Showing posts with label အမှတ်တရလေးတွေ. Show all posts
Showing posts with label အမှတ်တရလေးတွေ. Show all posts

သက်တန့်တွေကို မုန်းတဲ့ နေ့

သူမ နာမည်ကို မပြောလိုတဲ့အတွက် သူမလို့ပဲ သုံးပါရစေ။ သူမနဲ့ ကျွန်မက ပုလဲတွေ အကြောင်းပြောကြရင်း ရင်းနှီးခဲ့ကြတာကို မှတ်မိတယ်။ သူ့နားမှာဝတ်ထားတဲ့ ပုလဲ နားကပ်လေး အကြောင်းကနေစတဲ့ သူငယ်ချင်း ဇာတ်လမ်းလေးပါပဲ။ သူမက ပုလဲ လေးတွေကို ချစ်တဲ့ အေးချမ်းတဲ့ ကောင်မလေးတစ်ယောက်….တိုက်ဆိုင်တာက သူတို့ လူမျိုးတွေကလဲ ပုလဲ ကို မိန်းကလေးတွေအတွက် ကံဆိုးစေတဲ့ ရတနာလို့ သတ်မှတ်ထားကြတယ်။ အိမ်ထောင်မကျခင် ပုလဲရတနာဝတ်ဆင်တာကို အမေတွေက မကြိုက်ဘူးဆိုပေမယ့် ကျွန်မသူငယ်ချင်းမလေးကတော့ စွဲစွဲမြဲမြဲဝတ်ခဲ့တယ်။

အလုပ်ထဲမှာ ကျွန်မတို့ နှစ်ယောက် ရင်းရင်းနှီးနှီးတွဲဖြစ်ကြတယ်။ တစ်ယောက်ပျောက်ရင် တစ်ယောက်က လိုက်ရှာနေကြတာမျိုး။ လူမျိုးချင်းမတူပေမယ့် မိဝေးဖဝေး အလုပ်လာလုပ်ကြသူအချင်းချင်းမို့ တစ်ယောက်ကို တစ်ယောက် ဖေးမကြတယ်။ ရင်ထဲမှာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ကြတယ်။ သူ့မွေးနေ့မှာ ဘုရားကျောင်းသွားတော့ ကျွန်မက သူ့ဘေးနားမှာ။ ကျွန်မ သူငယ်ချင်းတွေ အိမ်မှာ အလှူတွေ လုပ်ကြတော့လဲ သူမက ကျွန်မနဲ့အတူတူလိုက်ပြီး မြန်မာစာတွေ နှစ်နှစ်သက်သက်စားတယ်။ ကျွန်မက သူ့မိသားစု တစုလုံး သူ့ဆွေမျိုးတွေ အားလုံးနဲ့ ရင်းနှီးသလို သူ့အိမ်ကိုလဲ ရောက်အောင်သွားခဲ့ဘူးတယ်။

ဒီလောက်ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့ကြပေမယ့် သူ့ရဲ့ အချစ်ရေးကိစ္စတွေ ကျွန်မ ဘာမှ မသိခဲ့ရဘူး။ သူမက ခံစားချက်တွေကို သိုသိပ်နိုင်လွန်းသူ ချစ်သူမရှိသူလို့ ကျွန်မသိခဲ့ရတာ။ တစ်ခါတုန်းကတော့ သူစိတ်ဝင်စားသူ တစ်ယောက် ရှိတာကို ကျွန်မကို ပြောပြဖူးတယ်။ ကျွန်မသူငယ်ချင်းမလေးက ကိတ်မုန့်ဖုတ်တာ သိပ်တော်သလို အလုပ်လာတိုင်း ကျွန်မနဲ့ အခြားသူငယ်ချင်းတွေအတွက် ကိတ်မုန့်လေးတွေ ယူလာပေးတယ်။ သူမ သဘောကျတဲ့ တစ်ယောက်ကိုလဲ သူ့လက်ရာ ကိတ်မုန့်လေးကို ကျွန်မရှေ့မှာပဲ မျှဝေခဲ့ဘူးတယ်။

ကံဆိုးချင်တော့ သူမနှစ်သက်မိတဲ့ မဟာယောက်ျားသားက သူမကို လျော့တွက်တာက စတယ်။ ဇာတ်လမ်းမစခင်မှာပဲ မိန်းကလေးတစ်ယောက် သိက္ခာကို ထိပါးစေမယ့် စကားတစ်ခွန်းပြောခဲ့တဲ့ နောက်မှာ သူတို့ ဇာတ်လမ်းက မစမီက ဆုံးသွားခဲ့တယ်။
မြန်မာမဟုတ်တဲ့ မိန်းကလေးဆိုပေမယ့် မြန်မာမိန်းကလေးတွေလိုပဲ စည်းကမ်းနဲ့ နေထိုင်တတ်သူ မိန်းကလေး မာနနဲ့ သိက္ခာကို တပြားမှ အထိမခံသူမို့ ကျွန်မသူ့ကို မချီးကျူးပဲ မနေနိုင်ခဲ့ဘူး။ ကောင်းမွန်တဲ့ မိဘ အသိုင်းအဝိုင်းက ဆင်းသက်လာသူပီပီ ဘောင်းဘီတိုလေးတွေ ပေါ့ပေါ့ပါးပါး ဝတ်တတ်တာကလွဲလို့ တီရှပ်လေးတွေကိုပဲ လုံလုံးခြုံခြုံဝတ်တတ်တယ်။ ဟော့ဟော့ရမ်းရမ်းမရှိခဲ့ဘူး။

သူ နောက်ရာထူးတစ်ခုအတွက် အလုပ်လျှောက်တော့ မမေ့မလျော့ ကျွန်မကို တွဲခေါ်တယ်။ အပျင်းထူနေတဲ့ ကျွန်မဘေးမှာထိုင်ပြီးတော့ကို အဲဒီအလုပ်ကို လျှောက်ခိုင်းခဲ့တာ။ ပထမ အင်တာဗျူး ဒုတိယအင်တာဗျူးတွေ ဖြေတော့လဲ အတူတူ။ ဘေးချင်ကပ်ရက် ဖြေခဲ့ကြတာ။ သူကကိုယ့်ထက် မိနစ်ပိုင်းစောဖြေရတဲ့ လူတွေ့အင်တာဗျူးမှာတောင် ထွက်ထွက်ချင်း ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုတာ အပြေးအလွှားပြောပြခဲ့သေးတယ်။ နောက်ဆုံးအတူတူပဲ အင်တာဗျူးအောင် ရာထူးတက်တယ်။ အလုပ်သစ်အတွက် သင်တန်းမစခင် နှစ်ယောက်သား အပြေးအလွှား ခရီးထွက်လိုက်ကြသေးတယ်။

နေရာသစ် ဌာနသစ်ရောက်ပြီး တစ်နှစ်လောက်နေတော့ သူအလုပ်ထွက်မယ်ဆိုတာ ကျွန်မကို အရင်ဆုံးအသိပေးတယ်။ ပြီးတော့ အိမ်ပြန်သွားခဲ့တယ်။ မိသားစုအတွက် သူအိမ်ပြန်ဖို့လိုတယ်လို့ပဲ ပြောခဲ့တာ။ သူ့မိသားစုက ပြည့်စုံတဲ့ မိသားစု သမီးကြီးဖြစ်တဲ့ သူငယ်ချင်းက မိဘနားမှာ နေဖို့လိုပီပြောတော့ သူ့ကို ကျွန်မ မတားခဲ့ဘူး။
သူပြန်သွားပြီး သိပ်မကြာခင်မှာ သူပြန်ရတဲ့ အကြောင်းရင်းကို သိခွင့်ရခဲ့တယ်။ သူ့သတင်းကို အမြဲနားစွင့်နေတဲ့ ကျွန်မဆီကို သူငယ်ချင်းတွေက သတင်းလေးတွေ သယ်လာပေးတတ်တယ်။

သူ မင်္ဂလာဆောင်တော့မယ် မင်္ဂလာဆောင်ဖို့ လိုအပ်တာတွေ စီစဉ်နေပြီ လို့ သူငယ်ချင်းတစ်ယောက်က ပြောလာတော့ အတိုင်းမသိဝမ်းသာရတယ်။သူတို့ဆီမှာ သတို့သမီးလောင်းတစ်ယောက်က မင်္ဂလာမဆောင်ခင် workshop လေးတွေ တက်ရတယ်လို့ ပြောကြတယ်။ သူလဲ အလုပ်ရှုပ်နေပုံရပါတယ်။ သူ့အသက်အရွယ်အရ အိမ်ထောင်ပြုသင့်နေပီလေ။ ဒါပေမယ့် ကျွန်မကတော့ သူ့ကို မမေးခဲ့ပါဘူး။ သူတချိန်ချိန်မှာ ကျွန်မကို ပြောပြမယ်ဆိုတာ ယုံကြည်နေခဲ့တာကိုး။

သိပ်မကြာခင်မှာပဲ သူ့မင်္ဂလာ သတင်းကို ယူလာတဲ့ သူငယ်ချင်းကပဲ စိတ်မကောင်းစရာ သတင်းကို ယူလာပြန်တယ်။ သူတို့က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ လူတွေဆိုတော့ သူသုံးလိုက်တဲ့ စကားစုက ကျွန်မအတွက် ဆန်းနေတယ်။ သူပြောလိုက်တဲ့ စကားလုံးကြောင့် ကျွန်မ အံ့သြရသလို ထိတ်လန့်တကြားလဲ ဖြစ်ရတယ်။
သူ သိပ်ဝမ်းနည်းနေတယ်လို့ သိနေရတော့ ကျွန်မလဲ နေလို့မရအောင် စိတ်မကောင်းဖြစ်ရတယ်။ သူ့ကို မေးလဲ မမေးရက်ခဲ့ဘူး အရာရာ ပြင်ဆင်ထားပြီး မိဘတွေနဲ့ တွေ့ခါနီးမှ ပျက်သွားတဲ့ မင်္ဂလာပွဲအတွက် သူနဲ့ထပ်တူ ခံစားရတာကိုး။

နောက်ပိုင်းမှာတော့ သူ လိုင်းပေါ်ကနေ မသိမသာ ပျောက်သွားတယ်။ ကျွန်မ မက်ဆေ့တွေပို့တယ် သူ မပြန်ဘူး။ သူဘာတွေ ဖြစ်နေတယ်ဆိုတာ သိချင်စိတ်နဲ့ စိုးရိမ်စိတ်က ရောနေတယ်။ သူ့ဆီက မကြားရမချင်း အဲဒီအဖြစ်အပျက်တွေကို ကျွန်မ လက်မခံနိုင်ဘူးလေ။ ကျွန်မ သိရသလောက် သူတို့ နှစ်ယောက် ငါးနှစ်ကျော် ခြောက်နှစ်လောက် ချစ်ကြပြီးမှ ဒီလိုဖြစ်ကြတာကိုး။ အနေဝေးနေတုန်းကတောင် အခက်အခဲမရှိခဲ့ပဲ ချစ်သူနဲ့ နီးဖို့ အိမ်ပြန်သွားပြီးမှ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကြတာ။

နောက်တော့ သူ့ဆီက မက်ဆေ့တွေပြန်ရတယ် ကျွန်မတို့ ဖုန်းအကြာကြီးပြောဖြစ်ကြတယ်။ သူ့အခက်အခဲတွေ ပြောပြဖို့ အကြိမ်ကြိမ်တိုက်တွန်းတော့မှ အဖြစ်မှန်တွေကို သိခွင့်ရခဲ့တာ။
သာမာန်လူတွေအတွက် သိပ်မထူးဆန်းတဲ့ အဖြစ်အပျက်လို့ ပြောလို့ရပေမယ့် သူ့လို အရှက်အကြောက်ကြီးပြီး အေးချမ်း သိမ်မွေ့တဲ့သူအတွက်တော့ တစ်ယောက်တည်း ကမ္ဘာပျက်နေတာပေါ့။

ပြီးခဲ့တဲ့ အပါတ်က သူ့ကို သတိရလို့ နေကောင်းလား ဘာလားမေးရင်းမက်ဆေ့ပို့လိုက်တယ်။ သူ့ဆီက ပြန်စာ တစ်ကြောင်းတည်းရခဲ့တယ်။
“ငါ အဆင်မပြေဘူး…ငါ့ကို ဆုတောင်းပေးပါတဲ့…”
ဒီလိုမျိုး သူဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး… ရုပ်ရည် ပညာ ဥစ္စာပစ္စည်းအတွက် ပူပင်စရာမရှိတဲ့ မိန်းကလေးတစ်ယောက် အဲလောက် နင့်နင့်သီးသီး ခံစားရမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ တကယ်ဆို လွန်ခဲ့တဲ့ ခြောက်လလောက်က အားလုံး ပြီးသွားပြီဆိုတော့ သူစိတ်ပြေနေလောက်ပြီထင်ခဲ့တာ။ ခံစားရမယ်ဆိုရင်လဲ အနည်းအကျဉ်းတော့ အနည်ထိုင်နေလောက်ပြီလို့ မျှော်လင့်ခဲ့တာ။

ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တယ်.. သူနဲ့ထပ်တူ ဝမ်းနည်းရတယ်. သူက သူများတွေကို ဆူဆူပူပူ ပေါက်ကွဲတတ်တဲ့သူမဟုတ်ဘူး။ ကျွန်မလိုပဲ စိတ်မကောင်းစရာ ကြေကွဲစရာတွေကို တစ်ယောက်တည်း တွေးတွေးပြီး ဝမ်းနည်းနေတတ်တဲ့သူ။ တိတ်ဆိတ် ငြိမ်သက်လွန်းသူတွေရဲ အတွင်းကြေ ဝေဒနာကို ကာယကံရှင်တွေနဲ့ထပ်တူ ဘယ်သူမှ ခံစားနိုင်မယ်မထင်ဘူး။

မနေ့ကညက ကျွန်မကိုယ်တိုင်လဲ စိတ်မကောင်းစရာ အနည်းအကျဉ်းရှိတော့ တညလုံး လိုင်းပေါ်မှာ စာတွေဖတ်နေခဲ့တယ်။ မနက် အိပ်ယာထနောက်ကျတယ်။ ရန်ကုန်က ငယ်သူငယ်ချင်းမလေးက ဒီနေ့ သက်တန့်ရောင်စုံဖြစ်နေတဲ့ ဖေ့ဘုတ်က ပရိုဖိုင်းတွေ အကြောင်းမေးလာတော့ ရုတ်တရက် မဖြေနိုင်ခဲ့ဘူး။ သူပြောင်းထားတဲ့ ပုံလေးကို ချစ်လို့ ike လုပ်ခဲ့သေးတယ်။နောက်မှ အကြောင်းစုံ သိလိုက်ရတော့ သူငယ်ချင်းကို ပြန်ပြောင်းလိုက်နော်လို့ပြောမိတယ်။ ပြောပြီးမှ စိတ်မကောင်းဖြစ်ရတယ်။ တကယ်ဆို သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မစွက်ဖက်ချင်ခဲ့ဘူး။ ဘယ်သူ့ကိုမှလဲ ဘာလုပ်ပါ ဘာတော့ မလုပ်ပါနဲ့လို့ မတိုက်တွန်းခဲ့ဘူး။

ဒီနေ့ တနေ့လုံး အရောင်စုံ ဖေ့ဘုတ်ကြီးကို ဘာရယ်မဟုတ် ထိုင်ကြည့်နေမိတယ်။ ကြည့်နေတာမှ မိနစ်မလပ် စက္ကန့်မလပ် ။ ညက အိပ်ရောပျက်ထားတော့ ကြည့်နေရင်း အိပ်ပျော်ပျော်သွားသေးတယ်။

အရောင်စုံတွေများသထက်များလာတာနဲ့အမျှ သူငယ်ချင်းလေးအတွက် စိတ်တွေပူလာတယ်။ အရင်ကတော့ ကျွန်မနောက်ဆုံးပို့ထားတဲ့ မက်ဆေ့လေးကို သူငယ်ချင်းလေး ဖတ် မဖတ် စောင့်ကြည့်ပြီး သူဖတ်ထားတယ်ဆိုရင် ပျော်နေတတ်တာ။ သူ့ဆီက ပြန်စာကို မျှော်နေတတ်တာ။
အခုတော့ သူ ဒီနေ့ လိုင်းပေါ်ရောက်မလာပါစေနဲ့လို့ ဘယ်နှစ်ကြိမ် ဆုတောင်းမိမှန်းမသိဘူး။ သတိရတိုင်း သူ့ဝေါပေါ်သွားပြီး သူ့သူငယ်ချင်းတွေ ဘယ်သူတွေ သက်တန့်ရောင် ဓါတ်ပုံတွေပြောင်းလဲလို့ သွားကြည့်တယ်။

ကိုယ်ကိုယ်တိုင် မလုံခြုံစိတ်တွေနဲ့ ယောက်ယက်ခတ်နေချိန်မှာ ကိုယ့်ဝေဒနာကို မေ့ပြီး သူ့အတွက် စိတ်ပူနေမိတယ်။ သူ လိုင်းပေါ်ကို မရောက်လာပါစေနဲ့လို့ ဘယ်နှစ်ကြိမ်မှန်းမသိ ဆုတောင်းနေတုန်း။ ဖြစ်နိုင်ရင် ဒီသက်တန့် လှိုင်းတွေ ဖေ့ဘုတ်ပေါ်မှာ ရပ်တန့်သွားတဲ့ အချိန်ကျမှ သူပြန်လာစေချင်တယ်။

သူ့အတွက် ဘာမှ မလုပ်ပေးနိုင်တဲ့ အချိန်မှာ ဘာလုပ်ပေးသင့်လဲ ဆိုတာ ထပ်ကာထပ်ကာ စဉ်းစားနေတုန်း။ ကျွန်မ ဘာဆိုဘာမှ မတတ်နိုင်မှန်းသိနေပေမယ့် အားလုံးကို သက်တန့်ရောင်တွေ မပြောင်းပါနဲ့လို့ တောင်းပန်ချင်မိတယ်။

ဒါဟာ ကျွန်မ သူငယ်ချင်းမလေး တစ်ယောက်တည်း အတွက်မဟုတ်ခဲ့ပါဘူး။

ကိုယ့်ကိုယ်ကို ဘာမှန်း ပြတ်ပြတ်သားသားမသိပဲ မိန်းကလေးတစ်ယောက်ကို နှစ်ပေါင်းများစွာ တွဲပြီး အရှက်ရစေခဲ့သူ။ နောက်ဆုံးအချိန်မှာမှ “ကိုယ် ဘာဆိုတာ ကိုယ်တိုင်တောင် မသိခဲ့ပါဘူး .. ယောက်ျားစစ်စစ်လား အခြောက်လားဆိုတာ မသိနိုင်သေးလို့ မင်းကို လက်မထပ်ပါရစေနဲ့” လို့ အရှက်နည်းလွန်းစွာ ငြင်းရက်ခဲ့တဲ့သူတစ်ယောက်။ ပြီးတော့ သူလို ယောက်ျားတွေအတွက် စိတ်သောက ရောက်ပြီး နင့်နင့်သီးသီး ခံစားခဲ့ရတဲ့ မိန်းကလေးတွေ အားလုံးအတွက်ပါ။

သူငယ်ချင်းရေ နင်ပြောသလို ငါဆုတောင်းပေးနေပါတယ်။။ ကျေးဇူးပြုပြီး လိုင်းပေါ် တက်မလာပါနဲ့...

(ဒီပို့စ်အတွက် မှတ်ချက်ရေးခြင်း သည်းခံပါလို့).

ဆောင်းနှစ်ည


 
ကျွန်မရဲ့သက်တမ်း နှစ်ပေါင်း သုံးဆယ့်သုံးနှစ်ကာလလုံးလုံး တစုံတရာကို အမြဲတစေ စိုးထိတ်ပြီး အလန့်တကြား ကြီးပြင်းခဲ့ရတယ်ဆိုရင်တော့ အဲဒီတစုံတရာဟာ မမြင်နိုင် မတွေ့နိုင်တဲ့ နာနာဘာဝတွေပဲ ဖြစ်ပါလိမ့်မည်။

တစုံတယောက်က ဝိဥာဉ်လောက နာနာဘာဝတွေကို အယုံအကြည်ရှိပါသလားလို့ မေးခဲ့ရင်တော့ နိုး လို့ တခွန်းတည်း ဖြေမိမှာဖြစ်ပါတယ်။ ဘာလို့ နိုး လို့ဖြေရတာလဲဆိုတာကတော့ ရင်ထဲမှာ တချိန်လုံး ကြီးစိုးနေခဲ့တဲ့  အကြောက်တရားကို မသိစိတ်က ခုခံချင်လို့ပဲ ဖြစ်ပါလိမ့်မည်။

ဝိညာဉ်လောက နာနာဘာဝတွေကို ဘယ်အချိန်မှာ စပြီး သိကျွမ်းရင်းနှီးခဲ့တာလဲလို့ ထပ်မေးလာမယ်ဆိုရင်တော့ ကျွန်မအသက် ငါးနှစ်သမီးလောက်ကတည်းက ပါလို့ ဖြေမိမှာဖြစ်ပါသည်။ မူလတန်းကျောင်းသူဘဝကစလို့ ကျွန်မအလန့်ကြီးလန့်ခဲ့ရတဲ့ အရာတွေ ကျွန်မကို အစဉ်အစိုက်ခြောက်လှန့်နေခဲ့တာ မနေ့တနေ့ကအထိ ပူပူနွေးနွေးခံစားခဲ့ရဆဲပါလို့ ပြောလို့ရပါသည်။

မမြင်ရတဲ့ အရာတွေကိုကြောက်စိတ် နေဝင်ချိန်တွေကိုကြောက်စိတ် တစ်ယောက်တည်းရှိနေချိန်တွေကို ကြောက်စိတ် မီးပိတ်ပြီး အမှောင်ထဲမှာ နေရမှာကိုကြောက်စိတ်တွေဟာ ကျွန်မကို လူအများက ဟားချင်စရာ ရယ်ချင်စရာ စိတ္တဇ တစ်ခုလို့ ဆိုလို့ရပါတယ်။

ဘယ်အရာကိုမှမကြောက်နဲ့ ကြောက်စိတ်က ညီမလေးကိ နှစ်ခါပြန် ကျဆုံးစေလိမ့်မယ်လို့ အကိုကြီးက အားပေးခဲ့ဘူးပေမယ့် အဲဒီကြောက်စိတ်တွေကို ဘယ်တုန်းကမှ ဖယ်ရှားမပစ်နိုင်ခဲ့ပါ။
ကျွန်မရဲ့ အိမ်နဲ့ခွဲပြီး တရပ်တကျေးကိုရောက်တဲ့ အချိန်တိုင်း နေရာအသစ်တွေမှာ ကျွန်မ ကြောက်ရွံ့ထိတ်လန့်မိတဲ့ နာနာဘာဝတွေကို တနည်းမဟုတ် တနည်းနဲ့တွေ့ရစမြဲ။
တခါတရံမှာ ငြင်ငြင်သာသာ တွေ့ရသလို တခါတရံမှာတော့ လိပ်ပြာလွင့်စင်မတတ် ဆိုးဆိုးရွားရွားတွေ့ရတတ်ပါသည်။

တခါတရံမှာလဲ ကျွန်မအလုပ်ကို ထိခိုက်စေလောက်တဲ့အထိ ဒုက္ခပေးတတ်ပါသေးသည်။
ကျွန်မမှတ်တာ မမှားဘူးဆိုရင် ယနေ့အချိန်ထိ ကျွန်မပြောင်းရွေ့နေထိုင်ခဲ့ဘူးတဲ့ နေရာပေါင်း ဆယ် နေရာလောက်မှာ အတွေ့အကြုံ  ဆယ်မျိုးထက်မနည်း တွေ့ခဲ့ပြီးဖြစ်ပါသည်။
 (၁)
ကျွန်မငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်တွေကို အဘိုးနဲ့ အဘွားရှိတဲ့ မြို့လေးတစ်မြို့မှာ မောင်နှမတွေနဲ့အတူ မသိမသာ ဖြတ်သန်းခဲ့ရဘူးပါသည်။
အဘိုးရဲ့အိမ်က ပေ ၅၀ ပတ်လည် နှစ်ထပ် ကျွန်းအိမ် မည်းမည်းကြီးဖြစ်ပါသည်။ အိမ်ရဲ့ အရပ်လေးမျက်နှာလုံးမှာ ဝရံတာပါပြီး အိမ်ရှေ့ကနေ အိမ်နောက်ကို ဝရံတာကနေပတ်ရင်တောင် တော်တော် အချိန်ယူရပါသည်။

အိမ်ရဲ့ မျက်နှာစာ အရှေ့တည့်တည့်မှာ မြေနီလမ်းလေး တစ်ခုရှိပြီး မြေနီလမ်းလေးရဲ့ အခြားဘက်မှာတော့ ငှက်ပျောတောနဲ့ ဒူးရင်းပင် ကုက္ကိုပင် ညမွှေးပန်းပင် စင်္ကြာပန်းပင် စတဲ့ သစ်ပင်ကြီးတွေရှိပါသည်။ အိမ်ရဲ့ အနောက်ဘက်ခြမ်းနဲ့ ဘေးဘက်တွေမှာလဲ စားပင်သီးပင်တွေနဲ့ ငှက်ပျောတောတွေ ရှိပါသေးသည်။
အဘိုးကသူ့ရဲ့ နယ်မြို့လေးမှာတော့ အထင်ကရ တိုင်းရင်းဆေးဆရာကြီး တစ်ဦးဖြစ်ပါသည်။ တခါတရံ အခြားနယ်တွေ ရွာတွေကိုကျော်ပြီးတော့လဲ ဆေးကုထွက်ရတတ်ပါသည်။

အဘိုးရဲ့ နယ်မြို့လေးကတော့ စုန်း ကဝေ မှော် အောက်လမ်းအတတ်ပညာတွေနဲ့ နာမည်ကျော်တဲ့ မြို့လေးလဲ ဖြစ်တာမို့ အဘိုးထံပါးမှာ ဆေးကုလာသူ ဝေဒနာသည်တွေက နေ့ည မပြတ်စည်ကားနေတတ်ပါသည်။ တချို့ကတော့ ရပ်ဝေးကနေ ညအိပ်ညနေ ဆေးလာကုကြပါသည်။
အဘိုးရဲ့ အိမ်အပေါ်ထပ်က ဘုရားခန်းကျယ်ကြီးကတော့ အိမ်ကြီးနဲ့ လိုက်ဖက်လွန်းစွာ ကြီးမားခန့်ငြားလှပါသည်။ ဘုရားစင် ပတ်ပတ်လည်မှာ ပထမံဘိုးဘိုးအောင်နဲ့အကွ အခြားသော ထွက်ရပ်ပေါက် ပုဂိုလ်ကြီးများရဲ့ ဓါတ်ပုံများက နေရာအပြည့်ယူထားပါသည်။

အဘိုးရဲ့ ဘုရားစင်က အုန်းပွဲ ငှက်ပျောပွဲလဲချိန်မှာ ရရှိလာတဲ့ အုန်းသီးငှက်ပျောသီးတွေကလဲ ရပ်ကွက်ကို အလှူပေးလို့ရအောင် များပြားလွန်းလှပါသည်။
နေဝင်ရီတရော ညနေစောင်းချိန်တွေတိုင်း ဘုရားစင်ရှေ့မှာ လူနာတွေကို ဆေးကုပေးနေတဲ့ အဘိုးရဲ့ ဟောက်သံဟိန်းသံ တောင်းပန်ခယသံတွေကို မရိုးအောင်ကြားနေရတတ်ပါသည်။

“မင်းဘယ်ကနေ လိုက်လာတာလဲ”
“သူ့ကို ဘာလို့နှောက်ယှက်ရတာလဲ”
“မင်းဘာအလိုရှိလို့လဲ”
“မင်းပေးထားတဲ့ ရောဂါတွေကို ယူပြီး အမြန်ဆုံးပြန်ထွက်သွားစမ်း”
“မင်းငါပြောတာ နားမထောင်ဘူးလား”
“မင်းဒုက္ခရောက်သွားချင်သလား”
“သူ့အသက်ကို ချမ်းသာပေးရင် မင်းအသက်ကိုလဲ ချမ်းသာပေးမယ်”
ဆိုတဲ့ ဒိုင်ယာလော့တွေ စကားပြောခန်းတွေ အပေးအယူ ကိစ္စဝိစ္စတွေ အပြီးမှာတော့ ကျွန်မ အင်မတန်ကြောက်လန့်မိတဲ့ အမိန့်တစ်ခုက ကပ်ငြိပြီး ပါလာတတ်ပါသည်။
“အိမ်ရှေ့က ဒူးရင်းပင်ကို မင်းအတွက်ပေးမယ် ရပ်ကွက်ထဲက လူတွေ ငါ့အိမ်က ကလေးတွေကို မနှောင့်ယှက်ပါနဲ့”
“အိမ်နောက်က ဒန့်သလွန်ပင်မှာ မင်းသွားနေပါ ငါ့ခြံထဲမှာ ဘာသံမှမကြားချင်ဘူး” ဆိုတဲ့ အဘိုးရဲ့ အမိန့်တွေကြား သွေးပျက်ခြောက်ခြားစွာ အမေ့ရင်ခွင် အဘွားရင်ခွင်ထဲ တိုးဝင်မိသူက အသည်းငယ်လွန်းသူ ကျွန်မတစ်ယောက်တည်း။

ကျွန်မတို့ ကလေးတွေအကုန်လုံးကို နဖူးဆံစပ်တွေမှာ စုပ်ထိုးပေးထားတာမို့ အဘိုးရဲ့ အရိပ်အောက်မှာ အန္တရာယ်ကင်းစွာနေနိုင်ခဲ့ပေမယ့် အဘိုးဆီကို ရောဂါကုဖို့ရောက်လာသူ ဝေဒနာသည်တွေ ညနေစောင်းမှာ ရောက်မလာဖို့ တဖွဖွ ဆုတောင်းခဲ့ဘူးပါသည်။

မျက်ထောင့်နီကြီးတွေနဲ့ ရောက်လာတတ်တဲ့ စုန်းကဝေ ပြုစားခံရသူတွေကို တုန်နေအောင်ကြောက်လှသလို ဝေဒနာကျွမ်းပြီး သေအံ့မူးမူးရောက်လာတတ်သူ အပမှီနေသူတွေကိုလဲ ကြောက်လှပါသည်။
အဘိုးရဲ့ ဝေဒနာသည်အချို့ကို ကြောက်ရွံ့တတ်ပေမယ့် တခါတရံ အင်းပြားလေးတွေကို မျက်စိမှာ ပိတ်ဖြူစနဲ့ စည်းပြီး လူပျောက်ရှာချိန်တွေမှာတော့ အဘိုးရဲ့ ဘုရားစင်ရှေ့မှာ ကျွန်မတို့ကလေးတွေ စုပြုံတိုးဝှေ့ပြီး ပျော်ရွှင်ခဲ့ဖူးပါသည်။

(၂)
တောင်ပေါ်မြို့လေးတစ်မြို့ ဂေါက်ကွင်းကြီးထဲမှာ ရှိတဲ့ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ခဲ့စဉ်အချိန်တုန်းက ဟိုတယ်ကပေးတဲ့ အဆောင်က ဂေါက်ကွင်းနဲ့ ဟိုတယ်ကြားက ကုန်းကမူလေးတစ်ခုမှာဖြစ်ပါသည်။
တစ်ခန်းကို မိန်းကလေး သုံးယောက်နှုန်းနဲ့ သုံးခန်းတွဲအဆောင်ကြီး ၃ ခုမှာ ဝန်ထမ်းမိန်းကလေးတွေ စုပြီး နေရပါသည်။

ကျွန်မတို့အခန်းက ဘယ်ဘက်အစွန်ဆုံးအဆောင်ရဲ့ အစွန်ဆုံးအခန်းဖြစ်ပြီး ရေချိုးခန်းအိမ်သာတွေနဲ့ ကပ်လျက်ဖြစ်သလို အခြားတစ်ဖက်မှာလဲ မန်နေဂျာတွေနေတဲ့ လုံးချင်း တိုက်ခန်းတွဲလေးတွေ ရှိပါသည်။
ဆောင်းကာလ ညချမ်းတွေမှာတော့ ကျွန်မတို့ ရန်ကုန်သူတွေ အနွးထည်အထပ်ထပ်နဲ့ စောင်ပုံထဲ ကွေးနေခဲ့ရပါသည်။

မွေ့ယာထူထူနဲ့ ဂွမ်းစောင်ထူထူ နှပ်ထပ်အကြားမှာ အနွေးထည်ကလဲ အထပ်ထပ် ဝတ်ထားရတာမို့ ညဦးပိုင်း ၇ နာရီလောက်ဆို အခန်းထဲကနေ အပြင်ကို မထွက်ဖြစ်တော့ပါ။
ဒါပေမယ့် ဟိုတယ်မှာ ညပိုင်း တာဝန်ကျနေသူ သူငယ်ချင်းများက အချိန်မရွေး လာလည်တတ်တာမို့ စောင်ခြုံထဲက ထွက်ပြီး အခန်းတံခါးကို ထဖွင့်ပေးရမှာ ပျင်းသူ ကျွန်မတို့က အခန်းကို ဘယ်တုန်းကမှ သော့မပိတ် ချက်မချခဲ့။

ပထမည
ဒီဇင်ဘာလရဲ့ ညခင်းတစ်ခုမှာတော့ ညခုနာရီလောက်တည်းက အိမ်ယာမဝင်ခင် အခန်းဖော် ဆွေနဲ့အတူ အပေါ့အပါးသွားဖို့ ရေချိုးခန်းတွေဘက်ကို အတူတူ ထွက်လာခဲ့ကြပါသည်။
ရေချိုးခန်းထဲက အထွက်မှာ ကြောင်ပေါက်စတစ်ကောင်ရဲ့အသံကြောင့် ကျွန်မတို့ နှစ်ယောက် ခြေလှမ်းတွေ တန့်ပီး အသံကြားရာဆီကို ကြည့်လိုက်တော့ ကြောင်ပေါက်စလေးတစ်ကောင်က ဂေါက်ကွင်းတွေဘက်ကို ပြေးသွားတာကို တွေ့လိုက်ရပါသည်။
ကြောင်ချစ်တတ်သူဆွေက မီ မီ  မီ မီ ခေါ်ပြီး ကြောင်နောက်ကို ပြေးလိုက်သွားတာမို့ ကျွန်မလဲ ဆွေ့နောက်ကို အပြေးအလွှား လိုက်သွားမိပါသည်။

ကုန်းကမူလေးတစ်ခုနားအရောက်မှာတော့ ကြောင်ကလေးကလဲ ဘယ်ရောက်မှန်းမသိ ပျောက်ချင်းမလှပျောက်သွားတာမို့ ဆွေ့ကိုခေါ်ပြီး ကျွန်မတို့ နှစ်ယောက် အခန်းကို လှည့်ပြန်လာခဲ့ပါသည်။

အခန်းထဲမှာ ကြောင်ဖမ်းတဲ့ အကြောင်းပြောမိတော့ အခန်းဖော် မမသီက ဒီတောဒီတောင်ထဲ ကြောင်မရှိပါဘူး ဘယ်မှာမှလဲ မတွေ့ဖူးဘူး ရူးမနေနဲ့လို့ပြောပြီး ဘုရားဝတ်ပြုနေတာမို့ ကျွန်မတို့နှစ်ယောက် အသံတိတ်ပြီး နှုတ်ခမ်းစူမိပါသည်။
မမသီပြောတာမှန်လောက်ပါသည်။ ကျွန်မတို့ ဟိုတယ်က လူမနီးသူမနီး လူနေရပ်ကွက်တွေရဲ့ အဝေး ဂေါက်ကွင်းကြီးထဲမှာ ထီးထီးကြီး ရှိတဲ့ တစ်ခုတည်းသောဟိုတယ်မို့ ခွေးတွေ ကြောင်တွေမရှိပါ။
ညကိုးနာရီလောက်မှာတော့ ကျွန်မတို့အခန်းတံခါးကို တဒေါက်ဒေါက်နဲ့ လာခေါက်တဲ့ အသံကို ကျွန်မတို့အားလုံး သဲသဲ ကွဲကွဲ ကြားလိုက်ရပါသည်။

ကျွန်မရော ဆွေရော မအိပ်သေးပဲ စာဖတ်နေကြတာမို့ ဘယ်သူလဲ ဝင်ခဲ့ တံခါးခေါက်မနေနဲ့ လို့ ပြိုင်တူအော်လိုက်ကြပါသည်။
ကျွန်မတို့အော်သံအဆုံးမှာ တံခါးခေါက်သံရပ်သွားပေမယ့် ဘယ်သူမှ ဝင်မလာခဲ့ပါ။ အခန်းဝကနေလှည့်ပြန်သွားတဲ့ ခြေသံကိုလဲ မကြားမိလိုက်ပါ။ 

စာအုပ်ဖတ်ပြီး မျက်စိစင်းလာချိန် ည ရှစ်နာရီခွဲခန့်မှာ ကျွန်မ အိပ်ပျော်သွားခဲ့ပါသည်။
ဆောင်းလယ်ကာလ စောင်အထပ်ထပ်ကြားမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ အခိုက် ကျွန်မရဲ့ ကုတင်တစ်ခုလုံးလှုပ်ခါသွားတာမို့ ရုတ်တရက်လန့်နိုးလာမိပါသည်။ ငလျင်များလှုပ်သလားဆိုတဲ့ စိုးစိတ်နဲ့ နိုးလာပေမယ့် မျက်လုံးကိုတော့ မဖွင့်မိပါ။ ဘေးက ကုတင်တွေမှာ အိပ်နေတဲ့ ဆွေတို့ မမသီတို့ဆီက အသံများထွက်လာမလားလို့ နားစွင့်မိတော့ ဘာံမှမထွက်လာခဲ့။

ကျွန်မရဲ့ ကုတင်က ပုခက်လွှဲနေသလို ကြမ်းကြမ်းတမ်းတမ်းကြီး ယိမ်းခါနေပြီး ကျွန်မရဲ့ ခြေရင်းကလဲ တဟီးဟီးနဲ့ ညည်းငြူနေသံကြီးကို သဲသဲကွဲကွဲ ကြားလိုက်မိချိန်မှာတော့ ကျွန်မ ဒုက္ခရောက်ပီဆိုတာကို သတိထားမိလိုက်ပါသည်။
ဆွေ ဆွေ ….. မမသီ မမသီ….. နဲ့ အခန်းဖော်တွေကို အသံကုန်ဟစ်ခေါ်နေပေမယ့် လည်ချောင်းထဲက အသံက အပြင်ကို ထွက်မလာပါ။ အခန်းထဲမှာ ညအိပ်မီးချောင်းကြီး ထွန်းထားတယ်ဆိုတာ သိပေမယ့်လဲ သတ္တိခဲပီပီ မျက်လုံးကို မဖွင့်ရေးချ မဖွင့်။ မျက်စိစုံမှိတ်ပြီး အော်ဟစ်နေမိပါသည်။
ကုတင်ရဲ့ တုန်ခါမှုက ကြမ်းသထက်ကြမ်းလာသလို သူငယ်ချင်းတွေကို အော်ခေါ်နေတဲ့ ကျွန်မရဲ့ အသံတွေကလဲ လည်ချောင်းထဲမှာ တစ်ဆို့နေချိန်မှာ ဘုရားစာရွတ်ဖို့ သတိရလိုက်မိပါသည်။
တတ်သမျှ မှတ်သမျှဘာရားစာတွေကို တရစပ်ရွတ်ချိန်မှာတော့ ဟင်းးးးး ကနဲ သက်ပြင်းချသံကြီးနဲ့အတူ ကျွန်မရဲ့ ကုတင်ကလဲ တုန်ခါမှုရပ်သွားပါသည်။

ကျွန်မရဲ့ အိပ်ယာ ကုတင်က ပုံမှန်အနေအထားရောက်သွားချိန်မှာတော့ ဘာကိုမှမစဉ်းစားနိုင်ပဲ အိပ်နေတဲ့ ခေါင်းအုံးကိုယူပြီး ဘေးကပ်ရက်ကုတင်မှာရှိတဲ့ ဆွေ့ဆီကို ကူးသွားလိုက်ပါသည်။
ကျွန်မသူမကုတင်ပေါ်ကိုတက်ပီး ဆွေ့ကို နောက်ကျောကနေ သိုင်းဖက်မိချိန်မှာတော့ ဆွေက အလိုက်တသိနဲ့ နံရံဘက်ကို ရွေ့ပေးရှာပါသည်။

နံရံဘက်လှည့်နေတဲ့ ဆွေ့ကို သိုင်းဖက်ပြီး ရွတ်လက်စ ဘုရားစာတွေ ရွတ်နေရင်း မှေးကနဲ ပြန်အိပ်ပျော်သွားခဲ့ပါသည်။
ဆွေ့ကိုဖက်ပြီး ဆွေ့ကုတင်ပေါ်မှာ အိပ်ပျော်စအချိန်မှာပဲ နောက်ကျောဘက်ဆီက နာကျင်မှုနဲ့အတူ ရုတ်တရက်ပြန်နိုးလာပြန်ပါသည်။
ကျွန်မရဲ့ နောက်ကျောကို တစုံတစယောက်က ထုရိုက်နေတာပဲ ဖြစ်ပါသည်။

သူထုရိုက်နေတဲ့ အရာက ခပ်ပျော့ပျော့ဖြစ်ပေမယ့် ကျွန်မရဲ့ ကျောပေါ်ကို ကျလာတဲ့ ရိုက်ချက်တွေက စည်းချက်ဝါးချက်ညီညီ။  နှစ်မိနစ်ခြားတစ်ခါ ထုရိုက်နေတဲ့ အသံကို မှတ်သားပြီး ဆွေ့ကို တင်းတင်းဖက်လို့ မနက်လင်းလာမယ့် အချိန်ကို စောင့်စားခဲ့ရတဲ့ ညက ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ညတွေထဲမှာ ညတာအရှည်ဆုံး ဖြစ်ပါလိမ့်မည်။

နောက်နေ့မှာတော့ မနက်မိုးလင်းလင်းချင်း စီမံရေးရာဌာနက မန်နေဂျာဆီပြေးပြီး အလုပ်ထွက်စာတင်လိုက်တဲ့ ကျွန်မရဲ့ သတင်းက အဆောင်သူတွေအားလုံးကြားမှာ ရေပန်းစားနေခဲ့ပါသည်။

စီမံက အလုပ်ထွက်ခွင့်ပေးခဲ့ပေမယ့် တပတ်ဆယ်ရက်ကတော့ ကျွန်မ တောင်ပေါ်မှာနေရအုံးမည်။ ပြီးတော့ တောင်ပေါ်မှာ ဆက်နေမယ့် တပတ်စာ ဆယ်ရက်မှာ နာနာဘာဝ ဒုက္ခသည် ကျွန်မအတွက် တောင်ပေါ်သူ တောင်ပေါ်သား ရန်ကုန်သူ ရန်ကုန်သားတွေဆီက စုဆောင်းထားတဲ့ ပရိတ်ရေ ပရိတ်ခဲ ပရိတ်သဲတွေက ကျွန်မအခန်းရဲ့ ပတ်ပတ်လည် ကျွန်မခုတင်ရဲ့ ပတ်ပတ်လည်မှာ အစီအရီ။

အခန်းဖော်ဆွေကလဲ သူ့ကုတင်နဲ့ ကျွန်မကုတင် နှစ်ခုပူးပေးလာတာမို့ ရန်ကုန်မပြန်ခင်လေးမှာ ညရေးညတာ ဒုက္ခအတွက် ယာယီတော့ အဆင်ပြေသွားခဲ့ပြန်ပါသည်။

ဒုတိယည
 
ညဦးပိုင်းမှာတည်းက အခန်းအပြင်မှာလုပ်ရမယ့် ကိစ္စဝိစ္စတွေကို အပြီးလုပ်ပြီး ကျွန်မတို့ အခန်းဖော်သုံးယောက်လုံး ည ခုနစ်နာရီတည်းက ခုတင်ပေါ်မှာ စပြီး နေရာယူလိုက်ကြပါသည်။ ဘယ်တုန်းကမှ သော့မခတ် ချက်မချခဲ့ဘူးတဲ့ အခန်းတံခါးကိုလဲ ညခုနစ်နာရီတည်းက ချက်ချခဲ့ပါသည်။
ကျွန်မတို့ရဲ့ ဒုက္ခကို သိထားကြသူတွေက ဒီညမှာတော့ အခန်းကို လာမလည်ပါဘူးလို့လဲ ကတိကဝတ်တွေ ပြုကြပါသည်။ (တကယ်တော့ မနေ့ကညကတည်းက ကျွန်မတို့အခန်းကို ဘယ်သူမှ မလာခဲ့ကြသလို တံခါးလဲ လာမခေါက်ခဲ့ပါ)

ဒုတိယညမှာတော့ ခေါင်းအုံးအောက်က အဆောင်အယောင်တွေ ကျွန်မကုတင်ပတ်ပတ်လည်က ပရိတ်ရေ ပရိတ်ကြိုး ပရိတ်သဲ ပရိတ်ခဲတွေကြောင့် ကျွန်မ အနှောင့်အယှက်မရှိပဲ စောစော အိပ်ပျော်သွားခဲ့ပါသည်။ ( ပထမညက တညလုံးမအိပ်ထားရလို့ စောစောစီးစီး အိပ်ပျော်သွားတာ ဖြစ်နိုင်ပါသည်)

အိပ်ယာက တရေးနိုးလာတော့ ည ၁၀ နာရီခန့်သာရှိသေးသလို အခန်းဖော် ၂ ယောက်လုံးကောင်းကောင်းအိပ်မပျော်သေးတာကို သတိထားလိုက်မိပါသည်။ ကျွန်မနိုးလာပြီး မရှေးမနှောင်းမှာ ရုတ်တရက်ဆိုသလို အဆောင်တစ်ခုလုံး မီးပျက်သွားတာကို သတိထားလိုက်မိပါသည်။
အဆောင်တခုလုံးမှောင်မည်းသွားချိန်မှာ နိုးတဝက် အိပ်တဝက် ဒါပေမယ့် အိပ်ချင်စိတ်က များနေတာမို့ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားပြန်ပါသည်။

သိပ်မကြာခင်မှာပဲ ရုတ်တရက် ကျွန်မကုတင်ဘက်ကို တိုးလာတဲ့ ဆွေ့ရဲ့ ကိုယ်လုံးရဲ့ အထိအတွေ့နဲ့ ဆွေ့အသံကြောင့် ကျွန်မပြန်နိုးသွားပြန်ပါသည်။
“သူငယ်ချင်း ငါလဲ နင့်လိုဒုက္ခရောက်နေပီ” ဆိုတဲ့ ဆွေ့အသံတုန်တုန်ရီရီအဆုံးမှာ အခန်းရဲ့ အခြားထောင့်မှာ အိပ်နေတဲ့ မမသီက ဆွေတို့နိုးနေတာလား ဒီကိစ္စ အမသိတယ်လို့ပြောပြီး သူ့ရဲ့ လက်နှိပ်ဓါတ်မီးကြီးကို ဖွင့်ပြီး ကျွန်မတို့ကုတင်တွေဆီကို ရောက်လာခဲ့ပါသည်။

ကျွန်မတို့ သုံးယောက်လုံး မတိုင်ပင်ထားပဲ အမှောင်ထဲမှာ လက်နှိပ်ဓါတ်မီး အကူအညီနဲ့ အခန်းအပြင်ကို ထွက်ပြေးခဲ့ကြပါသည်။
ဟိုတယ်ရဲ့ ဧည့်ကြိုဌာနရှိရာ အဆောက်အဦကိုရောက်ချိန်မှာတော့ ပျက်သွားတဲ့မီးက ပြန်လာတာမို့ ဧည့်ခန်းဆောင်ကျယ်ကြီးထဲမှာ ဆွေ့ကို အားပေးနှစ်သိမ့်ရပါသည်။

မမသီက သူမရဲ့ ဇာတ်လမ်းကို စပါသည်။  မမ ပရိတ်တော်ရွတ်နေတုန်းမှာ အဲဒီဘာမှန်းမသိတဲ့ တစ်ကောင်က မမကုတင်ကို အရင်လာတယ် မမက တခုခုကို ခံစားမိတယ် အဲဒါနဲ့ ပရိတ်ဆက်ရွတ်တယ် မေတ္တာပို့တယ် ဘုရားစာတွေ တောက်လျှောက် ရွတ်နေခဲ့တယ်။ သူလဲ မမအနားမှာ တော်တော်ကြာကြာစောင့်ကြည့်နေသေးတယ် ပြီးမှ ဆွေလေးတို့ဘက်ကို ထွက်သွားတာလို့ ပြောပါသည်။

မမသီရဲ့ စကားဆုံးတော့ ဆွေက ထောက်ခံပါသည်။ ဟုတ်တယ် မီးရုတ်တရက်ပျက်သွားပီး မကြာဘူး ဆွေ့ကို လည်ပင်းလာညှစ်တယ်။။။ တဟီးဟီးနဲ့ ညည်းသံကြီးလဲ ကြားရတယ်။ ဆွေက မျက်လုံးဖွင့်ကြည့်တော့ မည်းမည်း အလုံးကြီးကို ဆွေ့မျက်နှာပေါ်မှာတွေ့တယ်။ ဆွေလဲ သူ့ကို ပြန်ပြီးချတယ်။ သူက လည်ပင်းညှစ်တော့ သူ့ကို လက်သီးနဲ့ ပြန်ထိုးတယ်။ ဒါပေမယ့် ဆွေ့လက်သီးက လေထဲမှာ ပျောက်နေတယ်။ မမသီကို အော်တာလဲ အသံမထွက်ဘူး။ အော်လို့မရအောင် သူလည်ပင်းညှစ်ထားတယ်။
နောက်ဆုံး ဘေးကုတင်မှာ သဲသဲ ရှိတယ်ဆိုပြီး သူ့ဘက်ကို လှိမ့်ချပီး သူ့ကို အော်တော့မှ အဲဒီကောင်ကြီး ပျောက်သွားတာလို့ ပြောလာပါသည်။

ညဂျူတီကျနေတဲ့ ယောက်ျားလေး သူငယ်ချင်းတွေက ကျွန်မတို့ကို အကျိုးအကြောင်းမေးပြီး ဟောင်းလောင်းဖွင့်ထားခဲ့တဲ့ ကျွန်မတို့ရဲ့ အခန်းရှိရာကို ချီတက်သွားကြပါသည်။
ဒါပေမယ့် ကြောက်စိတ်လွန်ကဲနေတဲ့ ကျွန်မတို့ သုံးယောက်လုံး အခန်းကို မပြန်ရဲတာမို့  ဟိုတယ်ဧည့်ခန်းမကြီးထဲက ဆိုဖာတွေပေါ်မှာ ဖြစ်သလိုအိပ်ခဲ့ကြပါသည်။

မနက်မိုးလင်းလို့ လူကြီးတွေ ရောက်လာချိန်မှာတော့ ကျွန်မတို့ကို အားပေးနှစ်သိမ့်ပြီး ပရိတ်တရားနာဖို့ ချက်ချင်းစီစဉ်ပေးပါသည်။ ကျွန်မတို့ အခန်းရှေ့မှာ ခုံတွေခင်းပြီး တောရဆရာတော် သုံးပါးကိုပင့်ပြီး တရားနာ ပရိတ်ရွတ်ပါသည်။ ကျွန်မတို့ အခန်းနဲ့ ရေချိုးခန်းတွေကြားမှာရှိတဲ့ သစ်ပင်အိုကြီးမှာနေတဲ့ အစောင့်အရှောက်က နှစ်ပေါင်း များစွာ သူမကျွတ်မလွတ်ကြောင်း သူ့အတွက် အမျှပေးဝေဖို့ တောင်းပန်ကြောင်း တောရ ဆရာတော်များထံမှ သိရပြန်ပါသည်။
တောရဆရာတော်များ ပရိတ်ရွတ် တရားနာပြီးချိန်မှာတော့ ကျွန်မတို့ကို ဒုက္ခပေးခဲ့တဲ့ ဘာမှန်းမသိတဲ့ အကောင်ကြီးလဲ ကျွန်မတို့ အဆောင်နားကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါသည်။
( ဇာတ်လမ်းပေါင်းများစွာထဲက တစ်ခုတည်းသော ဇာတ်လမ်းလေးပါ)


 ခိုင်စိုးလင်း စီစဉ်တဲ့ သရဲ E-book ထဲက စာမူလေးပါ။

သဲမုန်တိုင်းထဲမှာ

ဒီနှစ်အာရပ်နွေဦးက မြူမှုန်တွေ ဝေဆိုင်းဆိုင်း ဖုန်အလူးလူးနဲ့ ရောက်လာပြန်ပါသည်။ ဆောင်းအကုန် နွေအကူးမှာ အရင်နှစ်တွေလို မိုးသည်းသည်းရွာပြီး မြန်မြန်ဆန်ဆန် ပူပူလောင်လောင်ကြီး နွေကို ခုန်ကူးလာတာမျိုးမဟုတ်။
တပတ် ဆယ်ရက်လုံးလုံး မိုးသားတိမ်လိပ် မည်းမည်းတွေနဲ့ ရှစ်ခွင်တိုင်းမှိုင်းဝေပြီး ကောင်းကင်တခုလုံး အုံ့ဆိုင်းဆိုင်းရှိနေခဲ့ပါသည်။ ဒါပေမယ့် လေပြေလေးညှင်းတွေက မိုးရိပ် မိုးသားတွေကို တရွေ့ရွေ့ ပြန်သယ်ယူသွားပြန်တာမို့ မိုးရယ်လို့ဆိုနိုင်ရုံ မိုးဖွဲဖွဲသာရွာခဲ့ပါသည်။
ဆောင်းကုန်ပြီးတည်းက မိုးဖွဲဖွဲလေး နှစ်ရက်ဆက်တိုက်သာ ရွာခဲ့ပြီး အသေးစားသဲမှုန်တိုင်းလေးတွေကတော့ နေ့စဉ်ရက်ဆက် တဖွဲဖွဲနဲ့ တိုက်ခတ်လို့မစဲနိုင်သေး။ အပူပိုင်းဇုံ အာရပ်မြေမှာတော့ နွေခြောက်လ ဆောင်းခြောက်လ ရာသီစက်ဝန်းက ပုံမှန်လည်ပတ်နေတာမို့ မိုးဆိုတာ ရာသီပြောင်းချိန်ရဲ့ သင်္ကေတ သက်သက်။ ဆောင်းအကုန်နွေအကူးမှာ တစ်ကြိမ် နွေအကုန်ဆောင်းအကူးမှာ တစ်ကြိမ် တစ်နှစ်ကို နှစ်ကြိမ်လောက်သာ မိုးငွေ့မိုးသက်ကို တွေ့ရတတ်ပါသည်။
အရင်နှစ်တွေတုန်းက ဒီလိုလတွေမှာ အပူချိန်ခပ်ပြင်းပြင်းနဲ့ နွေဦးကိုကြိုခဲ့ပေမယ့် ဒီနှစ်မှာတော့ နွေဦးကာလဟာ ပူသင့်သလောက်လဲ မပူခဲ့။
အာရပ်နွေဦးမှာ လေကြောင်းပြောင်းလဲမှုကြောင့် သဲမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမယ့် အဲဒီနေ့က တိုက်ခဲ့တဲ့ သဲမုန်းတိုင်းကတော့ ထူးထူးခြားခြား ပြင်းထန်ခဲ့ပါသည်။
အဲဒီနေ့ကတော့ မိုးသားတိမ်လိပ်တချို့နဲ့ ကောင်းကင်က လင်းတလှည့်မှောင်တလှည့် ။ ဒါပေမယ့် လျှပ်စီးတော့ မလက်။ ညိုညစ်ညစ် အရောင်အဆင်းမရှိတဲ့ တိမ်တွေက လေအဝေ့မှာ ဘယ်တိမ်းလိုက် ညာယိမ်းလိုက်။ လေတချက်ဝေ့လိုက်တိုင်း လမ်းမပေါ်မှာ သဲမှုန်တွေ အစုလိုက်အဝေးလိုက် ပြေးလွားနေခဲ့ပါသည်။ မိုးတိမ်လိပ်တွေတွေ့နေရပေမယ့် မိုးရွာမယ့်အရိပ်အယောင်ရယ်လို့ မမြင်ရ။
ကန္တာရမိုးဆိုတာလဲ ပြောရခက် မှန်းရခက် ကြုံရခက် ဒါပေမယ့် အစိုးမရချင်ရင်တော့လဲ ရေခဲတုံးလေးတွေ အခဲလိုက်ရွာချတတ်လေတော့ ရင်တထိတ်ထိတ်နဲ့ မမျှော်ကောင်းတဲ့ အရာလိုမျိုး မတကောင်းတဲ့ မိုးလိုမျိုး။
လေကြမ်းကြမ်းတစ်ချက်တိုက်လိုက်ချိန်မှာ လေထဲမှာပါလာတဲ့ သဲတွေက မျက်နှာပြင်ကို သိသိသာသာ လာနှုတ်ဆက်ပြန်တာမို့ မျက်စိ နား နှာခေါင်း ပါးစပ်တွေထဲကို သဲတွေ မဝင်အောင် အတတ်နိုင်ဆုံး လေတိုက်ရာရဲ့ ဆန့်ကျင်ဘက်ကို လှည့်လိုက်ပေမယ့် ဆံပင်တွေကို သပ်လိုက်တဲ့ လက်ထဲမှာ သဲမွမွတွေရဲ့ အထိအတွေ့ကို ခံစားလိုက်ရပြန်ပါသည်။
ရံဖန်ရံခါ ကြုံရတတ်တဲ့ သဲမုန်တိုင်းဆိုပေမယ့် ဒီတစ်ခါတွေ့နေရတဲ့ သဲမုန်တိုင်းက ခါတိုင်းထက် ပိုလို့ပြင်းထန်ပုံရပါသည်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းရဲ့ အပေါ်နဲ့ အောက်ကို နှုတ်ခမ်းအချင်းချင်း မသိမသာ ဖိကြည့်လိုက်တော့ ပါးစပ်ထဲကို အလိုလိုရောက်လာတဲ့ သဲမှုန်တွေက ပါးစပ်ထဲမှာ တကျိကျိနဲ့ ။ ဝတ်ထားတဲ့ အဝတ်အစားတွေ မှာလဲ သဲတွေက အဖွေးသား ရှုးဖိနပ်စီးထားပေမယ့် ဘယ်ကဘယ်လို ဝင်လာမှန်းမသိတဲ့ သဲတွေကို ခြေအိတ်တွေထဲမှာလဲ ရှတတ ခံစားမိလိုက်ပြန်ပါသည်။
မနက်စောစော ရောင်နီမပျိုးခင် အိပ်ယာက နိုးတော့ အိပ်ခန်းရဲ့ မှန်တံခါးမှာ တရှဲရှဲ တဒေါက်ဒေါက်နဲ့ အသံတွေ အဆက်မပြတ် ကြားခဲ့ရတာကို ပြန်သတိရတော့ သဲမှုန်တိုင်းပါလားလို့ ဘာလို့ မတွေးမိပါလိမ့်။ လေထဲမှာ ပါလာတဲ့ သဲမှုန်တွေ အမှိုက်အစအနတွေက အထပ် ခုနစ်ထပ် ရှစ်ထပ်လောက်အမြင့်အထိ မတက်နိုင်ဘူးလို့ လျှော့တွက်မိလိုက်သလားမသိ။
သူငယ်ချင်းတစ်ယောက်က သူ့ဆီ ဝင်လာတဲ့ သဲမုန်တိုင်းသတင်းတိုလေးကို လာပြတော့ ဘုရားတရင်း ဘာရယ်မသိ ကြောက်စိတ်က ဝင်လာမိပြန်ပါသည်။ ဒီနေ့တိုက်တဲ့ သဲမုန်တိုင်းက တော်တော်လေးပြင်းထန်တာမို့ ကျောင်းတချို့ပိတ်ထားတဲ့ သတင်းနဲ့ တတ်နိုင်ရင် အပြင်မထွက်ပဲ အမိုးအကာအောက်မှာနေဖို့ သတိပေးထားတဲ့ သတင်းတိုလေး။
ဒီလိုဆိုရင် ခက်ပြီလို့ ခပ်ဖွဖွရွတ်ရင်း အမိုးအကာအောက်မှာ နေလို့ မဖြစ်နိုင်ပဲ ဂျူတီချိန်မှာ မဖြစ်မနေ အလုပ်လုပ်နေရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေလဲလို့ ပြန်တွက်ကြည့်မိပါသည်။ အမှန်တဝက် အမှားတဝက်သတင်းတွေလဲ ရှိတတ်တာမို့ ကုန်းတွင်းပိုင်းမှာ တိုက်တဲ့ သဲမုန်တိုင်းဟာ လူတွေကို ဘယ်လောက်အထိ ဒုက္ခရောက်စေနိုင်မှာလဲလို့ မမီ့တမီ ဥာဏ်လေးနဲ့ ပြန်တွက်ကြည့်မိပါသည်။
အမိုးအကာအောက်မှာ မနေနိုင်သူတွေအနေနဲ့ လေပြင်းပြင်းတိုက်တာခံရမယ်။ လေထဲမှာပါလာတဲ့ သဲမှုန်တွေနဲ့ တကိုယ်လုံး စေးကပ်ညစ်ပေနေမယ်။ ဖုန်ထူထူတောလမ်းတွေကို သွားရတဲ့လူတွေလို မျက်လုံး ပါးစပ်တွေကို တခုခုကာကွယ်ပြီး အလုပ်လုပ်မယ်။ အလွန်ဆုံးဖြစ်လှ တနေ့လုံး သဲတွေကို ဝါးစားရင်း ပါးစပ်ထဲမှာ ယားကျိကျိနဲ့ အလုပ်လုပ်ရမယ်။
ကားလမ်းမတွေပေါ်မှာ ကားမောင်းနေတဲ့သူတွေဆိုရင်လဲ လေကြောင်းနဲ့ ပြောင်းပြန် လေကိုဆန်ပြီး ကားကို သတိကြီးကြီးနဲ့ မောင်းရမယ်။
ကားမှန်ကို လာရိုက်တဲ့ သဲမှုန်တွေကို ကားမှန်ရှေ့က ဝှိုက်ပါနဲ့ တချိန်လုံး ရှင်းနေရမယ်။ ကားလမ်းမပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ ပြေးလွှားနေတဲ့ သဲမှုန်တွေကိုခံစားနေဖို့အချိန်မရှိပဲ ကိုယ်မောင်းနေတဲ့ အရှိန်နဲ့ လေကိုဆန်ပြီး ယိမ်းထိုးယိုင်ထိုးနဲ့ တကယ်သွားနေတဲ့ ကားရဲ့အရှိန်ကို ထိန်းပီး ရှေ့ကားနောက်ကားတွေကို သတိထားပြီးမောင်းရမယ်။
မြူတွေဆိုင်းသလို ခပ်လှမ်းလှမ်းအထိ လှမ်းကြည့်လို့မမြင်ရတဲ့ အနေအထားမှာဆို ယာဉ်ကြောတစ်ခုလုံးကို သတိကြီးကြီးထားပြီး မောင်းရအုံးမယ်။
ဒီလိုရာသီအကူးအပြောင်းမှာ လေကြောင်းပြောင်းလို့တိုက်တဲ့ မုန်တိုင်းပဲဖြစ်ဖြစ် သာမန်သဲမှုန်တိုင်းပဲဖြစ်ဖြစ် ဘယ်လောက်အထိ ခပ်ပြင်းပြင်းတိုက်နိုင်မှာလဲ။ လမ်းပေါ်မှာ ရပ်နေတဲ့ လူတစ်ယောက်လုံးလွင့်သွားစေလောက်အောင် ပြင်းထန်မလား။ ဒါမှမဟုတ် ရပ်ထားတဲ့ ကားတွေ စက်ဘီးတွေ လွင့်စင်လောက်အောင်ပဲ ပြင်းထန်အုံးမလား။
အတွေးစတွေ အများကြီးနဲ့ နေ့လည်စာစားဖို့ စားသောက်ဆိုင်တွေ ရှိရာဘက်ကို ထွက်လာတော့ စားသောက်ဆိုင်တန်းမှာ ခရီးသွားတွေပြည့်နှက်နေတာကို တွေ့လိုက်ရပြန်ပါသည်။ သဲမုန်တိုင်းကြောင့် လေယာဉ်အချို့ ဆင်းသက်ဖို့ အခက်အခဲရှိတာမို့ ခရီးစဉ်နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေခဲ့ပါသည်။ လေယာဉ်အချို့အချိန်မီ မဆင်းသက်နိုင်သလို ထွက်ခွာရမယ့် လေယာဉ်အချို့ကလဲ အချိန်မီမထွက်ခွာနိုင်ခဲ့။
စားစရာတွေ မှာပြီးချိန်မှာတော့ စားသောက်ဆိုင်တန်းမှာ နေရာတစ်ခုကို ခက်ခက်ခဲခဲရှာဖွေရပြန်ပါသည်။ စားပွဲလွတ်ရယ်လို့မတွေ့တာမို့ စားပွဲဝိုင်းတစ်ခုမှာ အရင်ရောက်နှင့်နေတဲ့ မိန်းမချောလေးကို ခွင့်တောင်းပြီး ထိုင်လိုက်ရပါသည်။
မနက်အလုပ်လာချိန်မှာ မိလာတဲ့ သဲမုန်တိုင်းကြောင့် ကျွန်မဝတ်ထားးတဲ့ ယူနီဖောင်းမှာ သဲမှုန်တွေကပ်ပြီး ကုတ်အကျီက မာတောင့်တောင့်ဖြစ်နေတာမို့ လူတွေကြားမှာ ထိုင်နေရတာ သက်တောင့်သက်သာမရှိလှ။ ဒါပေမယ့် ကျွန်မရှေ့မှာထိုင်နေတဲ့ ဖြူဖြူသွယ်သွယ်ချစ်စဖွယ် မိန်းမလှလေးကတော့ ကျွန်မရဲ့ ယူနီဖောင်းကိုမြင်တာနဲ့ ဝမ်းသာအားရဖြစ်သွားပုံရပါသည်။
ကျွန်မထမင်းစစားချိန်မှာပဲ မျက်နှာချင်းဆိုင်က မိန်းမချောလေးက မိတ်ဆက်စကားဆိုလာပြီး သူမရဲ့ အခက်အခဲတစ်ခုကို ပြောပြရင်း အကူအညီတောင်းခံလာခဲ့ပါသည်။ အနီးကပ်ကြည့်မိတော့မှ မျက်လုံးမျက်ဆံကောင်းကောင်း နှာတံစင်းစင်လေးနဲ့ ပါးအို့နီလေးလို ပန်းသွေးရောင်ပြေးနေတဲ့ မျက်နှာလေးက အသက် နှစ်ဆယ်ပတ်ဝန်းကျင်လောက်ပဲရှိတယ်ဆိုတာ ဖော်ပြနေပါသည်။
သူမရဲ့ အပြင်အဆင်နဲ့ သူမဝတ်ဆင်ထားတဲ့ ပုံစံခပ်ဆန်းဆန်းရွှေထည်တွေကလဲ သူမရဲ့ ကြွယ်ဝမှုကို ဖော်ပြနေပါသည်။ စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းဗူးလေးက လောလောလတ်လတ်ဝယ်လာတဲ့ နောက်ဆုံးပေါ် အိုင်ဖုန်းဆိုတာကိုပြနေသလို သူမဆော့ကစားနေတဲ့ အိုင်ပက်ကလေးကလဲ အသစ်စက်စက်။
သူမက လေဆိပ်ထဲမှာ ဈေးဝယ်ထွက်နေရင်း အချိန်လွန်မှ လေယာဉ်ထွက်ခွာမယ့်ဂိတ်ကိုရောက်သွားတာမို့ လေယာဉ်လွတ်သွားတဲ့အကြောင်းကို ပြောပြလာပါသည်။ သူမထိုင်နေတဲ့ စားပွဲဝိုင်းဘေးမှာ ချထားတဲ့ ဂျူတီဖရီး စာတမ်းပါ အထုတ်အပိုးတွေကြည့်ရင်း မထူးဆန်းသလို သက်မမောတစ်ခုကိုချလိုက်မိပါသည်။
သူမသွားချင်တဲ့မြို့က နေ့စဉ်လေယာဉ်ခရီးစဉ် မရှိတဲ့မြို့ဖြစ်နေတာမို့ အနီးစပ်ဆုံးလေယာဉ်ကို စဉ်းစားပေးမိပါသည်။ ကျွန်မတို့ လေယာဉ်ကွင်းမှာ အနီးဆုံးလေယာဉ်ခရီးစဉ်က နောက်နှစ်ရက်နေမှရှိတာမို့ အခြားလေယာဉ်ကွင်းတစ်ခုကိုပြောင်းစီးဖို့ အကြံပေးမိတော့ သူမရဲ့ မျက်နှာက ရုတ်တရက်ညှိုးနွမ်းသွားပါသည်။ သူမလက်ထဲမှာ နိုင်ငံကူးလက်မှတ် မရှိပါ။ နိုင်ငံကူးလက်မှတ် မတော်တဆ ပျောက်ဆုံးသွားတာမို့ သူမရဲ့ သံရုံးက ထုတ်ပေးထားတဲ့ ယာယီခရီးသွား လက်မှတ်တစ်စောင်သာပါရှိပါသည်တဲ့။
ဒီလေဆိပ်မှာပဲ နောက်ထပ်နှစ်ရက်စောင့်ဖို့ သူမသဘောတူလိုက်ပေမယ့် လေယာဉ်လက်မှတ်အသစ် ဝယ်ယူဖို့ အခက်အခဲက ရှိနေပြန်ပါသည်။ အင်တာနက်ကနေတဆင့် လက်မှတ်ဝယ်ပေးဖို့ ကူညီနေစဉ်မှာ တောင်စဉ်ရေမရ ပြောလာတဲ့ သူမရဲ့စကားတွေကလဲ ဟိုရောက်သည်ရောက်။
သူမရဲ့ အပျော်ချစ်သူ ဖိတ်ကြားလို့ ခဏလာလည်တယ်ဆိုတဲ့ အထိ သူမစကားတွေကို သတိမထားမိပေမယ့် သူမရဲ့ ချစ်သူက ဒေသခံ အာရပ်အမျိုးသား တစ်ယောက်လို့ ဆိုလာတော့ သူမရဲ့ အိုင်ပက်ပေါ်မှာ လက်မှတ်ဝယ်ဖို့ ကြိုးစားနေတဲ့ လက်တွေ တုန့်ကနဲ ရပ်သွားပါသည်။
“ဒါဆိုရင်လဲ အဲဒီတစ်ယောက်ကို ဖုန်းဆက်ပြီး လက်မှတ်ဝယ်ခိုင်းကြည့်ပါလား ပိုအဆင်ပြေမယ်ထင်တယ် ”လို့ အကြံပြုသလိုပြောမိတော့ နှင်းဆီငုံနှုတ်ခမ်းဖူးဖူးလေးက ရုတ်တရက် အသံတိတ်သွားပြန်ပါသည်။ သူမရဲ့ မျက်ဝန်းပေါ်မှာ ဝေခွဲရခက်တဲ့ အရပ်အချို့ဖြတ်ပြေးသွားတာကို မြင်လိုက်ရပြန်ပါသည်။
သူမရဲ့ လက်ချောင်းသွယ်သွယ်လေးမှာဝတ်ထားတဲ့ စိန်လက်စွပ်တစ်ကွင်းဆီကို အကြည့်ရောက်သွားချိန်မှာ ကျွန်မသူငယ်ချင်းတွေပြောပြောနေတဲ့ နိုင်ငံတကာ အထက်တန်းစား အပျော်မယ်တွေရဲ့ ဇာတ်လမ်းတွေကို သတိရလိုက်မိပါသည်။ အတွေ့အကြုံများလှတဲ့ သူငယ်ချင်းတွေပြောပြတဲ့ ဇာတ်လမ်းတွေကို ကြားဖူးတယ်ဆိုရုံ သိခွင့်ခဲ့ရတာမို့ ကျွန်မရဲ့ မျက်စိရှေ့ကိုတိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့ အလှပဂေးမလေးကို အစပိုင်းတုန်းက သနားစိတ်ပိုမိတာကိုပဲ အလိုလိုနောင်တရလိုက်မိပါသည်။
တကယ်ဆို ဒီလိုနေရာမျိုးမှာ ဒီလိုပုံစံတူ ပြဿနာပေါင်းစုံနဲ့ မိန်းမချောတွေကိုတွေ့နေကြဆိုတော့ သိပ်ပြီး အံ့သြစရာမရှိပါ။ သူမရဲ့ ခရီးဆုံးမြို့ကလဲ နိုင်ငံတကာ အထက်တန်းစား အပျော်မယ်လေးတွေ အများဆုံးလာလေ့ရှိတဲ့ မြို့။ အချို့ဆို စင်းလုံးငှားလေယာဉ်တွေ ဗီအိုင်ပီ ခရီးစဉ်တွေနဲ့တောင် ခမ်းခမ်းနားနား လာလေ့ရှိတဲ့ မြို့ဆိုတော့ သူမရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးတဲ့ ကိစ္စကလဲ မဆန်းပါလားလို့ ခပ်ကြမ်းကြမ်းလေး တွေးလိုက်မိပါသည်။
တစ်ပတ်ဆယ်ရက်ဆိုသလို အလည်လာတဲ့ ခရီးစဉ်တစ်ခုမှာ မိဘအုပ်ထိန်းသူမပါ ဆွေမျိုးသားချင်း သူငယ်ချင်းမပါ သူမလို အသက်နှစ်ဆယ် မပြည့်တပြည့်ကလေးမတစ်ယောက်တည်း။
သူမကို အလည်လာဖို့ ဖိတ်ခေါ်သူ အိမ်ရှင်ကလဲ သူမရဲ့ အပျော်ရည်းစားတစ်ယောက်။ လေယာဉ်ထွက်ချိန်ကိုတောင် မစောင့်ဆိုင်းနိုင်ပဲ ပြေးအလွှား ဝယ်ယူထားတဲ့ နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေကလဲ လူနဲ့မလိုက်အောင် တပွေ့တပိုက်။
အဆိုးဆုံးအချက်က နောက်လေယာဉ်ကိုစောင့်ဖို့ နှစ်ရက်လုံးလုံး လေဆိပ်ထဲမှာ ဒုက္ခခံနေရမယ့်သူမကို အာမခံပြီး လာခေါ်ဖို့ မိတ်ဆွေတစ်ယောက်တလေမျှပင်မရှိ။
နေ့လည်စားစားပြီးချိန်မှာတော့ လေယာဉ်ခရီးစဉ်တစ်ခုကို boarding လုပ်ပေးဖို့ရှိတာမို့ သူမကို နှုတ်ဆက်ပြီး Boarding gate တွေရှိရာကို ထွက်လာမိပါသည်။ မှန်တံခါးတွေဆီကနေ အပြင်ကိုလှမ်းကြည့်မိတော့ တမနက်လုံးတိုက်နေတဲ့ သဲမုန်တိုင်းက မစဲသေးတာကို တွေ့ရပါသည်။
ကျွန်မတာဝန်ကျတဲ့ နေ့လည်ခရီးစဉ်က အီသီယိုးပီးယား နိုင်ငံက မြို့တစ်မြို့ကိုသွားတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါသည်။ ခရီးသည်တစ်ယောက်ကို မြင်လိုက်တာနဲ့ သူသွားမယ့်ခရီးစဉ်ကို အတတ်ပြောလို့ရသည်အထိ ထူးခြားမှုရှိတဲ့ ခရီးစဉ်လို့ ပြောလို့ရပါသည်။ အရောင်အသွေးစုံ ပြောင်ပြောင်လက်လက် အဝတ်အစားတွေဝတ်ဆင်ထားသူ အမျိုးသမီး အမျိုးသား အားလုံးလိုလို ထူးထူးဆန်းဆန်း ဆံပင်ပုံတွေကိုလဲ ပိုင်ဆိုင်ထားကြပါသည်။
ပိုလို့ထူးခြားတာက ရာသီဥတုမရွေး သူတို့ဝတ်ဆင်ထားလေ့ရှိတဲ့ အနွေးတည် ခပ်ထူထူတွေနဲ့ ရှုပ်ရှက်ခတ်နေအောင် ဝတ်ဆင်ထားတဲ့ ဖန်စီလက်ဝတ်ရတနာ အထူးအဆန်းတွေပဲ ဖြစ်ပါသည်။ ဒါပေမယ့် ခရီးသည်တွေရဲ့ သုံးပုံတစ်ပုံလောက်ရှိတဲ့ တထောက်နားခရီးသည်တွေကတော့ အခြားအာရပ်နိုင်ငံတွေမှာ အိမ်ဖော်လုပ်နေကြသူတွေပဲ ဖြစ်ပါသည်။ အရာင်တောက်တောက်ခရီးသည်တွေကြားမှာ အနည်းငယ်အရောင်မှိန်နေသူတွေကိုလဲ အလွယ်အကူခွဲခြားပြီး တွေ့ရတတ်ပါသည်။
သဲမုန်တိုင်းကြားမှာ အိမ်ပြန်သူတွေကို boarding pass တွေနဲ့ နိုင်ငံကူးလက်မှတ်တွေကို စစ်ဆေးပေးနေစဉ်မှာပဲ ကျွန်မရဲ့ရှေ့ကိုရောက်လာသူ အမျိုးသမီးလေးတစ်ယောက်က မွေးကင်းက ကလေး နီတာရဲလေးတစ်ယောက်ကို ပိုက်ထွေးထားတာကိုတွေ့လိုက်ရပါသည်။ Boarding pass လူကြီးအတွက်တစ်စောင် ကလေးအတွက်တစ်စောင် ပေးလာတာမို့ သူမကိုကြည့်လိုက်တော့ သူမရဲ့ မျက်ဝန်းတွေက အရောင်ခပ်မှိန်မှိန်ဖြစ်နေတာကို မြင်ဖြစ်အောင် မြင်လိုက်မိပါသည်။ Boarding Pass တွေနဲ့အတူ သူမပေးလာတာကတော့ နိုင်ငံကူးလက်မှတ်မဟုတ်ပဲ ယာယီခရီးသွား လက်မှတ်တစ်စောင်ဖြစ်နေခဲ့ပါသည်။
ရုတ်တရက်ဖြစ်လာတဲ့ သနားစိတ်ကြောင့် သက်မမောကို နာနာချရင်း နောက်ထပ်ခရီးသည်တစ်ယောက်ကို လှမ်းကြည့်မိတော့ သူမလိုပဲ မွေးကင်းက ကလေးငယ်ကို ပွေ့ပြီး သူမနောက်မှာတန်းစီနေတဲ့ နောက်ထပ် အမျိုးသမီးငယ် သုံးယောက်ကို ထပ်တွေ့လိုက်ရပြန်ပါသည်။
ကျွန်မနဲ့ အတူတူအလုပ်လုပ်နေတဲ့ သူငယ်ချင်းမလေးဆီက “ဘုရားသခင် ဒီနေ့ များလှချေလား”လို့ တိုးတိုးလေးရေရွတ်လိုက်သံကို ကြားလိုက်ရပါသည်။
မွေးကင်းစ ကလေးသေးသေးလေးတွေ ထွေးပိုက်ပြီး အိမ်ပြန်ကြတဲ့ အရောင်ခပ်မှိန်မှိန်မျက်လုံးများပိုင်ရှင် လေးယောက် ၊ လက်ထဲမှာလဲ နိုင်ငံကူးလက်မှတ်တွေ ပါမလာခဲ့။ သက်ဆိုင်ရာက ထုတ်ပေးလိုက်တဲ့ တစ်ကြိမ်တစ်ခါသုံး ခရီးသွားခွင့်လက်မှတ်တွေကိုင်လို့။ မကြည့်ချင်လဲ ကြည့် မမြင်ချင်ပေမယ့်လဲ မျက်နှာလွဲလို့မရတဲ့ အရောင်ခပ်မွဲမွဲ မျက်လုံးလေးတွေက သူတို့ခံစားခဲ့ရတဲ့ လောကဒဏ်ကို ဖော်ပြနေသယောင်။
တစ်ရက်လဲ မဟုတ် နှစ်ရက်လဲမဟုတ် နေ့စဉ်လိုလိုကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေဆိုပေမယ့် ဒီခရီးစဉ်ကို တာဝန်ယူရတဲ့ နေ့တွေမှာ ကျွန်မရဲ့ ရင်ကို လှုပ်ခါစေတဲ့ မျက်လုံးအရောင်မှိန်မှိန်လေးတွေကို မြင်ရတိုင်း ရင်ထဲမှာ စူးကနဲနာကျင်မိစမြဲ။
ဆင်းရဲနွမ်းပါးတဲ့ အာဖရိကကို စွန့်ခွာပြီး မိသားစုအတွက် အလုပ်လုပ်နေသူ အမျိုးကောင်းသမီးလေးတွေ အချိန်တန်လို့ အိမ်ပြန်ကြတိုင်း အိမ်ပြန်ချိန်တွေ မလှတဲ့ဘဝတွေ… မိသားစုအတွက် နိမ့်ကျတဲ့ ဘဝတွေအတွက် အရဲစွန့်လို့ သွားစဉ်တုန်းက တစ်ယောက်တည်း... အိမ်ပြန်ချိန်မှာတော့ အာရပ်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း အမျိုးသမီး ထိန်းသိမ်းရေးဂေဟာတွေရဲ့ အကူအညီနဲ့ မွေးဖွားခဲ့ရတဲ့ နီတာရဲ ကလေးငယ်တွေကို ရင်ခွင်ပိုက်လို့။
လူသားဆန်မှု စာနာတရား ဆိုတဲ့ ခေါင်းစဉ်တွေ ပျောက်ဆုံးနေတဲ့ အရပ်ဒေသတွေက ကမ္ဘာပေါ်မှာ ဒုနဲ့ဒေး။
နီတာရဲကလေးငယ်လေးတွေကို ထွေးပွေ့ပြီး အိမ်ပြန်ကြသူတွေလိုပဲ အသိစိတ်ကင်းမဲ့ပြီး စိတ္တဇဝေဒနာတွေ ခံရသည်အထိ လောကဒဏ်ကို ခံစားခဲ့ရသူ မိန်းမပျိုလေးတစ်ယောက်လဲ မကြာခင်လေးကမှ မျက်ဝန်းမှိန်မှိန်လေးနဲ့ အိမ်ပြန်သွားတာကို ပြန်သတိရလိုက်မိပါသည်။
သွားလမ်းသာလို့ လာလမ်းမဖြောင့်သူတွေ ဘဝမုန်တိုင်းထဲမှာ ဘယ်လောက်တောင် နစ်မွန်းနေခဲ့ပြီလဲမသိ။
အလုပ်ချိန်ပြီးဆုံးလို့ ဖယ်ရီတွေ ရပ်ထားရာ ကားဂိတ်ကိုလျှောက်လာချိန်မှာတော့ ခပ်ကြမ်းကြမ်းတိုက်လာတဲ့ လေထဲကသဲတွေက မျက်စိတွေထဲကို တရကြမ်းတိုးဝင်လာခဲ့ပြန်ပါသည်။ ဒီတစ်ကြိမ်မှာတော့ မျက်စိထဲ ပါးစပ်တွေထဲကို ကို ဝင်လာတဲ့ သဲတွေကို သည်းအသန် ရှောင်တိမ်းဖယ်ရှားဖို့ မကြိုးစားမိတော့ပါ။
ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပေါ်ကနေတဆင့် သူ့အလိုလိုရောက်လာတဲ့ သဲမှုန်တွေက လျှာပေါ်မှာ ရှတတ သွားတွေကြားမှာ ကျလိကျလိ။
တဖွဲဖွဲတိုက်လာတဲ့ လေထုထဲက သဲတွေကြားမှာတော့ နေ့လည်က တွေ့ခဲ့ရတဲ့ နုနယ်ပျိုမြစ်တဲ့ မိန်းမချောလေးနဲ့ ခပ်မှိန်မှိန် မျက်ဝန်းလေး လေးစုံကိုပဲ သဲမှုန်တိုင်းကြားမှာ ခပ်ဝါးဝါးမြင်ယောင်ရင်း ….

My Blog List