Showing posts with label မေမေ. Show all posts
Showing posts with label မေမေ. Show all posts

ခွန်အားမျှပါ... မေမေ

မေမေရေ
ခလုတ်ထိမှ အမိတတတ်တယ်လို့ ဆိုကြပေမယ့် သမီးကတော့ ခလုတ်ထိမှ အမိတရမှာကို ရှက်မိလို့ အမြဲတမ်း အမေ့ကို တိုးတိုးလေး တမ်းတနေတတ်ပါတယ်...

ဘယ်မှာပဲနေနေ ဘာတွေပဲလုပ်လုပ် မေမေသိရင် ကြိုက်ပါ့မလား စိတ်ဆိုးနေမှာလား ဆိုတဲ့ အတွေးတွေနဲ့ အမြဲလွမ်းနေရပါတယ်...

သမီးက မေမေနဲ့ အမြဲတမ်းလိုလို ခွဲနေရလို့လား မသိ မေမေ့ကို ပိုချစ်တတ်လာတယ်... ပိုပြီးနားလည်တတ်လာတယ် စာနာတတ်လာတယ်....

အဲလို ပိုချစ်တတ်လာတဲ့ အချိန် ပိုပြီး တွယ်တာတတ်လာချိန်မှာ ပိုပိုဝေးသွားတာကလဲ မေမေ့တန်ဖိုးတွေကို ပိုပြီး နားလည်တတ်ဖို့ ဖြစ်လာတယ်လို့ပဲ ယုံကြည်မိပါတယ် မေမေရေ...

မြန်မာပြည်မှာ နေစဉ်ကတည်းက ခရီးတို ခရီးရှည်တွေနဲ့ အိမ်မမြဲခဲ့တဲ့ သမီးတစ်ယောက်အတွက် မေမေ အမြဲတမ်းတွေးပြီး ပူပန်နေမယ်ဆိုတာကို နည်းနည်းလေးမှ မစဉ်းစားမိခဲ့သလို မေမေနဲ့ အတူတူနေရတဲ့ အချိန်တွေမှာ မေမေဆုံးမရင် အသာတကြည် လက်မခံချင်ပဲ အမြဲဆင်ခြေတွေပေးတတ်တဲ့ သမီးက သမီးဆိုးတစ်ယောက်တော့ မဟုတ်ခဲ့တာတော့ သေချာပါတယ် မေမေရယ်...

အမေအချစ်ဆုံးသမီးက အမေ့အဝေးဆုံးမှာ အမြဲရောက်နေတာ ကံကြမ္မာကို အပြစ်ဖွဲ့လို့ မရမှန်းသိပေမယ့် မေမေ့ကို ပြင်းပြင်းထန်ထန် တမ်းတမိတိုင်း ကိုယ့်ကိုယ်ကို ပဲ အပြစ်တင်မိပါတယ်....

ကိုယ်ရွေးခဲ့တဲ့ လမ်းကိုယ်လျှောက်နေတယ်ဆိုပေမယ့် သမီးက စက်ရုပ်တရုပ်မဟုတ်ခဲ့တော့ သံယောဇဉ်တွေ နှိပ်စက်တဲ့ ဒဏ်ကိုတော့ အလူးအလဲ ခံနေရပါတယ် မေမေရယ်...

မေမေက ဖြူစင်ဖို့ ပွင့်လင်းဖို့ ဟန်မဆောင်တတ်ဖို့ သင်ပေးခဲ့ပေမယ့် မေမေ့သမီးက ဟန်ဆောင်လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ခံစားချက်တွေကို မြိုသိပ်ပြီး ဟန်ဆောင်ရလွန်းလို့ ပင်ပန်းလှပြီမေမေရေ....
ဒါပေမယ့် မေမေ့သမီးက မေမေ မကြိုက်လွန်းတဲ့ ခေါင်းမာတာ မာနကြီးတာကလွဲလို့ ဖြူစင်ရိုးသားဆဲပါမေမေ...

စိတ်ချပါမေမေ... မေမေ့သမီးက မိဘမျက်ကွယ်မှာ နေရပေမယ့် မိဘကို မမေ့ခဲ့ပါဘူး.... ဟန်ဆောင်မှုတွေအောက်မှာ မိုးခါးရေကို လိုက်သောက်ဖို့ မာနကြီးနေသေးသလို...
ရောမမှာနေပေမယ့် ရောမလိုကျင့်တတ်ဖို့ကိုလဲ ခါးသီးရှက်ရွံ့နေတတ်ဆဲပါ မေမေရယ်...

မေမေ အမြဲပြောတတ်တဲ့ စကားတစ်ခွန်းကိုလဲ ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး....
အတိုင်းအတာနဲ့သာ ရသင့်သောအရာများကို အတိုင်းအတာနဲ့သာ ရယူပါဆိုတာလေ...
သမီးလောဘမကြီးပါဘူးမေမေ... အထူးသဖြင့် မိန်းကလေးတစ်ယောက် ဖြစ်နေတဲ့အတွက် ကိုယ့်လုပ်အားနဲ့ ရှာလို့ရတဲ့ အရာတွေကလွဲလို့ ဘယ်အရာကိုမှ မမက်မောခဲ့ပါဘူး ဘယ်လိုအရာမျိုးကိုမှလဲ မသာယာမိခဲ့ပါဘူး....

အထူးသဖြင့် ကိုယ့်နာမည် ကိုယ့်ဂုဏ်သိက္ခာတွေနဲ့ ရင်းပြီးမှ ရလာမယ့် စည်းစိမ်မျိုးကိုလဲ ပြင်းပြင်းထန်ထန် ရှုံ့ချမိသလို အထင်လဲမကြီးမိပါဘူး မေမေ...
ဒါတွေဟာ မေမေပေးခဲ့တဲ့ အသိတွေ ဆင်ခြင်တုံတရားတွေပါမေမေ...

ပြီးတော့မေမေ့သမီးက ဘယ်နေရာ ရောက်ရောက် မိန်းမမာနကို အမြဲရှေ့တန်းတင်လွန်းသလို မိန်းကလေးတွေကို အမြဲတမ်း ကာကွယ်ပေးလွန်းပြန်တယ် မေမေရေ...

တနေ့က သူငယ်ချင်းတွေနဲ့ စကားအခြေအတင် ပြောဖြစ်ကြတယ်မေမေ... ပြောဖြစ်တဲ့ခေါင်းစဉ်က သမီးတို့ နေတဲ့ လမ်းထဲက မိန်းမပျက်လေးတွေ အကြောင်းလေ.... သမီး ဘယ်တုန်းကမှ မဆွေးနွေးချင်ခဲ့သလို ဘယ်တုန်းကမှ ထင်မြင်ချက်မပေးချင်ခဲ့တဲ့ ခေါင်းစဉ်လေးပေါ့။သမီးနဲ့ ခါးခါးသီးသီး ဆွေးနွေးမိသူတွေက နီပေါသူလေး နှစ်ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသားနှစ်ယောက်လေ...

မေမေရေ ပြောဖြစ်ကြတဲ့ ငြင်းဖြစ်ကြတဲ့ အကြောင်းအရာ အချက်အလက်ကတော့ အစုံပါပဲ...
နောက်ဆုံးပိတ် သမီးပြောဖြစ်ခဲ့တဲ့ စကားကတော့ တစ်ခွန်းတည်းပါမေမေ....
ဘယ်မိခင်ကမှ သူတို့သမီးလေးတွေကို မိန်းမပျက်လေးတွေ ဖြစ်စေဖို့ မမွေးဖွားခဲ့သလို.... ဘယ်မိန်းကလေးကမှလဲ မိန်းမပျက်ဖြစ်ဖို့ လူ့လောကထဲကို ရောက်လာခဲ့တာမဟုတ်ပါဘူးလို့...
ပြောရင်းနဲ့ သမီးမျက်ရည်တွေ ဝဲနေခဲ့သလို မေမေ့ကိုလဲ အရမ်း သတိရနေမိတယ် မေမေ....

မိန်းကလေးဖြစ်ရတာ အင်မတန် နေတတ်ထိုင်တတ်လွန်းကာမှ ကိုယ့်ကိုယ်ကို စောင့်ထိန်းလွန်းကာမှ တော်ရာကျမယ် လို့ မေမေ အမြဲပြောနေတတ်တာ ဘာကြောင့်လဲဆိုတာကိုပါ တဆက်တည်း တွေးမိလိုက်လို့ပါ...

ပြီးတော့ သားသမီးတွေရဲ့ အနာဂတ်ကို အမေတွေက ဖန်တီးပေးတယ် ဆိုတာလေ...
သမီးအတွက်တော့ အရမ်းကို မှန်လွန်းခဲ့ပါတယ်...
မေမေပုံသွင်းခဲ့လို့လဲ မေမေ့သမီးက အစစအရာရာ ဘက်စုံမှာ ပြည့်စုံနေခဲ့သလို အရေးကြုံတိုင်းလဲ သက်လုံကောင်းနေခဲ့ပါတယ်။
မေမေ့အနားမှာပဲနေနေ အဝေးကိုပဲရောက်ရာက် ယုံကြည်ချက်အပြည့်နဲ့ မေမေ့သမီးလေး ပျော်တတ်ခဲ့တယ် နေတတ်ခဲ့ပါတယ်။

မေမေရေ... ကောင်းကင်ရဲ့ သမီးပျိုက အမြဲတမ်း ညည်းနေတတ်တယ်.. ငါ့မေမေကို အရမ်းလွမ်းတယ်တဲ့ ငါမေမေ့အတွက် ငါအသက်ရှင်နေတာတဲ့.... သမီးလေ သူ့ကို ပိုချစ်သွားတယ် မေမေ... သူလဲသမီးလိုပဲ အမေချစ်တဲ့ သမီးလေးလေ အမေကို အမြဲသတိရနေတဲ့ ကောင်မလေးပေါ့...

သမီးကတော့ သူ့လိုတဖွဖွ မညည်းတတ်ပါဘူး တိတ်တိတ်လေးပဲ လွမ်းနေတာဆိုတော့ သူတို့လဲ မသိကြဘူးလေ...
မေ့မေ့ကို တိတ်တိတ်လေးချစ်နေရတာ တမ်းတနေရတာက ပိုပြီး လေးနက်မှုရှိတယ်လို့ ခံစားရလို့ပါ မေမေ....

မေမေရေ ဝေးနေမှ ပိုပြီးလွမ်းတတ်တာ သဘာဝဆိုပေမယ့် ဘယ်သူနဲ့မှ မတူတဲ့ အချစ်နဲ့ မေမေ သမီးကိုချစ်ခဲ့တယ် ဆိုတာကိုတော့ သမီးအမြဲအမှတ်ရနေပါတယ်....

သမီးတွေ ရည်းစားထားမှာ မစိုးရိမ်ပေမယ့် ရည်းစားများမှာကိုတော့ မေမေ စိတ်ပူတတ်ခဲ့တယ်....
ရည်းစားက သစ္စာမဲ့သွားလို့ မေမေ့ရင်ခွင်ထဲမှာ သမီးလေးတစ်ယောက် ငိုခဲ့ဘူးတယ်...
ငိုနေတဲ့ သမီးကို မျက်ရည်တွေ သုတ်ပေးရင်း မေမေ အားပေးခဲ့ဘူးတယ်....
ပုဇွန်ကြိုက်တဲ့ သမီးအတွက် ထမင်းဘူးထဲမှာ ပုဇွန်တွေ မပြတ်အောင် မေမေ စီမံပေးခဲ့ဘူးတယ်..
တီဘီဖြစ်နေတဲ့ သမီးကို ဆရာဝန်တားထားတဲ့ကြားက မေတ္တာအပြည့်နဲ့ ရင်ခွင်ထဲမှာ ပေးအိပ်ခဲ့တာ မေမေလေ....
ညညဆို အဖျားတက်ပြီး ချွေးတွေရွှဲနေတတ်လို့ အအိပ်ပျက်ခံပြီး ချွေးသုတ်ပေးခဲ့တာလဲ မေမေ တစ်ယောက်ပဲရှိတယ်လေ...
အနေအထိုင်ရိုးလွန်းတဲ့ မေမေက သမီးတွေကို အရှက်သိက္ခာသိဖို့ ရှက်တတ်ကြောက်တတ်ဖို့ မိန်းကလေးပီပီ ဝတ်တတ်စားတတ်ဖို့ ပုံသွင်းခဲ့တာမှန်ပေမယ့် သမီးတွေက သူ့နေရာနဲ့သူ ဝတ်ဖို့စားဖို့အရေးကြုံလာတော့ သမီးတွေရဲ့ မီနီစကပ်တွေ ရှေ့ကွဲဘေးကွဲနောက်ကွဲ စကပ်တွေ စတိုင်ဘောင်းဘီတွေ ကို မေမေကြည့်တတ်မြင်တတ် လာခဲ့တယ်လေ...

အလုပ်ကပြန်လာတဲ့ သမီးဖတ်ဖို့ ဖတ်စရာ သတင်းအချက် အလက်တွေကိုလဲ အမြဲ စုဆောင်းပေးထားသလို မေမေနားထောင်ဖြစ်တဲ့ စိတ်ဝင်စားစရာ သတင်းလေးတွေကိုလဲ မေမေက ပြန်ပြီး ပြောပြတတ်သေးတယ်နော်..
စာတွေအရမ်းဖတ်တဲ့ မေမေနဲ့ ဖေဖေရဲ့ သမီးဖြစ်ခွင့်ရတာ သမီးကံကောင်းခဲ့ပါတယ်...

မိုးတွေ ဘယ်လောက်ရွာရွာ ခြင်တွေ ဘယ်လို ကိုက်ကိုက် သမီးအလုပ်ပြန်တဲ့ အချိန်တွေဆိုရင် ကားဂိတ်မှာ
မေမေတစ်ယောက် အမြဲလာစောင့်နေခဲ့ဘူးတယ်.... ဘယ်တုန်းကမှလဲ မပျက်ကွက်ခဲ့သလို ဘယ်လိုမှလဲ တားလို့မရအောင် မေမေက အစိုးရိမ်ကြီးခဲ့တယ်နော်...

သမီးတစ်ယောက်အနေနဲ့ အမေနားမှာ အမြဲရှိနေသင့်ပေမယ့် ခုချိန်ထိ မေမေ့နားကို ပြန်မရောက်နိုင်သေးသလို ဘယ်အချိန်မှ ရောက်မယ်ဆိုတာလဲ မသေချာသေးတာမို့ လွမ်းနေရုံ တမ်းတနေရုံ အဝေးကနေ ပူပန်နေရုံကလွဲလို့ မေမေ့သမီးက ဘာမှမတတ်နိုင်ခဲ့ပါဘူး....

အရင်ကဆို လူကြုံတွေလာတိုင်း မေမေ့လက်ရာ မြန်မာ့စားစရာတွေကို အားမနာတမ်း မှာတတ်ခဲ့ပေမယ့် ခုချိန်မှာတော့ သမီးက အလိမ္မာကြီးနေပြန်ရော မေမေ မသိခဲ့ဘူးနော်....

တစ်ခါက အိမ်က ပို့လိုက်တဲ့ ဗွီဒီယိုဖိုင်လေးထဲမှာ အမေက သမီးအတွက် စားစရာတွေ ချက်ပြုတ်နေတဲ့ ပုံလေးတွေ့တော့ ချက်ချင်းမျက်ရည်ဝဲလာခဲ့ပါတယ်။
မေမေပင်ပင်ပန်းပန်း ချက်ပြုတ်ကြော်လှော်ရမှာ သိရက်နဲ့ အလိုက်မသိလွန်းစွာ မှာမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ စိတ်တိုမိတာမို့ အဲဒီနေ့ကစလို့ စားစရာတွေမှာတဲ့ အစီအစဉ်လေးကို ရပ်လိုက်ပါတော့တယ်။

မေမေကတာ့ အမြဲတမ်း သတိတရမေးနေတတ်တာ ဒီနေ့အထိပါပဲ ဘာစားချင်လဲ ဘာချက်ပေးရမလဲ ဘယ်သူတွေပြန်လာဖို့ရှိလဲ မေမေချက်ပေးလိုက်မယ် ဆိုပေမယ့်.... သမီးအလိုက်သိနေပါပြီ...

ငါ့မေမေချက်ပြီး ပို့လိုက်တာဆိုတဲ့ စကားတစ်ခွန်းကို အရင်က လွယ်လွယ်လေးနဲ့ ပြောထွက်ခဲ့ပေမယ့်ခုချိန်မှာတော့ မေမေပင်ပန်းမှာစိုးလို့ ဘာမှမမှာတော့ပါ လို့ ပြောင်းလဲ ပြောတတ်လာခဲ့တာ....
မေမေ့ကို အရမ်းချစ်လာလို့ပါ..... အရမ်းစာနာတတ်လာလို့ပါ...

ပြီးတော့ မေမေ့သမီးက မေမေ့သမီးပီပီ ပီသစွာ မိန်းမပီသစွာ ကျွမ်းကျင်စွာ ချက်ပြုတ်တတ်နေခဲ့တော့ အခြားမိန်းကလေးတွေလို ဒုက္ခမရောက်ခဲ့ပါဘူး....

အဝေးကြီးက သမီးအတွက် မေမေချွေးမစို့စေချင်ပါဘူး...

မေမေက သားသမီးတွေ အားလုံးအပေါ်တာဝန်ကျေခဲ့ပေမယ့် မေမေ့သမီးကတော့ မေမေ့အပေါ်မှာ တာဝန်မကျေသေးသလို ခံစားနေရတယ်မေမေရယ်...

ကျေးဇူးတွေ ပြန်ဆပ်ချင်တယ်လို့ ပြောလို့မထွက်ခဲ့ပါဘူး ပြောလဲ မပြောရဲပါဘူးမေမေ....
ဘယ်လောက်ပဲ ဆပ်ဆပ် ဘယ်လိုပဲ ဆပ်ဆပ် ဘယ်တော့မှ မကျေဘူးဆိုတာ သိနေလို့ပါမေမေ....

မေမေ အမြဲပြောတတ်တဲ့ စကားတစ်ခွန်းကို ထပ်ပြီးမှတ်မိနေပြန်ပါတယ်။

သူများတွေ ဘယ်လောက်ပဲကောင်းကောင်း ဘယ်လိုပဲကောင်းကောင်း မိဘထွေးထုတ်လိုက်တဲ့ တံတွေးတစ်စက် စင်တာလောက်ပဲရှိတယ်တဲ့....

ကိုယ့်အပေါ် ဘယ်သူတွေ ဘယ်လိုကောင်းကောင်း မသာယာတတ်ဖို့ အသိအမြဲရှိဖို့ မေမေ အမြဲသတိပေးနေတာလေးကို မမေ့ပါဘူးမေမေ....

ဒီလိုနေရာမျိုးမှာ ကူညီမယောင်နဲ့ ချောက်ထဲတွန်းချဖို့ ကြိုးစားနေတဲ့ သူတွေအများကြီးတွေ့နေရတော့ ပိုပြီး ကျေးဇူးတင်မိတယ် မေမေ့ကို...

အစစအရာရာ ကြိုတင်ပြင်ဆင်တတ်ဖို့ သတိရှိဖို့ ရှောင်နိုင်ဖို့ ငယ်ငယ်ကတည်းက ကြိုပြီး အသိပေးထားခဲ့လို့ပါ....

မေမေ့သမီးက အခက်အခဲ ကြုံလာမှ မေ့မေ့ကို သတိရတာမဟုတ်ပါဘူး .... အမြဲတမ်း တမ်းတနေပါတယ်....

တစ်ယောက်တည်း စိတ်ဓါတ်ကျ အားငယ်နေတဲ့ အချိန်တွေမှာတော့ အပြင်းပြဆုံးတောင့်တမိတာ မေမေ့ကိုပါ...

တခါတရံ ဘာရယ်မဟုတ်ပဲ တစ်ယောက်တည်း အထီးကျန်နေတဲ့ အချိန်တွေ စိတ်ဓါတ်တွေ အကြီးအကျယ် ကျနေတဲ့ အချိန်တွေ အကြောင်းတစ်ခုခုကြောင့် လူတွေကို စိတ်နာမိတဲ့အချိန်မှာတော့ မေမေ့ကို ဖုန်းဆက်ပြီး အားသစ်တွေ ပြန်မွေးရပါတယ်....

ဘာမှမပြောရသေးခင် မေမေ့အသံကြားရုံလေးနဲ့တင် စိတ်သောကတွေ လွင့်စင်ကုန်တာဟာ မေမေ့ဆီကရလာတဲ့ ခွန်အားတစ်မျိုး မေမေပေးနေကျ အင်အားတစ်မျိုးကြောင့်ပဲ ဖြစ်မှာပါ မေမေ...

မေမေရေ... အလိုချင်ဆုံး အတောင့်တဆုံးဆုက မေမေ့ဆီက ချစ်ခြင်းမေတ္တာနဲ့ ခွန်အား တစ်ချို့ပါ မေမေ...

သမီးလျှောက်ရမယ့်လမ်းမှာ ကောက်ကျစ်တဲ့သူတွေကို ရှောင်နိုင်ဖို့
မရိုးသားတဲ့သူတွေကို အရိုးသားဆုံး ယှဉ်ပြိုင်နိုင်ဖို့
သူတပါးရဲ့ အလိမ်အညာတွေ မခံရစေဖို့
သူတပါးကိုကူညီနိုင်ဖို့ ဖြူစင်နိုင်ဖို့
အမှန်တရားတွေ ရှာဖွေဖို့အတွက်
မေမေ့ဆီက ခွန်အားတွေ လိုနေဆဲပါမေမေ....
ခွန်အားမျှပါ မေမေ.....

အမေများသို့

တကယ်ဆို...
လောကကြီးမှာ
အမေဆိုတာ တစ်ယောက်ပဲရှိတယ်...

သူ့ရဲ့ အမေ
ငါ့ရဲ့ အမေ
အမေ့ရဲ့ အမေ
အဖေရဲ့ အမေ
အဘိုးရဲ့ အမေ
အဘွားရဲ့ အမေ
ဆရာရဲ့ အမေ
တပည့်ရဲ့ အမေ
သူပုန်ရဲ့ အမေ
လူဆိုးရဲ့ အမေ
ဖြူတဲ့ အမေ
မည်းတဲ့ အမေ
ချစ်သူရဲ့ အမေ
သူငယ်ချင်းရဲ့ အမေ

ငါတို့အားလုံးရဲ့ အမေ...

ဆင်းရဲတဲ့ အမေ
ချမ်းသာတဲ့ အမေ
ရိုးသားတဲ့ အမေ
ကြိုးစားတဲ့ အမေ
တောရွာက အမေ
မြို့ပြက အမေ
ကောက်စိုက်တဲ့ အမေ
တံငါလုပ်တဲ့ အမေ
စောင်းတီးတဲ့ အမေ
သီချင်းဆိုတဲ့ အမေ
စာရေးတဲ့ အမေ
ကဗျာရေးတဲ့ အမေ
ကမ္ဘာကျော်တဲ့ အမေ
ကမ္ဘာမကျော်တဲ့ အမေ

ငါတို့ အားလုံးရဲ့ အမေ...

ရှင်စောပုလဲ အမေ
သမ္ဘူလလဲ အမေ
မဒ္ဒီဒေဝီလဲ အမေ
မယ်တော်မာယာလဲ အမေ
ယသော်ဓရာလဲ အမေ
နန်းမတော်မယ်နုလဲ အမေ
အောင်ဆန်းစုကြည်လဲ အမေ
ဒိုင်ယာနာလဲ အမေ
အင်ဒီရာဂန္ဒီလဲ အမေ
အင်ဂျလီနာဂျိုလီလဲ အမေ
ဘရစ်တနီစပီးယားလဲ အမေ

သူတို့ အားလုံးလဲ အမေ...

တို့ဗိုလ်ချုပ်ရဲ့ အမေ
ဂဠုန်ဦးစောရဲ့ အမေ
ဦးသန်းရွှေရဲ့ အမေ
ဟစ်တလာရဲ့ အမေ
ဂျဝါဟာလာ နေရူးရဲ့ အမေ
အေဗရာဟင်လင်ကွန်းရဲ့ အမေ
အိုင်စတိုင်းရဲ့ အမေ
အက်ဒီဆင်ရဲ့ အမေ
ကိုလံဘတ်စ်ရဲ့ အမေ
ဗာစကိုဒဂါးမားရဲ့ အမေ
ငဇင်ကာရဲ့ အမေ
သီပေါမင်းရဲ့ အမေ
ဘီလ်ဂိတ်ရဲ့ အမေ
ဘန်ကီမွန်းရဲ့ အမေ

သူတို့ အားလုံးရဲ့ အမေ...

ဖြူစင်တဲ့ ချစ်ခြင်းတွေ တူတယ်
ထားရှိတဲ့ နှောင်ကြိုးတွေ တူတယ်
သူတို့ရဲ့ မေတ္တာတွေ ဖြုသလို
အားလုံးရဲ့ နို့ရည်တွေ ဖြုတယ်...

သိပ္ပံပညာတွေ တိုးတက်
လောကဓါတ်ပညာတွေ ထွန်းကား...
ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်နေလဲ
သူတို့ နို့ရည်တွေကို အရောင်မပြောင်းစေနိုင်ပါဘူး...


ပုခက်လွှဲတဲ့လက်တွေ
ကမ္ထာကို ကိုင်လှုပ်တဲ့ လက်တွေ...
အံ့မခန်းတဲ့ အစွမ်းတွေ နဲ့ အမေ...
ငါတို့ အားလုံး အားလုံးရဲ့ အမေ...

အမေများအာလုံး ချမ်းမြေ့ပါစေ....


ပြာသိုလပြည့်အမေနေ့ အမှတ်တရ

သောကြာနေ့

ဒီနေ့ သောကြာနေ့ ညနေစောင်းကတည်းက အိမ်ပေါက်ဝကို မျှော်နေခဲ့တာ ခုညကိုးနာရီ ကျော်နေပြီ။
သားမလာသေး။ အမေ စိတ်ပူစပြုလာပြီ။ တကယ်ဆို အမေ မျှော်နေမှာ သားသိသည်။ မနက်ကတည်းက သားကို သေသေချာချာ မှာလိုက်ပြီးသား။ သား မအားလို့လား၊ မြေးလေးတွေများ ဖျားနာနေလား။ အတွေးတွေနဲ့ အမေစိတ်ပူနေသည်။

သားနဲ့ အမေနဲ့ ကြားက အစဉ်အလာတစ်ခုက အပတ်စဉ် သောကြာနေ့တိုင်း အမေ့အိမ်အသုံးစရိတ်ကို သားကလာပေးနေကျ။
လွန်ခဲ့တဲ့ ၁၅နှစ် သားအလုပ်စဝင်ကတည်းက မပြောင်းမလဲ ရှိခဲ့တဲ့ အစဉ်အလာလေး။ သားအိမ်ထောင်မကျခင်ကဆို သောကြာနေ့ ညတိုင်း သားပြန်လာမယ့် အချိန်တွေကို မျှော်နေကျ။ သားကလည်း အမေ့အတွက် စားစရာတွေ တပွေ့တပိုက်နဲ့ ပြန်လာနေကျ။ သားအမိတွေ စကားစမြည်ပြောရင်း ပြုံးလို့ပျော်လို့။

ပြီးတော့ တပတ်စာ အတွက် အသုံးစရိတ်တွေကို အမေ့ကို အပ်နေကျ။ ဒီအသုံးစရိတ်တွေနဲ့ မလောက်မင ဖြစ်တိုင်း အမေက ထပ်ပြီးတောင်းနေကျ။ သားကစည်းကမ်း ကြီးလွန်းလှသူတစ်ယောက်။ လိုသလောက်ပေးပေမယ့် အမေက စာရင်းတိတိကျကျပြရသည်။ သူလူပျိုဘဝတုန်းက သူ့ပိုင်ဆိုင်မှု ဘာကိုမှ အမေသိခွင့်မရခဲ့။

ခုတော့ သားအိမ်ထောင်ကျတာ ခုနှစ်နှစ်လောက်ရှိခဲ့ပြီ။ အစဉ်အလာ ကတော့မပျက်ခဲ့။ တစ်ချို့တစ်ချို့ သော အစဉ်အလာလေးတွေ ကလွဲလို့ပေါ့။ စနေတနင်္ဂနွေတွေဆို သားရုံးပိတ်သည်။ စနေနေ့တိုင်း သားကြိုက်တတ်တဲ့ ပဲကုလားဟင်းနဲ့ အာပြဲခြောက်ကျော် ကိုအမေချက်ပေးနေကျ။ ဒီအစဉ်အလာက ခုထိမပျက်ခဲ့ သားကခုချိန်ထိ မပြောင်းမလဲ အမေချက်သမျှ လာစားနေကျ။ ပြောင်းခဲ့တာတစ်ချို့က သောကြာနေ့ ညတိုင်း သားဝယ်လာနေကျ စားစရာတစ်ချို့ နဲ့ ကော်ဖီ။ တစ်ခါတစ်ရံ သားကမမေ့မလျှော့ ဝယ်လာတတ်ပေမယ့် တစ်ခါတစ်ရံကျတော့ သားကအမေ့ကို မေ့နေတတ်သည်။ အမေက သတိတရနဲ့မေးတိုင်းလဲ ချွေးမလေးအတွက်ဝယ်လာတဲ့ အထဲကမှ တစ်ဝက်ကို အမေရတတ်သည်။ နောက်ပိုင်းကျတော့ သားမေ့ပြီးဝယ်မလာလဲ အမေမမေးတော့ပါ။ အမေ့အတွက် ကော်ဖီဝယ်ဖို့ မေ့နေခဲ့တဲ့ အပတ်တိုင်း ရေနွေးကြမ်းကို လက်ဖက်ခြောက်မွှေးမွှေးလေးနဲ့ အမေအစားထိုးတတ်နေပြီ။ ချွေးမလေး မျက်နှာညိုမှာစိုးပါသည်။

သားအိမ်ထောင်ပြု လိုက်ပြီဆိုတာကိုလဲ သားအသိပေးမှ အမေသိခွင့်ရခဲ့ပါသည်။ သားတို့လက်မှတ်ထိုးပြီးမှ အမေ့ကို ဧည့်ခံပွဲလုပ်ဖို့ တိုင်ပင်ရင်း အသိပေးခဲ့တာပါ။ ဒီသားက အမေ့အတွက် သားကြီးဖြစ်သလို အမေအားကိုးနေရတဲ့ သားတစ်ယောက်မို့ ဒီကိစ္စမှာတော့ အမေ တော်တော် ဝမ်းနည်းခဲ့ရပါသည်။ အမေ့မှာဘာမှ ကြိုတင်သိခွင့်မရခဲ့။ သိခဲ့ရင်လဲ သားကိုအမေက တားဖို့ စိတ်ကူးနည်းနည်းလေးမှ မရှိခဲ့ပါ။ ပြီးတော့ သားက သူတို့အတွက်အစစအရာရာ ကြိုတငိစီစဉ်ထားခဲ့ပြီးသား သားလက်ထပ်ပြီးရင်နေဖို့ အမေတို့နဲ့ မနီးမဝေးမှာ အိမ်လေးတစ်လုံးဝယ်ထားပြီးသား။ ဒါကိုသားက အသိပေးတော့ အမေ့မှာ မယုံနိုင်အောင် အံ့သြခဲ့ရပြန်ပါသည်။ သားမှာ ဒီလောက်များပြားတဲ့ ငွေတွေ စုထားတယ်ဆိုတာ အမေလုံးဝမသိခဲ့ရ ဘယ်တုန်းက ဘယ်လိုစုခဲ့တာလဲ ဒါကိုလဲ အမေလုံးဝမသိ။ အမေသိခဲ့တာက အပတ်စဉ် သောကြာနေ့တိုင်း အမေသုံးဖို့ အိမ်စရိတ်ကို သားဆီမှ လောက်ငှရုံရနေတာပါပဲ။ ဒါပေမယ့် သားအတွက် အမေဝမ်းသာဂုဏ်ယူ မိပါသည်။

သားအိမ်ထောင်ကျပြီးနောက်ပိုင်း အမေ့သောကြာနေ့တွေက အဓိပ္ပါယ်မဲ့လို့ သွားခဲ့ပါသည်။ သားကသူ့အိမ်ကို အရင်ပြန်ပါသည်။
ပြီးမှ အမေ့အိမ်ကိုလာပါသည။ အမေ့အိမ်စုတ်ကလေးကို သားကသံယောဇဉ်ရှိနေဆဲပါ ဒါပေမယ့် သားရဲ့ဇနီးလေးကတော့ အမေ့အိမ်လေးက ကျဉ်းကျဉ်းကြပ်ကြပ် အသက်ရှုကျပ်တယ် ဆိုပြီး လာလေ့လာထမရှိပါ။ အမေကသာ ချွေးမလေးဆီသွား နေရတာများပါသည်။ မြေးလေးတွေရလာတော့လဲ အမေ့မှာနေ့ပိုင်းဆို မြေးလေးတွေကို သွားကြည့်ရတဲ့ အလုပ်ကတိုးလာပါသည်။
မြေးအကြီးလေး စကားစပြောတတ်ကာစက အမေ့အိမ်ကို လာလည်ပါသည်။ ပြီးတော့ဆော့ကစားရင်း မထင်မှတ်ပဲ ပြောလာသည့် စကားလေးက အမေ့နားထဲက မထွက်တော့ပါ။ ဘွားဘွားကြီးအိမ်က ခြင်ကိုက်တယ် သားတို့အိမ်မှာ ခြင်မကိုက်ပါတဲ့ မပီကလာပီကလာနဲ့ မြေးလေးကပြောလာတော့ အားလုံးကဝိုင်း ပြီးရယ်ကြပေမယ့် အမေ့စိတ်ထဲမကောင်းလှပါ။
နောက်ပိုင်းမှာ မြေးလေးတွေကို အိမ်ကို မခေါ်တော့ပါ မြေးကလေးတွေခြင်ကိုက်မှာစိုးပါသည်။

ခုနောက်ပိုင်းမှာ သားကတစတစ အလုပ်တွေများလာပါသည်။ စီးပွားရေး အခြေအနေကလဲ ကောင်းလာပါသည်။ အဘက်ဘက်က တိုးတက်လာပါသည်။ အဆောင်အယောင်တွေလဲ များလာပါသည်။ အိမ်ရှေ့မှာ သားရဲ့ကားရပ်ပြီး အမေ့ဆီလာတိုင်း ပတ်ဝန်းကျင်က အထင်ကြီးတဲ့အကြည့်တွေနဲ့ သားကိုကြည့်ကြပါသည်။ ပြီးတော့ အမေ့ကို စပ်စုကြပါသည်။ ဒါပေမယ့် အမေကတော့ အမေ့အိမ်စုတ်လေးမှာ သားပေးနေကျ မပြောင်းလဲတဲ့ တစ်ပတ်စာအသုံးစရိတ်လေးနဲ့ လောက်ငအောင် စီမံနေရဆဲ။

တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အမေ တိုက်ပွဲဝင်နေဆဲ။ တခါတရံ ချွေးမလေးက စိတ်လိုလက်ရ ဈေးလိုက်ဝယ်ဖို့ခေါ် တတ်ပါသည်။ သား မောင်းတဲ့ကားကြီးစီးလို့ မိသားစု ပျော်ပျော်ပါးပါးဈေးဝယ် ကြပါသည်။ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ အမေဝယ်ခဲ့သမျှစာရင်းတွေကို ချွေးမလေးကစာရင်းစာအုပ်ထဲမှာ မှတ်ထားတတ်ပါသည်။ အဲဒီအပတ်အတွက် အမေရတဲ့ အိမ်စားရိတ်ထဲကနေ သားကလဲပြန်နှုတ်ယူတတ်ပါသည်။ ဒါပမယ့် အမေဘာမှမပြောခဲ့ပါ။ သားမျက်နှာညိုမှာ စိုးပါသည်။

တခါတရံ အမေတို့ အဖေတို့ဖျားနာလို့ လိုအပ်တဲ့ စရိတ်လေးတွေတောင်းတိုင်း သားကချွေးမလေးဆီမှာ တောင်းခိုင်းတတ်ပါသည်။ ချွေးမလေးက ပေးတော့ပေးပါသည် ပေးပြီးတိုင်း စာအုပ်ထဲမှာ မှတ်ထားပါသည်။ ချွေးမလေးဆီမှာ တောင်းရတိုင်း အမေဝမ်းနည်းရပါသည်။ တကယ်တော့ အမေဆိုတာ သားရှိနေသရွေ့ ချွေးမဆီမှာ လက်ဖြန်ဖို့မလိုပါ။ ဒါပေမယ့် သားအလိုကျ ချွေးမလေးရှေ့မှာ အကြိမ်ကြိမ်လက်ဖြန့် ခဲ့ပါသည်။ တစ်ခါတစ်ရံ ချွေးမလေးက စကားပြောမတတ်ပါ။ အမေတို့ကို ငြိုငြင်ချင်ပါသည်။ ဒါပေမယ့် မိန်းမတို့ သဘာဝ သူအဖိုးတန် ရွှေထည်ပစ္စည်းတွေဝယ်တိုင်း အမေ့ကို ခေါ်ပြတတ်ပါသည်။ ချွေးမလေးက သားထံမှ မြောက်များလှစွာသော အဖိုးတန်ရတနာတွေ ရတတ်ပါသည်။ အမေစဉ်းစားကြည့်သလောက် ခုချိန်ထိ အဖိုးတန်ရတနာတွေ သားထံမှ တစ်ခါမှမရစဖူးပါ။ ဒါပေမယ့် ချွေးမလေးကိုယ်စား အမေဝမ်းသာရပါသည်။

အမေဘယ်တုန်းကမှ သိခွင့်မရခဲ့တဲ့ သားရဲ့ ငွေစုဘဏ်စာရင်းကို ချွေးမလေးက ထိန်းသိမ်းစောင့်ရှောက်ခွင့်ရပါသည်။ သားငွေထုတ်ဖို့ ကြုံလာတိုင်း ချွေးမလေးထံမှ ဘဏ်ငွေစုမှတ်တမ်းလေးကို တောင်းနေကျပါ။ ဒါပေမယ့် အမေက မစပ်စုတတ်ပါ။
သိလည်းမသိချင်ခဲ့ပါ။ အပတ်စဉ် သောကြာနေ့တိုင်း သားပေးလာမယ့် အိမ်သုံးစရိတ်လေးကိုသာ စိတ်ဝင်စားပါသည်။ ဘယ်ချိန်မှာ ပိုတိုးပေးမလဲဆိုတာကိုသာ မျှော်နေမိပါသည်။ တကယ်မှာတော့ သားပေးတဲ့ တစ်ပါတ်စာ အိမ်အသုံးစရိတ်လေးဟာ ချွေးမလေးအတွက်တော့ တစ်ရက်စာအသုံးစားရိတ်နဲ့ အတူတူဖြစ်နေတာတော့ ချွေးမလေးပြောပြနေကျမို့ အမေသိနေတာကြာပါပြီ။
အမေက ဝါရင့်အိမ်ရှင်မမို့သာ ဒီအသုံးစရိတ်လေးကို လောက်ငှအောင် စီမံခန့်ခွဲနိုင်တာလို့လဲ ဂုဏ်ယူနေကျပါ။

ဒီနေ့တော့ အမေသားကိုမျှော်နေပါသည်။ အဖေ့ကိုဆေးခန်းပြဖို့ သားလာမှဖြစ်ပါမည်။ ညနေတုန်းက အဖေဆေးခန်းပြဖို့ ကိစ္စပြောတော့ ချွေးမလေးက အမေ့ကိုပြောပါသည် သူ သားနဲ့ စာရင်းတွေရှင်းရတော့မှာမို့ သားဆီကသာတောင်းပါ သားခွင့်ပြုရင်လာယူပါ ဆိုပြီးထုံးစံအတိုင်းပြောပါသည်။ တကယ်တော့ ဒီညဆေးခန်းပြရမှာကို သားသိပါသည် ချွေးမလေးကိုမှာဖို့ သူမေ့နေတာဖြစ်မည် ဘာပဲဖြစ်ဖြစ် ဒီညအဖေဆေးခန်းပြဖို့ သားအချိန်မီလာမှ ဖြစ်ပါမည်။
အဖေကသွေးတိုးတက်လို့ အိပ်ယာထဲမှာ သားအလာကိုစောင့်နေပါသည်။

အဲဒီညက သားအမေ့ဆီ ရောက်မလာခဲ့ပါ။ နောက်နေ့ မနက်စောစောမှာတော့ ရောက်လာပါသည်။ ဒါကသားရဲ့ ချစ်စရာ အကျင့်လေးပါ။ သူညဘက်လာဖို့ ပျက်ကွက်တိုင်း မနက်စောစောလာနေကျ။

ဒါပေမယ့် သားလာတဲ့ အချိန်မှာ အဖေက သွေးတိုးတွေတက် နေတာလား မှိန်းနေတာလား ခေါင်းမထူနိုင်တာလား မသိ။
ခေါ်လို့မရတော့ ဒါနဲ့ပဲ အဖေ့ကို သားရဲ့ ကားပေါ်တင်ပြီး အမေတို့ ဆေးရုံကို အမြန်ဆုံးရောက်အောင် ပို့ကြပါတယ်။
ဆေးရုံရောက်တော့ အဖေ့သွေးတိုးက အဆမတန်တက်နေတာကို တွေ့ရပါတယ်။ အဖေကနှလုံးရောဂါလဲ ရှိတာမို့ အဖေ့ကို ICU ထဲပို့ထားရပါတယ်။

အမေကတော့ သားကို ဘာဆိုဘာမှမပြောပါ။ ညတုန်းကသား အလုပ်များနေလို့ အမေ့ဆီမလာနိုင်တာပဲ ဆိုတာအမေနားလည်ပြီးသားပါ။ ခုချိန်မှာတော့ အဖေ့အတွက်ပဲစိတ်တွေပူနေတာပါ။ သားက အစဉ်အလာမပျက် အမေတို့ဆီလာနေတာကိုပဲ ကျေးဇူးတင်လို့မဆုံးပါ။

နေ့လည်ဘက် အဖေ့အခြေနေက တိုးတက်လာတာမို့ သားကအမေ့ကို အိမ်ကို ပြန်လိုက်ပို့ပါတယ်။ အပြန်ကားပေါ်မှာတော့ သားမျက်နှာ သိပ်မကောင်းလှပါ။ မနေ့ညကကိစ္စကိုလဲ ဘာမှမပြောပါ။ နှုတ်ဆိတ်နေပါတယ်။ တစုံတရာကို သူစဉ်းစားနေပုံရပါတယ်။
အမေကလဲ သားကိုမနှောင့်ယှက်ချင်တာမို့ တလမ်းလုံးဘာမှမပြောပဲ ငြိမ်ပြီးလိုက်လာပါတယ်။

အမေကားပေါ် ကဆင်းတော့ အမေထိုင်ခဲ့တဲ့ ဆိုဖာခုံလေးပေါ်မှာ သားတို့အိမ်က စာရင်းစာအုပ်ကိုတွေ့ပါတယ်။ မနက်တုန်းကတော့ အမေက အဖေ့ဇောနဲ့မို့ သတိမထားမိခဲ့တာပါ။ ဒီစာအုပ်လေးက အမေနဲ့တော်တော်ရင်းနှီးနေတဲ့ စာအုပ်လေးပါ။ သားပေးတဲ့ အပတ်စဉ် အသုံးစားရိတ်ကလွဲလို့ အမေလိုအပ်လို့ တောင်းတဲ့အခါတိုင်း သားတို့က ဒီစာအုပ်လေးထဲမှာ မှတ်နေကျပါ။
စာအုပ်လေးထဲမှာ စာရင်းစာရွက်တွေ အမြောက်အများ ခြောက်နှစ်ကျော် ခုနှစ်နှစ်စာ ချွေးမလေးဆီမှာ အမေ လက်ဖြန့်ခဲ့ရတဲ့ အသေးစိတ်စာရင်းလေးပါ......

ဒီနေ့ဒီစာအုပ်လေးကို ဘာလို့ယူလာတာလဲ ဆိုတဲ့အတွေးနဲ့ စာအုပ်လေးကို အမေကိုင်ကြည့်တော့ ရုတ်တရက် သားကအမေ့လက်ထဲက စာအုပ်လေးကို ပြန်ယူသွားပါတယ်...

ပြီးတော့ သားကတိုးတိုးလေးပြောပါတယ်...
သူကအလုပ်သဘောအရသာ သူ့အသုံးစရိတ်တွေကို မှတ်တမ်းတင်ထားတာပါ... ဘာရည်ရွယ်ချက်မှမရှိပါဘူးတဲ့...
အမှန်တကယ်ဆိုရင် သားရှာတဲ့ပိုက်ဆံဟာ အမေတို့ အတွက်ပါပဲတဲ့။....
ပြီးတော့ အမေတို့ဆီကို သောကြာနေ့တိုင်း မပျက်မကွက်လာဖို့ ဘယ်တော့မှ မပျက်ကွက်ဖို့ ထပ်ပြီးကတိပေးပါတယ်....

မျက်ရည်တွေကြားကအမေက ပြုံးနေပါတယ်....
အမေ့ရဲ့ သောကြာနေ့တွေ အသက်ပြန်ဝင်လာပါပြီ....


သားကိုချစ်တဲ့ အမေတစ်ယောက်ရဲ့ ဘဝအပိုင်းအစလေးပါ။

မေမေ

ကဗျာတွေရေးပြီး
စာတွေဖတ်ဖို့
သုတ ရသတွေ ခံစားတတ်ပြီး
မျှဝေစေဖို့
တွေးခေါ်မြော်မြင်တတ်ဖို့
အတ္တမကြီးဖို့
စာနာတတ်ဖို့
နားလည်တတ်စေဖို့
သစ္စာရှိဖို့
ရောင့်ရဲတတ်စေဖို့
အရာရာကို
သင်ကြားပေးခဲ့
လမ်းပြပေးခဲ့
ဆုံးမခဲ့တာတွေ
ဘယ်လောက်ဝေးဝေး
စိတ်ထဲမှာနီးနီးလေး
လေလှိုင်းကြားက
မေ့သံတွေကြားတိုင်း
မျက်ရည်ဝိုင်းလို့
လွမ်းနေရတယ်........
အဝေးကြီးဆိုပေမယ့်
မေမေနဲ့သမီးကြားမှာ
နံရံတစ်ချပ်ပဲခြားပါတယ်
နားလည်မှု နံရံလေးပေါ့
မဝေးလှတဲ့မနက်ဖြန်မှာ
ပြန်ဆုံမယ်
အရမ်းချစ်တယ်မေမေ..............


ပထမဆုံးပို့စ်ကိုမေမေ့အတွက်ရေးလိုက်ပါတယ်။ သမီးရဲ့တိုးတိုးဖော် အားပေးဖော်မေမေ့ အတွက်မှတ်တရ။

My Blog List