဖေကြိုက်တဲ့စာမျိုး မဟုတ်ဘူးနဲ့တူပါရဲ့လို့ ပြန်သုံးသပ်မိပြီး ဆက်မရေးဖြစ်တဲ့ စာတွေလဲ ရှိခဲ့ဘူးပါသည်။
ကျွန်မရဲ့စာတွေထဲမှာ ဘဝပေးရသတွေ တော်တော်များများ ပါနေတာကတော့ အဖေ့ဆီကရခဲ့တဲ့ စာဖတ်ခြင်း အမွေကြောင့်ပဲ ဖြစ်နိုင်ပါသည်။ စာရေးတဲ့သက်တမ်း သိပ်မကြာလှသေးပေမယ့် စာရေးတိုင်း အဖေ့ကို မြင်ယောင်ပြီး ရေးဖြစ်ခဲ့ပါသည်။
ဒါပေမယ့် အခုလို ကျွန်မ စာရေးနေချိန်မှာတော့ ကျွန်မရေးတဲ့ စာတွေကို အဖေဖတ်လို့မရနိုင်တော့ပါ။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲကြောင့် အဖေ့မျက်လုံးအခြေအနေက စာဖတ်ဖို့(လုံးဝ)အခွင့်အရေးမပေးတော့ပါ။ အရာဝတ္တုတွေကိုလဲ သဲသဲကွဲကွဲ မမြင်ရတော့ပါ။
အစပိုင်းမှာတော့ အဖေက သားသမီးတွေ စိတ်မကောင်းဖြစ်မှာစိုးတာကြောင့် မျက်လုံးတွေ မမြင်ရတာကိုလဲ ဖွင့်မပြောပဲ တီဗီရှေ့မှာ ထိုင်ပြီး ဟန်ဆောင်ပန်ဆောင်နဲ့ တီဗီကြည့်ပြတတ်ပါသည်။ ခပ်တည်တည်နဲ့ ကားမောင်းပြီး မြေးတွေကို မူကြိုပို့ပြပါသေးသည်။ ဒါပေမယ့် အမေ့ကိုတင်ပြီး စက်ဘီးစီးခဲ့တဲ့ တစ်ရက်မှာတော့ စက်ဘီးမှောက်ပြီး အဖေရော အမေပါ နဖူးကွဲ ဒူးပြဲမှ အဖေ့မျက်လုံးတွေ ကောင်းကောင်းမမြင်ရတာကို ကျွန်မတို့သိရခွင့်ပါသည်။
ကျွန်မအဝေးရောက်နေချိန်မှာတော့ အဖေ့ကို စာဖတ်ပြမယ့်သူ မရှိတာမို့ အဖေလဲ ရေဒီယိုနဲ့ တီဗီကိုသာ အဖော်ပြုနေရမှာသေချာပါသည်။ တခါတရံမှာတော့ အမေက ကျွန်မကိုယ်စား အဖေ့ကို စာဖတ်ပြကောင်း ဖတ်ပြနေပါလိမ့်မည်။
ကျွန်မကတော့ အဖေ့ဆီက ရခဲ့ဘူးတဲ့ အသိတရားတစ်ခု အထိန်းအကွပ်တစ်ခုနဲ့ စာတွေရေးဖြစ်ခဲ့ပါသည်။ တခါတရံမှာတော့ သုတ ရသ တစ်ခုခု မပေးနိုင်ပဲ ဘယ်လိုစာမျိုးကိုမှ မရေးတော့ဘူးလို့လဲ ဆုံးဖြတ်မိတာတာမို့ နှင်းနဲ့မာယာ တစ်ယောက် ခုနောက်ပိုင်းမှာ စာရေးကြဲနေခဲ့ပါသည်။ ဒါပေမယ့် အချိန်ရရင် ရသလို စာရေးဖြစ်နေမှာတော့ သေချာပါသည်။
အဖေကလဲ ကျွန်မစာရေးတာကို အားပေးနေမှာ သေချာပါသည်။
ဒီပို့စ်လေးကိုတော့ ကျွန်မရဲ့ ကံ့ကူလက်လှည့် အဖေဖတ်ဖို့ အမှတ်တရ ရေးခြင်းဖြစ်ပါသည်။
Sunday, November 22, 2009 | Labels: အက်ဆေး | 21 Comments
အခန်းဖော်(၃)
အခန်းကျဉ်းလေးတစ်ခုထဲမှာ သွေးမတော် သားမစပ် စရိုက်မတူ ခံယူချက်မတူ အသွင်မတူတဲ့ မိန်းကလေးနှစ်ယောက် နားလည်မှု ကြိုးမျှင်ခပ်ပါးပါးလေး တည်ဆောက်ပြီး နွေးထွေးမှုရနေချိန် အခိုက်အတန့်ကာလလေးတစ်ခု….
ပျော်ရွှင်မှု ငြိမ်းချမ်းမှုတွေ မရှိခဲ့ပေမယ့် သူတို့နှစ်ယောက်ကြားမှာ အရင်ကလို အစိုင်အခဲလေးတွေ မရှိကြတော့တာတော့ သေချာနေခဲ့ပါသည်။
ခပ်ဆိုးဆိုး တိုင်းရင်းသူလေးကို စာနာမိချိန် နားလည်မိချိန်မှာတော့ သူ့ရဲ့ ခပ်ဆိုးဆိုး စရိုက်လေးကို ချစ်တတ်လာဖို့ စပြီးကြိုးစားမိပါသည်။ ဒါပေမယ့် ကိုယ်သူ့ကို ဂရုတစိုက်ရှိနေတယ် အတတ်နိုင်ဆုံး ပြုပြင်ပေးချင်တဲ့ ဆန္ဒလေးနဲ့ သူ့ဘဝလေးကို လေ့လာနေခဲ့တယ် ဆိုတာကို သူမသိစေရအောင်လဲ တတ်နိုင်သမျှ ဖုံးဖိထားရပါသည်။
တကယ်ဆို ကိုယ်ဟာ လူဆိုးတွေနဲ့ သဟဇာတ မဖြစ်လှပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ လူဆိုးလူပေ လူတေလေးတွေ မရှိခဲ့တာလဲ ပါပါသည်။ ဒါပေမယ့် ကိုယ့်အခန်းဖော်ကောင်မလေးကတော့ ကိုယ့်အတွက် လူဆိုးမလေးတစ်ယောက်လို ဖြစ်နေခဲ့တာမို့ အခုဆို ကိုယ်ဟာ လူဆိုးမလေးရဲ့ အခန်းဖော်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါသည်။
ခပ်ဆိုးဆိုး ကိုယ့်အခန်းဖော်မလေးကတော့ တစ်ခါတစ်ရံမှာ ချစ်စရာကောင်းလွန်းစွာ ကိုယ့်အပေါ် သိတတ်နေပြန်ပါသည်။ သူဆေးလိပ်သောက်ပေမယ့် ကိုယ့်ကို ဆေးလိပ်တိုက်ဖို့ မကြိုးစား။။ သူသောက်နေတဲ့ ဘီယာကို သောက်တတ်အောင်လဲ မစည်းရုံးခဲ့သလို သူသွားနေကျ ကလပ်တွေကို သွားဖို့ကိုလဲ တစ်ခါမှ မခေါ်ခဲ့ဘူးပါ။
အဲဒီအတွက် ကိုယ့်ရဲ့ အခန်းဖော်လေးကို ကျိတ်ပြီး ကျေးဇူးတင်ရသလို ရှားရှားပါးပါး လေးစားစိတ်လေးလဲ ဝင်မိခဲ့ပါသည်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးဟာ ကိုယ်နဲ့ ကိုယ့်အခန်းဖော်အတွက်တော့ ဟုတ်ဟန်မတူခဲ့ပါ။။ ငါးခုံးမလေး ကိုယ့်အခန်းဖော်ကြောင့် ကိုယ်လဲ ပုတ်သိုးသွားတဲ့ ငါးတစ်ကောင် ဖြစ်ခွင့်မရခဲ့ပါ။
ဒါပေမယ့် ဇာတ်ဆရာအလိုကျ ကနေရတဲ့ အခန်းဖော်မလေးကိုတော့ သာမန် မိန်းမသားတစ်ယောက်ရဲ့ ဘဝလေးကို ပိုင်ဆိုင်စေချင်ခဲ့ပါသည်။ သူမရဲ့ အတွေးအခေါ်လေးတွေကိုလဲ မြင့်မားစေချင်ခဲ့ပါသည်…။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဘိုး သိက္ခာ ကျင့်ဝတ်နဲ့အတူ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးဘဝဆိုတာကိုလဲ ရှင်းပြ သွန်သင် လမ်းပြခွင့်ကို မျှော်လင့်နေခဲ့မိပါသည်။
မှတ်မှတ်ရရ အခန်းဖော်မလေး ကိုယ့်ရင်ခွင်ထဲမှာ ငိုကြွေးခဲ့တဲ့ နောက်ဆုံးည တစ်ညအထိ… သူမလေးအတွက် နောက်ဆုံးမျှော်လင့်ချက်လေး ထားပေးခဲ့ဘူးပါသည်။
ထုံးစံအတိုင်း သန်းခေါင်ကျော် မိုးလင်းလုအချိန်မှာ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲကို ဝင်လာတဲ့ သူမလေးကို စိုးရိမ်စိတ်တွေနဲ့ စောင့်နေမိတဲ့ကိုယ် အဲဒီနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့တာ သူမလေးကို ရင်ခွင်ထဲမှာ ထည့်လို့ အားပေးခွင့်အတွက် သက်သက် ဖြစ်ခဲ့ပါသည်။
မာကျောကျော မျက်ဝန်းအစုံက ကျလာတဲ့ မျက်ရည်တွေကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခွင့်ရခဲ့သလို အက်ကွဲ တုန်ရီနေတဲ့ အသံလေးတွေကိုလဲ တစ်လုံးချင်း တစ်စုချင်း ကြိုးစားပြီး နားထောင်ခဲ့ရပါသည်။
“သူလက်ထပ်သွားပြီ “ဆိုတဲ့ အသံကို ရှိုက်သံတွေကြားက မပီမသ ကြားလိုက်ရပါသည်။
ယောက်ျားတစ်ယောက် သစ္စာဖောက်သွားတာ သိပ်မဆန်းတာမို့ အချစ်ကြီးလွန်းတဲ့ ကောင်မလေးကို နားလည်အောင် အားပေးဖို့ စကားလုံးတွေ ကြိုးစားပြီးရှာနေဆဲ…
“ကိုယ့်ကို ခုတုံးလုပ်သွားတယ် ယောက်ျားမဟုတ်သလိုပဲ” ဆိုတဲ့ ဒုတိယ စကားတစ်ခွန်းကလဲ ကိုယ့်ကို တွေဝေစေတဲ့ စကားစုလေးသာဖြစ်ခဲ့ပါသည်။
သူတို့နှစ်ယောက်ရဲ့ ဘဝဇာတ်လမ်းလေးကို အလုံးစုံ သိခွင့်ရခဲ့သူမို့ တကယ်ဆို မဖြစ်သင့်တဲ့ အဖြစ်တစ်ခု ယောက်ျားတွေရဲ့ ဘယ်သူတေတေ ဆိုတဲ့ ကျားဝါဒတစ်ခုအဖြစ်သာ အကြမ်းဖျင်း ကောက်ချက်ဆွဲပြီး သူမလေးကို ကြိုးစားနှစ်သိမ့်ပေးခဲ့ပါသည်။
“လူကိုလဲယူခဲ့တယ် … ငွေတွေကိုလဲ ယူခဲ့တယ် ငါ့ဘဝကိုလဲ ဖျက်ခဲ့တယ် သူမတရားဘူး”…ဆိုတဲ့ နောက်ဆုံးရှိုက်သံလေးနဲ့ အားယူပြီးပြောပြနေတဲ့ အခန်းဖော်ရဲ့ မျက်ရည်တွေကို ခပ်ဖွဖွလေးသုတ်ပေးရင်း မျက်နှာသစ်ပေးဖို့အတွက် ရေချိုးခန်းဘက်ကို ဆွဲခေါ်လာတဲ့ အချိန်အထိ အခန်းဖော်တစ်ယောက် ပေးဆပ်ခဲ့တဲ့ လူဆိုတဲ့ အဓိပ္ပါယ်နဲ့ ငွေဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ကွဲကွဲပြားပြား နားမလည်မိခဲ့ပါ။
ငိုသံရှိုက်သံတွေ မပါပဲ တစ်လုံးချင်းရှင်းပြလာခဲ့တဲ့ သူမလေးရဲ့ စကားလုံးတွေကို နားထောင်ရင်း ချစ်သူဘဝ (လက်မထပ်ပဲ အတူနေခဲ့ကြတဲ့ ချစ်သူတွေဘဝ)မှာ အခန်းဖော်မလေးရဲ့ အရှုံးကတော့ ကြီးမားတဲ့ အရှုံးတစ်ခုဆိုတာကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပါသည်…
သူမလေးရခဲ့တဲ့ ချစ်သူဆိုတဲ့ ယောက်ျားတစ်ယောက်က အချစ်ကို ခုတုံးလုပ်လို့ သိုက်တူးခဲ့တဲ့ သိုက်ဆရာတစ်ယောက်နေရာမှာ အရှက်မဲ့စွာ သိက္ခာမဲ့စွာနဲ့ ယောက်ျားလို့ ဟစ်ကြွေးနေခဲ့တာ ထူးဆန်းပေစွ။။
ရန်ကုန်မှာ သူမလေးဖန်တီးပေးခဲ့တဲ့ တိုက်ခန်းလေးအတွက် ခြောက်လတစ်ခါ ပေးနေရတဲ့ အခန်းငှားခများကို အခန်းဖော်မလေးက ဂရုတစိုက်နဲ့ပို့ပေးနေရဆဲ….
သူ့ချစ်သူ ကောင်လေးရဲ့ နေစားရိတ် စားစရိတ် သင်တန်းစရိတ်တွေထက် ပိုလျှံတဲ့ ထောက်ပံ့ငွေတွေကိုလဲ လစဉ်လတိုင်း ပို့ပေးနေသူကလဲ ကိုယ့်ရဲ့အခန်းဖော်ကောင်မလေး…
ငှားနေတဲ့ တိုက်ခန်းလေးကို ချစ်သူရဲ့ အမှတ်တရ အဖြစ် ချစ်သူရဲ့အရိပ်အဖြစ် ဝယ်ချင်လို့ပါလို့ အားမနာတမ်း ပူဆာတတ်ခဲ့တာ အခန်းဖော်လေးရဲ့ ချစ်သူ မဟာယောက်ျားသားကြီး တဲ့…
အချစ်ကို ရူးသွပ်စွာ ကိုးကွယ်လွန်းတဲ့ ချာတိတ်မလေးကလဲ နှစ်ခါထက်ပိုလို့ မတောင်းရပဲ သိန်းရာနဲ့ချီတဲ့ ပိုက်ဆံကို ပို့ပေးတဲ့တာကလဲ သူမရဲ့ အချစ်စွမ်းအားတစ်ခုကြောင့်ပဲ ထင်ပါရဲ့…
နောက်ဆုံးမှာတော့ မဆိုစလောက် လစာရတဲ့ ပုံမှန် အလုပ်ကလေးတစ်ခု ရလာချိန်မှာတော့ အသစ်တွေ့တဲ့ ချစ်သူလေးကို အိမ်ပေါ်ခေါ်တင်ပြီး လက်ထပ်လိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရှက်မဲ့တဲ့ လုပ်ရပ်အတွက် အခန်းဖော်မလေးတစ်ယောက် မကျစဖူး မျက်ရည်တွေကျလို့ အရူးတစ်ပိုင်းဖြစ်တဲ့ ပြဇာတ်က သူတို့နှစ်ယောက်အတွက် နောက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု….
ဒါပေမယ့် အခန်းဖော်မလေးအတွက်ကတော့ ကံဆိုးမိုးမှောင်ကျစေမယ့် ဇာတ်လမ်းတစ်ခုအတွက် နိဒါန်းတစ်ခုသာ ဖြစ်ခဲ့ပါသည်။….
ကျောင်းမသွားရတဲ့ နေ့ဖြစ်သလို နှစ်ယောက်စလုံး မိုးစင်စင်လင်းမှ အိပ်ဖြစ်ခဲ့တာမို့ နေ့လည်ပိုင်း အလုပ်သွားဖို့ ကိုယ်နိုးလာချိန်မှာတော့ အခန်းဖော်က နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေဆဲ။
အလုပ်မသွားခင် အချိန်လေးမှာ အပြစ်ကင်းစွာ အိပ်မောကျနေတဲ့ အခန်းဖော်မလေးကို ဂရုဏာဖြစ်စွာနဲ့ ငေးမောရင်း အိပ်ခန်းတံခါးကို အသံမထွက်အောင် ပိတ်ပြီး ထွက်လာချိန်မှာလဲ ဒီနေ့ဟာ အခန်းဖော်လေးနဲ့ တစ်မိုးတည်းအောက်မှာ နေခွင့်ရတဲ့ နောက်ဆုံးနေ့လေး တစ်နေ့ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့မိပါ။
ညနေပြန်ရောက်မှ ဟော့ပေါ့ချက်စားပြီး အခန်းဖော်လေးနဲ့စကားထိုင်ပြောမယ် အခန်းဖော်လေးကို အားပေးမယ်ဆိုတဲ့ အတွေးလေးနဲ့ အလုပ်ထဲမှာလဲ ထူးထူးခြားခြား လန်းဆန်းတက်ကြွနေခဲ့ပါသည်။
အလုပ်ပြန်ချိန်မှာတော့ ဟော့ပေါ့ချက်ဖို့ အသီးအနှံအချို့ အသားလုံးအချို့နဲ့အတူ အခန်းဖော်ကြိုက်တတ်သော မြေပဲဆော့စ်ကိုလဲ မမေ့မလျှော့ ဝယ်လာခဲ့ပါသည်။
အခန်းတံခါးကို ဖွင့်ပြီး အခန်းထဲရာက်သည်အထိ ကိုယ့်အခန်းလေးရဲ့ ထူးခြားချက်ကို မရိပ်မိခဲ့ပါ။
အဝတ်အစားလဲပြီး သူမရဲ့ ကုတင်လေးကို ကြည့်လိုက်ချိန်မှာတော့ ခါတိုင်းတွေ့နေကျ ဖရိုဖရဲ ညအိပ်ဝတ်ဝတ်စုံများနှင့် မခေါက်ပဲ လုံးထွေးထားသော ခြုံစောင်များကို မတွေ့ရတော့ပါ။ ကုတင်ဘေးရှိ စာကြည့်စားပွဲလေးပေါ်မှာလဲ သူမရဲ့ စာအုပ်များမရှိတော့။
ထူးခြားတဲ့ စိတ်ခံစားမှုနဲ့အတူ သူမရဲ့ ဗီရိုလေးကို ဖွင့်ကြည့်ချိန်မှာတော့ ဗီရိုထဲမှာလဲ ရှင်းလင်းနေခဲ့ပါသည်။
ဗီရိုပေါ်မှာ တင်ထားခဲ့တဲ့ သူမရဲ့ ခရီးဆောင် အိတ်ကြီး နှစ်လုံးကလဲ ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ပါသည်။
စိုးရိမ်စိတ် ပူပန်စိတ် များစွာဖြင့် သူမရဲ့ ဖုန်းနံပါတ်တွေ နှိပ်နေချိန်မှာတော့ ကိုယ့်ရဲ့လက်ချောင်းလေးတွေ တုန်ရီနေခဲ့ပါသည်။
“ဟေး သူငယ်ချင်း စိတ်မပူနဲ့ ကိုယ်အခု သူငယ်ချင်းတစ်ယောက်ရဲ့ အခန်းမှာ ရောက်နေတယ် အလုပ်နဲ့နီးလို့ ခဏပြောင်းနေတာနော် ကိုယ်ပြန်လာမှာပါဆိုတဲ့” အသံလေးက လေလှိုင်းကြားမှာ တက်တက်ကြွကြွ ညတုန်းက တရှုံ့ရံှု့နဲ့ ငိုနေခဲ့တာ သူမမှဟုတ်ပါရဲ့လားလို့ သံသယ ဖြစ်ချင်စရာ လေသံမျိုး…
တတ်နိုင်ပါပေ့ အခန်းဖော်ရယ်လို့ စိတ်ထဲကနေ ရေရွတ်ရင်း “အိုကေ အိုကေ အဆင်ပြေရင် ပြီးတာပဲ ဂရုစိုက်နော်”လို့ ပြောပြီး ဖုန်းလိုင်းပြတ်သွားမှ အော် ဟော့ပေါ့ချက်မယ့်ကိစ္စ မပြောလိုက်ရပါလားလို့ သတိတရနဲ့ တစ်ယောက်တည်း ကြိတ်ပြုံးလိုက်ရတာက ကိုယ်ရယ်လေ…
ပြန်လာမှာပါလို့ ပြောခဲ့တဲ့ အခန်းဖော် မရှိတော့တဲ့နောက်ပိုင်းမှာတော့ ကိုယ့်အခန်းလေးက ခြောက်ကပ် တိတ်ဆိတ်စွာ.. အသက်မဲ့သွားခဲ့ပါသည်။ သူမ နှစ်သိမ့်ခဲ့သလိုလဲ ကိုယ့်ဆီကို ပြန်မလာခဲ့ပါ။
ကိုယ်တိုင်ကလဲ တစ်ကိုယ်တော် အထီးကျန်စွာနဲ့ လူဆိုးမလေး အခန်းဖော်ကို သတိရလိုက် မေ့လျှော့လိုက်နဲ့ နေ့ရက်များစွာကို အမှတ်မဲ့စွာ ဖြတ်သန်းဖြစ်ခဲ့ပါသည်။
အမှတ်တရ ပုံရိပ်များစွာ ချန်ထားရစ်ခဲ့တဲ့ ကိုယ့်ရဲ့အခန်းဖော်ကလဲ ယောင်မှားလို့မှ ကိုယ့်ဆီ ဖုန်းမဆက် သူမရဲ့ ပင်ကို စရိုက်အတိုင်း နေနိုင်လွန်းခဲ့ပါသည်။
အခန်းဖော်ကို ကိုယ်မေ့လျော့သွားပြီဖြစ်တဲ့ အချိန်ကာလတစ်ခုမှာတော့ မထင်မှတ်ထားတဲ့ နေ့တစ်နေ့မှာ မထင်မှတ်ထားတဲ့ ပုံစံနဲ့ ကိုယ့်အခန်းကို သူမ အလည်ရောက်လာခဲ့ပါသည်။
ကျောင်းကအပြန်ညနေခင်းတစ်ခုမှာ အခန်းတံခါးကိုသော့ဖွင့်ပြီး ဝင်မိတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ အခန်းဖော်လေးက ကိုယ့်ရဲ့ကုတင်လေးပေါ်မှာ လဲလျောင်းလို့ ကိုယ်ပြန်လာမယ့် အချိန်ကို စောင့်နေခဲ့ပါသည်။
အံ့သြလွန်းစွာနဲ့ သူမကို ပြေးပြီး ပွေ့ဖက်မိစဉ်မှာပဲ ဒီအခန်းရဲ့ သော့တစ်ချောင်း သူမဆီမှာ ရှိနေဆဲဆိုတာကို ပြန်သတိရလာပါသည်။
သူမရဲ့ နောက်ကျောမှ သိုင်းဖက်ရင်း စကားတွေ မရပ်မနားပြောနေဆဲမှာ သာမန်နဲ့ အတူတဲ့ ထူးခြားချက်တစ်ခုကို သတိပြုမိတာမို့ အိပ်ယာပေါ်က လူးလဲထပြီး သူမနဲ့ မျက်နှာချင်းဆိုင်လိုက်မိချိန်မှာတော့ ကိုယ့်ရဲ့မျက်လုံးအစုံကို မယုံနိုင်လွန်းစွာ အံ့အားသင့်ပြီး ကိုယ့်ရဲ့ ပါးစပ်အစုံကို ပြန်မစေ့နိုင်လောက်အောင် ထိတ်လန့်သွားခဲ့ပါသည်။
ကိုယ့်ရဲ့အခန်းဖော်ဟာ ကိုယ့်ဆီက ထွက်သွားစဉ်တုန်းကလို ပျိုမျစ်နုနယ်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ပါ။ သူမရဲ့ဝမ်းဗိုက်လေးက စူဖောင်းလို့ ကိုယ်ဝန်ဆောင် မိန်းမသားတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အခန်းဖော်ကို သူစိမ်းတစ်ယောက်လို ထူးဆန်းစွာ တွေ့လိုက်ရတဲ့အခိုက်မှာ ကိုယ့်ရဲ့ ဝမ်းနည်းမှုကို ကိုယ်ကိုယ်တိုင် ဟန်မဆောင်နိုင်ခဲ့ပါ။
ကိုယ့်ရဲ့မျက်နှာ ပျက်သွားတာကိုလဲ သူမကပဲ မသိချင်ယောင်ဆောင်လို့ ဟန်မပျက် နေပြရှာပါသည်။
အချိန်ကာလတစ်ခု အတွင်းမှာ အကြီးအကျယ်ပြောင်းလဲသွားတဲ့ သူမကို အပြစ်တင်ဖို့ စကားလုံးတွေကိုလဲ ရုတ်တရက် ရှာလို့မတွေ့ခဲ့ပါ။ တကယ်ဆို ဒီလို အချိန်မှာ အခြေအနေကို သေသေချာချာ မသိပဲ သူမကို အပြစ်မတင်သင့်ပါ။
ပြောမယ့်စကားလုံးတွေကို မြိုချလို့ အခြေအနေကို ပြန်ထိန်းနိုင်အောင် ကြိုးစားရင်း အခန်းဖော်ကို အားပေးနှစ်သိမ့်တဲ့ အပြုံးလေးနဲ့ ကုတင်ပေါ်မှာ ထားခဲ့ပြီး သူမကတော့ ကော်ဖီဖျော်ဖို့ မီးဖိုထဲကို ဝင်လာခဲ့ပါသည်။
ကော်ဖီခွက်ကို သူမဆီကမ်းပေးရင်း “ကော်ဖီသောက်လို့ဖြစ်ရဲ့လား တချို့ ကိုယ်ဝန်ဆောင်တွေ ကော်ဖီ မသောက်ကြဘူးဟ” လို့သတိတရနဲ့ မေးမိတော့ သူမက ပခုံးနှစ်ဘက်ကို တွန့်ပြလို့ “အေးဆေးပါ” တဲ့။ သူမရဲ့ ပင်ကို စတိုင်အတိုင်း ဘယ်အရာကိုမှ အလေးအနက်မထားတာ သေချာပါသည်။
မတွေ့ဖြစ်တဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ သူမဘက်က အပြောင်းအလဲ အချို့ကလွဲလို့ အခြား ထူးထူးခြားခြား ပြောင်းလဲမှုကို မတွေ့ရပါ။ အခန်းဖော်ကတော့ သူမလွယ်ထားတဲ့ ကိုယ်ဝန်ကို မေ့လျှော့လို့ ခါတိုင်းလို ပေါ့ပေါ့ပါးပါး အေးအေးစက်စက်။ အခုလို ကိုယ်ဝန်ရင့်မာနေချိန်မှာတောင် အချိန်ပိုင်း အလုပ်လုပ်နေဆဲလို့ ဆိုလာတဲ့ သူမကို စိုးရိမ်စကားပြောမိတော့လဲ သူမက မတုန်မလှုပ် ထူးခြားဟန်မပြ။
ညည့်အတော်နက်တဲ့အထိ မပြန်သေးတဲ့ သူမကို မနှင်ရက်တာမို့ သူမနေခဲ့တဲ့ ကုတင်လေးကို အိပ်ယာခင်း ခေါင်းအုံးစွပ်တွေ ခင်းကျင်းပေးပြီးတဲ့အထိ သူမရဲ့ အိမ်ထောင်ဘက် ဘယ်သူလဲဆိုတာကို မစပ်စုဖြစ်ခဲ့ပါ။
အခန်းဖော်ကလဲ ကိုယ့်ကို တကူးတက မရှင်းပြခဲ့။ ကိုယ်တို့ နှစ်ယောက်ကြားမှာ သူမရဲ့ ခင်ပွန်းဆိုတဲ့ ခေါင်းစဉ်ကို မေ့လျော့ထားပြီး အခြား အကြောင်းအရာတွေကိုသာ ပြောဖြစ်ခဲ့ပါသည်။
ဒုတိယအကြိမ် ကိုယ်တို့ ညလုံးပေါက် စကားပြောဖြစ်ခဲ့တဲ့ ညလေးတစ်ညကလဲ ပထမအကြိမ်လိုပဲ အခန်းဖော်မလေးရဲ့ ကြေကွဲစရာ ဇာတ်လမ်းအသစ်တစ်ပုဒ်နဲ့ အတူ မလှပတဲ့ ညတစ်ညသာ ဖြစ်ခဲ့ပါသည်။
အခန်းဖော်လေး အားကိုးတကြီးနဲ့ လာတိုင်ပင်တဲ့ အဓိက အကြောင်းအရာအတွက် ကိုယ်က ထိတ်လှန့် တုန်လှုပ်ပြပေမယ့် သူမကတော့ လောကဓံတွေနဲ့ မိတ်ဆွေဖြစ်တဲ့ မျက်နှာပေးလေးနဲ့ ခံစားချက်မဲ့လို့။
သူမပြောလာတဲ့ စကားလုံးတွေက ထုံးစံအတိုင်း ရင်ထဲကလာတဲ့ စကားလုံးတွေမဟုတ်၊ နှုတ်ဖျားကနေကျလာတဲ့ စကားလုံးတွေက အလွတ်ကျက်ထားတဲ့ စာတစ်ပုဒ်ကို ဆရာမတစ်ယောက်ရှေ့မှာ အလွတ်ရွတ်ပြနေတဲ့ ပုံစံ စိတ်ခံစားချက်ကင်းမဲ့စွာ စည်းမကျဝါးမကျ တောင်တစ်လုံး မြောက်တစ်လုံး။
သူမတိုင်ပင်မေးမြန်းလာတဲ့ နောက်ဆုံးစကားလေးနှစ်ခွန်းကသာ ကိုယ့်ကို အိပ်ရေးပျက်လောက်အောင် တစ်ညလုံး နှိပ်စက်ခဲ့ပါသည်။
“ကလေးက သားလေးလား သမီးလေးလား ဆိုတာ ကိုယ်မသိဘူး…ကိုယ် ဒီကလေးကို ဖခင်မဲ့အောင် လုပ်သင့်သလား…
ခိုဝင်စရာ တိုင်းပြည်မဲ့အောင် လုပ်သင့်သလား”တဲ့။
သူမပေးခဲ့တဲ့ အတွေးတွေအတွက် ဂယောင်ချောက်ချားနဲ့ အိပ်မပျော်ခဲ့နိုင်ပေမယ့် အခန်းဖော်မလေးကတော့ မိုးလင်းခါနီးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။
ကံဆိုးလွန်းတဲ့ အခန်းဖော်မလေးက ကိုယ့်အခန်းကနေ စပြီး ပြောင်းသွားခဲ့တဲ့နေ့ကတည်းက အခုသူမနဲ့အတူနေတဲ့ လူဖြူတစ်ယောက်ရဲ့ အခန်းကိုရောက်သွားခဲ့ပါသည်။ ဒါပေမယ့် သူတို့ အခုချိန်ထိ တရားဝင် လက်မထပ်ရသေးပါတဲ့။
သူမနဲ့အတူနေတဲ့ ကိုလူဖြူကလဲ သူ့နိုင်ငံမှာ တရားဝင် အိမ်ထောင်ရှိခဲ့သူ သားတစ်ယောက်ဖခင်ဆိုတော့ သူမရဲ့ကိုယ်ဝန်ကို မွေးဖွားပေးဖို့ အစစအရာရာကို တာဝန်ယူပေမယ့် သူမကို တရားဝင် လက်ထပ်ဖို့နဲ့ ကလေးအဖေ နေရာယူဖို့ကိုတော့ ယခုချိန်ထိ တွေဝေနေဆဲပါ..တဲ့…
အခုသူမရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ဒီမှာ ကလေးမွေးသင့် မမွေးသင့်…
တကယ်လို့ ဒီမှာမွေးခဲ့မယ် ဆိုခဲ့ရင်တော့ သူမရဲ့ကလေးက ဖခင်ရဲ့ နိုင်ငံသားဖြစ်ဖို့ မဖြစ်ဖို့က ခုချိန်ထိမသေချာ မရေရာ….
မိခင်ရဲ့နိုင်ငံသား ဖြစ်ချင်ရင်တော့ အမိမြေပြန်ရုံကလွဲလို့ ရွေးစရာ လမ်းမရှိပါ။ ဒါပေမယ့် ကလေးအတွက် လက်ဆုပ်လက်ကိုင်ပြစရာ ဖခင်ကိုတော့ ဆုံးရှုံးပေတော့မည်။
ဒါပေမယ့် လက်ရှိဖခင်ကိုလဲ ခေတ္တယာယီအနေနဲ့သာ ပိုင်ဆိုင်မှာမို့ ကလေးရဲ့ အနာဂတ်ကလဲ မရေမရာပြန်…
ကလေးကို မြန်မာပြည်မှာ ပြန်မွေးဖို့ သူမဘက်က အဆင်သင့်ဖြစ်နေပေမယ့် ဖခင်မရှိတဲ့ သားတစ်ယောက်အဖြစ် တသက်လုံးမျက်နှာငယ်ရမည့် ရင်သွေးလေးအပေါ်သနားစိတ်က အခန်းဖော်ကို နှိပ်စက်နေခဲ့ပါသည် ။ သူမရဲ့ ဖေဖေ ကိုယ်တိုင်လဲ ဒီကလေးတစ်ယောက်အတွက် နယ်မြို့လေးမှာ မျက်နှာပျက် အရှက်ကွဲရပေအုံးမည်။။။
မမြင်ရသေးတဲ့ ကလေးငယ်တစ်ယောက်အတွက် ဖခင်ရွေးပွဲ ခိုဝင်စရာ နိုင်ငံရွေးပွဲ ….
အခန်းဖော်အတွက်တော့ ရွေးစရာ လမ်းမရှိ ဆုတ်လဲစူး စားလဲရူး ….
ဘယ်လိုမှ အိပ်လို့မရခဲ့တဲ့ အဲဒီဒုတိယ နောက်ဆုံးညလေးမှာတော့ အိပ်မောကျနေတဲ့ အခန်းဖော်လေးကို ငေးမောကြည့်ရင်း ကိုယ်တစ်ယောက်တည်း မျက်ရည်တွေလည်နေခဲ့ပါသည်။
မိန်းကလေးတစ်ယောက်ရဲ့ ကံကြမ္မာ အကျိုးပေး ကို မယုံနိုင်ခြင်းများစွာနဲ့ သုံးသပ်နေဆဲမှာပဲ ကိုယ့်ရဲ့အခန်းဖော်လေးက ကိုယ့်ရဲ့အနားကနေ (ပြန်ဆုံနိုင်ဖို့ မရေရာတဲ့)အဝေးဆုံးတစ်နေရာကို ရောက်သွားခဲ့ပြန်ပါသည်။။။
တကယ်တော့ အခန်းဖော်တစ်ယောက် ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် အဖြစ် ကိုယ့်အနားက ပျောက်ဆုံးသွားခြင်း ဖြစ်ပါသည်။
သူမထွက်ခွာသွားတဲ့ ဒုတိယ အကြိမ်မှာလဲ နှုတ်မဆက် လက်မပြ တိတ်ဆိတ်စွာ ပျောက်ဆုံးမျိုးခြင်းနဲ့ ကွယ်ပျောက်သွားခဲ့ပြန်ပါသည်။
ထူးခြားဆန်းပြားတဲ့ စရိုက်ပိုင်ရှင် အခန်းဖော်မလေးကို သတိရမိတိုင်း မိန်းကလေးတစ်ယောက်နဲ့ လက်မခံနိုင်လောက်အောင် ဆိုးရွားလွန်းတဲ့ ကံကြမ္မာကိုသာ အပြစ်ဖွဲရင်း...
သူမရဲ့ သားလေးလား သမီးလေးလား မသေချာတဲ့ ရင်သွေးလေးတစ်ယောက် ခိုဝင်စရာ နိုင်ငံမဲ့သွားသလား…
အရင်းနှီးဆုံး တော်စပ်ရမယ့် ဖခင်မဲ့သွားသလားဆိုတာတော့ ယနေ့ချိန်ထိ ခြေရာကောက်လို့မရခဲ့ပါ…
သတိတရနဲ့ သူမရဲ့ ဖုန်းကို ခေါ်လိုက်တိုင်းလဲ ပိုင်ရှင် မဲ့သွားပြီဖြစ်တဲ့ ဖုန်းနံပါတ်တစ်ခုဖြစ်ကြောင်းကို အလိုအလျောက် ဖြေကြားပေးတဲ့ စက်ထဲက အဖြေလေးကိုပဲ လက်ခံရရှိခဲ့ပါသည်။
ကိုယ့်အတွက်ကတော့ ဘယ်နေရာကိုရောက်ရောက် အခန်းဖော်ဆိုတဲ့ စကားလုံးလေးကို အမှတ်တမဲ့ ပြန်ကြားမိတိုင်း နာကျင်စွာ ကြေကွဲစွာ သူမကို သတိရနေခဲ့ပါသည်။။
မှတ်ချက်။ ။ အခန်းဖော် အပိုင်း(၃) ကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါသည်။။။။စာဖတ်သူများ အနေဖြင့် လွတ်လပ်စွာ ဇာတ်သိမ်းပေးခွင့် ရှိပါသည်။။။
စောင့်မျှော် အားပေးခဲ့ကြသော စာဖတ်သူများကို ကျေးဇူးတင်စွာဖြင့် ဆက်လက်ကြိုးစားပါအုံးမည်။
Wednesday, November 11, 2009 | Labels: ဝတ္တုရှည် | 24 Comments
အခန်းဖော်(၂)
ကျွန်မ ခေတ္တနားခိုရာ အခန်းလေးဟာ ချစ်စဖွယ် ကောင်မလေးတစ်ယောက်ကြောင့် သေသေသပ်သပ်နဲ့ နေချင့်စဖွယ် အခန်းလေးတစ်ခန်းဖြစ်နေခဲ့တာ ကျွန်မအတွက် အလွန်ကံကောင်းနေခဲ့ပါသည်....
အဲဒီနူးညံ့သိမ်မွေ့လှတဲ့ ကောင်မလေးဖန်တီးထားခဲ့တဲ့ ဒီအခန်းလေးဟာ ကျွန်မ မက်မောခဲ့ဘူးတဲ့ ကဗျာဆန်ဆန် လှပသော သန့်ရှင်းသပ်ရပ်သော မျက်စိအေးစရာ အိပ်ခန်းလေးတစ်ခန်းလဲ ဖြစ်နေပြန်ပါသည်။
ကျွန်မ မှတ်မိရလောက် ကျွန်မ လူမှန်းသိတတ်စကတည်းက ကဗျာဆန်ဆန် အိပ်မက်ဆန်ဆန် ဖန်တီးထားတဲ့ အခန်းလေးတွေကို ဓါတ်ပုံတွေထဲမှာပဲ မြင်ခွင့်ရခဲ့ပါသည်။ အဖေနဲ့တကွ ဦးလေးတွေကြားမှာ ကြီးပြင်းလာတဲ့ကျွန်မအတွက် မိန်းကလေးအဖော်ဆိုတာလည်း မရှိခဲ့သလောက်ကို ရှားပါးခဲ့ပါသည်။
ပြီးတော့ မိန်းကလေးတစ်ယောက် ဖန်တီးအပ်သော အိမ်တစ်အိမ်ရဲ့ အခင်းအကျင်းမျိုးနဲ့လဲ အဝေးကြီးဝေးခဲ့ပါသည်။
ကျွန်မတို့အိမ်ကြီးမှာ မိန်းမဆိုလို့ ကျွန်မနှင့်အတူ ဆွေမျိုးမကင်းသော ထမင်းချက် အန်တီကြီးတစ်ယောက်သာ ရှိခဲ့ပါသည်။ ဖေဖေနှင့် ဖေဖေ့ညီတော်တူ ဦးလေး နှစ်ယောက်ရဲ့ ဝေယျာဝစ္စများကြောင့် အန်တီကြီးလဲ အိမ်သန့်ရှင်းရေး လုပ်ရန် အချိန်မရနိုင်ခဲ့သလို ခေတ်ပညာ မတတ်သော တောသူတစ်ဦးဖြစ်နေသည့်အတွက်လဲ အချိန်တန် ဈေးဝယ် ထမင်းချက် အဝတ်လျှော် မီးပူတိုက်သည့် အလုပ်မှလွဲကာ အိမ်သန့်ရှင်းရေး ပရိဘောဂများကို စနစ်တကျထားသိုရေးအတွက် စီမံမှု မပေးနိုင်ပါ။
ကျွန်မကိုလဲ မိန်းကလေးတစ်ယောက် သိထားသင့်သော တတ်ထားသင့်သော အိမ်မှုကိစ္စများကို မသင်ပေးနိုင်ခဲ့ပါ။
ဆွေမျိုးသားချင်းတွေကြားမှာ ကြီးတော်တစ်ယောက် အဘွားတစ်ယောက်ရှိခဲ့ပေမယ့် ကျွန်မကိုတော့ မိန်းမမပီသလို့ ထော်လော်ကန့်လန့်နိုင်လို့ ဆိုးပေနေလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့နဲ့အဝေးဆုံးနေရာကို တွန်းပို့ထားခဲ့ကြပါသည်။
ဖေဖေ့ပြောပြချက်အရ ကျွန်မရဲ့ မေမေ လောကကြီးမှာ ရှိနေသေးတယ်ဆိုတာကို သိခွင့်ရခဲ့ပေမယ့် ဘယ်နေရာမှာရှိနေခဲ့တယ်ဆိုတာကိုတော့ ဖေဖေ ကိုယ်တိုင်မသိခဲ့ပါ။ ကြာလာတော့လဲ ကျွန်မမှာ မိခင်တစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိလေးတောင် တစတစ မှေးမှိန်လာခဲ့ပါသည်။
မိခင်ဆုံးမမှု မရတဲ့ မိန်းကလေးမို့ အခုလို ဆိုးရွားတဲ့ စရိုက်လေးတွေ ပိုင်ဆိုင်နေခဲ့တာလားလို့ စဉ်းစားမိပေမယ့် အဲဒီအပေါ်မှာလဲ ထူးထူးခြားခြား နာကျင်မှုမရှိခဲ့ပါ။
မိန်းကလေးတစ်ယောက်ရဲ့ စရိုက်ကို ပတ်ဝန်းကျင်ကသာ ပြုပြင်ပြောင်းလဲပေးနိုင်တယ်ဆိုရင်တော့ ကျွန်မဟာ ပတ်ဝန်းကျင်ကြောင့် အချိုးမပြေသော မိန်းမ မဆန်သော ထင်ရာစိုင်းတတ်သော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါသည်။
ဖေဖေ့အရိပ်အောက်မှာ ဖြစ်သလို နေထိုင်ကြီးပြင်းလာတဲ့ ကျွန်မအတွက် သာမန်မိန်းကလေးတစ်ယောက်ရဲ့ ဘဝမျိုးကို မရခဲ့တာတော့သေချာပါသည်။ ကျွန်မရင်းနှီးခဲ့သည့် ပတ်ဝန်းကျင်မှာ နေ့နေ့ညည လွှမ်းမိုးနေခဲ့တာက နေခဲ့တာက ဖေဖေ့ သူငယ်ချင်းတွေရဲ့ အသံပေါင်းစုံ ဦးရီးတော်တို့ ဖွင့်ထားသော ဆောင်းဘောက်စ်က ထွက်လာတဲ့ သီချင်းသံ ကျယ်ကျယ်များ စီးကရက်နံ့များ ပြီးတော့ ဘီယာနှင့်အရက်ပေါင်းစုံ ရဲ့ အနံ့အသက်များ..…
နောက်ဆုံးမှာတော့ ကျွန်မကိုယ်တိုင် ဖေဖေနှင့်အတူတူထိုင်ပြီး အမြည်းစားရင်း အဆင့်တွေတက်ကာ ဘီယာ အရက်ပေါင်းစုံကို မြည်းတတ်လာခဲ့ပါသည်။ ဦးလေးတွေသောက်တဲ့ စီးကရက်တွေနှင့်လဲ မိတ်ဆွေဖြစ်လာခဲ့ပါသည်။ မိတဆိုးသမီးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိုတရ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် မိန်းမ ပီသသော မိန်းကလေးတစ်ယောက်တော့ မဖြစ်ခဲ့ပါ။။
“အချက်အပြုတ် တို့မလုပ်.. အိမ်မှုကိစ္စ ဝေးဝေးက”… လို့ ခပ်ပြောင်ပြောင်ပြောတိုင်းလဲ ဖေဖေက မငြူစူခဲ့ပါ။ ထမင်းကို ထမင်းအိုးထဲက ရပြီး ပိုက်ဆံကို ဖေဖေ့အိတ်ထဲက ရနေတာမို့ ကျွန်မအတွက် သောကဆိုတာမရှိခဲ့ပါ။ ဒါပေမယ့် မြို့နယ်ပညာရေးမှူးတစ်ယောက်ဖြစ်တဲ့ ဖေဖေက ပညာရေးနဲ့ပက်သက်လို့တော့ စည်းကမ်းတင်းကျပ်ခဲ့ပါသည်။
ကျွန်မဆယ်တန်းအောင်ပြီးတဲ့ အချိန်ကစလို့ တက္ကသိုလ်တက်မလား အခြားနိုင်ငံမှာ ကျောင်းသွားတက်မလား သမီးဆန္ဒရှိတဲ့အတိုင်းလုပ်လို့ ရွေးချယ်ခွင့်ပေးလာတဲ့အချိန်မှာတော့ တက္ကသိုလ်ဆက်မတက်ပဲ အပြင်စာမေးပွဲတွေဖြေပြီး နိုင်ငံခြားမှာ ကျောင်းနေဖို့လမ်းကိုရွေးလိုက်ပါသည်။
ပထမဆုံး ရန်ကုန်မှာ အဆောင်နေပြီး စာရင်းကိုင်သင်တန်းအတွက် ကျူရှင်တက် စာမေးပွဲဖြေရင်း အင်္ဂလိပ်စာ သင်တန်းများကို စတက်ခဲ့ပါသည်။ အဆောင်နေကျောင်းသူဆိုပေမယ့်လဲ ဖေဖေ့ကျေးဇူးကြောင့် အခန်းခပ်ကျယ်ကျယ်တစ်ခုမှာ တစ်ယောက်တည်းနေခွင့်ရသလို ထမင်းဟင်းကိုလဲ အပြင်မှာပဲ ဖြစ်သလို ဝယ်စားတတ်ခဲ့ပါသည်။
ရန်ကုန်ရောက်ပြီး နှစ်နှစ်လောက်ကြာတော့ ကွန်ပြူတာ သင်တန်းတစ်ခုမှာ မောင်နဲ့စတွေ့ခဲ့ပါသည်။ မောင်က စီနီယာတစ်ယောက်ဖြစ်တာမို့ ကျွန်မတို့အတန်းကို အချိန်ပိုင်း စာသင်ပေးဖို့ တာဝန်ကျခဲ့ပါသည်။ ဘဝမှာ လိုချင်တာရခဲ့သူပီပီ မောင့်အချစ်ကိုရဖို့လဲ ကျွန်မအတွက် အခက်အခဲမရှိခဲ့ပါ။
မိန်းကလေးမပီသခဲ့တာ မိန်းမ မဆန်ခဲ့တာ ကျွန်မအတွက်တော့ ကံကောင်းခြင်းရဲ့ လက်ဆောင်လို့ပဲ ခံယူခဲ့မိပါသည်။။
မောင့်ကို စပီး ချစ်မိသူဟာ ကျွန်မဖြစ်ခဲ့တာမို့ ကျွန်မဘက်ကစလို့ မောင့်ကို ချစ်ခွင့်ပန်ဖို့ အတွက် စဉ်းစားစရာမလိုလောက်အောင်ကို လွယ်ကူခဲ့ပါသည်။ မောင့်ဘက်ကလဲ နားလည်စွာ စာနာစွာနဲ့ ကျွန်မ အချစ်ကို ပြန်လက်ခံခဲ့ပါသည်။
အချစ်ကို စတင်တွေ့ရှိသူက ကျွန်မ အချစ်ကို စတင်ကြေငြာသူက ကျွန်မ အချစ်ကို မြတ်မြတ်နိုးနိုး ကိုးကွယ်ခဲ့သူကလဲ ကျွန်မပဲ ဖြစ်ခဲ့ပါသည်။
မောင်ကလဲ ကျွန်မလိုပဲ နယ်ကလာပြီး သင်တန်းတက်နေသူမို့ အိပ်ချိန်မှလွဲလို့ ကျွန်မတို့နှစ်ယောက် အမြဲအတူတူရှိနေခဲ့ပါသည်။ စားအတူ သွားအတူ သင်တန်းချိန်ချင်းလဲ (ရံဖန်ရံခါ) တူနေပေမယ့် တိုက်ခန်းတစ်ခန်း စပ်တူငှားနေဖို့ကို မောင့်ဘက်က စလို့ အရေးဆိုလာပြန်တော့လဲ ကျွန်မ မငြင်းဆန်ခဲ့ပါ။
နယ်မှာသာ အနေများသော အချိန်တန် ပိုက်ဆံပို့တတ်သော အဝေးမှသာ ကြင်နာတတ်သော ဖေဖေတို့မရိပ်မိအောင်တော့ မောင်နဲ့ ကျွန်မတို့ ကိစ္စကို ပိပိရိရိ ဖုံးကွယ်ထားခဲ့ပါသည်။
ကျွန်မဘဝအတွက် အားအထားရဆုံးသော ဖေဖေ့ကိုတော့ ကျွန်မ အလွန်ချစ်ခဲ့ပါသည်။ ဖေဖေ ငြိုငြင်မှာကိုလဲ စိုးထိတ်လှပါသည်။
တိုက်ခန်းငှားနေဖို့အတွက် ပထမဆုံးရင်းနှီးလိုက်ရတာကတော့ ကျွန်မရဲ့ ရွှေဟန်းချိန်း ခပ်ထူထူလေးတစ်ခုဖြစ်ပါသည်။ တိုက်ခန်းကို ခြောက်လစာ စရံပေးပြီး ငှားရခြင်းဖြစ်သောကြောင့် မောင့်မှာလဲ လုံလောက်သော ပိုက်ဆံမရှိခဲ့ပါ။ မောင့်နေစရိတ် စားစရိတ်ကို မောင့်မိသားစုမှ အပြည့်အဝ မထောက်ပံ့နိုင်သောကြောင့် ကွန်ပြူတာသင်တန်းတစ်ခုမှာ မောင်က အချိန်ပိုင်း အလုပ်ဝင်လုပ်နေခဲ့တာကို ကျွန်မကိုယ်တိုင် သိခဲ့တာမို့ မောင့်အပေါ် နားလည်စာနာနိုင်ခဲ့ပါသည်။
ဒုတိယ အရင်းအနှီးကတော့ ကျွန်မကိုယ်တိုင် စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းသီချင်းဆိုရသော အလုပ်ဖြစ်ခဲ့ပါသည်။ ဒါကလဲ မောင်ဆက်တက်ချင်တဲ့ မဆုံးနိုင်သော သင်တန်းစရိတ်များနှင့် နှစ်ယောက်စာ အသုံးစရိတ်ကို ကာမိစေရန်ဖြစ်ပါသည်။
လစဉ် ဖေဖေပို့ပေးတတ်သော ပိုက်ဆံများသာ ကျွန်မတို့အတွက် ပုံမှန်ဝင်ငွေရှိခဲ့သောကြောင့် နှစ်ယောက်စာ စရိတ်အတွက် သေသေချာချာ စေ့စေ့စပ်စပ် သုံးစွဲသော်လည်း ကျွန်မတို့အတွက် မလောက်ငခဲ့ပါ။ ပညာတတ်များ အတွက်ပင် အလုပ်ခက်ခဲနေချိန်တွင် ပညာတပိုင်းတစသာရှိသော ကျွန်မအတွက် စင်တင်တေးဂီတနှင့်တွဲဖွင့်ထားသော စားသောက်ဆိုင်တွင် ညပိုင်းသီချင်းဆိုပေးခြင်း အလုပ်ကလွဲလို့ ရွေးချယ်စရာ များများစားစား မရှိခဲ့ပါ။
မောင်အားနာမှာ သိမ်ငယ်မှာစိုးရွှံစိတ်ဖြင့် အလုပ်လုပ်ရခြင်းအပေါ် ကျွန်မ မငြိုငြင်ခဲ့ပါ။ ဖေဖေ့မျက်နှာကို မြင်ယောင်မိတိုင်း အားငယ်စိတ် ရှက်ရွံ့စိတ်များဖြင့် တုန်လှုပ်ခဲ့သော်လဲ မောင့်ရှေ့မှာတော့ ကျွန်မ ဟန်ဆောင်ကောင်းခဲ့ပါသည်။ အချစ်က ကျွန်မကို ရာနူန်းပြည့် ဖမ်းစားခဲ့ပါသည်။
မောင်နဲ့နှစ်ယောက် အတူတူနေသောအိမ်လေးမှာလဲ အိမ်ထောင်ပရိဘောဂများ များစားစားမရှိခဲ့ပါ။ အိပ်ယာပါးပါးလေးနှစ်ခုနှင့် အဝတ်သေတ္တာများမှလွဲပြီး ထမင်းစားစားပွဲလေးတစ်လုံးတောင် မရှိခဲ့ပါ။ နောက်ဆုံးသောက်ရေအိုးစင်တောင် မထားခဲ့တာမို့ ရေသန့်ဘူးကြီး တစ်ဘူးကသာ ကျွန်မတို့ အိမ်ရှေ့ခန်းက တစ်ခုတည်းသော အဆောင် အယောင် ဖြစ်ခဲ့ပါသည်။
နံနက်စောစော ဘုရားဝတ်ပြုပြီးတိုင်း မောင်ကပဲတာဝန်ယူပြီး တံမျက်စည်းလှဲပေးတတ်ပါသည်။ အိမ်သန့်ရှင်းရေးအတွက်တော့ နှစ်ကိုယ်စာနေသော ကျွန်မတို့ အိမ်အတွက် တံမြက်စည်းတစ်ချောင်းရှိရုံဖြင့် လုံလောက်နေခဲ့ပါသည်။
ကျွန်မရဲ့ အရည်အချင်းတွေကို သိထားခဲ့သောမောင်သည် အိမ်တွင် ထမင်းချက်စားဖို့ကိုလဲ မတောင်းဆိုခဲ့ပါ။ သူကိုယ်တိုင်လည်း အချက်အပြုတ် မကျွမ်းကျင်ပါ မချက်တတ်ပါ ဆိုယုံမျှဖြင့် ဆိုင်ထမင်း ဆိုင်ဟင်း အပြင်စာပေါင်းစုံဖြင့် တစ်နှစ်နီးပါး ရင်းနှီးခဲ့ကြပြန်ပါသည်။
နောက်ဆုံးဆီးနှင်းတွေ တဖွဲဖွဲကျနေသည့် တက္ကသိုလ်မြို့လေးကို ကျွန်မရောက်ခဲ့ချိန်ထိ အိမ်ထမင်း အိမ်ဟင်း အိမ်နှင့်တူသော အဆောင်အယောင်များကို ကျွန်မ မေ့လျှော့နေခဲ့ပါသည်။
ဖေဖေ့အိမ်က အန်တီကြီးချက်ပြုတ်ကျွေးသော တောမရောက် မြို့မရောက် ဟင်းလျာများ ရန်ကုန်မြို့ပေါ်ရှိ လမ်းဘေးဆိုင်မျိုးစုံမှ ဟင်းလျာများသည်သာ ကျွန်မဘဝနှင့်နီးစပ်ခဲ့ပါသည်။
ကျွန်မအခန်းဖော် ကောင်မလေးချက်ပြုတ်ထားသော ဟင်းလျာများကတော့ အနံ့အသက်ရရုံနှင့် သားရေယိုလောက်အောင် စွဲဆောင်မှုရှိခဲ့ပါသည်။ သူမရဲ့ ထမင်းပွဲ အပြင်အဆင်လေးကလဲ တနေ့တမျိုး မရိုးလောက်သော ဟိုတယ်ကြီးတွေက အပြင်အဆင်မျိုး။
ဒါပေမယ့် လောကကြီးမှာ သမားရိုးကျ အပြင်အဆင် အစားအသောက်များနှင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့သော ကျွန်မအတွက်တော့ သိပ်မထူးဆန်းခဲ့ပါ။
တခါတရံမှာ ကိုယ့်ရဲ့ အနေအထိုင်တွေကြောင့် အတူနေ အခန်းဖော်ကောင်မလေးအပေါ် အားနာမိပေမယ့် အရိုးထိအောင်စွဲနေခဲ့တဲ့ ကျွန်မရဲ့ အကျင့်တွေကို မပြင်နိုင်ခဲ့တာမို့ မသိချင်ယောင်ဆောင်နေခဲ့ပါသည်။
လတ်တလောခွဲခွာလာတာမို့ မောင့်ကိုလွမ်းတဲ့စိတ်တွေကို ဖြေဖျောက်ဖို့ ဘီယာနဲ့ စီးကရက်တွေကို အဖော်လုပ်နေရတယ်ဆိုတာကို ကျွန်မ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှလဲ မသိခဲ့ကြပါ။
တခါတရံ ကလပ်မှာ ကခုန်နေချိန်မှာတော့ မောင်နှင့်တကွ သံယောဇဉ်တွယ်အပ်သော ဖေဖေတို့ကိုပင် မေ့လျော့နေခဲ့ပါသည်။
ဒီလိုမီးရောင်စုံတွေအောက်မှာ ဒီလို ဂီတသံစဉ်တွေကြားမှာ ယဉ်ပါးလာခဲ့တာ မောင့်ကြောင့်လို့တော့ ဘယ်တုန်းကမှ အပြစ်မမြင်ရက်ခဲ့ပါ။
ခရီးရောက်မဆိုက် ကျောင်းသတင်းနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းတွေကို လောဘတကြီးနဲ့ စုံစမ်းဖြစ်ခဲ့တာကလည်း မောင့်အတွက်သက်သက်သာ…
တစ်ပတ်တစ်ကြိမ် ဖုန်းခေါ်ဖို့ ကြိုးစားရင်း အချိန်တွေကို အလွယ်တကူ ကုန်လွန်စေချင်တာကလဲ မောင့်ကို လွမ်းလွန်းတဲ့ စိတ် အရာရာဟာ မောင့်အတွက် ဖြစ်နေခဲ့တာ ကျွန်မ မှားနေခဲ့ပါသလားမောင်ရယ်…
ဒီနေ့လည်း မောင့်ကို ဖုန်းဆက်နေကျအချိန် မောင်က ဖုန်းအနားမှာ ရှိမနေတာမို့ နောက်ထပ်စောင့်ရမယ့် ခုနှစ်ရက်စာ အားတင်းဘို့ ဘီယာတချို့နဲ့အတူ အမြည်းတွေ စီစဉ်နေတုန်းမှာ အခန်းဖော် ကောင်မလေးက အနားမှာ ရစ်သီရစ်သီနဲ့ လာစပ်စုနေတာနဲ့ တိုက်ဆိုင်သွားတာမို့ ကောင်မလေးကို ဝမ်းပမ်းတသာ ပြုံးပြ ကြိုဆိုလိုက်မိပါသည်။
ဒီညမှာတော့ ကျွန်မ အဖော်မမဲ့တော့ ဘူးထင်ပါရဲ့မောင်ရယ်…. ရင်ဖွင့်စရာ စကားပြောစရာ အဖော်တစ်ယောက်ရတဲ့ ညတစ်ည…. မောင့်ဆီက ကြားနေကြ အသံတွေ ကြားခွင့်မရတဲ့ ညတစ်ညလဲ ဖြစ်နေသေးရဲ့….
အခန်းဖော် ကောင်မလေးက ကျွန်မရဲ့ စာရေးစားပွဲပေါ်က အာလူးကြော်တွေ ကောက်စားရင်း
“နင်သူ့ကို အဲလောက်တောင်ချစ်ရလားလို့” မေးလာတဲ့ အဖြေကို တက်တက်ကြွကြွနဲ့ ဖြေမိတာက
“ချစ်လွန်းလို့ ငါကိုယ်တိုင် ချစ်ခွင့်ပန်ခဲ့ရတဲ့ တစ်ဦးတည်းသော ချစ်သူလေ မချစ်ပဲနေမလား “ လို့
ဖြေတဲ့အချိန်မှာ ကျွန်မရဲ့ ခေါင်းလေးက တမော့မော့နဲ့လေ….
မောင့်ကို အဲဒီလောက်တောင် ချစ်ခဲ့ရပါတယ် မောင်ရယ်..…..
လောကကြီးမှာ ဖေဖေကလွဲလို့ တစ်ဦးတည်းသော သံယောဇဉ်ဟာ မောင်တစ်ယောက်ပဲရှိခဲ့ပါတယ်…
မောင့်အတွက် ကျွန်မရဲ့ ဘဝတစ်ခု ဖြစ်ခဲ့တယ် မောင့်အတွက် ကျွန်မရဲ့ အချစ်တစ်ခု ရှိခဲ့ဖူးတယ်…..
ကျွန်မ ကံကောင်းချင်ပါသေးတယ်မောင်…
ဆက်ရန်…
Wednesday, November 04, 2009 | Labels: ဝတ္တုရှည် | 16 Comments
ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့တဲ့
တခါတရံမှာ မြန်မာပီသချင်တာမို့ ခေါင်းလျှော်ရမယ့်ရက်ကို တွေးမိတော့ ကိုယ့်မွးနေ့ရယ် သောကြာရယ်ကိုနှုတ်ပြီးရင် ရက်သတ္တတစ်ပတ်မှာ ခေါင်းလျှော်ဖို့ ငါးရက်တိတိကျန်တယ်
ဒီကြားထဲမှာမှ ဗုဒ္ဓဟူးနေ့မှာခေါင်းလျှော်ရင် ၄၅ ရက်တိတိ လာဘ်ပိတ်တယ်ဆိုတော့ တပတ်မှာ ခေါင်းလျှော်လို့ရတာက ၄ ရက်တိတိကျန်နေတယ်…
ရေချိုးခေါင်းလျှော်ခါနီးတိုင်း ရက်လွတ်ရဲ့လားလို့ စဉ်းစားရတဲ့ ဝဋ်ဒုက္ခက မြန်မာ မိန်းကလေးတွေကို တော်တော်လေး နှိပ်စက်ခဲ့ဘူးတယ်ထင်ပါရဲ့..…
တခါတလေ ဆံပင်တွေက စေးကပ်နေပြီ ရက်ကမလွတ်ပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီး ခေါင်းလျှော် အခန့်မသင့်တော့ နှာစေး ချောင်းဆိုး…တုတ်ကွေးမိ..
အစွဲအလန်းကြီးတာ နေရာတိုင်းမှာ မကောင်းဘူးလို့ အသိတရားနဲ့ဆင်ခြင်။
အဲလို ဆင်ခြင်နေတဲ့ကြားက ပြီးခဲ့တဲ့နှစ်လလောက်က ရသင့်ရထိုက်တဲ့ ဘောနပ်စ်မရခဲ့တာ
ဗုဒ္ဓဟူးနေ့မှာ ခေါင်းလျှော်မိလို့များလား လို့ မြန်မာပီပီ အူကြောင်ကြောင် တွေးမိသေး....…
မြန်မာ မဟုတ်တဲ့ သူငယ်ချင်းတွေကတာ့ ခေါင်းကို လျှော်ချင်တဲ့နေ့လျှော် နေ့တိုင်းလျှော် နေ့ရော ညပါ လျှော် …သူတို့ကျတော့လဲ ဘာမှ အစွဲမရှိလေတော့ လုပ်တိုင်းဖြစ်…
နောက်ထပ်သိခွင့်ရတဲ့ ပညတ်ချက်ကလဲ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ခရီးသွားနေရင် ပြန်မလာမချင်း ခေါင်းမလျှော်ရဘူး ဆိုပဲ…ဒါဆို မိသားစုထဲမှာ ခရီးသွားနေတဲ့သူရှိရင် ခေါင်းမလျှော်ပဲ ဘယ်နှစ်ရက်နေရမှာလဲ တပတ်လား ၁၀ ရက်လား ခရီးသွားတဲ့သူက တစ်လလောက်ကြာမယ်ဆိုရင် ကိစ္စက ပြတ်ရော…
ဒါ့ကြောင့်ထင်ပါရဲ့ နောက်ထပ် ထပ်ကွန့်ထားတဲ့ ခေတ်မီမီ ပညတ်လေးက ခရီးသွားနေတဲ့သူ လမ်းခုလတ်မှာရှိနေချိန်လေးပဲ ခေါင်းမလျှော်ရဘူးဆိုပဲ ( ခရီးသွားသူက လေယာဉ်ပေါ်မှာ ကားပေါ်မှာ ရထားပေါ်မှာ သင်္ဘောပေါ်မှာ ရောက်နေတဲ့အချိန်ပေါ့…)
မြန်မာပြည်က မီးနေသည်တွေရဲ့ ဒုက္ခကလဲ မသေးလှပါ မီးမထွက်မချင်း ၇ ရက်တိတိ ရေမချိုးရ ၄၅ ရက်တိတိ ဆပ်ပြာမကိုင်ရ….(တချို့ကျတော့ ၄၅ ရက်တိတိ ခေါင်းမလျှော်ရတဲ့)
ဖျားနာနေရင် ၂ ရက် ၃ ရက်လောက် ရေမချိုးပဲနေရမတဲ့…
မြန်မာလူမျိုးတွေ တကိုယ်ရေ သန့်ရှင်းမှုကို မကြည့်ပဲ ရှေးထုံးအစဉ်အလာကိုပဲကြည့်နေခဲ့တာ ဟိုးပဝေသဏီကတည်းကဆိုပဲ..…
ဒီက မြန်မာလူမျိုးမဟုတ်တဲ့ သူငယ်ချင်းတစ်ယောက် သူ့အတွေ့အကြုံလေးကိုပြောပြတာက မီးဖွားပြီးပြီးချင်း တစ်နာရီအတွင်းမှာ ခေါင်းလျှော် ရေချိုးခဲ့တယ် နေ့တိုင်း ရေချိုးတယ် ဘာမှမဖြစ်ပါဆိုပဲ…..
ပြီးတော့ စီးပွားရေးလုပ်နေတဲ့သူတွေက ဗေဒင်ဆရာရဲ့ အစီအမံအရ နာရေးဖြစ်နေတဲ့ အိမ်တို့ မီးနေသည်အိမ်တို့ လုံးဝ(လုံးဝ) မသွားကြဘူးဆိုပဲ….(သူတို့ အိမ်မှာ နာရေးဖြစ်ခဲ့ရင် ဆွေမျိုးသားချင်းထဲက မီးဖွားခဲ့ရင် ဘယ်လိုလုပ်ကြသလဲတော့ မသိ….)
ကိုယ့်ရဲ့ဦးလေးအရင်းကြီးကလဲ အဲလိုအယူသည်းခဲ့တာဆိုတော့ လူမှုရေး ဖြစ်တဲ့ သာရေးနာရေး မီးနေသည်ကိစ္စ အဒေါ်လုပ်သူကပဲ ရှေ့ဆုံးက ကြွရတယ်လေ……
တင်္နလာနေ့မှာ အရေးကြီးတဲ့ ကိစ္စတွေလုပ်ရင် ၂ခါပြန်လုပ်ရတတ်တယ်ဆိုတာ တခါတလေမှာတော့ တိုက်ဆိုင်မှု အနေနဲ့ သတိပြုမိပါတယ်… အမြဲတော့ မဖြစ်နိုင်ပါ (အမြဲတမ်းမှန်နေမယ်ဆိုရင်တော့ မြန်မာပြည်က အစိုးရရုံးပိတ်ရက်တွေထဲမှာ တင်္နလာနေ့ပါ ပေါင်းထည့်ရမယ် ထင်ပါရဲ့….)
ကိုယ့်ထက် အစွဲအလမ်းကြီးတဲ့ မြန်မာတွေကို နေရာတိုင်းမှာ တွေ့နေရတာမို့ တင်္နလာနေ့ကိစ္စကို တခါတရံမှာ ဆွေးနွေးမိပါတယ်…ဒါပေမယ့် လက်ခံနိုင်လောက်တဲ့ ယုတ္တိရှိတဲ့ အဖြေကိုတော့ မရခဲ့ပါ….
တလောလေးကပဲ အရေးကြီးတဲ့ အလုပ်ကိစ္စအတွက် အဖြေစောင့်နေတုန်းမှာ မိတ်ဆွေတစ်ယောက် ကလေးမွေးတော့ ဆေးရုံမှာသွားကြည့်သင့် မသွားသင့်ဆိုတာကြီးကို တော်တော်စဉ်းစားလိုက်ရတယ် ( မြန်မာ လူမျိုးဆိုတော့လဲ ရှေးစကားတွေကို မသိစိတ်နဲ့ စွဲနေတော့ အစွဲတွေကို ချွတ်ရတာ ခက်တော့ ခက်သား)…
သွားချင်တာကလဲ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာနဲ့ ဖြစ်ချင်ရာဖြစ် ကံပဲဟ ဆိုပြီး ဆေးရုံသွား မီးနေသည်အတွက် ဆေးရုံက ကျွေးတဲ့ ထမင်းကိုကပ်စားပြီး ဆေးရုံမှာ တော်ကီတွေပွားခဲ့တာ မိုချုပ်တဲ့အထိ….
ပြီးလဲပြီးရော အလုပ်ကိစ္စ အတွက် တစ်ပတ်နဲ့ ရမယ့် အဖြေက တစ်ပတ်နဲ့လဲမရ ၁၀ ရက်နဲ့လဲမရ နှစ်ပတ်နေတဲ့အထိလဲ မရတော့ သွားပြန်ပီဟ မြန်မာလူကြီးတွေ ပြောတာ နားမထောင်မိလို့ဆိုပြီး ဝမ်းနည်းပက်လက်နဲ့ နောင်တက အရင်ရမိသေး… …
ဒါပေမယ့်လဲ အဲဒီအစွဲတွေ ကျွတ်ချိန်တန်လို့လားမသိ စောင့်နေမိတဲ့ ကိစ္စက နှစ်ပတ်ကျော်မှ အဆင်ပြေလေတော့ ရှေးသုံးတွေ ရှေးစကားတွေအတွက် တွေးရခက်ကြီး ဖြစ်နေပြန်ပါတယ်….
ငါမြန်မာလူမျိုး ဒါပေမယ့် ငါနေတာ မြန်မာပြည်မဟုတ် ချွတ်သင့်တဲ့ အစွဲလေးလဲ ချွတ်အုံးမှလို့ ကိုယ့်ကိုယ်ကို ဆုံးမလို့ တော်တော်လေး နေသာထိုင်သာ ရှိသွားခဲ့ပါတယ်…
မြန်မာဆန်တာဟာ နေရာတိုင်းမှာ မကောင်းဘူးဆိုတာတော့ နိုင်ငံခြားရောက်မြန်မာတိုင်းက အပြည့်အဝလက်ခံမယ်ထင်ပါရဲ့…..(ဒီနေရာမှာတော့ ရှေးရိုးစွဲ အယူဝါဒတွေကိုသာ ပြောချင်တာပါ အခြားသော လူနေမှုစရိုက်တွေကို ပြောခြင်းမဟုတ်ပါ… အတွေးအခေါ် အယူအဆတွေကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)..
ဗေဒင်နဲ့ ယတြာတွေကိုလဲ မယုံပါလို့ မပြောလိုပါ ကမ္ဘာက လက်ခံထားတဲ့ ယုတ္တိရှိသော လက်ခံသင့်သော နက္ခတ်ဗေဒင် အချို့ကိုတော့ စိတ်ဝင်စားမိပါတယ်…. ယတြာပိုင်းမှာလဲ နည်းပညာအရ လက်မခံနိုင်လောက်အောင် အစွမ်းထက်တာတွေ မြင်ဖူးနေခဲ့တော့လဲ အပြည့်အဝမဟုတ်တောင် မယုံပါလို့ တထစ်ချ မပြောလိုပါ…
ကိုယ်တိုင်ကတော့ ယခုချိန်ထိ လုံးဝ( လုံးဝ) ယတြာမချေခဲ့ဘူးပါ။။
ဗေဒင်တော့ ၂ ခါလောက် တွက်ဖူးတယ်ထင်ပါရဲ့… ( တစ်ခါကတော့ တော်တော် မှန်တဲ့ဗေဒင်ကိုတွေ့ခဲ့ဘူးတယ်… နာမည်ကျော် ဗေဒင်ဆရာမဟုတ်သော တက္ကသိုလ်ကျောင်းသူ သူငယ်ချင်းတစ်ယောက်က လမ်းကြုံလို့ ဟောပေးခဲ့တာပါ…းးး)))))
ဈေးသုံးမလွယ်နဲ့ဆိုတာကတော့ တော်တော်လေး မှန်တာမို့ အပြည့်အဝ လက်ခံကျင့်သုံးပါတယ်….
ဈေးသုံးလွယ်ရင် မွဲမှာ သေချာတယ်လေ….
ရှေးထုံးကတော့ ခေတ် ကာလ ဒေသ ပရောဂကိုလိုက်လို့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ဖြစ်ပါတယ်…အရင်ကထက်တော့ အစွဲတွေ လျှော့သွားသလိုလိုပါပဲ…..
အခြားအခြားသော ရိုးရာ အစွဲများနှင့် တိုက်ဆိုင်မှုများလဲ ရှိပါသေးသည်… တိုက်ဆိုင်မှုရှိခဲ့ရင် ရေးမိမယ်ထင်ပါသည်…
ဒီပို့စ်လေးနဲ့ပက်သက်လို့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သလို လွတ်လပ်စွာ ထင်မြင်ယူဆစေချင်ပါသည်….
Monday, November 02, 2009 | Labels: မြန်မာစကားပုံများ | 20 Comments
ကျားသား မိုးကြိုး ကမ္ဘာကြီး ပျက်တော့မယ်ဆိုပါလား...
တကယ်လို့များ ကမ္ဘာကြီးပျက်ခဲ့မယ် ဆိုရင်ပေါ့ ( မပျက်ဘူးဆိုတာကိုတော့ ၁၀၀ % ယုံကြည်နေပါတယ်)
ဒီကိစ္စက ခုတလော လူပြောများနေတဲ့ကိစ္စလေးလေ... ကိုယ်လဲခေတ်မီအောင်လို့ ခဏလောက်တော့ ကမ္ဘာပျက်ကြည့်မယ်နော်... ( ကိုအောင်သာငယ် က တက်ဂ်ထားတယ်ဆိုတော့လဲ စိတ်ကူးယဉ်ကြည့်တာပေါ့)
တကယ်မှာတော့ ကမ္ဘာကြီးပျက်မယ့်အရေးကို တွေးပြီရင်းပူနေမိတာ အမှန်ပါ။ ဒါပေမယ့် ကမ္ဘာ မပျက်ခင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်သေဆုံးခဲ့ရင်တော့ ကမ္ဘာပျက်တာကိုတောင် မြင်ခွင့်သိခွင့်ရမှာ မဟုတ်ပါဘူး… ကွေးသောလက် မဆန့်ခင် ဆိုတာလေးကို အမြဲစဉ်းစားနေမိတယ်။ အတွေ့အကြုံတစ်ခုအနေနဲ့ ကမ္ဘာပျက်တာကို မြင်ခွင့်ရမယ်ဆိုရင် ကိုယ်ဟာ ကုသိုလ်ထူးလို့ပေါ့။
၁။ဘယ်သူတွေနဲ့ရှိနေချင်ပါလိမ့်..
မိသားစုနဲ့ပေါ့ အထူးသဖြင့်တူလေးတွေအနားမှာ ရှိနေချင်တယ်..ဘာမှနားမလည်သေးတဲ့ ကလေးတွေ ကြောက်နေမှာစိုးတယ် ကလေးတွေကို မကြောက်အောင် အာရုံပြောင်းထားမယ်…
နောက်ဆုံးအချိန်ထိ ကလေးတွေနဲ့ ဆော့နေမယ်… မိဘတွေကို အားပေးနေမယ် အာရုံပြောင်းပေးဖို့ကြိုးစားမယ်…..
ကိုယ့်ကမ္ဘာမှာ ပထမက မိဘ ဒုတိယက သြချစ်ဘုန်းမိုရ်( အချစ်ဆုံးတူလေး)ပါ အဲဒီအတွက် သူငယ်ချင်းတွေက ကိုယ့်ကို မကြာခဏ စကားနာထိုးတတ်ကြတယ်… သားသြချစ်ကို အရမ်းချစ်လွန်းလို့တဲ့…
တတိယနေရာမှာတော့ လူတစ်ယောက်ရှိမယ်ထင်တယ်… (တတိယ တစ်ယောက်ကတော့ ကမ္ဘာပျက်မယ့်နေ့မှာ ကိုယ့်အနားမှာ နေချင်တဲ့ ဆန္ဒရှိမရှိ မသေချာသေးတာမို့ မေးကြည့်ရအုံးမယ်..)
၂။ဘာတွေခံစားနေရမလဲမသိဘူးနော်..
မိသားစုတွေ စုစုစည်းစည်းရှိနေမယ်ဆိုရင်တော့ နောက်ဆုံးအချိန်ထိ မိသားစုရဲ့ မေတ္တာ သံယောဇဉ်တွေကို ခံစားပြီး ပျော်ရွှင်နေမိမှာပါ။
မိသားစုဆိုတာက စိတ်နဲ့ စိတ်ဓါတ်တွေ ပေါင်းစုထားတဲ့နေရာလေ အဲဒီစိတ်ဓါတ်တွေကပဲ ကောင်းမွေ ဆိုးမွေတွေကို ခံစားပြီး နောက်ဆုံးအချိန်ထိ နားလည်မှုတွေနဲ့ ရင်ဆိုင်နိုင်တဲ့ သတ္တိကိုပေးမှာပါ။
သေရမှာမကြောက်သလို ဆုံးရှုံးမှုတွေအတွက်လဲ ဝမ်းနည်းနေမှာမဟုတ်ပါဘူး… လူတစ်ယောက်ဖြစ်နေတဲ့အတွက် နောက်ဆုံးနေ့ကို ရင်ဆိုင်ရမှာ ဓမ္မတာပါ အဲဒီအတွက် နောင်တတွေ ကြောက်စိတ်တွေ မရှိလောက်ပါဘူး။
၃။ပြင်ဆင်ထားချင်တာတွေကဒါလေးတွေပေါ့
အချိန်မီ မိသားစုဆီပြန်နိုင်ဖို့ လေယာဉ်လက်မှတ်တစ်စောင်
အဲဒီနေ့အတွက် ချစ်တဲ့ တူကလေးတွေအတွက် ချောကလက်တချို့ အိုဗာတင်း နဲ့ ကစားစရာတွေ မိဘတွေအတွက် ကော်ဖီတွေ…. မောင်နှမတွေအတွက် အအေးပုလင်းတွေ..
ပြီးတော့မိသားစုတစ်စုလုံးအတွက် လုံလောက်မယ့် အိပ်ဆေးတွေ (ဘယ်တော့မှ ပြန်မနိုးမယ့် အိပ်ဆေးတွေပေါ့)
ကမ္ဘာပေါ်က နောက်ဆုံးသတင်းတွေရဖို့အတွက် ရေဒီယိုတစ်လုံး ဒါမှမဟုတ် အင်တာနက်လိုင်းတစ်ခု....
ဒါမှ နောက်ဆုံးအချိန်ဆိုတာ သေချာပီဆိုရင် ကလေးတွေကို အိုဗာတင်းထဲမှာ အိပ်ဆေးထည့်တိုက် မိဘတွေကိုက အိပ်ဆေးတွေပါတဲ့ကော်ဖီ မောင်နှမတွေအတွက်လဲ အအေးပေါ့…..
သူတို့ကို ကြောက်ရွံ့ထိတ်လန့်ခြင်း ဝမ်းနည်းခြင်း ပူဆွေးသောကတွေမခံစားစေပဲ အသက်သာဆုံးနည်းနဲ့ လောကကြီးက ထွက်ခွာသွားစေချင်တဲ့ ဆန္ဒရှိပါတယ်…..
ကိုယ်တိုင်ကတော့ သူတို့အားလုံး မရှိတော့ဘူးဆိုတာသေချာမှ အဲဒီအိပ်ဆေးသောက်မယ်လို့ စဉ်းစားထားပါတယ် မိသားစုကို စိတ်မချဘူးလေ… ( မကိဆီမှာ ဆေးကြိုမှာထားရမယ်ထင်ပါရဲ့)
၎။ဝမ်းနည်းမိမှာလားဆိုတော့
ဝမ်းနည်းစရာတွေ မရှိစေဘို့ တင်နေတဲ့ မေတ္တာကြွေးတွေ သံယောဇဉ်ကြွေးတွေကို အခုကတည်းက ဆပ်ဖို့ကြိုးစားနေပါတယ်။ ကိုယ့်ကိုချစ်သော ကိုယ်ကချစ်သော လူသားအားလုံးအပေါ်မှာ အကောင်းဆုံးအရာတွေ ပေးထားခဲ့မှာပါ…
မေတ္တာငတ်နေတဲ့သူတွေကို မေတ္တာပေးခဲ့မယ် စိတ်ဓါတ်ခွန်အားလိုနေတဲ့သူတွေကို ခွန်အားဖြည့်ပေးခဲ့မယ်….
နောင်တနဲ့အတူ ဝမ်းနည်းနေရမယ့် အဖြစ်တွေက ဝေးအောင် အခုကတည်းက အကြွေးတွေ ဆပ်နေပါတယ်….
ဒီတော့ အဲဒီအချိန်မှာ ဝမ်းနည်းမိမှာ မဟုတ်ပါဘူး… သေချာပါတယ်……
(အခုတော့ သံယောဇဉ်ရပ်ဝန်းတစ်ခုကို သတိရနေမိတာမို့ သံယောဇဉ်ရပ်ဝန်းက လူတစ်ချို့ကို ရှာဖွေနေပါတယ် … ခက်တာက သူတို့က Face Book မှာလဲမရှိဘူး G-talk မှာလဲ မရှိကြဘူး အွန်လိုင်းကို လုံးဝမသုံးတဲ့လူတချို့ပေါ့)
၅။ကြောက်လန့်မိမယ်ထင်ပါသလား..
အင်း နောက်ဆုံးအချိန်အတွက် ကိုယ်လိုချင်တဲ့ အရာတွေရှိနေမယ်ဆိုရင် ကြောက်စရာမရှိလောက်ဘူးထင်ပါရဲ့…
၆။ကိုယ်နဲ့အတူ..ဆောင်ထားချင်တာ…ရှိနေချင်တာက..
လောကဓံကို သတ္တရှိရှိ ခံနိုင်မယ့် စိတ်ခွန်အား..( လူတစ်ချို့က အဲလိုအဖြစ်မျိုးနဲ့ ရင်ဆိုင် ကြုံတွေ့တဲ့အချိန်တွေမှာ သွေးပျက်သွားတတ်ကြတယ်လို့ ကြားဘူးထားလို့ပါ။ ကိုယ်ကိုယ်တိုင်လဲ ခံနိုင်ရည် အဆင့် ဘယ်လောက်အထိရှိမလဲ ဆိုတာ မှန်းဆလို့မရနိုင်ပါဘူး…)
ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့စကားပုံအတိုင်း သားကောင်တွေချနင်းရဲဖို့ထက် ကိုယ်ကိုယ်တိုင် သားကောင်အဖြစ် အနင်းခံနိုင်ဖို့လဲ ခွန်အားအချို့ ရှိနေချင်ပါတယ်။
၇။ဘာတွေရေးမိမလဲမသိဘူးနော်..
အဲဒီအချိန်မှာတော့ ကဗျာတွေစာတွေထက် တူလေးတွေ ကို အာရုံပြောင်းပေးဖို့ ပုံတွေဆွဲပြနေချင်တယ်… ကလေးတွေအတွက် ဝလုံးတွေ ကူရေးပေးဖြစ်မယ်ထင်တယ်…..
ဂ။ဘာတွေများတွေးနေမိမလဲ
ကလေးတွေနဲ့ အလုပ်ရှုပ်နေခဲ့ရင်တော့ တောင်တာင်အီအီ တွေးနေဖို့ အချိန်မရလောက်ဘူးထင်ပါရဲ့။
၉။ဒီလိုအချိန်မှာ ဒီလို ဂုဏ်ယူချင်သေးတယ်
မိသားစုအတွက် ကိုယ့်ဘဝတစ်ခု ဖြစ်တည်ခဲ့ဘူးတယ်။
မိဘတွေအတွက် သိတတ်တဲ့ သမီးကောင်းတစ်ယောက် ဖြစ်ခဲ့တယ်…
မောင်နှမတွေအတွက် လိမ္မာတဲ့ ညီမတစ်ယောက် အဖြစ် ရှိခဲ့ဘူးတယ်.. သူငယ်ချင်းမိတ်ဆွေတွေအားလုံးအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့ဘူးတယ်…..
ချစ်ခဲ့ဘူးတဲ့ လူတစ်ယောက်အတွက် ( တစ်ယောက်ထက်လဲ ပိုနိုင်ပါတယ်) တာဝန်ကျေတဲ့ လက်တွဲဖော်ဖြစ်ခဲ့ဘူးတယ်…
တူလေးတွေအတွက် သံယောဇဉ်ကြီးလွန်းတဲ့ အန်တီလေးတစ်ယောက် ဖြစ်ခဲ့ဘူးတယ် ..
ကိုယ့်ကို မုန်းတီးခဲ့တဲ့လူတွေအတွက်တော့ အမှတ်ရစရာ လူတစ်ယောက် ဖြစ်ခဲ့ဘူးတယ်..(လူချစ်ခံရတာ မဆန်းသလိုပဲလူမုန်းခံရတာလဲသိပ်မဆန်းပါဘူး)
၁၀။ ရှာကြံပြီးဖြေသိမ့်လိုက်ပါ့မယ်
အင်း…. လူပီသတဲ့လူတစ်ယောက် ဖြစ်ခဲ့တယ် ထင်ပါရဲ့……
(ကိုယ်နဲ့အတူ မြန်မာပြည်က သန်းပေါင်း ၆၀သော ပြည်သူတွေကို မျက်စိတွေနားတွေ ပိတ်ထားခဲ့တဲ့ အန်ကယ်ကြီးတွေလဲ သေတာပဲလေ… ခုချိန်မှာတော့ အာဏာတွေ ပါဝါတွေက ဒဏ္ဏာရီ ပုံပြင်လိုပါပဲလား…..)
အိုဘာမားနဲ့အတူ ဘဲလီဇဘက်ဘုရင်မကြီးနဲ့အတူ လေးစားအားကျရတဲ့ ဆရာမဂျူးနဲ့အတူတူ ဟောလီးဝုဒ် စတားတွေနဲ့အတူ တစ်ရက်တည်းသေခွင့်ရတာ နည်းတဲ့ကုသိုလ်လား…းးး))))
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
ကမ္ဘာဦးအစကိုမကြုံဘူးပေမယ့်ကမ္ဘာပျက်တာကိုတော့ကြုံဘူးတယ်….
နောက်ဆုံးကမ္ဘာက ကံထူးသူ သန်းပေါင်းခြောက်ထောင်မှာ ငါလဲ တစ်ယောက် အပါအဝင်ပေါ့……..
(ကြုံတောင့်ကြုံခဲ ဒီလိုအဖြစ်အပျက်တွေကို မျက်ဝါးထင်ထင်ကြုံတွေ့ရတာ ကုသိုလ်ထူးလွန်းလို့နော်…)
၁၂။ မှာချင်တဲ့မှာတမ်း…
တကယ်လို့များ ကိုယ်တို့အိပ်မောကျနေချိန်မှာ ကမ္ဘာမပျက်တော့ဘူး ( ဆူနာမီနဲ့မှားတာပါ..)ဆိုရင် ကိုယ့်ကို ပြန်နှိုးဖို့ မမေ့ကြပါနဲ့… ( မကိနဲ့တကွ ဘလော့မိတ်ဆွေများအားလုံးကို မှာချင်ပါတယ်)….
တခါတလေမှာ ကိုယ်တွေရထားတဲ့ သတင်းတွေက မှားတတ်တယ်လေ မြန်မာ့အသံလို တော့ မလုပ်နဲ့နော်…
ကမ္ဘာလောကကြီးက ဆန်းကြယ်တယ်လေ တခါတလေ ဘာမှမဟုတ်ပဲနဲ့ အံ့သြထိတ်လန့်စရာ အတွေ့အကြုံတွေကို ပေးတာကိုး...
ဒီတစ်ခါ အလှည့်ကျ တက်ဂ်ရမယ့်သူတွေကတော့
ဘလော့ဂါအသစ်စက်စက်လေး အညတြ
Singapore ITB ပွဲမှာ အလုပ်တွေရှုပ်နေတဲ့ ညီညီ(ပြည်)
အခန်းဖော်အကြာင်း တိတ်တိတ်လေးလာမေးနေတဲ့ ကိုရဲ
On the Way ရန်ကုန်- ဒူဘိုင်းလေယာဉ်ပေါ်မှာ ငိုက်နေတဲ့ လတ်လတ်ဇော်
အွန်လိုင်းမှာနော်ခမ်းကိုမျှော်နေတဲ့ မငုံ
သမီးကြီး အိန်ဂျယ် ကတော့ နှစ်ထပ်ကွန်း တက်ဂ်ခံရခြင်းပေါ့
ဂျပန်ပြည်က မိုမိဂျိ
ငြိမ်ချက်သားကောင်းနေတဲ့ ဇီဇဝါ
မမသီရိ
အပျင်းထူနေတဲ့ သမီးပျို
အသံတိတ်နေတဲ့ မယ်မဒီ
ချစ်သော အမရာ
အမရာရဲ့ အိုင်လွယ်ပန်
အကြာကြီးပျောက်နေတဲ့ ကိုသားကြီး
စာကျက်ချင်ယောင်ဆောင်နေတဲ့ ကိုကိုမောင်
ခုတလော ပေါ်မလာတဲ့ မိုးစက်အိမ်
ဓါးသွေးနေတဲ့ ကိုနေစိုးနိုင်
ဇာတ်ပွဲကန်ထရိုက်ကြီး ကိုမြစ်ကျိုးအင်း
တစ်နေ့တစ်ပုဒ် မရိုးရအောင် ပုံမှန်ရေးနေတဲ့ ကိုပီတာ
ခေတ္တရန်ကုန်ရောက် ကိုချမ်း
ကွန်ပျူတာဆေးရုံတင်ထားတယ်ဆိုတဲ့ ကိုကြယ်(လင်းကြယ်ဖြူ)
ကိုယုယ
မတက်ဂ်စဖူး တက်ရမယ့်ဘလော့ဂါက ကိုဖိုးစိန်
ဒေါက်တာလေး သက်တန့်ချို
ကော့သောင်းသားလေး
ဘလော့ဂါမဟုတ်တဲ့ အကိုတော် ဘရိုင်ရန်ဘုန်းနိုင် (သူက ဒီကိစ္စကို အသည်းအသန် စိတ်ဝင်စားနေတာ)
အဲတော့ ( ၂၆) ယောက်တိတိ အချိန်ရမယ်ဆိုရင် ချစ်တယ် ခင်တယ်ဆိုရင် ရေးပေးစေချင်ပါသေးတယ်...
Monday, October 26, 2009 | Labels: Tag Post | 20 Comments
အခန်းဖော်
သူမ အိပ်မယ့် ကုတင်လေးကိုလဲ အလှပဆုံး ပြင်ဆင်လို့ အိမ်ရှင်ပီသစွာ စီနီယာ ပီသစွာ ရှားရှားပါးပါးတွေ့ရခဲတဲ့ မြန်မာမလေးကို မျှော်လို့လဲ မမောနိုင်ခဲ့ပါ… တကယ်ဆို ဒီမြို့လေးမှာ မြန်မာစကားပြောတဲ့ မြန်မာဆိုတာ ကိုယ်တစ်ယောက်တည်းရှိနေခဲ့တယ်ဆိုတာ မြန်မာသံရုံးကနေ တဆင့် သိခွင့်ရထားခဲ့တာမို့ မျက်စေ့လည်လမ်းမှားပြီးရောက်လာတဲ့ မြန်မာမိန်းကလေးကို လည်ပင်းညောင်ရေအိုးဖြစ်လောက်အောင် မျှော်နေခဲ့တာ ကိုယ့်အမှားမဟုတ်ခဲ့ပါ။
အဝေးရောက်နေတဲ့ မြန်မာတစ်ယောက်အတွက်တော့ တမိုးတည်းအောက်မှာ မြန်မာ တစ်ယောက်နဲ့အတူနေခွင့် အတူစားခွင့်ရမယ့် အခွင့်အရေးလေးဟာ ဒီလိုအချိန် ဒီလိုနေရာလေးမှာတော့ ဘုရားပေးတဲ့ အခွင့်အရေးလေးပဲဖြစ်လို့နေပါတယ်… ကိုယ့်လို အဖော်မင်တတ်တဲ့သူ တွယ်တာတတ်သူအတွက်တော့ နတ်သိကြားတွေက ပို့လိုက်သလားထင်မှတ်ရအောင် ရခဲတဲ့ အခွင့်အရေးလေးဖြစ်တာမို့ ပါးစပ်မစေ့ပဲ အပျော်တွေ အပြုံးတွေ ဝေနေခဲ့တာ အခန်းဖော်မရောက်လာခင် တစ်ပတ်ခန့်အလိုကတည်းက….
တကယ်တမ်း သူမရောက်လာတဲ့အချိန်မှာတော့ ကိုယ်မျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ မဟုတ်ခဲ့ပါ။ ကိုယ်တွေးပြီး ပျော်နေခဲ့သလိုလဲ မပျော်လိုက်ရပါ….ကိုယ် အမျှော်ကြီးမျှော်နေခဲ့ရတဲ့ အခန်းဖော်ဟာ ကိုယ်ပုံဖော်တွေးထားတဲ့ နူးညံ့သိမ်မွေ့တဲ့ ကဗျာဆန်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ပါ။
အခန်းဖော်လေးအခန်းထဲကို ဝင်လာချိန်မှာတော့ ကျောပိုးအိတ်ခပ်သေးသေးတစ်လုံးသာ သူမကျောထက်မှာ တွဲလောင်းခိုလို့ပါလာခဲ့ပါသည်။ သူမရဲ့ ခရီးဆောင်အိတ်ကြီးကတော့ လေဆိပ်မှာ ပျောက်ဆုံးခဲ့တယ်ဆိုတာကို သူမမပြောမီကတည်းက ကိုယ်ရိပ်မိခဲ့ပါသည်။သူမ အနေအထိုင် ခက်မှာစိုးတာမို့ အိမ်ရှင်ပီပီ လှိုက်လှိုက်လှဲလှဲ ပြုံးပြပြီး ကြိုဆိုခဲ့ပေမယ့် အသက်မပါတဲ့ အေးစက်စက် အပြုံးတစ်ခုသာ သူမထံမှ ရရှိခဲ့ပါသည်။
ပါလာတဲ့ ကျောပိုးအိတ်ကို ခုတင်ခြေရင်းမှာ ပစ်တင်လို့ ကိုယ်လက်သန့်စင်ခြင်းမရှိပဲ အိပ်ယာပေါ်ပစ်လှဲလိုက်တဲ့ အခန်းဖော်ရဲ့ အပြုအမူကြောင့် ကိုယ်မင်သက်မိနေဆဲမှာပဲ စီးလာတဲ့ ရှုးဖိနပ်အပါးလေးကိုမှ မချွတ်နိုင်ပဲ အခန်းဖော်တစ်ယောက် အိပ်ပျော်သွားခဲ့ပါသည်။ ဧည့်သည်ကို ကြိုဆိုဖို့အရေး ကျောင်းတောင်မတက်နိုင်ပဲ ဝီရိယပိုမိတဲ့ကိုယ် နောင်တများစွာနဲ့အတူ စိတ်မကောင်းဖြစ်ရုံမှလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
မထင်မှတ်ထားတဲ့ စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားသော အခန်းဖော်လေးကို ငေးမောမိရင်း အတွေးပေါင်းများစွာ မေးခွန်းပေါင်းများစွာနဲ့အတူ အခန်းဖော်ရောက်လာတဲ့ ပထမဆုံးနေ့လေးမှာပဲ ကိုယ့်ရဲ့အခန်းလေးဟာ ခြောက်ကပ်တိတ်ဆိတ်စွာ ငြိမ်သက်နေခဲ့ပါသည်။
အိမ်ရှင်ပီသစွာ မြန်မာပီသစွာ သူမလေးနိုးလာချိန်မှာ လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားများနှင့်အတူ မျက်နှာသုတ်ပုဝါလေးကိုပါ သူမရဲ့ကုတင်ဘေးမှ စားပွဲပုပုလေးပေါ်တင်ပေးထားခဲ့ပြီး ထုံးစံအတိုင်း စာအုပ်တစ်အုပ်ကိုဖတ်ရင်း ကိုယ်ရဲ့ တနေ့တာကို ကုန်ဆုံးစေလိုက်ပါသည်။
သူမတရေးနိုးလာချိန်မှာတော့ စာကြည့်စားပွဲမှာ ကွန်ပြူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသော ကိုယ့်ကိုမသိမသာ ငဲ့စောင်းကြည့်ရင်း အသင့်ပြင်ပေးထားတဲ့ မျက်နှာသုတ်ပုဝါကိုယူလို့ ရေချိုးခန်းထဲကို ဝင်သွားခဲ့ပါသည်။ ပါကင်မပျက် အသစ်စက်စက် ဝယ်ထားခဲ့တဲ့ သွားတိုက်တံနဲ့ သွားတိုက်ဆေးဘူးတစ်ဘူး ရေချိုးခန်းထဲက မှန်တင်ခုံလေးပေါ်မှာ ရှိနေသလို အဆင်သင့် ယူသုံးမယ်ဆိုတာကိုလဲ ပြောစရာမလိုပဲ သေသေချာချာ သိနေတာမို့ အခန်းဖော်ကို အသိမပေးပဲ ကိုယ်နူတ်ဆိတ်နေလိုက်ပါသည်။
ဧည့်သည်တစ်ယောက်လို ရောက်လာတဲ့ မကြာမီအိမ်ရှင်ဖြစ်လာမယ့် အခန်းဖော်အတွက် ကိုယ့်ဘက်က တာဝန်ကျေချင်ပါသည်။
နာရီဝက်ကျော်ကျော်ကြာမှ ရေချိုးခန်းတံခါးဖွင့်သံနဲ့အတူ သူမအခန်းထဲ ပြန်ဝင်လာခဲ့သလို အေးအေးဆေးဆေး လွတ်လပ်စွာ အဝတ်အစားလဲနေခဲ့ပါသည်။ အဝတ်လဲပြီးပြီးချင်းမှာပဲ သူမရဲ့ကျောပိုးအိတ်သေးသေးလေးထဲက ကွတ်ကီးထုပ်လေးထုတ်ယူပြီး ကုတင်ပေါ်မှာပဲ အသံထွက်အောင် ဝါးစားနေပြန်ပါသည်။ မုန့်စားပြီးချိန်အထိ သူမထံမှ စကားတစ်ခွန်းမှ မကြားခဲ့ရပါ။
ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး အားမနာတတ်စွာ အလိုက်မသိစွာ နေတတ်လွန်းတဲ့ အခန်းဖော်ကိုကြည့်ရင်း အံ့သြခြင်း မယုံနိုင်ခြင်းများစွာဖြင့် သူမကို နားလည်နိုင်ဖို့ကြိုးစားမိပေမယ့် ပထမဆုံးနေ့မှာပဲ ရှုံးနိမ့်ခဲ့ပါသည်။
အသွင်မတူတဲ့ မိန်းကလေးနှစ်ယောက် တမိုးတည်းအောက်မှာ ရေရှည်နေနိုင်ရေးမှာတော့ နားလည်မှုဆိုတဲ့ ကြိုးတစ်ချောင်းသာ လိုအပ်တာမို့ အပြန်အလှန်နားလည်မှုတွေအတွက် အများဆုံး နားလည်သည်းခံပေးခဲ့ရသူက ကိုယ်တစ်ယောက်တည်း ဖြစ်ခဲ့ပါသည်။
အလိုက်မသိခြင်း တကိုယ်ကောင်းဆန်ခြင်း ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် မနေတတ်ခြင်း လူ့ကျင့်ဝတ်တွေကို နားမလည်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်တွေအားလုံးကို ကိုယ့်ရဲ့အခန်းဖော်က တစ်ဦးတည်းမူပိုင် ကန်ထရိုက်ဆွဲထားခဲ့ပါသည်။
နေ့ညမရွေး ကိုယ်အိပ်နေချိန်တွေမှာ အာခေါင်ခြစ်ပြီး သီချင်းတွေ အော်ဆိုတတ်သလို ဖုန်းပြောချိန်တွေမှာလဲ အသံကိုမြှင့်ပြီး ကျယ်ကျယ်လောင်လောင် ပြောတတ်ပါသေးသည်။ ရေချိုးခန်းတံခါးကို အသံမြည်အောင် ဖွင့်တတ်ပိတ်တတ်သလို အခန်းထဲမှာရှိရှိသမျှသော ပရိဘောဂများကိုလဲ အသံအစုံမြည်အောင် ကိုင်တွယ် အသုံးပြုတတ်ပါသေးသည်။
တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ အခန်းဖော်ဟာ စကားနည်းသလို အပြုံးအရယ်လဲ နည်းလှပါသည်။ တော်ရုံတန်ရုံ ကိစ္စမရှိရင်လဲ စကားမပြောတတ် သီးသီးသန့်သန့်နေတတ်သူ ဒါပေမယ့် သူမက ဘယ်သူ့ကိုမှ အားမနာတတ်သူတစ်ယောက်။ တသီးတခြား ဟန်တခွဲသားနေတတ်သော်လည်း တခါတရံ ကိုယ့်အသုံးအဆောင်ပစ္စည်းများကို ယူသုံးတတ်သလို မတော်တဆ ပျက်စီးပျောက်ဆုံးခဲ့ရင်တော့ သူမနူတ်ခမ်းဖျားလေးက Thank you နဲ့ sorry ဆိုတဲ့စကားလေးတွေကို ရံဖန်ရံခါမှာ ကြားရတတ်ပါသည်။
သူမကို နားမလည်နိုင်ခဲ့ပေမယ့် သူမနူတ်ဖျားက ထွက်လာတတ်တဲ့ အင်္ဂလိပ်စကားလုံးလေးတွေကိုတော့ ကိုယ်အရူးအမူးနှစ်သက်မိပါသည်။သူမရဲ့ဘာသာစကားကျွမ်းကျင်မှု အသံနေအသံထား လေယူလေသိမ်း စကားလုံးအသုံးအနှုန်းမှာတော့ မြန်မာတစ်ယောက်နဲ့ လုံးဝမတူပဲ တကယ့် အင်္ဂလိပ်စစ်စစ်တစ်ယောက်လို ပီသ ကြည်မြလွန်းပါသည်။ သူမတစ်ယောက်ယောက်နဲ့ ဖုန်းပြောနေချိန်တွေမှာ သူမရဲ့အသံလေးကို တိတ်တဆိတ်နားထောင်ရင်း အားကျမိတာကလွဲလို့ သူမရဲ့ အနေအထိုင် အပြောအဆိုတွေကိုတော့ ကိုယ်အထင်မကြီးနိုင်ခဲ့ပါ။
ကိုယ့်အခန်းကိုရောက်ပြီး နှစ်ပတ်လောက်အကြာ ညတစ်ညမှာတော့ အလှပဆုံး ဝတ်စားပြင်ဆင်လို့ သူမ အပြင်ထွက်သွားခဲ့ပါသည်။ ပထမဆုံးအကြိမ် သူမရဲ့ဝတ်ပုံစားပုံကို အံ့သြမိခဲ့သလို သူမအတွက်လဲ စိုးရိမ်စိတ်ဝင်လာခဲ့ပါသည်။ ပေါ်လုပေါ်ခင် ပေါင်တဝက်သာသာ စကပ်တိုတိုလေးနဲ့ လည်ပင်းဟိုက်ဟိုက် ပျော့ပျော့ရွဲရွဲ ချက်မပေါ်တပေါ် အကျီလေးကို ဝတ်ထားခဲ့ပါသည်။ ကိုယ်မနှစ်သက်တဲ့ နီညိုရောင် နှုတ်ခမ်းနီကိုလဲ ထင်ထင်ရှားရှားဆိုးထားသလို သူမမျက်နှာဝင်းဝင်းလေးပေါ်မှာလဲ တလက်လက် တောက်ပနေတဲ့ အိုင်းရှဲဒိုးများက အရောင်စုံ ၊ သူမစီးထားတာကလဲ နှစ်လက်မသာသာမြင့်တဲ့ အနက်ရောင် ကြိုးသိုင်း ဒေါက်ဖိနပ်လှလှလေး။
သူတပါးတိုင်းပြည်ရောက်ပြီး နှစ်ပတ်မပြည့်တပြည့်အချိန်မှာ သူမနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ အတန်းဖော်တစ်ချို့နဲ့အတူ နိုက်ကလပ်မှာသွားကရဲတဲ့ သတ္တိကို သူမဘယ်အချိန်ကတည်းက ရခဲ့တာလဲလို့ မဆီမဆိုင်တွေးရင်း အဲဒီညက အခန်းဖော်ပြန်လာမယ့်အချိန်ကိုနားစွင့်ရင်း မိုးမလင်းတလင်းမှာတော့ ကိုယ်အိပ်ပျော်သွားခဲ့ပါသည်။
တခန်းတည်းအတူနေပေမယ့် နှစ်ယောက်တည်းတွေ့ချိန်က နည်းပါးခဲ့သလို တွေ့ချိန်မှာလဲ စကားစမြည်ပြောဖို့ ဘယ်သူကမှမကြိုးစားခဲ့တာမို့ ကိုယ်တို့နှစ်ယောက်ဆက်ဆံရေးက မေးထူးခေါ်ပြော အဆင့်ထက် မပိုခဲ့ပါ။ အခြားအခန်းဖော်တွေလိုလဲ ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ပါ။
တစ်ခါက အိမ်နဲ့ မနီးမဝေးက စူပါမားကတ်မှာ ကိုယ်ဈေးဝယ်နေစဉ်မှာ မထင်မှတ်ပဲ အခန်းဖော်ရောက်လာတာမို့ သူမနဲ့အတူဈေးဝယ်ဖြစ်ခဲ့ပါသည်။ ကိုယ်တို့နှစ်ယောက် အိမ်ပြန်လာချိန်မှာတော့ သူမရဲ့မိတ်ဆွေတစ်ယောက်နဲ့ လမ်းမှာတွေ့တာမို့ ကိုယ့်ကို အရေးတယူ မိတ်ဆက်ပေးတဲ့ အဖြစ်ကလေးက ကိုယ့်အတွက် တသက်မမေ့စရာ အတွေ့အကြုံလေးတစ်ခု ဖြစ်ခဲ့ဖူးပါသည်။
“ကိုယ့်ရဲ့အခန်းဖော်လေ” လို့ဟန်ဆောင်အပြုံးလေးနဲ့ မိတ်ဆက်ပေးနေခဲ့တဲ့ သူမရဲ့ ဟန်ပန်က ကိုယ့်မျက်လုံးထဲက မထွက်နိုင်အောင်ပဲ ကိုယ့်ကိုယ်နှိပ်စက်ခဲ့ဖူးပါသည်။ သူငယ်ချင်းဆိုတဲ့ အသုံးအနှုန်းလေးကိုတောင်မှ အားနာပါးနာ မသုံးခဲ့ပဲ ကိုယ့်ကို “အခန်းဖော်” အဆင့်မှာပဲ နေရာပေးခဲ့တဲ့သူမကို စိတ်မဆိုးမိပေမယ့် အခန်းဖော်ဆိုတဲ့ အသုံးအနှုန်းတစ်ခုအတွက်တော့ ရင်ထဲမှတော့ နာကျင်နေခဲ့မိပါသည်။
ကိုယ့်အရေးကလွဲလို့ သူတပါးအကြောင်းအရာတွေကို စိတ်မဝင်စားတတ်တဲ့ကိုယ်က သူမကိုတော့ စိတ်ဝင်တစားနဲ့ လေ့လာဖို့ ကြိုးစားခဲ့ဖူးပါသည်။ အထူးသဖြင့် သူမရဲ့ ပင်ကိုယ်စရိုက် အခြားသော မြန်မာမိန်းကလေးတွေနဲ့ မတူပဲ သိသိသာသာ ကွဲပြားနေတဲ့ အချက်တွေကို ပိုလို့ စိတ်ဝင်စားခဲ့မိပါသည်။
သူမရဲ့ အနေအထိုင်အပြုအမူတွေမှာ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အပြုအမူ အကျင့်စရိုက်တွေကို မတွေ့ရတာကလဲ ကိုယ့်အတွက် ထူးဆန်းနေခဲ့ပါသည်။ ဒါဆို သူမရဲ့ သူမမွေးဖွား ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကြောင့်များလားဆိုတဲ့ အတွေးတွေဝင်လာခဲ့တာမို့ သူမဘက်က တဖက်သတ်ပိတ်ထားခဲ့တဲ့ တံခါးတစ်ချပ်ကို ဆွဲဖွင့်ကြည့်ဖို့ ကိုယ့်ဘက်က စတင်ပြီးကြိုးစားခဲ့ပါသည်။
ကိုယ်နဲ့ မရင်းနှီးတဲ့ စာအုပ်တအုပ်ကို အကြိမ်ကြိမ် အခါခါ ဖတ်ပြီး နားလည်လာအောင်ကြိုးစားခဲ့ရသလို သူမကို နားလည်ဖို့ အရေးမှာလဲ ကိုယ့်ဘက်က တော်တော်လေး အချိန်ယူခဲ့ရပါသည်။
သူမဆီမှာ ရှိနေတဲ့ ကိုယ်မုန်းတီးခဲ့မိတဲ့ အကျင့်ဆိုးစရိုက်ဆိုးတွေကို လက်ခံကြည်ဖြူပေးဖို့ မဟုတ်ပေမယ့် စိတ်ရှည်လက်ရှည်နဲ့ နားလည်ပေးဖို့ ကြိုးစားရုံနဲ့တင် တော်တော်ခက်ခဲ ပင်ပန်းနေခဲ့ပါသည်။
ကျောင်းပိတ်ရက် အလုပ်လဲမသွားရသောညတွေမှာ ကိုယ့်ရဲ့အခန်းဖော်က သူ့မိတ်ဆွေတွေနဲ့ အတူ နိုက်ကလပ်သွားလေ့ရှိပါသည်။ သူမ မရှိတဲ့ ညတွေမှာ သူမပြန်လာမယ့်အချိန်ကို စောင့်ရင်း မိုးလင်းခဲ့တဲ့ညတွေကို သူမ မသိခဲ့ပါ။
ကျောင်းပိတ်ရက် ရှားရှားပါးပါး အပြင်မသွားတဲ့ညတွေမှာတော့ ကိုယ့်ရဲ့အခန်းဖ်ာက တစ်ကိုယ်တော် အရက်ဝိုင်းလေးဖန်တီးလေ့ရှိပါသည်။ တခါတရံမှာတော့ သူမရဲ့စာကြည့်စားပွဲပေါ်မှာ ဘီယာဘူးခွံတွေအပြင် ဝိုင်ပုလင်းအချို့ကိုလဲ တွေ့ရတတ်ပါသည်။
တစ်ကိုယ်တော် အရက်ဝိုင်းကျင်းပတဲ့ညတွေမှာတော့ အခန်းလေးထဲမှာ ပြန့်လွင့်နေတဲ့ အရက်နံ့ ဘီယာနံ့တွေက ကိုယ့်ကိုနှိပ်စက်ခဲ့ပေမယ့် ကိုယ်အိပ်တဲ့ ခေါင်းအုံးတွေ အိပ်ယာခင်းတွေကို ကိုယ်နှစ်သက်တဲ့ ရေမွေးတွေဖြန်းလို့ သူမကို စိတ်အနှောင့်အယှက်မပေးမိအောင် သတိထားရင်း အိပ်ပျော်အောင် ကြိုးစားခဲ့ဖူးပါသည်။
ကိုယ်အရက်သောက်လေ့မရှိပေမယ့် သူမသောက်နေတဲ့အပေါ်မှာ အပြည့်အဝနားလည်ပေးထားခြင်းဖြင့် သူမကို နားလည်အောင်ကြိုးစားခဲ့သလို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှ ဆိုတဲ့ အသိကြောင့်လဲ မိဝေးဖဝေးမှာ လူအများနဲ့ နေတတ်ဖို့လဲ အကျင့်မွေးယူခဲ့ရပြန်ပါသည်။
သူမနဲ့ စကားအများဆုံး ပြောဖြစ်ခဲ့တဲ့ ညတစ်ညက ကိုယ်တို့ကြားမှာ အမှတ်တရ ဖြစ်နေဆဲ။ ကျောင်းပိတ်ရက်ဖြစ်သလို နှစ်ယောက်စလုံး အချိန်ပိုင်းအလုပ်တွေ မသွားဖြစ်တဲ့ညတစ်ညမှာ အပြင်က ပြန်လာတဲ့ အခန်းဖော်က သူမဝယ်လာတဲ့ ဘီယာဗူးအချို့နဲ့ အာလူးကြော်ဗူးအချို့ကို စားပွဲပေါ်တင်ပြီး အိပ်ခန်းနဲ့ တဆက်တည်းတွဲထားတဲ့ မီးဖိုထဲကို ဝင်သွားခဲ့ပါသည်။
မီးဖိုခန်းလေးထဲမှာ သူမ အလုပ်တွေရှုပ်နေချိန် ကိုယ်ကိုယ်တိုင်လဲ ဖတ်လက်စ စာအုပ်တွေကို ဖတ်ရင်းငြီးငွေ့လာတာမို့ ကြက်အူချောင်းကြော်နေတဲ့ သူမအနားကို မယောင်မလည်သွားစပ်စုရင်း နောက်ဆုံးမှာတော့ သူမရဲ့ အရက်ဝိုင်းထဲကို အလိုလို ရောက်သွားခဲ့ပါသည်။
သူမရောက်လာပြီး ခြောက်လနီးပါးကြာမှ ပထမဆုံးအကြိမ် အဖြစ် ရင်းရင်းနှီးနှီးစကားတွေ ပြောဖြစ်ခဲ့ပါသည်။ ဘီယာတွေ တစ်ဗူးပြီတစ်ဗူးသောက်နေရင်း အမျှင်မပြတ်အောင် စကားတွေမြိန်ရေရှက်ရည် ပြောလာတဲ့သူမကို အမြည်းတွေ ကောက်စားနေတဲ့ကိုယ်က ကိုယ်သိချင်နေတဲ့ မေးခွန်းများကို မသိမသာ မေးခဲ့ပါသည်။
မေးခွန်းတစ်ခုမေးမိတိုင်း လဲသူမဆီက လိုအပ်တဲ့ အဖြေထက် ပိုမိုပြည့်စုံတဲ့ အဖြေများ ကိုရရှိခဲ့ပါသည်။ ဘဝတစ်ခုကို လေ့လာခြင်းဆိုတဲ့ ခေါင်းစဉ်ကြီးကြီးကျယ်ကျယ်တပ်လို့ ကိုယ်သိချင်တဲ့ သူမရဲ့ ဘဝ တစိတ်တဒေသကို သိခွင့်ရပီးနောက်မှာတော့ ကိုယ့်ရင်ထဲက အစိုင်အခဲအချို့လဲ အရည်ပျော်သွားခဲ့ပါသည်။
ဆက်ရန်…..
Saturday, October 24, 2009 | Labels: ဝတ္တုရှည် | 12 Comments
Documents for Embassy
My Blog List
-
အိမ်ပေါ်ထပ်က ရဲအရာရှိ28 minutes ago
-
မနှင်းတို့ရွာ (၁)1 hour ago
-
ပွဲဈေးတန်း1 hour ago
-
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၄)10 hours ago
-
" ကိုလိုနီ နှလုံးသား "11 hours ago
-
Believe18 hours ago
-
ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၄ )20 hours ago
-
ကိုယ်ထင်ပြသွားတဲ့ အိန်ဂျယ်လ်20 hours ago
-
kp3နည်းပညာ၊၁ဝ၃၊21 hours ago
-
ဒြပ်တစ်ခု၏ပုံရိပ် ( အပိုင်း ၅)21 hours ago
-
လွမ်းချင်း1 day ago
-
ဖြစ်ရလေတယ် ဘုန်းဘုန်းရယ် ။1 day ago
-
-
-
-
အိပ်မက်2 days ago
-
ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၂)2 days ago
-
-
အက်စ်တိုးရီးယား (၅)2 days ago
-
-
မွေးနေ့ရှင်အတွေး2 days ago
-
-
-
ရင်မှာ..ဆောင်း.....3 days ago
-
-
Blogcation Declared.... :)3 days ago
-
တချိန်က4 days ago
-
-
အသုံးချခံ4 days ago
-
စာမျက်နှာ (၂၂)5 days ago
-
အကြောင်းကြားခြင်း5 days ago
-
ခေါင်းထဲကမြွေ5 days ago
-
ဟိုရောက်ဒီရောက်နဲ့ ဒီတပတ်5 days ago
-
ကမ္ဘာပျက်ခြင်း1 week ago
-
ငယ်ဖော်ကွင်း1 week ago
-
အစ်မ အိန်ဂျယ်အတွက်..1 week ago
-
-
ဘွိုင်းပါး ကလုံးအွယ်သု့ ( ၂ )2 weeks ago
-
တစ်နှစ်တစ်ခါရောက်လို့လာပြန်2 weeks ago
-
လောကကြီးရပ်တန့်တော့မလား2 weeks ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 weeks ago
-
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်3း weeks ago
-
ဘာတွေဖြစ်အုံးမလဲ..3 weeks ago
-
ကမ္ဘာပျက်မယ် ဆိုရင်ပေါ့.3 weeks ago
-
ရကောက်ရေ ရ ...........4 weeks ago
-
ကိုယ်ယုံကြည်ရာ...4 weeks ago
-
သွားအုန်းမယ်ဗျ2 months ago
-
ကွဲကြေ အိပ်မက်2 months ago
-
လောဘစိတ်ကလေး ၃၆၀...2 months ago
-
"၀ံပုလွေ ပုံပြင်"2 months ago
-
born of a terrorist3 months ago
-
***ဆုံနိုင်ခွင့်လေး၇ပါစေ***3 months ago
-
-
-
Hong Kong mourns Tiananmen Martyrs5 months ago
-
ဖြတ်သွားဖြတ်လာ သတိထားမိတယ်10 months ago
-
ကံမော်ကျွန်းနှင့် ၄င်း၏ ကျေးရွာများ1 year ago
