ကျွန်မမှာ စုဗူး တစ်ဗူး ရှိပါတယ်။ တိတိကျကျ
ပြောရမယ် ဆိုရင်တော့ အဲဒီ စုဗူးလေးဟာ ပလတ်စတစ် ကော်ဗူး အကြည်နဲ့
လုပ်ထားပြီး အောက်ခြေကနေ လှည့်ပြီး ဖွင့်လို့ရတဲ့ စုဗူးကလေးပါ။ အရောင်က
အပြာကြည်ကြည်၊ ဗူးပေါ်မှာ ရေးထားတာကတော့ ဂျပန်ယန်းသင်္ကေတ စာလုံး ခပ်ကြီးကြီး
တစ်လုံး။ပြီးတော့ စုဗူး အောက်ခြေကနေပြီး အပေါ်ထိ အတိုင်းအတာကို
ပေတံတစ်ချောင်းမှာ ပြထားသလို စနစ်တကျလဲ ပြထားပါသေးတယ်။
၁၀ရာခိုင်နှုန်းကနေ
၁၀၀ရာခိုင်နှုန်းအထိ စုထားတဲ့ အကြွေစေ့ အရေအတွက်ကို ခန့်မှန်းလို့ရအောင်
အတိုင်းအတာလေးနဲ့ ပြထားတော့ စနစ်ကျလှတဲ့ စုဗူးလေးလို့ ပြောလို့ရတာပေါ့။
အရင်တုန်းက ကျွန်မ စုခဲ့ဘူးတဲ့ စုဗူးတွေက နို့ဆီဗူးသာသာရှိတဲ့ အလုံပိတ်
သံဗူးလေးတွေဆိုတော့ ဗူးထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိတယ်ဆိုတာကို သိချင်ရင်
ဗူးကို အသံမြည်အောင် ခလောက်ကြည့်ရတာမျိုး။ ပိုက်ဆံတွေ ဗူးထဲကို ထည့်လို့
မရအောင် ကျပ်သိပ်သွားတော့မှ ဗူးထဲမှာ ပိုက်ဆံတွေ ပြည့်နေပြီ ဆိုတာ
မှန်းလို့ရနိုင်တာမျိုးလေ။
ကျွန်မတို့ မိသားစုတွေက အစဉ်အဆက်
ပိုက်ဆံစုရတာ ဝါသနာပါကြတဲ့ မျိုးရိုးလို့ ပြောလို့ ရပါတယ်။ နှစ်ဘက်
ဘိုးဘွားတွေ လက်ထက်ကတည်းက စုဗူးမရှိတဲ့သူရယ်လို့ မရှိ။
နှစ်ဘက်သော
ဘိုးဘိုး ဘွားဘွား ဒွေးလေး ဒေါ်ကြီး ဘွားလေး ဘွားကြီး အိမ်ရှိ လူစုံ
စုဗူးကိုယ်စီနဲ့။ ပုံစံ မတူတဲ့ စုဗူးတွေဆိုတော့ ဗူးမှားစရာတော့ မရှိပါဘူး။
ကျွန်မတို့ မောင်နှမတွေကိုလည်း ခပ်ငယ်ငယ်ကတည်းက နို့ဆီဗူးနဲ့ လုပ်ထားတဲ
့စုဗူးလေးတွေ မြေနဲ့လုပ်တဲ့ မြေအိုးစုဗူးလေးတွေ ဝယ်ပေးပြီး ပိုက်ဆံ
စုတတ်အောင် သင်ပေးခဲ့ပါတယ်။
ကျောင်းမုန့်ဖိုး ပေးတဲ့ အထဲက
ကစားဖို့ရယ် စုဖို့ရယ် ခွဲပြီး ပေးသေးတာကိုး။ တစ်မတ် စုဗူးထဲကိုထည့်ဖို့က
တစ်မတ်လေ။ မုန့်ဖိုး ရပြီဆိုတာနဲ့ လူကြီးတွေ ရှေ့မှာပဲ ပိုက်ဆံကို
စုဗူးထဲကို အသံမြည်အောင် ထည့်ပြီးမှ ကျောင်းကို သွားရပါတယ်။
ဒီစုဗူးတွေကိုလဲ ကျွန်မ အစ်ကိုတွေက ဆံညှပ်ကလစ် သေးသေးလေးတွေနဲ့ မရမက မွှေနှောက်ပြီး ပိုက်ဆံကို ပြန်ထုတ်တတ်ပါတယ်။
ပြောရမယ်ဆိုရင်
ပိုက်ဆံစုရတာကို ကျွန်မ ၀ါသနာ မပါလှပါဘူး။ ဒါပေမယ့် နို့ဆီဗူး ကိုယ်စီနဲ့
မောင်နှမတွေ အားလုံး မဖြစ်မနေ ပိုက်ဆံစုရတော့လဲ သူတို့နဲ့ အပြိုင်
လိုက်စုခဲ့ရတာပေါ့။ ကလေးတွေ စုတဲ့စုဗူး ဆိုတော့ နို့ဆီဗူး အရွယ်ထက်တော့
မပိုပါဘူး။ ဒါပေမယ့် ကျွန်မ တွေ့ဖူးးတဲ့ စုဗူးတွေကတော့ အရွယ်စုံပါပဲ။
ရန်ကုန်မှာ အတူနေတဲ့ အဘွားတစ်ယောက်စုတဲ့ စုဗူးဆိုရင်
လက်တိုဂျင်နို့မှုန့်ဗူးကို လုပ်ထားတဲ့ သံဗူးဆိုတော့ တော်တော်ကြီးတဲ့
စုဗူးလို့ ပြောလို့ရတာပေါ့။ ကျွန်မ အဘိုးရဲ့ စုဗူးကျတော့ အဆန်းသား။
ဝါးကျည်တောက်နဲ့ လုပ်ထားတဲ့ ဝါးဗူးကြီး။ အရှည်ကလဲ တစ်တောင်ခွဲလောက်ရှိသလို
လုံးပတ်ကလဲ ခပ်ကြီးကြီးရယ်။
အဘိုးရယ် ပိုက်ဆံစုရတာလဲ ဝါသနာပါသလို
ချွေတာရေးကလဲ လုပ်ချင်ရှာတော့ သူ့စုဗူးမှာ ပိုက်ဆံပြည့်သွားရင် ဗူးရဲ့
အောက်ခြေကနေ စို့လေးနဲ့ ထိုးပြီးဖောက်ရှာတယ်။ သူများတွေလို
နှစ်ခြမ်းခွဲပစ်လိုက်တာမျိုး မဟုတ်။ ပိုက်ဆံတွေ အားလုံး ထုတ်ပြီးသွားတော့
ဗူးကို လွှင့်မပစ်ရက်ဘဲ အောက်ခြေကို အဝတ်စတွေနဲ့ ပိတ်ဆို့ပစ်ပြီး ပိုက်ဆံ
ပြန်စုရှာတယ်။ အဘိုးရဲ့ မြေးမျောက်လောင်းတွေ စုဘူးရဲ့ လျှို့ဝှက်ချက်ကို
မသိသေးသရွေ့တော့ အဘိုးရဲ့ စုငွေတွေက သပိတ်ဝင် အိတ်ဝင်ပေါ့။
တစ်နေ့မှာတော့
ခြေဆော့လက်ဆော့ရှိလှတဲ့ မြေးကြီးက အဘိုးရဲ့ အခန်းထဲဝင်ပြီး စုဗူးကို
ဖင်ပြန်ခေါင်းပြန် စပ်စုကြည့်တော့ အဘိုးရဲ့ လျှို့ဝှက်ချက်ကို
သိသွားရာကစလို့ အဘိုးရဲ့ စုဗူးကလဲ ပြည့်ချိန်တန်လို့ မပြည့်တဲ့ဘဝကို
ရောက်ရရှာတယ်။ မြေးအကြီးလေးက သူ မုန့်ဖိုး လိုပီဆိုတာနဲ့ လူကြီးတွေ
လစ်တဲ့အချိန်ကိုစောင့်ပြီး အဘိုးရဲ့ အခန်းထဲ ဝင်ဝင်သွားတော့တာပဲ။
အဲဒီအချိန်ကစလို့အဘိုးရဲ့စုဗူးကလဲခါတိုင်းလိုခြောက်လနေလို့လဲမပြည့်ရှစ်လနေလို့လဲမပြည့်
တစ်နှစ်နေလို့လဲမပြည့်တော့လူရိုးလူအေးဖြစ်တဲ့အဘိုးတောင်ဒီတစ်ခေါက်စုဗူးကမပြည့်နိုင်ဘူးလို့
ညည်းယူရတဲ့အဆင့်ကိုရောက်ပါရော။အဘိုးရဲ့မြေးကြီးကလဲမုန့်ဘိုးလိုရင်အော်ငိုစရာမလို အိမ်အလုပ်ကူစရာမလိုအဘိုးအဘွားကိုနင်းနှိပ်ပေးစရာမလိုပဲရွှေပင်စိုက်တဲ့ကိန်းဆိုက်လို့။
ဒါပေမယ့်ကလေးဆိုတော့လဲကြွားချင်ဝါချင်ဆရာကြီးလုပ်ချင်တဲ့စိတ်ကလေးကရှိလေတော့
သူ့ရတနာပုံပျောက်ဖို့ကိန်းဆိုက်တော့တာပေါ့။
တစ်ရက်မှာတော့မြေးအကြီးကသူ့ညီတစ်ယောက်ကိုစုဗူးရဲ့လျှို့ဝှက်ချက်ကိုပြောပြပြီးဆရာလုပ်မိရာကစလို့
တစ်ယောက်စာမုန့်ဘိုးကိုနှစ်ယောက်စာခွဲစားရတဲ့အခြေအနေကိုဆိုက်ပါရော။ကလေးတွေဆိုပေမယ့်
ဥာဏ်နီဥာဏ်နက်ကလေးကလဲရှိတော့ပိုက်ဆံကိုအများကြီးလဲမနှိုက်ကြသလိုမုန့်ဆိုင်တွေမှာလဲ
အများကြီးမဝယ်စားကြဘူးလေ။ဒါပေမယ့်သူတို့ညီအကိုနှစ်ယောက်ရဲ့ချစ်ကြည်ရေးကကြာကြာမခံရှာပါဘူး။
တစ်ရက်မှာတော့ညီအကိုနှစ်ယောက်မုန့်ဘိုးဝေစုမတည့်ရာကစလို့လူကြီးတွေကို တိုင်ဟယ်တောဟယ်လုပ်ကြမှပဲအဘိုးရဲ့စုဗူးလဲနှစ်ခြမ်းကွဲပြီးအနိစ္စရောက်ရရှာတယ်။
အဘိုးကတော့အပြုံးမပျက်ရှာပါဘူး။သူ့စုဗူးထဲကပိုက်ဆံတွေနဲ့ကလေးတွေကမုန့်ပဲဝယ်စားတာပါလေ လို့ဖြေရှာတယ်။တကယ်တော့ရန်ကုန်ကအဘိုးအဘွားတွေကလူလတ်တန်းစားအစိုးရဝန်ထမ်းတွေပါ။
စည်းစနစ်နဲ့ချွေတာပြီးစုဆောင်းသုံးစွဲရှာသူတွေဆိုပေမယ့်မြေးတွေကိုချစ်တဲ့စိတ်နဲ့အပြစ်မမြင်ရှာပါဘူး။
နယ်မှာနေတဲ့အဘွားကျပြန်တော့လဲကုန်သည်လုပ်နေတာမို့
သူတို့လေးမြို့မှာ နာမည်တစ်လုံးနဲ့
နေနိုင်သူလေ။အဘွားရဲ့မိဘလက်ထက်ကအမွေရထားတဲ့ခြံတွေမြေတွေ အတွင်းပစ္စည်းတွေနဲ့သူတို့မြို့မှာမြို့မျက်နှာဖုံးလို့တောင်ပြောလို့ရပါသေးတယ်။ဒါပေမယ့်အဘွားရဲ့အိပ်ခန်းထဲမှာ
လဲလက်တိုဂျင်နို့မှုန့်ဘူးကြီးတွေနဲ့စုထားတဲ့စုဗူးသုံးလေးလုံးထက်မနည်းတွေ့ရပါသေးတယ်။
အဘွားကတော့စုဗူးတွေကိုတစ်ခါပြည့်တစ်ခါဖောက်တာမျိုးမလုပ်ပါဘူး။
တစ်ဗူးပြည့်တာနဲ့နောက်တစ်ဗူးထပ်ဝယ်ပြီးထပ်စုပါတယ်။တခါတလေစုဗူးလေးငါးလုံးပြည့်မှတစ်ခါ
ဖောက်တာမျိုးဆိုတော့အဘွားရဲ့စုဗူးဖောက်ချိန်ကိုမှန်းလို့မရနိုင်ပါဘူး။
အဘွားရဲ့
အိမ်ဦးနတ်အဘိုးကတော့ တမျိုး။ သူက တိုင်းရင်းဆေးဆရာကြီးဆိုတော့
တပည့်တပန်းပေါသလို စေတနာနဲ့ကုပေးတဲ့ အပေါ် လှူကြတန်းကြသူလဲ ပေါပါသည်။
အဘိုးကတော့
အဘွားလိုလက်တိုဂျင်နို့မှုန့်ဗူးကြီးတွေနဲ့စုတာမဟုတ်ပါဘူး။နားပန်းဆံချထားတဲ့မင်းသမီးပုံကော်ပတ်ရုပ် အကြီးကြီးနဲ့ပိုက်ဆံစုပါတယ်။မင်းသမီးရဲ့ဆံပင်ခွဲကြောင်းနားမှာဖောက်ထားတဲ့အပေါက်ကနေငွေစက္ကူတွေ
ထည့်ပြီးစုတာပါ။အဘိုးကသူများတွေလိုငွေအကြွေစေ့ကိုစုသူမဟုတ်။
သူ့ကော်ပတ်ရုပ်ကနှစ်ပေသာသာ
အမြင့်ရှိတဲ့ကော်ခပ်ပါးပါးဆိုတော့အကြွေစေ့တွေရဲ့အလေးချိန်ကိုမခံနိုင်မှာစိုးတဲ့အတွက်
ငွေစက္ကူတွေစုရှာပါတယ်။
ဒီလို
အိမ်ရှိလူကုန် စုဗူးတွေစုနေတဲ့ကြားက တထွာတမိုက်သာသာ ဥာဏ်လေးတွေနဲ့
လူလည်ကျတဲ့ မြေးတွေထဲမှာ ကျွန်မရဲ့ အမက ထိပ်ဆုံးက ပါပါတယ်။ သူကတော့
မူလတန်းကျောင်းသူဘဝတည်းက နယ်က အဘိုးအဘွားတွေနဲ့ သွားနေတော့ အဘွားရဲ့
အသည်းပေါ့။ မနက် ကျောင်းသွားတာနဲ့ စုဗူးထဲပိုက်ဆံထည့်
ထမင်းချိုင့်လေးဆွဲပြီး ရတဲ့ မုန့်ဘိုးတမတ်နဲ့ ကျောင်းသွားရတာ။ သူရတဲ့
တမတ်ဆိုတာလဲ ကျောင်းက ပေါပေါပဲပဲ သွားရေစာမုန့်တွေ
ကောင်းကောင်းစားနိုင်သေးတယ်။
ဒါကို သူက လူလည်လုပ်ချင်တော့
ကျောင်းသွားချိန်ဆို လမ်းထိပ်ထောင့်နားက ပလာတာဆိုင်မှာ ကြက်ဥပလာတာတွေ
ကီမာပလာတာတွေကို အဘွားနာမည်ပြောပြီး ပိုက်ဆံမပေးပဲ ယူယူသွားခဲ့တာ။
ဆိုင်ရှင်ကလဲ ရန်ကုန်သူ ကလေးမလေးဖြစ်နေတာကတကြောင်း အဘွားနဲ့ အဘိုးက
မြို့မျက်နှာဖုံးဖြစ်နေတာတကြောင်းဆိုတော့ တော်ရုံနဲ့ လာမမေးရဲရှာဘူးလေ။
အဘိုးအဘွားတို့ရဲ့ အရှိန်အဝါက ရှိနေတော့ ကလေးမလေးလာလာယူတဲ့ ပလာတာကို
နေ့တိုင်းပေးရှာတာ။
တစ်လကနေ နှစ်လ ကြာလာတော့မှ ပလာတာဆိုင်က
အဘွားအိမ်ကိုလိုက်လာပြီး အကျိုးအကြောင်းပြောပြမှ အိမ်က အဘိုးနဲ့
အဘွားကသိရတာ။ ကျွန်မအမ ယူစားထားတဲ့ ပလာတာဖိုး နှစ်လစာပေးရတာကို အဘွားကတော့
မငြိုငြင်ရှာဘူး။ အဘိုးကသာ စိတ်တိုပြီး ကျောင်းပိတ်တာနဲ့ အမကို ရန်ကုန်ကို
ပြန်လာပို့သွားခဲ့တာ။
ကျွန်မတို့အရွယ်လေးရလာချိန်မှာတော့အိမ်သားတွေငွေစုတဲ့ပုံစံကပြောင်းသွားပါတယ်။
ကျွန်မအမေကစလို့အကိုတွေအမတွေအဆုံးဘဏ်စာအုပ်ကိုယ်စီနဲ့ငွေစုကြတာပါ
။ငွေစုဖို့အတွက်ဘဏ်မှာငွေအပ်တဲ့အချိန်ဆိုရင်ဘဏ်မဖွင့်ခင်တည်းကဘဏ်ရှေ့မှာသွားတန်းစီကြပါတယ်
။ငွေထုတ်မယ်ဆိုရင်လဲထိုနည်း၎င်းပါပဲ။အစိုးရဘဏ်တွေဆိုတော့လဲငွေသွင်းတာဖြစ်ဖြစ်
ထုတ်တာဖြစ်ဖြစ်နေ့တဝက်ကတော့အသာလေးကုန်တာပါပဲ။
ကျွန်မအကိုကတော့မောင်နှမတွေထဲမှာငွေအများဆုံးစုရှာသူပါ။သူမအားတဲ့အချိန်တွေဆို
ကျွန်မတို့ကပဲသူ့ကိုယ်စားဘဏ်မှာငွေသွားစုပေးရပါတယ်။နောက်ပိုင်းမှာတော့
ငွေစုသက်လေးရလာတာနဲ့အမျှအကိုလဲတော်တော်လေးတိုးတက်သွားပါတယ်။
ကျွန်မတို့အကူအညီမလိုပဲငွေစုနိုင်သွားတဲ့အထိတိုးတက်သွားတာမျိုးပါ။
အစိုးရငွေစုဘဏ်မှာအလုပ်လုပ်တဲ့သူ့ကျောင်းကသူငယ်ချင်းမလေးနဲ့ ချစ်သူတွေဖြစ်ပြီးကတည်းကအကို့ရဲ့ငွေစုကိစ္စအဝဝကိုယောင်းမတော်လောင်းလျာလေးက လက်လွှဲယူသွားပါတယ်။ယောင်းမလောင်းလျာလေးကိုအကို့ရဲ့သူငယ်ချင်းတွေကတော့ ဘဏ်ထိန်းလို့ချစ်စနိုးခေါ်ကြတဲ့အထိသူတို့ငွေစုတဲ့ဇာတ်လမ်းကနာမည်ကျော်ခဲ့ပါတယ်။
ကျွန်မကတော့အကိုတွေအမတွေကိုသည်းသည်းမည်းမည်းငွေစုသူစာရင်းထဲမှာမပါခဲ့။
အလုပ်ဝင်ကာစသုံးလေးနှစ်အတွင်းမှာ
ကျွန်မရဲ့လခလေးတွေကိုအဖတ်တင်အောင်အမေကကျောက်ရောင်စုံလက်စွပ်လေးတွေလုပ်ပေးခဲ့ဘူးတာကပဲ
အမှတ်တရ စုဆောင်းခြင်းလေ။
ဒါပေမယ့်လဲခါတော်မီအဝေးသင်ကျောင်းသူဘဝကိုအပြည့်အဝခံယူမိလေတော့
ကျွန်မရဲ့ချွေးနည်းစာနဲ့စုဆောင်းထားတဲ့ရွှေတိုရွှေစလေးတွေလဲ
ဘွဲ့မရခင်တည်းက ဟိုတစ သည်တစ လွင့်စင်ကုန်တာပါပဲ။
စာမေးပွဲနီးချိန်မှာအသည်းအသန်ယူရတဲ့ကျူရှင်တွေဘာတွေမှန်းမသိတဲ့
စရိတ်စကတွေခေတ်စားတဲ့အချိန်မှာမှကျွန်မလဲခေတ်ရေစီးကြောင်းထဲမှာမျောခဲ့တာကိုး။ပညာရွှေအိုး
ပဲလေ။ ဘွဲ့လက်မှတ်တစ်ချပ်ကို ရွှေတိုရွှေစနဲ့လဲရတာမတန်မရှိတန်လှပါ၏။
ကျွန်မအနှစ်နှစ်အလလကမေ့နေခဲ့တဲ့စုဗူးရောဂါကိုတော့
နှစ်အတော်ကြာပြီးရေခြားမြေခြားရောက်ချိန်မှာမှ
သူငယ်ချင်းတစ်ယောက်ကအစဖော်ပေးရှာပါသည်။သူငယ်ချင်းမလေးကသူစုထားတဲ့စုဗူးကို
ကျွန်မရှေ့မှာဖောက်ပါသည်။ခတ်လတ်လတ်စုဗူးထဲကထွက်လာတဲ့ဒေသသုံးငွေအကြွေစေ့တွေကို
အိမ်နားမှာရှိတဲ့စူပါမားကတ်မှာသွားလဲကြတော့ဒေသသုံးငွေရှစ်ရာကျော်ရလိုက်ပါသည်။
မြန်မာငွေနဲ့ပြန်တွက်မိတော့ငွေနှစ်သိန်းလောက်ရှိတာမို့စုဗူးပိုးကတစစ်စစ်နဲ့ကိုက်လာပြန်ပါရော။
ဘာရယ်မဟုတ်စုထားတဲ့အကြွေစေ့လေးတွေဆိုပေမယ့်အချိန်တခုရောက်လာတော့လဲအသုံးတည့်တဲ့ပမာဏ
ကိုရရှာပါလားဆိုတဲ့အသိနဲ့နို့ဆီဗူးထက်
နည်းနည်းပိုကြီးတဲ့ စုဗူးလေးတစ်လုံးနဲ့ငွေပြန်စုမိပါတယ်။
နှစ်အတော်ကြာမှ
ပြန်စတဲ့ ပထမဆုံး စီမံကိန်း မို့လားမသိ မထင်မှတ်ပဲ အောင်မြင်တယ်လို့
လက်ခမောင်းခတ်ချင်စရာ ကြွားချင်စရာ။
ရွှေဆွဲကြိုးပါးပါးမျှင်မျှင်တစ်ကုံးနဲ့လော့ကတ်သေးသေးလေးတစ်ခု
ရှားပါးရွှေထည်တွေကြားမှာ ထပ်တိုးလာတော့တာပေါ့။
နောက်တစ်ကြိမ်ထပ်စုဖို့
ကြံတော့စုဗူးခပ်ကြီးကြီးကိုမျက်စောင်းထိုးမိတာလဲ
မဆန်း။စုဗူးထဲကထွက်လာတဲ့ခပ်ပါးပါးမျှင်မျှင်ရွှေကြိုးလေးတစ်ကုံးရှိပြီးပြီမို့နောက်ထွက်လာမယ့်
ရွှေထည်ကိုတော့ထူထူထဲထဲလေးထပ်လိုချင်မိတာမိန်းမသား သဘာဝလေ။
ဘာပဲဖြစ်ဖြစ်နှစ်ချို့အောင်စုရလဲစုပျော်တာပဲလို့ခံယူချက်ကိုခပ်ရဲရဲထားလို့
စုဗူးအသစ်ကို ရှာဖွေရတာပေါ့။
စုဗူးကိုမေ့လျော့နေမှာစိုးတာမို့မြင်သာထင်သာရှိတဲ့ဧည့်ခန်းကစာအုပ်စင်ပေါ်မှာတင်ထားပြီး အဝင်တခါ အထွက်တခါ မျက်စောင်းထိုးရသည်လေ။
စုဗူးစုကာစလူတွေရဲ့
ထုံးစံအတိုင်း
တစ်ပတ်တစ်ကြိမ်ပိုက်ဆံအိတ်ရှင်းတိုင်းထွက်လာတဲ့အကြွေစေ့တွေနဲ့ငါးကျပ်တန်တစ်ဆယ်တန်တွေကို အားကြိုးမာန်တက်စုရတာလေ။ပလတ်စတစ်အကြည်ဗူးမို့ထိုးထိုးထောင်ထောင်မြင်နေရတဲ့ငွေစက္ကူလေးတွေ
နဲ့ခေါက်လိုက်တိုင်းဂလောက်ဂလောက်မြည်နေတဲ့ငွေအကြွေစေ့တွေကိုအလွန်သဘောကျမိပါရဲ့။
စုဗူးရဲ့အရွယ်အစားအရစုဗူးပြည့်ချိန်မှာရွှေချိန်တမတ်သားသာသာလောက်ရနိုင်တာမို့ငွေစက္ကူတွေကို
ပိုထည့်မိအောင်ကြိုးစားမိတာကလဲအကြိမ်ကြိမ်။
တစ်နှစ်သာသာလောက် စုမယ်ဆိုရင်
ရွှေတမတ်သားဆိုနည်းနေမလားဆိုတဲ့အသိဝင်လာမိချိန်တွေမှာတစ်ရာတန်
ငါးဆယ်တန်တွေကိုပါရက်ရက်ရောရော ပစ်ထည့်မိတဲ့အထိရူးတာလေ။
ထိုးထိုးထောင်ထောင်ထွက်နေတဲ့ငွေစက္ကူစတွေထဲမှာအနီရောင်လေးမြင်တိုင်း
ဒါတစ်ရာတန်ပဲတစ်ရာတန်တွေချည်းပဲစုနိုင်ရင်အတိုင်းထက်အလွန်တံခွန်နဲ့ကုက္ကားပေါ့လို့မကြာမကြာတွေးပြီး
အားရပါးရပြုံးမိတဲ့အကြိမ်ပေါင်းလဲမနည်းခဲ့။
ဒါပေမယ့်ဒီတစ်ခေါက်စုဗူးကအရင်ကစုခဲ့ဘူးတဲ့သံဗူးမဟုတ်လေတော့အခက်ကြုံရပြန်တယ်လေ။
ပလတ်စတစ်ဗူးကိုဖောက်ထွင်းပြီးအတိုင်းသားမြင်နေရတဲ့ပိုက်ဆံတွေကဗူးသုံးပုံတစ်ပုံလောက်
မရောက်ခင်မှာပဲဇာတ်လမ်းက
စလုံးရေးစတာပေါ့။
ဖြစ်ပုံက ဒီလိုရယ်။
အလုပ်ကပေးတဲ့ဖယ်ရီကိုအချိန်ပေးရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မစီးပဲတက္ကစီစီးရာကစတာလေ။
အိမ်နဲ့ခြောက်ကီလိုမီတာသာသာရှိတဲ့ခရီး။မီးပွိုင့်မမိဘူးဆိုရင်ကားမောင်းချိန်၁၀မိနစ်ထက်မပိုတဲ့ခရီးအတွက်ဖယ်ရီကားကအလုပ်ချိန်မတိုင်ခင်တစ်နာရီခွဲလောက်စောပြီးလာကြိုတာလေ။
လမ်းပေါ်မှာ မလိုအပ်ပဲ အချိန်တွေ ဖြုန်းပစ်လိုက်ရတာကို ကျွန်မစိတ်ပျက်တာ။
၁၀မိနစ်သွားရမယ့်ခရီးကိုအချိန်တစ်နာရီခွဲနဲ့မလဲချင်တော့တက္ကစီစီးပြီးငွေဆယ့်နှစ်ကျပ်နဲ့လဲမိရာကစာအုပ်စင်ပေါ်က
စုဗူးကိုမကြာခဏခလုတ်တိုက်။ ဒီအဖြစ်ကပဲဒီဇာတ်လမ်းကို
ဇာတ်နာအောင်ဖန်တော့တာပေါ့။
ဒေသသုံးငွေဆယ့်နှစ်ကျပ်ဆိုတော့တက္ကစီသမားတွေကတစ်ပ်ရလိုရငြား အကြွေကိုမရမကတောင်းတတ်သူတွေလေ။
ကျွန်မကလဲဒေါ်တိကျဆိုတော့အလုပ်သွားကာနီးတိုင်းလက်ထဲမှာအကြွေစေ့ငါးစေ့လောက်နဲ့
ဆယ်တန်တစ်ရွက်ကိုအမြဲအသင့်ပြင်ထားတတ်သူ။
ကားကိုကွေ့ပတ်ပြီး လမ်းကြော မရှည်ရှည်အောင်မောင်းတဲ့သူတွေကိုလဲ
ငါ့ဘတ်ဂျက်က တစ်ဆယ့်နှစ်ကျပ်ထက် မပိုဘူးဟေ့လို့ ဟစ်ကြွေးတတ်သူ။
နိုင်ငံခြားမှာ
အနေဘယ်လောက်ကြာကြာ အလုပ်ချိန်နီးမှအိပ်ယာကထပြီး အလောသုံးဆယ်ပြင်ဆင်နေကျ။
အိမ်အောက်ကိုအပြေးအလွှားပြေးဆင်းကာနီးမှကားခပေးမယ့်တစ်ဆယ်တန်ငါးကျပ်တန်တွေနဲ့
အကြွေစေ့တွေကိုအသည်းအသန်ရှာနေကျ။
ပိုက်ဆံအိတ်ထဲမှာငွေအကြွေတွေအလွယ်တကူမတွေ့လေတိုင်းအလွယ်တကူလှည့်ဖွင့်လို့ရတဲ့စုဗူးကြီးကိုပြေးဖွင့်မိတော့တာပေါ့။
အကြွေစေ့တွေစပြီးယူမိရာကစတဲ့အကျင့်ကတစတစဆိုးရွားလာလိုက်တာများ အလွယ်လိုက်ချင်စိတ်ကိုမထိန်းနိုင်တဲ့အထိ။
တခါတရံပိုက်ဆံအိတ်ထဲမှာငွေအကြွေစေ့လဲမရှိငါးကျပ်တန်တစ်ဆယ်တန်လဲမရှိတဲ့အချိန်တွေဆို စုဗူးထဲကငွေဆယ့်နှစ်ကျပ်ဆယ့်သုံးကျပ်ဆိုသလိုတိတိကျကျနှိုက်ယူပစ်တာပေါ့။
တစတစနဲ့စုဗူးထဲကအကြွေစေ့တွေငွေစက္ကူအသေးလေးတွေကြက်ပျောက်ငှက်ပျောက်ပျောက်တဲ့အဆင့်ကို
ရောက်ရရှာတာပေါ့။
တပတ်တခါပိုက်ဆံအိတ်ကိုရှင်းလင်းရေးလုပ်တိုင်းလဲထွက်လာတဲ့ငွေစတွေကစုဗူးထဲကိုမရောက်နိုင်တော့ဘူးလေ။
တက္ကစီခပေးရမှာပါလားဆိုတဲ့အသိနဲ့အိတ်ထဲမှာအကြွေစတွေများနိုင်သမျှများအောင်သိမ်းရဆည်းရသေးတာကိုး။
နောက်ပိုင်းမှာတော့
စုဗူးထဲကိုအသစ်အသစ်တွေမစုနိုင်တာက
အဓိကပြဿနာမဟုတ်။တကယ့်ပြဿနာကစုဗူးထဲမှာအရင်ကစုထားမိတဲ့ငွေအကြွေစတွေ
တစတစလျော့ကျသွားတာကသာပြဿနာ။
လျော့ကျလာတာက အကြွေနဲ့ ငွေစငွေနလေးတွေရယ်လို့ မဟုတ်တော့ပြန်။ ရွှေတမတ်သား
ငါးမူးသားဟဲ့လို့ မြင်ယောင်ပြီး ရက်ရက်ရောရော ပစ်ထည့်ထားမိတဲ့ တစ်ရာတန်တွေ
ငါးဆယ်တန်တွေပါ အသီးသီး အတောင်ပံတွေပေါက်ပြီး ဗူးထဲက ခုန်ထွက်စေဖို့
အကြောင်းကလဲ ရှိသေး။
အိမ်မှာ ရုတ်တရက်ငွေပြတ်သွားတိုင်း အိမ်နဲ့
မလှမ်းမကမ်းက ငွေထုတ်စက်မှာ ငွေသွားထုတ်ဖို့ အဆင်မပြေတဲ့ အခါတိုင်း ခဏတော့
ယူသုံးလိုက်မှဆိုတဲ့ ခဏပေါင်းလဲ မနည်းတော့။ ယူမိတဲ့ ငါးဆယ်တန်
တစ်ရာတန်တွေကလဲ အသွားသာရှိ အပြန်ခရီးကတော့ မရှိပြန်။
ကိုယ့်အားနည်းချက်ကိုကိုယ်သိလာတော့အခြားတဘက်ကဥာဏ်နီဥာဏ်နက်တွေနဲ့အာပတ်ဖြေရပြန်ပါသည်။
စုမိတဲ့စုဗူးကိုပြည့်ဝခြင်းမရောက်ခင်မှာဟောင်းလောင်းဘဝလဲမရောက်စေချင်။
တောင်းမှာအကွပ်လူမှာအဝတ်ဆိုကြသလိုစုဗူးဆိုတာပိုက်ဆံရှိနေမှတင့်တယ်တဲ့အမျိုးမဟုတ်လား။
ပလတ်စတစ်ဗူးကလဲကြည်ကြည်လင်လင်။အထဲကငွေတွေကိုအလွယ်တကူလှည့်ဖွင့်လို့ရစေတဲ့ဗူးရဲ့ပုံစံကလဲ
ကျွန်မလိုစိတ်မခိုင်တဲ့သူတွေကိုဒုက္ခလှလှပေးနေပြန်တာကိုး။
အမှားကို အမှားမှန်း သိပေမယ့် အားနည်းချက်ဆိုတာကလဲ ပြင်ရခက်သားလား။
တစ်နှစ်ကနေနှစ်နှစ်သုံးနှစ်အထိကူးချင်ရင်လဲကူးပါစေစုဗူးတော့ဟောင်းလောင်းမဖြစ်စေရလို့ဆုံးဖြတ်ချက်ချပြီးစုပုံစုနည်းကိုပြောင်းဖို့
အကြံထုတ်ရပြန်တာပေါ့။
တစ်နှစ်မှာတစ်ကြိမ်နှစ်ကြိမ်ဆိုသလိုနိုင်ငံခြားခရီးလေးတွေထွက်မိတော့ခရီးကအပြန်
မှာပြန်ပါလာတတ်တဲ့နိုင်ငံခြားငွေတွေကိုပြန်မလဲပဲစုဗူးထဲကိုထည့်ပြီးဗျူဟာပြောင်းရတော့တာပေါ့။
တခါတလေအိမ်ပြန်ချိန်နဲ့ကြုံရင်တော့လမ်းခရီးမှာသုံးတဲ့ယိုးဒယားငွေတွေပါပြန်ပါလာတာမို
့နှစ်နှစ်လောက်ကြာတော့ကျွန်မစုဗူးထဲမှာနိုင်ငံခြားငွေစတွေကထိုးထိုးထောင်ထောင်ဖြစ်လာပြန်ပါရော။
နောက်ဆုံးစုတဲ့ဗူးကအကြာဆုံးစုရတဲ့စုဗူးဖြစ်နေသလိုဘယ်တော့မှမပြည့်နိုင်တဲ့ဗူးတစ်ဗူးလဲမဖြစ်စေရ။
ရာသက်ပန်စုဗူးဖြစ်ကာမှဖြစ်ကရော့။အခုတော့လဲကျွန်မစုဗူးထဲကလျော့ကျသွားတဲ့ဒေသသုံးငွေစငွေနတွေ
နေရာမှာနိုင်ငံခြားငွေအချို့နေရာယူလို့။
နိုင်ငံမတူတော့ငွေစက္ကူတွေကအရောင်အသွေး
လဲမတူအကြွေစေ့ဆိုပုံစံပါကွဲသွားတာမို့ထိုးဖောက်ပြီးမြင်နေရတဲ့ငွေတွေကဘာတွေမှန်းလဲမသိဘယ်လောက်မှန်းလဲမသိနိုင်တော့။တက္ကစီသမားကိုလဲဒီငွေတွေပေးလို့မရတာသေချာနေတော့အရင်လိုလဲ
လွယ်လွယ်နဲ့ မယူမိတော့ဘူးပေါ့လေ။ကြံမိကြံရာ ကြံပြီး
နိုင်ငံခြားငွေပေါင်းစုံ
စုထားတဲ့ကျွန်မရဲ့စုဗူးကအရင်လိုလျော့ကျသွားခြင်းမရှိတော့ပေမယ့်အချိန်နဲ့အမျှတိုးတက်လာခြင်းလဲမရှိတော့ပြန်။
စုဗူးစုသူတို့ ထုံးစံအတိုင်းပဲ ဗူးထဲမှာငွေ မတိုးလာရင်လဲ မနေနိုင်ပြန်ဘူးလေ။
ခရီးမထွက်ဖြစ်ပဲကြာသွားတယ်ဆိုရင်ပဲ
ရင်တွေပူပြီးနီးစပ်ရာသူငယ်ချင်းတွေဆီကရတတ်တဲ့နိုင်ငံခြားငွေတချို့ကိုပိုက်ဆံပေးဝယ်ပြီးထည့်ရတဲ့အလုပ်တစ်ခုတော့ထပ်ပိုလာပါရောလား။
ဒီလိုနဲ့ပဲ လုံးချာလည်လိုက်ရင်း ကျွန်မရဲ့ မဟာစီမံကိန်းကြီးက ဘယ်သောအခါမှ အထမြောက်မည်မသိတော့။
အစုအဆောင်းတော်လွန်းတဲ့
အကိုနဲ့ သူ့မဟေသီ ဘဏ်ထိန်းတို့ မွေးထားတဲ့ တူပေါက်စလေးတွေတောင်
မိဘခြေရာနင်းလို့ စုဗူးတွေ အလီလီစု အလီလီဖောက်တတ်နေတာ ကြာပါပေါ့။ ကျွန်မရဲ့
စာအုပ်စင်ပေါ်ကစုဗူးလေးကသာ သုံးနှစ်ကနေ လေးနှစ်… လေးနှစ်ကနေ
ငါးနှစ်ကြာတဲ့အထိ စုဗူးပြည့်လို့ ဖွင့်ဖောက်ခြင်းမင်္ဂလာပြုတဲ့
အဆင့်ကိုရောက်မလာခဲ့။
စုဘူးအောက်ခြေမှာ ငွေစစုတဲ့ ရက်ကလေးကို မှတ်ထားတဲ့ စာရွက်ဖြူသေးသေးလေးတောင် ဖုန်တွေ အလိမ်းလိမ်းနဲ့ မည်းညစ်ညစ်လေး ဖြစ်လို့။
ကြာလာတော့လဲ ဧည့်ခန်းမှာ အလှပြထားတဲ့ နိုင်ငံခြားငွေ ပြတိုက်အသေးစားလေးဘဝကို ရောက်မှန်းမသိ ရောက်ရှာလေရော့မလား မသိ။။။
ဘာပဲ ဖြစ်ဖြစ် ကျွန်မရဲ့ အခန်းမှာ စုဗူးတစ်ဗူးတော့ ရှိနေပါသေးသည်။
နှင်းနဲ့မာယာ
၂၀၁၂ ဇန်နဝါရီလထုတ် မျက်ရှုမှာပါတဲ့ စာမူလေးပါ။ သရုပ်ဖော်ပုံလေးကိုလဲ မျက်ရှုကပဲ ယူထားပါတယ်။
http://www.myatshu.com/?p=3793
6 comments:
ငယ်ငယ်တုန်းကတော့ စုဗူးနဲ့ စုခဲ့ဖူးသေးတယ်။ အသက်ကြီးလာတော့ မလုပ်ဖြစ်တော့ဘူး။ ဒီဘက်ရောက်လာပြန်တော့လဲ အကြွေလေးတွေ ပြန်အမ်းရင် ရှိနေတဲ့ ချာရတီဘော့စ်ထဲဘဲ ပစ်ပစ်ထည့်ထားခဲ့တာ များတယ်။ တစ်ပြားနှစ်ပြားနဲ့ သိမ်းထားရအခက် ပြန်သုံးရအခက်လေ။ အခုမှ အကြံရတယ်။ မနှင်းလို စုဗူးလုပ်ထားရင် ကောင်းလေမလားလို့။
နှင်းရေ
ငယ်တုန်းကတော့ ပိုက်ဆံစုဖို့ တအားကို တက်ကြွခဲ့တာပေါ့
ကြီးလာတော့ စုဗူးပြည့်ဖို့မပြောနဲ့ နည်းနည်းလောက်ရတာနဲ့ ဖောက်ချင်စိတ်က ထိန်းမရဖြစ်ဖြစ်လာတယ်။ ဒါနဲ့ဘဲ နောက်ဆို စုကို မစုဖြစ်တော့ပါဘူး. ဘဏ်စာအုပ်ဆိုတာလည်း ဘယ်နားထားလိုက်မိမှန်းတောင် မသိတော့ပါဘူး ဟိဟိ
ဖတ်လို့ ကောင်းလိုက်တာ။စိတ်ဝင်စားမိလို့  ဒီနေ့ ပဲစပြီးစုပါပြီရှင်းကျေးဇူးတင်မဆုံးပါ။
ပစ်ပစ်စီမှာလည်း
စုဗူးလေးတဗူးရှိတယ်အမ
ဝက်ရုပ်စုဗူးလေး
စုဗူးဖွင့်မယ်နေ့ ပြောပါ...
မုန့်ဝယ်ကျွေးခိုင်းမလို့...:)
ငယ်ငယ်တုန်းကတော့ စုဖြစ်ပါရဲ့..
အခုတော့ စုဗူးမစုနိုင်တာ ကြာပါပေါ့ညီမရယ်...
စုဗူးထဲထည့်မယ် ကြံတိုင်း လက်ကအငြိမ်မနေဘူးးဒီတစ်ခါ တော့မဖြစ်ဘူးစုမှ
Post a Comment