သန့်ရှင်း ကျန်းမာ တို့ကမ္ဘာ


ကျွန်မက ခရီးသွားများသူတစ်ယောက်မို့ ပြည်တွင်း ပြည်ပ ခရီးတွေသွားတိုင်း လမ်းခရီးမှာ သန့်စင်ခန်းတွေ သုံးရတာ အဆင်မပြေမှုလေးတွေ ကြုံလေ့ရှိပါတယ်။ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာသူမို့ တော်ရုံအဆင်မပြေမှုတွေကို ကျော်လွှားနိုင်ပေမယ့် သာမန်ထက်ပိုတဲ့ အဆင်မပြေမှုတွေရှိခဲ့ရင်တော့ စိတ်မသက်မသာ ဖြစ်ရစမြဲပါ။

နေ့စဉ်ဘဝရဲ့ တစိတ်တဒေသ ဖြစ်တဲ့အလျှောက် ဖွံ့ဖြိုးပြီးဒေသတွေမှာ ဖွံ့ဖြိုးတဲ့ အလျောက် သန့်စင်ခန်းအတွက် ကိန်းကြီးခန်းကြီးနိုင်သူတွေ ရှိသလို မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာတော့ ဘဝကို ရောင့်ရဲလွန်းစွာ ဖြတ်သန်းနေသူတွေကိုတွေ့ရပါတယ်။
မြို့ပြမှာ ကြီးပြင်းသူတွေပီပီ ကျန်းမာရေးရှုထောင့်ကကြည့်လို့ သန့်စင်ခန်းဝင်မယ်ဆိုတိုင်း ဇီဇာကြောင်တတ်သူ စိုးရိမ်ပူပန်တတ်သူ သူငယ်ချင်းမလေးတွေလဲ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။
“ညီမလေး အများသုံး သန့်စင်ခန်းတွေဝင်ရင် ဘိုထိုင်ပေါ်မထိုင်ခင် ရေအရင်ဆွဲချနော်… ကိုယ့်အရှေ့မှာ ဘယ်လိုလူသုံးသွားလဲဆိုတာ မသိနိုင်ဘူး…. သန့်စင်ခန်း ကမုတ်တွေကနေ ကူးစက်တတ်တဲ့ ရောဂါတွေရှိတယ်… ထိုင်ခုံကမုတ်ပေါ်မှာ တစ်ရှုးတွေ သေချာခင်းပြီးမှထိုင်နော်…. သန့်စင်ခန်းသုံးပြီးတိုင်းလက်ဆေးအုံး”
“သူငယ်ချင်းရေ တတ်နိုင်သလောက် အများသုံး သန့်စင်ခန်းတွေကို ရှောင်နိုင်ရင်ရှောင်ပါ… ခုခေတ်ကြီးမှာ ကူးစက်ရောဂါတွေဆိုတာကလဲ များပါဘိနဲ့…. မသုံးမဖြစ်လို့ သုံးမယ်ဆိုလဲ ပိုးသတ်ဆေးပါတဲ့ လက်ကိုင်ပုဝါ အစိုထုတ်လေး ( wet tissue) တွေ ဆောင်ထား…ဘိုထိုင်ကို မထိုင်ခင် အရင် လက်ကိုင်ပုဝါ အစိုလေးနဲ့သုတ်လေ…”

အချို့သော သူငယ်ချင်းမလေးတွေကတော့ သန့်စင်ခန်းကို အညစ်အကြေးစွန့်တဲ့ နေရာတစ်ခုထက်ပိုလို့ မွမ်းမံတတ်ကြသူတွေ။  ဘယ်သူ ဘယ်ဝါအိမ်က ရေချိုးခန်းလေးက ဘယ်လို သန့်စင်ခန်းလေးက ဘယ်လို သန့်စင်ခန်းနားကြောင်း တခုတ်တရပြောကြသလို ကိုယ်ပိုင်သန့်စင်ခန်းလေးတွေကိုလည်း အတတ်နိုင်ဆုံး အလှဆင်တတ်သူတွေ။

သန့်စင်ခန်းမှာ ဖြန်းတဲ့ အမွှေးဘူး သန့်စင်ခန်းသုံး ပရုတ်လုံး သန့်စင်ခန်းသုံး ရေမွှေး ပန်းမာလ်တွေဝယ်ပြီး သန့်စင်ခန်းကို အလှဆင်လို့ မဆုံးနိုင်ကြတော့။
တခါတရံ စကားစပ်မိလို့ သန့်စင်ခန်းတွေအကြောင်းပြောဖြစ်တိုင်းလည်း ဘဝမှာ အမြဲတမ်း အမှတ်ရစေခဲ့တဲ့ သန့်စင်ခန်းအတွေ့အကြုံတွေကို ဖလှယ်ကြပြန်သေးတာ။
ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်မတို့ မြို့လေးနဲ့ သိပ်မဝေးလှတဲ့ မြို့လေးမှာရှိတဲ့ မြန်မာဇနီးမောင်နှံ နှစ်ဦးဆီကို သွားလည်ရင်း အိမ်ရှင်ကို ခွင့်တောင်းလို့ သန့်စင်ခန်းသုံးခဲ့ဘူးပါသည်။

ဧည့်ခန်းနဲ့ ကပ်လျက်မှာ ရှိတဲ့ သန့်စင်ခန်းကို တံခါးဖွင့်လိုက်တာနဲ့ မွေးပွ ကောဇောအပြည့်ခင်းထားတဲ့ သန့်စင်ခန်းလေးက ကျွန်မကို ဆီးကြိုနေခဲ့သည်။  ရုတ်တရက်ဆိုသလို ထူးခြားလှတဲ့ သန့်စင်ခန်းအပြင်အဆင်ကြောင့် အံ့သြသွားမိသလို အခန်းများမှားလေရော့သလားလို့ အတွေးဝင်ပြီး ထိတ်လန့်သွားမိသည်။ ကျွန်မတို့ကို ဧည့်ခံနေတဲ့ ဧည့်ခန်းကျယ်ကြီးထဲမှာတောင် မွေးပွ ကော်ဇော်ကို ခန်းလုံးပြည့် ခင်းထားတာမတွေ့ခဲ့ရ။ 

ဒါပေမယ့် သန့်စင်ခန်းလေးထဲမှာ  ပြင်ဆင်ထားတာကတော့ သာမန်အိမ်တစ်အိမ်ရဲ့ သန့်စင်ခန်းရယ်လို့ မယုံနိုင်စရာ။ ခန်းလုံးပြည့်ခင်းထားတဲ့ မွေးပွ ကော်ဇော မီးခိုးရောင်ဖျော့ဖျော့လေးရယ် အိမ်တွင်း အလှစိုက်တဲ့ ရွက်လှပင်ပု စိမ်းစိမ်းလေးတွေရယ် နံရံကပ် စာအုပ်စင်လေးဖြူဖြူလေးတွေရယ် လက်ဆေးကန်လေးပေါ်က ပန်းအိုးဖြူလေးရယ် ပန်းခြောက်လေးတွေ ထည့်ထားတဲ့ ခွက်လှလှလေးတွေရယ် အိမ်သာ ကမုတ်ထဲမှာလဲ ပရုတ်ပါတဲ့ အမွှေးနံ့တမျိုးသုံးထားမှန်းသိသာစေတဲ့ ရေအပြာရောင်လေးရယ် အခန်းထဲမှာ တပ်ဆင်ထားတဲ့ အော်တိုမက်တစ် ရေမွှေးဖြန်းစက်ကလေးရယ် စုံစုံလင်လင် လှလှပပ အလှဆင်လို့။
ရေချိုးခန်းတွေ အိမ်သာတွေဆိုတာ အိမ်တွေမှာ စိုထိုင်းမှုအများဆုံးမို့ ရောဂါပိုးမွှားအများဆုံးခိုအောင်းတတ်တဲ့ နေရာရယ်လို့ သတ်မှတ်ထားကြတာကိုကြားဖူးခဲ့တာ။ ဒါ့ကြောင့်လဲ အိမ်ရှင်မ အများစုက ရေချိုးခန်းတွေ သန့်စင်ခန်းတွေကို အတတ်နိုင်ဆုံး ခြောက်သွေ့အောင် ထိန်းသိမ်း ဂရုစိုက်နေကြ။ ဒါပေမယ့် သန့်စင်ခန်းကို ခန်းလုံးပြည့် ကောဇောခင်းထားတာမျိုးတော့ ဘယ်မှာမှမတွေ့ဖူး မမြင်ဖူးခဲ့ပါ။

ဒါ့ကြောင့်လဲ မြန်မာ မိတ်ဆွေအိမ်က လှပ ချစ်စဖွယ် သန့်စင်ခန်းလေးကို တွေ့ပြီးတည်းက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေရောက်တာတောင် သူတို့ရဲ့ သန့်စင်ခန်းတွေကို ခန်းနားလှပတယ်လို့ မခံစားမိတော့။
တကယ်တော့ ကျွန်မတို့ မြို့လေးမှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ သန့်စင်ခန်းတွေကို ခမ်းခမ်းနားနား လှလှပပ ပြင်ဆင်ထားတတ်တာများသည်။ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာရယ်လို့ သတ်မှတ်ထားတဲ့ ဒူဘိုင်းမောလ်ရဲ့ သန့်စင်ခန်းအတွင်းပိုင်း အပြင်အဆင်တွေကတော့  လိုအပ်တာထက် ခမ်းနားထည်ဝါလှသည်။ ဆိုဖာရှည်ကြီးတွေကို သန့်စင်ခန်းအဝင်ဝမှာ တွေ့ရပြီး သန့်စင်ခန်းတွေအားလုံးကလည်း ခြောက်သွေ့ သန့်ရှင်းလွန်းလှသည်။ ပန်းအိုးကြီးတွေထဲမှာ ပန်းပွင့်ခပ်ကြီးကြီးတွေနဲ့ အလှဆင်ထားတာမို့ ကျွန်မတို့ မိန်းမသားတွေကို မငေးမောပဲ မနေနိုင်အောင်ကို ဆွဲဆောင်နိုင်လွန်းသည်။

မကြာသေးခင်က ဈေးဝယ်စင်တာ တစ်ခုကိုရောက်တော့ အများသုံးသန့်စင်ခန်းတစ်ခုကို ရောက်ခဲ့ရပြန်သည်။ သန့်စင်ခန်း အဝင်ဝက ဆိုဖာခုံပေါ်ထိုင်ပြီး သူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း သန့်စင်ခန်းတာဝန်ခံ ချာတိတ်မလေး သန့်ရှင်းရေးလုပ်နေတာကို ဘာရယ်မဟုတ် ငေးမောမိသည်။
အခန်းငယ်လေး ၁၂ ခန်းလောက်ရှိတဲ့ သန့်စင်ခန်းကျယ်ကြီးထဲမှာ သူမဝန်ဆောင်မှုပေးနေပုံက ထူးခြားလှသည်။ သန့်စင်ခန်းထဲက တစ်ယောက်ထွက်လာထိုင်း သန့်စင်ခန်းထဲကို အပြေးအလွှားဝင်သွားပြီး  ခြောက်သွေ့နေတဲ့ ကြမ်းခင်းကို ထပ်ကာထပ်ကာ သုတ်ပြီး ခြောက်သွေ့စေသည်။ ဘိုထိုင်အိမ်သာရဲ့ ထိုင်ခုံပေါ်ကို ပိုးသတ်ဆေးတမျိုးဖြန်း အဝတ်စနဲ့ ခပ်နာနာပွတ်တိုက်ပြီး  ခြောက်သွေ့စေသည်။ ပြီးတော့ ဘိုထိုင်ကို မတင်လိုက်ပြီး ကမုတ်ကိုပါ ပိုးသတ်ဆေးထပ်ဖြန်းပြီး စေ့စေ့စပ်စပ် ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပြန်သည်။ 

သန့်စင်ခန်းတစ်ခန်းချင်းစီကို သူမစိတ်တိုင်းကျ သန့်ရှင်းရေးလုပ်ပြီးမှ နောက်ကရောက်လာသူတွေကို ဝင်ခွင့်ပြုသည်။ တစ်ယောက်ဝင်ပြီးတိုင်း တခါ စနစ်တကျ သန့်ရှင်းရေးလုပ်ပေးနေတဲ့ ကလေးမလေးကိုကြည့်ပြီး အိုး မိုင်ဂေါ့လို့ နှုတ်ဖျားမှ မရေရွတ်ပဲ မနေနိုင်။ သာမာန် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် မပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုးကို ထူးထူးခြားခြားတွေ့လိုက်ရတာမို့ အာရှသူ ချာတိတ်မလေးကို မလေးစားပဲ မနေနိုင်ခဲ့။

မြို့ပြအလွန်က မြို့ပြမှာ နေထိုင်သူတွေ သန့်စင်ခန်းတွေကို ကောင်းသထက်ကောင်းအောင် သန့်သည်ထက် သန့်အောင် မွမ်းမံ ပြင်ဆင် ခြယ်သနေကြတဲ့အချိန် တပြိုင်တည်းမှာပဲ  ကျေးလက်နေလူတန်းစားတွေ ရင်ဆိုင်နေရတဲ့ အညစ်အကြေး စွန့်ဖို့အခက်အခဲတွေနဲ့ ရေအခက်အခဲတွေကို လူတိုင်းသတိမမူနိုင်ခဲ့ပါ။
အချို့အချို့သော မြို့ကြီးပြကြီးတွေမှာ အခြေခံပညာကျောင်းတွေမှာ ယနေ့အချိန်အထိ ကျောင်းသားဦးရေနဲ့ ညီမျှတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်စင်ခန်းတွေရှားပါးနေဆဲ။ ကမ္ဘာတဝှမ်းလုံးမှာ သန့်စင်ခန်းအခက်အခဲတွေကြောင့် ကျောင်းမတက်နိုင်ကြတဲ့ ကျောင်းသူတွေရဲ့ ကျောင်းခေါ်ချိန် ပျက်ကွက်မှုရာနှုန်းက ၁၁ ရာခိုင်နှုန်းအထိ မြင့်နေခဲ့သည်။

“ကျွန်တော့်သမီးလေးက သန့်စင်ခန်းအခက်အခက်ကြောင့် မုန့်စားနားတဲ့အချိန်တွေမှာ အိမ်ကိုပြန်လာပြီး သန့်စင်ခန်းသုံးရပါတယ်။ တကယ်တော့ သန့်စင်ခန်းဟာ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတစ်ခုပါပဲ။ အထူးသဖြင့် ကျောင်းတက်နေတဲ့ ကလေးတွေအတွက်  စာသင်ဖို့ ခဲတံနဲ့ စာအုပ်တွေ လိုအပ်သလို သန့်ရှင်းတဲ့ သန့်စင်ခန်းတွေလဲ မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ စမတ်ဖုန်းတွေ social Network တွေ အင်တာနက်တွေ မရှိပဲ နေလို့ရပါတယ်။ ဒါပေမယ့် သန့်စင်ခန်းမရှိပဲနဲ့တော့ ဘယ်လိုမှ နေလို့မရနိုင်ပါဘူး။”

“ကမ္ဘာကြီးဟာ စက္ကန့် ၂၀ မှာ ကလေးငယ်တစ်ယောက်နှုန်း ဆုံးရှုံးနေပါတယ် ။ ဒါဟာ အညစ်အကြေးစွန့်စနစ် ချို့တဲ့မှုကြောင့်ပါ ။ တနှစ်လုံး အတိုင်းအတာနဲ့ဆိုရင် တစ်နှစ်ကို ၁.၂ သန်းနှုန်း ပေါ့။ ဒါဟာ ထိထိရောက်ရောက် ကြိုတင် ကာကွယ်တားဆီးနိုင်ပါရက်နဲ့ ဆုံးရှုံးနေတဲ့ ပမာဏပါပဲ။ စနစ်မကျတဲ့ အညစ်အကြေးစွန့်စနစ်တွေကြောင့် မသန့်ရှင်းတဲ့ အစားအစာတွေနဲ့ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဝမ်းပျက်
ဝမ်းလျောရောဂါတွေ ရလာမယ်။ ဒါ့ကြောင့် လူတိုင်းစေ့ သန့်ရှင်းတဲ့ သန့်စင်ခန်းတွေ သုံးနိုင်ဖို့ တကယ်ကို လိုအပ်ပါတယ်။”

“ကျေးလက်ဒေသကလူတွေက သန့်စင်ခန်း (အိမ်သာ) တွေနဲ့ မယဉ်ပါးကြဘူး။ ဘယ်လိုသုံးရမှန်းလဲ မသိကြဘူးလေ… ဒီတော့ ကျေးလက်မှာ အိမ်သာတွေဆောက်ပေးရုံနဲ့ မပြီးသေးဘူး …ပြည်သူတွေကို သန့်စင်ခန်းတွေနဲ့ ပက်သက်တဲ့ အသိပညာတွေ ဝေမျှပေးဖို့လဲ လိုအပ်ပါတယ်… ဒါမှ သူတို့ တကယ့်လိုအပ်ချက်ကိုသိပြီး စနစ်တကျ သုံးတတ်မှာပေါ့…အဲလိုမှ မဟုတ်ရင် ခင်ဗျားတို့ဆောက်ပေးလိုက်တဲ့ အိမ်သာတွေ ရေချိုးခန်းတွေကို အသီးအနှံတွေလှောင်တဲ့ စတိုခန်းလုပ်ပြီး  ကိုယ်တော်ချောတွေက  ထုံးစံအတိုင်း တောတိုးနေကြအုံးမှာဗျ….”
“အိမ်တစ်အိမ်မှာ စနစ်တကျ ဆောက်ထားတဲ့ သန့်စင်ခန်း မရှိဘူးဆိုရင် အဲဒီအိမ်မှာနေတဲ့ အမျိုးသမီးတွေ သမီးငယ်တွေ သိပ်ကို အရုပ်ဆိုး အကျည်းတန်တာပဲ…သိက္ခာမဲ့ရတယ် အရှက်မဲ့ရတယ်…ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ No Toilet, No Bride ဆိုပြီး ကမ်ပိန်းတွေလုပ်ကြသေးတယ်…”
အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သန့်စင်ခန်းတွေရဲ့ အရေးပါပုံနဲ့ပက်သက်ပြီး တွင်တွင်ကျယ်ကျယ် ပွင့်ပွင့်လင်းလင်းဆွေးနွေးလာကြပြီ။ အမျိုးသမီးလေးတွေ သန့်စင်ခန်းကို အိနြေ္ဒရရ သုံးနိုင်ဖို့ လူမှုရေး စိတ်ဓါတ်ရှိသူတွေက ကိုယ်ထူကိုယ်ထ ကူညီအားပေးကြ ပညာပေးကြ စည်းရုံးလှုံ့ဆော်လာကြပြီ။

နိုဝင်ဘာလ ၁၉ ရက်နေ့ကို ကမ္ဘာ့သန့်စင်ခန်းနေ့အဖြစ် သတ်မှတ်ပြီး ၂၀၀၁ ခုနှစ်မှစတင်ကာ ကမ္ဘာအနှံ့အပြားမှာ တွင်တွင်ကျယ်ကျယ် ကျင်းပလာခဲ့ကြတာလည်း ၁၄ နှစ်တိတိရှိခဲ့ပြီ။
ကမ္ဘာ့သန့်စင်ခန်း အဖွဲ့အစည်းမှ ကြီးမှူးပြီး ကမ္ဘာ့သန့်စင်ခန်းကောလိပ်ကို ၂၀၀၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး  သန့်စင်ခန်း တွေနဲ့ ဆက်နွယ်နေတဲ့ သင်ရိုးတွေကို ကမ္ဘာ့သန့်စင်ခန်းကောလိပ်မှာ ပြဌားန်း သင်ကြားပေးနေခဲ့ပြီ။

၂၀၀၁ ခုနှစ်ကစလို့ World Toilet Summit ကို နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပခဲ့သလို ၂၀၁၄ နိုဝင်ဘာလမှာလဲ အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ကျင်းပဖို့ တာစူနေကြပြီ။  လက်ရှိ အိန္ဒိယနိုင်ငံမှာ လူ၂ ယောက်မှာ ၁ ယောက်ဟာ စနစ်တကျ သန့်စင်ခန်းသု့းစွဲခွင့်မရသေး။ အိန္ဒိယ နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအရ လူဦးရေရဲ့ တဝက်တိတိဟာ သန့်ရှင်းတဲ့ ရေ သန့်ရှင်းတဲ့ သန့်စင်ခန်းတွေနဲ့ ဝေးနေဆဲ။

သန့်စင်ခန်း အခက်အခဲတွေ ရေရှားပါးမှုတွေနဲ့ပက်သက်ပြီး တွင်တွင်ကျယ်ကျယ် လှုပ်ရှားလာကြတဲ့ အဖွဲ့အစည်းတွေ ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေသူတွေကြားမှာ Matt Damon ကို လွန်ခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့ရပါသေးတယ်။
လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တဲ့ Ice Bucket Water Challenge ( ရေခဲရေ လောင်းပြီး စိန်ခေါ်တဲ့ အစီစဉ်လေး) အကြောင်းကို စိတ်ဝင်တစားနဲ့ လိုက်ကြည့်မိရာက ထူးခြားတဲ့ စိန်ခေါ်သူတစ်ယောက်ကို မထင်မှတ်ပါပဲ တွေ့လိုက်ရပါတယ်။ တကယ်တော့ ဒီအစီအစဉ်လေးဟာ ကမ္ဘာ တဝှမ်းလုံးမှာရှိတဲ့ စီးပွားရေး နိုင်ငံရေး အနုပညာ နယ်ပယ်တွေက နာမည်ကျော်တွေ ဦးဆောင်ပြီး ALS လို့ခေါ်တဲ့ ဝေဒနာခံစားနေရသူတွေအတွက် ရံပုံငွေရှာတဲ့ အစီအစဉ်လေး တစ်ခုလို့ပြောလို့ရပါတယ်။

Matt Damon ကတော့သူများတွေလို အသင့်ခပ်ယူလာတဲ့ ရေပုံးထဲက ရေကို လောင်းချတာမျိုးမဟုတ်ပဲ သူ့ရေချိုးခန်းထဲမှာရှိတဲ့ အိမ်သာ ကမုတ်ထဲက ရေတွေကို ရေခဲပုံးထဲကို တစ်ခွက်ချင်း ခပ်ထည့်ပြီး ရေခဲရေ လောင်းတဲ့ စိန်ခေါ်မှုကို သူများနဲ့မတူအောင် ထူးထူးခြားခြား တင်ဆက်ခဲ့ပါတယ်။
အိမ်သာ ကမုတ်ထဲက ရေတွေကို ခွက်ကလေးနဲ့ တစ်ခွက်ချင်း ခပ်ထည့်ရင်း
“ ကျွန်တော် ဒီကမုတ်ထဲကရေကို သုံးပြီး စိန်ခေါ်မယ်ဆိုတော့ ကျွန်တော့်အမျိုးသမီးက သိပ်ကို ရွံ့စရာကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ တကယ်တော့ အခုကျွန်တော်တို့ အသုံးပြုနေတဲ့ အိမ်သာကမုတ်ခွက်ထဲက ရေတွေဟာ အချို့အချို့သော အရပ်တွေမှာ လူတွေ သောက်သုံးနေရတဲ့ ရေတွေထက် အများကြီး သန့်ရှင်းပါသေးတယ်…ကမ္ဘာပေါ်မှာ ရေချိုရေသန့်အတွက် အခက်တွေ့နေသူ အရေအတွက်ဟာ မီလျံ ၈၀၀ လောက်ရှိနေပါတယ်။ ၂၀၁၃ ခုနှစ်အထိ ကမ္ဘာပေါ်မှာ အိမ်သာမရှိပဲ အညစ်အကြေးစွန်တဲ့ အခက်အခဲကို ရင်ဆိုင်နေရသူ ၂.၅ ဘီလျံအထိ ရှိနေသေးတယ်ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား”  
“အိမ်သာရယ်လို့ စနစ်တကျ မရှိတဲ့ ဒေသတွေမှာ လူတွေအလွယ်အကူ အညစ်အကြေးစွန့်တတ်တဲ့ နေရာတွေဟာ ရေအရင်းအမြစ် အစားအသောက် အရင်းအမြစ်တွေ ရဲ့ အနီးအပါး ပါတ်ဝန်းကျင်တွေပါ။ အဲဒီလို စနစ်မကျတဲ့ အညစ်အကြေးစွန့်သူများကြောင့် ကူးစက်ရောဂါတွေနဲ့ အမည်မတပ်နိုင်တဲ့ ရောဂါတွေကြောင့် အသက်ဆုံးရှုံးသူတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေကို စာနာနားလည်နိုင်စေဖို့ရည်ရွယ်ချက်နဲ့ အိမ်သာကမုတ်ထဲက ရေကိုသုံးပြီး စိန်ခေါ်ရတာပါ”…လို့ သူက ဆိုခဲ့ပါတယ်။

သန့်စင်ခန်းနဲ့ ပက်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကတော့
(၁) သန့်စင်ခန်းသုံး စက္ကူတွေကို ပထမဆုံး မှာယူသုံးစွဲသူတွေက တရုတ်လူမျိုးတွေဖြစ်ပြီး အေဒီ ၁၃၉၁မှာ အိမ်သာသုံးစက္ကူတွေကို စသုံးခဲ့ပါတယ်။ စတင်သုံးစွဲစဉ်ကာလတုန်းက တစ်ရှူးစအရွယ်အစားဟာ တစ်ရွက်ကို နှစ်ပေကနေ သုံးပေအထိ ရှိပါတယ်
( ၂ )၁၈၉၀ ခုနှစ်မှာ Scott Paper Company က ယခုလက်ရှိမှာ အလုပ်ပြုနေကြတဲ့ တစ်ရှူးလိပ်တွေကို စတင် ထုတ်လုပ်ခဲ့ပါတယ်။
အိမ်သာသုံးစက္ကူတွေ မပေါ်ခင် အစောပိုင်းကာလတွေတုန်းက အမေရိကန်နိုင်ငံမှာ သတင်းစာ ဂျာနယ်တွေ ကတ်တလောက်တွေကို အသုံးပြုခဲ့ကြပါတယ် ဟာဝိုင်အီမှာတော့ အုန်းဆံခွံတွေကို အသုံးပြူခဲ့ကြပါတယ်

( ၃) အင်္ဂလန်နိုင်ငံသားတွေဟာ တနေ့ကို ခြောက်ကြိမ်ကနေ ရှစ်ကြိမ်အထိ သန့်စင်ခန်းသွားလေ့ရှိကြပါတယ်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်ကို သန့်စင်ခန်း အသုံးပြုတဲ့အကြိမ်အရေအတွက် ၂၅၀၀ ခန့်ရှိပါတယ်။ ဒါ့ကြောင့် သာမန်လူတစ်ယောက်ဟာ ဘဝသက်တမ်းတစ်လျှောက်မှာ အိမ်သာထဲမှာ အချိန်သုံးနှစ်လောက် ကုန်ဆုံးစေခဲ့ပါတယ်။

( ၄) လေ့လာတွေ့ရှိချက်တွေအရ အင်္ဂလန်နိုင်ငံရဲ့ လူဦးရေ ၈ သန်းကျော်ဟာ သန့်စင်ခန်းထဲမှာ လက်ကိုင်ဖုန်းသုံးလေ့ရှိကြပါတယ်။ လူဦးရေ ၇ သန်းကျော်ဟာ သူတို့လက်ကိုင်ဖုန်းတွေ အိမ်သာထဲကို ပြုတ်ကျဘူးတယ်လို့ ဝန်ခံကြပါတယ်။

( ၅ )လူ အယောက် ၂၀ မှာ တစ်ယောက်သာ သန့်စင်ခန်းသုံးပြီးတိုင်း လက်ကို သေသေချာချာ ဆေးကြောလေ့ရှိပါတယ်။

( ၆) နှစ်စဉ်နှစ်တိုင်း အမေရိကန်လူမျိုး လေးသောင်းခန့်ဟာ သန့်စင်ခန်းထဲမှာ ဒဏ်ရာအနာတရ ဖြစ်လေ့ရှိပါတယ်။

( ၇ ) ပထမဆုံးအကြိမ် ကျား မ သီးခြား သန့်စင်ခန်းကို ၁၇၃၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံက ပွတ်ရှ်ပါတီမှာ စတင်သုံးစွဲခဲ့ပါတယ်။

( ၈ ) ၁၉၉၂ ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အများသုံးသန့်စင်ခန်းတွေကို အင်္ဂလန်နိုင်ငံမှာ တွေ့ရတယ်လို့ဆိုပါတယ်။ အင်္ဂလန်နိုင်ငံပြီးရင် အဆိုးရွားဆုံးအဆင့် ဒုတိယ တတိယနဲ့ စတုတ္ထနေရာတွေကိုတော့ ယိုးဒယား ဂရိနဲ့ ပြင်သစ်နိုင်ငံတွေလို့ ဆိုပါတယ်။

( ၉) လူတစ်ယောက်စာ သန့်စင်ခန်းထဲမှာ တနေ့ကို တစ်ရှုးပေပါ ၅၇ ရွက်ခန့် သုံးစွဲကြတယ်လို့ ဆိုပါတယ်။

( ၁၀ )  သွားဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သွားပွတ်တံတွေကို အိမ်သာကမုတ်နဲ့ အနည်းဆုံး ၆ ပေလောက်ခွာပြီး သိမ်းဆည်းကြဖို့ အကြံပြုထားပါတယ်။


World Toilet day 19 Nov 2014 အမှတ်တရ

နှင်း (မာယာ)

0 comments:

My Blog List