Showing posts with label မြန်မာ့မှု မြန်မာစာ. Show all posts
Showing posts with label မြန်မာ့မှု မြန်မာစာ. Show all posts

ပတ္တမြားငမောက်


ပတ္တမြားငမောက်ရဲ့ သမိုင်းကြောင်းက အငြင်းပွားစရာ တချို့ရှိနေခဲ့တာမို့ သမိုင်းအထောက်အထား ခိုင်လုံစွာနဲ့ ကိုးကားပြောဆိုခဲ့ကြသလို အမျိုးမျိုး ဆန်းစစ်ဝေဖန်ခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေလဲ ရှိခဲ့ပါတယ်။

ပထမ အငြင်းပွားကြတာကတော့ ပတ္တမြားငမောက်ဟာ ညောင်ရမ်းမင်းဆက် ၅ဆက်မြောက်ဖြစ်တဲ့ ပြည်မင်း ( ၁၆၆၁-၇၂) လက်ထက် တုန်းက ချင်းတွင်းရွာသား ငမောက်က ဆက်သခဲ့တာမို့ ငမောက်ပတ္တမြားလို့ ထင်ရှားလာတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဆန်းစစ်ဝေဖန်သုံးသပ်ချက်တွေအရ ဒီပတ္တမြားဟာ ညောင်ရမ်းမင်းဆက်က မဖြစ်နိုင်ပါ ကုန်ဘောင်မင်းဆက် ဗဒုံမင်းလက်ထက်မှာ ဆက်သရရှိခဲ့တာလို့ အခိုင်အမာ ပြောဆိုအတည်ပြုကြပါတယ်။

ပတ္တမြားငမောက်ရဲ့ ပါးစပ်ရာဇဝင်ကိုတော့ ဒီလိုလေးတွေ့ရှိ မှတ်သားရပါတယ်။

အမည်မသိ မြန်မာ မင်းတပါးလက်ထက်က ကျောက်တလုံးရွာသား တစ်ယောက်က မိုင်းလုံသွားတဲ့ လမ်းမကြီးပေါ်မှာ ကြီးမားတဲ့ ပတ္တမြားကျောက်တုံးကြီးကို ကောက်တွေ့ခဲ့ပါတယ်။
အသိဥာဏ်ပညာ နည်းပါးတဲ့ ကျေးတောသားဖြစ်တာမို့ ကျောက်တုံးကြီးကို ခွဲလိုက်မိတာ သုံးပိုင်းတိတိ ကွဲသွားခဲ့ပါတယ်။

တစ်တုံးကိုတော့ ခိုးသူတွေက တွေ့သွားပါတယ်။ ဒုတိယ တစ်တုံးကတော့ ရတီရှစ်ဆယ်လောက်ရှိပါတယ် အဲဒီပတ္တမြားကိုတော့ ပလောင်အမျိုးသမီးတစ်ယောက်က ကောက်ရသွားပါတယ်။ တတိယ ပတ္တမြားကတော့ ကာလကတ္တားကို ရောက်သွားပါတယ်။

ပလောင်အမျိုးသမီး ရခဲ့တဲ့ ပတ္တမြားကတော့ အင်မတန် အရည်အသွေးကောင်းပါတယ်။ အရောင်အဝါ တောက်ပလွန်းတာမို့ ညအချိန်မှာတောင် ပတ္တမြားက ထွက်တဲ့ အလင်းရောင်နဲ့ ပလောင်အမျိုးသမီးဟာ ချည်ငင်ဗိုင်းငင် လုပ်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီအမျိုးသမီးက နားမလည်ပဲ ပတ္တမြားကြီးကို ငပိ ဆီ စတဲ့ စားကုန်တွေနဲ့ လဲလိုက်တာ ချင်းတွင်းက ကုန်သည်တစ်ယောက်ဆီကို ရောက်သွားပြန်ပါတယ်။

အဲဒီကုန်သည်ဆီကနေတဆင့် ပတ္တမြားကြီးဟာ ငမောက်ကြီးထံကို ရောက်ပြန်ပါတယ်။ ငမောက်ကြီးကတော့ ပတ္တမြားကြီးကို ဗဒုံမင်းထံ ဆက်သလိုက်ပါတယ်။ ငမောက်ကြီးလဲ မြို့စားအဖြစ် ချီးမြောက်ခံရပါတယ်။ ငမောက်ကြီးဆက်တဲ့ ပတ္တမြားဖြစ်လို့ ငမောက်ပတ္တမြားလို့ အမည်ပေးခဲ့ပါတယ်။

ဗဒုံမင်းကလဲ ငမောက်ပတ္တမြားကြီးရဲ့ သတင်းကို နောက်ကြောင်းပြန် စုံစမ်းပါတယ်။ ခြေရာ ထပ်ကောက်ပါတယ်။ ပလောင်အမျိုး သမီးနဲ့ သူမရဲ့ ရွာအကြောင်းကို သိရတော့ တစ်ရွာလုံးကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ အဲဒီရွာကလဲ အလောင်းစင်ဆိုပြီး နာမည်တွင် ကျန်ရစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ခိုးသူတို့ရသွားတဲ့ ပတ္တမြားကိုလဲ ပြန်ရခဲ့ပါတယ်။ အဲဒီပတ္တမြားကိုတော့ သူခိုးလက်ရ ပြန်ရတာမို့ စောရသူခိုးလို့ အမည်ပေးပါတယ်။ စောရသူခိုးကတော့ ငမောက်လောက် အရွယ်အစား ရှိတယ်လို့ ပြောကြပါတယ်။ အလေးချိန်ကိုတော့ တိတိကျကျ မတွေ့ရပါဘူး။

ကလကတ္တား ရောက်သွားတဲ့ ပတ္တမြားကိုလည်း နည်းမျိုးစုံနဲ့ စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ တတိယ ပတ္တမြားကို ခက်ခက်ခဲခဲ ပြန်လည်ရှာဖွေပြီး ပြန်ရတာမို့လဲ ကုလားပြန်လို့ ဘွဲ့နာမည် တပ်ခဲ့ပါတယ်။

နာမည်ကျော် ဒီငမောက် ပတ္တမြားကိုတော့ ဗဒုံမင်း လက်ထက်ကစလို့ နန်းစဉ်ရတနာ အဖြစ် ဆက်လက်ထိန်းသိမ်း လာခဲ့တာ သီပေါမင်း ပါတော်မူချိန်အထိ မပျောက်မပျက်ခဲ့ပါဘူး။

သီပေါမင်း ပါတော်မူပြီးတဲ့ နောက်မှာတော့ ပတ္တမြား ငမောက်ဟာ သီပေါမင်းလက်ထဲပဲ ပါသွားသယောင်ယောင် အင်္ဂလိပ်တွေကပဲ ယူသွားသယောင်ယောင်နဲ့ သူ့ရဲ့ သတင်းပါပျောက်ဆုံးသွားခဲ့ပါတယ်။

ပတ္တမြား ငမောက်နဲ့ အဖိုးတန်ရတနာတွေ အကြောင်း သိခဲ့သူတွေက လိုက်လံ စုံစမ်းရှာဖွေခဲ့ပါတယ်။
သီပေါမင်းပါတော်မူပြီး စစ်သိမ်းပစ္စည်းတွေ ထုခွဲရောင်းချတဲ့ စာရင်းထဲမှာလဲ ရှာလို့မတွေ့ခဲ့ပါဘူး။

အင်္ဂလိပ်တွေ ပေးလာတဲ့ စာရင်းအရ အင်္ဂလန်ကို တင်ပို့လိုက်တဲ့ ရတနာ ပစ္စည်းတွေ စာရင်းထဲမှာလဲ ငမောက်က ပျောက်နေပြန်ပါတယ်။

နန်းစဉ်ရတနာတွေရဲ့ အကြောင်းကို သိနေတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်ကြီး ကိုယ်တိုင် မြန်မာ့နန်းတွင်းကို ရောက်ခဲ့ဖူးသူ နှံစပ်ခဲ့ဖူးသူတွေ ဖြစ်တဲ့ ဆာအက်ရှလီဒီဒင်၊ ကာနယ်ယူးလ် စတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး တော့ ရတနာတွေရဲ့ သတင်းကို စုံစမ်းဆွေးနွေးခဲ့ပါသေးတယ်။

ဒါပေမယ့် သတင်း တိတိကျကျ မရခဲ့ပါဘူး။

သီပေါမင်း နဲ့ ကာနယ်စလေဒင် တို့ကြား ပျောက်နေတယ်လို့ ပဲ မှတ်ယူခဲ့ကြပါတယ်။

ပတ္တမြား ငမောက်ရှာပုံတော် ရဲ့ နောက်ဆက်တွဲ ကို နောက်ပို့စ်လေးမှာ ဆက်ဖတ်ပါ။


မြန်မာ့ နန်းစဉ်ပတ္တမြားကြီးများ

မြန်မာပြည်ဟာ အဖိုးတန် သယံဇာတတွေ တွင်းထွက်ကျောက်မျက်ရတနာတွေနဲ့
ပြည့်နှက်နေတဲ့ ရွှေနိုင်ငံလေးတစ်နိုင်ငံ အဖြစ် နှစ်ပေါင်းများစွာကတည်းက ရပ်တည်လာခဲ့သလို
ကမ္ဘာကျော်စေခဲ့တဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေ ကြောင့်လဲ ကမ္ဘာ့အလည်မှာ နာမည်ဂုဏ်သတင်း ကျော်စောခဲ့ပါတယ်။

ပြီးတော့ မြန်မာ့ နန်းတွင်းကျောက်မျက် ရတနာတွေဆိုတာကလဲ ကြားရုံကြားဖူးခဲ့ပြီး
မြင်တွေ့ခွင့် မရခဲ့ပေမယ့် လေးစားအားကျ ခဲ့ရတဲ့ သမိုင်းဝင်ရတနာတွေဖြစ်ခဲ့ပါတယ်။

ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားတွေကတော့

၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန်
ရတီကိုးဆယ်ကျော်ရှိတဲ့ ငမောက်ပတ္တမြားကြီး

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့
လှော်ကားတင်ကလေးလို့ခေါ်တဲ့ ပတ္တမြား

၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့
ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီးလို့ခေါ်တဲ့ ပတ္တမြား

၎။အလေးချိန် ဆယ်ရတီရှိ ဆင်မတောလို့်ခေါ်တဲ့ ပတ္တမြား

၅။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော်လို့ခေါ်တဲ့ ပတ္တမြား

တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ နောက်ဆုံးသိမ်းခဲ့တဲ့ အချိန်ကတည်းက နန်းစဉ်ပတ္တမြားကြီးတွေ ပျောက်ဆုံးခြင်းမလှ ပျောက်ခဲ့ပါတယ်။

စစ်ရှုံးချိန်မှာ မန္တလေးမြို့မှာရှိတဲ့ စစ်သိမ်းပစ္စည်းကော်မတီက ထုခွဲရောင်းချတဲ့အထဲမှာလဲ နန်းစဉ် ပတ္တမြားကျောက်တော်များမပါခဲ့ပါ။

သင်္ဘောနဲ့ အင်္ဂလန်ကို ပေးပို့ခဲ့တဲ့ ရတနာသေတ္တာ သုံးလုံးမှာလဲ ပတ္တမြားကျောက်တော်များ မပါခဲ့ပါ။ ရတနာများကို အကဲဖြတ်ရသော ပရော်ဖက်ဆာ မက်စကဲလင်း ရဲ့ အစီရင်ခံစာမှာလဲ စတာလင်ပေါင် ၃၀၀ ကျော်တန် ပတ္တမြား တစ်လုံးသာပါကြောင်း တွေ့ရပါတယ်။

အဲဒီပတ္တမြားတွေထဲက နာမည်ကျော် ပတ္တမြားငမောက် ရဲ့ ရာဇဝင်နဲ့ ပျောက်ခြင်းမလှ
ပျောက်နေခဲ့တဲ့ သတင်းကို စာအုပ်တအုပ်ထဲမှာ ဖတ်ခဲ့ရပါတယ်။ စိတ်ဝင်တစားနဲ့ လိုက်ပြီး
လေ့လာခဲ့သလို ဆက်ပြီးသိခွင့်ရခဲ့တဲ့ ပတ္တမြားငမောက်ရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်လေးတွေကလဲ ဆန်းကြယ်လှသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ဒါ့ကြောင့် စိတ်ဝင်စားမိခဲ့တဲ့ ပတ္တမြားငမောက်ရဲ့ ရာဇဝင် စ လယ် ဆုံး သုံးပါးလုံးကို ဒီဘလော့လေးမှာ ဆက်လက်ဖော်ပြသွားပါ့မယ်။


အခုရေးခဲ့တဲ့ ပို့စ်လေးနဲ့ ဆက်ရေးမယ့် ပတ္တမြား ငမောက်အကြောင်းကတော့ ဆရာမကြီး မကြန်ရေးတဲ့ သမိုင်းဟူသည်နှင့် အခြားစာတမ်းများ စာအုပ်ကို ကိုးကားပြီး ရေးခဲ့သလို အွန်လိုင်းမှာ တွေ့ရှိထားတဲ့ အချက်အလက်တွေကိုလဲ မှီငြမ်းထားတာဖြစ်ပါတယ်။

မဏ္ဍပ်တိုင်တက်သူများ

မြန်မာ့သမိုင်းမှာ အလှူအတန်းပြုလုပ်သူတိုင်းဟာ အလှူမှတ်တမ်းတင် ကမ္ဗည်းကျောက်စာများ ရေးထိုးလေ့ရှိကြပါတယ်။

အလှူရှင်မှန်ရင်တော့ ဘုရား သိမ် ဘုရားတန်ဆောင်း ကျောင်း ဇရပ် ဘယ်လို အလှူမျိုးပဲ လှူလှူ ထင်ပေါ်ကျော်စောလိုတဲ့ သဘောနဲ့ ကမ္ဗည်းထိုးလေ့ရှိပါတယ်။

သိင်္ဃသူ့သမီးကျောက်စာ မိဖုရားဖွားစောကျောက်စာ တွေမှာ သူတို့ရဲ့ အလှူကို အလှူမှတ်တမ်းတင်ရင်း အလှူရှင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း မျိုးရိုးဘယ်လို မြင့်မြတ်ကြောင်းကို ဂုဏ်တင်ပြီး ကြွားကြ မဏ္ဍပ်တိုင် တက်ကြပါတယ်။

င့ါလင် သခင်မင်းကြီး ငါ့သားမင်းကြီး ငါ့မြေးမင်းကြီးဆိုပြီး ခပ်ကြွားကြွား ဂုဏ်တင်ထားတဲ့
ကျောက်စာအရေးအသားတွေက ကျွန်မတို့နဲ့ ရင်းနှီးခဲ့ဖူးပါတယ်။
ဆုတောင်းကျိန်စာတွေကတော့ ကျောက်စာတွေရဲ့ တစိတ်တဒေသပါ။

အခုလောလောဆယ်မှာ မကြန်ရေးတဲ့ သမိုင်းဟူသည် ဆိုတဲ့ စာအုပ်လေးကို
ဖတ်နေပါတယ်။အဲဒီအထဲက ဆရာမကြီးရေးထားတဲ့ ထူးထူးခြားခြား မဏ္ဍပ်တိုင်တက်တဲ့ သူတွေအကြောင်းကိုတဆင့် မျှဝေချင်ပါတယ်။

မင်းတုန်းမင်းတရားကြီးက ၁၈၇၂ ခုနှစ်မှာ ရွှေတိဂုံ စေတီတော်ကြီးကို ရွှေထီးတော်
တင်လှူခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၁၈၆၉ ခုနှစ်မှာ စေတီတော်ကြီးကို ပြုပြင်မွမ်းမံပါတယ်။ တိုင်းသူပြည်သားတွေဟာ စေတီတော် ပြုပြင်မွမ်းမံရာမှာ ကြေးအုတ်တွေပါဝင်လှူဒါန်းပြီးကုသိုလ်ယူကြပါတယ်။

၁၉၇၆ မှာတော့ ရွှေတိဂုံစေတီတော်ကြီးကို ရွှေပြားသင်္ကန်းကပ်ဖို့ ကျည်းခွေများ
တပ်ဆင်ခဲ့ပါသည်။ ကျည်းခွေများ တပ်ဆင်ရာတွင် ကျည်းခွေဘောင်များနှင့် မလွတ်သော
နတ်ကြည့် သို့မဟုတ် နတ်လည်ဟုခေါ်သော အစိတ်အပိုင်းများကို တူးဖော်ခဲ့ကြပါသည်။
ထိုသို့ တူးဖော်ရာတွင် ကမ္ဗည်းစာများပါသော ကြေးအုတ်များ ထွက်လာခဲ့ပါသည်။

သမိုင်းကော်မရှင်မှ သူတေသန အရာထမ်းအမှုထမ်းများမှ ကြေးအုတ်ရေ အချပ်ပေါင်း ၅၉၆၂ မှ ကမ္ဗည်းစာများကို ကူးယူမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အကောင်းစားကြေးများဖြစ်၍ ရွှေရောင်များဝင်းလက်လို့နေပါသည်။ အချို့ အလှူရှင်များက ရွှေအုတ်များဟု တင်စား
ကမ္ဗည်းထိုးခဲ့ကြပါသည်။
ကြေးအုတ်များမှာ ၅"× ၃" × ၀.၂၅" အရွယ်အစား အလေးချိန် ၆၀ ကျပ်သားခန့် ရှိပါသည်။
တန်ဘိုးမှာ အချို့မှာ၂ ကျပ် အချို့မှာ ၃ ကျပ်ဟုတွေ့ရပါသည်။

ကြေးအုတ်အလှူရှင်များမှ မှတ်တမ်းရေးထိုးရာတွင် ရှေးယခင်က အလှူပြုခဲ့ဖူးသူများက ဘုရားဒကာ ကျောင်းဒကာ တန်ဆောင်းဒကာ ရေကန်ဒကာ တံတားဒကာ ရေချမ်းဒကာ ဟူ၍ ရေးထိုးကြပါသည်။ ဒကာဝိသေသထူးမရှိသူများမှ ကြေးအုတ်ဒကာ ကြေးအုတ် ဒကာမ ဟုရေးထိုး၍ မဏ္ဍပ်တိုင်တက်ပါသည်။

အချို့က သားဘုန်းကြီးကို ဂုဏ်တင်၍ ဘုန်းကြီးအဖေ ကိုအောင်ပန်း ဘုန်းကြီးအမေ မယ်ညို
အချို့ကလဲ သားကိုရင်ကို ရှေ့တန်းတင်၍ မောင်ရင်အမေ မချစ်ပုံ ကိုရင်အမေ မနီ မောင်ရင်ဒကာ
မောင်နီ မယားမြခက် ဟုတမျိုး အဖေကို ရှေ့တန်းတင်ကာ ဇွဲသဘုံသူကြီးသမီး
အေးဘုံဟု ကမ္ဗည်းရေးထိုးကာ မဏ္ဍပ်တိုင်တက်ပြပါသည်။

ဦပဉ္ဇင်းတစ်ပါးကလဲ အားကျမခံ ပဉ္ဇင်းမောင်ပိန်- ငယ်ဖြူ ဟုကမ္ဗည်းထိုးခဲ့ပါတယ်။

ဝိသေသများမပါပဲ ရိုးရိုးရှင်းရှင်း ကမ္ဗည်းထိုးသူများကလဲ ကိုပေ မလုံမ သားကိုညို ၊ ကိုကြီးညို ဇနီးမလေး စသည်ဖြင့် အချို့မယားနှစ်ယောက်ရှိသူတို့ကလဲ ခပ်ကြွားကြွားပင် ကိုပိုက် ဇနီးမယ်ညို မယ်ရင်၊ ဦးအုပ် မယားမချို မယားမကြာ ဟုကမ္ဗည်းထိုးကာ မဏ္ဍပ်တိုင်တက်ပြပါသည်။

လူပျို အပျိုများကလဲ ရှားပါးလှသောဂုဏ်ပုဒ်ကို ဖော်ကာ ကိုရွှေလုံး လူပျို အသက် ၁၈နှစ်၊ ကိုရိုးလူပျို အသက် ၂၃ နှစ်၊ မသာလိ အပျို ၁၆ နှစ်၊ အပျိုမစော အသက် ၂၀၊ အပျိုကြီး မမင်းသေး စသည်ဖြင့် မဏ္ဍပ်တိုင်တက်ကြပြန်ပါသည်။

ကတော်များကလဲ ထင်ပေါ်ကျော်ကြားလိုသော အမျိုးသမီးများပီပီ မင်းကတော် မယ်လွန်းဟုရေးခဲ့သလို မြို့အုပ်ကြီး ဦးရွှေသီးဇနီး မသဲမှုံကလဲ မြို့အုပ်ကတော်ဟု အလံမထူ တရားဟော ပလ္လင်အမ ဟု ထူးထူးခြားခြား မဏ္ဍပ်တိုင် တက်ပါသည်။ ရွာအုပ်ကြီးကတော် ကြေးထမ်းကြီးကတော် ပွဲကတော် ပန်းပဲကတော် ဆရာကတော် ဆာဇင်ကတော် လှေသူကြီးကတော် ဘိုကတော် ခေါင်းကတော် ဟူ၍ ရှိရှိသမျှ ဂုဏ်ပုဒ်ကိုဖော်ကာ မဏ္ဍပ်တိုင် တက်ကြပါသည်။

ဘိုကတော်ဟု ကမ္ဗည်းထိုးသူမှာ ရန်ကုန်မြို့ သံဖြူတန်းမှ မအုံ သို့မဟုတ် မအုံး ဖြစ်၍ နောက်တစ်ယောက်မှာ အင်္ဂလိပ်လူမျိုးအရာရှိတစ်ဦး အမည်နှင့်တွဲ၍ စတီဗင် ဘန်းသခင် မရွှေဥ ဘေဘီမမြ မိသားစုကောင်းမှု ဟူ၍ ထူးထူးခြားခြား မဏ္ဍပ်တိုင်တက်ပါသည်။

မုဆိုးမ များကလဲ မုဆိုးမ ဂုဏ်ပုဒ်ကို ဖော်ပြပြီး မှတ်တမ်းတင်ကြပါသည်။ မုဆိုးမ မရွေစိန်ကောင်းမှူ လို့မှတ်တမ်းရေးပြီး မဏ္ဍပ်တိုင်တက်ပြပါသည်။

ခေါင်းကတော်ဆိုတဲ့ နေရာမှာတော့ အမျိုးမျိုးရှိပါတယ်။ မြို့ခေါင်း ရွာခေါင်း ရာဇဝတ်ခေါင်းစသည်ဖြင့် သူ့ခေတ်သူ့ အချိန်က ပြောဆို သုံးနူန်းကြပါသည်။ အလှူရှင် ခေါင်းကတော် မအိဆိုပြီး ကမ္ပည်းထိုးထားတာကို တွေ့ရပါတယ်။

ကြေးထမ်းကြီးကတော် မယ်မှုံလို့လဲ ကတော်ဘွဲ့ခံပြီး မဏ္ဍပ်တိုင်တက်သူကိုလဲ တွေ့ရပါတယ်။

ဘုရားဒကာ ကိုဘုံးကလဲ သူ့အမည်ကို မြန်မာ မွန် အင်္ဂလိပ် သုံးဘာသာဖြင့် မှတ်တမ်းရေးပြီး ကြေးအုတ်လှူပါသည်။ အင်္ဂလိပ်လိုကိုတော့ Coo Bown လို့ရေးပါသည်။

အဲဒီဆောင်းပါးလေးမှာ ရယ်စရာ ဟာသလေးလဲ တွေ့ရပါသည်။ တခါတုန်းက ထင်ပေါ်လိုတဲ့ လူတစ်ယောက်ဟာ ကျောင်း ဇရပ် ရေကန်များကို လှူပါသည်။ ကျောင်းဒကာ ဇရပ်ဒကာ ကန်ဒကာ ဖြစ်ချင်ပုံရပါသည်။ ဒါပေမယ့် သူနာမည်မကျော်ခဲ့ပါ။ နောက်တကြိမ်မှာတော့ ဗန်းကြီးတစ်ချပ်ဝယ် ရွှေချပြီး ဘုရားမှာ လှူလိုက်မှ ရွှေဗန်းဒကာ ဆိုပြီး နာမည်ကျော်သွားပါတော့သည်။

ခေတ်အဆက်ဆက်တွင် မိမိလှူသော ကုသိုလ်ကောင်းမှုကို အကြောင်းပြုပြီး မဏ္ဍပ်တိုင်တက်ချင်ကြသော ထင်ပေါ် ကျော်ဇောချင်ကြသော လူတို့၏ သဘာဝကို ထင်ထင်ရှားရှား တွေ့ရပါသည်။


My Blog List