“ပုဇွန် ၁၀
ဖိုးလောက် ပေးပါ”
ဒီတခါတော့
ပုဇွန် ၁၀ ဖိုးပေးပါလို့ ပြောတဲ့ အသံက ပုံမှန်ဖြစ်နေသည်။ ပထမဆုံးဝယ်တဲ့နေ့ကလို ယုံကြည်ချက်မဲ့နေတဲ့
လေသံမျိုးမဟုတ်တော့။
စူပါမားကတ်မှာ
ဈေးဝယ်ရသူ ကျွန်မလို ဟိုမရောက်သည်မရောက် တကိုယ်တော်သမားတွေအတွက် ထခါတရံမှာ ဈေးဝယ်ရတာက
တိုက်ပွဲတခု။
မိသားစုကြီးကြီးက
လာသူဆိုတော့ တစ်ယောက်တည်းနေစတုန်းက ဈေးဝယ်ရတာ အဆင်မပြေ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်အထိ
တစ်ယောက်တည်းဆိုပေမယ့် ပုဇွန်ကို ၂ ကီလိုလောက်ဝယ်ပစ်လိုက်တာမျိုးတွေ ရှိခဲ့သည်။ နောက်လဲ
စားလို့ရတာပဲ ရေခဲသေတ္တာရှိနေတာပဲဆိုတဲ့ အတွေးနဲ့ ဈေးကို အတိုင်းအဆမရှိ ဝယ်ဖြစ်သည်။
တခါတလေ ဈေးမှာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ့လေတိုင်း ရေခဲသေတ္တာအားကိုးနဲ့ မြင်သမျှကောက်ထည့်မိသည်။
ကိုယ့်ရဲ့မတော်လောဘတွေရဲ့
နောက်ကွယ်က ရလာဘ်ကတော့ ဟင်းသီးဟင်းရွက် တော်တော်များများ အမှိုက်ပုံးထဲရောက်သွားခြင်းသာဖြစ်သည်။
အသားငါးတွေကလဲ
လပေါင်းများစွာ ရေခဲသေတ္တာထဲမှာ အစုလိုက်အပုံလိုက်။ ငယ်ငယ်တုန်းက အမေပြောတဲ့ သားငါး
လတ်လတ်ဆတ်ဆတ်ဆိုတာကို ရေခဲသေတ္တာကြီးက မသိကျိုးကျွှံပြူလို့။
ကျွန်မ အလယ်တန်းကျောင်းသူဘဝမှာ
အမေနဲ့အတူ မနက်ခင်းဈေးကို စရောက်ခဲ့တာကို အမှတ်ရမိသည်။ ငါးဆိုင် အသားဆိုင်တွေရောက်တိုင်း
အသားငါးတွေ လတ်မလတ် ကြည့်ပုံကြည့်နည်းကို အမေက သင်ပေးသည်။ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်
ရွေးပုံရွေးနည်းကို သင်ပေးသည်။ အမေက ဈေးဝယ်တဲ့ နေရာမှာ စေ့စပ်သည် သူများတွေလို ဈေးဆစ်
မတန်တဆ ဈေးနှိမ်တာမျိုးမရှိပေမယ့် အချိန်ယူပြီးဈေးဝယ်တတ်သူ။
ဈေးထဲမှာ
တဆိုင်ဝင် တဆိုင်ထွက် သိအောင်ပြပြီး ပါးစပ်ကလဲ တတွတ်တွတ်သင်သည်။ “ကြောင်အတွက် ခွေးအတွက်
ငါးဝယ်ရင် ဒီပင်လယ်ငါးဆိုင်မှာဝယ်… ဒီမှာ ငါးသေးသေးလေးတွေ ရှိတယ် ပင်လယ်ငါးလည်းစုံတယ်။
“
“ငါးကို မဝယ်ခင်
သေချာကိုင်ကြည့် မာမာလေး မျက်လုံးကြည်ကြည် စင်စင်လေး ပါးဟတ်နီနီလေးဆိုရင် လတ်တယ်. ပျော့နေတဲ့
တစစီပဲ့ထွက်နေတဲ့ငါးဆို အလကားရတောင်မယူနဲ့…”
“ခရမ်းချဉ်သီးလေးတွေ
ငရုတ်သီးစိမ်းတွေဆို အညှာလေးတွေ စိမ်းနေမှလတ်တာ။ ကြက်သွန်နီဆိုရင် ကျစ်ကျစ်လစ်လစ် ပြောင်တင်း
လုံးချောနေတာလေးကိုရွေး အဟောင်းနဲ့ အသစ်က ကြည့်ရုံနဲ့သိတယ် အသစ်တွေက စိုထိုင်းထိုင်းနဲ့
အခွံ့တွေပွနေတတ်တယ်။”
“ကြက်သွန်ဖြူကျတော့
တရုတ်ကြက်သွန်ဖြူတွေက အခွံ့ခွာရတာသာလွယ်တာ တကယ်အရသာရှိတာက မြန်မာကြက်သွန်ဖြူ သေးသေးလေးတွေ။”
“ချဉ်ပေါင်ရွက်သင်ရင်
အရွက်ရဲ့ အရင်းနားကနေသင် အရိုးတံတွေ မပါစေနဲ့ ။ ကင်ပွန်းချဉ်ရွက်ကတော့ ဆူးပြန်သင်ရတယ်
ဒါဆို သမီးလက်ကို အဆူးမဆူးတော့ဘူး။ ကင်ပွန်းချဉ်ရွက်ကို အပေါ်အောက် ဇောက်ထိုးကိုင်ပြီး
သင်တာကို ဆူးပြန်သင်နည်းလို့ခေါ်တယ်။”
အမေ့နည်းစနစ်တွေအတိုင်း
လက်တွေ့ဈေးဝယ်ရတော့ အစပိုင်းမှာ တော်တော် စိတ်ညစ်ရသည်။ ဈေးသည်တွေက ကလေးတွေမြင်တာနဲ့
မလတ်တဲ့ ငါးတွေ အတင်းထည့်ချိန်တတ်သလို တကောင်ချင်း ရွေးနေတာကိုလည်း စိတ်မရှည်ပုံပြတတ်သည်။
တခါတုန်းက ငါးတွေကို တကောင်ချင်းစီ ရွေးနေတော့
“အမလေးတော် ငါးရွေးနေတာ လေဖြတ်ပြီးသေနေအုံးမယ်လို့ အော်တာခံခဲ့ရသည်။”
အိမ်က ကြောင်နဲ့
ခွေးအတွက် ပင်လယ်ငါးလေးတွေ ဝယ်ပြန်တော့ “ ကြောင်စာ ကြောင်စာနဲ့ တဆယ်ဖိုးဝယ်ပြီး တမိသားစုလုံးစားနေကြတာ
မသိဘူးထင်နေလား “ လို့ ခနဲ့တာလည်းခံရဘူးသည်။
ကြက်သား ငါးဆယ်သားဝယ်တော့
ဆိုင်မှာ ရှိသမျှကြက်ရိုးတွေ ထည့်ချိန်ပြီး တွေ့လား အများကြီး အပိုထည့်ပေးလိုက်တယ်ဆိုပြီး
ညာချတာလည်း ခံရသေးသည်။
အမေ့မီးဖိုချောင်အတွက်
ရုံးပိတ်ရက်တွေမှာ ဈေးဝယ်ပေးနေရင်းက အဝယ်တော်ရာထူးက အနားရဖို့ အကြောင်းဖန်လာလေတော့
အိမ်နားက မနက်ခင်းဈေးလေးနဲ့ ဝေးခဲ့ရသည်။
မိဝေးဖဝေးမှာ
တစ်ယောက်တည်း နေရပြန်တော့ မီးဖိုချောင်ကိစ္စအဝဝကို
မအားတဲ့ကြားက အပြေးလုပ်ရသည်။ ဈေးဝယ်ချိန်မှာ
စားချင်စိတ်တွေနဲ့ ဟင်းချက်စရာတွေ တနင့်တပိုး ဝယ်ခဲ့ပေမယ့် တကယ်တမ်းမချက်ဖြစ်ပြန်တော့
ဟင်းစားတွေက ရေခဲသေတ္တာထဲကနေ အမှိုက်ပုံးထဲကို ရောက်တာ များလာသည်။ အမှိုက်ပုံးနဲ့ ရေခဲသေတ္တာ
တစတစနဲ့ အိမ်နီးချင်းတွေ ဖြစ်လာပေမယ့်လည်း ကျွန်မက ဈေးကို အတိုင်းအဆမရှိ ဝယ်နေဆဲ။
နိုင်ငံရပ်ခြားမှာ
အနေကြာပြီး ဈေးဝယ်ကျွမ်းကျင်ပါတယ်လို့ ဘယ်လောက်ဆိုဆို တကိုယ်စာ လိုအပ်ချက်နဲ့ ကိုက်ညီအောင်
ဈေးမဝယ်တတ်ခဲ့တာများသည်။
မနှစ်တုန်းကတော့
ခရစ္စမတ်မရောက်ခင်လေးမှာ အိမ်ရှေ့နားက ဝယ်နေကျ စူပါမားကတ်မှာ ဈေးဝယ်ဖြစ်သည်။ ကြက်သွန်နီတွေ
ရွေးနေချိန်မှာ ဘေးနားကိုရောက်လာတဲ့ အမျိုးသမီးတစ်ယောက်က ခရမ်းချဉ်သီးတစ်လုံး ငရုပ်ပွ
တစ်တောင့် ခရမ်းသီး နှစ်လုံးနဲ့ ငရုပ်သီးစိမ်း လေးငါးတောင့်လောက်ကိုယူပြီး ပေါင်ချိန်စက်မှာ
သွားချိန်နေတာတွေ့ရတော့ မျက်လုံးတွေ ကျယ်ထွက်သွားတဲ့အထိ အံ့သြရသည်။
အသားငါးရောင်းတဲ့
ကောင်တာရှေ့မှာရပ်ပြီး ပုဇွန် တစ်ကီလိုနော်လို့ ကိုယ်က ပြောနေချိန်မှာ နောက်နားဆီက
ပုဇွန် ငါးကျပ်ဖိုးထည့်လိုက်နော်လို့ ပြောလာသူက ခရမ်းချဉ်သီးတစ်လုံးတည်းဝယ်တဲ့သူ ဖြစ်နေသည်။
ပုဇွန် တစ်ကီလိုကို
၃၀ ပေးရတာမို့ ငါးကျပ်ဖိုးဆိုရင် ၁၀ သားသာသာ ။ နောက်နားက အမျိုးသားတစ်ယောက်ကတော့ ပုဇွန် ၁၀ ဖိုးချိန်ပေးပါလို့ ဆိုလာပြန်သည်။
သူတို့ ဈေးဝယ်ပုံက
ရုတ်တရက်ဆိုရင် ကပ်းစေးနှဲသူရယ်လို့ အထင်ရောက်စရာရှိသည်။ ဒါပေမယ့် တကယ်တမ်းကျတော့ တကိုယ်စာ
မီးဖိုချောင်အတွက် လတ်လတ်ဆတ်ဆတ် ဟင်းလျာတွေ ချက်ပြုတ်ဖို့ အကောင်းဆုံး ဈေးဝယ်နည်း။
အလေအလွင့် အနည်းဆုံး ဈေးဝယ်နည်းလို့ ဆိုလို့ရသည်။
နောက်တစ်ပါတ်မှာတော့
အလုပ်ကအပြန် စူပါမားကတ်ကိုဝင်တော့ ငရုပ်ပွ တစ်တောင့် မုန်လာဥနီ တစ်တောင့် ခရမ်းချဉ်သီး ကြီးကြီး ၂ လုံး
နဲ့ ပုဇွန် တစ်ဆယ်ဖိုး စမ်းဝယ်ကြည့်သည်။
ပုဇွန်က နှစ်ဆယ်သားကျော်ကျော်ရတာမို့ နှစ်ကြိမ်ချက်ဖို့ လုံလောက်သည်။ ငရုပ်ပွခပ်သေးသေး
တစ်တောင့်က နေ့စဉ်မနက်စာ ကြက်ဥမွေကြော်အတွက် တစ်ပါတ်စာ လုံလောက်သည်။ ခရမ်းချဉ်သီးကလည်း
ဟင်း နှစ်ကြိမ်ချက်ဖို့ နှစ်လုံးထက်ပိုပြီး မလိုတာသေချာသည်။
ပဲပြားကျတော့
မြန်မာပြည်ထက် အရွယ်ကြီးတာမို့ အရင်ကတော့ တစ်ပြားဝယ်ပြီး တဝက်ကိုချက် တဝက်ကို အစိမ်းအတိုင်း
ရေခဲသေတ္တာထဲပြန်သိမ်း သုံးလေးရက်ကြာတာ့ အမှိုက်ပုံးထဲပစ်ရတာများသည်။ အခုတော့ ချက်မယ့်နေ့မှာ
မထူမပါးလှီးပြီး အားလုံးကိုကြော် လောလောဆယ်စားမယ့် တဝက်ကို အရင်ချက် ကြော်ပြီးသားတစ်ဝက်ကို
ရေခဲသေတ္တာထဲပြန်ထည့်တော့ အမှိုက်ပုံးထဲထည့်ရမယ့် အမှိုက်တစလျော့သွားသည်။
ကြက်သားတွေ
ဝယ်ပြီးရင်လည်း ရေစပ်စပ်လေးနဲ့ ပြုတ်ကြော်လုပ်ပြီး ရေခဲသေတ္တာထဲမှာ တပါတ်လောက်ထည့်ထားပြီး
စားချင်တဲ့ နေ့တွေမှာ နည်းမျိုးစုံနဲ့ ကြော်လှော်ချက်စားတတ်လာသည်။
ကြာကြာထားလို့ရတဲ့
အာလူးတွေ ကြက်သွန်တွေ ဆီသွတ်ဗူးထဲက ပဲတွေကိုတော့ လိုအပ်သလောက်ဝယ်ပြီးသားမို့ ဟင်းစားတွေ
အမှိုက်ပုံးထဲရောက်မယ့်အရေး ပူစရာမလိုတော့။
တပါတ်တစ်ကြိမ်သာ
အသားငါးဝယ်ရတာမို့ လိုသလောက်လေးကို ချင့်ချိန်ပြီး ဝယ်တတ်အောင် ကြိုးစားလိုက်တော့ တစ်လအတွင်း
အလေအလွင့်မရှိအောင် ဈေးဝယ်တတ်လာသည်။
ကိုယ်စားနိုင်သလောက်
ချက်နိုင် သလောက်ဝယ်တာ ရှက်စရာ မဟုတ် ဝယ်သမျှကို အလျင်မီအောင် မချက်ပြုတ်ပဲ အမှိုက်ပုံးထဲ ပစ်တာကမှ တကယ့်ရှက်စရာလို့ သိလာခဲ့သည်။
ကျွန်မတို့
အမှိုက်ပုံးတွေထဲမှာ စွန့်ပစ်လိုက်ရတဲ့ အမှိုက်တွေဟာ ကျွန်မတို့အတွက် မပြောပြလောက်ပေမယ့်
တကယ်လိုအပ်နေတဲ့မိသားစုဝင်တွေအတွက် ဟင်းခွက်ပေါင်းများစွာဖြစ်နိုင်သည်။
ကမ္ဘာနဲ့အဝှမ်းမှာ
အငတ်ဘေးဆိုဒ်နေသူတွေကို ကိုယ်ထိလက်ရောက် မကူညီနိုင်ပေမယ့် တကိုယ်စာအတွက် အလေအလွင့်နည်းနိုင်သလောက်နည်းအောင်
ထိန်းသိမ်းနိုင်တာကလည်း ကမ္ဘာမြေကို တဘက်တလမ်းက ကူညီရာရောက်သည်လေ။
နှင်း ( မာယာ)
1 comments:
ညီမနှင်းရဲ့ Blog Link အမ မှာ မတက်လို့ ရှာပြီး လာကြည့်တယ်။ ဒီရောက်တော့ ပိုစ့်အသစ်တွေတွေ့ရတယ်။ စာဖတ်ရင်း Link ပါ ပြန်ယူသွားပါတယ်နော်... <3
Post a Comment