သက်တန့်တွေကို မုန်းတဲ့ နေ့

သူမ နာမည်ကို မပြောလိုတဲ့အတွက် သူမလို့ပဲ သုံးပါရစေ။ သူမနဲ့ ကျွန်မက ပုလဲတွေ အကြောင်းပြောကြရင်း ရင်းနှီးခဲ့ကြတာကို မှတ်မိတယ်။ သူ့နားမှာဝတ်ထားတဲ့ ပုလဲ နားကပ်လေး အကြောင်းကနေစတဲ့ သူငယ်ချင်း ဇာတ်လမ်းလေးပါပဲ။ သူမက ပုလဲ လေးတွေကို ချစ်တဲ့ အေးချမ်းတဲ့ ကောင်မလေးတစ်ယောက်….တိုက်ဆိုင်တာက သူတို့ လူမျိုးတွေကလဲ ပုလဲ ကို မိန်းကလေးတွေအတွက် ကံဆိုးစေတဲ့ ရတနာလို့ သတ်မှတ်ထားကြတယ်။ အိမ်ထောင်မကျခင် ပုလဲရတနာဝတ်ဆင်တာကို အမေတွေက မကြိုက်ဘူးဆိုပေမယ့် ကျွန်မသူငယ်ချင်းမလေးကတော့ စွဲစွဲမြဲမြဲဝတ်ခဲ့တယ်။

အလုပ်ထဲမှာ ကျွန်မတို့ နှစ်ယောက် ရင်းရင်းနှီးနှီးတွဲဖြစ်ကြတယ်။ တစ်ယောက်ပျောက်ရင် တစ်ယောက်က လိုက်ရှာနေကြတာမျိုး။ လူမျိုးချင်းမတူပေမယ့် မိဝေးဖဝေး အလုပ်လာလုပ်ကြသူအချင်းချင်းမို့ တစ်ယောက်ကို တစ်ယောက် ဖေးမကြတယ်။ ရင်ထဲမှာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ကြတယ်။ သူ့မွေးနေ့မှာ ဘုရားကျောင်းသွားတော့ ကျွန်မက သူ့ဘေးနားမှာ။ ကျွန်မ သူငယ်ချင်းတွေ အိမ်မှာ အလှူတွေ လုပ်ကြတော့လဲ သူမက ကျွန်မနဲ့အတူတူလိုက်ပြီး မြန်မာစာတွေ နှစ်နှစ်သက်သက်စားတယ်။ ကျွန်မက သူ့မိသားစု တစုလုံး သူ့ဆွေမျိုးတွေ အားလုံးနဲ့ ရင်းနှီးသလို သူ့အိမ်ကိုလဲ ရောက်အောင်သွားခဲ့ဘူးတယ်။

ဒီလောက်ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့ကြပေမယ့် သူ့ရဲ့ အချစ်ရေးကိစ္စတွေ ကျွန်မ ဘာမှ မသိခဲ့ရဘူး။ သူမက ခံစားချက်တွေကို သိုသိပ်နိုင်လွန်းသူ ချစ်သူမရှိသူလို့ ကျွန်မသိခဲ့ရတာ။ တစ်ခါတုန်းကတော့ သူစိတ်ဝင်စားသူ တစ်ယောက် ရှိတာကို ကျွန်မကို ပြောပြဖူးတယ်။ ကျွန်မသူငယ်ချင်းမလေးက ကိတ်မုန့်ဖုတ်တာ သိပ်တော်သလို အလုပ်လာတိုင်း ကျွန်မနဲ့ အခြားသူငယ်ချင်းတွေအတွက် ကိတ်မုန့်လေးတွေ ယူလာပေးတယ်။ သူမ သဘောကျတဲ့ တစ်ယောက်ကိုလဲ သူ့လက်ရာ ကိတ်မုန့်လေးကို ကျွန်မရှေ့မှာပဲ မျှဝေခဲ့ဘူးတယ်။

ကံဆိုးချင်တော့ သူမနှစ်သက်မိတဲ့ မဟာယောက်ျားသားက သူမကို လျော့တွက်တာက စတယ်။ ဇာတ်လမ်းမစခင်မှာပဲ မိန်းကလေးတစ်ယောက် သိက္ခာကို ထိပါးစေမယ့် စကားတစ်ခွန်းပြောခဲ့တဲ့ နောက်မှာ သူတို့ ဇာတ်လမ်းက မစမီက ဆုံးသွားခဲ့တယ်။
မြန်မာမဟုတ်တဲ့ မိန်းကလေးဆိုပေမယ့် မြန်မာမိန်းကလေးတွေလိုပဲ စည်းကမ်းနဲ့ နေထိုင်တတ်သူ မိန်းကလေး မာနနဲ့ သိက္ခာကို တပြားမှ အထိမခံသူမို့ ကျွန်မသူ့ကို မချီးကျူးပဲ မနေနိုင်ခဲ့ဘူး။ ကောင်းမွန်တဲ့ မိဘ အသိုင်းအဝိုင်းက ဆင်းသက်လာသူပီပီ ဘောင်းဘီတိုလေးတွေ ပေါ့ပေါ့ပါးပါး ဝတ်တတ်တာကလွဲလို့ တီရှပ်လေးတွေကိုပဲ လုံလုံးခြုံခြုံဝတ်တတ်တယ်။ ဟော့ဟော့ရမ်းရမ်းမရှိခဲ့ဘူး။

သူ နောက်ရာထူးတစ်ခုအတွက် အလုပ်လျှောက်တော့ မမေ့မလျော့ ကျွန်မကို တွဲခေါ်တယ်။ အပျင်းထူနေတဲ့ ကျွန်မဘေးမှာထိုင်ပြီးတော့ကို အဲဒီအလုပ်ကို လျှောက်ခိုင်းခဲ့တာ။ ပထမ အင်တာဗျူး ဒုတိယအင်တာဗျူးတွေ ဖြေတော့လဲ အတူတူ။ ဘေးချင်ကပ်ရက် ဖြေခဲ့ကြတာ။ သူကကိုယ့်ထက် မိနစ်ပိုင်းစောဖြေရတဲ့ လူတွေ့အင်တာဗျူးမှာတောင် ထွက်ထွက်ချင်း ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုတာ အပြေးအလွှားပြောပြခဲ့သေးတယ်။ နောက်ဆုံးအတူတူပဲ အင်တာဗျူးအောင် ရာထူးတက်တယ်။ အလုပ်သစ်အတွက် သင်တန်းမစခင် နှစ်ယောက်သား အပြေးအလွှား ခရီးထွက်လိုက်ကြသေးတယ်။

နေရာသစ် ဌာနသစ်ရောက်ပြီး တစ်နှစ်လောက်နေတော့ သူအလုပ်ထွက်မယ်ဆိုတာ ကျွန်မကို အရင်ဆုံးအသိပေးတယ်။ ပြီးတော့ အိမ်ပြန်သွားခဲ့တယ်။ မိသားစုအတွက် သူအိမ်ပြန်ဖို့လိုတယ်လို့ပဲ ပြောခဲ့တာ။ သူ့မိသားစုက ပြည့်စုံတဲ့ မိသားစု သမီးကြီးဖြစ်တဲ့ သူငယ်ချင်းက မိဘနားမှာ နေဖို့လိုပီပြောတော့ သူ့ကို ကျွန်မ မတားခဲ့ဘူး။
သူပြန်သွားပြီး သိပ်မကြာခင်မှာ သူပြန်ရတဲ့ အကြောင်းရင်းကို သိခွင့်ရခဲ့တယ်။ သူ့သတင်းကို အမြဲနားစွင့်နေတဲ့ ကျွန်မဆီကို သူငယ်ချင်းတွေက သတင်းလေးတွေ သယ်လာပေးတတ်တယ်။

သူ မင်္ဂလာဆောင်တော့မယ် မင်္ဂလာဆောင်ဖို့ လိုအပ်တာတွေ စီစဉ်နေပြီ လို့ သူငယ်ချင်းတစ်ယောက်က ပြောလာတော့ အတိုင်းမသိဝမ်းသာရတယ်။သူတို့ဆီမှာ သတို့သမီးလောင်းတစ်ယောက်က မင်္ဂလာမဆောင်ခင် workshop လေးတွေ တက်ရတယ်လို့ ပြောကြတယ်။ သူလဲ အလုပ်ရှုပ်နေပုံရပါတယ်။ သူ့အသက်အရွယ်အရ အိမ်ထောင်ပြုသင့်နေပီလေ။ ဒါပေမယ့် ကျွန်မကတော့ သူ့ကို မမေးခဲ့ပါဘူး။ သူတချိန်ချိန်မှာ ကျွန်မကို ပြောပြမယ်ဆိုတာ ယုံကြည်နေခဲ့တာကိုး။

သိပ်မကြာခင်မှာပဲ သူ့မင်္ဂလာ သတင်းကို ယူလာတဲ့ သူငယ်ချင်းကပဲ စိတ်မကောင်းစရာ သတင်းကို ယူလာပြန်တယ်။ သူတို့က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ လူတွေဆိုတော့ သူသုံးလိုက်တဲ့ စကားစုက ကျွန်မအတွက် ဆန်းနေတယ်။ သူပြောလိုက်တဲ့ စကားလုံးကြောင့် ကျွန်မ အံ့သြရသလို ထိတ်လန့်တကြားလဲ ဖြစ်ရတယ်။
သူ သိပ်ဝမ်းနည်းနေတယ်လို့ သိနေရတော့ ကျွန်မလဲ နေလို့မရအောင် စိတ်မကောင်းဖြစ်ရတယ်။ သူ့ကို မေးလဲ မမေးရက်ခဲ့ဘူး အရာရာ ပြင်ဆင်ထားပြီး မိဘတွေနဲ့ တွေ့ခါနီးမှ ပျက်သွားတဲ့ မင်္ဂလာပွဲအတွက် သူနဲ့ထပ်တူ ခံစားရတာကိုး။

နောက်ပိုင်းမှာတော့ သူ လိုင်းပေါ်ကနေ မသိမသာ ပျောက်သွားတယ်။ ကျွန်မ မက်ဆေ့တွေပို့တယ် သူ မပြန်ဘူး။ သူဘာတွေ ဖြစ်နေတယ်ဆိုတာ သိချင်စိတ်နဲ့ စိုးရိမ်စိတ်က ရောနေတယ်။ သူ့ဆီက မကြားရမချင်း အဲဒီအဖြစ်အပျက်တွေကို ကျွန်မ လက်မခံနိုင်ဘူးလေ။ ကျွန်မ သိရသလောက် သူတို့ နှစ်ယောက် ငါးနှစ်ကျော် ခြောက်နှစ်လောက် ချစ်ကြပြီးမှ ဒီလိုဖြစ်ကြတာကိုး။ အနေဝေးနေတုန်းကတောင် အခက်အခဲမရှိခဲ့ပဲ ချစ်သူနဲ့ နီးဖို့ အိမ်ပြန်သွားပြီးမှ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကြတာ။

နောက်တော့ သူ့ဆီက မက်ဆေ့တွေပြန်ရတယ် ကျွန်မတို့ ဖုန်းအကြာကြီးပြောဖြစ်ကြတယ်။ သူ့အခက်အခဲတွေ ပြောပြဖို့ အကြိမ်ကြိမ်တိုက်တွန်းတော့မှ အဖြစ်မှန်တွေကို သိခွင့်ရခဲ့တာ။
သာမာန်လူတွေအတွက် သိပ်မထူးဆန်းတဲ့ အဖြစ်အပျက်လို့ ပြောလို့ရပေမယ့် သူ့လို အရှက်အကြောက်ကြီးပြီး အေးချမ်း သိမ်မွေ့တဲ့သူအတွက်တော့ တစ်ယောက်တည်း ကမ္ဘာပျက်နေတာပေါ့။

ပြီးခဲ့တဲ့ အပါတ်က သူ့ကို သတိရလို့ နေကောင်းလား ဘာလားမေးရင်းမက်ဆေ့ပို့လိုက်တယ်။ သူ့ဆီက ပြန်စာ တစ်ကြောင်းတည်းရခဲ့တယ်။
“ငါ အဆင်မပြေဘူး…ငါ့ကို ဆုတောင်းပေးပါတဲ့…”
ဒီလိုမျိုး သူဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး… ရုပ်ရည် ပညာ ဥစ္စာပစ္စည်းအတွက် ပူပင်စရာမရှိတဲ့ မိန်းကလေးတစ်ယောက် အဲလောက် နင့်နင့်သီးသီး ခံစားရမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ တကယ်ဆို လွန်ခဲ့တဲ့ ခြောက်လလောက်က အားလုံး ပြီးသွားပြီဆိုတော့ သူစိတ်ပြေနေလောက်ပြီထင်ခဲ့တာ။ ခံစားရမယ်ဆိုရင်လဲ အနည်းအကျဉ်းတော့ အနည်ထိုင်နေလောက်ပြီလို့ မျှော်လင့်ခဲ့တာ။

ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တယ်.. သူနဲ့ထပ်တူ ဝမ်းနည်းရတယ်. သူက သူများတွေကို ဆူဆူပူပူ ပေါက်ကွဲတတ်တဲ့သူမဟုတ်ဘူး။ ကျွန်မလိုပဲ စိတ်မကောင်းစရာ ကြေကွဲစရာတွေကို တစ်ယောက်တည်း တွေးတွေးပြီး ဝမ်းနည်းနေတတ်တဲ့သူ။ တိတ်ဆိတ် ငြိမ်သက်လွန်းသူတွေရဲ အတွင်းကြေ ဝေဒနာကို ကာယကံရှင်တွေနဲ့ထပ်တူ ဘယ်သူမှ ခံစားနိုင်မယ်မထင်ဘူး။

မနေ့ကညက ကျွန်မကိုယ်တိုင်လဲ စိတ်မကောင်းစရာ အနည်းအကျဉ်းရှိတော့ တညလုံး လိုင်းပေါ်မှာ စာတွေဖတ်နေခဲ့တယ်။ မနက် အိပ်ယာထနောက်ကျတယ်။ ရန်ကုန်က ငယ်သူငယ်ချင်းမလေးက ဒီနေ့ သက်တန့်ရောင်စုံဖြစ်နေတဲ့ ဖေ့ဘုတ်က ပရိုဖိုင်းတွေ အကြောင်းမေးလာတော့ ရုတ်တရက် မဖြေနိုင်ခဲ့ဘူး။ သူပြောင်းထားတဲ့ ပုံလေးကို ချစ်လို့ ike လုပ်ခဲ့သေးတယ်။နောက်မှ အကြောင်းစုံ သိလိုက်ရတော့ သူငယ်ချင်းကို ပြန်ပြောင်းလိုက်နော်လို့ပြောမိတယ်။ ပြောပြီးမှ စိတ်မကောင်းဖြစ်ရတယ်။ တကယ်ဆို သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မစွက်ဖက်ချင်ခဲ့ဘူး။ ဘယ်သူ့ကိုမှလဲ ဘာလုပ်ပါ ဘာတော့ မလုပ်ပါနဲ့လို့ မတိုက်တွန်းခဲ့ဘူး။

ဒီနေ့ တနေ့လုံး အရောင်စုံ ဖေ့ဘုတ်ကြီးကို ဘာရယ်မဟုတ် ထိုင်ကြည့်နေမိတယ်။ ကြည့်နေတာမှ မိနစ်မလပ် စက္ကန့်မလပ် ။ ညက အိပ်ရောပျက်ထားတော့ ကြည့်နေရင်း အိပ်ပျော်ပျော်သွားသေးတယ်။

အရောင်စုံတွေများသထက်များလာတာနဲ့အမျှ သူငယ်ချင်းလေးအတွက် စိတ်တွေပူလာတယ်။ အရင်ကတော့ ကျွန်မနောက်ဆုံးပို့ထားတဲ့ မက်ဆေ့လေးကို သူငယ်ချင်းလေး ဖတ် မဖတ် စောင့်ကြည့်ပြီး သူဖတ်ထားတယ်ဆိုရင် ပျော်နေတတ်တာ။ သူ့ဆီက ပြန်စာကို မျှော်နေတတ်တာ။
အခုတော့ သူ ဒီနေ့ လိုင်းပေါ်ရောက်မလာပါစေနဲ့လို့ ဘယ်နှစ်ကြိမ် ဆုတောင်းမိမှန်းမသိဘူး။ သတိရတိုင်း သူ့ဝေါပေါ်သွားပြီး သူ့သူငယ်ချင်းတွေ ဘယ်သူတွေ သက်တန့်ရောင် ဓါတ်ပုံတွေပြောင်းလဲလို့ သွားကြည့်တယ်။

ကိုယ်ကိုယ်တိုင် မလုံခြုံစိတ်တွေနဲ့ ယောက်ယက်ခတ်နေချိန်မှာ ကိုယ့်ဝေဒနာကို မေ့ပြီး သူ့အတွက် စိတ်ပူနေမိတယ်။ သူ လိုင်းပေါ်ကို မရောက်လာပါစေနဲ့လို့ ဘယ်နှစ်ကြိမ်မှန်းမသိ ဆုတောင်းနေတုန်း။ ဖြစ်နိုင်ရင် ဒီသက်တန့် လှိုင်းတွေ ဖေ့ဘုတ်ပေါ်မှာ ရပ်တန့်သွားတဲ့ အချိန်ကျမှ သူပြန်လာစေချင်တယ်။

သူ့အတွက် ဘာမှ မလုပ်ပေးနိုင်တဲ့ အချိန်မှာ ဘာလုပ်ပေးသင့်လဲ ဆိုတာ ထပ်ကာထပ်ကာ စဉ်းစားနေတုန်း။ ကျွန်မ ဘာဆိုဘာမှ မတတ်နိုင်မှန်းသိနေပေမယ့် အားလုံးကို သက်တန့်ရောင်တွေ မပြောင်းပါနဲ့လို့ တောင်းပန်ချင်မိတယ်။

ဒါဟာ ကျွန်မ သူငယ်ချင်းမလေး တစ်ယောက်တည်း အတွက်မဟုတ်ခဲ့ပါဘူး။

ကိုယ့်ကိုယ်ကို ဘာမှန်း ပြတ်ပြတ်သားသားမသိပဲ မိန်းကလေးတစ်ယောက်ကို နှစ်ပေါင်းများစွာ တွဲပြီး အရှက်ရစေခဲ့သူ။ နောက်ဆုံးအချိန်မှာမှ “ကိုယ် ဘာဆိုတာ ကိုယ်တိုင်တောင် မသိခဲ့ပါဘူး .. ယောက်ျားစစ်စစ်လား အခြောက်လားဆိုတာ မသိနိုင်သေးလို့ မင်းကို လက်မထပ်ပါရစေနဲ့” လို့ အရှက်နည်းလွန်းစွာ ငြင်းရက်ခဲ့တဲ့သူတစ်ယောက်။ ပြီးတော့ သူလို ယောက်ျားတွေအတွက် စိတ်သောက ရောက်ပြီး နင့်နင့်သီးသီး ခံစားခဲ့ရတဲ့ မိန်းကလေးတွေ အားလုံးအတွက်ပါ။

သူငယ်ချင်းရေ နင်ပြောသလို ငါဆုတောင်းပေးနေပါတယ်။။ ကျေးဇူးပြုပြီး လိုင်းပေါ် တက်မလာပါနဲ့...

(ဒီပို့စ်အတွက် မှတ်ချက်ရေးခြင်း သည်းခံပါလို့).

0 comments:

My Blog List