Showing posts with label အက်ဆေး (ရတီ မဂ္ဂဇင်း). Show all posts
Showing posts with label အက်ဆေး (ရတီ မဂ္ဂဇင်း). Show all posts

သန့်ရှင်း ကျန်းမာ တို့ကမ္ဘာ


ကျွန်မက ခရီးသွားများသူတစ်ယောက်မို့ ပြည်တွင်း ပြည်ပ ခရီးတွေသွားတိုင်း လမ်းခရီးမှာ သန့်စင်ခန်းတွေ သုံးရတာ အဆင်မပြေမှုလေးတွေ ကြုံလေ့ရှိပါတယ်။ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာသူမို့ တော်ရုံအဆင်မပြေမှုတွေကို ကျော်လွှားနိုင်ပေမယ့် သာမန်ထက်ပိုတဲ့ အဆင်မပြေမှုတွေရှိခဲ့ရင်တော့ စိတ်မသက်မသာ ဖြစ်ရစမြဲပါ။

နေ့စဉ်ဘဝရဲ့ တစိတ်တဒေသ ဖြစ်တဲ့အလျှောက် ဖွံ့ဖြိုးပြီးဒေသတွေမှာ ဖွံ့ဖြိုးတဲ့ အလျောက် သန့်စင်ခန်းအတွက် ကိန်းကြီးခန်းကြီးနိုင်သူတွေ ရှိသလို မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာတော့ ဘဝကို ရောင့်ရဲလွန်းစွာ ဖြတ်သန်းနေသူတွေကိုတွေ့ရပါတယ်။
မြို့ပြမှာ ကြီးပြင်းသူတွေပီပီ ကျန်းမာရေးရှုထောင့်ကကြည့်လို့ သန့်စင်ခန်းဝင်မယ်ဆိုတိုင်း ဇီဇာကြောင်တတ်သူ စိုးရိမ်ပူပန်တတ်သူ သူငယ်ချင်းမလေးတွေလဲ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။
“ညီမလေး အများသုံး သန့်စင်ခန်းတွေဝင်ရင် ဘိုထိုင်ပေါ်မထိုင်ခင် ရေအရင်ဆွဲချနော်… ကိုယ့်အရှေ့မှာ ဘယ်လိုလူသုံးသွားလဲဆိုတာ မသိနိုင်ဘူး…. သန့်စင်ခန်း ကမုတ်တွေကနေ ကူးစက်တတ်တဲ့ ရောဂါတွေရှိတယ်… ထိုင်ခုံကမုတ်ပေါ်မှာ တစ်ရှုးတွေ သေချာခင်းပြီးမှထိုင်နော်…. သန့်စင်ခန်းသုံးပြီးတိုင်းလက်ဆေးအုံး”
“သူငယ်ချင်းရေ တတ်နိုင်သလောက် အများသုံး သန့်စင်ခန်းတွေကို ရှောင်နိုင်ရင်ရှောင်ပါ… ခုခေတ်ကြီးမှာ ကူးစက်ရောဂါတွေဆိုတာကလဲ များပါဘိနဲ့…. မသုံးမဖြစ်လို့ သုံးမယ်ဆိုလဲ ပိုးသတ်ဆေးပါတဲ့ လက်ကိုင်ပုဝါ အစိုထုတ်လေး ( wet tissue) တွေ ဆောင်ထား…ဘိုထိုင်ကို မထိုင်ခင် အရင် လက်ကိုင်ပုဝါ အစိုလေးနဲ့သုတ်လေ…”

အချို့သော သူငယ်ချင်းမလေးတွေကတော့ သန့်စင်ခန်းကို အညစ်အကြေးစွန့်တဲ့ နေရာတစ်ခုထက်ပိုလို့ မွမ်းမံတတ်ကြသူတွေ။  ဘယ်သူ ဘယ်ဝါအိမ်က ရေချိုးခန်းလေးက ဘယ်လို သန့်စင်ခန်းလေးက ဘယ်လို သန့်စင်ခန်းနားကြောင်း တခုတ်တရပြောကြသလို ကိုယ်ပိုင်သန့်စင်ခန်းလေးတွေကိုလည်း အတတ်နိုင်ဆုံး အလှဆင်တတ်သူတွေ။

သန့်စင်ခန်းမှာ ဖြန်းတဲ့ အမွှေးဘူး သန့်စင်ခန်းသုံး ပရုတ်လုံး သန့်စင်ခန်းသုံး ရေမွှေး ပန်းမာလ်တွေဝယ်ပြီး သန့်စင်ခန်းကို အလှဆင်လို့ မဆုံးနိုင်ကြတော့။
တခါတရံ စကားစပ်မိလို့ သန့်စင်ခန်းတွေအကြောင်းပြောဖြစ်တိုင်းလည်း ဘဝမှာ အမြဲတမ်း အမှတ်ရစေခဲ့တဲ့ သန့်စင်ခန်းအတွေ့အကြုံတွေကို ဖလှယ်ကြပြန်သေးတာ။
ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်မတို့ မြို့လေးနဲ့ သိပ်မဝေးလှတဲ့ မြို့လေးမှာရှိတဲ့ မြန်မာဇနီးမောင်နှံ နှစ်ဦးဆီကို သွားလည်ရင်း အိမ်ရှင်ကို ခွင့်တောင်းလို့ သန့်စင်ခန်းသုံးခဲ့ဘူးပါသည်။

ဧည့်ခန်းနဲ့ ကပ်လျက်မှာ ရှိတဲ့ သန့်စင်ခန်းကို တံခါးဖွင့်လိုက်တာနဲ့ မွေးပွ ကောဇောအပြည့်ခင်းထားတဲ့ သန့်စင်ခန်းလေးက ကျွန်မကို ဆီးကြိုနေခဲ့သည်။  ရုတ်တရက်ဆိုသလို ထူးခြားလှတဲ့ သန့်စင်ခန်းအပြင်အဆင်ကြောင့် အံ့သြသွားမိသလို အခန်းများမှားလေရော့သလားလို့ အတွေးဝင်ပြီး ထိတ်လန့်သွားမိသည်။ ကျွန်မတို့ကို ဧည့်ခံနေတဲ့ ဧည့်ခန်းကျယ်ကြီးထဲမှာတောင် မွေးပွ ကော်ဇော်ကို ခန်းလုံးပြည့် ခင်းထားတာမတွေ့ခဲ့ရ။ 

ဒါပေမယ့် သန့်စင်ခန်းလေးထဲမှာ  ပြင်ဆင်ထားတာကတော့ သာမန်အိမ်တစ်အိမ်ရဲ့ သန့်စင်ခန်းရယ်လို့ မယုံနိုင်စရာ။ ခန်းလုံးပြည့်ခင်းထားတဲ့ မွေးပွ ကော်ဇော မီးခိုးရောင်ဖျော့ဖျော့လေးရယ် အိမ်တွင်း အလှစိုက်တဲ့ ရွက်လှပင်ပု စိမ်းစိမ်းလေးတွေရယ် နံရံကပ် စာအုပ်စင်လေးဖြူဖြူလေးတွေရယ် လက်ဆေးကန်လေးပေါ်က ပန်းအိုးဖြူလေးရယ် ပန်းခြောက်လေးတွေ ထည့်ထားတဲ့ ခွက်လှလှလေးတွေရယ် အိမ်သာ ကမုတ်ထဲမှာလဲ ပရုတ်ပါတဲ့ အမွှေးနံ့တမျိုးသုံးထားမှန်းသိသာစေတဲ့ ရေအပြာရောင်လေးရယ် အခန်းထဲမှာ တပ်ဆင်ထားတဲ့ အော်တိုမက်တစ် ရေမွှေးဖြန်းစက်ကလေးရယ် စုံစုံလင်လင် လှလှပပ အလှဆင်လို့။
ရေချိုးခန်းတွေ အိမ်သာတွေဆိုတာ အိမ်တွေမှာ စိုထိုင်းမှုအများဆုံးမို့ ရောဂါပိုးမွှားအများဆုံးခိုအောင်းတတ်တဲ့ နေရာရယ်လို့ သတ်မှတ်ထားကြတာကိုကြားဖူးခဲ့တာ။ ဒါ့ကြောင့်လဲ အိမ်ရှင်မ အများစုက ရေချိုးခန်းတွေ သန့်စင်ခန်းတွေကို အတတ်နိုင်ဆုံး ခြောက်သွေ့အောင် ထိန်းသိမ်း ဂရုစိုက်နေကြ။ ဒါပေမယ့် သန့်စင်ခန်းကို ခန်းလုံးပြည့် ကောဇောခင်းထားတာမျိုးတော့ ဘယ်မှာမှမတွေ့ဖူး မမြင်ဖူးခဲ့ပါ။

ဒါ့ကြောင့်လဲ မြန်မာ မိတ်ဆွေအိမ်က လှပ ချစ်စဖွယ် သန့်စင်ခန်းလေးကို တွေ့ပြီးတည်းက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေရောက်တာတောင် သူတို့ရဲ့ သန့်စင်ခန်းတွေကို ခန်းနားလှပတယ်လို့ မခံစားမိတော့။
တကယ်တော့ ကျွန်မတို့ မြို့လေးမှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ သန့်စင်ခန်းတွေကို ခမ်းခမ်းနားနား လှလှပပ ပြင်ဆင်ထားတတ်တာများသည်။ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာရယ်လို့ သတ်မှတ်ထားတဲ့ ဒူဘိုင်းမောလ်ရဲ့ သန့်စင်ခန်းအတွင်းပိုင်း အပြင်အဆင်တွေကတော့  လိုအပ်တာထက် ခမ်းနားထည်ဝါလှသည်။ ဆိုဖာရှည်ကြီးတွေကို သန့်စင်ခန်းအဝင်ဝမှာ တွေ့ရပြီး သန့်စင်ခန်းတွေအားလုံးကလည်း ခြောက်သွေ့ သန့်ရှင်းလွန်းလှသည်။ ပန်းအိုးကြီးတွေထဲမှာ ပန်းပွင့်ခပ်ကြီးကြီးတွေနဲ့ အလှဆင်ထားတာမို့ ကျွန်မတို့ မိန်းမသားတွေကို မငေးမောပဲ မနေနိုင်အောင်ကို ဆွဲဆောင်နိုင်လွန်းသည်။

မကြာသေးခင်က ဈေးဝယ်စင်တာ တစ်ခုကိုရောက်တော့ အများသုံးသန့်စင်ခန်းတစ်ခုကို ရောက်ခဲ့ရပြန်သည်။ သန့်စင်ခန်း အဝင်ဝက ဆိုဖာခုံပေါ်ထိုင်ပြီး သူငယ်ချင်းတစ်ယောက်ကို စောင့်နေရင်း သန့်စင်ခန်းတာဝန်ခံ ချာတိတ်မလေး သန့်ရှင်းရေးလုပ်နေတာကို ဘာရယ်မဟုတ် ငေးမောမိသည်။
အခန်းငယ်လေး ၁၂ ခန်းလောက်ရှိတဲ့ သန့်စင်ခန်းကျယ်ကြီးထဲမှာ သူမဝန်ဆောင်မှုပေးနေပုံက ထူးခြားလှသည်။ သန့်စင်ခန်းထဲက တစ်ယောက်ထွက်လာထိုင်း သန့်စင်ခန်းထဲကို အပြေးအလွှားဝင်သွားပြီး  ခြောက်သွေ့နေတဲ့ ကြမ်းခင်းကို ထပ်ကာထပ်ကာ သုတ်ပြီး ခြောက်သွေ့စေသည်။ ဘိုထိုင်အိမ်သာရဲ့ ထိုင်ခုံပေါ်ကို ပိုးသတ်ဆေးတမျိုးဖြန်း အဝတ်စနဲ့ ခပ်နာနာပွတ်တိုက်ပြီး  ခြောက်သွေ့စေသည်။ ပြီးတော့ ဘိုထိုင်ကို မတင်လိုက်ပြီး ကမုတ်ကိုပါ ပိုးသတ်ဆေးထပ်ဖြန်းပြီး စေ့စေ့စပ်စပ် ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပြန်သည်။ 

သန့်စင်ခန်းတစ်ခန်းချင်းစီကို သူမစိတ်တိုင်းကျ သန့်ရှင်းရေးလုပ်ပြီးမှ နောက်ကရောက်လာသူတွေကို ဝင်ခွင့်ပြုသည်။ တစ်ယောက်ဝင်ပြီးတိုင်း တခါ စနစ်တကျ သန့်ရှင်းရေးလုပ်ပေးနေတဲ့ ကလေးမလေးကိုကြည့်ပြီး အိုး မိုင်ဂေါ့လို့ နှုတ်ဖျားမှ မရေရွတ်ပဲ မနေနိုင်။ သာမာန် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် မပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုးကို ထူးထူးခြားခြားတွေ့လိုက်ရတာမို့ အာရှသူ ချာတိတ်မလေးကို မလေးစားပဲ မနေနိုင်ခဲ့။

မြို့ပြအလွန်က မြို့ပြမှာ နေထိုင်သူတွေ သန့်စင်ခန်းတွေကို ကောင်းသထက်ကောင်းအောင် သန့်သည်ထက် သန့်အောင် မွမ်းမံ ပြင်ဆင် ခြယ်သနေကြတဲ့အချိန် တပြိုင်တည်းမှာပဲ  ကျေးလက်နေလူတန်းစားတွေ ရင်ဆိုင်နေရတဲ့ အညစ်အကြေး စွန့်ဖို့အခက်အခဲတွေနဲ့ ရေအခက်အခဲတွေကို လူတိုင်းသတိမမူနိုင်ခဲ့ပါ။
အချို့အချို့သော မြို့ကြီးပြကြီးတွေမှာ အခြေခံပညာကျောင်းတွေမှာ ယနေ့အချိန်အထိ ကျောင်းသားဦးရေနဲ့ ညီမျှတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်စင်ခန်းတွေရှားပါးနေဆဲ။ ကမ္ဘာတဝှမ်းလုံးမှာ သန့်စင်ခန်းအခက်အခဲတွေကြောင့် ကျောင်းမတက်နိုင်ကြတဲ့ ကျောင်းသူတွေရဲ့ ကျောင်းခေါ်ချိန် ပျက်ကွက်မှုရာနှုန်းက ၁၁ ရာခိုင်နှုန်းအထိ မြင့်နေခဲ့သည်။

“ကျွန်တော့်သမီးလေးက သန့်စင်ခန်းအခက်အခက်ကြောင့် မုန့်စားနားတဲ့အချိန်တွေမှာ အိမ်ကိုပြန်လာပြီး သန့်စင်ခန်းသုံးရပါတယ်။ တကယ်တော့ သန့်စင်ခန်းဟာ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတစ်ခုပါပဲ။ အထူးသဖြင့် ကျောင်းတက်နေတဲ့ ကလေးတွေအတွက်  စာသင်ဖို့ ခဲတံနဲ့ စာအုပ်တွေ လိုအပ်သလို သန့်ရှင်းတဲ့ သန့်စင်ခန်းတွေလဲ မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ စမတ်ဖုန်းတွေ social Network တွေ အင်တာနက်တွေ မရှိပဲ နေလို့ရပါတယ်။ ဒါပေမယ့် သန့်စင်ခန်းမရှိပဲနဲ့တော့ ဘယ်လိုမှ နေလို့မရနိုင်ပါဘူး။”

“ကမ္ဘာကြီးဟာ စက္ကန့် ၂၀ မှာ ကလေးငယ်တစ်ယောက်နှုန်း ဆုံးရှုံးနေပါတယ် ။ ဒါဟာ အညစ်အကြေးစွန့်စနစ် ချို့တဲ့မှုကြောင့်ပါ ။ တနှစ်လုံး အတိုင်းအတာနဲ့ဆိုရင် တစ်နှစ်ကို ၁.၂ သန်းနှုန်း ပေါ့။ ဒါဟာ ထိထိရောက်ရောက် ကြိုတင် ကာကွယ်တားဆီးနိုင်ပါရက်နဲ့ ဆုံးရှုံးနေတဲ့ ပမာဏပါပဲ။ စနစ်မကျတဲ့ အညစ်အကြေးစွန့်စနစ်တွေကြောင့် မသန့်ရှင်းတဲ့ အစားအစာတွေနဲ့ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဝမ်းပျက်
ဝမ်းလျောရောဂါတွေ ရလာမယ်။ ဒါ့ကြောင့် လူတိုင်းစေ့ သန့်ရှင်းတဲ့ သန့်စင်ခန်းတွေ သုံးနိုင်ဖို့ တကယ်ကို လိုအပ်ပါတယ်။”

“ကျေးလက်ဒေသကလူတွေက သန့်စင်ခန်း (အိမ်သာ) တွေနဲ့ မယဉ်ပါးကြဘူး။ ဘယ်လိုသုံးရမှန်းလဲ မသိကြဘူးလေ… ဒီတော့ ကျေးလက်မှာ အိမ်သာတွေဆောက်ပေးရုံနဲ့ မပြီးသေးဘူး …ပြည်သူတွေကို သန့်စင်ခန်းတွေနဲ့ ပက်သက်တဲ့ အသိပညာတွေ ဝေမျှပေးဖို့လဲ လိုအပ်ပါတယ်… ဒါမှ သူတို့ တကယ့်လိုအပ်ချက်ကိုသိပြီး စနစ်တကျ သုံးတတ်မှာပေါ့…အဲလိုမှ မဟုတ်ရင် ခင်ဗျားတို့ဆောက်ပေးလိုက်တဲ့ အိမ်သာတွေ ရေချိုးခန်းတွေကို အသီးအနှံတွေလှောင်တဲ့ စတိုခန်းလုပ်ပြီး  ကိုယ်တော်ချောတွေက  ထုံးစံအတိုင်း တောတိုးနေကြအုံးမှာဗျ….”
“အိမ်တစ်အိမ်မှာ စနစ်တကျ ဆောက်ထားတဲ့ သန့်စင်ခန်း မရှိဘူးဆိုရင် အဲဒီအိမ်မှာနေတဲ့ အမျိုးသမီးတွေ သမီးငယ်တွေ သိပ်ကို အရုပ်ဆိုး အကျည်းတန်တာပဲ…သိက္ခာမဲ့ရတယ် အရှက်မဲ့ရတယ်…ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ No Toilet, No Bride ဆိုပြီး ကမ်ပိန်းတွေလုပ်ကြသေးတယ်…”
အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သန့်စင်ခန်းတွေရဲ့ အရေးပါပုံနဲ့ပက်သက်ပြီး တွင်တွင်ကျယ်ကျယ် ပွင့်ပွင့်လင်းလင်းဆွေးနွေးလာကြပြီ။ အမျိုးသမီးလေးတွေ သန့်စင်ခန်းကို အိနြေ္ဒရရ သုံးနိုင်ဖို့ လူမှုရေး စိတ်ဓါတ်ရှိသူတွေက ကိုယ်ထူကိုယ်ထ ကူညီအားပေးကြ ပညာပေးကြ စည်းရုံးလှုံ့ဆော်လာကြပြီ။

နိုဝင်ဘာလ ၁၉ ရက်နေ့ကို ကမ္ဘာ့သန့်စင်ခန်းနေ့အဖြစ် သတ်မှတ်ပြီး ၂၀၀၁ ခုနှစ်မှစတင်ကာ ကမ္ဘာအနှံ့အပြားမှာ တွင်တွင်ကျယ်ကျယ် ကျင်းပလာခဲ့ကြတာလည်း ၁၄ နှစ်တိတိရှိခဲ့ပြီ။
ကမ္ဘာ့သန့်စင်ခန်း အဖွဲ့အစည်းမှ ကြီးမှူးပြီး ကမ္ဘာ့သန့်စင်ခန်းကောလိပ်ကို ၂၀၀၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး  သန့်စင်ခန်း တွေနဲ့ ဆက်နွယ်နေတဲ့ သင်ရိုးတွေကို ကမ္ဘာ့သန့်စင်ခန်းကောလိပ်မှာ ပြဌားန်း သင်ကြားပေးနေခဲ့ပြီ။

၂၀၀၁ ခုနှစ်ကစလို့ World Toilet Summit ကို နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပခဲ့သလို ၂၀၁၄ နိုဝင်ဘာလမှာလဲ အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ကျင်းပဖို့ တာစူနေကြပြီ။  လက်ရှိ အိန္ဒိယနိုင်ငံမှာ လူ၂ ယောက်မှာ ၁ ယောက်ဟာ စနစ်တကျ သန့်စင်ခန်းသု့းစွဲခွင့်မရသေး။ အိန္ဒိယ နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအရ လူဦးရေရဲ့ တဝက်တိတိဟာ သန့်ရှင်းတဲ့ ရေ သန့်ရှင်းတဲ့ သန့်စင်ခန်းတွေနဲ့ ဝေးနေဆဲ။

သန့်စင်ခန်း အခက်အခဲတွေ ရေရှားပါးမှုတွေနဲ့ပက်သက်ပြီး တွင်တွင်ကျယ်ကျယ် လှုပ်ရှားလာကြတဲ့ အဖွဲ့အစည်းတွေ ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေသူတွေကြားမှာ Matt Damon ကို လွန်ခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့ရပါသေးတယ်။
လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တဲ့ Ice Bucket Water Challenge ( ရေခဲရေ လောင်းပြီး စိန်ခေါ်တဲ့ အစီစဉ်လေး) အကြောင်းကို စိတ်ဝင်တစားနဲ့ လိုက်ကြည့်မိရာက ထူးခြားတဲ့ စိန်ခေါ်သူတစ်ယောက်ကို မထင်မှတ်ပါပဲ တွေ့လိုက်ရပါတယ်။ တကယ်တော့ ဒီအစီအစဉ်လေးဟာ ကမ္ဘာ တဝှမ်းလုံးမှာရှိတဲ့ စီးပွားရေး နိုင်ငံရေး အနုပညာ နယ်ပယ်တွေက နာမည်ကျော်တွေ ဦးဆောင်ပြီး ALS လို့ခေါ်တဲ့ ဝေဒနာခံစားနေရသူတွေအတွက် ရံပုံငွေရှာတဲ့ အစီအစဉ်လေး တစ်ခုလို့ပြောလို့ရပါတယ်။

Matt Damon ကတော့သူများတွေလို အသင့်ခပ်ယူလာတဲ့ ရေပုံးထဲက ရေကို လောင်းချတာမျိုးမဟုတ်ပဲ သူ့ရေချိုးခန်းထဲမှာရှိတဲ့ အိမ်သာ ကမုတ်ထဲက ရေတွေကို ရေခဲပုံးထဲကို တစ်ခွက်ချင်း ခပ်ထည့်ပြီး ရေခဲရေ လောင်းတဲ့ စိန်ခေါ်မှုကို သူများနဲ့မတူအောင် ထူးထူးခြားခြား တင်ဆက်ခဲ့ပါတယ်။
အိမ်သာ ကမုတ်ထဲက ရေတွေကို ခွက်ကလေးနဲ့ တစ်ခွက်ချင်း ခပ်ထည့်ရင်း
“ ကျွန်တော် ဒီကမုတ်ထဲကရေကို သုံးပြီး စိန်ခေါ်မယ်ဆိုတော့ ကျွန်တော့်အမျိုးသမီးက သိပ်ကို ရွံ့စရာကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ တကယ်တော့ အခုကျွန်တော်တို့ အသုံးပြုနေတဲ့ အိမ်သာကမုတ်ခွက်ထဲက ရေတွေဟာ အချို့အချို့သော အရပ်တွေမှာ လူတွေ သောက်သုံးနေရတဲ့ ရေတွေထက် အများကြီး သန့်ရှင်းပါသေးတယ်…ကမ္ဘာပေါ်မှာ ရေချိုရေသန့်အတွက် အခက်တွေ့နေသူ အရေအတွက်ဟာ မီလျံ ၈၀၀ လောက်ရှိနေပါတယ်။ ၂၀၁၃ ခုနှစ်အထိ ကမ္ဘာပေါ်မှာ အိမ်သာမရှိပဲ အညစ်အကြေးစွန်တဲ့ အခက်အခဲကို ရင်ဆိုင်နေရသူ ၂.၅ ဘီလျံအထိ ရှိနေသေးတယ်ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား”  
“အိမ်သာရယ်လို့ စနစ်တကျ မရှိတဲ့ ဒေသတွေမှာ လူတွေအလွယ်အကူ အညစ်အကြေးစွန့်တတ်တဲ့ နေရာတွေဟာ ရေအရင်းအမြစ် အစားအသောက် အရင်းအမြစ်တွေ ရဲ့ အနီးအပါး ပါတ်ဝန်းကျင်တွေပါ။ အဲဒီလို စနစ်မကျတဲ့ အညစ်အကြေးစွန့်သူများကြောင့် ကူးစက်ရောဂါတွေနဲ့ အမည်မတပ်နိုင်တဲ့ ရောဂါတွေကြောင့် အသက်ဆုံးရှုံးသူတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေကို စာနာနားလည်နိုင်စေဖို့ရည်ရွယ်ချက်နဲ့ အိမ်သာကမုတ်ထဲက ရေကိုသုံးပြီး စိန်ခေါ်ရတာပါ”…လို့ သူက ဆိုခဲ့ပါတယ်။

သန့်စင်ခန်းနဲ့ ပက်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကတော့
(၁) သန့်စင်ခန်းသုံး စက္ကူတွေကို ပထမဆုံး မှာယူသုံးစွဲသူတွေက တရုတ်လူမျိုးတွေဖြစ်ပြီး အေဒီ ၁၃၉၁မှာ အိမ်သာသုံးစက္ကူတွေကို စသုံးခဲ့ပါတယ်။ စတင်သုံးစွဲစဉ်ကာလတုန်းက တစ်ရှူးစအရွယ်အစားဟာ တစ်ရွက်ကို နှစ်ပေကနေ သုံးပေအထိ ရှိပါတယ်
( ၂ )၁၈၉၀ ခုနှစ်မှာ Scott Paper Company က ယခုလက်ရှိမှာ အလုပ်ပြုနေကြတဲ့ တစ်ရှူးလိပ်တွေကို စတင် ထုတ်လုပ်ခဲ့ပါတယ်။
အိမ်သာသုံးစက္ကူတွေ မပေါ်ခင် အစောပိုင်းကာလတွေတုန်းက အမေရိကန်နိုင်ငံမှာ သတင်းစာ ဂျာနယ်တွေ ကတ်တလောက်တွေကို အသုံးပြုခဲ့ကြပါတယ် ဟာဝိုင်အီမှာတော့ အုန်းဆံခွံတွေကို အသုံးပြူခဲ့ကြပါတယ်

( ၃) အင်္ဂလန်နိုင်ငံသားတွေဟာ တနေ့ကို ခြောက်ကြိမ်ကနေ ရှစ်ကြိမ်အထိ သန့်စင်ခန်းသွားလေ့ရှိကြပါတယ်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်ကို သန့်စင်ခန်း အသုံးပြုတဲ့အကြိမ်အရေအတွက် ၂၅၀၀ ခန့်ရှိပါတယ်။ ဒါ့ကြောင့် သာမန်လူတစ်ယောက်ဟာ ဘဝသက်တမ်းတစ်လျှောက်မှာ အိမ်သာထဲမှာ အချိန်သုံးနှစ်လောက် ကုန်ဆုံးစေခဲ့ပါတယ်။

( ၄) လေ့လာတွေ့ရှိချက်တွေအရ အင်္ဂလန်နိုင်ငံရဲ့ လူဦးရေ ၈ သန်းကျော်ဟာ သန့်စင်ခန်းထဲမှာ လက်ကိုင်ဖုန်းသုံးလေ့ရှိကြပါတယ်။ လူဦးရေ ၇ သန်းကျော်ဟာ သူတို့လက်ကိုင်ဖုန်းတွေ အိမ်သာထဲကို ပြုတ်ကျဘူးတယ်လို့ ဝန်ခံကြပါတယ်။

( ၅ )လူ အယောက် ၂၀ မှာ တစ်ယောက်သာ သန့်စင်ခန်းသုံးပြီးတိုင်း လက်ကို သေသေချာချာ ဆေးကြောလေ့ရှိပါတယ်။

( ၆) နှစ်စဉ်နှစ်တိုင်း အမေရိကန်လူမျိုး လေးသောင်းခန့်ဟာ သန့်စင်ခန်းထဲမှာ ဒဏ်ရာအနာတရ ဖြစ်လေ့ရှိပါတယ်။

( ၇ ) ပထမဆုံးအကြိမ် ကျား မ သီးခြား သန့်စင်ခန်းကို ၁၇၃၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံက ပွတ်ရှ်ပါတီမှာ စတင်သုံးစွဲခဲ့ပါတယ်။

( ၈ ) ၁၉၉၂ ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အများသုံးသန့်စင်ခန်းတွေကို အင်္ဂလန်နိုင်ငံမှာ တွေ့ရတယ်လို့ဆိုပါတယ်။ အင်္ဂလန်နိုင်ငံပြီးရင် အဆိုးရွားဆုံးအဆင့် ဒုတိယ တတိယနဲ့ စတုတ္ထနေရာတွေကိုတော့ ယိုးဒယား ဂရိနဲ့ ပြင်သစ်နိုင်ငံတွေလို့ ဆိုပါတယ်။

( ၉) လူတစ်ယောက်စာ သန့်စင်ခန်းထဲမှာ တနေ့ကို တစ်ရှုးပေပါ ၅၇ ရွက်ခန့် သုံးစွဲကြတယ်လို့ ဆိုပါတယ်။

( ၁၀ )  သွားဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သွားပွတ်တံတွေကို အိမ်သာကမုတ်နဲ့ အနည်းဆုံး ၆ ပေလောက်ခွာပြီး သိမ်းဆည်းကြဖို့ အကြံပြုထားပါတယ်။


World Toilet day 19 Nov 2014 အမှတ်တရ

နှင်း (မာယာ)

"April Fool’s Day"



ဧပြီလ ၁ ရက်နေ့မှာ ကျရောက်တဲ့ April Fool’s Day ကတော့ ဟောလိုး ဝင်းဒေးလို၊ ဗယ်လင်တိုင်းဒေးလို မြန်မာတွေ နဲ့ ရင်းနှီး ကျွမ်းဝင် နေ ပြီ ဖြစ်တဲ့ ပြက္ခဒိန် ထဲ က နေ့လေး တစ်နေ့ပါပဲ။

နိုင်ငံတကာ မှာတော့ ချစ်သူများနေ့မှာ ချစ်သူခင်သူတွေ အတွက် အမှတ် တရ လက်ဆောင် ဝယ်ပေးတဲ့ ဓလေ့တွေ ဟောလိုးဝင်းဒေးမှာ မျက်နှာဖုံး ကာဗာတွေတပ် ထူးခြား ဆန်းပြားတဲ့ အဝတ်အစားမျိုးစုံ ဝတ်ပြီး သကြား လုံး ဝေကြတဲ့ ဓလေ့လေးတွေ ရှိကြပါတယ်။ ဒါပေမဲ့ April Fool’s Day နေ့မှာတော့ ထူးထူးခြားခြား လက်ဆောင် ပေးစရာ ဆန်းဆန်းပြားပြား ဝတ်စားဆင်ယင်စရာ မရှိပါဘူး။

ကမ္ဘာ တစ်ဝန်းလုံး မှာ April Fool နေ့ကို ကျင်းပလေ့ ရှိကြပေမယ့် တရား ဝင် ရုံးပိတ်ရက် ရယ်လို့ တသီးတခြား သတ်မှတ် ထားတာမျိုး မရှိပါဘူး။ ဧပြီလ ၁ ရက် နေ့မှာ တစ်နေ့ လုံး လိုလို ပျော်စရာ ရွှင်စရာ ရယ်မော စရာတွေ ကောလာဟလ နောက်ပြောင် ပြက်လုံးတွေ နဲ့ April Fool နေ့လေး ကို ပျော်ရွှင်စွာ ဆင်နွှဲ ကြ တဲ့ ထုံးစံလေးပဲ ရှိပါ တယ်။

April Fool နေ့လေး ဖြစ်လာရခြင်း ရဲ့ နောက်ခံ သမိုင်းကြောင်းတွေ ကတော့ တစ်နေရာနဲ့ တစ်နေရာ မတူကြပါဘူး။ အများအားဖြင့်တော့ ပါးစပ် ရာဇဝင်တွေ သာ ဖြစ်တယ်လို့ ဆိုလို့ရပါ တယ်။

ဘော်စတွန် တက္ကသိုလ်က သမိုင်းပါမောက္ခ ဂျိုးဇက်ဘော်စကင် ကတော့ ပထမရောမ အင်ပါယာကို စတင်တည်ထောင်တဲ့ အချိန်ကတည်းက April Fool လုပ်တဲ့ ဓလေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်တုန်းက ပညာရှိ သုခမိန်တွေ နဲ့ ဘုရင့် ပျော်တော်ဆက် တွေက ရောမ ပြည့်ရှင် ကို သူတို့ ကသာ တိုင်းပြည် ကို ပိုမို တိုး တက် ကောင်းမွန်အောင် အုပ်ချုပ်နိုင် ပါတယ် လို့ လျှောက်တင် ပြောဆိုကြ တာကြောင့် ရောမပြည့်ရှင်က ကူဂယ်လ်လို့ အမည် ရတဲ့ ပညာရှိ အမတ်ကို တိုင်းပြည်ကို တစ်ရက် တိတိ အုပ်ချုပ်စေ ခဲ့တယ်လို့ ဆိုပါတယ်။ ကူဂယ်လ်ဟာ သူ အုပ်ချုပ်ခွင့် ရတဲ့တစ်ရက်မှာ ရယ်စရာကောင်း တဲ့ အမိန့်တွေ ထုတ်ပြန်ခဲ့တာမို့ အဲဒီဓလေ့ဟာ ပထမရောမ အင်ပါယာမှာ ထုံးစံတစ်ခု ဖြစ်လာခဲ့ တယ်လို့ ဆိုပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှုအရ ဧပြီလ ၁ ရက်နေ့ဟာ ရှေးခေတ် ရောမတွေနဲ့ ဟိန္ဒူတွေ နှစ်သစ်ကူးပွဲ ကျင်းပတဲ့ နေ့တစ်နေ့လို့ ဆိုကြပါတယ်။

အလယ်ခေတ် အေဒီ (၁၁ဝဝ-၁၄ဝဝ) မှာတော့ ဥရောပတိုက်မှာ နွေဦးကို ကြိုတဲ့နှစ်သစ်ကူးပွဲကို မတ်လ၂၅ ရက်နေ့မှာ ပြောင်းလဲ ကျင်းပခဲ့ပြန် ပါတယ်။ ၁၅၈၂ မှာတော့ အဋ္ဌမမြောက် ပုပ်ရဟန်း မင်းကြီး ဂရီဂိုရီ ဟာ ရှေးဟောင်း ဂျူလီယန် ပြက္ခဒိန် ကို ပြက္ခဒိန် အသစ်နဲ့ အစားထိုး လိုက်ပြီး နှစ်သစ်ကူးတဲ့ နေ့ကို ဇန်နဝါရီ ၁ ရက်နေ့မှာ ကျင်းပ ဖို့ ပြောင်း လဲ သတ်မှတ်ခဲ့ပါတယ်။ အဋ္ဌမမြောက် ပုပ် ရဟန်းမင်းကြီး ဂရီဂိုရီ ပြောင်းလဲ သတ်မှတ်ခဲ့တဲ့ ပြက္ခဒိန် သစ်ကိုတော့ ဂရီဂိုရီယန် ပြက္ခဒိန်လို့ သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။

ဥရောပ တစ်ခွင်မှာ အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ ပြက္ခဒိန်ကို လက်ခံသူတွေ ရှိကြသလို လက်မခံသူတွေလည်း ရှိခဲ့ပါတယ်။ ပြက္ခဒိန် အသစ် ပြောင်းလဲ ခဲ့ပေ မယ့် တချို့ ကတော့ ဧပြီလ ၁ ရက် နေ့ကို နှစ်သစ် ကူးနေ့ အဖြစ် ဆက်လက် ကျင်းပခဲ့ကြပါတယ်။ ယုံတမ်း စကားတွေ အရတော့ ပြက္ခဒိန် ပြောင်းလိုက်တာကို မသိ လိုက်ကြတဲ့ ကျေးလက် က လူတွေက နှစ်သစ်ကူးပွဲကို ဧပြီလ ၁ ရက်နေ့မှာပဲ အစဉ်အလာ မပျက် ဆက်လက်ပြီး ကျင်းပခဲ့ကြ တယ်လို့ ဆိုကြပါတယ်။

နောက်ပိုင်း မှာတော့ ဧပြီ ၁ ရက်နေ့ ရောက် တိုင်း ပျော်စရာရွှင် စရာ နောက်ပြောင် ကျီစယ်တဲ့ ဓလေ့ဟာ ဥရောပ တိုက်မှာ စပြီးထွန်းကားခဲ့ပါ တယ်။

ကိုရီးယားနိုင်ငံ မှာတော့ ဂျိုဆွန်ရာစုနှစ် (၁၃၉၂-၁၈၉၇) တုန်းက နှစ် တစ်နှစ်ရဲ့ ပထမဆုံး နှင်း ကျတဲ့နေ့မှာ ရာထူးကြီးငယ် မရွေး တော်ဝင် မိသားစု ဝင်တွေနဲ့ တိုင်းသူ ပြည်သားတွေကို လိမ်ညာ ပြောဆို ခွင့် နောက်ပြောင် ကျီစယ်ခွင့် ပြုထားခဲ့ပါတယ်။ အဲ့ဒီနေ့မှာ ပန်းကန် လုံးလေးထဲ နှင်းခဲတွေ ထည့်ပြီး မိမိ နောက်ပြောင် ကျီစယ် လို သူကို ဆင်ခြေ အမျိုးမျိုးနဲ့ လှည့်ဖျားပြီး ပေးပို့လေ့ ရှိပါတယ်။ နှင်းခဲ ပန်းကန်ကို လက်ခံ ရရှိသူက ကစား ပွဲမှာ ရှုံးနိမ့်သူ ဖြစ်ပြီး ပေးပို့လာ သူရဲ့ဆန္ဒကို ဖြည့် ဆည်းပေး ရပါတယ်။ ဒါပေမဲ့ တမင်သက်သက် ရည်ရွယ်ချက် ရှိရှိ စီစဉ်ထားတာမျိုး မဟုတ်တဲ့ အတွက် အန္တရာယ် ကင်းတဲ့ ကျီစယ် မှု နောက် ပြောင်မှုတွေ အဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ မှာတော့ မိမိ စနောက်လိုသူ ရဲ့ နောက်ကျောဘက်မှာ ငါးရုပ် ကလေးကို တိတ်တဆိတ် ကပ်ထားပြီး ကျီစယ်လေ့ ရှိကြပါတယ်။ ကာယကံရှင် သိသွားတဲ့ အချိန်မှာတော့ April Fish ဒါမှမဟုတ် April Fool လို့အော်ပြီး ထွက်ပြေးကြပါတယ်။ ဒါကြောင့်လည်း ဧပြီ ၁ ရက်နေ့ ကို ဧပြီ ငါးနေ့ လို့လည်း ခေါ် ကြ ပါသေးတယ်။ ပြင်သစ် နိုင်ငံရဲ့ ဧပြီဖူးနေ့ မှာ ငါးရုပ်ကလေး တွေနဲ့ ကျီစယ်ခြင်းဟာ မရိုးတဲ့ ထုံးစံတစ်ခုပဲ ဖြစ်ပါတယ်။ ဧပြီငါး ဆိုတာကတော့ အလွယ်တကူ ဖမ်းလို့ ရနိုင် တဲ့ ငါးအသေး စားလေးတွေ ကို ခေါ် ခြင်းပဲဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ မှာတော့ April Fool နေ့ နောက်ပြောင် ကျီစယ်ခြင်းကို ဧပြီလ ၁ ရက်နေ့ မနက်စောစောပိုင်း အချိန်တွေမှာသာ ခွင့်ပြုထားပါတယ်။ အဲဒီနေ့ မှာ နောက်ပြောင်ခြင်း ခံရသူကို တော့ ခေါက်ဆွဲ အဖြစ် တင်စားခေါ်ဆိုကြပါ တယ်။

စကော့တလန် နိုင်ငံမှာတော့ ဧပြီဖူးဒေးကို နှစ်ရက် ကျင်းပလေ့ရှိပြီး ဧပြီလ ၂ ရက်နေ့ ဒုတိယနေ့ မှာတော့ သူငယ်ချင်း မိတ်ဆွေတွေ ကြား၊ မိသားစု ဝင်တွေ ကြားမှာ နောက်ပြောင် ကျီစယ်ခြင်း ကို တစ်နေ့လုံး လိုလို ဆင်နွှဲလေ့ ရှိပါတယ်။ နောက်ကျောမှာ စာပြောင်တွေ ပုံတွေကပ်ပြီး အချင်း ချင်း ကျီစယ်လေ့ရှိကြတဲ့ ဒုတိယနေ့ ကို တော့ Taily Day လို့ သတ်မှတ်ခေါ်ဝေါ်ကြပါ တယ်။

ပေါ်တူဂီ နိုင်ငံမှာတော့ အီစတာဥပုသ်လ မရောက်ခင် စနေနဲ့ တနင်္ဂနွေ နေ့တွေ ကို April Fool နေ့အဖြစ် သတ်မှတ်ပြီး ဆင်နွှဲလေ့ ရှိကြ ပါတယ်။ ထုံးတမ်း အစဉ် အလာ အရ တစ်ယောက်နဲ့ တစ်ယောက် ဂျုံမှုန့်နဲ့ ဖျန်းပက် ကျီစယ်တဲ့ဓလေ့ဟာ ပေါ်တူဂီ နိုင်ငံရဲ့ ဧပြီဖူး ဓလေ့လေးပါပဲ။
သူငယ်ချင်းတွေ ကြားမှာ နောက်ပြောင် ကျီစယ်မှုတွေ ကတော့ ရင်းနှီးမှု အဆင့်ကိုလိုက်ပြီး အမျိုးမျိုး ရှိကြပါတယ်။ အခုနောက်ပိုင်း ခေတ်တွေ မှာတော့ ဧပြီဖူးနေ့ကို မီဒီယာတွေ ကပါ ကျယ် ကျယ်ပြန့်ပြန့် တင်ဆက် လာကြတာကို တွေ့ရပါ တယ်။

တစ်ခါတုန်း ကတော့ ဧပြီဖူးနေ့မှာ ”spaghetti farmers” ဆိုတဲ့ အင်္ဂလိပ် ရုပ်ရှင် ဇာတ်လမ်းတိုလေး တစ်ခုကို ထုတ်လွှင့် ပြသခဲ့ပါ တယ်။ ဇာတ်လမ်းလေး ကတော့ အီတလီ ခေါက်ဆွဲ လို့ခေါ်တဲ့ (Spaghetti) အပင်ကနေ ရာသီပေါ် သီးနှံတွေကို ရိတ်သိမ်းကြတဲ့ အကြောင်းလေးကို ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးပါ။

အဲဒီနေ့မှာတော့ သူငယ်ချင်း အလုပ် သွားခါနီး ကားသော့ ဖွက်ထားတာမျိုး ဖိနပ်တစ်ဖက် ဖွက်ထားတာမျိုး ခြေအိတ်တွေ၊ လည်စီးနက်ခ် တိုင်တွေ ဖွက်ထားတာမျိုး မနက် အိပ်ရာထဖို့ပေး ထားတဲ့နှိုးစက်ကို နာရီ ဝက်လောက် နောက်ကျ အောင်လုပ်တာမျိုး အမျိုးမျိုး ကျီစယ်ကြပါတယ်။
ဒါမှ မဟုတ်ရင်လည်း ဖုန်းဆက်ပြီး နောက်ပြောင်တာ စာပို့ပြီး ကျီစယ် တာ ကောလာဟလ ယုံတမ်း စကားတွေ အခြေအမြစ် မရှိတဲ့ သတင်း တွေ ဖြန့်ဝေတာ မျိုးတွေ လည်း လုပ်လေ့ ရှိကြပါ တယ်။

”မင်းအိမ်က ပါဆယ် ရောက်နေတယ်လို့ စာတိုက်က ဖုန်းဆက်လာတယ် စာတိုက်မှာ သွား ထုတ်လိုက်ပါဦး”
”ငါမတော်တဆ မင်းရဲ့မျက်မှန်ကို တက်နင်း မိတယ်ကွာ”
”ညနေကျရင် မန်နေဂျာက ငါတို့ အားလုံး ကို ညစာစားပွဲ ဖိတ်ထားတယ် ဟိုတယ်ကို ၇ နာရီ အရောက်လာခဲ့နော်”
”မင်းရဲ့ ကောင်မလေး အခုပဲ ဆေးရုံတင်လိုက် ရတယ် ဆေးရုံကို လိုက်သွား လိုက်ပါဦးကွာ”
”ညီလေးရေ ဒီနေ့ကျူရှင် မရှိဘူးတဲ့ မင်းဆရာမ အခုပဲ ဖုန်းဆက်တယ်”

အချင်းချင်း ပျော်စေပြက်စေ နောက်ပြောင် ကျီစယ်ခြင်း ဖြစ်တဲ့အတွက် သူတစ်ပါး ထိခိုက် နာကျင်စေ လောက်အောင်တော့ စနောက်လေ့ မရှိကြ ပါဘူး။ တစ်စုံ တစ်ယောက် ကို အလွန်အမင်း ကျီစယ်မိတယ် ဆိုရင်လည်း သူငယ်ချင်း ဒုက္ခ မရောက်ခင်မှာ ဧပြီဖူးလို့ အချိန်မီ ပြောလေ့ရှိကြ ပါတယ်။

ရတီ စာဖတ် ပရိသတ်တွေရော ဒီနှစ် ဧပြီဖူးနေ့ မှာ ဘယ်လို နောက်ပြောင် ကျီစယ်ဖို့ စိတ်ကူး ရှိကြပါသလဲ။ စာဖတ်သူတွေ အားလုံး ရယ်မော ပျော် ရွှင်ဖွယ် ဧပြီဖူးနေ့လေး ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပါတယ်ရှင်....

ကြွေကာလေမစဲတော့သည်



“လောကမှာ ပညာတတ်တဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ပညာ မတတ်တဲ့ မိန်းကလေးပဲဖြစ်ဖြစ် ဖြူတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ညိုတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် မည်းတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်းတွေ မျက်စိထဲမှာ သာမာန် မိန်းမတစ်ယောက်  ဖြစ်နေမယ်…အကြမ်းဖက်သမားတွေ အမြင်မှာတော့ သာမာန် သားကောင်  တစ်ကောင် ဖြစ်နေလိမ့်မယ်… “

(၁)
တယ်လီဖုန်းမြည်သံအတူ တာဝန်ကျ မန်နေဂျာရဲ့ အသံကို စကားပြောစက်ပေါ်မှာ စူးစူးဝါးဝါး ကြားလိုက်ရသည်။
ဖုန်းပေါ်မှာပေါ်နေတဲ့ နံပါတ်ကလဲ မန်နေဂျာရုံးခန်းက နံပါတ် စကားပြောစက်ကလဲ မန်နေဂျာရဲ့ စကားပြောစက်ဖြစ်နေတာမို့ စကားပြောစက်ကို အရင်ဖြေလိုက်တော့
 “ဆေးအဖွဲ့ကို ဖုန်းခေါ်ပါ…. ဆေးအဖွဲ့ကို အခုချက်ချင်းဖုန်းခေါ်ပါ”
“ဘယ်နေရာကို ခေါ်ရမှာလဲ”
“မင်းရဲ့ ရုံးခန်းရှေ့က အများသုံး သန့်စင်ခန်း”
စကားပြောစက်ပေါ်က ကြားနေရတဲ့ လေသံကို နားထောင်ကြည့်ရုံနဲ့ အရေးပေါ် ကိစ္စတစုံတရာ ရှိနေပြီဆိုတာ ခန့်မှန်းမိလိုက်ပါသည်။

ဆေးအဖွဲ့ကို ဖုန်းဆက်ပြီး လာရမယ့်နေရာကို သတင်းပို့ပြီးတာနဲ့ ထိုင်နေရာကထပြီး ရုံးခန်းရှေ့တည့်တည့်မှာ မြင်နေရတဲ့ အများသုံး သန့်စင်ခန်းကိုလှမ်းကြည့် လိုက်မိပါသည်။
 ယူနီဖောင်းဝတ် ရဲတွေ ရဲမေတွေ လုံခြုံရေးတွေနဲ့ တာဝန်ကျ ကြီးကြပ်ရေးမှူးတွေ မန်နေဂျာတွေ သန့်စင်ခန်းရှေ့မှာ စုရုံးနေတာကိုတွေ့လိုက်ရပါသည်။ သန့်စင်ခန်းကိုတော့ အတားအဆီးတွေနဲ့ ယာယီပိတ်ထားပြီး သက်ဆိုင်ရာ ရဲတွေ ရဲမေတွေကတော့ သန့်စင်ခန်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်များနေကြပါသည်။

လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ နေ့လည် နှစ်နာရီခွဲ။ အတွေ့အကြုံအရ ဒီလိုရေးအပေါ် အခြေအနေမျိုးဖြစ်လေ့ဖြစ်ထရှိတဲ့ အာဖရိက ခရီးစဉ်တစ်ခုကလဲ ညနေလေးနာရီမှာ ရှိနေတာမို့ စိုးရိမ်စိတ်နဲ့အတူ တိုးတိုးလေးဆုတောင်းလိုက်မိပါသည်။

“သနားစရာ ကလေးမလေးတွေထဲက မဖြစ်ပါစေနဲ့……”
ကျွန်မ တိုးတိုးတိတ်တိတ် ဆုတောင်းမိစဉ်မှာပဲ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက် ရုံးခန်းထဲကို ဝင်လာပြီး နိုင်ငံကူးလက်မှတ် တစ်ခုနဲ့အတူ လေယာဉ်ပေါ် တက်ရောက်ခွင့် လက်မှတ်လေးကို မိတ္တူ ၅ စုံကူးပေးဖို့ ပြောလာပါသည်။
ကျွန်မ လက်ထဲကို ကမ်းပေးလာတဲ့ နိုင်ငံကူးလက်မှတ်လေးရဲ့ အရောင်ကို မဝံ့မရဲ ကြည့်လိုက်မိပါသည်။
နိုင်ငံကူးလက်မှတ် အရောင်လေးက ကျွန်မနဲ့ အင်မတန်ရင်းရင်းနှီးနှီး ရှိလှတဲ့ အရောင်လေး စာအုပ်လေးထဲမှာ ညှပ်ထားတဲ့ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်လေးမှာ ဖော်ပြထားတဲ့ ခရီးစဉ်ကလဲ ကျွန်မ စိုးထိတ်မိတဲ့ အာဖရိက ခရီးစဉ်လေး။

နိုင်ငံကူးလက်မှတ်ကို မိတ္တူကူးချိန်မှာ မြင်နေရတဲ့ ကိုယ်ရေးအချက်အလက်တွေကို မသိမသာ ကြည့်မိပြန်တော့ ရင်ထဲမှာ ဆို့သွားရပြန်ပါသည်။
စာအုပ်လေးထဲက ပါတ်စ်ပို့ ဓါတ်ပုံက သေးသေးလေးဆိုပေမယ့် မျက်လုံးမွဲမွဲ ဆံစကျဲကျဲ မျက်နှာငယ်လေးနဲ့ အသက် ၂၂ နှစ်သာရှိသေးတဲ့ ကလေးမလေးကို သနားစဖွယ်တွေ့လိုက်ရပါသည်။ 

“သူ့အခြေအနေ ဘယ်လိုရှိလဲ … ဘာဖြစ်တာလဲဟင်…”
ဒီလိုကိစ္စတွေကို ကျွန်မတို့ ဝန်ထမ်းတွေအနေနဲ့ စပ်စုဖို့ မသင့်ပေမယ့် မနေနိုင်လွန်းစွာ မရဲတရဲလေး မေးကြည့်တော့ သဘောကောင်းပုံရတဲ့ အရာရှိက သူသိသလောက် ဖြေပေးပါသည်။
“အခြေအနေက ၅၀-၅၀ ပဲ.. အခု ဆေးရုံပို့တော့မယ်…. သန့်စင်ခန်းထဲမှာ ကြိုးဆွဲချပြီး သေကြောင်းကြံစည်မှုလေ… သန့်ရှင်းရေးဝန်ထမ်းက အချိန်မီတွေ့လို့သာပေါ့..”
“အိုး… ဘုရားသခင်”
တကယ်ဆို ဒီအချိန်ဟာ ကလေးမလေး အစွမ်းကုန် ပျော်ရွှင်နေရမယ့်အချိန်။ မိသားစုတွေ စောင့်မျှော်နေတဲ့ အိမ်ကို ပြန်ဖို့ လမ်းခုလတ်မှာ ဒီလို မဖြစ်သင့်ဘူးလေ… သူ့သူငယ်ချင်းလေးတွေက ဘာလို့များ မတားမြစ်ကြပါလိမ့်….

စိတ်ကူးအိပ်မက်တွေကို ဘဝနဲ့ရင်းပြီး အကောင်အထည်ဖော်နေကြတဲ့ ဒီအီသီယိုးပီးယား နိုင်ငံသူလေးတွေကို ကျွန်မ သနားစိတ်ပိုမိတာ အကြိမ်ပေါင်းမနည်းတော့ပါ။
သူတို့ရဲ့ မတော်တဆမှုများစွာနဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်ပေါင်းများစွာကို မကြာခဏဆိုသလို မြင်တွေ့နေရသူမို့ ဂရုဏာ သက်မိသလို သူတို့ကိုယ်စား ထိခိုက်ကြေကွဲနာကျင်မိတဲ့ အကြိမ်တွေလဲ မနည်းလှ…

ကျွန်မရဲ့ ရုံးခန်းလေးက အများသုံး အမျိုးသမီး သန့်စင်ခန်းတွေရဲ့ ရှေ့တည့်တည့်မှာ ရှိနေသလို ကျွန်မရဲ့ အလုပ်ချိန်တွေကလဲ သူတို့ခရီးစဉ်တွေရှိတတ်တဲ့ အချိန်တွေ ဖြစ်နေတာက သူတို့လေးတွေရဲ့ ဘဝတွေကို သိမြင်စာနာဖို့ ဖြစ်လာခဲ့လေသလားမသိ။

နိုင်ငံတကာ လေဆိပ်တွေမှာ အမျိုးသမီးအများစု ပြဿနာ အများဆုံးဖြစ်တတ်တဲ့ နေရာတွေဟာ အများသုံးသန့်စင်ခန်းတွေပဲ ဖြစ်ပါသည်။ အခြားလေဆိပ်တွေကို သတိမထားမိပေမယ့် ကျွန်မတို့ လေဆိပ်မှာ မတော်မဆမှုတွေ ပေါင်းစုံတဲ့နေရာဟာ ကျွန်မရုံးခန်းရှေ့တည့်တည့်က အမျိုးသမီးသန့်စင်ခန်းတွေဆိုတာကိုတော့ လက်မခံချင်လဲ လက်ခံနေရပါသည်။
မကြာခဏဆိုသလို သန့်စင်ခန်း ယာယီပိတ်ထားတယ်ဆိုတဲ့ အဖြစ်တွေကို ကြုံတွေ့ရတတ်သလို သန့်စင်ခန်းပိတ်ရခြင်းရဲ့ နောက်ကွယ်မှာ သင်ယူမှတ်သားလို့ မကုန်နိုင်သော သင်ခန်းစာတွေ ကျန်ရစ်ခဲ့စမြဲ။

အတွေးစတွေနဲ့ ငြိမ်သက်နေဆဲမှာပဲ  လူနာတင် တွန်းလှည်းပေါ်မှာ အောက်ဆီဂျင်ပိုက်တန်းလန်း အရေးပေါ်ဆေးပုလင်းတန်းလန်းနဲ့ ပါသွားတဲ့ ကလေးမလေးကို ဖြတ်ကနဲတွေ့လိုက်ရပါသည်။
ရုံးခန်းရှေ့မှာ အချိန်အတန်ကြာအောင် စုစုရုံးရုံးရှိနေခဲ့တဲ့ လူအုပ်ကြီးရှင်းသွားပေမယ့် အများသုံးသန့်စင်ခန်းကတော့ ပိတ်ထားဆဲ။ တာဝန်ကျ ရဲတွေ ရဲမေတွေရဲ့ စစ်ဆေးရေး မပြီးမချင်း ပိတ်ထားတတ်တာကလဲ ထုံးစံလိုဖြစ်နေပါသည်။

သနားစရာ ကလေးမလေးအတွက် အမည်ဖော်ပြလို့မရတဲ့ စိုးရိမ်သောကနဲ့ တွေဝေနေမိတဲ့ အချိန်မှာကျွန်မရုံးခန်းရဲ့ ဘေးကပ်ရက်က ရုံးခန်းမှာ တာဝန်ကျနေတဲ့ သူငယ်ချင်းမလေးနှစ်ယောက် ကော်ဖီခွက် ကိုယ်စီနဲ့ ကျွန်မရုံးခန်းထဲကို ရောက်လာခဲ့ပါသည်။ သူတို့နှစ်ယောက် ကျွန်မကို နှုတ်ဆက်နေစဉ်မှာပဲ သန့်ရှင်းရေးတာဝန်ကျ အမျိုးသမီးလေးလဲ သောက်ရေဗူးလေးကိုင်ပြီး ရေဖြည့်ဖို့ ရောက်လာခဲ့ပါသည်။
သန့်ရှင်းရေး အမျိုးသမီးလေးအနောက်မှာ အခြားဌာနက ချာတိတ်မလေးနှစ်ယောက် ကပ်လျက်ပါလာတာမို့ မစပ်စုလေးတွေ စပ်စုဖို့ လာကြပြီဆိုတာ သေချာသွားပါသည်။

အမျိုးသမီး သဘာဝ စုံစမ်းစစ်ဆေးရေး မေးခွန်းပေါင်းစုံ ထွက်လာတော့မယ်ဆိုတာ သိနေပေမယ့် ကျွန်မကစပြီး မမေးမိအောင် နှုတ်ဆိတ်နေလိုက်ပါသည်။
“သူက ဘာဖြစ်လို့ ကြိုးဆွဲချ သေကြောင်းကြံတာလဲ”
“လေဆိပ်ထဲမှာ ကြိုးက ဘယ်ကရတာလဲ”
“ဘယ်လိုဖြစ်ပြီး သန့်ရှင်းရေးသမားက မိသွားတာလဲ”
“သန့်စင်ခန်းနံပါတ်ဘယ်လောက်မှာ ဖြစ်တာလဲ”
“သူ သေသွားပြီလား”
“လမ်းခုလတ်ကြီးမှာ ဘာလို့ အဲလိုလုပ်ရတာလဲ…..အိမ်ပြန်ရောက်မှ လုပ်တာမဟုတ်ဘူး “
ကျွန်မ အပါအဝင် မိန်းမသား ခြောက်ယောက်ရှိတဲ့ အခန်းလေးမှာ မေးခွန်းပေါင်းစုံ ထင်မြင်ချက်ပေါင်းစုံ သုံးသပ်ချက်ပေါင်းစုံ ပေါ်ထွက်လာပါသည်။
 “သူခြုံလာတဲ့ ရှောစောင်လေးနဲ့ ကြိုးကွင်းလုပ်လိုက်တာလေ မသန်မစွမ်းတွေ သုံးတဲ့ အခန်းကျယ်ကြီးထဲ မှာဖြစ်တာလို့ပြောတာပဲ “
“သန့်စင်ခန်းထဲမှာ ကြိုးဆွဲချပြီး သေကြောင်းမကြံခင် အဆိပ်တွေလဲ သောက်လိုက်သေးတယ်”
“အဲဒီ အဆိပ်က ဘယ်ကရတာလဲ သူယူလာတာလား”
“ထုံးစံအတိုင်း သူ့ အိမ်ရှင်က အနိုင်ကျင့် စော်ကားလိုက်တာ ဖြစ်မှာပေါ့”
“သူ ဟိုကနေ ကိုယ်ဝန်ပါလာလို့လားမသိဘူးနော်”
“ပြီးခဲ့တဲ့ အပတ်ကပဲ အီသီယိုးပီးယားမလေးတစ်ယောက် အဲလိုဖြစ်ပြီး ဆေးရုံပို့လိုက်ရသေးတယ်နော်”
ဘာကြောင့်ပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နောက်ကွယ်က ကဲ့ရဲ့ ပြစ်တင်စကားတွေ တီးတိုး ဝေဖန်သံတွေက သနားစရာ မျက်နှာမွဲ ချာတိတ်မလေးရဲ့ ကံကြမ္မာတွေကို ပြောင်းလဲစေနိုင်မှာ မဟုတ်တော့ပါ….

သူတို့ပြောနေကြသလိုပဲ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အလားတူ ပြဿနာတစ်ခု ကျွန်မရဲ့ မျက်စိရှေ့မှာ ဖြစ်ခဲ့ဘူးပါသည်။
အီသီယိုးပီးယားနိုင်ငံသူလေးတစ်ယောက် သူမအလုပ်လုပ်မယ့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံကို အသွား လမ်းခုလတ်မှာ အရေးပေါ် အခြေအနေနဲ့ ဆေးရုံရောက်သွားခဲ့ပါသည်။
အလုပ်လုပ်ဖို့ အသွား တထောက်နားတဲ့ လေဆိပ် သန့်စင်ခန်းထဲမှာ သွေးသံရဲရဲနဲ့ ဒုက္ခများနေခဲ့တာမို့ နီးစပ်ရာ အမျိုးသမီးတွေက ရဲတွေ လုံခြုံရေးတွေကို အကူအညီတောင်းလာခဲ့ပါသည်။ ဆေးအဖွဲ့က အရေးပေါ်ကုသမှုပေးပြီး ဆေးရုံပို့ပေးခဲ့တဲ့ အဖြစ်က သိပ်မကြာသေးပါ။ 

တချို့ကလဲ သူတို့ဆန္ဒမပါပဲ ရလာတဲ့ ကိုယ်ဝန်တွေကို အမိမြေမရောက်ခင် လမ်းခုလတ်မှာ အလွယ်တကူ ရှင်းလင်းချင်ပုံရပါသည်။ တချို့ကလဲ မိခင်နိုင်ငံက ပါလာတဲ့ ကိုယ်ဝန်တွေကို အလုပ်လုပ်တဲ နိုင်ငံအထိ မသယ်ချင်တဲ့အတွက် လမ်းခုလတ်မှာ ရှင်းကြလင်းကြသည်။
ဒါပေမယ့် အသိပညာမဲ့သူလေးတွေ ဗဟုသုတနည်းသူလေးတွေ  ဖြစ်တာမို့  လေဆိပ်တစ်ခုရဲ့ လုံခြုံရေးတင်းကျပ်မှု သဘောသဘာဝကို နားမလည်ကြရှာ။ လမ်းခုလတ် တထောက်နားရာ နိုင်ငံဆိုပေမယ့် ဥပဒေတင်းကျပ်တဲ့ နိုင်ငံရယ်လို့ မသိကြရှာ။ အများသုံးသန့်စင်ခန်းတစ်ခုဟာ သူတို့ရဲ့ အရှက်တွေ အသက်တွေအတွက် ထွက်ပေါက်တစ်ခုလို့ ရိုးရှင်းစွာပဲ ခံယူထားကြပုံရပါသည်။

ဆင်းရဲတွင်းက ရုန်းထွက်ဖို့အတွက် ပညာမဲ့ မျက်နှာမွဲ အီသီယိုးပီးယားသူလေးတွေ နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်ရတာ သူတို့အတွက် မဟာစွန့်စားခန်းကြီးတစ်ရပ် ဖြစ်နိုင်ပါသည်။
သူတို့ကြီးပြင်းခဲ့တဲ့ ရေမြေတောတောင် သဘာဝ သူတို့ရုန်းကန်ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဘဝတွေက အီသီယိုးပီးယားသူလေးတွေကို ပုပုညှက်ညှက် သေးသေးကွေးကွေးလေးတွေ ဖြစ်စေခဲ့ပါသည်။ 

အရွယ်ရောက်ပင်ရောက်သော်ငြား ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုမရှ၊ိ အသားအရေ စိုပြည်ခြင်း အလျင်းမရှိ၊ အချို့ အချို့သော အာဖရိကသူ ပျိုဖြူလေးတွေအတွက် ရာဘာ ဖိနပ်ဖြူဖြူလေးတွေ ဝတ်ဆင်ခွင့်ရခြင်းကပဲ မဟာဆုလာဘ် တစ်ပါးလေလား ရာဘာခြေညှပ်ဖိနပ် ဖြူဖြူဖွေးဖွေးလေးတွေနဲ့ နေမထိ ထိုင်မသာ ဖြစ်နေတဲ့ ဟန်လေးတွေက သူတို့ မျက်နှာတွေပေါ်မှာ အထင်းသား။
မိသားစု စားဝတ်နေရေးပြေလည်ဖို့အတွက် သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေနဲ့ ရင်းနှီးပြီး အလုပ်အကျွေးပြုကြသူတွေ ကံကောင်းစေချင်ပါသည်။

ဒါပေမယ့် သူတို့အားလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က ကျွန်မတို့ ဆုတောင်းကြသလို ကံမကောင်းနိုင်ကြ။
သူတပါးတိုင်းပြည်မှာ တနေ့ကို ၁၈ နာရီက နာရီ ၂၀ နီးပါး အိမ်အလုပ်တွေ မနားတမ်းလုပ်ရမည်။ အစားအသောက်ကို မဝရေစာ အသက်ရှင် အလုပ်လုပ်နိုင်ရုံသာ စားခွင့်ရမည်။အခန့်မသင့်ရင် အိမ်ရှင် အမျိုးကောင်းသားတွေရဲ့ သားကောင်လဲ ဖြစ်နိုင်သည်လေ။
ကံအဆိုးဆုံး မိန်းကလေးတွေကတော့ ဖခင်မည်သူမည်ဝါ ဖော်ထုတ်ခွင့်မရပဲ မွေးကင်းစ နီတာရဲ ရင်သွေးလေးတွေ ပိုက်ပြီး အမိမြေကို ပြန်ကြရမည်။ 

ကံမဆိုးတဆိုးလို့ ဆိုနိုင်သူ ချာတိတ်မလေးတစ်ယောက်ကတော့ အိမ်အပြန်ခရီးမှာ သွက်သွက်ခါအောင် ရူးသွပ်သွားခဲ့တာမို့ ခရီးစဉ်ကို ဖျက်သိမ်းပြီး ဆေးရုံကိုပို့ခဲ့ရဘူးပါသည်။
အာဖရိကသူလေးတွေလိုပဲ တိုင်းတပါးမှာ အိမ်ဖော်လုပ်ကြသူတွေထဲမှာ အင်ဒိုနီးရှားသူ သီရိလင်္ကာသူ ဖိလစ်ပိုင်သူ နီပေါသူလေးတွေလဲ ရှိပါသည်။
အင်ဒိုနီးရှားသူလေးတစ်ယောက်ကတော့ အိမ်ရှင်တွေရဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်မှုကြောင့် ဒုက္ခတဘဝနဲ့ အိမ်ပြန်သွားတာကို တွေ့ခဲ့ဘူးပါသည်။

၂၀၁၂ နှစ်လယ်ပိုင်းတုန်းကလဲ သီရိလင်္ကာသူ အမျိုးသမီးတစ်ယောက် အမိမြေကို ပြန်ရောက်ပြီးမှ သံရုံးကနေတဆင့် သူမအလုပ်လုပ်ခဲ့ဘူးတဲ့ အိမ်ရှင်ကို တရားစွဲခဲ့တဲ့ သတင်းလေးတစ်ပုဒ်ကို ဖတ်ခဲ့ရပါသည်။

ဆေးစစ်ချက်နဲ့ ရိုက်ကူးထားခဲ့တဲ့ဓါတ်မှန်တွေအရ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ အိမ်ရှင်တွေ ရိုက်သွင်းထားခဲ့တဲ့ သံချောင်းပေါင်းများစွာကိုတွေ့ခဲ့ရပါသည်။ သူမရဲ့ ပြောဆိုချက်အရ အိမ်ရှင်က စိတ်ဆိုးတဲ့ အခါတိုင်း သံချောင်းတွေကို မီးကင်ပြီး သူမရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ ရိုက်သွင်းခဲ့ခြင်းပဲ ဖြစ်ပါသည်။
သီရိလင်္ကာသူနောက်တစ်ဦးကတော့ သူမထိန်းကျောင်းနေတဲ့ လေးလသားအရွယ် ကလေးငယ်လေး မတော်မဆ သေဆုံးသွားမှုနဲ့ သုံးနှစ်ကျော်ထောင်ဒဏ်ကျခံခဲ့ရပြီး နောက်ဆုံးမှာတော့ တရားရုံးက သူမကို သေဒဏ်ချမှတ်ခဲ့ပါသည်။

ကုသိုလ်ကံ အကျိုးပေးနုံချာလို့ ကျောမွဲ ဖြစ်ရတဲ့ ဘဝတွေမှာ ထပ်ဆင့် ထုထောင်းလာတဲ့ လောကဓံက ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း။
ဒုက္ခတောမှာ အမောကြီးမောပြီး အစုန်အဆန် မျောနေသူတွေကို မတွေ့ချင်လို့လဲ မျက်နှာမလွှဲနိုင်ခဲ့ပါ။
ညနေစောင်းလို့ ရုံးဆင်းချိန်အထိ ကျွန်မရဲ့ ရုံးခန်းလေးထဲမှာ  သတင်းတွေ  မှတ်ချက်တွေ ထင်မြင်ချက်တွေ ဟိုတစသည်တစ ပျံ့ကျဲနေခဲ့ပါသည်။

ရုံးဆင်းချိန်မှာတော့ အမှုတွဲတွေ များမြောင်လွန်းလှတဲ့ ရုံးခန်းလေးကို နှုတ်ဆက်ရင်း အကြိမ်ကြိမ် တောင်းခဲ့ဘူးတဲ့ ဆုတစ်ခုကို မရိုးနိုင်လွန်းစွာ တောင်းမိပြန်ပါသည်။
“အတိတ်ဘဝက ဝဋ်ကြွှေးတွေရှိရင် ကျေပါစေ ညီမလေးတို့ရေ…”

(၂)
ညနေက အလုပ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေ ပြန်မြင်ယောင်ပြီး အိပ်မရနိုင်တာမို့ အိပ်ယာထဲမှာပဲ အမေရိကန် စာရေးဆရာမ တစ်ယောက်ရဲ့ စာအုပ်တစ်အုပ်ကို အမြည်းသဘောနဲ့ တပိုင်းတစ ဖတ်ကြည့်မိပါသည်။
စာရေးသူရဲ့ စာအုပ်မိတ်ဆက်နဲ့ ဇာတ်လမ်းအကျဉ်းကို ဖတ်ပြီး ဝတ္ထုကို အစ အလယ် အဆုံး နည်းနည်းချင်းစီ မြည်းစမ်းရင်း စာဖတ်ခြင်းကို အစပျိုးရပါသည်။ မြန်မာဝတ္ထုမဟုတ်တဲ့ အင်္ဂလိပ်ဝတ္ထုတွေ ဖတ်တိုင်း တစ်အုပ်လုံးကို အစအဆုံး မဖတ်ခင် စာအုပ်ကို အဆင်ပြေတဲ့ နေရာကနေလျှောက်ဖတ်ပြီး ဇာတ်လမ်းကို မြည်းစမ်းကြည့်တတ်တာ ကျွန်မရဲ့ အကျင့်ပဲ ဖြစ်ပါသည်။

စာအုပ်လေးရဲ့ အရှေ့ပိုင်း ဇာတ်လမ်းအစလေးနားမှာ ရုတ်တရက်တွေ့လိုက်ရတဲ့ စကားပြောတစ်ခုက ကျွန်မကို အကြီးအကျယ် အံ့အားသင့်သွားစေပါသည်။
“ယောက်ျားတွေဟာ မိန်းမတွေကို ရည်ရွယ်ချက် သုံးခုနဲ့ လက်ထပ်ကြတယ်။ ၁။ အရွယ်ရောက်ပြီး ယောက်ျားတိုင်း တပ်မက်တဲ့ သာယာမှု စည်းစိမ်အတွက် ၂။ သူတို့ကို ဝတ်ကြီးဝတ်ငယ် ပြုစုဖို့နဲ့ ၃။ ကိုယ်ဝန်ဆောင်ပေးဖို့….”
အိုး… အင်မတန် အတ္တကြီးလွန်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ အတွေးအခေါ်ပါလား….လို့ မှတ်ချက်ချမိလိုက်ပါသည်။

တကယ်တန်း လက်တွေ့ဘဝမှာ  မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုဆိုတာ ယောက်ျားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်း ဆိုတာတွေထက် အများကြီး ပိုတယ်ဆိုတာ မသိသေးတဲ့ အမျိုးကောင်းသားတွေအတွက် စိတ်မကောင်း ဖြစ်ရပါသည်။
နယ်မြို့လေးတစ်မြို့မှာနေတဲ့ အဒေါ်တစ်ယောက် မိသားစုစီးပွားရေးအတွက် အိမ်ထောင်ဦးစီးနဲ့ ဒိုးတူဘောင်ဘက် စီးပွားရှာခဲ့သလို အိမ်ရဲ့ ဝေယျဝစ္စတွေကိုလဲ မလစ်ဟင်းစေအောင် လုပ်နေခဲ့တာကို အမြင်မတော်လွန်းစွာ ငြူစူခဲ့ဘူးပါသည်။

ထမင်းဟင်းချက်ခါနီး ပေါက်ဆိန်ကိုင်ပြီး ထင်းခွဲနေတာကို အပြစ်မဆိုခဲ့ပေမယ့် မိန်းမသားတန်မဲ့ အိမ်ထုတ်တန်းပေါ်တက်ပြီး ဓနိမိုးနေတာကိုမြင်တော့ မနေနိုင်လွန်းစွာ တားမြစ်မိပါသည်။
“အိုး... အန်တီရယ် ဒီအလုပ်တွေ အန်တီလုပ်စရာကို မလိုပါဘူး ဦးဦးလာမှ လုပ်ပါစေ…”
“အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာရင် သူ့တာဝန် ငါ့တာဝန် သူ့အလုပ် ကိုယ့်အလုပ်ရယ်လို့ ခွဲလို့မရတော့ဘူးလေ တူမကြီးရယ်.... သူမအားလို့ မလုပ်နိုင်တာကို အားတဲ့ အချိန်အထိ ထိုင်စောင့်နေမယ့်အစား ကိုယ်ထလုပ်လိုက်တော့ အလုပ်တစ်ခု ပြီးသွားရော မဟုတ်လား....”
အမျိုးသမီးတွေဘဝမှာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးပေးပါလို့ တောင်းဆိုနေသူတွေထက် အမျိုးသားတွေနဲ့ တန်းတူ ဘဝကို ရုန်းကန်နေသူတွေက ပိုလို့များခဲ့ပါသည်။

ဖိုနဲ့မ မတူညီတဲ့ သဘာဝနှစ်ခုကြားမှာ ညှိနှိုင်းလို့မရတဲ့ ကွာဟမှုတွေ အတောမသတ် နိုင်အောင် များပြားနေခဲ့ပေမယ့် ဟန်ချက်ညီအောင် ထိန်းကျောင်းပဲ့ကိုင်နေသူတွေဟာ ကျွန်မတို့ မိန်းမသားတွေပါရှင့်လို့ မဆီမဆိုင် အငေါ်တူးချင်မိပါသည်။
စာရေးသူပေးချင်တဲ့ မက်ဆေ့ခ်ျကို သိပင်သိသော်လည်း စာအုပ်ကို ဆက်မဖတ်ချင်တော့အောင် စိတ်ဓါတ်ကျသွားမိတာမို့ လက်ကိုင်ဖုန်းကို ကောက်ယူပြီး လူမှုရေး စာမျက်နှာတွေပေါ်မှာ နောက်ဆုံး စက်ရပ်သတင်းတွေကို ရှာဖွေလိုက်မိပါသည်။

အိန္ဒိယနိုင်ငံက ဆေးကျောင်းသူလေးတစ်ယောက် အကြမ်းဖက်ခံရတဲ့ သတင်းနဲ့ ကျောင်းသူလေးရဲ့ ဓါတ်ပုံလေးကို စိတ်မကောင်းစရာ ထပ်တွေ့ရပြန်ပါသည်။
၂၀၁၂ ဒီဇင်ဘာ နှစ်ကုန်ပိုင်းမှာ ကမ္ဘာတဝှမ်းလုံးက အမျိုးသမီးထုကို တုန်လှုပ်စေတဲ့ သတင်းလေးက နှစ်သစ်ရောက်တဲ့အထိ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ နေရာယူနေဆဲ။
သူကလေးရဲ့ သတင်းလေးက ကျွန်မဖတ်ဖူးသမျှ သတင်းတွေထဲမှာ ရင်ထုမနာ ဖြစ်ရသလို ထိတ်လန့်ကြေကွဲလွန်းစွာ နာကျင်ရတဲ့ သတင်းလေးတစ်ပုဒ်လဲ ဖြစ်ပါသည်။
 
အသက်နှစ်ဆယ်ကျော် အလှသွေးကြွယ်လွန်းတဲ့အချိန်မှာ ပညာတတ် အမျိုးကောင်းသမီးလေး တစ်ယောက် အသက်ရော အရှက်ပါ စတေးသွားရတဲ့ အဖြစ်ဆိုးကြီးက ကမ္ဘာတဝှမ်းလုံးက အမျိုးသမီးထု တစ်ရပ်လုံးရဲ့ လုံခြုံရေးကို မီးမောင်းထိုးပြခဲ့သည်လေ။
“လောကမှာ ပညာတတ်တဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ပညာ မတတ်တဲ့ မိန်းကလေးပဲဖြစ်ဖြစ် ဖြူတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် မည်းတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် အကြမ်းဖက်သမားတွေ မျက်စိထဲမှာတော့ သာမာန် သားကောင် … သာမာန် မိန်းမ တစ်ယောက်ပါပဲ…. “
သူမရဲ့ အရှက်နဲ့ အသက် တစစီ ကြွေလွင့်ချိန်မှာ ကျွန်မတို့ သင်ယူလိုက်ရတဲ့ သင်ခန်းစာ တစ်ခုပဲ ဖြစ်ပါသည်။

အဖော်တစ်ယောက်နဲ့အတူ ဘတ်စ်ကားမှားစီးမိတဲ့ အဖြစ်က လူတိုင်းဖြစ်နိုင်တဲ့ အဖြစ်။ မထူးဆန်းတဲ့ အဖြစ်တစ်ခု။ ထူးဆန်းသွားတာက ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ လူခြောက်ယောက်က သူမရဲ့ အဖော်ကို သေလာက်တဲ့အထိ ထိုးကြိတ်ပြီး သူမကို သားမယားအဖြစ် ကျူးလွန်တဲ့ အဖြစ်။  ပိုလို့ ထူးဆန်းတာက အပြစ်မဲ့တဲ့ ဆေးကျောင်းသူလေးကို ကိုယ်တွင်း အဂါင်္အစိတ်အပိုင်းတွေပါ ထွက်ကျစေတဲ့အထိ တိရိစ္ဆာန်တစ်ကောင်လို တိုက်ခိုက်ခဲ့တဲ့ အပြင် ဝတ်လစ်စလစ်နဲ့ လမ်းပေါ်မှာ ပစ်ထားခဲ့တဲ့ အမျိုးသားခြောက်ယောက်ရဲ့ ယုတ်မာမှုပဲ ဖြစ်ခဲ့ပါသည်။

ကံမကောင်းအကြောင်းမလှတဲ့ ဆေးကျောင်းသူလေးကတော့ စင်္ကာပူနိုင်ငံက ဆေးရုံပေါ်မှာ နှစ်ပတ်လောက်သာ အသက်ရှင်ခွင့်ရခဲ့သည်။ဆေးရုံပေါ်မှာ ရှိနေခဲ့တဲ့ နှစ်ပတ်လုံးလုံး ကိုမာရပြီး သတိလစ်မိန်းမောနေခဲ့ပေမယ့် သတိရလာတဲ့ အချိန်တိုင်းမှာ နာနာကျင်ကျင် ငိုကြွေးခဲ့ရှာတဲ့ သူမရဲ့ ကိုယ်ရော စိတ်ပါ နာကျင် ခံစားရမှုတွေကို ဘယ်သူတွေများ ထပ်တူခံစားပေးနိုင်မလဲ။ သူမကို မွေးခဲ့တဲ့ မိခင်နဲ့ ဘဝတူ မိန်းမသားတွေသာ သူမရဲ့ နာကျင်မှုတွေကို စာနာနိုင်မှာ သေချာပါသည်။

မဟာ ဖိုဝါဒကို လက်ကိုင်ထားကြတဲ့ အမျိုးကောင်းသားတွေအနေနဲ့ နှမသားချင်းစာနာစိတ်နဲ့ ဂရုဏာ သက်ကောင်း သက်နိုင်ပါသည်။
သို့ပေမယ့် သူမ ဆုံးရှုံးခဲ့ရတဲ့ အသက် အရှက် သိက္ခာ သူမစတေးခဲ့ရတဲ့ နုပျိုမှုနဲ့ အိပ်မက်တွေ သူမခံစားခဲ့ရတဲ့ သေလုမြောပါးနာကျင်မှုတွေကို ဘဝတူ မိန်းမသားတွေကသာ ထပ်တူခံစားလို့ရနိုင်သည်လေ။
လောကကြီးရဲ့ တရားမျှတမှုဆိုတာကလဲ တခါတလေတော့ မျက်လုံးမပါတဲ့ ချိန်ခွင်လျှာလို စောင်းချင်တဲ့ဘက်ကိုသာ သာသာထိုးထိုး စောင်းတတ်တာမို့ မတရားမှုပေါ် မတရားမှုတွေ ဆင့်နေတာကိုလဲ အပြစ်မဆိုသာ။

ဥပမာ အနေနဲ့ ပြောရရင် ကျွန်မတို့ မိန်းမသားတွေနဲ့ပက်သက်ရင် လူသိရှင်ကြား ဟိုးလေးတကြော်ကြော် ဖြစ်ပွားခဲ့ကြတဲ့ အဓမ္မမှုတွေကိုသာ အတိအလင်းကြေငြာကြတာမျိုး။ လူမသိသူမသိ စော်ကားခံခဲ့ရတဲ့ ဖြစ်ရပ်မျိုးကိုတော့ ဘယ်သူမှမသိလိုက်ကြ။ ကာယကံရှင်တစ်ယောက်သာ ကြိတ်မှိတ်ပြီး ဒူးနဲ့ မျက်ရည်သုတ်ရတာမျိုး။
မိန်းမသားဆိုတာ အရှက်နဲ့ လူလုပ်တာလေလို့ ခပ်ဟဟလေးပြော မပွင့်တပွင့်လေးပြုံး နာနာကျင်ကျင်နဲ့ ခံစား အပူရုပ်ဟန်လုပ်ရင်းနဲ့ လုံးပါးပါးခဲ့ရှာတဲ့ ဘဝတွေကို ကျွန်မတို့ မမြင်နိုင် မတွေ့နိုင် လက်လှမ်းမမီနိုင်ခဲ့။

ကမ္ဘာပေါ်မှာ မုဒိန်းကောင်ရဲ့ သားကောင်ဖြစ်ရရှာတဲ့ မိန်းမသား အရေအတွက်ကလဲ တစ်နှစ်ကို  အနည်းဆုံး သုံးသိန်းကနေ အများဆုံး ၁.၃ သန်းအထိရှိနေခဲ့ပြီ။ ဖြစ်ပွားခဲ့တဲ့ အဓမ္မမှုတွေထဲမှာ လူမသိ သူမသိပျောက်သွားတဲ့ အမှုတွေက ရာခိုင်နှုန်းငါးဆယ်ကျော် ( တိတိကျကျပြောကြတာက ၅၄ ရာခိုင်နှုန်း)ဆိုတော့ မိန်းမသားတွေရဲ့ ဆုံးရှုံးမှု နစ်နာမှုတွေက မျက်ရည်တွေကြားမှာ ဝိုးတဝါး ပျောက်သွားတတ်တာမျိုးလား။ 

“အမျိုးသမီးတွေရဲ့ ဘဝမှာ ရွေးစရာလမ်းကလဲ များများစားစား မရှိလှဘူး ။ အမျိုးသမီးအခွင့်အရေး တောင်းဆိုသူဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ အမျိုးသမီးတွေ ခံစားနေရတဲ့ အရှုံးတွေအတွက် ထိထိခိုက်ခိုက် နာကျင်ခံစားသူပဲ ဖြစ်ရမယ်။”
သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားကို သတိရလိုက်မိတော့ ကျွန်မက ဒုတိယ အမျိုးအစား အမျိုးသမီးတစ်ယောက် နေရာမှာသာ ရှိနေဆဲဆိုတာကို သတိပြုမိပါသည်။
အမျိုးသမီးအခွင့်အရေး တောင်းဆိုနေသူတွေကို နေရာတိုင်းမှာ မြင်နေတွေ့နေရပေမယ့် တကယ်တမ်းမှာ အမျိုးသမီးတွေ တောင်းဆိုခဲ့တဲ့ အခွင့်အရေးတွေ ရခဲ့ပါသလားဆိုတဲ့ မေးခွန်းကိုသာ အကြိမ်ကြိမ် မေးခွန်းထုတ်မိနေခဲ့တာကို ကျွန်မကိုယ်တိုင်သာ သိခဲ့သည်လေ။

“ကျွန်မတို့ လမ်းထွက်တဲ့ အချိန်အခါနဲ့ ဝတ်ထားတဲ့ အဝတ်အစားကို အပြစ်မဖွဲ့ပါနဲ့ မုဒိမ်းကောင်တွေကိုသာ အပြစ်တင်ပါ”
“အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးပေးပါ”
“ကလေးမလေးတွေက သူတို့ကို အလေးထားတာလိုချင်တယ် အမျိုးသမီးတွေက သူတို့ကို လေးစားတာလိုချင်တယ်”
“အမျိုးကောင်းသားတွေဟာ ဘယ်တော့မှ မုဒိန်းမှုကို မကျူးလွန်ကြပါဘူး”
“ကျွန်မက အမျိုးသမီးဝါဒကို လက်ကိုင်ထားတယ် အမျိုးသားတွေကိုတော့ မမုန်းပါဘူး”
“ကျွန်မလေ ဆံစကနေ ခြေဖျားအထိ လုံလုံခြုံခြုံ ဝတ်ဆင်ထားခဲ့ပါတယ်… ဒါပေမယ့် မုဒိန်းကောင်ရဲ့ သားကောင် ဖြစ်ခဲ့ပါတယ်။”
“ ငါ့အတွက် ထိုင်ခုံမရှိလို့ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စာသင်ရတာ ပြဿနာမဟုတ်ပါဘူး။ ငါ အမျိုးသားတွေနဲ့ တန်းတူ ထိုင်ပြီးစာသင်ခွင့်မရရင်နေပါစေ…အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ငါ့ကို ပညာသင်ခွင့်လေးတော့ပေးပါ။”

ကျွန်မတို့ မျက်စေ့ရှေ့မှာတင်ပဲ အမျိုးသမီး အခွင့်အရေး တောင်းဆိုသံတွေ ကျယ်သည်ထက် ကျယ်လောင်လာခဲ့ပါသည်။အမျိုးသမီး အခွင့်အရေးတိုက်ပွဲတွေ ပြင်းထန်သည်ထက် ပိုပြီး ပြင်းထန်လာခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံက မာလာလာဆိုတဲ့ ကျောင်းသူလေးက သူ့နိုင်ငံမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ တောင်းဆိုတဲ့အတွက် အကြမ်းဖက်သမားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ သတင်းလေးက အေးချမ်းစွာ ပညာသင်ကြားခွင့်ရနေတဲ့ မိန်းကလေးတွေအတွက် အထူးအဆန်းဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။

သို့ပေမယ့် ဒီသတင်းလေးကပဲ အစွန်းရောက် မဟာအမျိုးသားဝါဒီတွေ အမျိုးသမီးတွေရဲ့ အခွင့်အလမ်းကို ဘယ်လို ပိတ်ပင်ခဲ့သလဲဆိုတာကို မသိသူတွေ သိခွင့်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရပြန်ပါသည်။
ကမ္ဘာတဝှမ်းလုံးအနေနဲ့ ခြုံငုံကြည့်ပြန်တော့ တစ်ရွာတစ်ပုဒ်ဆန်း တစ်ကျောင်းတစ်ဂါထာ ဆိုသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေက တစ်နေရာနဲ့ တစ်နေရာ မတူညီပဲ ကွဲပြားနေတာ တွေ့ရသည်။
ဒါကြောင့်လဲ နိုင်ငံတိုင်း လူမျိုးတိုင်း နေရာတိုင်းမှာ အမျိုးသမီးတွေ ရဲရဲရင့်ရင့် ရှေ့တန်းကို ထွက်ပြီး အခွင့်အရေးတွေ တောင်းခဲ့ကြသည်။

ဒါပေမယ့် မျက်ကန်း မဟာအမျိုးသား ဝါဒီတွေကြားမှာ အမျိုးသမီးတွေရဲ့ တောင်းဆိုချက်တွေ ထင်သလောက် အရာမထင်သေးတာတော့ သေချာပါသည်။ ခရီးနှင်ပင်နှင်သော်ငြား ထင်သလောက် ခရီးမပေါက် လိုသလောက် ခရီးမရောက်သေးပါ။
ညဦးပိုင်းကစလို့ ညလယ်ပိုင်းရောက်တဲ့အထိ စာအုပ်တစ်အုပ် သတင်းတစ်ပုဒ်နဲ့တူ တောင်စဉ်ရေမရတဲ့ အတွေးမျှင်တွေက ဆန့်တန်းလို့ မကုန်နိုင်ခဲ့။ နောက်ကျိတဲ့ နှလုံးအစုံနဲ့ အိပ်မောကျသွားချိန်မှာတော့ အိပ်မက်တစ်ခု မြင်မက်ခဲ့ပါသည်။

(၃)
အိပ်မက်ထဲမှာတော့ ကျွန်မက ရွက်ကြွေတွေ လွှမ်းနေတဲ့ မြေနီလမ်းလေးပေါ်မှာ တလှမ်းချင်းလှမ်းလို့… ကျွန်မရဲ့ ခြေထောက်အစုံမှာတော့ ယောက်ျားစီး  ရာဘာဖိနပ်အဖြူရောင်လေးတစ်ရံ…….. လမ်းဘေးဝဲယာက သစ်ပင်ကြီးတွေကို မျှော်ကြည့်မိတော့လဲ ရွက်ကြွေတွေက တဖွဲဖွဲ ကြွေလို့ပဲ မဆုံးနိုင်တော့……
နှင်းနဲ့မာယာ
International Women’s Day
March 8





My Blog List