“မင်း အပတ်တကုတ် ကြိုးစားရမယ်.....
မင်းတောင်းဆိုရလိမ့်မယ်..” လို့ ဆိုခဲ့သူကတော့ ကမ္ဘာကျော် မျက်မမြင် အော်ပရာ အဆိုတော်တစ်ဦးဖြစ်တဲ့
အန်ဒရီယာ ဘိုဆဲလီ ပဲဖြစ်ပါတယ်။
“မင်းရဲ့ အိပ်မက်တွေကို ဦးဆောင်သူဖြစ်ပါစေ....
“ လို့ ဆိုခဲ့သူက အမေရိကန် တောင်ပိုင်းက လူမည်းကျွန်တွေကို တစ်ကိုယ်တော်
ကယ်တင်ခဲ့သူ မျက်မမြင် အမေရိကန် သူရဲကောင်း
အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျုဘ်မန်းပါ။
“မသန်မစွမ်းဖြစ်ခြင်းဟာ လူတစ်ယောက်ရဲ့ဘဝကို
ပြောင်းလဲသွားစေတာမဟုတ်ဘူး။ ဘဝကို ချဉ်းကပ်လမ်းကြောင်း ပြောင်းလဲသွားတာသာ ဖြစ်တယ်”
လို့ ဆိုလာသူက မျက်မမြင်ဓါတ်ပုံဆရာ ဂျော့ကော်ဗင်တန်ပါ။
မျက်မမြင်တွေရယ်လို့
ခေါင်းစဉ်တပ်ရပေမယ့် အချို့သော မျက်မမြင်တွေဟာ ကျွန်မတို့လို သာမန်လူတွေထက်ပိုလို့
ထူးချွန်ထက်မြက်ကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့အားနည်းချက်ကို
စိန်ခေါ်မှုတစ်ရပ်အသွင်ပြောင်းပြီး မဆုတ်မနစ်ကြိုးစားခဲ့ကြလို့လဲ ကမ္ဘာကျော်
မျက်မမြင် အဆိုတော် ကမ္ဘာကျော် မျက်မမြင် ဂျာနယ်လစ် ကမ္ဘာကျော် မျက်မမြင် ပန်းပုဆရာ
ကမ္ဘာကျော် မျက်မမြင် ဓါတ်ပုံဆရာ ကမ္ဘာကျော် မျက်မမြင် စာရေးဆရာ ကမ္ဘာကျော် မျက်မမြင်
အားကစားသမားစသည်ဖြင့် နယ်ပယ်အသီးသီးမှာ အောင်မြင်ခဲ့ကြတာပါ။
ကမ္ဘာကျော် မျက်မမြင် စာရေးဆရာမ ဟယ်လင်ကေလာ
ကစလို့ ကမ္ဘာကျော် မျက်မမြင် အိုလံပစ် အားကစားမယ် မာလာရန်းန်ယန် မျက်မမြင် ဂီတအကျော်အမော်တွေနဲ့
မျက်မမြင် ကမ္ဘာကျော်တွေရဲ့ နောက်ကွယ်မှာ မျက်မမြင်လောကကို အလင်းပေးခဲ့သူတစ်ဦး
အထင်ကရ ရှိခဲ့ဘူးပါတယ်။
မျက်မမြင်လောက အမှောင်မကျစေဖို့ မျက်မမြင်စာကို တီထွင်ခဲ့သူ လူးဝစ်ဘရီလ်
(Louis Braille) ကိုတော့ ဇန်နဝါရီလ ၄ ရက် ၁၈၀၉ မှာ ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ သုံးနှစ်သားအရွယ်မှာ ဆော့ကစားရင်း ဆူးစူးရာက မျက်လုံးတစ်ဘက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ငါးနှစ်သားအရွယ်မှာတော့ မျက်လုံး နှစ်ဘက်လုံး ကွယ်ခဲ့ရသူတစ်ယောက်ပါ။ လူးဝစ်စ်လေးဟာ ငယ်စဉ် ကျောင်းသားဘဝကတည်းက မျက်မမြင်တွေကြားမှာ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။
ကျောင်းသားဘဝမှာတည်းက မျက်မမြင်တွေရဲ့ ဆက်သွယ်ရေး စနစ်ကို ပြောင်းလဲဖို့အတွက် မျက်မမြင်စာကို တီထွင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁၈၂၁ မှာ ပြင်သစ်တပ်မတော်က ဗိုလ်ကြီး ချာလီဆီမှာ စစ်မြေပြင် ဆက်သွယ်ရေးစနစ်ကို လေ့လာသင်ယူခဲ့ပါတယ်။ စစ်မြေပြင်မှာ စစ်သားတွေ အသုံးပြုတဲ့ ညစာရေးနည်း Night Writing စနစ်ကို အခြေခံပြီး မျက်မမြင်စာကို တီထွင်ဖို့ ကြံစည်ခဲ့စဉ်က သူဟာ ဆယ့်သုံးနှစ်သားအရွယ်ပဲ ရှိပါတယ်။
တကယ်တော့ စစ်တပ်က စစ်သားတွေ သုံးကြတဲ့ ညစာရေးနည်းဟာ အစက်ကလေးတွေနဲ့ ပုဒ်ချောင်းလေးတွေကို လက်နဲ့ စမ်းသပ်ပြီး ဖတ်ရှုရတဲ့ စာရေးစနစ်ပါ။ စစ်မြေပြင်မှာ အသံထွက်စရာမလိုပဲ သတင်းအချက်အလက်တွေ ဖြန့်ချီလို့ရတဲ့ ဆယ်သွယ်ရေးစနစ်ဟာ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ မူလ ညစာရေးနည်းမှာတော့ အစက်ငယ်လေး တစ်ဆယ့်နှစ်စက်စီနဲ့ စာလုံးတွေကို တီထွင်ထားပါတယ်။
ဒါပေမယ့် လူးဝစ်ဘရီလ်ရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေကြောင့် အသက် ဆယ့်ငါးနှစ်အရွယ်မှာ အစက်ငယ်လေး ခြောက်စက်ကို အခြေခံတဲ့ မျက်မမြင်စာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ အလားတူပဲ ဂီတကို ချစ်မြတ်နိုးတဲ့ ဘရီလ်ဟာ အစက်ငယ်လေးတွေကို အခြေခံပြီး မျက်မမြင်တွေအတွက် ဂီတသင်္ကေတတွေကိုပါ တီထွင်ဖန်တီးခဲ့ပါတယ်။
ဒီနေရာမှာ ထူးခြားချက်လေးတစ်ခုကတော့ သူ့ကို မျက်မမြင်ဘဝကို ရောက်စေခဲ့တဲ့ ဆူးကို အသုံးပြုလို့ မျက်မမြင်စာကို ရေးလို့ ဖတ်လို့ရအောင် တီထွင်ခဲ့တာပါပဲ။ သူ့ဘဝကို အမှောင်ထဲကိုရောက်အောင် တွန်းပို့ခဲ့တဲ့ ဆူးတစ်ချောင်းဟာ အခုချိန်မှာတော့ မျက်မမြင်ထု တစ်ရပ်လုံးအတွက် အထောက်အကူဖြစ်နေခဲ့ပါပြီ။
ရာစုနှစ် နှစ်စုကို ကျော်ပြီးချိန်မှာတော့ သူ့ရဲ့ မျက်မမြင်စာကို လက်ခံလာကြပြီးဘရီလ်ကွယ်လွန်ပြီး နှစ်နှစ်အကြာမှာတော့ သူ့ရဲ့ မျက်မမြင်စာပေကို ဘာသာစကားတစ်ခုအဖြစ် လက်ခံသတ်မှတ်ခဲ့ကြပါတယ်။ မျက်မမြင်စာကို ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတွေအားလုံးအတွက်လဲ ထပ်ဆင့် ပုံတူကူးခဲ့ကြပါတယ်။
၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၎
ရက်နေ့ကတော့ မျက်မမြင်စာကို တီထွင့်ခဲ့သူ လူးဝစ်ဘရီလ်ရဲ့ နှစ်၂၀၀ ပြည့်မွေးနေ့လေးပါ။ ဘရီလ်ကို
ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၀၉ခုနှစ်ကစလို့ ဇန်နဝါရီလ ၄ ရက်နေ့ကို ကမ္ဘာ့မျက်မမြင်စာနေ့အဖြစ် သတ်မှတ်ပြီး
ကမ္ဘာတဝှမ်းမှာ The
World Braille Day
ကိုနှစ်စဉ် ကျင်းပခဲ့ပါတယ်။
လူးဝစ်ဘရီလ်ရဲ့ ကျေးဇူးနဲ့
မျက်မမြင်စာကို သင်ယူခွင့်ရနေတဲ့ မျက်မမြင်ကျောင်းသား ကျောင်းသူတွေနဲ့
မျက်မမြင်ပညာတတ်များစွာ ပေါ်လာခဲ့ပါတယ်။
၁။ ဟယ်လင်ကေလာ
အခြေခံ အစက်ငယ်လေးခြောက်စက်နဲ့
ဖွဲ့စည်းထားတဲ့ မျက်မမြင်စာကို အခြေခံပြီး စာရေးစာဖတ်ပြုရာကနေ ကမ္ဘာကျော်ခဲ့တဲ့
စာရေးဆရာမ ဟယ်လင်ကေလာကတော့ မြန်မာပြည်က ဆယ်ကျော်သက်တွေနဲ့
ရင်းနှီးကျွမ်းဝင်ခဲ့ဘူးတဲ့ နာမည်ကျော် မျက်မမြင်စာရေးဆရာမတစ်ဦးပါ။ သူမဟာ၁၈
လသမီးအရွယ်မှာကတည်းက အမြင်အာရုံရော အကြားအာရုံရော ကွယ်ခဲ့သူလေးပါ။ ဒါပေမယ့် ဘရီလ်တီထွင်ခဲ့တဲ့
မျက်မမြင်စာပေရဲ့ ကျေးဇူးနဲ့ ကမ္ဘာကျော်စာရေးဆရာမ ဖြစ်ခဲ့ရုံမက ဂီတမှာလဲ
ထူးချွန်သူတစ်ဦးဖြစ်ခဲ့ပါသေးတယ်။
သူမဟာ သူမရဲ့
ဘဝသက်တမ်းတစ်လျှောက်မှာ ကမ္ဘာပတ်ခဲ့ပြီး သမ္မတ ၁၂ ဦးနဲ့
တွေ့ဆုံခဲ့ဘူးပါတယ်။မရေမတွက်နိုင်တဲ့ ဆုပေါင်းများစွာနဲ့
ဂုဏ်ထူးဆောင်ဘွဲ့ပေါင်းများစွာကိုလဲ လက်ခံရရှိခဲ့ပါတယ်။ ဟယ်လင်ကေလာရဲ့ ဇာတ်လမ်းကို
တင်ဆက်ခဲ့တဲ့ “The
Miracle Worker.” ရုပ်ရှင် လေးဟာလဲ အော်စကာဆုရခဲ့တဲ့
ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါသေးတယ်။
၂။ စတိဗ် ဝန်းဒါး
“I Just
Called to Say I Love You,”
ဒီသီချင်းလေးနဲ့ ကျော်ကြားခဲ့သူ စတိဗ်ဟာလဲ မွေးရာပါ မျက်မမြင်တစ်ယောက်ပါ။ ဒါပေမယ့်လဲ သူဟာ ထင်ရှားကျော်ကြားတဲ့ တေးရေးတေးဆို တစ်ယောက်ဖြစ်ခဲ့ပါတယ်။
၃။ မျက်မမြင် ကမ္ဘာ့ အိုလံပစ်မယ် မာလာ
ရန်းယန်
“အနာဂတ်ဆိုတာ ကြိုတင် မမြင်နိုင်ပါဘူး။ အမြင်အာရုံတွေ
ကွယ်ခဲ့ရင် ဘယ်လို
တုန့်ပြန်ပြုမူရမယ်ဆိုတာကို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရမယ်လေ... “လို့ ဆိုခဲ့သူက
အားကစားမယ် မာလာ ပဲဖြစ်ပါတယ်။ သူမသည်လဲ အထူးပညာရေး မာစတာဘွဲ့ရ ပညာတတ် အားကစားမယ်တစ်ဦးပါ။
၂၀၀၀ ခုနှစ် ဆစ်ဒနီမှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော်မှာ အမျိုးသမီး မီတာ ၁၅၀၀ တန်းမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး မျက်မမြင် အားကစားမယ်တစ်ဦးလဲ ဖြစ်ပါတယ်။
သူမဟာ အမေရိကန်နိုင်ငံရဲ့
အမျိုးသမီး အပြေး ချန်ပီယံဆုကို
သုံးကြိမ်တိတိ ဆွတ်ခူးခဲ့သူလဲ ဖြစ်ပါတယ်။
အပြေးအားကစားနည်း ပေါင်းစုံမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာလဲ ရရှိခဲ့သူဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်ကစပြီး Perkins မျက်မမြင်ကျောင်းရဲ့ သံတမန်အနေနဲ့ လူထု ပရိတ်သတ်အတွက် မျက်မမြင်များနဲ့
သက်ဆိုင်တဲ့ မိန့်ခွန်းပေါင်းများစွာကို ပြောခဲ့ပါတယ်။
၎။ ဟားဗတ် မျက်မမြင်ကျောင်းသားများ
၁၉၆၉ ခုနှစ် စာသင်နှစ်မှာတော့
ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကြီးမှာ မျက်မမြင်ကျောင်းသား ၆ ဦးမှ ၁၂ ဦးအထိ
ပညာသင်ကြားခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ်က ဒုတိယနှစ် ဥပဒေ
ကျေင်းသားဖြစ်တဲ့ Harold
E. Krents ကတော့ မျက်မမြင်ကျောင်းသားတွေကြားမှာ
ထင်ရှားကျော်ကြားတဲ့ ဟားဗတ်ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဟားဗတ်မျက်မမြင်ကျောင်းသားတွေဟာ
ဘရီလ်တီထွင်ခဲ့တဲ့ မျက်မမြင်စာရေးနည်း ဖတ်နည်းတွေကို အခြေခံတဲ့ သင်ယူမှု အထောက်အကူပစ္စည်းတွေနဲ့ ပညာသင်ကြခြင်းပဲ ဖြစ်ပါတယ်။
မျက်မမြင်စာကို တီထွင်ပြီး
မျက်မမြင်လောက ကို အကျိုးပြုစေခဲ့သူ ဘရီလ်လိုပဲ မျက်မမြင်တွေရဲ့ နေ့စဉ်ဘဝကို
အထောက်အကူပြုစေမယ့် အသုံးအဆောင်တွေကို တီထွင်ဖန်တီးခဲ့သူတွေလဲရှိခဲ့ပါတယ်။
မျက်မမြင်တွေ နေ့စဉ်သုံးစွဲနေရတဲ့
အထာက်အကူပြုပစ္စည်းတွေဖြစ်တဲ့ စကားပြော
တယ်လီဖုန်း စကားပြော နားကျပ် စကားပြောမိုဘိုင်းဖုန်း စကားပြော ပေါင်ချိန်စက် စကားပြော မှတ်စုစာအုပ်
စကားပြောနာရီ MP3 player စကားပြောသံလိုက်အိမ်မြှောင် စကားပြော အသံဖမ်းစက် စကားပြော သမ္မာကျမ်းစာ
တွေကို တီထွင်ခဲ့သလို အခြားသော အသုံးအဆောင်ပေါင်းများစွာကိုလဲ ဖန်တီးပေးခဲ့ကြပါတယ်။
မျက်မမြင်တွေအနေနဲ့ မိမိဘဝကို
တစ်ကိုယ်တည်း ရပ်တည်နိုင်ဖို့အတွက် စကားပြော သွေးပေါင်ချိန်စက် စကားပြော
ဂဏန်းပေါင်းစက် စကားပြော ပြက္ခဒိန် အိတ်ဆောင်ပြက္ခဒိန် စကားပြောကွန်ပြုတာဆော့ဖ်ဝဲ
စကားပြောစီဒီ မျက်မမြင်တွေ ဟင်းချက်ရာမှာ အသုံးပြုတဲ့ စကားပြော အချိန်မှတ်စက်
စကားပြောဟင်းချက်သာမိုမီတာ စကားပြော ဟင်းချက် ပေါင်ချိန်စက် မျက်မမြင်တွေအတွက်
သီးသန့် တီထွင်ထားတဲ့ ဆားဗူးနဲ့ ငရုပ်ကောင်းဗူးလေးတွေ ဟင်းချက်ရာမှာ ချိန်တွယ်တဲ့
ဇွန်းနဲ့ ချင်ခွက်လေးတွေ မျက်မမြင်တွေသုံးတဲ့ ကော်ဖီခွက်လေး တွေကအစ
ဆန်းသစ်တီထွင်ပေးထားခဲ့ပါတယ်။
မျက်မမြင်တွေအတွက် ထုတ်လုပ်ထားတဲ့
တီဗွီရီမုတ်ကွန်ထရိုး အိမ်အတွင်းအပြင် တပ်ဆင်ထားတဲ့ စကားပြော သာမိုမီတာ စတီရီယို
နားကျပ် စပီကာ မျက်မမြင်တွေသုံးတဲ့ ပေတံ ပေကြိုး စာရေးစက္ကူ ကညစ်တံ ခဲဖျက် ကျောက်သင်ပုန်း
တံဆိပ်တုံးလေးတွေကလဲ သူတို့အတွက် များစွာ အထောက်အကူပြုခဲ့ပါတယ်။
မျက်မမြင်တွေကလေးငယ်တွေအတွက်
သီးသန့် ဖန်တီးပေးထားတဲ့ အားကစားပစ္စည်းတွေနဲ့ တီဗွီဂိမ်းစက်
စစ်တုရင်ကစားခုံ မိုနိုပိုလီကစားခုံ အံစာတုံး မျက်မမြင်သုံး ဖဲချပ်လေးတွေနဲ့ ဘင်ဂိုကစားခုံနဲ့
ကစားစရာ ပေါင်းစုံကလဲ ကလေးငယ်တွေအတွက် လက်တကမ်းမှာ ရှိနေခဲ့ပါပြီ။
ခရစ္စမတ်နဲ့ အထိမ်းအမှတ်နေ့တွေအတွက်လဲ
အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ ဖြစ်တဲ့ ကီးချိန်းလေးတွေနဲ့ မျက်မမြင်စာရေးထားတဲ့
ချောကလက်ပြားလေးတွေ Greeting Card လေးတွေ ခရစ်စမတ် အလှဆင်ပစ္စည်းလေးတွေ တိုကင်ပြားလေးတွေ လက်ပတ်ကြိုးလေးတွေကိုလဲ
ရာသီစာအဖြစ် နေရာတိုင်းမှာ တွေ့နေရပါပြီ။
ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ငါးစက္ကန့်မှာ လူတစ်ယောက်နှုန်း မျက်စိကွယ်နေကြပြီး တစ်မိနစ်မှာ ကလေးငယ်တစ်ယောက်နှုန်း အမြင်အာရုံ ချို့ယွင်းနေတယ်လို့ဆိုပါတယ်။
ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်မှာ သူ ခုနစ်သန်းလောက်ဟာ မျက်စိကွယ်နေကြတယ်လို့လဲ
ဆိုကြပါတယ်။
မျက်မမြင်တွေကို ခွဲခြမ်းလေ့လာကြည့်တော့
အချို့က မွေးရာပါ မျက်မမြင်တွေ ဖြစ်ကြပြီး အချို့ကတော့ ကလေးဘဝမှာ အမြင်အာရုံဆုံးရှုံးခဲ့သူတွေဖြစ်ပါတယ်။
အချို့ကတော့ အသက်အရွယ်ရလာမှ မတော်တဆမှုတွေကြောင့် အမြင်အာရုံ ပျောက်ကွယ်ခဲ့ကြသူတွေပဲ
ဖြစ်ပါတယ်။
၈၀ ရာခိုင်နှုန်းသော မျက်မမြင်ရောဂါတွေဟာ
ကုသလို့ပျောက်ကင်းနိုင်သလို ကြိုတင်ကာကွယ်လို့လဲရနိုင်ပါတယ်။ တကယ်လို့ မျက်မမြင်နှုန်းလျော့ကျစေဖို့
အရှိန်အဟုန်နဲ့ မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ ၂၀၂၀ ကိုရောက်တဲ့ အချိန်မှာ ကမ္ဘာ့မျက်မမြင်ဦးရေဟာ
နှစ်ဆ တိုးပွားလာနိုင်တယ်လို့ ပြောကြပါတယ်။
ဆီးချိုရောဂါခံစားနေရသူတွေကတော့ သာမန်သူတွေနဲ့
ယှဉ်ရင် မျက်စိကွယ်ဖို့ အခွင့်အရေး ၂၅ ဆ ပိုပါတယ်။ အမေရိကနဲ့ အာဖရိက နိုင်ငံတွေမှာတော့
ရေတိမ်ရောဂါဟာ မျက်စိကွယ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရာစုသစ်မှာတော့
မျက်မမြင်တွေအတွက် ကွက်လပ်ဆိုတာ မရှိလောက်အောင်ကို ပြည့်စုံနေခဲ့ပါပြီ။
အမြင်အာရုံဆုံးရှုံးခဲ့သူတွေဆိုပေမယ့် လူ့အခွင့်အရေးတွေ အပြည့်အဝရနေခဲ့တာမို့
မျက်မမြင်တွေဟာလဲ သာမန်လူတွေနဲ့ တတန်းတစားတည်း ရှင်သန်ခွင့်ရလာခဲ့ပါပြီ။
ကြိုတင်ကာကွယ်လို့ ရနိုင်တဲ့
မျက်စိရောဂါတွေအတွက် မမေ့မလျော့ ကြိုတင်ကာကွယ်ရင်း ကျွန်မတို့
ပတ်ဝန်းကျင်မှာရှိတဲ့ မျက်မမြင်အဖွဲ့အစည်းများကို အားပေးကူညီရင်း ၂၀၁၃ ဇန်နဝါရီမှာ
ကျရောက်မယ့် ကမ္ဘာ့မျက်မမြင်စာပေနေ့လေးကို ကြိုဆိုကြပါစို့လားရှင်။
မင်္ဂလာရှိတဲ့ ၂၀၁၃ နှစ်သစ် စာမျက်နှာလေးကို
ဒီဆောင်းပါးလေးနဲ့ ခွန်အားဖြည့် ဖွင့်လှစ်ရင်း....
1 comments:
နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝပါစေ မနှင်း..
Happy New Year !!!!
ချစ်တဲ့
သဒ္ဓါ
Post a Comment