အခန်းဖော်(၃)
အခန်းကျဉ်းလေးတစ်ခုထဲမှာ သွေးမတော် သားမစပ် စရိုက်မတူ ခံယူချက်မတူ အသွင်မတူတဲ့ မိန်းကလေးနှစ်ယောက် နားလည်မှု ကြိုးမျှင်ခပ်ပါးပါးလေး တည်ဆောက်ပြီး နွေးထွေးမှုရနေချိန် အခိုက်အတန့်ကာလလေးတစ်ခု….
ပျော်ရွှင်မှု ငြိမ်းချမ်းမှုတွေ မရှိခဲ့ပေမယ့် သူတို့နှစ်ယောက်ကြားမှာ အရင်ကလို အစိုင်အခဲလေးတွေ မရှိကြတော့တာတော့ သေချာနေခဲ့ပါသည်။
ခပ်ဆိုးဆိုး တိုင်းရင်းသူလေးကို စာနာမိချိန် နားလည်မိချိန်မှာတော့ သူ့ရဲ့ ခပ်ဆိုးဆိုး စရိုက်လေးကို ချစ်တတ်လာဖို့ စပြီးကြိုးစားမိပါသည်။ ဒါပေမယ့် ကိုယ်သူ့ကို ဂရုတစိုက်ရှိနေတယ် အတတ်နိုင်ဆုံး ပြုပြင်ပေးချင်တဲ့ ဆန္ဒလေးနဲ့ သူ့ဘဝလေးကို လေ့လာနေခဲ့တယ် ဆိုတာကို သူမသိစေရအောင်လဲ တတ်နိုင်သမျှ ဖုံးဖိထားရပါသည်။
တကယ်ဆို ကိုယ်ဟာ လူဆိုးတွေနဲ့ သဟဇာတ မဖြစ်လှပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ လူဆိုးလူပေ လူတေလေးတွေ မရှိခဲ့တာလဲ ပါပါသည်။ ဒါပေမယ့် ကိုယ့်အခန်းဖော်ကောင်မလေးကတော့ ကိုယ့်အတွက် လူဆိုးမလေးတစ်ယောက်လို ဖြစ်နေခဲ့တာမို့ အခုဆို ကိုယ်ဟာ လူဆိုးမလေးရဲ့ အခန်းဖော်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါသည်။
ခပ်ဆိုးဆိုး ကိုယ့်အခန်းဖော်မလေးကတော့ တစ်ခါတစ်ရံမှာ ချစ်စရာကောင်းလွန်းစွာ ကိုယ့်အပေါ် သိတတ်နေပြန်ပါသည်။ သူဆေးလိပ်သောက်ပေမယ့် ကိုယ့်ကို ဆေးလိပ်တိုက်ဖို့ မကြိုးစား။။ သူသောက်နေတဲ့ ဘီယာကို သောက်တတ်အောင်လဲ မစည်းရုံးခဲ့သလို သူသွားနေကျ ကလပ်တွေကို သွားဖို့ကိုလဲ တစ်ခါမှ မခေါ်ခဲ့ဘူးပါ။
အဲဒီအတွက် ကိုယ့်ရဲ့ အခန်းဖော်လေးကို ကျိတ်ပြီး ကျေးဇူးတင်ရသလို ရှားရှားပါးပါး လေးစားစိတ်လေးလဲ ဝင်မိခဲ့ပါသည်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးဟာ ကိုယ်နဲ့ ကိုယ့်အခန်းဖော်အတွက်တော့ ဟုတ်ဟန်မတူခဲ့ပါ။။ ငါးခုံးမလေး ကိုယ့်အခန်းဖော်ကြောင့် ကိုယ်လဲ ပုတ်သိုးသွားတဲ့ ငါးတစ်ကောင် ဖြစ်ခွင့်မရခဲ့ပါ။
ဒါပေမယ့် ဇာတ်ဆရာအလိုကျ ကနေရတဲ့ အခန်းဖော်မလေးကိုတော့ သာမန် မိန်းမသားတစ်ယောက်ရဲ့ ဘဝလေးကို ပိုင်ဆိုင်စေချင်ခဲ့ပါသည်။ သူမရဲ့ အတွေးအခေါ်လေးတွေကိုလဲ မြင့်မားစေချင်ခဲ့ပါသည်…။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဘိုး သိက္ခာ ကျင့်ဝတ်နဲ့အတူ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးဘဝဆိုတာကိုလဲ ရှင်းပြ သွန်သင် လမ်းပြခွင့်ကို မျှော်လင့်နေခဲ့မိပါသည်။
မှတ်မှတ်ရရ အခန်းဖော်မလေး ကိုယ့်ရင်ခွင်ထဲမှာ ငိုကြွေးခဲ့တဲ့ နောက်ဆုံးည တစ်ညအထိ… သူမလေးအတွက် နောက်ဆုံးမျှော်လင့်ချက်လေး ထားပေးခဲ့ဘူးပါသည်။
ထုံးစံအတိုင်း သန်းခေါင်ကျော် မိုးလင်းလုအချိန်မှာ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲကို ဝင်လာတဲ့ သူမလေးကို စိုးရိမ်စိတ်တွေနဲ့ စောင့်နေမိတဲ့ကိုယ် အဲဒီနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့တာ သူမလေးကို ရင်ခွင်ထဲမှာ ထည့်လို့ အားပေးခွင့်အတွက် သက်သက် ဖြစ်ခဲ့ပါသည်။
မာကျောကျော မျက်ဝန်းအစုံက ကျလာတဲ့ မျက်ရည်တွေကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခွင့်ရခဲ့သလို အက်ကွဲ တုန်ရီနေတဲ့ အသံလေးတွေကိုလဲ တစ်လုံးချင်း တစ်စုချင်း ကြိုးစားပြီး နားထောင်ခဲ့ရပါသည်။
“သူလက်ထပ်သွားပြီ “ဆိုတဲ့ အသံကို ရှိုက်သံတွေကြားက မပီမသ ကြားလိုက်ရပါသည်။
ယောက်ျားတစ်ယောက် သစ္စာဖောက်သွားတာ သိပ်မဆန်းတာမို့ အချစ်ကြီးလွန်းတဲ့ ကောင်မလေးကို နားလည်အောင် အားပေးဖို့ စကားလုံးတွေ ကြိုးစားပြီးရှာနေဆဲ…
“ကိုယ့်ကို ခုတုံးလုပ်သွားတယ် ယောက်ျားမဟုတ်သလိုပဲ” ဆိုတဲ့ ဒုတိယ စကားတစ်ခွန်းကလဲ ကိုယ့်ကို တွေဝေစေတဲ့ စကားစုလေးသာဖြစ်ခဲ့ပါသည်။
သူတို့နှစ်ယောက်ရဲ့ ဘဝဇာတ်လမ်းလေးကို အလုံးစုံ သိခွင့်ရခဲ့သူမို့ တကယ်ဆို မဖြစ်သင့်တဲ့ အဖြစ်တစ်ခု ယောက်ျားတွေရဲ့ ဘယ်သူတေတေ ဆိုတဲ့ ကျားဝါဒတစ်ခုအဖြစ်သာ အကြမ်းဖျင်း ကောက်ချက်ဆွဲပြီး သူမလေးကို ကြိုးစားနှစ်သိမ့်ပေးခဲ့ပါသည်။
“လူကိုလဲယူခဲ့တယ် … ငွေတွေကိုလဲ ယူခဲ့တယ် ငါ့ဘဝကိုလဲ ဖျက်ခဲ့တယ် သူမတရားဘူး”…ဆိုတဲ့ နောက်ဆုံးရှိုက်သံလေးနဲ့ အားယူပြီးပြောပြနေတဲ့ အခန်းဖော်ရဲ့ မျက်ရည်တွေကို ခပ်ဖွဖွလေးသုတ်ပေးရင်း မျက်နှာသစ်ပေးဖို့အတွက် ရေချိုးခန်းဘက်ကို ဆွဲခေါ်လာတဲ့ အချိန်အထိ အခန်းဖော်တစ်ယောက် ပေးဆပ်ခဲ့တဲ့ လူဆိုတဲ့ အဓိပ္ပါယ်နဲ့ ငွေဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ကွဲကွဲပြားပြား နားမလည်မိခဲ့ပါ။
ငိုသံရှိုက်သံတွေ မပါပဲ တစ်လုံးချင်းရှင်းပြလာခဲ့တဲ့ သူမလေးရဲ့ စကားလုံးတွေကို နားထောင်ရင်း ချစ်သူဘဝ (လက်မထပ်ပဲ အတူနေခဲ့ကြတဲ့ ချစ်သူတွေဘဝ)မှာ အခန်းဖော်မလေးရဲ့ အရှုံးကတော့ ကြီးမားတဲ့ အရှုံးတစ်ခုဆိုတာကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပါသည်…
သူမလေးရခဲ့တဲ့ ချစ်သူဆိုတဲ့ ယောက်ျားတစ်ယောက်က အချစ်ကို ခုတုံးလုပ်လို့ သိုက်တူးခဲ့တဲ့ သိုက်ဆရာတစ်ယောက်နေရာမှာ အရှက်မဲ့စွာ သိက္ခာမဲ့စွာနဲ့ ယောက်ျားလို့ ဟစ်ကြွေးနေခဲ့တာ ထူးဆန်းပေစွ။။
ရန်ကုန်မှာ သူမလေးဖန်တီးပေးခဲ့တဲ့ တိုက်ခန်းလေးအတွက် ခြောက်လတစ်ခါ ပေးနေရတဲ့ အခန်းငှားခများကို အခန်းဖော်မလေးက ဂရုတစိုက်နဲ့ပို့ပေးနေရဆဲ….
သူ့ချစ်သူ ကောင်လေးရဲ့ နေစားရိတ် စားစရိတ် သင်တန်းစရိတ်တွေထက် ပိုလျှံတဲ့ ထောက်ပံ့ငွေတွေကိုလဲ လစဉ်လတိုင်း ပို့ပေးနေသူကလဲ ကိုယ့်ရဲ့အခန်းဖော်ကောင်မလေး…
ငှားနေတဲ့ တိုက်ခန်းလေးကို ချစ်သူရဲ့ အမှတ်တရ အဖြစ် ချစ်သူရဲ့အရိပ်အဖြစ် ဝယ်ချင်လို့ပါလို့ အားမနာတမ်း ပူဆာတတ်ခဲ့တာ အခန်းဖော်လေးရဲ့ ချစ်သူ မဟာယောက်ျားသားကြီး တဲ့…
အချစ်ကို ရူးသွပ်စွာ ကိုးကွယ်လွန်းတဲ့ ချာတိတ်မလေးကလဲ နှစ်ခါထက်ပိုလို့ မတောင်းရပဲ သိန်းရာနဲ့ချီတဲ့ ပိုက်ဆံကို ပို့ပေးတဲ့တာကလဲ သူမရဲ့ အချစ်စွမ်းအားတစ်ခုကြောင့်ပဲ ထင်ပါရဲ့…
နောက်ဆုံးမှာတော့ မဆိုစလောက် လစာရတဲ့ ပုံမှန် အလုပ်ကလေးတစ်ခု ရလာချိန်မှာတော့ အသစ်တွေ့တဲ့ ချစ်သူလေးကို အိမ်ပေါ်ခေါ်တင်ပြီး လက်ထပ်လိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရှက်မဲ့တဲ့ လုပ်ရပ်အတွက် အခန်းဖော်မလေးတစ်ယောက် မကျစဖူး မျက်ရည်တွေကျလို့ အရူးတစ်ပိုင်းဖြစ်တဲ့ ပြဇာတ်က သူတို့နှစ်ယောက်အတွက် နောက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု….
ဒါပေမယ့် အခန်းဖော်မလေးအတွက်ကတော့ ကံဆိုးမိုးမှောင်ကျစေမယ့် ဇာတ်လမ်းတစ်ခုအတွက် နိဒါန်းတစ်ခုသာ ဖြစ်ခဲ့ပါသည်။….
ကျောင်းမသွားရတဲ့ နေ့ဖြစ်သလို နှစ်ယောက်စလုံး မိုးစင်စင်လင်းမှ အိပ်ဖြစ်ခဲ့တာမို့ နေ့လည်ပိုင်း အလုပ်သွားဖို့ ကိုယ်နိုးလာချိန်မှာတော့ အခန်းဖော်က နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေဆဲ။
အလုပ်မသွားခင် အချိန်လေးမှာ အပြစ်ကင်းစွာ အိပ်မောကျနေတဲ့ အခန်းဖော်မလေးကို ဂရုဏာဖြစ်စွာနဲ့ ငေးမောရင်း အိပ်ခန်းတံခါးကို အသံမထွက်အောင် ပိတ်ပြီး ထွက်လာချိန်မှာလဲ ဒီနေ့ဟာ အခန်းဖော်လေးနဲ့ တစ်မိုးတည်းအောက်မှာ နေခွင့်ရတဲ့ နောက်ဆုံးနေ့လေး တစ်နေ့ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့မိပါ။
ညနေပြန်ရောက်မှ ဟော့ပေါ့ချက်စားပြီး အခန်းဖော်လေးနဲ့စကားထိုင်ပြောမယ် အခန်းဖော်လေးကို အားပေးမယ်ဆိုတဲ့ အတွေးလေးနဲ့ အလုပ်ထဲမှာလဲ ထူးထူးခြားခြား လန်းဆန်းတက်ကြွနေခဲ့ပါသည်။
အလုပ်ပြန်ချိန်မှာတော့ ဟော့ပေါ့ချက်ဖို့ အသီးအနှံအချို့ အသားလုံးအချို့နဲ့အတူ အခန်းဖော်ကြိုက်တတ်သော မြေပဲဆော့စ်ကိုလဲ မမေ့မလျှော့ ဝယ်လာခဲ့ပါသည်။
အခန်းတံခါးကို ဖွင့်ပြီး အခန်းထဲရာက်သည်အထိ ကိုယ့်အခန်းလေးရဲ့ ထူးခြားချက်ကို မရိပ်မိခဲ့ပါ။
အဝတ်အစားလဲပြီး သူမရဲ့ ကုတင်လေးကို ကြည့်လိုက်ချိန်မှာတော့ ခါတိုင်းတွေ့နေကျ ဖရိုဖရဲ ညအိပ်ဝတ်ဝတ်စုံများနှင့် မခေါက်ပဲ လုံးထွေးထားသော ခြုံစောင်များကို မတွေ့ရတော့ပါ။ ကုတင်ဘေးရှိ စာကြည့်စားပွဲလေးပေါ်မှာလဲ သူမရဲ့ စာအုပ်များမရှိတော့။
ထူးခြားတဲ့ စိတ်ခံစားမှုနဲ့အတူ သူမရဲ့ ဗီရိုလေးကို ဖွင့်ကြည့်ချိန်မှာတော့ ဗီရိုထဲမှာလဲ ရှင်းလင်းနေခဲ့ပါသည်။
ဗီရိုပေါ်မှာ တင်ထားခဲ့တဲ့ သူမရဲ့ ခရီးဆောင် အိတ်ကြီး နှစ်လုံးကလဲ ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ပါသည်။
စိုးရိမ်စိတ် ပူပန်စိတ် များစွာဖြင့် သူမရဲ့ ဖုန်းနံပါတ်တွေ နှိပ်နေချိန်မှာတော့ ကိုယ့်ရဲ့လက်ချောင်းလေးတွေ တုန်ရီနေခဲ့ပါသည်။
“ဟေး သူငယ်ချင်း စိတ်မပူနဲ့ ကိုယ်အခု သူငယ်ချင်းတစ်ယောက်ရဲ့ အခန်းမှာ ရောက်နေတယ် အလုပ်နဲ့နီးလို့ ခဏပြောင်းနေတာနော် ကိုယ်ပြန်လာမှာပါဆိုတဲ့” အသံလေးက လေလှိုင်းကြားမှာ တက်တက်ကြွကြွ ညတုန်းက တရှုံ့ရံှု့နဲ့ ငိုနေခဲ့တာ သူမမှဟုတ်ပါရဲ့လားလို့ သံသယ ဖြစ်ချင်စရာ လေသံမျိုး…
တတ်နိုင်ပါပေ့ အခန်းဖော်ရယ်လို့ စိတ်ထဲကနေ ရေရွတ်ရင်း “အိုကေ အိုကေ အဆင်ပြေရင် ပြီးတာပဲ ဂရုစိုက်နော်”လို့ ပြောပြီး ဖုန်းလိုင်းပြတ်သွားမှ အော် ဟော့ပေါ့ချက်မယ့်ကိစ္စ မပြောလိုက်ရပါလားလို့ သတိတရနဲ့ တစ်ယောက်တည်း ကြိတ်ပြုံးလိုက်ရတာက ကိုယ်ရယ်လေ…
ပြန်လာမှာပါလို့ ပြောခဲ့တဲ့ အခန်းဖော် မရှိတော့တဲ့နောက်ပိုင်းမှာတော့ ကိုယ့်အခန်းလေးက ခြောက်ကပ် တိတ်ဆိတ်စွာ.. အသက်မဲ့သွားခဲ့ပါသည်။ သူမ နှစ်သိမ့်ခဲ့သလိုလဲ ကိုယ့်ဆီကို ပြန်မလာခဲ့ပါ။
ကိုယ်တိုင်ကလဲ တစ်ကိုယ်တော် အထီးကျန်စွာနဲ့ လူဆိုးမလေး အခန်းဖော်ကို သတိရလိုက် မေ့လျှော့လိုက်နဲ့ နေ့ရက်များစွာကို အမှတ်မဲ့စွာ ဖြတ်သန်းဖြစ်ခဲ့ပါသည်။
အမှတ်တရ ပုံရိပ်များစွာ ချန်ထားရစ်ခဲ့တဲ့ ကိုယ့်ရဲ့အခန်းဖော်ကလဲ ယောင်မှားလို့မှ ကိုယ့်ဆီ ဖုန်းမဆက် သူမရဲ့ ပင်ကို စရိုက်အတိုင်း နေနိုင်လွန်းခဲ့ပါသည်။
အခန်းဖော်ကို ကိုယ်မေ့လျော့သွားပြီဖြစ်တဲ့ အချိန်ကာလတစ်ခုမှာတော့ မထင်မှတ်ထားတဲ့ နေ့တစ်နေ့မှာ မထင်မှတ်ထားတဲ့ ပုံစံနဲ့ ကိုယ့်အခန်းကို သူမ အလည်ရောက်လာခဲ့ပါသည်။
ကျောင်းကအပြန်ညနေခင်းတစ်ခုမှာ အခန်းတံခါးကိုသော့ဖွင့်ပြီး ဝင်မိတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ အခန်းဖော်လေးက ကိုယ့်ရဲ့ကုတင်လေးပေါ်မှာ လဲလျောင်းလို့ ကိုယ်ပြန်လာမယ့် အချိန်ကို စောင့်နေခဲ့ပါသည်။
အံ့သြလွန်းစွာနဲ့ သူမကို ပြေးပြီး ပွေ့ဖက်မိစဉ်မှာပဲ ဒီအခန်းရဲ့ သော့တစ်ချောင်း သူမဆီမှာ ရှိနေဆဲဆိုတာကို ပြန်သတိရလာပါသည်။
သူမရဲ့ နောက်ကျောမှ သိုင်းဖက်ရင်း စကားတွေ မရပ်မနားပြောနေဆဲမှာ သာမန်နဲ့ အတူတဲ့ ထူးခြားချက်တစ်ခုကို သတိပြုမိတာမို့ အိပ်ယာပေါ်က လူးလဲထပြီး သူမနဲ့ မျက်နှာချင်းဆိုင်လိုက်မိချိန်မှာတော့ ကိုယ့်ရဲ့မျက်လုံးအစုံကို မယုံနိုင်လွန်းစွာ အံ့အားသင့်ပြီး ကိုယ့်ရဲ့ ပါးစပ်အစုံကို ပြန်မစေ့နိုင်လောက်အောင် ထိတ်လန့်သွားခဲ့ပါသည်။
ကိုယ့်ရဲ့အခန်းဖော်ဟာ ကိုယ့်ဆီက ထွက်သွားစဉ်တုန်းကလို ပျိုမျစ်နုနယ်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ပါ။ သူမရဲ့ဝမ်းဗိုက်လေးက စူဖောင်းလို့ ကိုယ်ဝန်ဆောင် မိန်းမသားတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အခန်းဖော်ကို သူစိမ်းတစ်ယောက်လို ထူးဆန်းစွာ တွေ့လိုက်ရတဲ့အခိုက်မှာ ကိုယ့်ရဲ့ ဝမ်းနည်းမှုကို ကိုယ်ကိုယ်တိုင် ဟန်မဆောင်နိုင်ခဲ့ပါ။
ကိုယ့်ရဲ့မျက်နှာ ပျက်သွားတာကိုလဲ သူမကပဲ မသိချင်ယောင်ဆောင်လို့ ဟန်မပျက် နေပြရှာပါသည်။
အချိန်ကာလတစ်ခု အတွင်းမှာ အကြီးအကျယ်ပြောင်းလဲသွားတဲ့ သူမကို အပြစ်တင်ဖို့ စကားလုံးတွေကိုလဲ ရုတ်တရက် ရှာလို့မတွေ့ခဲ့ပါ။ တကယ်ဆို ဒီလို အချိန်မှာ အခြေအနေကို သေသေချာချာ မသိပဲ သူမကို အပြစ်မတင်သင့်ပါ။
ပြောမယ့်စကားလုံးတွေကို မြိုချလို့ အခြေအနေကို ပြန်ထိန်းနိုင်အောင် ကြိုးစားရင်း အခန်းဖော်ကို အားပေးနှစ်သိမ့်တဲ့ အပြုံးလေးနဲ့ ကုတင်ပေါ်မှာ ထားခဲ့ပြီး သူမကတော့ ကော်ဖီဖျော်ဖို့ မီးဖိုထဲကို ဝင်လာခဲ့ပါသည်။
ကော်ဖီခွက်ကို သူမဆီကမ်းပေးရင်း “ကော်ဖီသောက်လို့ဖြစ်ရဲ့လား တချို့ ကိုယ်ဝန်ဆောင်တွေ ကော်ဖီ မသောက်ကြဘူးဟ” လို့သတိတရနဲ့ မေးမိတော့ သူမက ပခုံးနှစ်ဘက်ကို တွန့်ပြလို့ “အေးဆေးပါ” တဲ့။ သူမရဲ့ ပင်ကို စတိုင်အတိုင်း ဘယ်အရာကိုမှ အလေးအနက်မထားတာ သေချာပါသည်။
မတွေ့ဖြစ်တဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ သူမဘက်က အပြောင်းအလဲ အချို့ကလွဲလို့ အခြား ထူးထူးခြားခြား ပြောင်းလဲမှုကို မတွေ့ရပါ။ အခန်းဖော်ကတော့ သူမလွယ်ထားတဲ့ ကိုယ်ဝန်ကို မေ့လျှော့လို့ ခါတိုင်းလို ပေါ့ပေါ့ပါးပါး အေးအေးစက်စက်။ အခုလို ကိုယ်ဝန်ရင့်မာနေချိန်မှာတောင် အချိန်ပိုင်း အလုပ်လုပ်နေဆဲလို့ ဆိုလာတဲ့ သူမကို စိုးရိမ်စကားပြောမိတော့လဲ သူမက မတုန်မလှုပ် ထူးခြားဟန်မပြ။
ညည့်အတော်နက်တဲ့အထိ မပြန်သေးတဲ့ သူမကို မနှင်ရက်တာမို့ သူမနေခဲ့တဲ့ ကုတင်လေးကို အိပ်ယာခင်း ခေါင်းအုံးစွပ်တွေ ခင်းကျင်းပေးပြီးတဲ့အထိ သူမရဲ့ အိမ်ထောင်ဘက် ဘယ်သူလဲဆိုတာကို မစပ်စုဖြစ်ခဲ့ပါ။
အခန်းဖော်ကလဲ ကိုယ့်ကို တကူးတက မရှင်းပြခဲ့။ ကိုယ်တို့ နှစ်ယောက်ကြားမှာ သူမရဲ့ ခင်ပွန်းဆိုတဲ့ ခေါင်းစဉ်ကို မေ့လျော့ထားပြီး အခြား အကြောင်းအရာတွေကိုသာ ပြောဖြစ်ခဲ့ပါသည်။
ဒုတိယအကြိမ် ကိုယ်တို့ ညလုံးပေါက် စကားပြောဖြစ်ခဲ့တဲ့ ညလေးတစ်ညကလဲ ပထမအကြိမ်လိုပဲ အခန်းဖော်မလေးရဲ့ ကြေကွဲစရာ ဇာတ်လမ်းအသစ်တစ်ပုဒ်နဲ့ အတူ မလှပတဲ့ ညတစ်ညသာ ဖြစ်ခဲ့ပါသည်။
အခန်းဖော်လေး အားကိုးတကြီးနဲ့ လာတိုင်ပင်တဲ့ အဓိက အကြောင်းအရာအတွက် ကိုယ်က ထိတ်လှန့် တုန်လှုပ်ပြပေမယ့် သူမကတော့ လောကဓံတွေနဲ့ မိတ်ဆွေဖြစ်တဲ့ မျက်နှာပေးလေးနဲ့ ခံစားချက်မဲ့လို့။
သူမပြောလာတဲ့ စကားလုံးတွေက ထုံးစံအတိုင်း ရင်ထဲကလာတဲ့ စကားလုံးတွေမဟုတ်၊ နှုတ်ဖျားကနေကျလာတဲ့ စကားလုံးတွေက အလွတ်ကျက်ထားတဲ့ စာတစ်ပုဒ်ကို ဆရာမတစ်ယောက်ရှေ့မှာ အလွတ်ရွတ်ပြနေတဲ့ ပုံစံ စိတ်ခံစားချက်ကင်းမဲ့စွာ စည်းမကျဝါးမကျ တောင်တစ်လုံး မြောက်တစ်လုံး။
သူမတိုင်ပင်မေးမြန်းလာတဲ့ နောက်ဆုံးစကားလေးနှစ်ခွန်းကသာ ကိုယ့်ကို အိပ်ရေးပျက်လောက်အောင် တစ်ညလုံး နှိပ်စက်ခဲ့ပါသည်။
“ကလေးက သားလေးလား သမီးလေးလား ဆိုတာ ကိုယ်မသိဘူး…ကိုယ် ဒီကလေးကို ဖခင်မဲ့အောင် လုပ်သင့်သလား…
ခိုဝင်စရာ တိုင်းပြည်မဲ့အောင် လုပ်သင့်သလား”တဲ့။
သူမပေးခဲ့တဲ့ အတွေးတွေအတွက် ဂယောင်ချောက်ချားနဲ့ အိပ်မပျော်ခဲ့နိုင်ပေမယ့် အခန်းဖော်မလေးကတော့ မိုးလင်းခါနီးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။
ကံဆိုးလွန်းတဲ့ အခန်းဖော်မလေးက ကိုယ့်အခန်းကနေ စပြီး ပြောင်းသွားခဲ့တဲ့နေ့ကတည်းက အခုသူမနဲ့အတူနေတဲ့ လူဖြူတစ်ယောက်ရဲ့ အခန်းကိုရောက်သွားခဲ့ပါသည်။ ဒါပေမယ့် သူတို့ အခုချိန်ထိ တရားဝင် လက်မထပ်ရသေးပါတဲ့။
သူမနဲ့အတူနေတဲ့ ကိုလူဖြူကလဲ သူ့နိုင်ငံမှာ တရားဝင် အိမ်ထောင်ရှိခဲ့သူ သားတစ်ယောက်ဖခင်ဆိုတော့ သူမရဲ့ကိုယ်ဝန်ကို မွေးဖွားပေးဖို့ အစစအရာရာကို တာဝန်ယူပေမယ့် သူမကို တရားဝင် လက်ထပ်ဖို့နဲ့ ကလေးအဖေ နေရာယူဖို့ကိုတော့ ယခုချိန်ထိ တွေဝေနေဆဲပါ..တဲ့…
အခုသူမရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ဒီမှာ ကလေးမွေးသင့် မမွေးသင့်…
တကယ်လို့ ဒီမှာမွေးခဲ့မယ် ဆိုခဲ့ရင်တော့ သူမရဲ့ကလေးက ဖခင်ရဲ့ နိုင်ငံသားဖြစ်ဖို့ မဖြစ်ဖို့က ခုချိန်ထိမသေချာ မရေရာ….
မိခင်ရဲ့နိုင်ငံသား ဖြစ်ချင်ရင်တော့ အမိမြေပြန်ရုံကလွဲလို့ ရွေးစရာ လမ်းမရှိပါ။ ဒါပေမယ့် ကလေးအတွက် လက်ဆုပ်လက်ကိုင်ပြစရာ ဖခင်ကိုတော့ ဆုံးရှုံးပေတော့မည်။
ဒါပေမယ့် လက်ရှိဖခင်ကိုလဲ ခေတ္တယာယီအနေနဲ့သာ ပိုင်ဆိုင်မှာမို့ ကလေးရဲ့ အနာဂတ်ကလဲ မရေမရာပြန်…
ကလေးကို မြန်မာပြည်မှာ ပြန်မွေးဖို့ သူမဘက်က အဆင်သင့်ဖြစ်နေပေမယ့် ဖခင်မရှိတဲ့ သားတစ်ယောက်အဖြစ် တသက်လုံးမျက်နှာငယ်ရမည့် ရင်သွေးလေးအပေါ်သနားစိတ်က အခန်းဖော်ကို နှိပ်စက်နေခဲ့ပါသည် ။ သူမရဲ့ ဖေဖေ ကိုယ်တိုင်လဲ ဒီကလေးတစ်ယောက်အတွက် နယ်မြို့လေးမှာ မျက်နှာပျက် အရှက်ကွဲရပေအုံးမည်။။။
မမြင်ရသေးတဲ့ ကလေးငယ်တစ်ယောက်အတွက် ဖခင်ရွေးပွဲ ခိုဝင်စရာ နိုင်ငံရွေးပွဲ ….
အခန်းဖော်အတွက်တော့ ရွေးစရာ လမ်းမရှိ ဆုတ်လဲစူး စားလဲရူး ….
ဘယ်လိုမှ အိပ်လို့မရခဲ့တဲ့ အဲဒီဒုတိယ နောက်ဆုံးညလေးမှာတော့ အိပ်မောကျနေတဲ့ အခန်းဖော်လေးကို ငေးမောကြည့်ရင်း ကိုယ်တစ်ယောက်တည်း မျက်ရည်တွေလည်နေခဲ့ပါသည်။
မိန်းကလေးတစ်ယောက်ရဲ့ ကံကြမ္မာ အကျိုးပေး ကို မယုံနိုင်ခြင်းများစွာနဲ့ သုံးသပ်နေဆဲမှာပဲ ကိုယ့်ရဲ့အခန်းဖော်လေးက ကိုယ့်ရဲ့အနားကနေ (ပြန်ဆုံနိုင်ဖို့ မရေရာတဲ့)အဝေးဆုံးတစ်နေရာကို ရောက်သွားခဲ့ပြန်ပါသည်။။။
တကယ်တော့ အခန်းဖော်တစ်ယောက် ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် အဖြစ် ကိုယ့်အနားက ပျောက်ဆုံးသွားခြင်း ဖြစ်ပါသည်။
သူမထွက်ခွာသွားတဲ့ ဒုတိယ အကြိမ်မှာလဲ နှုတ်မဆက် လက်မပြ တိတ်ဆိတ်စွာ ပျောက်ဆုံးမျိုးခြင်းနဲ့ ကွယ်ပျောက်သွားခဲ့ပြန်ပါသည်။
ထူးခြားဆန်းပြားတဲ့ စရိုက်ပိုင်ရှင် အခန်းဖော်မလေးကို သတိရမိတိုင်း မိန်းကလေးတစ်ယောက်နဲ့ လက်မခံနိုင်လောက်အောင် ဆိုးရွားလွန်းတဲ့ ကံကြမ္မာကိုသာ အပြစ်ဖွဲရင်း...
သူမရဲ့ သားလေးလား သမီးလေးလား မသေချာတဲ့ ရင်သွေးလေးတစ်ယောက် ခိုဝင်စရာ နိုင်ငံမဲ့သွားသလား…
အရင်းနှီးဆုံး တော်စပ်ရမယ့် ဖခင်မဲ့သွားသလားဆိုတာတော့ ယနေ့ချိန်ထိ ခြေရာကောက်လို့မရခဲ့ပါ…
သတိတရနဲ့ သူမရဲ့ ဖုန်းကို ခေါ်လိုက်တိုင်းလဲ ပိုင်ရှင် မဲ့သွားပြီဖြစ်တဲ့ ဖုန်းနံပါတ်တစ်ခုဖြစ်ကြောင်းကို အလိုအလျောက် ဖြေကြားပေးတဲ့ စက်ထဲက အဖြေလေးကိုပဲ လက်ခံရရှိခဲ့ပါသည်။
ကိုယ့်အတွက်ကတော့ ဘယ်နေရာကိုရောက်ရောက် အခန်းဖော်ဆိုတဲ့ စကားလုံးလေးကို အမှတ်တမဲ့ ပြန်ကြားမိတိုင်း နာကျင်စွာ ကြေကွဲစွာ သူမကို သတိရနေခဲ့ပါသည်။။
မှတ်ချက်။ ။ အခန်းဖော် အပိုင်း(၃) ကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါသည်။။။။စာဖတ်သူများ အနေဖြင့် လွတ်လပ်စွာ ဇာတ်သိမ်းပေးခွင့် ရှိပါသည်။။။
စောင့်မျှော် အားပေးခဲ့ကြသော စာဖတ်သူများကို ကျေးဇူးတင်စွာဖြင့် ဆက်လက်ကြိုးစားပါအုံးမည်။
Wednesday, November 11, 2009 | Labels: ဝတ္တုရှည် | 24 Comments
အခန်းဖော်(၂)
ကျွန်မ ခေတ္တနားခိုရာ အခန်းလေးဟာ ချစ်စဖွယ် ကောင်မလေးတစ်ယောက်ကြောင့် သေသေသပ်သပ်နဲ့ နေချင့်စဖွယ် အခန်းလေးတစ်ခန်းဖြစ်နေခဲ့တာ ကျွန်မအတွက် အလွန်ကံကောင်းနေခဲ့ပါသည်....
အဲဒီနူးညံ့သိမ်မွေ့လှတဲ့ ကောင်မလေးဖန်တီးထားခဲ့တဲ့ ဒီအခန်းလေးဟာ ကျွန်မ မက်မောခဲ့ဘူးတဲ့ ကဗျာဆန်ဆန် လှပသော သန့်ရှင်းသပ်ရပ်သော မျက်စိအေးစရာ အိပ်ခန်းလေးတစ်ခန်းလဲ ဖြစ်နေပြန်ပါသည်။
ကျွန်မ မှတ်မိရလောက် ကျွန်မ လူမှန်းသိတတ်စကတည်းက ကဗျာဆန်ဆန် အိပ်မက်ဆန်ဆန် ဖန်တီးထားတဲ့ အခန်းလေးတွေကို ဓါတ်ပုံတွေထဲမှာပဲ မြင်ခွင့်ရခဲ့ပါသည်။ အဖေနဲ့တကွ ဦးလေးတွေကြားမှာ ကြီးပြင်းလာတဲ့ကျွန်မအတွက် မိန်းကလေးအဖော်ဆိုတာလည်း မရှိခဲ့သလောက်ကို ရှားပါးခဲ့ပါသည်။
ပြီးတော့ မိန်းကလေးတစ်ယောက် ဖန်တီးအပ်သော အိမ်တစ်အိမ်ရဲ့ အခင်းအကျင်းမျိုးနဲ့လဲ အဝေးကြီးဝေးခဲ့ပါသည်။
ကျွန်မတို့အိမ်ကြီးမှာ မိန်းမဆိုလို့ ကျွန်မနှင့်အတူ ဆွေမျိုးမကင်းသော ထမင်းချက် အန်တီကြီးတစ်ယောက်သာ ရှိခဲ့ပါသည်။ ဖေဖေနှင့် ဖေဖေ့ညီတော်တူ ဦးလေး နှစ်ယောက်ရဲ့ ဝေယျာဝစ္စများကြောင့် အန်တီကြီးလဲ အိမ်သန့်ရှင်းရေး လုပ်ရန် အချိန်မရနိုင်ခဲ့သလို ခေတ်ပညာ မတတ်သော တောသူတစ်ဦးဖြစ်နေသည့်အတွက်လဲ အချိန်တန် ဈေးဝယ် ထမင်းချက် အဝတ်လျှော် မီးပူတိုက်သည့် အလုပ်မှလွဲကာ အိမ်သန့်ရှင်းရေး ပရိဘောဂများကို စနစ်တကျထားသိုရေးအတွက် စီမံမှု မပေးနိုင်ပါ။
ကျွန်မကိုလဲ မိန်းကလေးတစ်ယောက် သိထားသင့်သော တတ်ထားသင့်သော အိမ်မှုကိစ္စများကို မသင်ပေးနိုင်ခဲ့ပါ။
ဆွေမျိုးသားချင်းတွေကြားမှာ ကြီးတော်တစ်ယောက် အဘွားတစ်ယောက်ရှိခဲ့ပေမယ့် ကျွန်မကိုတော့ မိန်းမမပီသလို့ ထော်လော်ကန့်လန့်နိုင်လို့ ဆိုးပေနေလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့နဲ့အဝေးဆုံးနေရာကို တွန်းပို့ထားခဲ့ကြပါသည်။
ဖေဖေ့ပြောပြချက်အရ ကျွန်မရဲ့ မေမေ လောကကြီးမှာ ရှိနေသေးတယ်ဆိုတာကို သိခွင့်ရခဲ့ပေမယ့် ဘယ်နေရာမှာရှိနေခဲ့တယ်ဆိုတာကိုတော့ ဖေဖေ ကိုယ်တိုင်မသိခဲ့ပါ။ ကြာလာတော့လဲ ကျွန်မမှာ မိခင်တစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိလေးတောင် တစတစ မှေးမှိန်လာခဲ့ပါသည်။
မိခင်ဆုံးမမှု မရတဲ့ မိန်းကလေးမို့ အခုလို ဆိုးရွားတဲ့ စရိုက်လေးတွေ ပိုင်ဆိုင်နေခဲ့တာလားလို့ စဉ်းစားမိပေမယ့် အဲဒီအပေါ်မှာလဲ ထူးထူးခြားခြား နာကျင်မှုမရှိခဲ့ပါ။
မိန်းကလေးတစ်ယောက်ရဲ့ စရိုက်ကို ပတ်ဝန်းကျင်ကသာ ပြုပြင်ပြောင်းလဲပေးနိုင်တယ်ဆိုရင်တော့ ကျွန်မဟာ ပတ်ဝန်းကျင်ကြောင့် အချိုးမပြေသော မိန်းမ မဆန်သော ထင်ရာစိုင်းတတ်သော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါသည်။
ဖေဖေ့အရိပ်အောက်မှာ ဖြစ်သလို နေထိုင်ကြီးပြင်းလာတဲ့ ကျွန်မအတွက် သာမန်မိန်းကလေးတစ်ယောက်ရဲ့ ဘဝမျိုးကို မရခဲ့တာတော့သေချာပါသည်။ ကျွန်မရင်းနှီးခဲ့သည့် ပတ်ဝန်းကျင်မှာ နေ့နေ့ညည လွှမ်းမိုးနေခဲ့တာက နေခဲ့တာက ဖေဖေ့ သူငယ်ချင်းတွေရဲ့ အသံပေါင်းစုံ ဦးရီးတော်တို့ ဖွင့်ထားသော ဆောင်းဘောက်စ်က ထွက်လာတဲ့ သီချင်းသံ ကျယ်ကျယ်များ စီးကရက်နံ့များ ပြီးတော့ ဘီယာနှင့်အရက်ပေါင်းစုံ ရဲ့ အနံ့အသက်များ..…
နောက်ဆုံးမှာတော့ ကျွန်မကိုယ်တိုင် ဖေဖေနှင့်အတူတူထိုင်ပြီး အမြည်းစားရင်း အဆင့်တွေတက်ကာ ဘီယာ အရက်ပေါင်းစုံကို မြည်းတတ်လာခဲ့ပါသည်။ ဦးလေးတွေသောက်တဲ့ စီးကရက်တွေနှင့်လဲ မိတ်ဆွေဖြစ်လာခဲ့ပါသည်။ မိတဆိုးသမီးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိုတရ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် မိန်းမ ပီသသော မိန်းကလေးတစ်ယောက်တော့ မဖြစ်ခဲ့ပါ။။
“အချက်အပြုတ် တို့မလုပ်.. အိမ်မှုကိစ္စ ဝေးဝေးက”… လို့ ခပ်ပြောင်ပြောင်ပြောတိုင်းလဲ ဖေဖေက မငြူစူခဲ့ပါ။ ထမင်းကို ထမင်းအိုးထဲက ရပြီး ပိုက်ဆံကို ဖေဖေ့အိတ်ထဲက ရနေတာမို့ ကျွန်မအတွက် သောကဆိုတာမရှိခဲ့ပါ။ ဒါပေမယ့် မြို့နယ်ပညာရေးမှူးတစ်ယောက်ဖြစ်တဲ့ ဖေဖေက ပညာရေးနဲ့ပက်သက်လို့တော့ စည်းကမ်းတင်းကျပ်ခဲ့ပါသည်။
ကျွန်မဆယ်တန်းအောင်ပြီးတဲ့ အချိန်ကစလို့ တက္ကသိုလ်တက်မလား အခြားနိုင်ငံမှာ ကျောင်းသွားတက်မလား သမီးဆန္ဒရှိတဲ့အတိုင်းလုပ်လို့ ရွေးချယ်ခွင့်ပေးလာတဲ့အချိန်မှာတော့ တက္ကသိုလ်ဆက်မတက်ပဲ အပြင်စာမေးပွဲတွေဖြေပြီး နိုင်ငံခြားမှာ ကျောင်းနေဖို့လမ်းကိုရွေးလိုက်ပါသည်။
ပထမဆုံး ရန်ကုန်မှာ အဆောင်နေပြီး စာရင်းကိုင်သင်တန်းအတွက် ကျူရှင်တက် စာမေးပွဲဖြေရင်း အင်္ဂလိပ်စာ သင်တန်းများကို စတက်ခဲ့ပါသည်။ အဆောင်နေကျောင်းသူဆိုပေမယ့်လဲ ဖေဖေ့ကျေးဇူးကြောင့် အခန်းခပ်ကျယ်ကျယ်တစ်ခုမှာ တစ်ယောက်တည်းနေခွင့်ရသလို ထမင်းဟင်းကိုလဲ အပြင်မှာပဲ ဖြစ်သလို ဝယ်စားတတ်ခဲ့ပါသည်။
ရန်ကုန်ရောက်ပြီး နှစ်နှစ်လောက်ကြာတော့ ကွန်ပြူတာ သင်တန်းတစ်ခုမှာ မောင်နဲ့စတွေ့ခဲ့ပါသည်။ မောင်က စီနီယာတစ်ယောက်ဖြစ်တာမို့ ကျွန်မတို့အတန်းကို အချိန်ပိုင်း စာသင်ပေးဖို့ တာဝန်ကျခဲ့ပါသည်။ ဘဝမှာ လိုချင်တာရခဲ့သူပီပီ မောင့်အချစ်ကိုရဖို့လဲ ကျွန်မအတွက် အခက်အခဲမရှိခဲ့ပါ။
မိန်းကလေးမပီသခဲ့တာ မိန်းမ မဆန်ခဲ့တာ ကျွန်မအတွက်တော့ ကံကောင်းခြင်းရဲ့ လက်ဆောင်လို့ပဲ ခံယူခဲ့မိပါသည်။။
မောင့်ကို စပီး ချစ်မိသူဟာ ကျွန်မဖြစ်ခဲ့တာမို့ ကျွန်မဘက်ကစလို့ မောင့်ကို ချစ်ခွင့်ပန်ဖို့ အတွက် စဉ်းစားစရာမလိုလောက်အောင်ကို လွယ်ကူခဲ့ပါသည်။ မောင့်ဘက်ကလဲ နားလည်စွာ စာနာစွာနဲ့ ကျွန်မ အချစ်ကို ပြန်လက်ခံခဲ့ပါသည်။
အချစ်ကို စတင်တွေ့ရှိသူက ကျွန်မ အချစ်ကို စတင်ကြေငြာသူက ကျွန်မ အချစ်ကို မြတ်မြတ်နိုးနိုး ကိုးကွယ်ခဲ့သူကလဲ ကျွန်မပဲ ဖြစ်ခဲ့ပါသည်။
မောင်ကလဲ ကျွန်မလိုပဲ နယ်ကလာပြီး သင်တန်းတက်နေသူမို့ အိပ်ချိန်မှလွဲလို့ ကျွန်မတို့နှစ်ယောက် အမြဲအတူတူရှိနေခဲ့ပါသည်။ စားအတူ သွားအတူ သင်တန်းချိန်ချင်းလဲ (ရံဖန်ရံခါ) တူနေပေမယ့် တိုက်ခန်းတစ်ခန်း စပ်တူငှားနေဖို့ကို မောင့်ဘက်က စလို့ အရေးဆိုလာပြန်တော့လဲ ကျွန်မ မငြင်းဆန်ခဲ့ပါ။
နယ်မှာသာ အနေများသော အချိန်တန် ပိုက်ဆံပို့တတ်သော အဝေးမှသာ ကြင်နာတတ်သော ဖေဖေတို့မရိပ်မိအောင်တော့ မောင်နဲ့ ကျွန်မတို့ ကိစ္စကို ပိပိရိရိ ဖုံးကွယ်ထားခဲ့ပါသည်။
ကျွန်မဘဝအတွက် အားအထားရဆုံးသော ဖေဖေ့ကိုတော့ ကျွန်မ အလွန်ချစ်ခဲ့ပါသည်။ ဖေဖေ ငြိုငြင်မှာကိုလဲ စိုးထိတ်လှပါသည်။
တိုက်ခန်းငှားနေဖို့အတွက် ပထမဆုံးရင်းနှီးလိုက်ရတာကတော့ ကျွန်မရဲ့ ရွှေဟန်းချိန်း ခပ်ထူထူလေးတစ်ခုဖြစ်ပါသည်။ တိုက်ခန်းကို ခြောက်လစာ စရံပေးပြီး ငှားရခြင်းဖြစ်သောကြောင့် မောင့်မှာလဲ လုံလောက်သော ပိုက်ဆံမရှိခဲ့ပါ။ မောင့်နေစရိတ် စားစရိတ်ကို မောင့်မိသားစုမှ အပြည့်အဝ မထောက်ပံ့နိုင်သောကြောင့် ကွန်ပြူတာသင်တန်းတစ်ခုမှာ မောင်က အချိန်ပိုင်း အလုပ်ဝင်လုပ်နေခဲ့တာကို ကျွန်မကိုယ်တိုင် သိခဲ့တာမို့ မောင့်အပေါ် နားလည်စာနာနိုင်ခဲ့ပါသည်။
ဒုတိယ အရင်းအနှီးကတော့ ကျွန်မကိုယ်တိုင် စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းသီချင်းဆိုရသော အလုပ်ဖြစ်ခဲ့ပါသည်။ ဒါကလဲ မောင်ဆက်တက်ချင်တဲ့ မဆုံးနိုင်သော သင်တန်းစရိတ်များနှင့် နှစ်ယောက်စာ အသုံးစရိတ်ကို ကာမိစေရန်ဖြစ်ပါသည်။
လစဉ် ဖေဖေပို့ပေးတတ်သော ပိုက်ဆံများသာ ကျွန်မတို့အတွက် ပုံမှန်ဝင်ငွေရှိခဲ့သောကြောင့် နှစ်ယောက်စာ စရိတ်အတွက် သေသေချာချာ စေ့စေ့စပ်စပ် သုံးစွဲသော်လည်း ကျွန်မတို့အတွက် မလောက်ငခဲ့ပါ။ ပညာတတ်များ အတွက်ပင် အလုပ်ခက်ခဲနေချိန်တွင် ပညာတပိုင်းတစသာရှိသော ကျွန်မအတွက် စင်တင်တေးဂီတနှင့်တွဲဖွင့်ထားသော စားသောက်ဆိုင်တွင် ညပိုင်းသီချင်းဆိုပေးခြင်း အလုပ်ကလွဲလို့ ရွေးချယ်စရာ များများစားစား မရှိခဲ့ပါ။
မောင်အားနာမှာ သိမ်ငယ်မှာစိုးရွှံစိတ်ဖြင့် အလုပ်လုပ်ရခြင်းအပေါ် ကျွန်မ မငြိုငြင်ခဲ့ပါ။ ဖေဖေ့မျက်နှာကို မြင်ယောင်မိတိုင်း အားငယ်စိတ် ရှက်ရွံ့စိတ်များဖြင့် တုန်လှုပ်ခဲ့သော်လဲ မောင့်ရှေ့မှာတော့ ကျွန်မ ဟန်ဆောင်ကောင်းခဲ့ပါသည်။ အချစ်က ကျွန်မကို ရာနူန်းပြည့် ဖမ်းစားခဲ့ပါသည်။
မောင်နဲ့နှစ်ယောက် အတူတူနေသောအိမ်လေးမှာလဲ အိမ်ထောင်ပရိဘောဂများ များစားစားမရှိခဲ့ပါ။ အိပ်ယာပါးပါးလေးနှစ်ခုနှင့် အဝတ်သေတ္တာများမှလွဲပြီး ထမင်းစားစားပွဲလေးတစ်လုံးတောင် မရှိခဲ့ပါ။ နောက်ဆုံးသောက်ရေအိုးစင်တောင် မထားခဲ့တာမို့ ရေသန့်ဘူးကြီး တစ်ဘူးကသာ ကျွန်မတို့ အိမ်ရှေ့ခန်းက တစ်ခုတည်းသော အဆောင် အယောင် ဖြစ်ခဲ့ပါသည်။
နံနက်စောစော ဘုရားဝတ်ပြုပြီးတိုင်း မောင်ကပဲတာဝန်ယူပြီး တံမျက်စည်းလှဲပေးတတ်ပါသည်။ အိမ်သန့်ရှင်းရေးအတွက်တော့ နှစ်ကိုယ်စာနေသော ကျွန်မတို့ အိမ်အတွက် တံမြက်စည်းတစ်ချောင်းရှိရုံဖြင့် လုံလောက်နေခဲ့ပါသည်။
ကျွန်မရဲ့ အရည်အချင်းတွေကို သိထားခဲ့သောမောင်သည် အိမ်တွင် ထမင်းချက်စားဖို့ကိုလဲ မတောင်းဆိုခဲ့ပါ။ သူကိုယ်တိုင်လည်း အချက်အပြုတ် မကျွမ်းကျင်ပါ မချက်တတ်ပါ ဆိုယုံမျှဖြင့် ဆိုင်ထမင်း ဆိုင်ဟင်း အပြင်စာပေါင်းစုံဖြင့် တစ်နှစ်နီးပါး ရင်းနှီးခဲ့ကြပြန်ပါသည်။
နောက်ဆုံးဆီးနှင်းတွေ တဖွဲဖွဲကျနေသည့် တက္ကသိုလ်မြို့လေးကို ကျွန်မရောက်ခဲ့ချိန်ထိ အိမ်ထမင်း အိမ်ဟင်း အိမ်နှင့်တူသော အဆောင်အယောင်များကို ကျွန်မ မေ့လျှော့နေခဲ့ပါသည်။
ဖေဖေ့အိမ်က အန်တီကြီးချက်ပြုတ်ကျွေးသော တောမရောက် မြို့မရောက် ဟင်းလျာများ ရန်ကုန်မြို့ပေါ်ရှိ လမ်းဘေးဆိုင်မျိုးစုံမှ ဟင်းလျာများသည်သာ ကျွန်မဘဝနှင့်နီးစပ်ခဲ့ပါသည်။
ကျွန်မအခန်းဖော် ကောင်မလေးချက်ပြုတ်ထားသော ဟင်းလျာများကတော့ အနံ့အသက်ရရုံနှင့် သားရေယိုလောက်အောင် စွဲဆောင်မှုရှိခဲ့ပါသည်။ သူမရဲ့ ထမင်းပွဲ အပြင်အဆင်လေးကလဲ တနေ့တမျိုး မရိုးလောက်သော ဟိုတယ်ကြီးတွေက အပြင်အဆင်မျိုး။
ဒါပေမယ့် လောကကြီးမှာ သမားရိုးကျ အပြင်အဆင် အစားအသောက်များနှင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့သော ကျွန်မအတွက်တော့ သိပ်မထူးဆန်းခဲ့ပါ။
တခါတရံမှာ ကိုယ့်ရဲ့ အနေအထိုင်တွေကြောင့် အတူနေ အခန်းဖော်ကောင်မလေးအပေါ် အားနာမိပေမယ့် အရိုးထိအောင်စွဲနေခဲ့တဲ့ ကျွန်မရဲ့ အကျင့်တွေကို မပြင်နိုင်ခဲ့တာမို့ မသိချင်ယောင်ဆောင်နေခဲ့ပါသည်။
လတ်တလောခွဲခွာလာတာမို့ မောင့်ကိုလွမ်းတဲ့စိတ်တွေကို ဖြေဖျောက်ဖို့ ဘီယာနဲ့ စီးကရက်တွေကို အဖော်လုပ်နေရတယ်ဆိုတာကို ကျွန်မ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှလဲ မသိခဲ့ကြပါ။
တခါတရံ ကလပ်မှာ ကခုန်နေချိန်မှာတော့ မောင်နှင့်တကွ သံယောဇဉ်တွယ်အပ်သော ဖေဖေတို့ကိုပင် မေ့လျော့နေခဲ့ပါသည်။
ဒီလိုမီးရောင်စုံတွေအောက်မှာ ဒီလို ဂီတသံစဉ်တွေကြားမှာ ယဉ်ပါးလာခဲ့တာ မောင့်ကြောင့်လို့တော့ ဘယ်တုန်းကမှ အပြစ်မမြင်ရက်ခဲ့ပါ။
ခရီးရောက်မဆိုက် ကျောင်းသတင်းနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းတွေကို လောဘတကြီးနဲ့ စုံစမ်းဖြစ်ခဲ့တာကလည်း မောင့်အတွက်သက်သက်သာ…
တစ်ပတ်တစ်ကြိမ် ဖုန်းခေါ်ဖို့ ကြိုးစားရင်း အချိန်တွေကို အလွယ်တကူ ကုန်လွန်စေချင်တာကလဲ မောင့်ကို လွမ်းလွန်းတဲ့ စိတ် အရာရာဟာ မောင့်အတွက် ဖြစ်နေခဲ့တာ ကျွန်မ မှားနေခဲ့ပါသလားမောင်ရယ်…
ဒီနေ့လည်း မောင့်ကို ဖုန်းဆက်နေကျအချိန် မောင်က ဖုန်းအနားမှာ ရှိမနေတာမို့ နောက်ထပ်စောင့်ရမယ့် ခုနှစ်ရက်စာ အားတင်းဘို့ ဘီယာတချို့နဲ့အတူ အမြည်းတွေ စီစဉ်နေတုန်းမှာ အခန်းဖော် ကောင်မလေးက အနားမှာ ရစ်သီရစ်သီနဲ့ လာစပ်စုနေတာနဲ့ တိုက်ဆိုင်သွားတာမို့ ကောင်မလေးကို ဝမ်းပမ်းတသာ ပြုံးပြ ကြိုဆိုလိုက်မိပါသည်။
ဒီညမှာတော့ ကျွန်မ အဖော်မမဲ့တော့ ဘူးထင်ပါရဲ့မောင်ရယ်…. ရင်ဖွင့်စရာ စကားပြောစရာ အဖော်တစ်ယောက်ရတဲ့ ညတစ်ည…. မောင့်ဆီက ကြားနေကြ အသံတွေ ကြားခွင့်မရတဲ့ ညတစ်ညလဲ ဖြစ်နေသေးရဲ့….
အခန်းဖော် ကောင်မလေးက ကျွန်မရဲ့ စာရေးစားပွဲပေါ်က အာလူးကြော်တွေ ကောက်စားရင်း
“နင်သူ့ကို အဲလောက်တောင်ချစ်ရလားလို့” မေးလာတဲ့ အဖြေကို တက်တက်ကြွကြွနဲ့ ဖြေမိတာက
“ချစ်လွန်းလို့ ငါကိုယ်တိုင် ချစ်ခွင့်ပန်ခဲ့ရတဲ့ တစ်ဦးတည်းသော ချစ်သူလေ မချစ်ပဲနေမလား “ လို့
ဖြေတဲ့အချိန်မှာ ကျွန်မရဲ့ ခေါင်းလေးက တမော့မော့နဲ့လေ….
မောင့်ကို အဲဒီလောက်တောင် ချစ်ခဲ့ရပါတယ် မောင်ရယ်..…..
လောကကြီးမှာ ဖေဖေကလွဲလို့ တစ်ဦးတည်းသော သံယောဇဉ်ဟာ မောင်တစ်ယောက်ပဲရှိခဲ့ပါတယ်…
မောင့်အတွက် ကျွန်မရဲ့ ဘဝတစ်ခု ဖြစ်ခဲ့တယ် မောင့်အတွက် ကျွန်မရဲ့ အချစ်တစ်ခု ရှိခဲ့ဖူးတယ်…..
ကျွန်မ ကံကောင်းချင်ပါသေးတယ်မောင်…
ဆက်ရန်…
Wednesday, November 04, 2009 | Labels: ဝတ္တုရှည် | 16 Comments
အခန်းဖော်
သူမ အိပ်မယ့် ကုတင်လေးကိုလဲ အလှပဆုံး ပြင်ဆင်လို့ အိမ်ရှင်ပီသစွာ စီနီယာ ပီသစွာ ရှားရှားပါးပါးတွေ့ရခဲတဲ့ မြန်မာမလေးကို မျှော်လို့လဲ မမောနိုင်ခဲ့ပါ… တကယ်ဆို ဒီမြို့လေးမှာ မြန်မာစကားပြောတဲ့ မြန်မာဆိုတာ ကိုယ်တစ်ယောက်တည်းရှိနေခဲ့တယ်ဆိုတာ မြန်မာသံရုံးကနေ တဆင့် သိခွင့်ရထားခဲ့တာမို့ မျက်စေ့လည်လမ်းမှားပြီးရောက်လာတဲ့ မြန်မာမိန်းကလေးကို လည်ပင်းညောင်ရေအိုးဖြစ်လောက်အောင် မျှော်နေခဲ့တာ ကိုယ့်အမှားမဟုတ်ခဲ့ပါ။
အဝေးရောက်နေတဲ့ မြန်မာတစ်ယောက်အတွက်တော့ တမိုးတည်းအောက်မှာ မြန်မာ တစ်ယောက်နဲ့အတူနေခွင့် အတူစားခွင့်ရမယ့် အခွင့်အရေးလေးဟာ ဒီလိုအချိန် ဒီလိုနေရာလေးမှာတော့ ဘုရားပေးတဲ့ အခွင့်အရေးလေးပဲဖြစ်လို့နေပါတယ်… ကိုယ့်လို အဖော်မင်တတ်တဲ့သူ တွယ်တာတတ်သူအတွက်တော့ နတ်သိကြားတွေက ပို့လိုက်သလားထင်မှတ်ရအောင် ရခဲတဲ့ အခွင့်အရေးလေးဖြစ်တာမို့ ပါးစပ်မစေ့ပဲ အပျော်တွေ အပြုံးတွေ ဝေနေခဲ့တာ အခန်းဖော်မရောက်လာခင် တစ်ပတ်ခန့်အလိုကတည်းက….
တကယ်တမ်း သူမရောက်လာတဲ့အချိန်မှာတော့ ကိုယ်မျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ မဟုတ်ခဲ့ပါ။ ကိုယ်တွေးပြီး ပျော်နေခဲ့သလိုလဲ မပျော်လိုက်ရပါ….ကိုယ် အမျှော်ကြီးမျှော်နေခဲ့ရတဲ့ အခန်းဖော်ဟာ ကိုယ်ပုံဖော်တွေးထားတဲ့ နူးညံ့သိမ်မွေ့တဲ့ ကဗျာဆန်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ပါ။
အခန်းဖော်လေးအခန်းထဲကို ဝင်လာချိန်မှာတော့ ကျောပိုးအိတ်ခပ်သေးသေးတစ်လုံးသာ သူမကျောထက်မှာ တွဲလောင်းခိုလို့ပါလာခဲ့ပါသည်။ သူမရဲ့ ခရီးဆောင်အိတ်ကြီးကတော့ လေဆိပ်မှာ ပျောက်ဆုံးခဲ့တယ်ဆိုတာကို သူမမပြောမီကတည်းက ကိုယ်ရိပ်မိခဲ့ပါသည်။သူမ အနေအထိုင် ခက်မှာစိုးတာမို့ အိမ်ရှင်ပီပီ လှိုက်လှိုက်လှဲလှဲ ပြုံးပြပြီး ကြိုဆိုခဲ့ပေမယ့် အသက်မပါတဲ့ အေးစက်စက် အပြုံးတစ်ခုသာ သူမထံမှ ရရှိခဲ့ပါသည်။
ပါလာတဲ့ ကျောပိုးအိတ်ကို ခုတင်ခြေရင်းမှာ ပစ်တင်လို့ ကိုယ်လက်သန့်စင်ခြင်းမရှိပဲ အိပ်ယာပေါ်ပစ်လှဲလိုက်တဲ့ အခန်းဖော်ရဲ့ အပြုအမူကြောင့် ကိုယ်မင်သက်မိနေဆဲမှာပဲ စီးလာတဲ့ ရှုးဖိနပ်အပါးလေးကိုမှ မချွတ်နိုင်ပဲ အခန်းဖော်တစ်ယောက် အိပ်ပျော်သွားခဲ့ပါသည်။ ဧည့်သည်ကို ကြိုဆိုဖို့အရေး ကျောင်းတောင်မတက်နိုင်ပဲ ဝီရိယပိုမိတဲ့ကိုယ် နောင်တများစွာနဲ့အတူ စိတ်မကောင်းဖြစ်ရုံမှလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
မထင်မှတ်ထားတဲ့ စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားသော အခန်းဖော်လေးကို ငေးမောမိရင်း အတွေးပေါင်းများစွာ မေးခွန်းပေါင်းများစွာနဲ့အတူ အခန်းဖော်ရောက်လာတဲ့ ပထမဆုံးနေ့လေးမှာပဲ ကိုယ့်ရဲ့အခန်းလေးဟာ ခြောက်ကပ်တိတ်ဆိတ်စွာ ငြိမ်သက်နေခဲ့ပါသည်။
အိမ်ရှင်ပီသစွာ မြန်မာပီသစွာ သူမလေးနိုးလာချိန်မှာ လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားများနှင့်အတူ မျက်နှာသုတ်ပုဝါလေးကိုပါ သူမရဲ့ကုတင်ဘေးမှ စားပွဲပုပုလေးပေါ်တင်ပေးထားခဲ့ပြီး ထုံးစံအတိုင်း စာအုပ်တစ်အုပ်ကိုဖတ်ရင်း ကိုယ်ရဲ့ တနေ့တာကို ကုန်ဆုံးစေလိုက်ပါသည်။
သူမတရေးနိုးလာချိန်မှာတော့ စာကြည့်စားပွဲမှာ ကွန်ပြူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသော ကိုယ့်ကိုမသိမသာ ငဲ့စောင်းကြည့်ရင်း အသင့်ပြင်ပေးထားတဲ့ မျက်နှာသုတ်ပုဝါကိုယူလို့ ရေချိုးခန်းထဲကို ဝင်သွားခဲ့ပါသည်။ ပါကင်မပျက် အသစ်စက်စက် ဝယ်ထားခဲ့တဲ့ သွားတိုက်တံနဲ့ သွားတိုက်ဆေးဘူးတစ်ဘူး ရေချိုးခန်းထဲက မှန်တင်ခုံလေးပေါ်မှာ ရှိနေသလို အဆင်သင့် ယူသုံးမယ်ဆိုတာကိုလဲ ပြောစရာမလိုပဲ သေသေချာချာ သိနေတာမို့ အခန်းဖော်ကို အသိမပေးပဲ ကိုယ်နူတ်ဆိတ်နေလိုက်ပါသည်။
ဧည့်သည်တစ်ယောက်လို ရောက်လာတဲ့ မကြာမီအိမ်ရှင်ဖြစ်လာမယ့် အခန်းဖော်အတွက် ကိုယ့်ဘက်က တာဝန်ကျေချင်ပါသည်။
နာရီဝက်ကျော်ကျော်ကြာမှ ရေချိုးခန်းတံခါးဖွင့်သံနဲ့အတူ သူမအခန်းထဲ ပြန်ဝင်လာခဲ့သလို အေးအေးဆေးဆေး လွတ်လပ်စွာ အဝတ်အစားလဲနေခဲ့ပါသည်။ အဝတ်လဲပြီးပြီးချင်းမှာပဲ သူမရဲ့ကျောပိုးအိတ်သေးသေးလေးထဲက ကွတ်ကီးထုပ်လေးထုတ်ယူပြီး ကုတင်ပေါ်မှာပဲ အသံထွက်အောင် ဝါးစားနေပြန်ပါသည်။ မုန့်စားပြီးချိန်အထိ သူမထံမှ စကားတစ်ခွန်းမှ မကြားခဲ့ရပါ။
ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး အားမနာတတ်စွာ အလိုက်မသိစွာ နေတတ်လွန်းတဲ့ အခန်းဖော်ကိုကြည့်ရင်း အံ့သြခြင်း မယုံနိုင်ခြင်းများစွာဖြင့် သူမကို နားလည်နိုင်ဖို့ကြိုးစားမိပေမယ့် ပထမဆုံးနေ့မှာပဲ ရှုံးနိမ့်ခဲ့ပါသည်။
အသွင်မတူတဲ့ မိန်းကလေးနှစ်ယောက် တမိုးတည်းအောက်မှာ ရေရှည်နေနိုင်ရေးမှာတော့ နားလည်မှုဆိုတဲ့ ကြိုးတစ်ချောင်းသာ လိုအပ်တာမို့ အပြန်အလှန်နားလည်မှုတွေအတွက် အများဆုံး နားလည်သည်းခံပေးခဲ့ရသူက ကိုယ်တစ်ယောက်တည်း ဖြစ်ခဲ့ပါသည်။
အလိုက်မသိခြင်း တကိုယ်ကောင်းဆန်ခြင်း ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် မနေတတ်ခြင်း လူ့ကျင့်ဝတ်တွေကို နားမလည်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်တွေအားလုံးကို ကိုယ့်ရဲ့အခန်းဖော်က တစ်ဦးတည်းမူပိုင် ကန်ထရိုက်ဆွဲထားခဲ့ပါသည်။
နေ့ညမရွေး ကိုယ်အိပ်နေချိန်တွေမှာ အာခေါင်ခြစ်ပြီး သီချင်းတွေ အော်ဆိုတတ်သလို ဖုန်းပြောချိန်တွေမှာလဲ အသံကိုမြှင့်ပြီး ကျယ်ကျယ်လောင်လောင် ပြောတတ်ပါသေးသည်။ ရေချိုးခန်းတံခါးကို အသံမြည်အောင် ဖွင့်တတ်ပိတ်တတ်သလို အခန်းထဲမှာရှိရှိသမျှသော ပရိဘောဂများကိုလဲ အသံအစုံမြည်အောင် ကိုင်တွယ် အသုံးပြုတတ်ပါသေးသည်။
တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ အခန်းဖော်ဟာ စကားနည်းသလို အပြုံးအရယ်လဲ နည်းလှပါသည်။ တော်ရုံတန်ရုံ ကိစ္စမရှိရင်လဲ စကားမပြောတတ် သီးသီးသန့်သန့်နေတတ်သူ ဒါပေမယ့် သူမက ဘယ်သူ့ကိုမှ အားမနာတတ်သူတစ်ယောက်။ တသီးတခြား ဟန်တခွဲသားနေတတ်သော်လည်း တခါတရံ ကိုယ့်အသုံးအဆောင်ပစ္စည်းများကို ယူသုံးတတ်သလို မတော်တဆ ပျက်စီးပျောက်ဆုံးခဲ့ရင်တော့ သူမနူတ်ခမ်းဖျားလေးက Thank you နဲ့ sorry ဆိုတဲ့စကားလေးတွေကို ရံဖန်ရံခါမှာ ကြားရတတ်ပါသည်။
သူမကို နားမလည်နိုင်ခဲ့ပေမယ့် သူမနူတ်ဖျားက ထွက်လာတတ်တဲ့ အင်္ဂလိပ်စကားလုံးလေးတွေကိုတော့ ကိုယ်အရူးအမူးနှစ်သက်မိပါသည်။သူမရဲ့ဘာသာစကားကျွမ်းကျင်မှု အသံနေအသံထား လေယူလေသိမ်း စကားလုံးအသုံးအနှုန်းမှာတော့ မြန်မာတစ်ယောက်နဲ့ လုံးဝမတူပဲ တကယ့် အင်္ဂလိပ်စစ်စစ်တစ်ယောက်လို ပီသ ကြည်မြလွန်းပါသည်။ သူမတစ်ယောက်ယောက်နဲ့ ဖုန်းပြောနေချိန်တွေမှာ သူမရဲ့အသံလေးကို တိတ်တဆိတ်နားထောင်ရင်း အားကျမိတာကလွဲလို့ သူမရဲ့ အနေအထိုင် အပြောအဆိုတွေကိုတော့ ကိုယ်အထင်မကြီးနိုင်ခဲ့ပါ။
ကိုယ့်အခန်းကိုရောက်ပြီး နှစ်ပတ်လောက်အကြာ ညတစ်ညမှာတော့ အလှပဆုံး ဝတ်စားပြင်ဆင်လို့ သူမ အပြင်ထွက်သွားခဲ့ပါသည်။ ပထမဆုံးအကြိမ် သူမရဲ့ဝတ်ပုံစားပုံကို အံ့သြမိခဲ့သလို သူမအတွက်လဲ စိုးရိမ်စိတ်ဝင်လာခဲ့ပါသည်။ ပေါ်လုပေါ်ခင် ပေါင်တဝက်သာသာ စကပ်တိုတိုလေးနဲ့ လည်ပင်းဟိုက်ဟိုက် ပျော့ပျော့ရွဲရွဲ ချက်မပေါ်တပေါ် အကျီလေးကို ဝတ်ထားခဲ့ပါသည်။ ကိုယ်မနှစ်သက်တဲ့ နီညိုရောင် နှုတ်ခမ်းနီကိုလဲ ထင်ထင်ရှားရှားဆိုးထားသလို သူမမျက်နှာဝင်းဝင်းလေးပေါ်မှာလဲ တလက်လက် တောက်ပနေတဲ့ အိုင်းရှဲဒိုးများက အရောင်စုံ ၊ သူမစီးထားတာကလဲ နှစ်လက်မသာသာမြင့်တဲ့ အနက်ရောင် ကြိုးသိုင်း ဒေါက်ဖိနပ်လှလှလေး။
သူတပါးတိုင်းပြည်ရောက်ပြီး နှစ်ပတ်မပြည့်တပြည့်အချိန်မှာ သူမနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ အတန်းဖော်တစ်ချို့နဲ့အတူ နိုက်ကလပ်မှာသွားကရဲတဲ့ သတ္တိကို သူမဘယ်အချိန်ကတည်းက ရခဲ့တာလဲလို့ မဆီမဆိုင်တွေးရင်း အဲဒီညက အခန်းဖော်ပြန်လာမယ့်အချိန်ကိုနားစွင့်ရင်း မိုးမလင်းတလင်းမှာတော့ ကိုယ်အိပ်ပျော်သွားခဲ့ပါသည်။
တခန်းတည်းအတူနေပေမယ့် နှစ်ယောက်တည်းတွေ့ချိန်က နည်းပါးခဲ့သလို တွေ့ချိန်မှာလဲ စကားစမြည်ပြောဖို့ ဘယ်သူကမှမကြိုးစားခဲ့တာမို့ ကိုယ်တို့နှစ်ယောက်ဆက်ဆံရေးက မေးထူးခေါ်ပြော အဆင့်ထက် မပိုခဲ့ပါ။ အခြားအခန်းဖော်တွေလိုလဲ ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ပါ။
တစ်ခါက အိမ်နဲ့ မနီးမဝေးက စူပါမားကတ်မှာ ကိုယ်ဈေးဝယ်နေစဉ်မှာ မထင်မှတ်ပဲ အခန်းဖော်ရောက်လာတာမို့ သူမနဲ့အတူဈေးဝယ်ဖြစ်ခဲ့ပါသည်။ ကိုယ်တို့နှစ်ယောက် အိမ်ပြန်လာချိန်မှာတော့ သူမရဲ့မိတ်ဆွေတစ်ယောက်နဲ့ လမ်းမှာတွေ့တာမို့ ကိုယ့်ကို အရေးတယူ မိတ်ဆက်ပေးတဲ့ အဖြစ်ကလေးက ကိုယ့်အတွက် တသက်မမေ့စရာ အတွေ့အကြုံလေးတစ်ခု ဖြစ်ခဲ့ဖူးပါသည်။
“ကိုယ့်ရဲ့အခန်းဖော်လေ” လို့ဟန်ဆောင်အပြုံးလေးနဲ့ မိတ်ဆက်ပေးနေခဲ့တဲ့ သူမရဲ့ ဟန်ပန်က ကိုယ့်မျက်လုံးထဲက မထွက်နိုင်အောင်ပဲ ကိုယ့်ကိုယ်နှိပ်စက်ခဲ့ဖူးပါသည်။ သူငယ်ချင်းဆိုတဲ့ အသုံးအနှုန်းလေးကိုတောင်မှ အားနာပါးနာ မသုံးခဲ့ပဲ ကိုယ့်ကို “အခန်းဖော်” အဆင့်မှာပဲ နေရာပေးခဲ့တဲ့သူမကို စိတ်မဆိုးမိပေမယ့် အခန်းဖော်ဆိုတဲ့ အသုံးအနှုန်းတစ်ခုအတွက်တော့ ရင်ထဲမှတော့ နာကျင်နေခဲ့မိပါသည်။
ကိုယ့်အရေးကလွဲလို့ သူတပါးအကြောင်းအရာတွေကို စိတ်မဝင်စားတတ်တဲ့ကိုယ်က သူမကိုတော့ စိတ်ဝင်တစားနဲ့ လေ့လာဖို့ ကြိုးစားခဲ့ဖူးပါသည်။ အထူးသဖြင့် သူမရဲ့ ပင်ကိုယ်စရိုက် အခြားသော မြန်မာမိန်းကလေးတွေနဲ့ မတူပဲ သိသိသာသာ ကွဲပြားနေတဲ့ အချက်တွေကို ပိုလို့ စိတ်ဝင်စားခဲ့မိပါသည်။
သူမရဲ့ အနေအထိုင်အပြုအမူတွေမှာ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အပြုအမူ အကျင့်စရိုက်တွေကို မတွေ့ရတာကလဲ ကိုယ့်အတွက် ထူးဆန်းနေခဲ့ပါသည်။ ဒါဆို သူမရဲ့ သူမမွေးဖွား ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကြောင့်များလားဆိုတဲ့ အတွေးတွေဝင်လာခဲ့တာမို့ သူမဘက်က တဖက်သတ်ပိတ်ထားခဲ့တဲ့ တံခါးတစ်ချပ်ကို ဆွဲဖွင့်ကြည့်ဖို့ ကိုယ့်ဘက်က စတင်ပြီးကြိုးစားခဲ့ပါသည်။
ကိုယ်နဲ့ မရင်းနှီးတဲ့ စာအုပ်တအုပ်ကို အကြိမ်ကြိမ် အခါခါ ဖတ်ပြီး နားလည်လာအောင်ကြိုးစားခဲ့ရသလို သူမကို နားလည်ဖို့ အရေးမှာလဲ ကိုယ့်ဘက်က တော်တော်လေး အချိန်ယူခဲ့ရပါသည်။
သူမဆီမှာ ရှိနေတဲ့ ကိုယ်မုန်းတီးခဲ့မိတဲ့ အကျင့်ဆိုးစရိုက်ဆိုးတွေကို လက်ခံကြည်ဖြူပေးဖို့ မဟုတ်ပေမယ့် စိတ်ရှည်လက်ရှည်နဲ့ နားလည်ပေးဖို့ ကြိုးစားရုံနဲ့တင် တော်တော်ခက်ခဲ ပင်ပန်းနေခဲ့ပါသည်။
ကျောင်းပိတ်ရက် အလုပ်လဲမသွားရသောညတွေမှာ ကိုယ့်ရဲ့အခန်းဖော်က သူ့မိတ်ဆွေတွေနဲ့ အတူ နိုက်ကလပ်သွားလေ့ရှိပါသည်။ သူမ မရှိတဲ့ ညတွေမှာ သူမပြန်လာမယ့်အချိန်ကို စောင့်ရင်း မိုးလင်းခဲ့တဲ့ညတွေကို သူမ မသိခဲ့ပါ။
ကျောင်းပိတ်ရက် ရှားရှားပါးပါး အပြင်မသွားတဲ့ညတွေမှာတော့ ကိုယ့်ရဲ့အခန်းဖ်ာက တစ်ကိုယ်တော် အရက်ဝိုင်းလေးဖန်တီးလေ့ရှိပါသည်။ တခါတရံမှာတော့ သူမရဲ့စာကြည့်စားပွဲပေါ်မှာ ဘီယာဘူးခွံတွေအပြင် ဝိုင်ပုလင်းအချို့ကိုလဲ တွေ့ရတတ်ပါသည်။
တစ်ကိုယ်တော် အရက်ဝိုင်းကျင်းပတဲ့ညတွေမှာတော့ အခန်းလေးထဲမှာ ပြန့်လွင့်နေတဲ့ အရက်နံ့ ဘီယာနံ့တွေက ကိုယ့်ကိုနှိပ်စက်ခဲ့ပေမယ့် ကိုယ်အိပ်တဲ့ ခေါင်းအုံးတွေ အိပ်ယာခင်းတွေကို ကိုယ်နှစ်သက်တဲ့ ရေမွေးတွေဖြန်းလို့ သူမကို စိတ်အနှောင့်အယှက်မပေးမိအောင် သတိထားရင်း အိပ်ပျော်အောင် ကြိုးစားခဲ့ဖူးပါသည်။
ကိုယ်အရက်သောက်လေ့မရှိပေမယ့် သူမသောက်နေတဲ့အပေါ်မှာ အပြည့်အဝနားလည်ပေးထားခြင်းဖြင့် သူမကို နားလည်အောင်ကြိုးစားခဲ့သလို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှ ဆိုတဲ့ အသိကြောင့်လဲ မိဝေးဖဝေးမှာ လူအများနဲ့ နေတတ်ဖို့လဲ အကျင့်မွေးယူခဲ့ရပြန်ပါသည်။
သူမနဲ့ စကားအများဆုံး ပြောဖြစ်ခဲ့တဲ့ ညတစ်ညက ကိုယ်တို့ကြားမှာ အမှတ်တရ ဖြစ်နေဆဲ။ ကျောင်းပိတ်ရက်ဖြစ်သလို နှစ်ယောက်စလုံး အချိန်ပိုင်းအလုပ်တွေ မသွားဖြစ်တဲ့ညတစ်ညမှာ အပြင်က ပြန်လာတဲ့ အခန်းဖော်က သူမဝယ်လာတဲ့ ဘီယာဗူးအချို့နဲ့ အာလူးကြော်ဗူးအချို့ကို စားပွဲပေါ်တင်ပြီး အိပ်ခန်းနဲ့ တဆက်တည်းတွဲထားတဲ့ မီးဖိုထဲကို ဝင်သွားခဲ့ပါသည်။
မီးဖိုခန်းလေးထဲမှာ သူမ အလုပ်တွေရှုပ်နေချိန် ကိုယ်ကိုယ်တိုင်လဲ ဖတ်လက်စ စာအုပ်တွေကို ဖတ်ရင်းငြီးငွေ့လာတာမို့ ကြက်အူချောင်းကြော်နေတဲ့ သူမအနားကို မယောင်မလည်သွားစပ်စုရင်း နောက်ဆုံးမှာတော့ သူမရဲ့ အရက်ဝိုင်းထဲကို အလိုလို ရောက်သွားခဲ့ပါသည်။
သူမရောက်လာပြီး ခြောက်လနီးပါးကြာမှ ပထမဆုံးအကြိမ် အဖြစ် ရင်းရင်းနှီးနှီးစကားတွေ ပြောဖြစ်ခဲ့ပါသည်။ ဘီယာတွေ တစ်ဗူးပြီတစ်ဗူးသောက်နေရင်း အမျှင်မပြတ်အောင် စကားတွေမြိန်ရေရှက်ရည် ပြောလာတဲ့သူမကို အမြည်းတွေ ကောက်စားနေတဲ့ကိုယ်က ကိုယ်သိချင်နေတဲ့ မေးခွန်းများကို မသိမသာ မေးခဲ့ပါသည်။
မေးခွန်းတစ်ခုမေးမိတိုင်း လဲသူမဆီက လိုအပ်တဲ့ အဖြေထက် ပိုမိုပြည့်စုံတဲ့ အဖြေများ ကိုရရှိခဲ့ပါသည်။ ဘဝတစ်ခုကို လေ့လာခြင်းဆိုတဲ့ ခေါင်းစဉ်ကြီးကြီးကျယ်ကျယ်တပ်လို့ ကိုယ်သိချင်တဲ့ သူမရဲ့ ဘဝ တစိတ်တဒေသကို သိခွင့်ရပီးနောက်မှာတော့ ကိုယ့်ရင်ထဲက အစိုင်အခဲအချို့လဲ အရည်ပျော်သွားခဲ့ပါသည်။
ဆက်ရန်…..
Saturday, October 24, 2009 | Labels: ဝတ္တုရှည် | 12 Comments
နှောင်ငင်တွယ်ရစ်သော အလွမ်းအိမ် (၃)
ချစ်သူနှစ်ယောက် ဘယ်လောက်ပဲဝေးဝေး ဆုံမှတ်လေးတစ်ခုအဖြစ် တနေ့နေ့မှာ ဒီမြေမှာ ပြန်ဆုံတွေ့ခွင့်ရှိနေသေးတယ်လေ။
နွေရာသီ ရောက်တိုင်း မဖြစ်မနေ ပြန်တွေ့ကြမယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အသက်သွင်းထားခဲ့သလို ခုချိန်ထိ မနီးစပ်နိုင်ပေမယ့် ထပ်ပြီး မဝေးကြဖို့ကိုတော့ ဆုတောင်းနေရုံ မဝံ့မရဲ မျှော်လင့်နေရုံကလွဲလို့……
ဒါဟာ အချစ် တစ်ခုပါ… ယုံကြည်ချက်တစ်ခုလဲ ဖြစ်ရင်ဖြစ်ခဲ့မယ်… ဘဝနှစ်ခုကို ချည်နှောင်ထားတဲ့ နှောင်ကြိုးလေးလဲ ဖြစ်ရင် ဖြစ်ခဲ့မှာပါ…
အချစ်စစ် ဖြစ်တည်ရာ နေရာလေးမှာ အချစ်စစ်တို့ ဆုံဆည်းဖို့အတွက် အတူမက်ခဲ့တဲ့ အိပ်မက်တစ်ခုကိုလဲ ပြုစုပျိုးထောင်နေရင်း….
ဒီနေ့နဲ့ဆို သူမဒီအိမ်လေးမှာ ရောက်နေခဲ့တာ ငါးရက်တိတိရှိပီမို့ နောက်နှစ်ရက်နေရင် မဖြစ်မနေ ခရီးဆက်ရအုံးမယ်…
သူမအတွက်တော့ မဆုံးနိုင်တဲ့ ခရီးစဉ်လေးတွေ … မရိုးနိုင်မယ့် ခရီးစဉ်တွေနဲ့ သူမဘဝရှင်သန်ရေးအတွက် သူမရွေးထားခဲ့တဲ့ ခရီးရှည်ကြီးထဲက ခရီးတိုလေးတစ်ခုအတွက် ထပ်မံ ပြင်ဆင်ရင်း….
ဒီတစ်ခေါက်လာခဲ့တဲ့ အလွမ်းပြေ ခရီးလေးကလဲ မရေမရာခြင်းတွေနဲ့ ခြောက်ကပ်စွာ ပြီးဆုံးတော့မယ် ကိုလေးရယ်…
နောက်နှစ် နောင်လာမယ့်နှစ်ဆိုရင်ရော သူမ ဒီကို ပြန်ရောက်ဖို့ အခွင့်အရေး ရပါ့မလား…
သူမအတွက် ဆက်လျှောက်ရမယ့် မနက်ဖြန်တွေက အရောင်တွေတောက်ပနေပေမယ့် ဘဝမှာ ကွက်လပ်တွေ ရှိနေဆဲပါ ကိုလေးရယ် ဒါတွေကို ကိုလေးသိခဲ့ရဲ့လား သူမရဲ့ ကွက်လပ်တွေကို ဖြည့်ပေးဖို့ ကြိုးစားနေရဲ့လား….
စဉ်းစားပေးခဲ့ပါသလားကိုလေးရယ် လို့ အသံတိတ်မေးခွန်းတွေနဲ့ ဝရန်တာလေးမှာ ရပ်နေရင်း တခါတုန်းက အမှတ်တရလေးတွေကို တမ်းတနေရုံကလွဲလို့ စိတ်ဖြေစရာ စိတ်ပြေစရာ အလွမ်းပြေစရာက ရေရေရာရာ မရှိခဲ့ပါ…
သူမရွေးခဲ့တဲ့ ဘဝရပ်တည်မှု အလုပ်တစ်ခုက သူမဘဝအတွက် ခိုင်မာခဲ့သလို တစတစ မျှော်လင့်ချက်တွေ အောင်မြင်မှုတွေနဲ့ သူမရဲ့ မနက်ဖြန်တွေက လှပနေခဲ့ပါသည်…
မကြာခင်မှာ သူမအလုပ်လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုနဲ့အတူ အနောက်နိုင်ငံတစ်ခုမှာ အလုပ်ခွင် သင်တန်းတစ်ခုကို သွားရတော့မှာမို့ တစ်နှစ်သင်တန်းတစ်ခုအတွက် အချိန်တစ်နှစ်တိတိတော့ ရင်းနှီးရတော့မှာပါ။
မြို့ကြီးပြကြီးမှာ ဘဝရပ်တည်ရေးအတွက် ရှင်သန်လှုပ်ရှားနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဟာ ဒီနယ်မြို့လေးက ချစ်သူကောင်လေး တစ်ယောက်တည်းအတွက်ပါဆိုတာ အခုချိန်ထိ သူမဘက်က အခိုင်အမာ ပြောနိုင်ခဲ့ပါသည်။
သင်ယူခဲ့တဲ့ပညာတွေ ရုန်းကန်နေတဲ့ ပတ်ဝန်းကျင်တွေကို ဖယ်ထုတ်လိုက်ရင် သူမရဲ့ မေတ္တာအိမ်လေးက သူမချစ်ခဲ့တဲ့ မြို့ကလေးမှာရှိနေခဲ့ပေမယ့် ဒီမြို့လေးမှာ ဘဝတစ်ခုလုံးမြှုပ်နှံပစ်ဖို့ကိုတော့ သူမရဲ့ အတ္တနဲ့ မာနက လက်မခံခဲ့ပါ။
ကိုလေးဘက်က ကမ်းလှမ်းလာမယ့် အချိန်တစ်ခုကိုပဲ မိန်းကလေးပီပီ စောင့်စားနေခဲ့မိပေမယ့် ကိုလေးဘက်က အနေအထားကိုလဲ ကြိုတင်သိရှိနေခဲ့တာမို့ မဖြစ်နိုင်မှုတွေ မရေရာမှုတွေကြားမှာ အတ္တတွေနဲ့ တိုက်ပွဲဝင်နေရဆဲပါ….
ရည်ရွယ်ချက်ကြီးမားသူပီပီ အလုပ်ကိုလဲ လောဘကြီးသလို သူမကအခြား ပရဟိတ လုပ်ငန်းတွေကို စိတ်ဝင်စားသူပီပီ အားလပ်ချိန်မရှိအောင် တာဝန်တွေနဲ့ ရှုပ်ယှက်ခတ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်မို့ သူမရဲ့ ချစ်သူအတွက်တော့ သူမက အလုပ်ပိုတွေနဲ့ အချိန်ကုန်နေသူတစ်ယောက်…
................................................................................................
ချစ်သူအရိပ်တွေက ဒီမြို့လေးမှာ နေရာမလပ်အောင်ကို ကျန်နေခဲ့တာမို့ ချစ်သူကိုလွမ်းဖို့ အကောင်းဆုံးအချိန်ဟာ ဒီမြို့လေးမှာ တစ်ယောက်တည်း အထီးကျန်နေချိန်လေးပဲ ဖြစ်မှာပါ…
ဒီလို အထီးကျန်မှုမျိုးက သူမအတွက် ပထမဆုံးဖြစ်ခဲ့ပေမယ့် သူမရဲ့ ချစ်သူလေးကတော့ နှစ်ပေါင်းများစွာ အခုလို ခံစားပြီးလွမ်းနေခဲ့ရတာ မျှော်လင့်စောင့်စားနေခဲ့ရတာကို သူမစာနာနားလည်မိတာ ပုံတူခံစားမိတာ အခုချိန်မှလေ..
အထူးသဖြင့်သူမလာဖို့ ပျက်ကွက်ခဲ့တဲ့ ပြီးခဲ့တဲ့ နွေရက်တွေမှာ ကိုလေးတစ်ယောက် တမျှော်မျှော်နဲ့ သူမအတွက် ပူပန်နေခဲ့မှာသေချာပါတယ်…
ချစ်သူရဲ့ ခြေရာလေးတွေကို ကောက်ယူသိမ်းဆည်းဖို့အတွက် ညနေစောင်းမှာတော့ ကိုလေးနဲ့ အတူတူရှိလျှောက်ခဲ့ဘူးတဲ့ ကမ်းနားလမ်း ဘက်ကို လမ်းလျှောက်ထွက်ဖို့ စိတ်ကူးလိုက်မိပါတယ်...
ညနေစောင်း အချိန်လေး နေဝင်ချိန်ရှုခင်းလေးကို လူရှင်းတဲ့ဗောတံတားတစ်ခုပေါ်ကနေ ငေးကြည့်ချင်ပါသေးတယ်... အနည်းဆုံး ချစ်သူကို လွမ်းရတဲ့ အလွမ်းလေးတွေ ပြေချင်ပါသေးတယ်...
နေလုံးကြီးကို ပုဇွန်ဆီရောင်လို့ပြောတဲ့ ကိုလေးကို လိမ္မော်ရောင်ပါလို့ အတင်းငြင်းပြီး အနိုင်ယူခဲ့ဖူးတဲ့ ညနေခင်းလှလှလေးကို တစ်ခါတုန်းက ပိုင်ဆိုင်ခဲ့ဘူးတယ်နော်...
ညနေစောင်းချိန်မှာတော့ ဆရာမလေးကိုခေါ်ပြီး ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်ဖို့ထွက်လာရင်း ကိုလေးအိမ်ရှေ့အရောက်မှာ သံယောဇဉ်မကုန်နိုင်လွန်းစွာ တစ်ချက်ရပ်ကြည့်မိပြန်ပါတယ်…
လူမနေတဲ့ အတွက် တအိမ်လုံးကတော့ အရင်အတိုင်း တိတ်ဆိတ်ငြိမ်သက်လို့ ဘာမှမပြောင်းလဲ… အိမ်ရှေ့က တရုတ်ကပ်မှန် ဘောင်လေးမှာလဲ ဖုန်တွေအဖွေးသား လှမ်းမြင်နေရသည်..
ကြည့်လက်စ အကြည့်ကို ရုတ်သိမ်းလို့ ဆရာမလေးနဲ့စကားပြောရင်း ကုန်းအတက်လေးကို လှမ်းတက်လာချိန်မှာတော့ မျက်နှာချင်းဆိုင်က အရှိန်လျှော့ပြီး မောင်းလာတဲ့ဆိုင်ကယ်တစ်စီးကို တွေ့တာမို့ လမ်းဘေးကို ကပ်ပြီးဆက်လျှောက်လာခဲ့ပါသည်။
လမ်းထဲကို ဝင်လာတဲ့ ဆိုင်ကယ်လေးက မလှမ်းမကမ်းလေးမှာ ရပ်သွားတဲ့အသံကို ကြားတာမို့ မသိမသာလှည့်ကြည့်တော့ ဆိုင်ကယ်လေးက ကိုလေးတို့အိမ်ရှေ့မှာ ရပ်နေပြီး ဆိုင်ကယ်စီးလာသူက သူမတို့ကိုလှမ်းကြည့်နေတာကိုပါ တွေ့လိုက်ရပါတယ်…
လမ်းတဝက်မှာ ခြေစုံရပ်ရင်း ရှေ့ဆက်သွားရမလား နောက်ပြန်ဆုတ်ရမလားဆိုတာကို ဝေခွဲမရစွာနဲ့ တွေဝေနေချိန်မှာ ဆရာမလေးက အဲဒါ ကိုကြီးလေလို့ပြောတော့ သူမလဲဝေခွဲမရစွာနဲ့ နောက်ဘက်ကို ပြန်လျှောက်လာခဲ့ရင်း မလုံမလဲနဲ့ ကိုကြီးကို အရင်ပြုံးပြဖြစ်လိုက်ပါသည်။
ကိုကြီးကလဲ ဇဝေဇဝါ အံ့သြကြီးစွာနဲ့ ဒါပေမယ့် သူမကိုနွေးထွေးစွာ ပြုံးပြနေခဲ့တာမို့ သူမလဲ ခပ်တည်တည်နဲ့ နှုတ်ဆက်စကားဆိုရင်း လမ်းမပေါ်မှာ နှုတ်ဆက်စကားတွေ ဆိုဖြစ်ခဲ့ပါသည်။
ခုတော့လဲ ကိုလေးကိုပြန်ပြီး ခြေရာခံမိဖို့ ကံတရားက သူမဘက်မှာ ရောက်လာပြန်ပါပြီ….
ကံကြမ္မာက သူမကို အခွင့်အရေး ပေးခဲ့ပြန်ပါပီ။
မထင်မှတ်ထားတဲ့ ဝမ်းသာစရာသတင်းကိုလဲ ကိုကြီးက သူမအတွက်သယ်ဆောင်လာခဲ့ပါသည်….
ဘဘက်ခါမှာ ကိုလေးနဲ့ ကိုလေးမေမေလာမှာမို့လို့ ဒီနေ့ညနေ ရောက်အောင်ကိုကြီးက ဒီကိုလာခဲ့တာဆိုပဲ…
ကိုလေးတို့ မိသားစုအလှူလေးတစ်ခုအတွက် မိသားစုတွေ ဒီမှာ ပြန်လာဆုံကြတဲ့အချိန်လေးက သူမမပြန်ခင်အချိန်လေးနဲ့ လာပြီးတိုက်ဆိုင်နေလွန်းတာမို့ ကံကြမ္မာက သူမကို မျက်နှာသာပေးခြင်းပဲလို့ အတွေးလေးနဲ့ ကြည်နူးမိပြန်ပါတယ်…
ကိုကြီးကလဲ ဒီမြို့လေးနဲ့ မလှမ်းမကမ်းမြို့လေးမှာ အိမ်ထောင်ကျနေခဲ့တာမို့ ဇနီးချောလေးရှိတဲ့ မြို့လေးနဲ့ ဒီကမ်းရိုးတမ်းမြို့လေး တွေကိုကူးချည်သန်းချည်နဲ့ အလုပ်တွေရှုပ်နေသူတစ်ယောက်
…
ကိုလေးမေမေကလဲ ကိုလေးကို အိမ်ထောင်ကျပြီးခဲ့ရင် သူနဲ့မလှမ်းမကမ်းလေးမှာ ကိုကြီးလို ရှိနေစေချင်ခဲ့တာကို ကိုလေးလဲသိခဲ့သလို သူမလဲသိခဲ့ပေမယ့် ကိုလေးမေမေစိတ်ချမ်းသာအောင် သူတို့ဘက်က မဖြည့်ဆည်းနိုင်လို့သာ ခုလို မရေမရာဝေးနေခဲ့တာပါ….
ကိုကြီးဆီက ကြားရတဲ့ နောက်ဆက်တွဲသတင်းလေးကလဲ သူမရဲ့ရင်အစုံကို နွေးထွေးစေခဲ့ပြန်ပါသည်…
ကိုလေးက အလှူပြီးတာနဲ့ မေမေ့ကိုဒီမှာ ခဏထားခဲ့ပြီး ရန်ကုန်ကို သွားပြီး ချစ်သူကောင်မလေးကို သွားရှာမယ်ဆိုပဲ….
ကြားနေရတဲ့ နားကိုတောင်မယုံနိုင်အောင် အံ့သြမိနေသလို ကိုလေးကိုလဲ စာနာသနားမိပြန်ပါတယ်။
ဒီတစ်ခါတော့ ကိုလေးက သတ္တတွေရှိနေပြန်ပါပြီ။ အရင်တုန်းက ရန်ကုန်လာဖို့ ဘယ်လိုမှခေါ်လို့မရခဲ့တဲ့ ကိုလေးတစ်ယောက် သူမနဲ့ မတွေ့ဖြစ်တဲ့ တစ်နှစ်ခွဲကျော်ကျော်အချိန်လေးမှာ သူမဆီကို လိုက်လာဖို့ အားအင်တွေဘယ်က ရလာခဲ့တာလဲ ။
ပင်လယ်ပြာကြီးဝိုင်းနေတဲ့ ကမ်းရိုးတန်းမြို့လေးကို ချစ်တဲ့ ကိုလေးက ရန်ကုန်မြို့ကြီးကို မွန်းကျပ်လွန်းလို့ ခံစားလို့မရပါတဲ့… ရန်ကုန်မြို့ရဲ့ လူနေမှုဘဝကို ကိုလေးက ခံစားလို့မရတာကို သူမက အသိဆုံးမို့ သူမဆီအရောက်လာဖို့ အရေး စိတ်ကူးလေးအတွက်တောင် ဘယ်လောက်အထိ ကြိုးစားခဲ့ရသလဲ ဆိုတာ ခန့်မှန်းမိပြန်ပါသည်။
ကမ်းနားဘက်ကို လမ်းလျှောက်မယ့် အစီအစဉ်ကို ဖျက်လို့ ကိုလေးတို့အိမ်ထဲမှာဝင်ပြီး စကားတွေ ပြောဖြစ်ခဲ့ကြသလို..
ကိုကြီးနဲ့ စကားတွေပြောရင်း သူမတို့ရှေ့ရေးအတွက်လဲ အားအင်တွေ ရခဲ့ပြန်ပါသည်။
ပြီးခဲ့တဲ့ နွေ သူမမရှိခဲ့တဲ့နွေမှာ ကိုလေးတစ်ယောက် အကြီးအကျယ် သောကတွေရောက်နေခဲ့တာ လူးလိမ့်နေအောင်လွမ်းနေခဲ့တာ ကိုကြီးကို ရင်ဖွင့်ရင်း အားအင်တွေ ယူခဲ့တာကို ကိုကြီးက ပြောပြမှသာ သူမ သိခွင့်ရခဲ့ပါသည်…
သူမတို့နီးကြဖို့အတွက် တွေဝေနေခဲ့တဲ့ကိုလေးကိုလဲ ကိုကြီးကပဲ ခွန်အားတွေပေးခဲ့တယ်ဆိုပဲ…..
ကံကောင်းခြင်းတွေ ကံဆိုးခြင်းတွေ အားပြိုင်နေတဲ့ ဒီအချိန်လေးမှာ သူမရင်ထဲမှာလဲ ပူပင်သောကလေးတွေနဲ့ အပျော်လေးတွေက ရောနေပြန်ပါသည်….
တိုက်တိုက်ဆိုင်ဆိုင် ကိုလေးဒီကိုရောက်မယ့် အချိန်ကလဲ သူမလေယာဉ်ကွင်းဆင်းခါနီး အချိန်ဖြစ်နေပြန်ပါသည်။
တစ်နာရီသာသာလေးပဲ တွေ့ စကားတွေ အလုအယက်ပြောပြီးလေယာဉ်ပေါ်ပြေးတက်ရမယ့် အရေးအတွက် ရင်လေးမိပေမယ့် သူမရဲ့ခရီးက ဒီ့ထက် နောက်ဆုတ်လို့မရတော့တဲ့ အနေအထားမှာမို့ အနည်းဆုံး ကိုလေးမျက်နှာလေးကို ငေးမောရင်း နှုတ်ဆက်စကား ပြောခွင့်လေးအတွက်တော့ သူမဝမ်းသာနေမိပါသည်။
ကိုကြီးကိုနှုတ်ဆက်ပြီး အိမ်ပြန်လာချိန်မှာတော့ သူမရဲ့ ရင်ထဲမှာ ပေါ့ပါးလို့ ပျော်ရွှင်လို့ အတွေးလေးနဲ့တင် ကိုလေးကို တွေ့ရမယ့်နေ့အတွက် ရင်ခုန်နေမိရင်း……..
အချစ်ဆိုတာ အချစ်စစ်ဆိုတာ အချိန်တွေဘယ်လိုပြောင်းပြောင်း နေရာတွေဘယ်လိုဝေးဝေး တန်ပြန်သက်ရောက်မှုတွေနဲ့ လှပနေတတ်တယ်ဆိုတာ တကယ်ချစ်မြတ်နိုးစွာ ချစ်တတ်တဲ့သူတွေပဲ သိကြမှာပါ ကိုလေးရယ်..….
မြတ်မြတ်နိုးနိုး ချစ်နေရုံ တန်ဖိုးထားပြီး သစ္စာရှိပေးရုံနဲ့တင် ချစ်သူအပေါ် ယုံကြည်နေနိုင်သလို အပြန်အလှန် နားလည်မှုတွေကလဲ သူမတို့ချစ်ခြင်းတွေ ပိုပြီး အသက်ဝင်လှပလာစေသေးတယ်နော်…
သူမအပေါ်ပိုပြီး ချစ်ခဲ့တဲ့ မြတ်နိုးခဲ့တဲ့ စွဲလမ်းခဲ့တဲ့ ကိုလေးက ပိုသိမှာပါကိုလေးရယ်…
သူမအတွက် လိုအပ်တဲ့ အချစ်တွေ မျှော်လင့်ချက်တွေ အဆုံးမဲ့တဲ့ မေတ္တာတွေ နွေးထွေးမှုတွေကို ပေးခဲ့သူတစ်ယောက်ဟာလဲ ကိုလေးပဲ ဖြစ်ပါသည်။
စိတ်ချင်းနီးနေခဲ့တယ်…. အတွေးတွေနီးစပ်နေခဲ့တယ်…. ရင်ခုန်သံတွေ ဆက်သွယ်နေခဲ့တယ်…
မနက်ဖြန် မနက်ဖြန်တွေက အတွေးလေးထဲမှာတင် စိတ်ကူးလေးထဲမှာ တင် လှပနေပါပြီ….
ကိုလေးရှိရောက်လာမယ့် မနက်ဖြန်လေးကတော့ သူမအတွက် အလှပဆုံး ဖြစ်နေမှာသေချာပါတယ်…
ဒီတခါ ပြန်ပြီးခွဲရအုံးမယ်ဆိုပေမယ့် ခွဲခွာခြင်းဟာ တခဏတာလေးပါပဲ…. ကတိပေးပါတယ်ကိုလေးရယ်…..
နောက်ထပ်မခွဲကြဖို့ အကောင်းဆုံး အဖြေလေးတစ်ခုကို တူတူရှာကြည့်ရင်း …..
ဝေးနေသေးပေမယ့် လှပနေအုံးမယ့် ပြန်ဆုံချိန်လေးတွေအတွက်ပါ…..
စိတ်ရှည်လက်ရှည်စောင့်ဖတ်ပေးကြတဲ့ သူငယ်ချင်းလေးတွေကို အထူးကျေးဇူးတင်ပါတယ်နော်...
Saturday, July 04, 2009 | Labels: ဝတ္တုရှည် | 15 Comments
နှောင်ငင်တွယ်ရစ်သော အလွမ်းအိမ် (၂)
သူနဲ့ အလွမ်းအိမ်
တကယ်ဆိုရင် နားလည်မှုတစ်ခုနဲ့ အချစ်အိမ်ကို တည်ဆောက်ခဲ့တယ်ဆိုရင် ဆောက်ခဲ့တဲ့အိမ်လေးမှာ အိမ်စောင့်မယ့်သူ တစ်ယောက်တော့ ရှိနေသင့်တယ်….
ကိုယ်တို့ရဲ့ အိမ်လေးမှာတော့ အိမ်စောင့်သူက ကိုယ်ရယ်ပါ….
အလွမ်းတွေမြုံနေတဲ့ အိမ်လေးမှာ အထီးကျန်စွာ အဖော်မဲ့စွာနဲ့ ချစ်သူလာမယ့်နေ့တွေကို မျှော်စောင့်နေခဲ့ရတာ
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပါ။
မိုးလင်းလို့ နေရောင်ခြည်နွေးနွေးလေး အိပ်ခန်းထဲဝင်လာတဲ့အချိန်မှာတော့ နှိုးစက်အကူအညီမလိုပဲ သူအိပ်ယာက နိုးနေခဲ့သလို မျက်စိနှစ်လုံးပွင့်တဲ့အချိန်မှာ သူရှာဖွေမိတာကလဲ သူ့ကုတင်ဘေးက စားပွဲလေးပေါ်မှာ အလှပဆုံးအပြုံးလေးနဲ့ သူ့ကို ကြည့်နေတတ်တဲ့ ချစ်သူရဲ့ ဓါတ်ပုံလေးတစ်ပုံဖြစ်နေပြန်ပါတယ်။
ညအိပ်ယာဝင်ချိန်မှာ ချစ်သူလေးရဲ့ အပြုံးလေးနဲ့ အိပ်ပျော်ခဲ့ရသလို သူပြန်နိုးထလာတိုင်းလဲ ချစ်သူလေးကိုပဲ အပြေးအလွှားရှာဖွေနေတတ်ခဲ့တာ….
ဝေးနေရတဲ့ အချိန်တွေမှာ ဒီဓါတ်ပုံလေးနဲ့ သူအသက်ဆက်ခဲ့ရတာ……
သွားလေရာမှာ ချစ်သူလေးကိုယ်စား ဓါတ်ပုံလေးတွေနဲ့ အလွမ်းတွေ ဖြေနေခဲ့ရတာ သူ့အတွက် မထူးဆန်းတော့သလို ဝေးခြင်းနီးခြင်းကလဲ သူ့ရင်ထဲက ချစ်ခြင်းတရားတစ်ခုကို ဘယ်လိုမှ မပြောင်းလဲစေခဲ့တာ ချစ်သူလေးက သိပါ့မလား…
သူ့ဘက်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပေမယ့် ချစ်သူကောင်မလေးဘက်က ပြောင်းလဲသွားမှာကို စိုးထိတ်စွာနဲ့ ရင်မောနေခဲ့ရတဲ့အချိန်တွေ ချစ်သူလေးမပါပဲ ခြောက်ခြောက်ကပ်ကပ် အထီးကျန်လွန်းစွာ ကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်တွေကို ချစ်သူလေး နားလည်စာနာနိုင်ပါ့မလား …..
ပထမဆုံးမွေးဖွားလာတဲ့ အချစ်ကို နောက်ဆုံးချိန်ထိ မြတ်မြတ်နိုးနိုးနဲ့ ဖက်တွယ်သွားချင်တဲ့ ဆန္ဒနဲ့အတူ ချစ်သူလေးအပေါ်မှာ ထားရှိခဲ့တဲ့သစ္စာတရားကိုလဲ အသက်နဲ့အမျှ ထိန်းသိမ်းထားခဲ့တာ လွယ်မယောင်နဲ့ ခက်တယ်ဆိုတာ ချစ်သူလေးသိပါ့မလား….
စီးပွားရေးလုပ်ငန်းတွေကြားမှာ အလွမ်းတွေမြှုပ်နှံလို့ အချိန်တွေကို မြန်မြန်ကုန်အောင် ဆုတောင်းနေတဲ့ ယောက်ျားလေးတစ်ယောက် အနားမှာ တခါတရံ လာဝဲနေတတ်တဲ့ လိပ်ပြာမလေးတွေရှိနေတာမို့ ရှောင်ဖို့ကြိုးစားရင်း ဘဝရဲ့ အချိန်တချို့ကို အဖော်မပါ တကိုယ်တည်း ကျော်လွန်ကုန်ဆုံးစေခဲ့တာ ချစ်သူရှိတဲ့ ကမ်းစပ်မှာပဲ ခိုဝင်ချင်တဲ့ဆန္ဒလေးတစ်ခုတည်းကြောင့်ပါ ချစ်သူရယ်။
အနေဝေးရင် သွေးအေးသွားတတ်တယ်ဆိုတဲ့စကားတွေကို တော်လှန်ရင်း ချစ်သူကို ချစ်တဲ့သွေးတွေ သူ့ကိုယ်ထဲမှာ စီးနေသရွေ့ ဘယ်တော့မှ မဝေးဘူးလို့ ခံယူထားတဲ့ ကိုယ့်အတွက် ဘဝမှာ ချစ်သူသာ ပထမ ချစ်သူသာ ဒုတိယ ချစ်သူသာ တတိယ လို့ စံတွေထားခဲ့တာရင်ထဲက အချစ်ကိုတန်ဖိုးတွေ မြှင့်ရင်း အဝေးကြီးက ချစ်သူလေးကို အနားကိုခေါ်ထားဖို့ ကြိုးစားနေပေမယ့်….
ချစ်သူလေးကတော့ တစတစ ဝေးသထက်ဝေးစေဖို့များ တမင်ဖန်တီးနေသလားလို့ သံသယတွေ ဝင်လာခဲ့တာလဲ အခါခါပါ….
အချစ်ကို ခံစားတတ်တဲ့အချိန်ကတည်းက သူ့နှလုံးလားကို သိမ်းပိုက်စိုးမိုးနိုင်စွမ်းရှိခဲ့တဲ့ ချစ်သူလေးကတော့ အရမ်းကို တော်လွန်းလှပါတယ်… သူ့ရင်ထဲမှာ ဘယ်သူမှ ဝင်လာလို့မရအောင် နေရာမလပ်အောင် နေရာယူတတ်လွန်းတာလဲ ချစ်သူလေးရဲ့ အစွမ်းတစ်မျိုးပဲဖြစ်နေပြန်ပါတယ်…
ချစ်သူကောင်မလေးနဲ့ ပက်သက်ဆက်နွယ်မှုလေးတွေကို ဟိုးငယ်စဉ် ကလေးဘဝလေးကစလို့ ဒီနေ့ဒီအချိန်အထိ အသေးစိတ်ကို မှတ်မိနေခဲ့တာဟာ ကိုယ်အစွဲအလန်းကြီးလွန်းခဲ့လို့ ဖြစ်မှာပါ ကောင်မလေးရယ်….
အရာရာကို စွဲလမ်းလွန်းစွာ မြတ်နိုးလွန်းစွာ တန်ဘိုးထား ချစ်တတ်ခဲ့တာ ချစ်သူလေးအတွက် ရူးသွပ်ခဲ့ရတာတွေကို ချစ်သူလေးတစ်ယောက်ကတော့ ပုံတူမခံစားပေးနိုင်ခဲ့သလို အသေးစိတ်ကိုလဲ မသိနိုင်ခဲ့ဘူးနော်…
ကိုယ်ဘယ်ကိုရောက်ရောက် ကိုယ်နဲ့မကွာ အမြဲသယ်သွားဖြစ်ခဲ့တဲ့ ချစ်သူရဲ့အမှတ်တရ ဓါတ်ပုံလေးနဲ့ မီးကျွမ်းနေတဲ့ ကလစ်မည်းမည်းသေးသေးလေး နှစ်ချောင်းက ကိုယ်ချစ်သူကို ဘယ်လောက်အထိ ချစ်မြတ်နိုးခဲ့တယ်ဆိုတာလေးကို ပြောပြနေသယောင်ယောင်……
………………………………………………………………………………………………………….
ဘဝရဲ့ အမှတ်တရတွေထဲက မှတ်မှတ်ရရ အဖြစ်လေးတစ်ခုက
ချစ်သူလေးရဲ့ အိမ်မှာ ချစ်သူလေးနဲ့ စာအတူတူကျက်ခဲ့ရတဲ့ ဆောင်းတွင်းကာလ ညလေးတစ်ည…
တိတိကျကျပြောရရင် ကိုယ်တို့ မူလတန်းတက်နေဆဲကာလလေး မှာ အရမ်းချမ်းတဲ့ညတညရယ် ပြီးတော့ ကောင်မလေးရဲ့ မျက်လုံးနက်နက်လေးတွေရယ် စာကြည့်စားပွဲပုပုလေးဘေးမှာ ခြင်မကိုက်အောင် မီးရှို့ထားတဲ့ ကုက္ကိုသီးတွေရယ် ကောင်မလေးရဲ့ ဆံညှပ် ကလစ်မည်းမည်းလေးနှစ်ချောင်းရယ်က ကိုယ့်ရဲ့ မှတ်ဥာဏ်တွေထဲက ပထမဆုံး အမှတ်တရလေးတစ်ခုပါ….
အဲဒီညက ကိုယ့်မေမေနဲ့ ကိုကိုတို့က မြို့ထဲက ဘိုးဘိုးတို့ဆီ သွားလည်နေတော့ တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့ ကိုယ်က ကောင်မလေးအိမ်မှာ ချစ်သူကောင်မလေးနဲ့ စာအတူတူဖတ်ရဖို့ ဖြစ်လာခဲ့သလို ကောင်မလေးကို ပထမဆုံးအကြိမ် နီးနီးကပ်ကပ် မြင်ခွင့်ရခဲ့တဲ့ နေ့လေးတစ်နေ့လဲ ဖြစ်ခဲ့ပါတယ်…
ဆံပင်ပျော့ပျော့ စင်းစင်းလေးတွေကို အလယ်တည့်တည့်ကနေ ညီနေအောင်ခွဲထားပြီး မျက်လုံးရှေ့ကျကျနေတဲ့ ဆံပင် ပျော့ပျော့လေးတွေကို ဆံညှပ်ကလစ် မဲမဲသေးသေးလေးနဲ့ ညှပ်တင်ထားတဲ့ ကောင်မလေးက ခေါင်းငု့ံ့ပြီး သချာင်္ပုစ္ဆာတွေကို သဲကြီးမဲကြီးတွက်နေခဲ့တာကိုလဲ ခပ်ရေးရေးလေး မှတ်မိနေပါသေးတယ် ကောင်မလေးရယ်…
သချာင်္တွေတွက်နေရင်းက “နင်ကုက္ကိုစေ့လှော် စားဖူးလား”လို့ ကောင်မလေးက ကိုယ့်ကို အမှတ်မထင်မေးလာတော့ ကိုယ်လဲ ကြောင်အအနဲ့ “မစားဖူးဘူး ဘယ်လိုဟာမျိုးလဲ” လို့ပြန်မေးတော့ ကောင်မလေးက ယုံကြည်မှု အပြည့်နဲ့ ပြုံးလို့ “ခဏလေး ငါပြမယ် “လို့ပြောပြီး ဘေးနားမှာ ခြင်မကိုက်အောင်မီးရှို့ဖို့ ထားထားတဲ့ ကုက္ကိုသီးထဲက ကုက္ကိုစေ့လေးကို ထုတ်ယူလိုက်ပါတယ်…
ပြီးတော့ ခပ်တည်တည်နဲ့ သူ့ဆံညှပ်သေးသေးလေးကို ဖြုတ်ပြီး ကုက္ကိုစေ့တစ်စေ့ကို ကလစ်သေးသေးလေးရဲ့ ထိပ်မှာ ညှပ်လိုက်ပြီး စာကြည့်စားပွဲပေါ်က ဖယောင်းတိုင်မီးနဲ့ စပြီးကင်ပါတယ်။
အဲဒီအချိန်တုန်းက ကိုယ်တို့မြို့လေးမှာ ည၈ နာရီနောက်ပိုင်းဆို လျှပ်စစ်မီးတွေ မရတဲ့အတွက် ဖယောင်းတိုင်မီးနဲ့ပဲ စာကျက်ခဲ့ရတာကလဲ ကိုယ့်အတွက် အမှတ်တရဖြစ်နေပြန်ပါတယ်….…
ကိုယ်ကလဲ သူ့ဆံပင်မှာ ညှပ်ထားတဲ့ ကလစ်တစ်ချောင်းကို ထပ်ဖြုတ်ပြီး သူလုပ်တဲ့အတိုင်း ကုက္ကိုစေ့တစ်စေ့ကို လိုက်ကင်ခဲ့သလို နောက်ဆုံးမှာတော့ ထွန်းထားတဲ့ ဝါဆို ဖယောင်းတိုင်ကြီးကုန်ခါနီးအထိ ကုက္ကိုစေ့တွေကို ကင်ရင်း အဲဒီနေ့ကနှစ်ယောက်စလုံး စာမကျက်ဖြစ်ခဲ့ပါ…
ကောင်မလေးရဲ့ ဆံညှပ်သေးသေးလေးနှစ်ချောင်းကလဲ မီးကျွမ်းသွားခဲ့သလို နှစ်ယောက်လုံး မီးကျွမ်းနေတဲ့ ကလစ်လေးကို တလှည့် မီးခိုးတွေနဲ့ မဲတူးနေတဲ့ ကုက္ကိုစေ့လေးတွေကို တလှည့်ကြည့်ရင်း စားမရ ကိုက်မရနဲ့ လူကြီးတွေမသိအောင် ကြိတ်ပြီး ဒုက္ခရောက်ခဲ့တဲ့ ညလေးတစ်ညက ကိုယ်တို့ရဲ့ တွေ့ဆုံခြင်းရဲ့ အစပေါ့နော်…
ငယ်ဖော်လို့ခေါ်လို့မရတရ အချိန်လေးမှာ ကောင်မလေးက ကိုယ့်ကိုထားခဲ့ပြီး မိသားစုနဲ့ အတူတူရန်ကုန်ကို ပြောင်းသွားခဲ့တာက ကိုယ်တို့ အလယ်တန်းစတက်တဲ့နှစ်လေးမှာပါ…
ကောင်မလေးမရှိတော့တဲ့အချိန်ကစလို့ နှစ်ယောက်တည်း ကျန်နေရစ်ခဲ့တဲ့ ကောင်မလေးရဲ့ ဘွားဘွားနဲ့ အန်တီလေးတို့ဆီကို မကြာမကြာ သွားပြီးစကားတွေပြောရင်း ကောင်မလေးရဲ့ သတင်းစကားတွေ နားထောင်ခဲ့ရတဲ့ နေ့လေးတွေရယ် ဧည့်ခန်းနံရံပေါ်မှာ ကျန်ခဲ့တဲ့ ကောင်မလေးရဲ့ ဓါတ်ပုံလေးတွေကိုသွားငေးခဲ့ရတဲ့ ရက်ကလေးတွေရယ် နွေကျောင်းပိတ်ရက်တွေမှာ ပြန်မလာခဲ့တဲ့ ကောင်မလေးကို လွမ်းနေခဲ့ရတဲ့ ရက်တွေထဲရယ် အရာအားလုံးကို ကောင်မလေးနဲ့ ပက်သက်မှု အမှတ်တရလေးတွေ အဖြစ် တယုတယ သိမ်းထားခဲ့ဖူးတယ် ကောင်မလေးရယ်…
ဘဝရဲ့ အနုနယ်ဆုံး အချိန်မှာ ရခဲ့ဘူးတဲ့ အမှတ်တရလေးတွေက အစွဲအလမ်းကြီးလွန်းတဲ့ ကိုယ့်ကို အရိပ်တစ်ခုလို စိုးမိုးခဲ့တာ ခုချိန်အထိ မပြောင်းလဲသေးဘူးဆိုတာကို ပြောပြရင် ဘယ်လိုလူတွေက ယုံကြည်ပေးမှာလဲနော်… ကောင်မလေးကရော ယုံကြည်ပေးမှာလား….
အစွဲအလန်းတစ်ခုက ပေါက်ဖွားလာတဲ့ သံယောဇဉ် ဖြူဖြူလေးရယ် မြန်မြတ်နိုးနိုး တန်ဘိုးထားရတဲ့ အချစ်တစ်ခုရယ်က ကောင်မလေး တစ်ယောက်တည်းအတွက် ဖြစ်နေတာတော့ နည်းနည်း ဆန်းကြယ်လွန်းပါတယ်နော်….
လောကကြီးမှာ သစ္စာတရားက တနေ့တခြား ရှားပါးလာတယ်လို့ မကြာခဏ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပြောခွင့်ရရင် ပြောပြချင်ပါတယ်….ဟိုးအဝေးကြီးမှာ အလွမ်းတွေကို အဖော်လုပ်နေရတဲ့ သူ့ရဲ့ ချစ်သူမှာ ရှားပါးလွန်းတဲ့ သစ္စာတရားတွေ အပြည့်ရှိနေတယ်ဆိုတာရယ် ချစ်သူကောင်မလေးကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး ဆိုတာရယ်ကိုပေါ့…
………………………………………………………………………………………………………………
အချိန်တွေ တစတစကြာလာခဲ့သလို ကောင်မလေးကို ပြန်တွေ့ဖို့ဆိုတဲ့ မရေရာတဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်လေး ခပ်မှိန်မှိန် ဖြစ်နေချိန်လေးမှာပဲ ကိုယ့်အနားကို ကောင်မလေးက မထင်မှတ်ပဲ ပြန်ရောက်လာခဲ့တာဟာ ကိုယ့်အတွက် သေရာပါမယ့် ဒဏ်ရာတစ်ချို့ကို ထပ်မွေးဖွားပေးဖို့ များလား…
သူငယ်ချင်းတစ်ယောက်နဲ့အတူတူ ဆိုင်ကယ်ကိုယ်စီနဲ့ ကျောင်းက အပြန်ညနေခင်းလေးတစ်ခုမှာ လွတ်ကျခဲ့တဲ့ အိပ်မက်လေးတစ်ခုကို အမှတ်မထင် ပြန်ကောက်ရခဲ့တာမို့ အရမ်းလှပတဲ့ ညနေခင်းလေးတစ်ခုကို ကျေးဇူးတွေတင်ရင်း….
ကုန်းစောင်းနိမ့်နိမ့်လေးကို အရှိန်လျှော့ပြီး ဆိုင်ကယ် ဘီးလိမ့်ရုံလေး ဆင်းလာတဲ့ ကိုယ် အိမ်ရှေ့မှာ ဆိုင်ကယ်ကို ဘရိတ်အုပ်မိတဲ့ အချိန်မှာတော့ ကိုယ်နဲ့ သိပ်မရင်းနှီးခဲ့တဲ့ မြင်ကွင်းလေးတစ်ခုက ကိုယ့်ကို ဆီးကြိုနေခဲ့ပါတယ်…
ကျောင်းတက် ကျောင်းဆင်းချိန်တွေမှာ ကိုယ်က ကောင်မလေးရဲ့ အိမ်က ဝရန်တာလေးကို နှုတ်ဆက်နေကျ ဒီအစဉ်အလာလေးက နှစ်ပေါင်းများစွာကြာတဲ့အထိ စွဲကျန်နေခဲ့တာ ပြင်းပြလွန်းတဲ့ မျှော်လင့်ချက်လေး တစ်ခုတည်းကြောင့်ဆိုတာတော့ သေချာနေပါတယ်။
ထုံးစံအတိုင်း အိမ်ရှေ့ဝရန်တာလေးကို အကြည့်တွေ ရောက်တဲ့ အချိန်မှာတော့ ဝရန်တာမှာ အလှချိတ်ဆွဲထားတဲ့ ပန်းပင်လေးတွေကို ရေလောင်းနေတဲ့ ပန်းနုရောင် အရိပ်လေးတစ်ခု ခါးအောက်မရောက်တရောက် ဆံပင် ပျော့ပျော့လေးတွေပိုင်ရှင် ဖြူဖြူသေးသေး ကောင်မလေးတစ်ယောက်ရဲ့ ပုံရိပ်လေးက မျက်စိထဲက မထွက်အောင်ကိုယ့်ကို စွဲဆောင်ထားတာမို့ ဆိုင်ကယ်ပေါ်က မဆင်းနိုင်လောက်အောင် အံ့သြနေရင်း
အပြေးအလွှား နှုတ်ဆက်ချင်ပေမယ့် အချိန်ကာလနဲ့အညီ ပြောင်းလဲလာခဲ့တဲ့ အမည်မဖော်တတ်တဲ့ ခံစားချက်တစ်ခုက သူ့ခြေလှမ်းတွေကို နောက်ကို တွန်းပို့နေခဲ့သလို အတိုင်းအဆမဲ့ မြန်လွန်းနေတဲ့ နှလုံးခုန်သံတွေကလဲ ကိုယ့်ရဲ့ ဖြူစင်တဲ့ သံယောဇဉ်ဆိုတဲ့အသိကို တွေဝေစေခဲ့တာမို့ဆိုင်ကယ်ကို အိမ်ထဲ ထည့်ရင်း ကောင်မလေးအိမ်ဘက်ကိုသွားဖို့ အဖြစ်နိုင်ဆုံး ယုတ္တိအရှိဆုံး အကြောင်းပြချက်တစ်ခုကို ရှာဖွေနေမိပါတယ်..
အချစ်ဆိုတာ ရူးသွပ်ခြင်းလို့ဆိုရင်လဲ ကိုယ်ဟာ အချစ်နဲ့မတွေ့ခင် အချိန်တွေကတည်းက ရူးသွပ်နေခဲ့သလို အချစ်ကို အချစ်ရယ်လို့ ခံစားမိတဲ့အချိန်မှာလဲ ရူးသွပ်ခဲ့တာကို ဝန်ခံပါတယ် ကောင်မလေးရယ်…
အနေနီးခြင်းဝေးခြင်းကလဲ ကိုယ့်ရင်ထဲက အချစ်တွေကို အရောင်ပြောင်းသွားအောင် မစွမ်းနိုင်ခဲ့တာဟာ ကိုယ့်အချစ်က ဖြူစင်လွန်းခဲ့သလို ကိုယ့်သစ္စာတရားကလဲ ခိုင်မြဲလွန်းနေလို့လဲ ဖြစ်နိုင်ပါတယ်…
ကောင်မလေးနဲ့ ပြန်လည်ဆုံဆည်းစေခဲ့တဲ့ နွေဦးပေါက် အချိန်လေးမှာတော့ ကိုယ်က နည်းပညာကောလိပ် မှာ ဒုတိယနှစ် တက်နေခဲ့သလို ကောင်မလေးကတော့ အဝေးသင်တက်ရင်း NGO တစ်ခုမှာ အလုပ်လုပ်နေပါပြီ။
ဒီတစ်ခေါက်မှာတော့ ကောင်မလေးက အချိန်သိပ်မရဘူး နှစ်ပတ်ပဲနေမှာ လို့ပြောလာတာမို့ ပြန်ခွဲရမယ့် အရေးအတွက် ကြိုပြီးရင်လေးနေမိပေမယ့် တွေ့ရတဲ့ အချိန်ခဏလေးမှာ ကောင်မလေးကို မျက်လုံးထဲက ပျောက်မသွားအောင် အရိပ်တကြည့်ကြည့်နဲ့ ရူးသွပ်ခဲ့တာက ကိုယ်ပါ ကောင်မလေးရယ်….
မတွေ့ဖြစ်ခဲ့တဲ့ ခုနှစ်နှစ်ကျော် အချိန်လေးတွေမှာ ကောင်မလေးက လှပလွန်းတဲ့ စွဲဆောင်မှုရှိလွန်းတဲ့ ညှို့မင်းသမီးလေးလို လှပလာခဲ့သလို ကောင်မလေးရဲ့ မျက်လုံးနက်နက်လေးတွေကလဲ သူတွေ့ဖူးခဲ့တဲ့ အချိန်ကထက် အရောင်တွေတောက်ပနေခဲ့ပါတယ်……
ကောင်မလေးကို အရမ်းချစ်နေမိတာ ပြောမထွက်လွန်းတာမို့ ကြောက်လန့်စိတ်တွေနဲ့ ထပ်ခါတလဲလဲ သူမေးနေဖြစ်တဲ့ မေးခွန်းတွေကလဲ နောက်ဘယ်တော့ ပြန်လာအုံးမှာလဲ ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်နေပါတယ်…နောက်ထပ် အကြာကြီးထပ်ပြီး ခွဲမနေချင်ပေမယ့် လွမ်းရမယ်ဆိုရင်လဲ အချိန်ကာလ သတ်သတ်မှတ်မှတ်နဲ့ ရေရာတဲ့ အလွမ်းတွေကိုပဲ သူထပ်ပြီး မျှော်လင့်ချင်နေခဲ့ပါတယ်….
မျှော်လင့်ချက်မဲ့တဲ့ အလွမ်းတစ်ခုထက် အဓိပ္ပါယ်ရှိတဲ့ တိကျတဲ့ ရေရာတဲ့ အလွမ်းကိုပဲသူထပ်လိုချင်နေမိတာ ကောင်မလေး မသိခဲ့တဲ့ သူ့ရဲ့ အတိတ်က အလွမ်းဒဏ်ရာတွေကြောင့်ဆိုတာ သူကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ခဲ့ပါ…
မထင်မှတ်ပဲ သူ့စိတ်တွေကို သက်သာစေမယ့် အဖြေတစ်ခုကိုတော့ ကောင်မလေးဆီက ရခဲ့ပါတယ်…ကောင်မလေးရဲ့ အဘွားက အသက်နည်းနည်းရလာတာမို့ အနည်းဆုံးတစ်နှစ်တစ်ခေါက် လောက်တော့ လာဖြစ်မယ်လို့ ပြောလာတာမို့ သူ့ရင်ထဲမှာ ဖော်မပြတတ်တဲ့ ဝမ်းသာမှုတွေနဲ့အတူ ရင်ထဲက အချစ်တွေကိုလဲ ပိုပြီးခွန်အားရှိစေခဲ့ပါတယ်…
ချစ်သူကို ချစ်တယ်လို့ ပြောထွက်ဖို့ ကြိုးစားရင်း သူတွေဝေငေးမောနေဆဲမှာ နှစ်ပတ်ဆိုတဲ့ အချိန်ကာလတစ်ခုက မြန်ဆန်လွန်းစွာ ကုန်လွန်သွားခဲ့ပါသည်…. ချစ်သူလေးကတော့ ဘာမှမသိသလို အပြစ်ကင်းစွာ သူမ အချိန်အကြာကြီး ထားရစ်ခဲ့တဲ့ မြို့လေးကို လှည့်ပတ်ကြည့်ရှုရင်း ရယ်မောပျော်ရွှင်နေခဲ့ပါသည်….
ချစ်သူလေး မပြန်ခင် ညနေခင်းလေးတစ်ခုမှာတော့ မြို့ပြင်ခပ်လှမ်းလှမ်းက အမြင့်ဆုံးတောင်ထိပ်မှာရှိတဲ့ ဘုရားကို လိုက်ပို့ရင်း သူလိုချင်တဲ့ အဖြေတစ်ခုကို သူရှာဖွေဖို့ ကြိုးစားခဲ့တာကို ချစ်သူလေးက တော့မသိရှာခဲ့ပါ….
ဘယ်ကစလို့ ဘယ်လို ပြောရမှန်းမသိပဲ ချစ်သူကို ချစ်တယ်ပြောဖို့အရေး တစ်ယောက်တည်းချွေးတွေ ပြန်လာတဲ့အထိ ဒုက္ခတွေရောက်နေတဲ့ သူ့အဖြစ်ကိုကို တစ်ယောက်ယောက်က စောင့်ကြည့်နေမယ်ဆိုရင်တော့ ရယ်စရာဖြစ်နေမှာ သေချာပါသည်…
“ နင့်မှာ ချစ်သူရှိနေပြီလားလို့ အားယူပြီး မပွင့်တပွင့်မေးမိတော့ “ ချစ်သူလေးက ခေါင်းခါပြရင်း သူ့မေးခွန်းကို မဖြေချင်သလို လိမ္မာပါးနပ်စွာ စကားလမ်းကြောင်းတွေ ပြောင်းလာတော့ သူ့ရင်ထဲကစကားလုံးတွေကို ပြန်မျိုချရင်း “နောင်နှစ် နင်ပြန်လာမယ့်ရက်တွေကို ငါစောင့်နေပါ့မယ် … လာဖြစ်အောင် လာခဲ့နော် မျှော်နေမယ်” လို့ပြောရင်း နောင်နှစ်ကောင်မလေးလာမယ့် အချိန်တစ်ခုအထိ ရင်ထဲကစကားလုံးတွေကို ထပ်မံ သိမ်းဆည်းလိုက်ရတာ တကယ်တော့ မလွယ်ခဲ့ပါဘူး ချစ်သူရယ်…
နောင်နှစ်ချစ်သူလေး ရောက်လာခဲ့တဲ့ နွေရာသီလေးမှာတော့ ရင်ထဲမှာ အချိန်အကြာကြီး သိမ်းထားတဲ့ စကားလုံးတွေကို ကြိုးစားရင်ဖွင့်ပြီး ခက်ခက်ခဲခဲနဲ့ပဲ ချစ်သူလေးရဲ့ အချစ်ကိုရအောင် ကြိုးစားခဲ့တာကို ချစ်သူလေးကလဲ နားလည်ပေးခဲ့ပါတယ်… ကိုယ်ခံစားခဲ့ရတဲ့ အလွမ်းတွေကို ချစ်သူလေးသိအောင် တစွန်းတစ ဖွင့်ဟ ဖြစ်ခဲ့တဲ့ အချိန်တွေမှာလဲ ချစ်သူလေးက တအံ့တသြနဲ့ နားထောင်ပေးနေပြန်ပါတယ်…
သူ့ရဲ့ အချစ်ကို ချစ်သူလေးက အသိဆုံးဖြစ်ခဲ့သလို သူ့ရဲ့ ရင်ခုန်သံတွေကိုလဲ ချစ်သူလေး တစ်ယောက်တည်းကသာ စာနာနားလည်ပေးခဲ့ပြန်ပါတယ်…
တကယ်တန်း ချစ်သူတွေဖြစ်လာချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ သဘောထားလေးတွေ မသိမသာကွဲလွဲနေတာကို အပြန်အလှန်သိခဲ့ကြပေမယ့် နားလည်မှုတစ်ခုတည်းနဲ့ သံယောဇဉ်တွေကို ခိုင်မြဲအောင် ထိန်းထားနိုင်ခဲ့ပါသည်….
အချစ်အတွက် ခံစားခဲ့ရတဲ့ နာကျင်ခြင်းကြေကွဲခြင်းတွေကို အချိန်က ကုစားပေးနိုင်တယ်ဆိုပေမယ့်…
သူတို့အတွက်တော့ အချိန်တွေ ကြာလာတာနဲ့အမျှ အချစ်နဲ့ ပက်သက်သမျှအရာတိုင်းဟာ တစတစ ခိုင်မြဲလာခဲ့သလို သံယောဇဉ်နှောင်ကြိုးတွေကလဲ မြဲသထက်မြဲလို့လာပြန်ပါတယ်…
ဒီမြို့လေးမှာ ချစ်သူလေးရဲ့ နောက်ဆုံးသံယောဇဉ်ဖြစ်တဲ့ အဒေါ်လေးနဲ့ ဘွားဘွားတို့ အခြားမြို့လေးကို ပြောင်းသွားပြီးချိန်မှာတောင် ချစ်သူလေးက အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း သူ့ဆီကို ရောက်လာခဲ့သလို သူကလဲ မပြောင်းမလဲပဲ ချစ်သူလေးကို စောင့်မျှော်နေခဲ့ရတာ…
ကိုယ်ကျောင်းပြီးတဲ့ အချိန်မှာတော့ ချစ်သူလေးက အပြင်မှာ အလုပ်ဝင်ဖို့ တိုက်တွန်းခဲ့ပေမယ့် ကိုယ့်အတွက်တော့ အပြင်မှာ အလုပ်လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ကျောင်းကသင်ပေးခဲ့တဲ့ စာတွေကိုမေ့လို့ မိသားစု စီးပွားရေး လုပ်ငန်းထဲကို လုံးလုံးလျားလျား ပစ်ဝင်ခဲ့မိတာ ချစ်သူလေး ငြိုငြင်စေဖို့ ဖြစ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ကြား ပြဿနာတော့ ကြီးကြီးမားမား မဖြစ်ခဲ့ပါ…
ဒီမြို့လေးနဲ့ သူ့မိသားစုအတွက် မိသားစုစီးပွားရေး လုပ်ငန်းတွေအတွက် သူကမရှိမဖြစ် လိုအပ်ချက်ဖြစ်နေခဲ့တာမို့… သူတို့တွေ့ခွင့်ရဖို့အရေးမှာတော့ ချစ်သူလေးကပဲ စပြီးသူ့ဆီအရောက်လာခဲ့ရသလို သူ့ဘက်ကတော့ တာဝန်တစ်ခုလို ချစ်သူကို မျှော်စောင့်ရသူပဲ ဖြစ်နေခဲ့တာတော့ ကိုယ့်ရဲ့ အားနည်းချက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါတယ်…
အဓိက အားနည်းချက်ကြီးအတွက် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့် သူ့အတွက် ရွေးချယ်စရာ လမ်းကရှားပါးလွန်းခဲ့တာမို့ သူလိုချင်တဲ့ ပန်းတိုင်ကို အလွယ်တကူ မရောက်နိုင်ခဲ့တာကို သူဝမ်းနည်းကြေကွဲနေယုံသာ ချစ်သူလေးကိုလဲ စာနာနားလည်စွာ သနားနေယုံသာ..…
ချစ်သူလေးဘက်ကလဲ သူမရဲ့ မိသားစုနဲ့ သူမရဲ့ ဘဝရပ်တည်ရေးအတွက် လုပ်နေရတဲ့ အလုပ်တွေကြောင့် သူမကျင်လည်နေတဲ့ မြို့ကို ထားခဲ့ဖို့ မဖြစ်နိုင်တာကို သူနားလည်အောင်ရှင်းပြခဲ့တာမို့ နားလည်မှုတစ်ခုနဲ့ လက်တွဲမြဲအောင်သာကြိုးစားခဲ့ရင်း…..
ချစ်သူမရှိတဲ့ ရက်တွေမှာ ချစ်သူလေးရဲ့ အိမ်ကို စောင့်ရှောက်ထိန်းသိမ်းရင်း ချစ်သူကိုမျှော်မှန်းတမ်းတနေဆဲမှာ ဒီမြို့လေးကို ထပ်မံခွဲခွာဖို့ ကံကြမ္မာက ဖန်တီးလာပြန်ပါတယ်….
သူ့မိသားစုရဲ့ နောက်ဆုံးစီးပွားရေးတစ်ခုအတွက် မနီးမဝေးက နယ်စပ်မြို့လေးကို သူထွက်လာရပြန်ပါတယ်…
ရေလမ်းခရီးနဲ့ အမြန်ဆုံးသွားရင် ၄ နာရီလောက်ပဲကြာပေမယ့် အဲဒီမြို့လေးက သူ့ရင်အစုံကို မနွေးထွေးစေခဲ့ပါ…
အလုပ်တွေပြီးတိုင်း သူငယ်စဉ်ကတည်းက ကျင်လည်ခဲ့တဲ့ မြို့လေးကို လွမ်းမောတမ်းတရင်း ကောင်မလေးရဲ့ အရိပ်တွေကို လိုက်ကောက်ရင်း ချစ်သူလေး ပြန်လာမယ့် အချိန်တွေမတိုင်ခင် သူချစ်တဲ့မြို့လေးကို အရောက်ပြန်ပြီး ချစ်သူလေးကို ကြိုစောင့်ရင်း သူ့ရဲ့ အထီးကျန်နေ့ရက်တွေကို ခြောက်သွေ့စွာ ဖြတ်သန်းနေခဲ့ပြန်ပါတယ်….
ိစိတ်ရှည်လက်ရှည်စောင့်ပြီး ဖတ်ပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်...တတိယပိုင်းကို အမြန်ဆုံး တင်ပေးပါ့မယ်...
Sunday, June 14, 2009 | Labels: ဝတ္တုရှည် | 7 Comments
နှောင်ငင်တွယ်ရစ်သော အလွမ်းအိမ်
အပိုင်းတစ် (သူမနှင့် အလွမ်းအိမ်)
ဒီမြို့လေးကို ခြေချမိတဲ့အချိန်မှာ လေယာဉ်ကွင်းမှာ သူမကို လာစောင့်ကြိုနေသူ တစ်ယောက်မှ ရှိမနေခဲ့သလို အေးစက်စက်ဆီးကြိုလာတဲ့ ဒီမြို့လေးရဲ့ ရင်ခွင်ထဲကို မရဲတရဲလေး တိုးဝင်မိခဲ့ပေမယ့် သူမရင်ထဲမှာ တော့ တစ်စုံတစ်ခုကြောင့် လစ်ဟာနေခဲ့ပါတယ်။
တကယ်ဆို သူမလာခဲ့တဲ့ ဒီခရီးလေးကလဲ မရေမရာ အတွေးတွေ မျှော်လင့်ချက်တွေနဲ့ လူတစ်ယောက်ကို လာစောင့်ကြိုတဲ့ခရီးလေး ဖြစ်နေတာမို့ သူမကိုဆီးကြိုမယ့်သူမရှိနေတာလဲ မဆန်းလှပါ။
ဆိုင်ကယ်တက္ကစီတစ်စီးနဲ့ သာမန်ဧည့်သည်တစ်ယောက်လို ရောက်လာခဲ့တဲ့ သူမကို အံ့သြဝမ်းသာစွာ ဆီးကြိုနှုတ်ဆက်မယ့် အိမ်နီးနားချင်း မိတ်ဆွေဆိုတာကလဲ အိမ်အောက်ထပ်က ဆရာမလေးနဲ့ ကလေးတွေကလွဲလို့ ဆွေမျိုးသားချင်းကလဲ ရှားပါးနေပြန်ပါတယ်။
ပြီးတော့ သည်အချိန်က သူမ ဒီမြို့လေးကို လာနေကျအချိန်မဟုတ်ခဲ့သလို သူမချစ်ရတဲ့ သူတစ်ယောက်ကလဲ ဒီအချိန်မှာ သူမလာမယ်ဆိုတာကို မသိနိုင်ခဲ့တာမို့ အိမ်မက်ထဲမှာ လမ်းလျှောက်နေသလို စမ်းတဝါးဝါးနဲ့ ရောက်လာခဲ့တဲ့ ခရီးတိုလေးလဲ ဖြစ်နေပြန်ပါတယ်။
သည်မြို့လေးနဲ့ သူမချစ်တဲ့ အမိမြေကို ခေတ္တခွဲခွာခြင်းတစ်ခုအတွက် အလွမ်းခြေရာတွေကောက်ဖို့ အတွက် ရောက်လာခဲ့တဲ့ ခရီးလေးတစ်ခုဖြစ်နေပေမယ့် သူများဒီမြို့လေးမှာ ရှိနေမလား ဆိုတဲ့ မရဲတရဲ အတွေးတစ်ခု မျှော်လင့်ချက်တစ်ခု အိပ်မက်တစ်ခုနဲ့အတူ ခြေချမိစဉ်မှာတော့…..
……………………………………………………………………………………………………………
အိမ်ရှေ့ကိုရောက်ရောက်ခြင်း သော့ခတ်ထားတဲ့ တံခါးနှစ်စုံက သူမကိုအရင်ဆုံး ဆီးကြိုနေခဲ့ပါတယ်။
သူမရောက်လာတဲ့ အချိန်က နေ့လည်ခင်းဖြစ်နေတာမို့ သူမတို့ အိမ်ကိုငှားနေတဲ့ ဆရာမလေးက ကျောင်းကိုရောက်နေတဲ့အချိန် တအိမ်လုံး ဘယ်သူမှမရှိတဲ့ အချိန်မို့ ဆရာမလေးရဲ့ အခန်းကလဲ သော့ခလောက်လေးတန်းလန်းနဲ့ ဖြစ်နေသလို သူမရဲ့အခန်းကလဲ သူမမှတ်မိနေတဲ့ သော့ခလောက်ခပ်ကြီးကြီးနဲ့ သူမကို အေးစက်စက်နှုတ်ဆက်နေပါတယ်။
အသင့်ပါလာတဲ့ သော့ကိုဖွင့်လို့ လှေကားတွေတထစ်ချင်းနင်းပြီး တက်လာတော့ လှေကားထစ်တွေ ကျွန်းလှေကားရဲ့ လက်ရန်းတွေမှာ ခါတိုင်းတွေ့နေကျ ဖုန်ထူထူတွေကို မတွေ့ရတာမို့ ရင်ထဲက မျှော်လင့်ချက်လေးက မရဲတရဲ ပြန်ဝင်လာပါတယ်။ အိမ်မှာ တစ်ခုခုတော့ ထူးခြားနေတော့မယ်ဆိုတာ သိချင်စိတ်နဲ့ အပြေးအလွှားအိမ်ပေါ်ကို တက်ချင်ပေမယ့် လက်ထဲမှာပါလာတဲ့ ခရီးဆောင်လက်ဆွဲအိတ်ကြောင့် သူမထင်သလို ခရီးမပေါက်နိုင်ခဲ့ပါ။
အိမ်ရှေ့ဧည့်ခန်းက ဆက်တီခုံပေါ်မှာ ပစ္စည်းတစ်ချို့ကို သေသေချာချာ နေရာချပြီး အိမ်ရှေ့ခန်းကို ခြုံငုံအကဲခတ်လိုက်တော့လဲ အိမ်ရှေ့ခန်းလေးက သပ်သပ်ရပ်ရပ် ဖုန်မှုန့်တွေနဲ့ ဝေးနေပြန်ပါတယ်။
ပိုပြီးသေချာအောင် ဘုရားစင်ရှေ့ကို သွားပြီးကြည့်တော့ ဘုရားပန်းအိုးထဲမှာ သပြေပန်းတစ်ချို့ကို မနွမ်းတနွမ်းတွေ့လိုက်ရပါတယ်။
မကြာသေးခင်ကမှ တစ်ယောက်ယောက်လာပြီး ရှင်းလင်းထားသလို သေသေသပ်သပ် ကျကျနနနဲ့ သူမရဲ့ဧည့်ခန်းလေးကလဲ လှပနေဆဲပါ။
ဒါဆို ပြီးခဲ့တဲ့နှစ် သင်္ကြန်ရက်တွေက သူဒီကို လာခဲ့သလို သိပ်မကြာသေးခင်ကာလတစ်ခုမှာလဲ သူလာသွားခဲ့တယ်ဆိုတာ သူမ ခန့်မှန်းလို့ ရနေပြန်ပါသည်။
တိတိကျကျပြောရရင် သူမ ဒီအိမ်လေးကို မရောက်တာ နှစ်နှစ်နီးပါး တကယ်တန်းမှာ သူမလာသင့်တဲ့ အချိန် မဖြစ်မနေ လာရမယ့် အချိန်က ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူမ မရောက်လာနိုင်ခဲ့သလို အခု ရောက်လာတဲ့ အချိန်ကလဲ သူမလာရမယ့် အချိန်ထက် တစ်နှစ်လောက် နောက်ကျနေခဲ့ပြီမို့ အပြောင်းအလဲ အချို့ကို ရင်ဆိုင်ဖို့ ရှာဖွေဖို့ သူမပြင်ဆင်လာခဲ့ပြီး အရာရာအတွက် အဆင်သင့်လဲ ဖြစ်နေပြန်ပါတယ်။
သူမအိမ်လေးကို သူမကိုယ်စား စောင့်ရှောက်ပေးမယ့်သူက သူကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ခဲ့ပါ။ ဒီလောကကြီးမှာ သူ့အတွက် သူမဟာ အရာရာထက် အရေးထားရလွန်းသူလေး ဖြစ်နေသလို သူမကို တွေ့ခွင့်ရဖို့ အတွက်ကိုလဲ သူဟာ တစ်နှစ်ပတ်လုံး လည်ပင်းရှည်မတတ် စောင့်မျှော်နေရသူလဲ ဖြစ်နေပြန်ပါတယ်။
မနီးမဝေး နယ်စပ်မြို့လေးမှာ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူထားရသူပီပီ သူမတို့ ချစ်သူဖြစ်ပြီး လေးနှစ်အကြာ သူကျောင်းပြီးတဲ့ အချိန်မှာ သူဟာ ဒီမြို့လေးကို စပြီးခွာခဲ့တာမို့ ခုချိန်မှာတော့ သူရော သူမပါ ဒီမြို့လေးရဲ့ ဧည့်သည်တွေဖြစ်နေခဲ့ပြန်ပါတယ်။
သူမကတော့ အလယ်တန်းကျောင်းသူဘဝ ကတည်းက ဒီမြို့လေးကို စတင်ကျောခိုင်းခဲ့တာမို့် ဒီမြို့လေးက သူမရဲ့ ငယ်ဘဝတစ်စိတ်တစ်ဒေသ ဖြစ်ရုံကလွဲလို့ သူ့နဲ့ယှဉ်လိုက်ရင်တော့ ဒီဒေသဟာ သူမအတွက် စိမ်းလွန်းနေပြန်ပါတယ်။
တကယ်ဆိုရင် သူတို့ဆုံဆည်းခြင်းက သူတို့နှစ်ယောက်လုံးအတွက် ကံကောင်းခြင်းထက် ကံဆိုးခြင်းတွေကို ဖြစ်စေခဲ့မယ်ဆိုတာ ကြိုတင်သိခဲ့ရင် သူတို့အတွက် ဝမ်းနည်းကြေကွဲခြင်းတွေ ခွဲခွာနေရခြင်းတွေကသာ ချစ်ခြင်းရဲ့ လက်ဆောင်တွေ ဆိုတာ ဟိုးတုန်းက သိခွင့်ရခဲ့ရင်….
ငယ်သူမို့ မသိခဲ့ပါလို့ မပြောချင်ခဲ့သလို ကြိုတင်သိခဲ့ပေမယ့်လဲ မရုန်းခဲ့မိတာကိုပါ သူမဝန်ခံဖို့ လက်ခံဖို့ အသင့်ဖြစ်နေပါပြီကိုလေးရယ်။
………………………………………………………………………………………………………
သူတို့ ချစ်သူတွေအဖြစ် လက်တွဲပြီး နောက်ပိုင်းမှာတော့ သူချစ်တဲ့ကောင်လေးရော သူမကိုယ်တိုင်ပါ ဒီမွေးရပ်မြေလေးမှာ ဧည့်သည်တစ်ယောက်လို ခေတ္တခိုနားရုံကလွဲလို့ အရင်လို အကြာကြီးနေခွင့်မရတော့ပါ။
စကားများများမပြောတတ်တဲ့ သူမရဲ့ချစ်သူဆီက သတင်းစကားတွေကို အမြဲမကြားရပေမယ့် ရံဖန်ရံခါ လက်ခံရရှိခဲ့တဲ့ ဖုန်းခေါ်သံတစ်ချို့နဲ့ အတူ တစ်နှစ်ကျော် နှစ်နှစ်အတွင်းမှာ သူမတို့ စကားပြောဖြစ်ခဲ့တဲ့အချိန်ဆိုတာကလဲ အင်မတန်ကို ရှားပါးနေခဲ့ပြန်ပါတယ်။ ဒီနှစ်ထဲမှာတော့ သူ့ဆီက ဖုန်းခေါ်သံတွေ မကြားခဲ့ရသလို ပြီးခဲ့တဲ့နွေတုန်းကလဲ သူမ မလာနိုင်ခဲ့တဲ့ အကြောင်းကိုလဲ သူ့ကို မပြောဖြစ်ခဲ့တာမို့ သူမတို့ကြားမှာ နှစ်နှစ်နီးပါး အဆက်အသွယ်တွေ ပြတ်နေခဲ့ပြန်ပါတယ်။
ဒီမြို့လေးမှာ အခုချိန် သူရှိနေသေးမလားဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ အိမ်ရှေ့ဝရန်တာတံခါးမကြီးကို ဖွင့်ပြီး ခေါင်းရင်းဘက်က သူ့အိမ်ဘက်ကိုလှမ်းမျှော်မိချိန်မှာတော့ သူရဲ့အိမ်ရှေ့က သော့ခလောက်ကြီးနဲ့အတူ အိမ်ရှေ့အိမ်နောက် အပေါ်ထပ် အောက်ထပ်ရှိရှိသမျှသော ပြတင်းပေါက်တွေက ပိတ်လျက်သား အိမ်မှာ ဘယ်သူမှရှိမနေဘူးဆိုတဲ့ လက္ခဏာကို ပြနေပါတယ်။
ဒီတခါတော့ လွဲနေပြန်ပြီပေါ့ ကိုလေးရယ်လို့ အသံတိတ်ညည်းညူမိရင်း အချိန်လွန်နောင်တ အချို့နဲ့အတူ ဆက်တီခုံပေါ် အရုပ်ကြိုးပြတ်ထိုင်မိတော့ မျက်ရည်စက်အချို့က မရည်ရွယ်ပဲ ပါးပြင်ပေါ်တလိမ့်လိမ့် စီးကျလာပါတယ်။
ငယ်သူငယ်ချင်းဖြစ်တဲ့ သူနဲ့ပြန်လည်တွေ့ဆုံဖြစ်ခဲ့ကြတဲ့ ဆယ်နှစ်ကျော်ကာလ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ရှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ တစ်ယောက်တမြေစီ ခွဲခွာနေရခြင်းက နှစ်ယောက်လုံးအတွက် ဝေဒနာတွေနဲ့အတူ နာကျင်စေခဲ့တာမှန်ပေမယ့် ခုလိုအမြဲတမ်း ဝေးနေကြခြင်းအတွက် ကိုယ်စီထားရှိခဲ့တဲ့ နားလည်မှုတွေ တစတစလျော့ပါးလာခဲ့တာ သူမမငြင်းနိုင်ခဲ့သလို ကိုလေးကရော…..
ဒီမြေဒီရေမှာ ကိုလေးနဲ့ ဆုံဆည်းခဲ့ပေမယ့် ဒီမြေက သူမအတွက် ခေတ္တယာယီ ကွန်းခိုရာ နေရာလေးတစ်ခုသာ ဖြစ်နေခဲ့တာ အစွဲအလမ်းတစ်ခုနဲ့အတူ ချစ်သူရှိနေတဲ့မြေကို ရောက်လာတိုင်း သူမနေခဲ့တဲ့ အချိန်တွေက တပတ်ဆယ်ရက်ထက်မပိုခဲ့တာ ဆုံတွေ့ဖြစ်ခဲ့ကြတဲ့ ဆယ်နှစ်အတွင်းမှာ တစ်နှစ်မှာ ဆယ်ရက်ဆိုတဲ့ အချိန်တစ်ခုသာ ချစ်သူနှစ်ယောက်အတွက် အမှတ်တရ ရှိနေခဲ့တာ …..
ကိုယ်တိုင်ကလဲ ကိုယ့်ရဲ့အလုပ်တွေပစ်ပြီး ကိုလေးရှိတဲ့အရပ်မှာ အခြေမချနိုင်ခဲ့သလို ကိုလေးအနေနဲ့ကလဲ အနှောင်အဖွဲ့တွေကြား မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေကြားက ရုန်းထွက်ပြီး သူမဆီအရောက်မလာနိုင်ခဲ့တာ သူမတို့ အချိန်တွေအကြာကြီး ခုလိုဝေးဖို့ ဖြစ်နေစေခဲ့ပြန်ပါတယ်။
စေ့စပ်ဖို့ ညှိနိုင်းဖို့ နှစ်ယောက်စလုံးက မကြိုးစားခဲ့တာကလဲ နောက်ဆုံးထွက်လာမယ့် အဖြေတစ်ခုကို ကြိုသိနေလို့ မဖြစ်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုကလွဲလို့ ဘာမှရှိမနေခဲ့ပါ။
ဒါတွေကြိုသိနေရက်နဲ့ ချည်နှောင်ထားမိတဲ့ နှောင်ကြိုးတွေက ဘာလို့များ ဒီလောက်အထိ မြဲနေပြန်တာလဲ ကိုလေးရယ် သံယောဇဉ်တွေ မေတ္တာတွေ ဒီ့ထက်ပိုခဲ့တဲ့ အမှတ်တရတွေကြားက ဘယ်သူကမှ ရုန်းထွက်ဖို့ မကြိုးစားခဲ့သလို လမ်းခွဲခြင်းတွေမရှိတဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကိုပဲ မက်မက်မောမော ဖက်တွယ်ထားကြတာကလဲ တူနေကြပြန်ပါတယ်။
……………………………………………………………………………………………………..
ညနေစောင်းချိန်မှာတော့ ဧည့်ခန်းနံရံမှာ အသင့်ရှိနေတဲ့ ကိုလေးတို့အိမ်က သော့လေးကိုယူလို့ ကိုလေးတို့အိမ်ဘက်ကို ထွက်လာခဲ့မိပါတယ်။
အိမ်နှစ်အိမ်ကြားအကွာအဝေးက မပြောပလောက်ပေမယ့် ကုန်းအတက် ပြေပြေလေးကိုလှမ်းတက်လာရင်းက ကတ္တရာခင်းထားတဲ့ ဒီလမ်းကျဉ်းလေးကို မကျေမနပ်နဲ့ အလိုမကျဖြစ်နေပြန်ပါတယ်။
တကယ်ဆို ဒီလမ်းကျဉ်းလေးကို မြေနီလမ်းလေး အဖြစ်သာ သူမမြတ်နိုးခဲ့တာပါ။ ရွံ့ဆန်ဆန် ခပ်စေးစေး ခပ်ပျော့ပျော့ မြေသားလေးတွေကိုပဲ သူမချစ်ခဲ့တာလေ။
ဒီလမ်းလေးကို နင်းလျှောက်မိတိုင်း ဟိုးငယ်ငယ်တုန်းက မြေသားရောင်စုံလေးတွေနဲ့ ကစားခဲ့တာကိုလဲ ခပ်ရေးရေး သတိရနေသလို သူမချစ်တဲ့ မြေသားရောင်စုံလေးတွေကို သူမလိုပဲ ချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကလဲ ရွှံ့မြေစေးစေးလေးတွေနဲ့ ပက်သက်တဲ့ သူ့ခံစားချက်လေးကို ထုတ်ပြောဖြစ်ခဲ့တဲ့ ညနေခင်းလေးကို လွမ်းဆွတ်နေရင်း….
ဘယ်လောက်ပဲပျော့တဲ့ မြေသားပဲဖြစ်ဖြစ် သူ့ထက်မာကျောတဲ့ ကျောက်ခဲတွေ အထပ်ထပ်လွှမ်းလို့ ကတ္တရာစေးတွေနဲ့ ဖုံးအုပ်လိုက်တော့ တစတစပိကျလာတဲ့ မြေလွှာတွေ အထပ်ထပ်အောက်မှာ လူမမြင်သူမမြင် ပျောက်ဆုံးလို့သွားတတ်ပြန်ပါတယ်။
ကိုလေးရေ တို့နှစ်ယောက်ကြားက ချစ်ခြင်းတရားတစ်ခုကရော မတူညီနိုင်ခဲ့တဲ့ ခံယူချက်တွေ ကွဲလွဲနေသေးတဲ့ နှစ်ဘက် အသိုင်းအဝိုင်းရဲ့ သဘောထားတွေ ဝေးနေကြတဲ့ အချိန်ကာလတွေရဲ့ ဖိစီးမှုတွေ အခြား မမြင်ရတဲ့ အတားအဆီးတွေ ဘာတွေ ဘယ်လောက်ပဲ ဖုံးလွှမ်းနေပါစေ ပရောဂတွေအဖြစ် အရောင်မပြောင်းစေချင်သေးပါဘူး မပျောက်ကွယ်စေချင်သေးပါဘူး။
ကိုလေးနေတဲ့အိမ်ရှေ့ကို ရောက်တဲ့အချိန်မှာတော့ သူမအလွတ်နီးပါးရနေတဲ့ အိမ်ပတ်ဝန်းကျင်က အရင်ကအတိုင်း ဘာမှမပြောင်းလဲခဲ့။
သော့ကိုကိုင်ရင်း အိမ်ထဲဝင်သင့် မဝင်သင့် ချင့်ချိန်နေမိပေမယ့် ချစ်သူရဲ့အိမ်ဆိုတဲ့ အသိလေးက သူမရဲ့တွေဝေခြင်းတွေကို ရိုက်ချိုးခဲ့တာမို့ ချစ်သူရဲ့ အိမ်ထဲကို ချစ်သူမရှိတဲ့အချိန်မှာ ပထမဆုံးအကြိမ် အဖြစ် သူမရောက်ခဲ့သလို…..
အိမ်ရဲ့ အခင်းအကျင်း အပြင်အဆင်ကလဲ အရင်ကအတိုင်း ဘာမှမပြောင်းလဲ လူမရှိနေပေမယ့် အိမ်ထဲမှာ တော့ အထားအသိုက သန့်သန့်ရှင်းရှင်း သေသေသပ်သပ်။
အိမ်ရှေ့ဧည့်ခန်းကို ဖြတ်လျှောက်မိတော့ သူဘယ်အချိန်တုန်းက နောက်ဆုံးရောက်လာခဲ့တာလဲ ဆိုတဲ့ အတွေးလေးဝင်လာပြန်ပါတယ်..
အဖြေတစ်ခုကို သိချင်လွန်းစွာနဲ့ ထမင်းစားခန်းနဲ့ ကပ်လျက်က သူ့အခန်းလေးကို စပ်စုချင်ပေမယ့် တခါမှ မဝင်ခဲ့ဘူးတာမို့ စိတ်ထဲမှာ မရဲတရဲ ဖြစ်နေပြန်ပါတယ်။
တံခါးလက်ကိုင်ဖုလေးကို အသာလှည့်မိတော့ သူ့အိပ်ခန်းတံခါးက အလွယ်တကူပဲပွင့်သွားခဲ့ပါသည်။ သူမထင်ထားသလို သူ့အိပ်ခန်းက သော့ခတ်မထားခဲ့ပါ။
သူ့အိပ်ခန်းလေးကလဲ အခန်းပိုင်ရှင် ရှင်းသန့်ခန့်ငြားလှတဲ့ ကောင်လေးလိုပဲ သေသေသပ်သပ် သန့်သန့်ရှင်းရှင်းလေးမို့ သူ့အခန်းထဲကို ဝင်ကြည့်မိချိန်မှာတော့ သူ့ကိုပိုလို့လွမ်းဆွတ်မိလာရပါသည်။
အခန်းထောင့်က သူ့စာကြည့်စားပွဲလေးပေါ်မှာလဲ သူမနဲ့မရင်းနှီးခဲ့တဲ့ သူ့ရဲ့ ကျောင်းစာအုပ်အချို့က ခုချိန်ထိ အစီအရီနေရာယူထားသလို စားပွဲထောင့်တစ်နေရာမှာလဲ သူမချစ်မြတ်နိုးစွာ လက်ဆောင်ပေးခဲ့ဘူးတဲ့ အပြာရောင် စားပွဲတင်နာရီလေးကလဲ အရင်အတိုင်းမပြောင်းမလဲ….
နာရီလေးကို အမှတ်တမဲ့ကောက်ကိုင်ကြည့်မိတော့ နာရီလက်တံတွေက ထူးထူးခြားခြား ရပ်တန့်နေတာကို သူမအံ့သြစွာတွေ့ရပါတယ်။
နာရီရဲ့ညာဘက်ထောင့်လေးက ရက်စွဲလေးကိုထပ်ကြည့်မိတော့ ဧပရယ်လ ၂၅ ရက်နေ့မှာ ရပ်တန့်နေခဲ့ပါတယ်……
ဒါဆိုပြီးခဲ့တဲ့ နွေရက်တွေမှာ ဧပရယ်၂၅ ရက်နေ့အထိ သူဒီအိမ်လေးမှာရှိနေခဲ့တာပေါ့… သူမကိုစောင့်နေခဲ့တာပေါ့…
သူဘယ်နေ့အထိ သူမကိုစောင့်မျှော်နေခဲ့သလဲ…. ဘယ်အချိန်ကတည်းက လာစောင့်နေခဲ့တာလဲ…
သိချင်လွန်းတဲ့ မေးခွန်းတွေများစွာနဲ့ သူ့စာကြည့်စားပွဲအံဆွဲလေးကို ဖွင့်ကြည့်မိပြန်တော့ သူ့ရဲ့ ဒိုင်ယာရီ အနက်ရောင်လေးနဲ့အတူ အနီရောင်ဗူး ဝိုင်းသေးသေးလေးတစ်ဘူးကိုပါ ထပ်တွေ့လိုက်ရပါတယ်။
ဗူးအနီလေးထဲကို စိတ်ဝင်တစားဖွင့်ကြည့်မိတော့ ဗူးနီနီလေးထဲမှာက သူမအရမ်းမြတ်နိုးမိခဲ့ဘူးတဲ့ ရိုးရိုးရှင်းရှင်း ဒီဇိုင်းလက်ရာလေးနဲ့ ပလက်တီနံ လက်စွပ်လေးနှစ်ကွင်း …..
လက်စွပ်လေးရဲ့အတွင်းပိုင်းမှာလဲ သူမတို့ရဲ့နာမည် အတိုကောက် အင်္ဂလိပ်စာလုံးလေးတွေကို မထင်မှတ်ပဲထပ်တွေ့ရချိန်မှာတော့…….
ဆက်ပါအုံးမည်...
စာဖတ်သူများရဲ့ မျက်စိကျန်းမာရေးကို စာနာတဲ့ အတွက် ဒီဝတ္တုရှည်လေးကို အပိုင်းသုံးပိုင်းခွဲပြီး တင်မှာဖြစ်ပါကြောင်း အားနာစွာ အသိပေးအပ်ပါတယ်။
Monday, June 01, 2009 | Labels: ဝတ္တုရှည် | 7 Comments
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “13 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon15 years ago
-
မျက်ရည်ရဲ့ တန်ဖိုး15 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်16 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-