မြို့ဟောင်းလေးကိုရောက်တိုင်း ဧရာဝတီမြစ်ကမ်းဘေးက ဘူးဘုရားကို ရောက်တိုင်း ရင်ထဲက အလွမ်းစိတ်တွေနဲ့ အတူ အမှတ်ရစရာ ကောင်မလေးရဲ့ ပုံရိပ်တချို့...
မြန်မာ မှန်ရင်ပုဂံကိုရောက်ဖူးရမယ်ဆိုတာ ဘယ်သူကပြောခဲ့သလဲ ဆိုတာသေသေချာချာမသိပေမယ့် ပုဂံအကြောင်းမလေ့လာပဲ ပုဂံကိုရောက်ခဲ့ရင်တော့ မြန်မာသိက္ခာ နည်းနည်းပွန်းပဲ့နိုင်တယ် ဆိုတာကိုတော့ ကိုယ်တိုင်ခံစားဖူးတဲ့ ကိုယ်က ကောင်မလေးရဲ့ကောင်းမှုနဲ့ သိတတ်နားလည်ခဲ့ပြီးပြီ။
ပြီးတော့ ပုဂံမြို့လေးကိုလာဖို့ ရင်းနှီးခဲ့တဲ့ အချိန်တွေ ငွေတွေ အတွက် တန်အောင်တော့ တတ်နိုင်သလောက် ပြန်ယူသွားသင့်တယ်ဆိုတာတွေ ကောင်မလေးက ကောင်းကောင်းသင်ပေးခဲ့ပါသည်။
ဒီကောင်မလေးနဲ့ စပြီးသိခဲ့ရတာကလဲ နည်းနည်းဆန်းကြယ်ပါသည်။ သူရူပဗေဒ ဘာသာတွဲ ဂုဏ်ထူးတန်းတက်နေတဲ့ အချိန်မှာ သူငယ်ချင်းတစ်ယောက်က အကူအညီတောင်းလာပါသည်။ ပထမနှစ် ဆေးကျောင်းသူကို မြန်မာစာသင်ပေးဖို့ ဆရာတစ်ယောက် ရှာနေပါတယ်တဲ့။ သင်ပေးမယ့် သူကလဲ အင်္ဂလိပ်စာ နည်းနည်းကျွမ်းကျင်ရမယ်ဆိုပဲ။ ထူးထူးဆန်းဆန်း သတင်းကြီးမဟုတ်ပေမယ့် ဆေးကျောင်းသူ တစ်ယောက်က မြန်မာစာအခက်အခဲ ရှိနေတာတော့ နည်းနည်းရယ်စရာဖြစ်နေခဲ့ပါသည်။
တကယ်တန်း ဒီကောင်မလေးကို သူတွေ့ရချိန်မှာတော့ သိပ်မအံ့သြတော့ပါ။ မြန်မာစကားတခွန်းပြောဖို့ တော်တော် စဉ်းစားပြီးမှ ပြောနေရတဲ့ ကောင်မလေး အဖြစ်က ရီစရာလဲ ကောင်းသလို သနားစရာလဲ ကောင်းနေပါသည်။ သူနဲ့စကားစပြောမိတဲ့ အချိန်မှာတော့ အင်္ဂလိပ်လို ပြောလိုက် ကြိုးစားပြီး မြန်မာလိုပြောကြည့်လိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတာမို့ သူ့ကို မြန်မာစကား ကောင်းကောင်းသင်ပေးဖို့ လိုနေပြီဆိုတာကို ကိုယ်သိလိုက်ပါတယ်။
ခင်ယွန်းစံ ဆိုတဲ့မြန်မာ နာမည်နဲ့ လားလားမှ မအပ်စပ်လှစွာ မြန်မာမဆန်လွန်းလှသော မြန်မာမလေးတစ်ယောက်ပါ။
မွေးကတည်းက အနောက်နိုင်ငံမှာ မွေးလာသူလေး မိဘအရင်းက မြန်မာမို့လို့ မြန်မာဖြစ်နေသူလေး ကောင်မလေးဆီမှာ မြန်မာနဲ့တူတာဆိုလို့ ရှည်လျှားနက်မှောင်လှတဲ့ ပိုးသားဆံနွယ်ပျော့ပျော့လေးတွေပဲ ရှိနေပါသည်။ အခုလဲ ကျောင်းမှာလပတ်စာမေးပွဲမှာ မြန်မာစာကျမှ မြန်မာစာသင်ဖို့ ဆရာ အပြေးအလွှားရှာပြီး မြန်မာစာ ကျူရှင်ယူရတဲ့အထိ မြန်မာပီသသူလေးပါ။
ဆယ့်ခြောက်နှစ်ကျော် သူတပါးတိုင်းပြည်မှာ မိဘတွေနဲ့ နေထိုင်ကြီးပြင်းရင်း အထက်တန်းစာမေးပွဲ ကိုတော့ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ပါသည်။ ဒါပေမယ့် သူသင်ယူခဲ့တဲ့ မိခင်ဘာသာစကားက အင်္ဂလိပ်စာ ဖြစ်သလို ဒုတိယ ဘာသာစကားကလဲ ပြင်သစ်ဘာသာ ဖြစ်နေပါသည်။ မြန်မာစာ မြန်မာစကားကိုတော့ ထမင်းစားရေသောက် အဆင့်လောက်တောင် သူတို့မိသားစုတွေ မသုံးခဲ့ကြပါ။
သူ့ကိုခေါ်တော့ ဆရာတဲ့ ဒါပေမယ့် စကားပြောတော့ နင်နဲ့ ငါနဲ့ ပြောပါသည်။ ဒါကြောင့် ပထမဆုံး စာမသင်ခင်မှာ နင် ငါ ဆိုတဲ့ အသုံးအနှုန်းတွေ အကြောင်း စသင်ရပါသည်။ ကိုယ့်ကို ပြောတာ အကြောင်းမဟုတ်ပေမယ့် ကျောင်းမှာ ဆရာ ဆရာမတွေကို သွားပြောခဲ့ရင် လူကြီးတွေကို သွားပြောခဲ့ရင် ကောင်မလေး ငရဲကြီးနေမှာ စိုးပါသည်။ စာစသင်စမှာတော့ ပျော်စရာလဲ ကောင်းသလို ရယ်စရာလဲ ဖြစ်နေပြန်ပါသည်။ သူသိချင်တာကို သူက အင်္ဂလိပ်လိုမေးတတ်ပါသည်။ တခါတရံ ကိုယ်ကလဲ လိုအပ်ရင် အင်္ဂလိပ် လိုပြောပြီးရှင်းပြပါသည်။ သင်နေကြတာက မြန်မာစာ မြန်မာစကား။
ပြီးတော့ ကောင်မလေးက မြန်မာပြည်က လူနေမှုပတ်ဝန်းကျင်နဲ့ မရင်းနှီးလှသေးပါ။ ဒါ့ကြောင့်လဲ ကျောင်စတက်ပြီး နှစ်ပတ်မပြည့်ခင်မှာ သူ့အဖေကိုယ်တိုင် ပါမောက္ခ ရုံးခန်းကိုရောက်ခဲ့ ပြီးပါပြီ။ ပြဿနာက သူစာသင်ရတဲ့ စာသင်ခန်းက ကျဉ်းလွန်းတဲ့ အပြင်လေကောင်းလေသန့်မရလို့ပါတဲ့။ ပြီးတော့ ကျောင်းသားတွေ အများကြီးကို စာသင်ခန်းကျဉ်းကျဉ်းလေးတွေမှာ စုပြုံပြီး စာသင်စေတာ ကျန်းမာရေးနဲ့ မညီညွတ်ပါတဲ့။ ချာတိတ်မက ဒါတွေကို ထောက်ပြပြီး ပါမောက္ခရုံးကို တိုင်စာပို့ခဲ့ပါသည်။ သူမ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင် လူနေမှု စရိုက်တွေကို သူမ မမေ့သေးသလို သူမ လက်ရှိကျင်လည်နေရတဲ့ ပတ်ဝန်းကျင်ကလဲ သူမအတွက် နေသားတကျ အဆင်သင့် မဖြစ်သေးတာမို့ ကောင်မလေး ကျောင်းတက်ရတာ မပျော်နိုင်ပါ။
နောက်ပိုင်းမှာတော့ မြန်မာစာ မြန်မာစကား ကစလို့ မြန်မာ့လူမှုထုံးစံ အစဉ်အလာ လူနေမှုဘဝတွေကို ပါသင်ပေးခဲ့ရပါသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ ဒီကောင်မလေးကို မြင်ရင် ဘာပြောမလဲမသိပါ။ ပြီးတော့ ကောင်မလေးကို စာသင်ပေးတိုင်း မောင်သောင်းဖေကိုရဲ့ ကူလီဖြစ်ခဲ့တဲ့ ဆရာကြီး ဦးဖိုးကျားကို ပြေးမြင်မိပါသည်။ ကောင်မလေးကို မောင်သောင်းဖေ နေရာမှာထားကြည့်ပါသည်။ ဒါပေမယ့် ကောင်မလေးက မောင်သောင်းဖေနဲ့မတူပါ ပတ်ဝန်းကျင် အပြောင်းအလဲကြောင့် မိခင်ဘာသာစကားမှာ အားနည်းခဲ့ပေမယ့် ကောင်မလေးမှာ မျိုးချစ်စိတ်ရှိပါသည်။
မြန်မာပြည်ကို ဘယ်တိုင်းပြည်နဲ့မှ နှိုင်းယှဉ်ပြီး မပြောတတ်ပါ။ တိုးတက်မှု လွတ်လပ်မှုတွေကိုလဲ ကောင်မလေး စိတ်မဝင်စားပါ။ သူနေခဲ့တဲ့ တိုင်းပြည်ကြီးကိုလွမ်းကြောင်းလဲ မညည်းပြတတ်ပါ။
နောက်ပိုင်းမှာတော့ အမိမြေမှာနေရင် အမိဘာသာစကားကို ကောင်းကောင်းပြောတတ်မှဖြစ်မယ် အိမ်မှာရှိတဲ့ အမိ အဖ တွေကိုပါ မြန်မာစကားပြောဖို့ တိုက်တွန်းရမယ် ဆိုပြီး ခပ်တိုးတိုးရွတ်နေတတ်ပါသည်။
နောက်ပိုင်း နှစ်နှစ်လောက်ကြာတော့ ကောင်မလေးလဲ တော်တော်တိုးတက်လာပါသည်။ သူလဲ အလုပ်တွေများလာတာမို့ ကောင်မလေးကို စာဆက်မသင်ဖြစ်တော့ပါ။
လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ သူငယ်ချင်းတွေနဲ့ ပုဂံကိုသွားလည်တော့ ကောင်မလေးနဲ့ သူ့မိဘတွေကိုမမျှော်လင့်ပဲ ပုဂံမှာ ပြန်တွေ့ခဲ့ပါသည်။
ဘူးဘုရားမှာ ထိုင်ရင်း ဟိုဘက်ကမ်းကိုငေးနေတုန်းမှာ ကောင်မလေးကမေးခွန်းတစ်ခုကို ရုတ်တရက်မေးလာပါသည်။ ဒီဧရာဝတီမြစ်ကြီးကို အကျိုးရှိအောင် ဘယ်လိုအသုံးချနေကြသလဲတဲ့။ ကိုယ်သိထားတာက ဒီမြစ်ကြီးကို မှီခိုပြီး မြစ်ကမ်းအနီးအနားကရွာတွေက စိုက်ပျိုးရေးလုပ်ကြပါသည်။ ချိုးရေ သုံးရေ အတွက်သုံးကြပါသည်။ မြန်မာပြည်မှာ ဧရာဝတီ မြစ်ကြီးကိုမှီခိုနေကြတဲ့ ဘဝပေါင်းများစွာ ရှိနေပါသည်။ ဒီ့ထက်ပိုပြီးလဲ မသိခဲ့ပါ။ ကောင်မလေးဆိုလိုချင်တဲ့ အကျိုးရှိရှိ အသုံးချခြင်းကိုတော့ ကိုယ်မသိသလို လိုက်လို့လဲမမှီခဲ့ပါ။
သူတို့ပုဂံမှာ တွေ့တဲ့အချိန်က ဖေဖော်ဝါရီလ ဆောင်းမကုန်သေးပေမယ့် အညာနွေက နေ့လည်ပိုင်းမှာ သိသိသာသာ ပူလာပါသည်။ ရာသီဥတုတွေ အကြောင်းကို ဆက်ပြီး ပြောကြပါသည်။
ပုဂံဒေသက အရမ်းပူတဲ့အကြောင်း သူ့မေမေက ပြောလာတော့ သူမက သွက်သွက်လက်လက်နဲ့ ဝင်ပြောပါသည်။ ရှေးမြန်မာတွေ လက်ထက်ကတည်းက အပင်တွေမရှိတော့အောင် ခုတ်ပြီး အုတ်တွေဖုတ်ခဲ့ကြလို့ ခုလို သစ်တောပြုန်းတီးခဲ့တာတဲ့။ ဘုရားတွေ တည်ဖို့ အုတ်တွေဖုတ်ခဲ့ကြတာ တော့သေချာပါသည်။ သစ်တောတွေ ဘယ်လောက် ပြုန်းတီးသွားခဲ့သလဲ ဆိုတာတော့ သေသေချာချာ မသိခဲ့ပါ။
အပင်တွေ ခုတ်ပြီးကတည်းက တနည်းနည်းနဲ့ ပြန်စိုက်ဖြစ်ခဲ့ရင် ရာသီဥတုနဲ့ သစ်တောပြုန်းတီးမှုကိုတော့ အနည်းအကျဉ်း ထိမ်းသိမ်းနိုင်မှာပါလို့ ပြောလာတဲ့ ကောင်မလေးစကားကို ကိုယ်ခေါင်းမငြိမ့် မိပေမယ့် ခေါင်းလဲ မခါမိခဲ့ပါ။
ပြီးတော့ မင်းသားတစ်ပါးအကြောင်းကို ထပ်ပြီးဆွေးနွေးကြပါသည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး အကြောင်းပါ။ သူက နိုင်ငံခြားမှာ ပညာသင်ခဲ့သလို သူသင်ခဲ့ရတဲ့ ပညာတွေကိုလဲ ပြန်ပြီး အသုံးချဖို့ ကြိုးစားခဲ့သူပါ။ ရှေးမြန်မာတွေအနေနဲ့ အခုပုဂံမှာ တည်ထားတဲ့ ဘုရားအရေအတွက်တွေရဲ့ တဝက်လောက်ကို စက်ရုံတွေ ဆောက်ခဲ့မယ်ဆိုရင် မြန်မာပြည်ဟာ အာရှကျားဆိုတဲ့ ဂျပန်နိုင်ငံလောက်တော့ တိုးတက်နေလောက်ပြီဆိုပဲ။
ကောင်မလေးက ဘယ်လိုတွေးပြီး ဘယ်လိုတွေ ပြောနေလဲတော့ မသိပါ။သူ့တွက်ကိန်းနဲ့ သူကတော့ ဟုတ်နေပါသည်။ သူလဲသူ့တိုင်းပြည်ကို တိုးတက်စေချင်သူ ခေတ်ပညာတတ် လူငယ်ဆိုတော့လဲ ဝေဖန်ပိုင်းခြားချင်မှာပေါ့။ ကုန်းဘောင်ခေတ်တုန်းက ကနောင်မင်းသားကြီးတောင် မြန်မာပြည်မှာ စက်ရုံတွေ တည်ဆောက်ဖို့ ကြိုးစားခဲ့သေးတာပဲ။
ကောင်မလေးရဲ့ အတွေးအခေါ်တွေအတွက် ကိုယ်ကအားပေးထောက်ခံခြင်းမပြုခဲ့သလို တားမြစ်ပိတ်ပင်ခြင်းလဲ မလုပ်ခဲ့ပါဘူး။ ကိုယ်တိုင်ကတော့ မြန်မာပြည်မှာမွေးဖွား ကြီးလာတဲ့ မြန်မာပီပီ တွေဝေတတ်ပါတယ် တခါတရံ အတွေးတွေခေါင်တတ်ပါတယ်။ ကောင်မလေးတွေးသလို မြင်ကြည့်သလို တစ်ခါမှလဲ မမြင်ကြည့်ခဲ့ပါ။ အဲလိုတွေးမြင်ကြည့် ရုံနဲ့တင်ငရဲကြီးနေပြီလားလို့လဲ တွေးပြီးကြောက်နေပြန်ပါတယ်။
ဒါပေမယ့် ကိုယ့်လို မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်တဲ့ကောင်မလေးကတော့ ကိုယ့်လို မကြောက်တတ်တဲ့အပြင် ကိုယ့်ထက်စာရင် အများကြီး မြင်တတ်ကြည့်တတ် သလို သူ့မျက်ဝန်းတွေကလဲ ယုံကြည်မှု တက်ကြွမှုတွေနဲ့ အရောင်တွေ လက်နေတတ်ပါတယ်။
ညနေပိုင်းမှာ ပုဂံရဲ့ နေဝင်ချိန်ကိုစောင့်ကြည့်ဖို့ မြင်းလှည်းစီးပြီး သွားတော့ မြင်းတွေက သနားဖို့ကောင်းတယ် ဆိုတဲ့ ကောင်မလေးရဲ့ ညည်းသံလေးနဲ့အတူ မြင်းလှည်းကလဲ တုန့်ကနဲ ရပ်မလိုဖြစ်သွားပါတယ်။ မြင်းလှည်းမောင်းသူကတော့ မြင်းကိုအော်ဟစ်ငေါက်ငမ်းရင်း ကောင်မလေးကိုပါ မြင်းလှည်းစီးချင်ရင် မြင်းကို မသနားဖို့ ပြောပါတယ်။ ကောင်မလေးကလဲ မြင်းလှည်းကို ရပ်ပေးဖို့ပြောပြီး မြင်းလှည်းပေါ်ကနေ ပြန်ဆင်းပါတယ်။ နောက်ဆုံးတော့ မြင်းလှည်းကနေ စက်ဘီးပြောင်းစီးခဲ့ကြပါတယ်။ အဲဒီညနေမှာတော့ တိရိစ္ဆာန်တွေအကြောင်း တိရိစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေး အကြောင်းထပ်ဆွေးနွေးကြပြန်ပါတယ်။
မြန်မာကောင်မလေး တစ်ယောက်ကို မြန်မာစာတွေ သင်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်အနေနဲ့ ပုဂံဘုရားတွေ အကြောင်း ကျောက်စာတွေအကြောင်း ကြားဘူးနားဝလေးတောင် မရှင်းပြနိုင်ပေမယ့် ချာတိတ်မက ဘယ်ကရှာ တွေ့လာမှန်းမသိတဲ့ ပုဂံရာဇဝင် ပုဂံဘုရားတွေရဲ့ မှတ်တမ်း အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်ကလေးကိုဖတ်ပြီး ကိုယ့်ကိုဆရာပြန်လုပ်သွားပါတယ်။ ပုဂံလာမှာမို့လို့ စာအုပ်ကိုကြိုတင်ရှာလာခဲ့သလို ကြိုပြီးလဲ ဖတ်လာပုံရပါတယ်။ လေးစားစရာ အတုယူစရာ ခရီးသွားသူတစ်ယောက်ပါ။
ချာတိတ်မလေးက ပုဂံမြိုဟောင်းနဲ့ ပုဂံမြို့သစ်အကြောင်းမေးလာတော့ ကိုယ်ပေးနိုင်ခဲ့တဲ့ အဖြေက ခပ်ကြောင်ကြောင် အဖြေနှစ်ခုတည်းပါ။ ပုဂံမြို့ဟောင်းက ဟိုတယ်တွေက ပုဂံမြို့သစ်က ဟိုတယ်တွေထက် ဈေးကြီးတယ်ဆိုတာရယ် မြို့ဟောင်းမှာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ရုပ်ရှင် ကြော်ငြာတွေ ရိုက်လို့မရဘူးဆိုတာရယ်ပါ။ ကိုယ့်အဖြေအတွက် ကောင်မလေး စိတ်တိုင်းမကျတာတော့ သေချာပါသည်။
မြို့သစ်နဲ့ မြို့ဟောင်း ကွာခြားချက်တွေက သမိုင်းကို ကိုးကားပြီးပြောစရာတွေ တပုံတပင်ရှိနေပါသည်။ ကိုယ့်ရဲ့ ညံ့ဖျင်းမှုအတွက် အချိန်တွေကြာလာမှ ရှက်ရွံ့တတ်လာခဲ့ပေမယ့် ကောင်မလေး မေးခဲ့စဉ်အချိန်က ကိုယ်တော်တော်လေးကို ညံ့ဖျင်းနေခဲ့တာ ကိုဝန်ခံချင်ပါသည်။
ပုဂံက အပြန်လမ်းခွဲပြီးချိန်မှာတော့ ကောင်မလေးကို သိပ်မတွေ့ဖြစ်တော့ပါ။ ကောင်မလေးနဲ့ ပက်သက်တဲ့ သတင်းတွေလဲ ပျောက်နေခဲ့ပါသည်။ ကောင်မလေးကတော့ ကိုယ့်ရင်ထဲမှာ အချိန်တိုင်းရှိနေခဲ့ပါသည်။ မြန်မာသံ မပီ့တပီနဲ့ ပြောတတ်တဲ့ ကောင်မလေးရဲ့ အသံလေးကို ကြားယောင်နေမိပါသည်။
အဲဒီနောက်ပိုင်းမှာတော့ ပုဂံကိုသွားဖို့ကြုံလာတိုင်း သက်လုံကောင်းအောင်ပြင် ဆင်တတ်လာပါတယ်။ စာအုပ်တွေ ရှာပြီးဖတ်တတ်လာပါတယ်။ ကိုယ့်ကို မေးခွန်းတွေ မေးလာမယ့်သူဟာ မြန်မာတစ်ယောက်မဟုတ်ပဲ အခြားနိုင်ငံခြားသား တစ်ယောက်ဖြစ် နေခဲ့မယ်ဆိုရင် ခေတ်ပညာတတ် မြန်မာတစ်ယောက် အနေနဲ့ ကိုယ်သိက္ခာ ကျမခံနိုင်တော့ပါ။ အဲဒီအတွေးအမြင်တွေ အတွက်တော့ ကောင်မလေးကို ကျေးဇူးတင်မဆုံးပါ။
ကောင်မလေးနဲ့ အမှတ်တရ တွေ့ခဲ့ဘူးတဲ့ မြို့ဟောင်းလေးကို မရောက်တာကြာတိုင်း လွမ်းရသလို မြို့ဟောင်းကို ရောက်တိုင်းလဲ ကောင်မလေးကို လွမ်းရပါသည်။ ဒါပေမယ့် ကောင်မလေးရှေ့ကို ရောက်အောင်သွားဖို့ သူတွေဝေနေဆဲ အားငယ်နေဆဲ..
ကြောက်ရွံနေဆဲ...
သူ့ကောင်မလေးကတော့ တချိန်တုန်းက သူ့ကို စာသင်ပေးခဲ့ဖူးတဲ့ သတ္တိကြောင်လွန်းတဲ့ ခပ်တုံးတုံးမြန်မာ ကောင်လေးတစ်ယောက်အကြောင်း သိနိုင်မယ်မထင်ပါ။
1 comments:
ှနှင်းရေ..
ဝတ္တုတို သာပြော တယ်
ဖတ်လို့ အတော် ကောင်းသကွ...း)..
Post a Comment