ထွေရာလေးပါး
မြန်မာစာ မြန်မာစကားတွေနဲ့ မြန်မာစကားပုံတွေထဲမှာ ကိန်းဂဏန်းတွေပါတဲ့ စကားလုံးတွဲတွေ စကားပုံတွေကို တော်တော်များများတွေ့ရပါသည်။
အဲဒီစကားပုံတွေထဲမှာမှ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အဖြစ်တွေနဲ့ တိုက်ဆိုင်နေတဲ့ စကားပုံတွေကို အကြောင်းတိုက်ဆိုင်လို့ သတိတရ ရေးဖြစ်ပါတယ်။
ထွေရာလေးပါး လို့ အစချီမိတာက စကားအဆက်မပြတ်ပြောနိုင်လွန်းတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့်လို့ ပြောလို့ရပါသည်။
တွေ့တဲ့နေရာမှာ တွေ့တဲ့သူနဲ့ စကားလက်ဆုံ ပြောမကုန်အောင် သူမဆီမှာ ထွေရာလေးပါးမက ရှိနေတတ်ပါသည်။
သူမကတော့ “ထွေရာလေးပါး”ကို ကရားရေလွှတ် တတွတ်တွတ် ပြောတတ်သူမို့ စကားပြောဝိဇ္ဖာလို့ ပြောလို့ရပါသည်။
နောက်ထပ်စကားပုံတစ်ခုဖြစ်တဲ့ “လူမျိုးတစ်ရာ့တစ်ပါး” ဆိုတဲ့ စကားကို ကျွန်မတို့လို ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လုပ်နေသူတွေအတွက် ရည်ရွယ်ပြီးထားခဲ့သလားလို့တောင် ထင်မှတ်မိပါသည်။
နေ့စဉ်အလုပ်ခွင်မှာ တစ်ရာ့တစ်ပါးသော လူတွေနဲ့ နေ့စဉ်ထိတွေ့နေရပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံကူးလက်မှတ်တွေကိုင်ရတိုင်း “လူမျိုးတစ်ရာ့တစ်ပါး”ဆိုတဲ့ စကားအပြင် “လူပေါင်း သောင်းခြောက်ထောင်”နဲ့ တွေ့နေရတယ်လို့ ပြောလေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိပါသည်။
လူမျိုးတစ်ရာ့တစ်ပါးဆိုတဲ့ စကားပုံကိုတော့
“ကုလားခြောက်ဆယ် ရှမ်းသုံးဆယ် မြန်မာသတ္တ မွန်လေးဝ” လို့ ကျွန်မ ဖေဖေက ရှင်းလင်းပြောပြခဲ့ ဘူးပါသည်။
တခါတရံ ရပ်ထဲရွာထဲမှာ လူပြောများတဲ့ “ဆယ်ရေးတစ်ရေးကိုးရေးတစ်ရာ”ဆိုတဲ့ စကားစုရဲ့ ရာဇဝင်ကလဲ တကယ့်အဖြစ်အပျက်လား ကြုံရာကျပန်း ဇာတ်လမ်းလားတော့ မသိပါ နည်းနည်းတော့ ယုတ္တိရှိနေတာမို့ အခုချိန်အထိ မှတ်မိနေခဲ့ပါသည်။
တစုံတခုကို ရေရေရာရာ သေသေချာချာ မမှန်းဆနိုင်သူတွေပြောလေ့ရှိတဲ့ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာဆိုတဲ့ စကားစု ဖြစ်လာတဲ့ ဇာတ်လမ်းကတော့....
တစ်ရက်မှာ ဘဲဥရောင်းတဲ့ အမျိုးသမီးတစ်ယောက် ဘဲဥဗန်းကိုရွက်ပြီး ဈေးကို လာချိန်မှာ သူ့နောက်ကနေ ဖြတ်ကျော်သွားတဲ့ စက်ဘီးက ဝင်တိုက်မိတော့ သူရွက်ထားတဲ့ ဘဲဥဗန်းမှောက်ပြီး ဘဲဥတွေ အကုန်လုံးကွဲကုန်တာမို့ စက်ဘီးသမားက လျှော်ကြေးပေးဖို့ ဖြစ်လာပါသည်။
စက်ဘီးသမားက လျှော်ကြေးပေးဖို့အတွက် ဘဲဥ ဘယ်နှစ်လုံးကွဲကုန်တာလဲလို့ ဈေးသည်ကို မေးချိန်မှာ “ဆယ်ရေးတစ်ရေးကိုးရေးတစ်ရာပါပဲတော်လို့ “ဈေးသည်က မရေမရာ ပြန်ဖြေခဲ့ရာကနေ သူတို့အမှုက ပညာကျော်တစ်ယောက်ဆီရာက်သွားခဲ့ပါသည်။
ပညာကျော်က စက်ဘီးသမားကို စာရွက်တစ်ရွက်နဲ့ ခဲတံတစ်ချောင်းယူခိုင်းပြီး စာရွက်ပေါ်မှာ “တစ်ဆယ်ရေး ပြီးရင် တစ်ရေး ပြီးရင် ကိုးရေး ပြီးရင် တစ်ရာရေး ပြီးရင် အားလုံးကို ပေါင်းလိုက် “လို့ ပြောတာမို့ ပေါင်းကြည့်လိုက်တော့ ၁၂၀ ထွက်လာတာမို့ ဘဲဥ အလုံး ၁၂၀ ဘိုးလျှော်ပေးလိုက်ရပါသည်။
“တစ်ပဲတန်နှင့် တစ်လှည်းတန်ပျက်” ဆိုတဲ့ စကားပုံကလဲ ဘယ်အရာကိုမှ ပေါ့ပေါ့ပျက်ပျက် သဘောမထားဖို့ သတိပေးတဲ့ စကားပုံပဲ ဖြစ်ပါသည်။
(တစ်ပဲမျှသာ တန်ဖိုးရှိသည့် လှည်းဝင်ရိုးထိပ် အပိတ်နားစောင့်သံချောင်းငယ်ကို မလျှိုပိတ်မိသောကြောင့် လှည်းဘီးကျွတ်ထွက်၍ လှည်းပေါ်ရှိ အဖိုးတန်သော လှည်း တစ်စီးတိုက်ပစ္စည်းများ ပျက်စီးဆုံးရှုံးရသည်ဟု ဆိုလိုခြင်းပဲ ဖြစ်ပါသည်။ အဖိုးမတန်သော ပစ္စည်း တစ်စုံတစ်ရာကို နှမြော၍ဖြစ်စေ၊ သတိလျော့၍ဖြစ်စေ၊ အထင်သေး၍ဖြစ်စေ၊ လစ်ဟင်း လျော့ပါးမှုဖြစ်စေပါက ကြီးမားသော နစ်နာဆုံးရှုံးမှုဖြစ်စေနိုင်ပါကြောင်း သတိပေးသည့် အနေဖြင့် သုံးနှုန်းထားပါသည်။)
“တစ်မိုးလုံး ဖျောက်ဆိတ်တွေချည်းပဲ” ဆိုတဲ့စကားကတော့ မိုးကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်တွေထဲက ဖျောက်ဆိတ်ကြယ် တစ်လုံးတည်းကိုပဲ သိတာမို့ မြင်မြင်သမျှ ကြယ်တိုင်းကို ဖျောက်ဆိတ်ကြယ်လို့ ပြောရာကနေ ဖြစ်လာတဲ့ စကားပုံလေးပဲ ဖြစ်ပါသည်။
“အိမ်ခြေတစ်ရာ ပြည်စိုးအစိတ်” ဆိုတဲ့စကားပုံကိုတော့ “ဗိုလ်နှစ်ဆယ် တပ်သားငါးယောက်”လို့လဲ ပြောတတ်ကြပါသည်။
ရွာတစ်ရွာလုံးတွင် အိမ်ခြေတစ်ရာမျှသာရှိသော်လည်း ခန့်ထားသော ပြည်စိုးအရေအတွက်က နှစ်ဆယ့်ငါးဦးရှိနေတာမို့ ခေါင်းဆာင်နှင့် နောက်လိုက် အရေအတွက် အချိုးအစား မမှန်ကန်တာကို ပြောခြင်းဖြစ်ပါသည်။
အခြားအခြားသော ကိန်းဂဏန်းတွေပါဝင်တဲ့ စကားပုံတွေကိုလဲ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်ဘဝတွေမှာ အလျဉ်းသင့်ရင် သင့်သလို သုံးနေကြတာကို မြင်တွေ့နေရပါသည်။
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ၊
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း
တစ်ယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့် ယူသော်ရ၏
ခွေးရူးကောင်းစား တစ်မွန်းတည့်
ထောင်တန်တဲ့စကားရယ်ရင်ပေါ့
ဆိတ်ဆိတ်နေ ထောင်တန်
တစ်သက်လုံးစားသည့်အခါ သံပုရာ တစ်ခြမ်းနှင့် ချေသည်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
တစ်တက်စားလဲကြက်သွန် နှစ်တက်စားလဲ ကြက်သွန်
တစ်ရွာတစ်ကျီဆောက်
တစ်နွယ်ငင် တစ်စင်ပါ
တစ်တော တစ်ကြက်ဖတွန်သည်
နှုတ်တစ်ရာ စာတစ်လုံး
လက်ခုတ် တစ်ဖက်တည်းတီးမမည်
သုံးလွန်းတင်မှ ကြိုး ဒေါင်ဒေါင်မည်မှ အိုး
သမုဒ္ဒရာ ဝမ်းတစ်ထွာ
သမီးတစ်ကောင် နွားတစ်ထောင်
ခြေတစ်လှမ်း ကုဋေတစ်သန်း စသည်ဖြင့် မှတ်လို့မဆုံး ပြောလို့မဆုံးအောင် မြန်မာစာမှာ စကားလုံး စကားပုံတွေ ကြွယ်ဝလှပါသည်။
Wednesday, October 19, 2011 | Labels: မြန်မာစကားပုံများ | 5 Comments
ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့တဲ့
တခါတရံမှာ မြန်မာပီသချင်တာမို့ ခေါင်းလျှော်ရမယ့်ရက်ကို တွေးမိတော့ ကိုယ့်မွးနေ့ရယ် သောကြာရယ်ကိုနှုတ်ပြီးရင် ရက်သတ္တတစ်ပတ်မှာ ခေါင်းလျှော်ဖို့ ငါးရက်တိတိကျန်တယ်
ဒီကြားထဲမှာမှ ဗုဒ္ဓဟူးနေ့မှာခေါင်းလျှော်ရင် ၄၅ ရက်တိတိ လာဘ်ပိတ်တယ်ဆိုတော့ တပတ်မှာ ခေါင်းလျှော်လို့ရတာက ၄ ရက်တိတိကျန်နေတယ်…
ရေချိုးခေါင်းလျှော်ခါနီးတိုင်း ရက်လွတ်ရဲ့လားလို့ စဉ်းစားရတဲ့ ဝဋ်ဒုက္ခက မြန်မာ မိန်းကလေးတွေကို တော်တော်လေး နှိပ်စက်ခဲ့ဘူးတယ်ထင်ပါရဲ့..…
တခါတလေ ဆံပင်တွေက စေးကပ်နေပြီ ရက်ကမလွတ်ပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီး ခေါင်းလျှော် အခန့်မသင့်တော့ နှာစေး ချောင်းဆိုး…တုတ်ကွေးမိ..
အစွဲအလန်းကြီးတာ နေရာတိုင်းမှာ မကောင်းဘူးလို့ အသိတရားနဲ့ဆင်ခြင်။
အဲလို ဆင်ခြင်နေတဲ့ကြားက ပြီးခဲ့တဲ့နှစ်လလောက်က ရသင့်ရထိုက်တဲ့ ဘောနပ်စ်မရခဲ့တာ
ဗုဒ္ဓဟူးနေ့မှာ ခေါင်းလျှော်မိလို့များလား လို့ မြန်မာပီပီ အူကြောင်ကြောင် တွေးမိသေး....…
မြန်မာ မဟုတ်တဲ့ သူငယ်ချင်းတွေကတာ့ ခေါင်းကို လျှော်ချင်တဲ့နေ့လျှော် နေ့တိုင်းလျှော် နေ့ရော ညပါ လျှော် …သူတို့ကျတော့လဲ ဘာမှ အစွဲမရှိလေတော့ လုပ်တိုင်းဖြစ်…
နောက်ထပ်သိခွင့်ရတဲ့ ပညတ်ချက်ကလဲ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ခရီးသွားနေရင် ပြန်မလာမချင်း ခေါင်းမလျှော်ရဘူး ဆိုပဲ…ဒါဆို မိသားစုထဲမှာ ခရီးသွားနေတဲ့သူရှိရင် ခေါင်းမလျှော်ပဲ ဘယ်နှစ်ရက်နေရမှာလဲ တပတ်လား ၁၀ ရက်လား ခရီးသွားတဲ့သူက တစ်လလောက်ကြာမယ်ဆိုရင် ကိစ္စက ပြတ်ရော…
ဒါ့ကြောင့်ထင်ပါရဲ့ နောက်ထပ် ထပ်ကွန့်ထားတဲ့ ခေတ်မီမီ ပညတ်လေးက ခရီးသွားနေတဲ့သူ လမ်းခုလတ်မှာရှိနေချိန်လေးပဲ ခေါင်းမလျှော်ရဘူးဆိုပဲ ( ခရီးသွားသူက လေယာဉ်ပေါ်မှာ ကားပေါ်မှာ ရထားပေါ်မှာ သင်္ဘောပေါ်မှာ ရောက်နေတဲ့အချိန်ပေါ့…)
မြန်မာပြည်က မီးနေသည်တွေရဲ့ ဒုက္ခကလဲ မသေးလှပါ မီးမထွက်မချင်း ၇ ရက်တိတိ ရေမချိုးရ ၄၅ ရက်တိတိ ဆပ်ပြာမကိုင်ရ….(တချို့ကျတော့ ၄၅ ရက်တိတိ ခေါင်းမလျှော်ရတဲ့)
ဖျားနာနေရင် ၂ ရက် ၃ ရက်လောက် ရေမချိုးပဲနေရမတဲ့…
မြန်မာလူမျိုးတွေ တကိုယ်ရေ သန့်ရှင်းမှုကို မကြည့်ပဲ ရှေးထုံးအစဉ်အလာကိုပဲကြည့်နေခဲ့တာ ဟိုးပဝေသဏီကတည်းကဆိုပဲ..…
ဒီက မြန်မာလူမျိုးမဟုတ်တဲ့ သူငယ်ချင်းတစ်ယောက် သူ့အတွေ့အကြုံလေးကိုပြောပြတာက မီးဖွားပြီးပြီးချင်း တစ်နာရီအတွင်းမှာ ခေါင်းလျှော် ရေချိုးခဲ့တယ် နေ့တိုင်း ရေချိုးတယ် ဘာမှမဖြစ်ပါဆိုပဲ…..
ပြီးတော့ စီးပွားရေးလုပ်နေတဲ့သူတွေက ဗေဒင်ဆရာရဲ့ အစီအမံအရ နာရေးဖြစ်နေတဲ့ အိမ်တို့ မီးနေသည်အိမ်တို့ လုံးဝ(လုံးဝ) မသွားကြဘူးဆိုပဲ….(သူတို့ အိမ်မှာ နာရေးဖြစ်ခဲ့ရင် ဆွေမျိုးသားချင်းထဲက မီးဖွားခဲ့ရင် ဘယ်လိုလုပ်ကြသလဲတော့ မသိ….)
ကိုယ့်ရဲ့ဦးလေးအရင်းကြီးကလဲ အဲလိုအယူသည်းခဲ့တာဆိုတော့ လူမှုရေး ဖြစ်တဲ့ သာရေးနာရေး မီးနေသည်ကိစ္စ အဒေါ်လုပ်သူကပဲ ရှေ့ဆုံးက ကြွရတယ်လေ……
တင်္နလာနေ့မှာ အရေးကြီးတဲ့ ကိစ္စတွေလုပ်ရင် ၂ခါပြန်လုပ်ရတတ်တယ်ဆိုတာ တခါတလေမှာတော့ တိုက်ဆိုင်မှု အနေနဲ့ သတိပြုမိပါတယ်… အမြဲတော့ မဖြစ်နိုင်ပါ (အမြဲတမ်းမှန်နေမယ်ဆိုရင်တော့ မြန်မာပြည်က အစိုးရရုံးပိတ်ရက်တွေထဲမှာ တင်္နလာနေ့ပါ ပေါင်းထည့်ရမယ် ထင်ပါရဲ့….)
ကိုယ့်ထက် အစွဲအလမ်းကြီးတဲ့ မြန်မာတွေကို နေရာတိုင်းမှာ တွေ့နေရတာမို့ တင်္နလာနေ့ကိစ္စကို တခါတရံမှာ ဆွေးနွေးမိပါတယ်…ဒါပေမယ့် လက်ခံနိုင်လောက်တဲ့ ယုတ္တိရှိတဲ့ အဖြေကိုတော့ မရခဲ့ပါ….
တလောလေးကပဲ အရေးကြီးတဲ့ အလုပ်ကိစ္စအတွက် အဖြေစောင့်နေတုန်းမှာ မိတ်ဆွေတစ်ယောက် ကလေးမွေးတော့ ဆေးရုံမှာသွားကြည့်သင့် မသွားသင့်ဆိုတာကြီးကို တော်တော်စဉ်းစားလိုက်ရတယ် ( မြန်မာ လူမျိုးဆိုတော့လဲ ရှေးစကားတွေကို မသိစိတ်နဲ့ စွဲနေတော့ အစွဲတွေကို ချွတ်ရတာ ခက်တော့ ခက်သား)…
သွားချင်တာကလဲ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာနဲ့ ဖြစ်ချင်ရာဖြစ် ကံပဲဟ ဆိုပြီး ဆေးရုံသွား မီးနေသည်အတွက် ဆေးရုံက ကျွေးတဲ့ ထမင်းကိုကပ်စားပြီး ဆေးရုံမှာ တော်ကီတွေပွားခဲ့တာ မိုချုပ်တဲ့အထိ….
ပြီးလဲပြီးရော အလုပ်ကိစ္စ အတွက် တစ်ပတ်နဲ့ ရမယ့် အဖြေက တစ်ပတ်နဲ့လဲမရ ၁၀ ရက်နဲ့လဲမရ နှစ်ပတ်နေတဲ့အထိလဲ မရတော့ သွားပြန်ပီဟ မြန်မာလူကြီးတွေ ပြောတာ နားမထောင်မိလို့ဆိုပြီး ဝမ်းနည်းပက်လက်နဲ့ နောင်တက အရင်ရမိသေး… …
ဒါပေမယ့်လဲ အဲဒီအစွဲတွေ ကျွတ်ချိန်တန်လို့လားမသိ စောင့်နေမိတဲ့ ကိစ္စက နှစ်ပတ်ကျော်မှ အဆင်ပြေလေတော့ ရှေးသုံးတွေ ရှေးစကားတွေအတွက် တွေးရခက်ကြီး ဖြစ်နေပြန်ပါတယ်….
ငါမြန်မာလူမျိုး ဒါပေမယ့် ငါနေတာ မြန်မာပြည်မဟုတ် ချွတ်သင့်တဲ့ အစွဲလေးလဲ ချွတ်အုံးမှလို့ ကိုယ့်ကိုယ်ကို ဆုံးမလို့ တော်တော်လေး နေသာထိုင်သာ ရှိသွားခဲ့ပါတယ်…
မြန်မာဆန်တာဟာ နေရာတိုင်းမှာ မကောင်းဘူးဆိုတာတော့ နိုင်ငံခြားရောက်မြန်မာတိုင်းက အပြည့်အဝလက်ခံမယ်ထင်ပါရဲ့…..(ဒီနေရာမှာတော့ ရှေးရိုးစွဲ အယူဝါဒတွေကိုသာ ပြောချင်တာပါ အခြားသော လူနေမှုစရိုက်တွေကို ပြောခြင်းမဟုတ်ပါ… အတွေးအခေါ် အယူအဆတွေကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)..
ဗေဒင်နဲ့ ယတြာတွေကိုလဲ မယုံပါလို့ မပြောလိုပါ ကမ္ဘာက လက်ခံထားတဲ့ ယုတ္တိရှိသော လက်ခံသင့်သော နက္ခတ်ဗေဒင် အချို့ကိုတော့ စိတ်ဝင်စားမိပါတယ်…. ယတြာပိုင်းမှာလဲ နည်းပညာအရ လက်မခံနိုင်လောက်အောင် အစွမ်းထက်တာတွေ မြင်ဖူးနေခဲ့တော့လဲ အပြည့်အဝမဟုတ်တောင် မယုံပါလို့ တထစ်ချ မပြောလိုပါ…
ကိုယ်တိုင်ကတော့ ယခုချိန်ထိ လုံးဝ( လုံးဝ) ယတြာမချေခဲ့ဘူးပါ။။
ဗေဒင်တော့ ၂ ခါလောက် တွက်ဖူးတယ်ထင်ပါရဲ့… ( တစ်ခါကတော့ တော်တော် မှန်တဲ့ဗေဒင်ကိုတွေ့ခဲ့ဘူးတယ်… နာမည်ကျော် ဗေဒင်ဆရာမဟုတ်သော တက္ကသိုလ်ကျောင်းသူ သူငယ်ချင်းတစ်ယောက်က လမ်းကြုံလို့ ဟောပေးခဲ့တာပါ…းးး)))))
ဈေးသုံးမလွယ်နဲ့ဆိုတာကတော့ တော်တော်လေး မှန်တာမို့ အပြည့်အဝ လက်ခံကျင့်သုံးပါတယ်….
ဈေးသုံးလွယ်ရင် မွဲမှာ သေချာတယ်လေ….
ရှေးထုံးကတော့ ခေတ် ကာလ ဒေသ ပရောဂကိုလိုက်လို့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ဖြစ်ပါတယ်…အရင်ကထက်တော့ အစွဲတွေ လျှော့သွားသလိုလိုပါပဲ…..
အခြားအခြားသော ရိုးရာ အစွဲများနှင့် တိုက်ဆိုင်မှုများလဲ ရှိပါသေးသည်… တိုက်ဆိုင်မှုရှိခဲ့ရင် ရေးမိမယ်ထင်ပါသည်…
ဒီပို့စ်လေးနဲ့ပက်သက်လို့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သလို လွတ်လပ်စွာ ထင်မြင်ယူဆစေချင်ပါသည်….
Monday, November 02, 2009 | Labels: မြန်မာစကားပုံများ | 20 Comments
ပေတသီးကျီးတသား
ချစ်စရာ မြန်မာစကားပုံလေး ကို ရေးချင်လို့ google မှာ ရှာပြီး ရေးလိုက်ပါတယ်။
အမှန်မှာတော့ သစ္စာတရားကို အကောင်းဆုံး ဥပမာပေးတဲ့ စကားပုံလေးပါ။
ပေပင်ဟာ တစ်သက်မှာ တစ်ခါပဲ အသီးသီး သလို ကျီးကန်းတွေဟာ လဲ သူတို့ သက်တမ်းတလျှောက် လုံးမှာ တစ်သားပဲ ပေါက်ကြတာကို ဥပမာပေး ခိုင်းနှိုင်း ပြထားတဲ့ စကားပုံလေးပါ။
ကျွန်မ ချစ်မြတ်နိုးတဲ့ စကားပုံလေးပါ။ ပေပင်ရဲ့ သဘာဝ ကျီးငှက်တို့ ရဲ့ သဘာဝကို လူတွေရဲ့ သစ္စာတရား နဲ့ နှိုင်းယှဉ်တဲ့ အခါတိုင်း သုံးတတ်ကြပါတယ်။
အထူးအဖြင့် မြန်မာလူမှု အသိုင်းအဝိုင်းမှာ အိမ်ထောင်ရက်သားကျ ပြီဆိုရင် မိမိတို့ ရဲ့ အိမ်ထောင်ဘက်အပေါ် သစ္စာရှိကြဖို့ ဒီစကားပုံလေးနဲ့ ခိုင်းနှိုင်းလေ့ ရှိပါတယ်။
ခုခေတ် ခုလို အချိန်မှာတော့ ချစ်သူတွေမှာပဲ ဖြစ်ဖြစ် အိမ်ထောင်ဘက်တွေမှာပဲ ဖြစ်ဖြစ် သစ္စာ တရားဟာ တော်တော်လေးကို ရှားပါးနေပါပြီ။ ဒါပေမယ့် မြန်မာ့နိုင်ငံမှာတော့ ချစ်စရာ ဓလေ့လေးက ကျန်နေပါသေးတယ်။ အဲဒီကျန်နေတဲ့ ဓလေ့လေးကို မပျောက် မပျက်ဆက်ပြီး ထိန်းသိမ်းစေချင်တဲ့ ဆန္ဒလေးနဲ့ ရေးဖြစ်တာပါ။ ဘယ်သူပဲဖြစ်ဖြစ် ချစ်သူ ခင်သူ မြတ်နိုးသူ သံယောဇဉ်ရှိသူ တွေကို သစ္စာရှိရှိ လက်တွဲ သွားနိုင်ဖို့ နားလည် စာနာ ပေးဖို့ အရမ်းကို အရေးကြီးပါတယ်။


ပေပင်က ထွက်တဲ့ အရည်ကိုတော့ ဝိုင်ချက်တဲ့ နေရာမှာ သုံးတတ်ကြပါတယ်။ အာဖရိကနဲ့ အိန္ဒိယတောင်ပိုင်းမှာ အဲဒီဝိုင်ကို တွေ့ရပါတယ်။ သူတို့ အခေါ်မှာတော့ Kallu လို့ ခေါ်ပါတယ်။
ပေပင်ကို မြန်မာပြည်မှာတော့ အညာဒေသမှာ ပေါက်တာတွေ့ရပါတယ်။ကမ္ဘာပေါ်မှာ အကြီးဆုံးအပင်တစ်မျိုးလို့ တွေ့ရှိမှတ်သား ရပါတယ်။ အပင်ရဲ့ အမြင့်ကတော့ ၂၅ မီတာ အထိ မြင့်ပါတယ် ပင်စည်ရဲ့ လုံးပတ်ကတော့ ပုံမှန် ၁.၃ မီတာကနေ အကြီးဆုံးဆိုရင်တော့ ၅ မီတာလောက်အထိရှိပါတယ်။ အပင်ကြီးရင် ကြီး သလို အခက် အလက်ပေါင်း ၁၃၀ လောက် အထိ ရှိတတ်ပါတယ်။
ပေပင်ဟာ သူ့တစ်သက်မှာ တစ်ခါပဲ အပွင့် ပွင့်ပါတယ် အသီးသီးတယ်လို့ ပြောလို့ရပါတယ်။ သူ့သက်တမ်း နှစ် ၃၀ ကနေ နှစ် ၈၀ အတွင်းမှာပါ။ အပွင့် ပွင့်ပြီးရင် ပေပင်ဟာ သေသွားတတ်ပါတယ်။ ထူးခြားလှတဲ့ ပေပင်ပါပဲ။
ပေပင် အသီးသီးတဲ့ ပုံကလဲ ဆန်းပါတယ် ပန်းပွင့်ရဲ့ အကိုင်းအခက်က ၆ မီတာကနေ ၈မီတာ အထိရှိပါတယ်။ အပွင့်ပွင့် တတ်တဲ့ အပင်တွေထဲမှာ မှ အပွင့်အများဆုံး စံချိန်တင်ပါတယ်။ အကိုင်းအခက် တစ်ခုစီမှာ ပန်းပွင့်ပေါင်း သန်းနဲ့ ချီပြီးပွင့်တတ်ပါတယ်။ အသီးရင့်မာဖို့ ကတော့အချိန်တစ်နှစ် ကြာပါတယ်။

ပေစာပေရွက် ကိုတော့ မြန်မာစာပေ ရဲ့ ခေတ်ဦးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ကယဉ်ကျေးမှုတွေ နဲ့အတူပါလာတဲ့ ပေရွက်ပေါ်မှာ စာရေးသားခြင်းကို တောင်အာရှနဲ့ အရှေ့တောင်အာရှ မှာပါတွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါတယ်။ ယနေ့ အချိန်ထိ အချို့ မွေးနေ့ မွေးရက်မှတ်တမ်းတွေကို ပေစာပေရွက်တွေ ပေါ်မှာ တွေ့နေရဆဲပါ။ ကျွန်မ ငယ်ငယ်က ရင်းရင်းနှီးနှီး မြင်ဖူးခဲ့ပါတယ်။ ပေရွက်ပေါ်မှာ ကညစ်တံ တွေနဲ့ စာရေးထွင်းကြပါတယ်။ မြန်မာ သင်ပုန်းကြီးဖတ်စာ သင်ရိုးဟောင်းမှာ " က ကညစ်ပေကိုချစ် " လို့ပြဌာန်းခဲ့ပါတယ် ။



မြန်မာပြည်မှာတော့ ကျီးကို အမျိုးမျိုးတင်စား ဖွဲ့ဆိုကြပါတယ်။ ရွှေကျီးသာရင် ဧည့်သည်လာတတ် တယ်လို့ပြောကြသလို အသားမဲတဲ့ သူတွေကိုလဲ ကျီးကန်းနဲ့ ခိုင်းနှိုင်းပြီး တင်စားပြောတတ်ကြပါတယ်။
တရုတ်ပြည်မှာတော့ ကျီးကန်းကို ကံဆိုးစေတဲ့ နိမိတ်လို့ မှတ်ယူထားကြပါတယ်။ သူတို့ အတွက် အနက်ရောင်တိုင်းဟာ မင်္ဂလာ မရှိတာမို့ အမဲရောင်ရှိတဲ့ ကျီးကန်းကိုလဲ ကံဆိုးစေတယ်လို့ စွဲမှတ်ကြတာပါ။
အိန္ဒိယက ဟိန္ဒူတွေရဲ့ ဒဏ္ဍာရီ ပုံပြင်တွေမှာတော့ ကွယ်လွန်သွားတဲ့ သူတွေဟာ အမျိုးမျိုးသော ကျီးငှက်တွေအတွက် အစားအစာတွေကို သယ်ဆောင်သွား တတ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် နှစ်စဉ်နှစ်တိုင်း သူတို့တွေရဲ့ မိသားစုတွေ ဆွေမျိုးတွေ ကွယ်လွန်တဲ့ အချိန်မှာ ကျီးငှက်တွေကို အစာကျွေးတတ်ကြပါတယ်။
အမေရိကန် နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း သြဂုတ်လကနေ မတ်လလောက်အထိ ကျီးငှက်တွေကို တရားဝင် အမဲလိုက်ခွင့် ရှိပါတယ်။
အများစုသော ကျီးငှက်မျိုးစိတ်တွေဟာ အနက်ရောင်ရှိပါတယ်။ သူတို့တွေဟာ အုပ်စုလိုက် အစာရှာလေ့ရှိပါတယ်။ သူတို့ဟာ အသိဥာဏ် ကောင်းတဲ့ ငှက်တွေပါ။ ငှက်တွေ အချင်းချင်း အုပ်စုလိုက် ရန်ပြုလာရင် ကာကွယ်ဖို့ အုပ်စုလိုက် အစာရှာကြသလို သူတို့ရဲ့ ရန်သူတော် တွေဖြစ်တဲ့ သိမ်းငှက်တွေရန်က လွတ်အောင်လဲ အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးတွေမှာ ကိုယ်ယောင်ဖျောက် နားနေတတ်ကြပါတယ်။
ကျီးငှက်တွေရဲ့ သက်တမ်းဟာ ပျမ်းမျှ ၇ နှစ်ကနေ ၈နှစ်အထိရှိတတ်ပါတယ်။ ကျီးမတွေဟာ တစ်ကြိမ်မှာ ဥ သုံးလုံးကနေ အလွန်ဆုံး ခြောက်လုံးလောက်အထိ ဥပါတယ်။ အကောင်ပေါက်ဖို့ ကိုတော့ ၁၇ ရက်ကနေ ၁၉ ရက်လောက် အထိ ဝပ်ပေးရပါတယ်။ ငှက်လေးတွေကတော့ ပုံမှန်အားဖြင့် ရက်ပေါင်း ၃၅ ရက်ကြာရင် အမွေး အတောင်တွေ စုံပါတယ်။ အိန္ဒယမှာတော့ ပုံမှန် မတ်လကနေ မေလအတွင်းမှာ ကျီးငှက်တွေ သားဖောက်လေ့ရှိပါတယ်။
ဒီပို့စ်လေးမှာ ပါဝင်တဲ့ အကြောင်းအရာတွေ ကတော့ ကိုယ်တိုင်ရှာဖွေ ထားတာမို့ အမှားအယွင်း တစုံတရာ ရှိခဲ့ပါရင် စာရေးသူရဲ့ လိုအပ်ချက်ကြောင့် သာဖြစ်ပါကြောင်း နဲ့ ဒီထက်ပိုမိုပြည့်စုံတဲ့ အချက်အလက်တစ်ချို့ ကို ထပ်မံရှာဖွေ ပြီးဖြည့်စွက်ပေးပါမယ်။ အထူးသဖြင့် ကျီးတွေဟာ တသက်မှာ တသားပဲပေါက်တယ် ဆိုတဲ့ အချက်ကို ကိုးကားပြီး ခိုင်ခိုင်မာမာ တင်ပြပေးဖို့ ကြိုးစားနေပါတယ်။
Wednesday, January 14, 2009 | Labels: မြန်မာစကားပုံများ | 3 Comments
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “13 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon15 years ago
-
မျက်ရည်ရဲ့ တန်ဖိုး15 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်16 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-


