နှောင်ငင်တွယ်ရစ်သော အလွမ်းအိမ်
အပိုင်းတစ် (သူမနှင့် အလွမ်းအိမ်)
ဒီမြို့လေးကို ခြေချမိတဲ့အချိန်မှာ လေယာဉ်ကွင်းမှာ သူမကို လာစောင့်ကြိုနေသူ တစ်ယောက်မှ ရှိမနေခဲ့သလို အေးစက်စက်ဆီးကြိုလာတဲ့ ဒီမြို့လေးရဲ့ ရင်ခွင်ထဲကို မရဲတရဲလေး တိုးဝင်မိခဲ့ပေမယ့် သူမရင်ထဲမှာ တော့ တစ်စုံတစ်ခုကြောင့် လစ်ဟာနေခဲ့ပါတယ်။
တကယ်ဆို သူမလာခဲ့တဲ့ ဒီခရီးလေးကလဲ မရေမရာ အတွေးတွေ မျှော်လင့်ချက်တွေနဲ့ လူတစ်ယောက်ကို လာစောင့်ကြိုတဲ့ခရီးလေး ဖြစ်နေတာမို့ သူမကိုဆီးကြိုမယ့်သူမရှိနေတာလဲ မဆန်းလှပါ။
ဆိုင်ကယ်တက္ကစီတစ်စီးနဲ့ သာမန်ဧည့်သည်တစ်ယောက်လို ရောက်လာခဲ့တဲ့ သူမကို အံ့သြဝမ်းသာစွာ ဆီးကြိုနှုတ်ဆက်မယ့် အိမ်နီးနားချင်း မိတ်ဆွေဆိုတာကလဲ အိမ်အောက်ထပ်က ဆရာမလေးနဲ့ ကလေးတွေကလွဲလို့ ဆွေမျိုးသားချင်းကလဲ ရှားပါးနေပြန်ပါတယ်။
ပြီးတော့ သည်အချိန်က သူမ ဒီမြို့လေးကို လာနေကျအချိန်မဟုတ်ခဲ့သလို သူမချစ်ရတဲ့ သူတစ်ယောက်ကလဲ ဒီအချိန်မှာ သူမလာမယ်ဆိုတာကို မသိနိုင်ခဲ့တာမို့ အိမ်မက်ထဲမှာ လမ်းလျှောက်နေသလို စမ်းတဝါးဝါးနဲ့ ရောက်လာခဲ့တဲ့ ခရီးတိုလေးလဲ ဖြစ်နေပြန်ပါတယ်။
သည်မြို့လေးနဲ့ သူမချစ်တဲ့ အမိမြေကို ခေတ္တခွဲခွာခြင်းတစ်ခုအတွက် အလွမ်းခြေရာတွေကောက်ဖို့ အတွက် ရောက်လာခဲ့တဲ့ ခရီးလေးတစ်ခုဖြစ်နေပေမယ့် သူများဒီမြို့လေးမှာ ရှိနေမလား ဆိုတဲ့ မရဲတရဲ အတွေးတစ်ခု မျှော်လင့်ချက်တစ်ခု အိပ်မက်တစ်ခုနဲ့အတူ ခြေချမိစဉ်မှာတော့…..
……………………………………………………………………………………………………………
အိမ်ရှေ့ကိုရောက်ရောက်ခြင်း သော့ခတ်ထားတဲ့ တံခါးနှစ်စုံက သူမကိုအရင်ဆုံး ဆီးကြိုနေခဲ့ပါတယ်။
သူမရောက်လာတဲ့ အချိန်က နေ့လည်ခင်းဖြစ်နေတာမို့ သူမတို့ အိမ်ကိုငှားနေတဲ့ ဆရာမလေးက ကျောင်းကိုရောက်နေတဲ့အချိန် တအိမ်လုံး ဘယ်သူမှမရှိတဲ့ အချိန်မို့ ဆရာမလေးရဲ့ အခန်းကလဲ သော့ခလောက်လေးတန်းလန်းနဲ့ ဖြစ်နေသလို သူမရဲ့အခန်းကလဲ သူမမှတ်မိနေတဲ့ သော့ခလောက်ခပ်ကြီးကြီးနဲ့ သူမကို အေးစက်စက်နှုတ်ဆက်နေပါတယ်။
အသင့်ပါလာတဲ့ သော့ကိုဖွင့်လို့ လှေကားတွေတထစ်ချင်းနင်းပြီး တက်လာတော့ လှေကားထစ်တွေ ကျွန်းလှေကားရဲ့ လက်ရန်းတွေမှာ ခါတိုင်းတွေ့နေကျ ဖုန်ထူထူတွေကို မတွေ့ရတာမို့ ရင်ထဲက မျှော်လင့်ချက်လေးက မရဲတရဲ ပြန်ဝင်လာပါတယ်။ အိမ်မှာ တစ်ခုခုတော့ ထူးခြားနေတော့မယ်ဆိုတာ သိချင်စိတ်နဲ့ အပြေးအလွှားအိမ်ပေါ်ကို တက်ချင်ပေမယ့် လက်ထဲမှာပါလာတဲ့ ခရီးဆောင်လက်ဆွဲအိတ်ကြောင့် သူမထင်သလို ခရီးမပေါက်နိုင်ခဲ့ပါ။
အိမ်ရှေ့ဧည့်ခန်းက ဆက်တီခုံပေါ်မှာ ပစ္စည်းတစ်ချို့ကို သေသေချာချာ နေရာချပြီး အိမ်ရှေ့ခန်းကို ခြုံငုံအကဲခတ်လိုက်တော့လဲ အိမ်ရှေ့ခန်းလေးက သပ်သပ်ရပ်ရပ် ဖုန်မှုန့်တွေနဲ့ ဝေးနေပြန်ပါတယ်။
ပိုပြီးသေချာအောင် ဘုရားစင်ရှေ့ကို သွားပြီးကြည့်တော့ ဘုရားပန်းအိုးထဲမှာ သပြေပန်းတစ်ချို့ကို မနွမ်းတနွမ်းတွေ့လိုက်ရပါတယ်။
မကြာသေးခင်ကမှ တစ်ယောက်ယောက်လာပြီး ရှင်းလင်းထားသလို သေသေသပ်သပ် ကျကျနနနဲ့ သူမရဲ့ဧည့်ခန်းလေးကလဲ လှပနေဆဲပါ။
ဒါဆို ပြီးခဲ့တဲ့နှစ် သင်္ကြန်ရက်တွေက သူဒီကို လာခဲ့သလို သိပ်မကြာသေးခင်ကာလတစ်ခုမှာလဲ သူလာသွားခဲ့တယ်ဆိုတာ သူမ ခန့်မှန်းလို့ ရနေပြန်ပါသည်။
တိတိကျကျပြောရရင် သူမ ဒီအိမ်လေးကို မရောက်တာ နှစ်နှစ်နီးပါး တကယ်တန်းမှာ သူမလာသင့်တဲ့ အချိန် မဖြစ်မနေ လာရမယ့် အချိန်က ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူမ မရောက်လာနိုင်ခဲ့သလို အခု ရောက်လာတဲ့ အချိန်ကလဲ သူမလာရမယ့် အချိန်ထက် တစ်နှစ်လောက် နောက်ကျနေခဲ့ပြီမို့ အပြောင်းအလဲ အချို့ကို ရင်ဆိုင်ဖို့ ရှာဖွေဖို့ သူမပြင်ဆင်လာခဲ့ပြီး အရာရာအတွက် အဆင်သင့်လဲ ဖြစ်နေပြန်ပါတယ်။
သူမအိမ်လေးကို သူမကိုယ်စား စောင့်ရှောက်ပေးမယ့်သူက သူကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ခဲ့ပါ။ ဒီလောကကြီးမှာ သူ့အတွက် သူမဟာ အရာရာထက် အရေးထားရလွန်းသူလေး ဖြစ်နေသလို သူမကို တွေ့ခွင့်ရဖို့ အတွက်ကိုလဲ သူဟာ တစ်နှစ်ပတ်လုံး လည်ပင်းရှည်မတတ် စောင့်မျှော်နေရသူလဲ ဖြစ်နေပြန်ပါတယ်။
မနီးမဝေး နယ်စပ်မြို့လေးမှာ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူထားရသူပီပီ သူမတို့ ချစ်သူဖြစ်ပြီး လေးနှစ်အကြာ သူကျောင်းပြီးတဲ့ အချိန်မှာ သူဟာ ဒီမြို့လေးကို စပြီးခွာခဲ့တာမို့ ခုချိန်မှာတော့ သူရော သူမပါ ဒီမြို့လေးရဲ့ ဧည့်သည်တွေဖြစ်နေခဲ့ပြန်ပါတယ်။
သူမကတော့ အလယ်တန်းကျောင်းသူဘဝ ကတည်းက ဒီမြို့လေးကို စတင်ကျောခိုင်းခဲ့တာမို့် ဒီမြို့လေးက သူမရဲ့ ငယ်ဘဝတစ်စိတ်တစ်ဒေသ ဖြစ်ရုံကလွဲလို့ သူ့နဲ့ယှဉ်လိုက်ရင်တော့ ဒီဒေသဟာ သူမအတွက် စိမ်းလွန်းနေပြန်ပါတယ်။
တကယ်ဆိုရင် သူတို့ဆုံဆည်းခြင်းက သူတို့နှစ်ယောက်လုံးအတွက် ကံကောင်းခြင်းထက် ကံဆိုးခြင်းတွေကို ဖြစ်စေခဲ့မယ်ဆိုတာ ကြိုတင်သိခဲ့ရင် သူတို့အတွက် ဝမ်းနည်းကြေကွဲခြင်းတွေ ခွဲခွာနေရခြင်းတွေကသာ ချစ်ခြင်းရဲ့ လက်ဆောင်တွေ ဆိုတာ ဟိုးတုန်းက သိခွင့်ရခဲ့ရင်….
ငယ်သူမို့ မသိခဲ့ပါလို့ မပြောချင်ခဲ့သလို ကြိုတင်သိခဲ့ပေမယ့်လဲ မရုန်းခဲ့မိတာကိုပါ သူမဝန်ခံဖို့ လက်ခံဖို့ အသင့်ဖြစ်နေပါပြီကိုလေးရယ်။
………………………………………………………………………………………………………
သူတို့ ချစ်သူတွေအဖြစ် လက်တွဲပြီး နောက်ပိုင်းမှာတော့ သူချစ်တဲ့ကောင်လေးရော သူမကိုယ်တိုင်ပါ ဒီမွေးရပ်မြေလေးမှာ ဧည့်သည်တစ်ယောက်လို ခေတ္တခိုနားရုံကလွဲလို့ အရင်လို အကြာကြီးနေခွင့်မရတော့ပါ။
စကားများများမပြောတတ်တဲ့ သူမရဲ့ချစ်သူဆီက သတင်းစကားတွေကို အမြဲမကြားရပေမယ့် ရံဖန်ရံခါ လက်ခံရရှိခဲ့တဲ့ ဖုန်းခေါ်သံတစ်ချို့နဲ့ အတူ တစ်နှစ်ကျော် နှစ်နှစ်အတွင်းမှာ သူမတို့ စကားပြောဖြစ်ခဲ့တဲ့အချိန်ဆိုတာကလဲ အင်မတန်ကို ရှားပါးနေခဲ့ပြန်ပါတယ်။ ဒီနှစ်ထဲမှာတော့ သူ့ဆီက ဖုန်းခေါ်သံတွေ မကြားခဲ့ရသလို ပြီးခဲ့တဲ့နွေတုန်းကလဲ သူမ မလာနိုင်ခဲ့တဲ့ အကြောင်းကိုလဲ သူ့ကို မပြောဖြစ်ခဲ့တာမို့ သူမတို့ကြားမှာ နှစ်နှစ်နီးပါး အဆက်အသွယ်တွေ ပြတ်နေခဲ့ပြန်ပါတယ်။
ဒီမြို့လေးမှာ အခုချိန် သူရှိနေသေးမလားဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ အိမ်ရှေ့ဝရန်တာတံခါးမကြီးကို ဖွင့်ပြီး ခေါင်းရင်းဘက်က သူ့အိမ်ဘက်ကိုလှမ်းမျှော်မိချိန်မှာတော့ သူရဲ့အိမ်ရှေ့က သော့ခလောက်ကြီးနဲ့အတူ အိမ်ရှေ့အိမ်နောက် အပေါ်ထပ် အောက်ထပ်ရှိရှိသမျှသော ပြတင်းပေါက်တွေက ပိတ်လျက်သား အိမ်မှာ ဘယ်သူမှရှိမနေဘူးဆိုတဲ့ လက္ခဏာကို ပြနေပါတယ်။
ဒီတခါတော့ လွဲနေပြန်ပြီပေါ့ ကိုလေးရယ်လို့ အသံတိတ်ညည်းညူမိရင်း အချိန်လွန်နောင်တ အချို့နဲ့အတူ ဆက်တီခုံပေါ် အရုပ်ကြိုးပြတ်ထိုင်မိတော့ မျက်ရည်စက်အချို့က မရည်ရွယ်ပဲ ပါးပြင်ပေါ်တလိမ့်လိမ့် စီးကျလာပါတယ်။
ငယ်သူငယ်ချင်းဖြစ်တဲ့ သူနဲ့ပြန်လည်တွေ့ဆုံဖြစ်ခဲ့ကြတဲ့ ဆယ်နှစ်ကျော်ကာလ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ရှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ တစ်ယောက်တမြေစီ ခွဲခွာနေရခြင်းက နှစ်ယောက်လုံးအတွက် ဝေဒနာတွေနဲ့အတူ နာကျင်စေခဲ့တာမှန်ပေမယ့် ခုလိုအမြဲတမ်း ဝေးနေကြခြင်းအတွက် ကိုယ်စီထားရှိခဲ့တဲ့ နားလည်မှုတွေ တစတစလျော့ပါးလာခဲ့တာ သူမမငြင်းနိုင်ခဲ့သလို ကိုလေးကရော…..
ဒီမြေဒီရေမှာ ကိုလေးနဲ့ ဆုံဆည်းခဲ့ပေမယ့် ဒီမြေက သူမအတွက် ခေတ္တယာယီ ကွန်းခိုရာ နေရာလေးတစ်ခုသာ ဖြစ်နေခဲ့တာ အစွဲအလမ်းတစ်ခုနဲ့အတူ ချစ်သူရှိနေတဲ့မြေကို ရောက်လာတိုင်း သူမနေခဲ့တဲ့ အချိန်တွေက တပတ်ဆယ်ရက်ထက်မပိုခဲ့တာ ဆုံတွေ့ဖြစ်ခဲ့ကြတဲ့ ဆယ်နှစ်အတွင်းမှာ တစ်နှစ်မှာ ဆယ်ရက်ဆိုတဲ့ အချိန်တစ်ခုသာ ချစ်သူနှစ်ယောက်အတွက် အမှတ်တရ ရှိနေခဲ့တာ …..
ကိုယ်တိုင်ကလဲ ကိုယ့်ရဲ့အလုပ်တွေပစ်ပြီး ကိုလေးရှိတဲ့အရပ်မှာ အခြေမချနိုင်ခဲ့သလို ကိုလေးအနေနဲ့ကလဲ အနှောင်အဖွဲ့တွေကြား မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေကြားက ရုန်းထွက်ပြီး သူမဆီအရောက်မလာနိုင်ခဲ့တာ သူမတို့ အချိန်တွေအကြာကြီး ခုလိုဝေးဖို့ ဖြစ်နေစေခဲ့ပြန်ပါတယ်။
စေ့စပ်ဖို့ ညှိနိုင်းဖို့ နှစ်ယောက်စလုံးက မကြိုးစားခဲ့တာကလဲ နောက်ဆုံးထွက်လာမယ့် အဖြေတစ်ခုကို ကြိုသိနေလို့ မဖြစ်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုကလွဲလို့ ဘာမှရှိမနေခဲ့ပါ။
ဒါတွေကြိုသိနေရက်နဲ့ ချည်နှောင်ထားမိတဲ့ နှောင်ကြိုးတွေက ဘာလို့များ ဒီလောက်အထိ မြဲနေပြန်တာလဲ ကိုလေးရယ် သံယောဇဉ်တွေ မေတ္တာတွေ ဒီ့ထက်ပိုခဲ့တဲ့ အမှတ်တရတွေကြားက ဘယ်သူကမှ ရုန်းထွက်ဖို့ မကြိုးစားခဲ့သလို လမ်းခွဲခြင်းတွေမရှိတဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကိုပဲ မက်မက်မောမော ဖက်တွယ်ထားကြတာကလဲ တူနေကြပြန်ပါတယ်။
……………………………………………………………………………………………………..
ညနေစောင်းချိန်မှာတော့ ဧည့်ခန်းနံရံမှာ အသင့်ရှိနေတဲ့ ကိုလေးတို့အိမ်က သော့လေးကိုယူလို့ ကိုလေးတို့အိမ်ဘက်ကို ထွက်လာခဲ့မိပါတယ်။
အိမ်နှစ်အိမ်ကြားအကွာအဝေးက မပြောပလောက်ပေမယ့် ကုန်းအတက် ပြေပြေလေးကိုလှမ်းတက်လာရင်းက ကတ္တရာခင်းထားတဲ့ ဒီလမ်းကျဉ်းလေးကို မကျေမနပ်နဲ့ အလိုမကျဖြစ်နေပြန်ပါတယ်။
တကယ်ဆို ဒီလမ်းကျဉ်းလေးကို မြေနီလမ်းလေး အဖြစ်သာ သူမမြတ်နိုးခဲ့တာပါ။ ရွံ့ဆန်ဆန် ခပ်စေးစေး ခပ်ပျော့ပျော့ မြေသားလေးတွေကိုပဲ သူမချစ်ခဲ့တာလေ။
ဒီလမ်းလေးကို နင်းလျှောက်မိတိုင်း ဟိုးငယ်ငယ်တုန်းက မြေသားရောင်စုံလေးတွေနဲ့ ကစားခဲ့တာကိုလဲ ခပ်ရေးရေး သတိရနေသလို သူမချစ်တဲ့ မြေသားရောင်စုံလေးတွေကို သူမလိုပဲ ချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကလဲ ရွှံ့မြေစေးစေးလေးတွေနဲ့ ပက်သက်တဲ့ သူ့ခံစားချက်လေးကို ထုတ်ပြောဖြစ်ခဲ့တဲ့ ညနေခင်းလေးကို လွမ်းဆွတ်နေရင်း….
ဘယ်လောက်ပဲပျော့တဲ့ မြေသားပဲဖြစ်ဖြစ် သူ့ထက်မာကျောတဲ့ ကျောက်ခဲတွေ အထပ်ထပ်လွှမ်းလို့ ကတ္တရာစေးတွေနဲ့ ဖုံးအုပ်လိုက်တော့ တစတစပိကျလာတဲ့ မြေလွှာတွေ အထပ်ထပ်အောက်မှာ လူမမြင်သူမမြင် ပျောက်ဆုံးလို့သွားတတ်ပြန်ပါတယ်။
ကိုလေးရေ တို့နှစ်ယောက်ကြားက ချစ်ခြင်းတရားတစ်ခုကရော မတူညီနိုင်ခဲ့တဲ့ ခံယူချက်တွေ ကွဲလွဲနေသေးတဲ့ နှစ်ဘက် အသိုင်းအဝိုင်းရဲ့ သဘောထားတွေ ဝေးနေကြတဲ့ အချိန်ကာလတွေရဲ့ ဖိစီးမှုတွေ အခြား မမြင်ရတဲ့ အတားအဆီးတွေ ဘာတွေ ဘယ်လောက်ပဲ ဖုံးလွှမ်းနေပါစေ ပရောဂတွေအဖြစ် အရောင်မပြောင်းစေချင်သေးပါဘူး မပျောက်ကွယ်စေချင်သေးပါဘူး။
ကိုလေးနေတဲ့အိမ်ရှေ့ကို ရောက်တဲ့အချိန်မှာတော့ သူမအလွတ်နီးပါးရနေတဲ့ အိမ်ပတ်ဝန်းကျင်က အရင်ကအတိုင်း ဘာမှမပြောင်းလဲခဲ့။
သော့ကိုကိုင်ရင်း အိမ်ထဲဝင်သင့် မဝင်သင့် ချင့်ချိန်နေမိပေမယ့် ချစ်သူရဲ့အိမ်ဆိုတဲ့ အသိလေးက သူမရဲ့တွေဝေခြင်းတွေကို ရိုက်ချိုးခဲ့တာမို့ ချစ်သူရဲ့ အိမ်ထဲကို ချစ်သူမရှိတဲ့အချိန်မှာ ပထမဆုံးအကြိမ် အဖြစ် သူမရောက်ခဲ့သလို…..
အိမ်ရဲ့ အခင်းအကျင်း အပြင်အဆင်ကလဲ အရင်ကအတိုင်း ဘာမှမပြောင်းလဲ လူမရှိနေပေမယ့် အိမ်ထဲမှာ တော့ အထားအသိုက သန့်သန့်ရှင်းရှင်း သေသေသပ်သပ်။
အိမ်ရှေ့ဧည့်ခန်းကို ဖြတ်လျှောက်မိတော့ သူဘယ်အချိန်တုန်းက နောက်ဆုံးရောက်လာခဲ့တာလဲ ဆိုတဲ့ အတွေးလေးဝင်လာပြန်ပါတယ်..
အဖြေတစ်ခုကို သိချင်လွန်းစွာနဲ့ ထမင်းစားခန်းနဲ့ ကပ်လျက်က သူ့အခန်းလေးကို စပ်စုချင်ပေမယ့် တခါမှ မဝင်ခဲ့ဘူးတာမို့ စိတ်ထဲမှာ မရဲတရဲ ဖြစ်နေပြန်ပါတယ်။
တံခါးလက်ကိုင်ဖုလေးကို အသာလှည့်မိတော့ သူ့အိပ်ခန်းတံခါးက အလွယ်တကူပဲပွင့်သွားခဲ့ပါသည်။ သူမထင်ထားသလို သူ့အိပ်ခန်းက သော့ခတ်မထားခဲ့ပါ။
သူ့အိပ်ခန်းလေးကလဲ အခန်းပိုင်ရှင် ရှင်းသန့်ခန့်ငြားလှတဲ့ ကောင်လေးလိုပဲ သေသေသပ်သပ် သန့်သန့်ရှင်းရှင်းလေးမို့ သူ့အခန်းထဲကို ဝင်ကြည့်မိချိန်မှာတော့ သူ့ကိုပိုလို့လွမ်းဆွတ်မိလာရပါသည်။
အခန်းထောင့်က သူ့စာကြည့်စားပွဲလေးပေါ်မှာလဲ သူမနဲ့မရင်းနှီးခဲ့တဲ့ သူ့ရဲ့ ကျောင်းစာအုပ်အချို့က ခုချိန်ထိ အစီအရီနေရာယူထားသလို စားပွဲထောင့်တစ်နေရာမှာလဲ သူမချစ်မြတ်နိုးစွာ လက်ဆောင်ပေးခဲ့ဘူးတဲ့ အပြာရောင် စားပွဲတင်နာရီလေးကလဲ အရင်အတိုင်းမပြောင်းမလဲ….
နာရီလေးကို အမှတ်တမဲ့ကောက်ကိုင်ကြည့်မိတော့ နာရီလက်တံတွေက ထူးထူးခြားခြား ရပ်တန့်နေတာကို သူမအံ့သြစွာတွေ့ရပါတယ်။
နာရီရဲ့ညာဘက်ထောင့်လေးက ရက်စွဲလေးကိုထပ်ကြည့်မိတော့ ဧပရယ်လ ၂၅ ရက်နေ့မှာ ရပ်တန့်နေခဲ့ပါတယ်……
ဒါဆိုပြီးခဲ့တဲ့ နွေရက်တွေမှာ ဧပရယ်၂၅ ရက်နေ့အထိ သူဒီအိမ်လေးမှာရှိနေခဲ့တာပေါ့… သူမကိုစောင့်နေခဲ့တာပေါ့…
သူဘယ်နေ့အထိ သူမကိုစောင့်မျှော်နေခဲ့သလဲ…. ဘယ်အချိန်ကတည်းက လာစောင့်နေခဲ့တာလဲ…
သိချင်လွန်းတဲ့ မေးခွန်းတွေများစွာနဲ့ သူ့စာကြည့်စားပွဲအံဆွဲလေးကို ဖွင့်ကြည့်မိပြန်တော့ သူ့ရဲ့ ဒိုင်ယာရီ အနက်ရောင်လေးနဲ့အတူ အနီရောင်ဗူး ဝိုင်းသေးသေးလေးတစ်ဘူးကိုပါ ထပ်တွေ့လိုက်ရပါတယ်။
ဗူးအနီလေးထဲကို စိတ်ဝင်တစားဖွင့်ကြည့်မိတော့ ဗူးနီနီလေးထဲမှာက သူမအရမ်းမြတ်နိုးမိခဲ့ဘူးတဲ့ ရိုးရိုးရှင်းရှင်း ဒီဇိုင်းလက်ရာလေးနဲ့ ပလက်တီနံ လက်စွပ်လေးနှစ်ကွင်း …..
လက်စွပ်လေးရဲ့အတွင်းပိုင်းမှာလဲ သူမတို့ရဲ့နာမည် အတိုကောက် အင်္ဂလိပ်စာလုံးလေးတွေကို မထင်မှတ်ပဲထပ်တွေ့ရချိန်မှာတော့…….
ဆက်ပါအုံးမည်...
စာဖတ်သူများရဲ့ မျက်စိကျန်းမာရေးကို စာနာတဲ့ အတွက် ဒီဝတ္တုရှည်လေးကို အပိုင်းသုံးပိုင်းခွဲပြီး တင်မှာဖြစ်ပါကြောင်း အားနာစွာ အသိပေးအပ်ပါတယ်။
Monday, June 01, 2009
|
Labels:
ဝတ္တုရှည်
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
7 comments:
နှင်းရေ..သိပ်ကောင်းပါတယ်။ စာသားကလေးတွေ လှတယ်။ အဟိ.ဆက်ရန်ဆိုတာကြီးကိုလဲ မြင်ရော မောသွားတယ်။ မြန်မြန်ဆက်ရေးနော်။။
စာရေးကောင်းတဲ့ နှင်း.ပျော်နေပါစေ.:)
အရေးအသားတွေက မိုက်တယ်ဗျာ..။ ဆက်ရေးပါ ..။ ကိုရီးယားကားလို ကြည့်ကောင်းတုန်း ကြော်ငြာ မ၀င်တာပဲ ကျေးဇူးတင်လှပါပြီဗျာ ။ :P
ငြော်ကြာမလိုချင်ဘူးဗျို့
မြန်မြန်သာဆက်ရေးပါတော့ :)
ဟမ်.. ကျနော် ပထမ ထင်ထားတာ ဟုတ်လဲဟုတ်ဖူး။ ချိတ်ချိုးသွားပြီ။ ဟင့်။
မြန်မြန်လေးဆက်ရေးပေးပါဗျို့ ....
သိချင်လှပြီ
plz ...be quick...
လာဖတ်တယ်ဗျာ....ကောင်းတယ်ဗျို.
တော်တော်လဲ ရေးနိုင်တယ်နော်...မနှင်း
ဘေးနားကလူတော. ကံစိုးတာဘဲ ဟီးးးးးးးးးးး
အမ ၀တ္ထူ ရှည်လေး ဘာလေးရေးပါလား
အခန်းဆက်ပေါ. ပြီးမှ ပြန်ပေါင်းပေါ.
Post a Comment