ကြွေကာလေမစဲတော့သည်



လောကမှာ ပညာတတ်တဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ပညာ မတတ်တဲ့ မိန်းကလေးပဲဖြစ်ဖြစ် ဖြူတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ညိုတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် မည်းတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်းတွေ မျက်စိထဲမှာ သာမာန် မိန်းမတစ်ယောက်  ဖြစ်နေမယ်အကြမ်းဖက်သမားတွေ အမြင်မှာတော့ သာမာန် သားကောင်  တစ်ကောင် ဖြစ်နေလိမ့်မယ်

()
တယ်လီဖုန်းမြည်သံအတူ တာဝန်ကျ မန်နေဂျာရဲ့ အသံကို စကားပြောစက်ပေါ်မှာ စူးစူးဝါးဝါး ကြားလိုက်ရသည်။
ဖုန်းပေါ်မှာပေါ်နေတဲ့ နံပါတ်ကလဲ မန်နေဂျာရုံးခန်းက နံပါတ် စကားပြောစက်ကလဲ မန်နေဂျာရဲ့ စကားပြောစက်ဖြစ်နေတာမို့ စကားပြောစက်ကို အရင်ဖြေလိုက်တော့
 ဆေးအဖွဲ့ကို ဖုန်းခေါ်ပါ…. ဆေးအဖွဲ့ကို အခုချက်ချင်းဖုန်းခေါ်ပါ
ဘယ်နေရာကို ခေါ်ရမှာလဲ
မင်းရဲ့ ရုံးခန်းရှေ့က အများသုံး သန့်စင်ခန်း
စကားပြောစက်ပေါ်က ကြားနေရတဲ့ လေသံကို နားထောင်ကြည့်ရုံနဲ့ အရေးပေါ် ကိစ္စတစုံတရာ ရှိနေပြီဆိုတာ ခန့်မှန်းမိလိုက်ပါသည်။

ဆေးအဖွဲ့ကို ဖုန်းဆက်ပြီး လာရမယ့်နေရာကို သတင်းပို့ပြီးတာနဲ့ ထိုင်နေရာကထပြီး ရုံးခန်းရှေ့တည့်တည့်မှာ မြင်နေရတဲ့ အများသုံး သန့်စင်ခန်းကိုလှမ်းကြည့် လိုက်မိပါသည်။
 ယူနီဖောင်းဝတ် ရဲတွေ ရဲမေတွေ လုံခြုံရေးတွေနဲ့ တာဝန်ကျ ကြီးကြပ်ရေးမှူးတွေ မန်နေဂျာတွေ သန့်စင်ခန်းရှေ့မှာ စုရုံးနေတာကိုတွေ့လိုက်ရပါသည်။ သန့်စင်ခန်းကိုတော့ အတားအဆီးတွေနဲ့ ယာယီပိတ်ထားပြီး သက်ဆိုင်ရာ ရဲတွေ ရဲမေတွေကတော့ သန့်စင်ခန်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်များနေကြပါသည်။

လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ နေ့လည် နှစ်နာရီခွဲ။ အတွေ့အကြုံအရ ဒီလိုရေးအပေါ် အခြေအနေမျိုးဖြစ်လေ့ဖြစ်ထရှိတဲ့ အာဖရိက ခရီးစဉ်တစ်ခုကလဲ ညနေလေးနာရီမှာ ရှိနေတာမို့ စိုးရိမ်စိတ်နဲ့အတူ တိုးတိုးလေးဆုတောင်းလိုက်မိပါသည်။

သနားစရာ ကလေးမလေးတွေထဲက မဖြစ်ပါစေနဲ့……”
ကျွန်မ တိုးတိုးတိတ်တိတ် ဆုတောင်းမိစဉ်မှာပဲ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက် ရုံးခန်းထဲကို ဝင်လာပြီး နိုင်ငံကူးလက်မှတ် တစ်ခုနဲ့အတူ လေယာဉ်ပေါ် တက်ရောက်ခွင့် လက်မှတ်လေးကို မိတ္တူ ၅ စုံကူးပေးဖို့ ပြောလာပါသည်။
ကျွန်မ လက်ထဲကို ကမ်းပေးလာတဲ့ နိုင်ငံကူးလက်မှတ်လေးရဲ့ အရောင်ကို မဝံ့မရဲ ကြည့်လိုက်မိပါသည်။
နိုင်ငံကူးလက်မှတ် အရောင်လေးက ကျွန်မနဲ့ အင်မတန်ရင်းရင်းနှီးနှီး ရှိလှတဲ့ အရောင်လေး စာအုပ်လေးထဲမှာ ညှပ်ထားတဲ့ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်လေးမှာ ဖော်ပြထားတဲ့ ခရီးစဉ်ကလဲ ကျွန်မ စိုးထိတ်မိတဲ့ အာဖရိက ခရီးစဉ်လေး။

နိုင်ငံကူးလက်မှတ်ကို မိတ္တူကူးချိန်မှာ မြင်နေရတဲ့ ကိုယ်ရေးအချက်အလက်တွေကို မသိမသာ ကြည့်မိပြန်တော့ ရင်ထဲမှာ ဆို့သွားရပြန်ပါသည်။
စာအုပ်လေးထဲက ပါတ်စ်ပို့ ဓါတ်ပုံက သေးသေးလေးဆိုပေမယ့် မျက်လုံးမွဲမွဲ ဆံစကျဲကျဲ မျက်နှာငယ်လေးနဲ့ အသက် ၂၂ နှစ်သာရှိသေးတဲ့ ကလေးမလေးကို သနားစဖွယ်တွေ့လိုက်ရပါသည်။ 

သူ့အခြေအနေ ဘယ်လိုရှိလဲဘာဖြစ်တာလဲဟင်…”
ဒီလိုကိစ္စတွေကို ကျွန်မတို့ ဝန်ထမ်းတွေအနေနဲ့ စပ်စုဖို့ မသင့်ပေမယ့် မနေနိုင်လွန်းစွာ မရဲတရဲလေး မေးကြည့်တော့ သဘောကောင်းပုံရတဲ့ အရာရှိက သူသိသလောက် ဖြေပေးပါသည်။
အခြေအနေက ၅၀-၅၀ ပဲ.. အခု ဆေးရုံပို့တော့မယ်…. သန့်စင်ခန်းထဲမှာ ကြိုးဆွဲချပြီး သေကြောင်းကြံစည်မှုလေသန့်ရှင်းရေးဝန်ထမ်းက အချိန်မီတွေ့လို့သာပေါ့..”
အိုးဘုရားသခင်
တကယ်ဆို ဒီအချိန်ဟာ ကလေးမလေး အစွမ်းကုန် ပျော်ရွှင်နေရမယ့်အချိန်။ မိသားစုတွေ စောင့်မျှော်နေတဲ့ အိမ်ကို ပြန်ဖို့ လမ်းခုလတ်မှာ ဒီလို မဖြစ်သင့်ဘူးလေသူ့သူငယ်ချင်းလေးတွေက ဘာလို့များ မတားမြစ်ကြပါလိမ့်….

စိတ်ကူးအိပ်မက်တွေကို ဘဝနဲ့ရင်းပြီး အကောင်အထည်ဖော်နေကြတဲ့ ဒီအီသီယိုးပီးယား နိုင်ငံသူလေးတွေကို ကျွန်မ သနားစိတ်ပိုမိတာ အကြိမ်ပေါင်းမနည်းတော့ပါ။
သူတို့ရဲ့ မတော်တဆမှုများစွာနဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်ပေါင်းများစွာကို မကြာခဏဆိုသလို မြင်တွေ့နေရသူမို့ ဂရုဏာ သက်မိသလို သူတို့ကိုယ်စား ထိခိုက်ကြေကွဲနာကျင်မိတဲ့ အကြိမ်တွေလဲ မနည်းလှ

ကျွန်မရဲ့ ရုံးခန်းလေးက အများသုံး အမျိုးသမီး သန့်စင်ခန်းတွေရဲ့ ရှေ့တည့်တည့်မှာ ရှိနေသလို ကျွန်မရဲ့ အလုပ်ချိန်တွေကလဲ သူတို့ခရီးစဉ်တွေရှိတတ်တဲ့ အချိန်တွေ ဖြစ်နေတာက သူတို့လေးတွေရဲ့ ဘဝတွေကို သိမြင်စာနာဖို့ ဖြစ်လာခဲ့လေသလားမသိ။

နိုင်ငံတကာ လေဆိပ်တွေမှာ အမျိုးသမီးအများစု ပြဿနာ အများဆုံးဖြစ်တတ်တဲ့ နေရာတွေဟာ အများသုံးသန့်စင်ခန်းတွေပဲ ဖြစ်ပါသည်။ အခြားလေဆိပ်တွေကို သတိမထားမိပေမယ့် ကျွန်မတို့ လေဆိပ်မှာ မတော်မဆမှုတွေ ပေါင်းစုံတဲ့နေရာဟာ ကျွန်မရုံးခန်းရှေ့တည့်တည့်က အမျိုးသမီးသန့်စင်ခန်းတွေဆိုတာကိုတော့ လက်မခံချင်လဲ လက်ခံနေရပါသည်။
မကြာခဏဆိုသလို သန့်စင်ခန်း ယာယီပိတ်ထားတယ်ဆိုတဲ့ အဖြစ်တွေကို ကြုံတွေ့ရတတ်သလို သန့်စင်ခန်းပိတ်ရခြင်းရဲ့ နောက်ကွယ်မှာ သင်ယူမှတ်သားလို့ မကုန်နိုင်သော သင်ခန်းစာတွေ ကျန်ရစ်ခဲ့စမြဲ။

အတွေးစတွေနဲ့ ငြိမ်သက်နေဆဲမှာပဲ  လူနာတင် တွန်းလှည်းပေါ်မှာ အောက်ဆီဂျင်ပိုက်တန်းလန်း အရေးပေါ်ဆေးပုလင်းတန်းလန်းနဲ့ ပါသွားတဲ့ ကလေးမလေးကို ဖြတ်ကနဲတွေ့လိုက်ရပါသည်။
ရုံးခန်းရှေ့မှာ အချိန်အတန်ကြာအောင် စုစုရုံးရုံးရှိနေခဲ့တဲ့ လူအုပ်ကြီးရှင်းသွားပေမယ့် အများသုံးသန့်စင်ခန်းကတော့ ပိတ်ထားဆဲ။ တာဝန်ကျ ရဲတွေ ရဲမေတွေရဲ့ စစ်ဆေးရေး မပြီးမချင်း ပိတ်ထားတတ်တာကလဲ ထုံးစံလိုဖြစ်နေပါသည်။

သနားစရာ ကလေးမလေးအတွက် အမည်ဖော်ပြလို့မရတဲ့ စိုးရိမ်သောကနဲ့ တွေဝေနေမိတဲ့ အချိန်မှာကျွန်မရုံးခန်းရဲ့ ဘေးကပ်ရက်က ရုံးခန်းမှာ တာဝန်ကျနေတဲ့ သူငယ်ချင်းမလေးနှစ်ယောက် ကော်ဖီခွက် ကိုယ်စီနဲ့ ကျွန်မရုံးခန်းထဲကို ရောက်လာခဲ့ပါသည်။ သူတို့နှစ်ယောက် ကျွန်မကို နှုတ်ဆက်နေစဉ်မှာပဲ သန့်ရှင်းရေးတာဝန်ကျ အမျိုးသမီးလေးလဲ သောက်ရေဗူးလေးကိုင်ပြီး ရေဖြည့်ဖို့ ရောက်လာခဲ့ပါသည်။
သန့်ရှင်းရေး အမျိုးသမီးလေးအနောက်မှာ အခြားဌာနက ချာတိတ်မလေးနှစ်ယောက် ကပ်လျက်ပါလာတာမို့ မစပ်စုလေးတွေ စပ်စုဖို့ လာကြပြီဆိုတာ သေချာသွားပါသည်။

အမျိုးသမီး သဘာဝ စုံစမ်းစစ်ဆေးရေး မေးခွန်းပေါင်းစုံ ထွက်လာတော့မယ်ဆိုတာ သိနေပေမယ့် ကျွန်မကစပြီး မမေးမိအောင် နှုတ်ဆိတ်နေလိုက်ပါသည်။
သူက ဘာဖြစ်လို့ ကြိုးဆွဲချ သေကြောင်းကြံတာလဲ”
လေဆိပ်ထဲမှာ ကြိုးက ဘယ်ကရတာလဲ
ဘယ်လိုဖြစ်ပြီး သန့်ရှင်းရေးသမားက မိသွားတာလဲ
သန့်စင်ခန်းနံပါတ်ဘယ်လောက်မှာ ဖြစ်တာလဲ
သူ သေသွားပြီလား
လမ်းခုလတ်ကြီးမှာ ဘာလို့ အဲလိုလုပ်ရတာလဲ…..အိမ်ပြန်ရောက်မှ လုပ်တာမဟုတ်ဘူး
ကျွန်မ အပါအဝင် မိန်းမသား ခြောက်ယောက်ရှိတဲ့ အခန်းလေးမှာ မေးခွန်းပေါင်းစုံ ထင်မြင်ချက်ပေါင်းစုံ သုံးသပ်ချက်ပေါင်းစုံ ပေါ်ထွက်လာပါသည်။
 သူခြုံလာတဲ့ ရှောစောင်လေးနဲ့ ကြိုးကွင်းလုပ်လိုက်တာလေ မသန်မစွမ်းတွေ သုံးတဲ့ အခန်းကျယ်ကြီးထဲ မှာဖြစ်တာလို့ပြောတာပဲ
သန့်စင်ခန်းထဲမှာ ကြိုးဆွဲချပြီး သေကြောင်းမကြံခင် အဆိပ်တွေလဲ သောက်လိုက်သေးတယ်
အဲဒီ အဆိပ်က ဘယ်ကရတာလဲ သူယူလာတာလား
ထုံးစံအတိုင်း သူ့ အိမ်ရှင်က အနိုင်ကျင့် စော်ကားလိုက်တာ ဖြစ်မှာပေါ့
သူ ဟိုကနေ ကိုယ်ဝန်ပါလာလို့လားမသိဘူးနော်
ပြီးခဲ့တဲ့ အပတ်ကပဲ အီသီယိုးပီးယားမလေးတစ်ယောက် အဲလိုဖြစ်ပြီး ဆေးရုံပို့လိုက်ရသေးတယ်နော်
ဘာကြောင့်ပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နောက်ကွယ်က ကဲ့ရဲ့ ပြစ်တင်စကားတွေ တီးတိုး ဝေဖန်သံတွေက သနားစရာ မျက်နှာမွဲ ချာတိတ်မလေးရဲ့ ကံကြမ္မာတွေကို ပြောင်းလဲစေနိုင်မှာ မဟုတ်တော့ပါ….

သူတို့ပြောနေကြသလိုပဲ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အလားတူ ပြဿနာတစ်ခု ကျွန်မရဲ့ မျက်စိရှေ့မှာ ဖြစ်ခဲ့ဘူးပါသည်။
အီသီယိုးပီးယားနိုင်ငံသူလေးတစ်ယောက် သူမအလုပ်လုပ်မယ့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံကို အသွား လမ်းခုလတ်မှာ အရေးပေါ် အခြေအနေနဲ့ ဆေးရုံရောက်သွားခဲ့ပါသည်။
အလုပ်လုပ်ဖို့ အသွား တထောက်နားတဲ့ လေဆိပ် သန့်စင်ခန်းထဲမှာ သွေးသံရဲရဲနဲ့ ဒုက္ခများနေခဲ့တာမို့ နီးစပ်ရာ အမျိုးသမီးတွေက ရဲတွေ လုံခြုံရေးတွေကို အကူအညီတောင်းလာခဲ့ပါသည်။ ဆေးအဖွဲ့က အရေးပေါ်ကုသမှုပေးပြီး ဆေးရုံပို့ပေးခဲ့တဲ့ အဖြစ်က သိပ်မကြာသေးပါ။ 

တချို့ကလဲ သူတို့ဆန္ဒမပါပဲ ရလာတဲ့ ကိုယ်ဝန်တွေကို အမိမြေမရောက်ခင် လမ်းခုလတ်မှာ အလွယ်တကူ ရှင်းလင်းချင်ပုံရပါသည်။ တချို့ကလဲ မိခင်နိုင်ငံက ပါလာတဲ့ ကိုယ်ဝန်တွေကို အလုပ်လုပ်တဲ နိုင်ငံအထိ မသယ်ချင်တဲ့အတွက် လမ်းခုလတ်မှာ ရှင်းကြလင်းကြသည်။
ဒါပေမယ့် အသိပညာမဲ့သူလေးတွေ ဗဟုသုတနည်းသူလေးတွေ  ဖြစ်တာမို့  လေဆိပ်တစ်ခုရဲ့ လုံခြုံရေးတင်းကျပ်မှု သဘောသဘာဝကို နားမလည်ကြရှာ။ လမ်းခုလတ် တထောက်နားရာ နိုင်ငံဆိုပေမယ့် ဥပဒေတင်းကျပ်တဲ့ နိုင်ငံရယ်လို့ မသိကြရှာ။ အများသုံးသန့်စင်ခန်းတစ်ခုဟာ သူတို့ရဲ့ အရှက်တွေ အသက်တွေအတွက် ထွက်ပေါက်တစ်ခုလို့ ရိုးရှင်းစွာပဲ ခံယူထားကြပုံရပါသည်။

ဆင်းရဲတွင်းက ရုန်းထွက်ဖို့အတွက် ပညာမဲ့ မျက်နှာမွဲ အီသီယိုးပီးယားသူလေးတွေ နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်ရတာ သူတို့အတွက် မဟာစွန့်စားခန်းကြီးတစ်ရပ် ဖြစ်နိုင်ပါသည်။
သူတို့ကြီးပြင်းခဲ့တဲ့ ရေမြေတောတောင် သဘာဝ သူတို့ရုန်းကန်ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဘဝတွေက အီသီယိုးပီးယားသူလေးတွေကို ပုပုညှက်ညှက် သေးသေးကွေးကွေးလေးတွေ ဖြစ်စေခဲ့ပါသည်။ 

အရွယ်ရောက်ပင်ရောက်သော်ငြား ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုမရှ၊ိ အသားအရေ စိုပြည်ခြင်း အလျင်းမရှိ၊ အချို့ အချို့သော အာဖရိကသူ ပျိုဖြူလေးတွေအတွက် ရာဘာ ဖိနပ်ဖြူဖြူလေးတွေ ဝတ်ဆင်ခွင့်ရခြင်းကပဲ မဟာဆုလာဘ် တစ်ပါးလေလား ရာဘာခြေညှပ်ဖိနပ် ဖြူဖြူဖွေးဖွေးလေးတွေနဲ့ နေမထိ ထိုင်မသာ ဖြစ်နေတဲ့ ဟန်လေးတွေက သူတို့ မျက်နှာတွေပေါ်မှာ အထင်းသား။
မိသားစု စားဝတ်နေရေးပြေလည်ဖို့အတွက် သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေနဲ့ ရင်းနှီးပြီး အလုပ်အကျွေးပြုကြသူတွေ ကံကောင်းစေချင်ပါသည်။

ဒါပေမယ့် သူတို့အားလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က ကျွန်မတို့ ဆုတောင်းကြသလို ကံမကောင်းနိုင်ကြ။
သူတပါးတိုင်းပြည်မှာ တနေ့ကို ၁၈ နာရီက နာရီ ၂၀ နီးပါး အိမ်အလုပ်တွေ မနားတမ်းလုပ်ရမည်။ အစားအသောက်ကို မဝရေစာ အသက်ရှင် အလုပ်လုပ်နိုင်ရုံသာ စားခွင့်ရမည်။အခန့်မသင့်ရင် အိမ်ရှင် အမျိုးကောင်းသားတွေရဲ့ သားကောင်လဲ ဖြစ်နိုင်သည်လေ။
ကံအဆိုးဆုံး မိန်းကလေးတွေကတော့ ဖခင်မည်သူမည်ဝါ ဖော်ထုတ်ခွင့်မရပဲ မွေးကင်းစ နီတာရဲ ရင်သွေးလေးတွေ ပိုက်ပြီး အမိမြေကို ပြန်ကြရမည်။ 

ကံမဆိုးတဆိုးလို့ ဆိုနိုင်သူ ချာတိတ်မလေးတစ်ယောက်ကတော့ အိမ်အပြန်ခရီးမှာ သွက်သွက်ခါအောင် ရူးသွပ်သွားခဲ့တာမို့ ခရီးစဉ်ကို ဖျက်သိမ်းပြီး ဆေးရုံကိုပို့ခဲ့ရဘူးပါသည်။
အာဖရိကသူလေးတွေလိုပဲ တိုင်းတပါးမှာ အိမ်ဖော်လုပ်ကြသူတွေထဲမှာ အင်ဒိုနီးရှားသူ သီရိလင်္ကာသူ ဖိလစ်ပိုင်သူ နီပေါသူလေးတွေလဲ ရှိပါသည်။
အင်ဒိုနီးရှားသူလေးတစ်ယောက်ကတော့ အိမ်ရှင်တွေရဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်မှုကြောင့် ဒုက္ခတဘဝနဲ့ အိမ်ပြန်သွားတာကို တွေ့ခဲ့ဘူးပါသည်။

၂၀၁၂ နှစ်လယ်ပိုင်းတုန်းကလဲ သီရိလင်္ကာသူ အမျိုးသမီးတစ်ယောက် အမိမြေကို ပြန်ရောက်ပြီးမှ သံရုံးကနေတဆင့် သူမအလုပ်လုပ်ခဲ့ဘူးတဲ့ အိမ်ရှင်ကို တရားစွဲခဲ့တဲ့ သတင်းလေးတစ်ပုဒ်ကို ဖတ်ခဲ့ရပါသည်။

ဆေးစစ်ချက်နဲ့ ရိုက်ကူးထားခဲ့တဲ့ဓါတ်မှန်တွေအရ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ အိမ်ရှင်တွေ ရိုက်သွင်းထားခဲ့တဲ့ သံချောင်းပေါင်းများစွာကိုတွေ့ခဲ့ရပါသည်။ သူမရဲ့ ပြောဆိုချက်အရ အိမ်ရှင်က စိတ်ဆိုးတဲ့ အခါတိုင်း သံချောင်းတွေကို မီးကင်ပြီး သူမရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ ရိုက်သွင်းခဲ့ခြင်းပဲ ဖြစ်ပါသည်။
သီရိလင်္ကာသူနောက်တစ်ဦးကတော့ သူမထိန်းကျောင်းနေတဲ့ လေးလသားအရွယ် ကလေးငယ်လေး မတော်မဆ သေဆုံးသွားမှုနဲ့ သုံးနှစ်ကျော်ထောင်ဒဏ်ကျခံခဲ့ရပြီး နောက်ဆုံးမှာတော့ တရားရုံးက သူမကို သေဒဏ်ချမှတ်ခဲ့ပါသည်။

ကုသိုလ်ကံ အကျိုးပေးနုံချာလို့ ကျောမွဲ ဖြစ်ရတဲ့ ဘဝတွေမှာ ထပ်ဆင့် ထုထောင်းလာတဲ့ လောကဓံက ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း။
ဒုက္ခတောမှာ အမောကြီးမောပြီး အစုန်အဆန် မျောနေသူတွေကို မတွေ့ချင်လို့လဲ မျက်နှာမလွှဲနိုင်ခဲ့ပါ။
ညနေစောင်းလို့ ရုံးဆင်းချိန်အထိ ကျွန်မရဲ့ ရုံးခန်းလေးထဲမှာ  သတင်းတွေ  မှတ်ချက်တွေ ထင်မြင်ချက်တွေ ဟိုတစသည်တစ ပျံ့ကျဲနေခဲ့ပါသည်။

ရုံးဆင်းချိန်မှာတော့ အမှုတွဲတွေ များမြောင်လွန်းလှတဲ့ ရုံးခန်းလေးကို နှုတ်ဆက်ရင်း အကြိမ်ကြိမ် တောင်းခဲ့ဘူးတဲ့ ဆုတစ်ခုကို မရိုးနိုင်လွန်းစွာ တောင်းမိပြန်ပါသည်။
အတိတ်ဘဝက ဝဋ်ကြွှေးတွေရှိရင် ကျေပါစေ ညီမလေးတို့ရေ…”

()
ညနေက အလုပ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေ ပြန်မြင်ယောင်ပြီး အိပ်မရနိုင်တာမို့ အိပ်ယာထဲမှာပဲ အမေရိကန် စာရေးဆရာမ တစ်ယောက်ရဲ့ စာအုပ်တစ်အုပ်ကို အမြည်းသဘောနဲ့ တပိုင်းတစ ဖတ်ကြည့်မိပါသည်။
စာရေးသူရဲ့ စာအုပ်မိတ်ဆက်နဲ့ ဇာတ်လမ်းအကျဉ်းကို ဖတ်ပြီး ဝတ္ထုကို အစ အလယ် အဆုံး နည်းနည်းချင်းစီ မြည်းစမ်းရင်း စာဖတ်ခြင်းကို အစပျိုးရပါသည်။ မြန်မာဝတ္ထုမဟုတ်တဲ့ အင်္ဂလိပ်ဝတ္ထုတွေ ဖတ်တိုင်း တစ်အုပ်လုံးကို အစအဆုံး မဖတ်ခင် စာအုပ်ကို အဆင်ပြေတဲ့ နေရာကနေလျှောက်ဖတ်ပြီး ဇာတ်လမ်းကို မြည်းစမ်းကြည့်တတ်တာ ကျွန်မရဲ့ အကျင့်ပဲ ဖြစ်ပါသည်။

စာအုပ်လေးရဲ့ အရှေ့ပိုင်း ဇာတ်လမ်းအစလေးနားမှာ ရုတ်တရက်တွေ့လိုက်ရတဲ့ စကားပြောတစ်ခုက ကျွန်မကို အကြီးအကျယ် အံ့အားသင့်သွားစေပါသည်။
ယောက်ျားတွေဟာ မိန်းမတွေကို ရည်ရွယ်ချက် သုံးခုနဲ့ လက်ထပ်ကြတယ်။ ၁။ အရွယ်ရောက်ပြီး ယောက်ျားတိုင်း တပ်မက်တဲ့ သာယာမှု စည်းစိမ်အတွက် ၂။ သူတို့ကို ဝတ်ကြီးဝတ်ငယ် ပြုစုဖို့နဲ့ ၃။ ကိုယ်ဝန်ဆောင်ပေးဖို့….”
အိုးအင်မတန် အတ္တကြီးလွန်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ အတွေးအခေါ်ပါလား….လို့ မှတ်ချက်ချမိလိုက်ပါသည်။

တကယ်တန်း လက်တွေ့ဘဝမှာ  မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုဆိုတာ ယောက်ျားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်း ဆိုတာတွေထက် အများကြီး ပိုတယ်ဆိုတာ မသိသေးတဲ့ အမျိုးကောင်းသားတွေအတွက် စိတ်မကောင်း ဖြစ်ရပါသည်။
နယ်မြို့လေးတစ်မြို့မှာနေတဲ့ အဒေါ်တစ်ယောက် မိသားစုစီးပွားရေးအတွက် အိမ်ထောင်ဦးစီးနဲ့ ဒိုးတူဘောင်ဘက် စီးပွားရှာခဲ့သလို အိမ်ရဲ့ ဝေယျဝစ္စတွေကိုလဲ မလစ်ဟင်းစေအောင် လုပ်နေခဲ့တာကို အမြင်မတော်လွန်းစွာ ငြူစူခဲ့ဘူးပါသည်။

ထမင်းဟင်းချက်ခါနီး ပေါက်ဆိန်ကိုင်ပြီး ထင်းခွဲနေတာကို အပြစ်မဆိုခဲ့ပေမယ့် မိန်းမသားတန်မဲ့ အိမ်ထုတ်တန်းပေါ်တက်ပြီး ဓနိမိုးနေတာကိုမြင်တော့ မနေနိုင်လွန်းစွာ တားမြစ်မိပါသည်။
“အိုး... အန်တီရယ် ဒီအလုပ်တွေ အန်တီလုပ်စရာကို မလိုပါဘူး ဦးဦးလာမှ လုပ်ပါစေ…”
“အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာရင် သူ့တာဝန် ငါ့တာဝန် သူ့အလုပ် ကိုယ့်အလုပ်ရယ်လို့ ခွဲလို့မရတော့ဘူးလေ တူမကြီးရယ်.... သူမအားလို့ မလုပ်နိုင်တာကို အားတဲ့ အချိန်အထိ ထိုင်စောင့်နေမယ့်အစား ကိုယ်ထလုပ်လိုက်တော့ အလုပ်တစ်ခု ပြီးသွားရော မဟုတ်လား....
အမျိုးသမီးတွေဘဝမှာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးပေးပါလို့ တောင်းဆိုနေသူတွေထက် အမျိုးသားတွေနဲ့ တန်းတူ ဘဝကို ရုန်းကန်နေသူတွေက ပိုလို့များခဲ့ပါသည်။

ဖိုနဲ့မ မတူညီတဲ့ သဘာဝနှစ်ခုကြားမှာ ညှိနှိုင်းလို့မရတဲ့ ကွာဟမှုတွေ အတောမသတ် နိုင်အောင် များပြားနေခဲ့ပေမယ့် ဟန်ချက်ညီအောင် ထိန်းကျောင်းပဲ့ကိုင်နေသူတွေဟာ ကျွန်မတို့ မိန်းမသားတွေပါရှင့်လို့ မဆီမဆိုင် အငေါ်တူးချင်မိပါသည်။
စာရေးသူပေးချင်တဲ့ မက်ဆေ့ခ်ျကို သိပင်သိသော်လည်း စာအုပ်ကို ဆက်မဖတ်ချင်တော့အောင် စိတ်ဓါတ်ကျသွားမိတာမို့ လက်ကိုင်ဖုန်းကို ကောက်ယူပြီး လူမှုရေး စာမျက်နှာတွေပေါ်မှာ နောက်ဆုံး စက်ရပ်သတင်းတွေကို ရှာဖွေလိုက်မိပါသည်။

အိန္ဒိယနိုင်ငံက ဆေးကျောင်းသူလေးတစ်ယောက် အကြမ်းဖက်ခံရတဲ့ သတင်းနဲ့ ကျောင်းသူလေးရဲ့ ဓါတ်ပုံလေးကို စိတ်မကောင်းစရာ ထပ်တွေ့ရပြန်ပါသည်။
၂၀၁၂ ဒီဇင်ဘာ နှစ်ကုန်ပိုင်းမှာ ကမ္ဘာတဝှမ်းလုံးက အမျိုးသမီးထုကို တုန်လှုပ်စေတဲ့ သတင်းလေးက နှစ်သစ်ရောက်တဲ့အထိ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ နေရာယူနေဆဲ။
သူကလေးရဲ့ သတင်းလေးက ကျွန်မဖတ်ဖူးသမျှ သတင်းတွေထဲမှာ ရင်ထုမနာ ဖြစ်ရသလို ထိတ်လန့်ကြေကွဲလွန်းစွာ နာကျင်ရတဲ့ သတင်းလေးတစ်ပုဒ်လဲ ဖြစ်ပါသည်။
 
အသက်နှစ်ဆယ်ကျော် အလှသွေးကြွယ်လွန်းတဲ့အချိန်မှာ ပညာတတ် အမျိုးကောင်းသမီးလေး တစ်ယောက် အသက်ရော အရှက်ပါ စတေးသွားရတဲ့ အဖြစ်ဆိုးကြီးက ကမ္ဘာတဝှမ်းလုံးက အမျိုးသမီးထု တစ်ရပ်လုံးရဲ့ လုံခြုံရေးကို မီးမောင်းထိုးပြခဲ့သည်လေ။
လောကမှာ ပညာတတ်တဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ပညာ မတတ်တဲ့ မိန်းကလေးပဲဖြစ်ဖြစ် ဖြူတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် မည်းတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် အကြမ်းဖက်သမားတွေ မျက်စိထဲမှာတော့ သာမာန် သားကောင်သာမာန် မိန်းမ တစ်ယောက်ပါပဲ….
သူမရဲ့ အရှက်နဲ့ အသက် တစစီ ကြွေလွင့်ချိန်မှာ ကျွန်မတို့ သင်ယူလိုက်ရတဲ့ သင်ခန်းစာ တစ်ခုပဲ ဖြစ်ပါသည်။

အဖော်တစ်ယောက်နဲ့အတူ ဘတ်စ်ကားမှားစီးမိတဲ့ အဖြစ်က လူတိုင်းဖြစ်နိုင်တဲ့ အဖြစ်။ မထူးဆန်းတဲ့ အဖြစ်တစ်ခု။ ထူးဆန်းသွားတာက ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ လူခြောက်ယောက်က သူမရဲ့ အဖော်ကို သေလာက်တဲ့အထိ ထိုးကြိတ်ပြီး သူမကို သားမယားအဖြစ် ကျူးလွန်တဲ့ အဖြစ်။  ပိုလို့ ထူးဆန်းတာက အပြစ်မဲ့တဲ့ ဆေးကျောင်းသူလေးကို ကိုယ်တွင်း အဂါင်္အစိတ်အပိုင်းတွေပါ ထွက်ကျစေတဲ့အထိ တိရိစ္ဆာန်တစ်ကောင်လို တိုက်ခိုက်ခဲ့တဲ့ အပြင် ဝတ်လစ်စလစ်နဲ့ လမ်းပေါ်မှာ ပစ်ထားခဲ့တဲ့ အမျိုးသားခြောက်ယောက်ရဲ့ ယုတ်မာမှုပဲ ဖြစ်ခဲ့ပါသည်။

ကံမကောင်းအကြောင်းမလှတဲ့ ဆေးကျောင်းသူလေးကတော့ စင်္ကာပူနိုင်ငံက ဆေးရုံပေါ်မှာ နှစ်ပတ်လောက်သာ အသက်ရှင်ခွင့်ရခဲ့သည်။ဆေးရုံပေါ်မှာ ရှိနေခဲ့တဲ့ နှစ်ပတ်လုံးလုံး ကိုမာရပြီး သတိလစ်မိန်းမောနေခဲ့ပေမယ့် သတိရလာတဲ့ အချိန်တိုင်းမှာ နာနာကျင်ကျင် ငိုကြွေးခဲ့ရှာတဲ့ သူမရဲ့ ကိုယ်ရော စိတ်ပါ နာကျင် ခံစားရမှုတွေကို ဘယ်သူတွေများ ထပ်တူခံစားပေးနိုင်မလဲ။ သူမကို မွေးခဲ့တဲ့ မိခင်နဲ့ ဘဝတူ မိန်းမသားတွေသာ သူမရဲ့ နာကျင်မှုတွေကို စာနာနိုင်မှာ သေချာပါသည်။

မဟာ ဖိုဝါဒကို လက်ကိုင်ထားကြတဲ့ အမျိုးကောင်းသားတွေအနေနဲ့ နှမသားချင်းစာနာစိတ်နဲ့ ဂရုဏာ သက်ကောင်း သက်နိုင်ပါသည်။
သို့ပေမယ့် သူမ ဆုံးရှုံးခဲ့ရတဲ့ အသက် အရှက် သိက္ခာ သူမစတေးခဲ့ရတဲ့ နုပျိုမှုနဲ့ အိပ်မက်တွေ သူမခံစားခဲ့ရတဲ့ သေလုမြောပါးနာကျင်မှုတွေကို ဘဝတူ မိန်းမသားတွေကသာ ထပ်တူခံစားလို့ရနိုင်သည်လေ။
လောကကြီးရဲ့ တရားမျှတမှုဆိုတာကလဲ တခါတလေတော့ မျက်လုံးမပါတဲ့ ချိန်ခွင်လျှာလို စောင်းချင်တဲ့ဘက်ကိုသာ သာသာထိုးထိုး စောင်းတတ်တာမို့ မတရားမှုပေါ် မတရားမှုတွေ ဆင့်နေတာကိုလဲ အပြစ်မဆိုသာ။

ဥပမာ အနေနဲ့ ပြောရရင် ကျွန်မတို့ မိန်းမသားတွေနဲ့ပက်သက်ရင် လူသိရှင်ကြား ဟိုးလေးတကြော်ကြော် ဖြစ်ပွားခဲ့ကြတဲ့ အဓမ္မမှုတွေကိုသာ အတိအလင်းကြေငြာကြတာမျိုး။ လူမသိသူမသိ စော်ကားခံခဲ့ရတဲ့ ဖြစ်ရပ်မျိုးကိုတော့ ဘယ်သူမှမသိလိုက်ကြ။ ကာယကံရှင်တစ်ယောက်သာ ကြိတ်မှိတ်ပြီး ဒူးနဲ့ မျက်ရည်သုတ်ရတာမျိုး။
မိန်းမသားဆိုတာ အရှက်နဲ့ လူလုပ်တာလေလို့ ခပ်ဟဟလေးပြော မပွင့်တပွင့်လေးပြုံး နာနာကျင်ကျင်နဲ့ ခံစား အပူရုပ်ဟန်လုပ်ရင်းနဲ့ လုံးပါးပါးခဲ့ရှာတဲ့ ဘဝတွေကို ကျွန်မတို့ မမြင်နိုင် မတွေ့နိုင် လက်လှမ်းမမီနိုင်ခဲ့။

ကမ္ဘာပေါ်မှာ မုဒိန်းကောင်ရဲ့ သားကောင်ဖြစ်ရရှာတဲ့ မိန်းမသား အရေအတွက်ကလဲ တစ်နှစ်ကို  အနည်းဆုံး သုံးသိန်းကနေ အများဆုံး ၁.၃ သန်းအထိရှိနေခဲ့ပြီ။ ဖြစ်ပွားခဲ့တဲ့ အဓမ္မမှုတွေထဲမှာ လူမသိ သူမသိပျောက်သွားတဲ့ အမှုတွေက ရာခိုင်နှုန်းငါးဆယ်ကျော် ( တိတိကျကျပြောကြတာက ၅၄ ရာခိုင်နှုန်း)ဆိုတော့ မိန်းမသားတွေရဲ့ ဆုံးရှုံးမှု နစ်နာမှုတွေက မျက်ရည်တွေကြားမှာ ဝိုးတဝါး ပျောက်သွားတတ်တာမျိုးလား။ 

အမျိုးသမီးတွေရဲ့ ဘဝမှာ ရွေးစရာလမ်းကလဲ များများစားစား မရှိလှဘူး ။ အမျိုးသမီးအခွင့်အရေး တောင်းဆိုသူဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ အမျိုးသမီးတွေ ခံစားနေရတဲ့ အရှုံးတွေအတွက် ထိထိခိုက်ခိုက် နာကျင်ခံစားသူပဲ ဖြစ်ရမယ်။
သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားကို သတိရလိုက်မိတော့ ကျွန်မက ဒုတိယ အမျိုးအစား အမျိုးသမီးတစ်ယောက် နေရာမှာသာ ရှိနေဆဲဆိုတာကို သတိပြုမိပါသည်။
အမျိုးသမီးအခွင့်အရေး တောင်းဆိုနေသူတွေကို နေရာတိုင်းမှာ မြင်နေတွေ့နေရပေမယ့် တကယ်တမ်းမှာ အမျိုးသမီးတွေ တောင်းဆိုခဲ့တဲ့ အခွင့်အရေးတွေ ရခဲ့ပါသလားဆိုတဲ့ မေးခွန်းကိုသာ အကြိမ်ကြိမ် မေးခွန်းထုတ်မိနေခဲ့တာကို ကျွန်မကိုယ်တိုင်သာ သိခဲ့သည်လေ။

ကျွန်မတို့ လမ်းထွက်တဲ့ အချိန်အခါနဲ့ ဝတ်ထားတဲ့ အဝတ်အစားကို အပြစ်မဖွဲ့ပါနဲ့ မုဒိမ်းကောင်တွေကိုသာ အပြစ်တင်ပါ
အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးပေးပါ
ကလေးမလေးတွေက သူတို့ကို အလေးထားတာလိုချင်တယ် အမျိုးသမီးတွေက သူတို့ကို လေးစားတာလိုချင်တယ်
အမျိုးကောင်းသားတွေဟာ ဘယ်တော့မှ မုဒိန်းမှုကို မကျူးလွန်ကြပါဘူး
ကျွန်မက အမျိုးသမီးဝါဒကို လက်ကိုင်ထားတယ် အမျိုးသားတွေကိုတော့ မမုန်းပါဘူး
ကျွန်မလေ ဆံစကနေ ခြေဖျားအထိ လုံလုံခြုံခြုံ ဝတ်ဆင်ထားခဲ့ပါတယ်ဒါပေမယ့် မုဒိန်းကောင်ရဲ့ သားကောင် ဖြစ်ခဲ့ပါတယ်။
ငါ့အတွက် ထိုင်ခုံမရှိလို့ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စာသင်ရတာ ပြဿနာမဟုတ်ပါဘူး။ ငါ အမျိုးသားတွေနဲ့ တန်းတူ ထိုင်ပြီးစာသင်ခွင့်မရရင်နေပါစေအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ငါ့ကို ပညာသင်ခွင့်လေးတော့ပေးပါ။

ကျွန်မတို့ မျက်စေ့ရှေ့မှာတင်ပဲ အမျိုးသမီး အခွင့်အရေး တောင်းဆိုသံတွေ ကျယ်သည်ထက် ကျယ်လောင်လာခဲ့ပါသည်။အမျိုးသမီး အခွင့်အရေးတိုက်ပွဲတွေ ပြင်းထန်သည်ထက် ပိုပြီး ပြင်းထန်လာခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံက မာလာလာဆိုတဲ့ ကျောင်းသူလေးက သူ့နိုင်ငံမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ တောင်းဆိုတဲ့အတွက် အကြမ်းဖက်သမားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ သတင်းလေးက အေးချမ်းစွာ ပညာသင်ကြားခွင့်ရနေတဲ့ မိန်းကလေးတွေအတွက် အထူးအဆန်းဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။

သို့ပေမယ့် ဒီသတင်းလေးကပဲ အစွန်းရောက် မဟာအမျိုးသားဝါဒီတွေ အမျိုးသမီးတွေရဲ့ အခွင့်အလမ်းကို ဘယ်လို ပိတ်ပင်ခဲ့သလဲဆိုတာကို မသိသူတွေ သိခွင့်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရပြန်ပါသည်။
ကမ္ဘာတဝှမ်းလုံးအနေနဲ့ ခြုံငုံကြည့်ပြန်တော့ တစ်ရွာတစ်ပုဒ်ဆန်း တစ်ကျောင်းတစ်ဂါထာ ဆိုသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေက တစ်နေရာနဲ့ တစ်နေရာ မတူညီပဲ ကွဲပြားနေတာ တွေ့ရသည်။
ဒါကြောင့်လဲ နိုင်ငံတိုင်း လူမျိုးတိုင်း နေရာတိုင်းမှာ အမျိုးသမီးတွေ ရဲရဲရင့်ရင့် ရှေ့တန်းကို ထွက်ပြီး အခွင့်အရေးတွေ တောင်းခဲ့ကြသည်။

ဒါပေမယ့် မျက်ကန်း မဟာအမျိုးသား ဝါဒီတွေကြားမှာ အမျိုးသမီးတွေရဲ့ တောင်းဆိုချက်တွေ ထင်သလောက် အရာမထင်သေးတာတော့ သေချာပါသည်။ ခရီးနှင်ပင်နှင်သော်ငြား ထင်သလောက် ခရီးမပေါက် လိုသလောက် ခရီးမရောက်သေးပါ။
ညဦးပိုင်းကစလို့ ညလယ်ပိုင်းရောက်တဲ့အထိ စာအုပ်တစ်အုပ် သတင်းတစ်ပုဒ်နဲ့တူ တောင်စဉ်ရေမရတဲ့ အတွေးမျှင်တွေက ဆန့်တန်းလို့ မကုန်နိုင်ခဲ့။ နောက်ကျိတဲ့ နှလုံးအစုံနဲ့ အိပ်မောကျသွားချိန်မှာတော့ အိပ်မက်တစ်ခု မြင်မက်ခဲ့ပါသည်။

()
အိပ်မက်ထဲမှာတော့ ကျွန်မက ရွက်ကြွေတွေ လွှမ်းနေတဲ့ မြေနီလမ်းလေးပေါ်မှာ တလှမ်းချင်းလှမ်းလို့ကျွန်မရဲ့ ခြေထောက်အစုံမှာတော့ ယောက်ျားစီး  ရာဘာဖိနပ်အဖြူရောင်လေးတစ်ရံ…….. လမ်းဘေးဝဲယာက သစ်ပင်ကြီးတွေကို မျှော်ကြည့်မိတော့လဲ ရွက်ကြွေတွေက တဖွဲဖွဲ ကြွေလို့ပဲ မဆုံးနိုင်တော့……
နှင်းနဲ့မာယာ
International Women’s Day
March 8





6 comments:

သဒ္ဓါလှိုင်း said...

မနှင်း.
International Women's Day မှာ မှတ်မှတ်ရရလေး ရေးခဲ့တဲ့ ...
နိုင်ငံတကာက အမျိုးသမီးတွေရဲ့ဘဝ တစိတ်တဒေသ ထင်ဟပ်ပေါ်လွင်ခဲ့ပါတယ်.
ချစ်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ
အမျိုးသမီးတွေရဲ့ ဒုက္ခကို ကွက်ကွက်ကွင်းကွင်းမြင်စေတဲ့ ပိုစ့်လေးပါဘဲ။
သူတို့လေးတွေရဲ့ ဒုက္ခကို သိရတော့ ကိုယ့်နိုင်ငံက အများကြီးတော်ပါသေးရဲ့လို့ တွေးမိတယ်။
ဒါပေမဲ့ မြန်မာပြည်မှာလည်း မဟာဖိုဝါဒတွေ လက်ကိုင်ထားသူတွေ အများသားနော်။
အိမ်ထောင်တစ်ခုမှာ ယောက်ျားရော မိန်းမရော တန်းတူ အပြင်မှာ အလုပ်လုပ်ရပေမဲ့ အိမ်အလုပ်တွေကျတော့ မိန်းမနဲ့ဘဲ ဆိုင်သလို သဘောထားကြတဲ့ ယောက်ျားတွေ ရာနှုန်းတော်တော်များများ ရှိနေသေးတယ်။ ပြီးတော့ငယ်ကတည်းက ရိုက်သွင်းခံရတဲ့ လင်ကိုဘုရားလို့ သဘောထားရမယ်ဆိုတဲ့ အယူအဆတွေကလည်း ကိုယ့်အပေါ် မကောင်းတဲ့ လင်ယောက်ျားကိုတောင် ဘာမှပြန်မပြောရ ပြန်မလုပ်ရ ကြိတ်မှိတ်ပြီး သီးခံပေါင်းစေဟဲ့လို့ တိုက်တွန်းနေသလိုပါဘဲ။ အဲဒီဟာတွေကြောင့်လည်း ယောက်ျားတွေ ပိုပြီးကန်းတက်စေတယ်လို့ ယူဆမိတယ်။

~ဏီလင်းညို~ said...

မနှင်းရေ့...

ဒီစာလေးဖတ်ရတာ စိတ်မကောင်းဘူးရယ်...
ပြောရမယ်ဆိုရင် ကျွန်တော်ကတော့ ဘယ်သူ့ဘယ်သူကိုမှ ညင်းပန်းနှိပ်စက်တာ၊ အခွင့်အရေးယူတာ၊ စော်ကားအနိုင်ကျင့်တာ၊ ဖိနှိပ်ချုပ်ချယ်တာတွေကို မကြိုက်ဘူး။ ရှိလည်းမရှိစေချင်ဘူး။ ရှိရင်လည်း ပပြောက်စေချင်မိပါတယ်...။ နို့ပေမယ့် မဖြစ်နိုင်သေးမှန်းလည်း သိနေခဲ့တာ...။

ကိုယ်တိုင်လည်း မလုပ်မိအောင် ဆင်ခြင်မိပါရဲ့...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

အမ်တီအန် said...

မိန်းမယောကျာ်းတန်းတူအခွင့်အရေး မပေးရင်တောင်
ယောကျာ်းတွေစိတ်ထဲ ကိုယ့်မှာရှိတဲ့ အမေကို သတိရစာနာပြီး မိန်းမတွေအပေါ် စာနာကြင်နာစိတ်တွေ ရှိစေချင်လှတယ်။ မျက်မှောက်ခေတ်မှာတော့ မိန်းမတွေက ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းလုပ်နေရပေမယ့် မဟာဖိုဝါဒတွေက နေရာတိုင်းမှာ ကြီးစိုးနေဆဲပါဘဲ ညီမရေ..

desertraindrops said...

လူတိုင်းမှာ ယောကျာ်းလေးကော မိန်းကလေးမှာပါ စာနာစိတ်ရှိတတ်ကြပါစေလေနော့။ မိန်းမတွေအပေါ် သူတို့ရဲ့အမေ အမ ညီမတွေနဲ့နှိုင်းယှဉ်ပြီး စာနာသနားနိုင်ပါစေ။ လူ့လောကမှာလဲ စာနာတတ်သူတွေ ပေါများပါစေ။ မကူညီနိုင်တောင် ပိုနစ်အောင်မလုပ်မိကြပါစေနဲ့လို့ ဆုတောင်းတယ်။

ဖတ်ရတာတွေ စိတ်မကောင်းစရာတွေချည်း။ ဒေါသထွက်မိတယ်။

ရင်လှိုင်းခတ်သံ said...

မိန်မသားတစ်ယောက်ရဲ့ဘဝ က အားသာချက်ထက် အားနဲချက်တွေက ပိုများတယ်ထင်တယ်နော်။ ကြွေတဲ့ပန်းလေးတွေ ဆိုတာသာ မရှိဘူးဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်။ လော ကကြီးလည်း ဒီထက်ပိုလှလာမှာနော်။

My Blog List