ဥတုရာသီ တောကိုမှီ၏
ဒူဘိုင်းကိုလွန်ခဲ့တဲ့ ကိုးနှစ် ကျွန်မရောက်ကာစ အချိန်နဲ့ အခုချိန်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ထူးခြားတာတခုကို သတိထားမိတယ်။ နွေကာလမှာ အပူချိန်မြင့်တယ် ဆိုပေမယ့် ဆိုးဆိုးရွားရွား မဟုတ်တော့ဘူး။ကန္တာရကြီးထဲမှာ Environmental Policy တခုခုများချထားသလားထင်ရလောက်အောင် စိမ်းစိမ်းစိုစိုသစ်ပင်တွေ နေရာတိုင်းမှာ တွေ့လာရတယ်။ နွေခေါင်ခါင် အပူလွန်ကဲတဲ့ အချိန်တွေမှာ ရေခဲခြောက်တွေနဲ့မိုးတိမ်အတု ဖန်တီးပြီး မိုးအတုတွေ ရွာအောင်လုပ်တာကို တွေ့ရတယ်။
မိုးအတုဟာ ရာသီဥတုကို အခိုက်အတန့်တော့ ပြောင်းလဲစေပါတယ်။အပူချိန် ၄၈-၅၀ လောက်ဖြစ်နေတဲ့ အချိန်မှာ မိုးအတု ခပ်ပြေပြေလေး သုံးရက်လောက် ရွာချလိုက်ရင်ကိုပဲပါတ်ဝန်းကျင်တခုလုံး အေးမြသွားတာ ဘာနဲ့မှကို မတူပါဘူး။
မနေ့က သတင်းစာဖတ်မိတော့နောက်ထပ် စိမ်းစိမ်းစိုစို တောတန်းတစ်ခု ဖန်တီးမယ့် စီမံကိန်းတစ်ခုအကြောင်း တွေ့လိုက်ရတယ်။
ဒူဘိုင်းမြို့ရဲ့ဗဟိုလမ်းမကြီးဖြစ်တဲ့ Shaikh Zayed လမ်းမကြီးရဲ့ လမ်းဘေးဝဲယာ တလျောက်မှာconocarpus လို့ခေါ်တဲ့ သစ်ပင်တွေ နဲ့ ပုဏ္ဍရိပ်ပင်တန်းလေးတွေ တန်းစီပြီးစိုက်မယ်လို့ဆိုတယ်။ ဒူဘိုင်းကနေ အဘူဒါဘီ နယ်စပ်အထိ သစ်ပင်ပေါင်းငါးထောင်ကျော်နဲ့ ကြားထဲမှာ ပုဏ္ဍရိပ်ပင်တစ်သောင်း ခုနစ်ထောင်ကျော် ညှပ်ပြီး စိုက်မယ့် စီမံကိန်းကြီးပေါ့။
ဒီစီမံကိန်းကဒူဘိုင်းစည်ပင်သာယာရေးကော်မတီရဲ့ ယူအေအီးငွေ ဒါဟန်း ၁၄ သန်း တန်ဘိုးရှိတဲ့ မြို့တော် စိန်းလန်းစိုပြေရေးစီမံကိန်းရဲ့ တစိတ်တဒေသပါတဲ့။ ဒီသစ်ပင်တွေကို ရေပေးဖို့ ရေမော်တာတွေ ရေကန်တွေနဲ့ ၂၈ကီလိုမီတာ ရှည်တဲ့ ပိုက်လိုင်းတွေ ပါဝင်ပါတယ်။ ဒီသစ်ပင်တောတန်းတွေကို ကို စက်တင်ဘာလလောက်မှာစပြီးမြင်ရတော့မှာပါတဲ့။
သစ်ပင်တွေစိုက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လမ်းမကြီးကို အလှဆင်ဖို့နဲ့ မြို့ပြရဲ့ ကာဗွန်ငွေ့တွေလျော့ချဖို့ပါပဲ။
ဒီသစ်ပင်နဲ့ပုဏ္ဍရိပ်ပင်တန်းဟာ လေနဲ့အတူ အဝေးပြေးလမ်းမကြီးပေါ်ကို တက်လာတတ်တဲ့ ကန္တာရထဲက သဲတွေကိုလဲကာကွယ်တားဆီးပေးနိုင်မယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သဲမုန်တိုင်း တိုက်ခတ်ချိန်တွေမှာလမ်းပေါ်ကို ပလူပျံပြီး တက်လာတဲ့ သဲတွေကို ဒီသစ်ပင်တွေက တံတိုင်းတခုလို တားဆီးနိုင်မယ်လို့ဆိုပါတယ်။
ကန္တာရတိုင်းပြည်လေးမှာသစ်ပင်တွေ ဝေဝေဆာဆာစိုက်ပြီး ရာသီဥတုကို ထိန်းညှိနေတဲ့အချိန်မှာ သစ်ကြီးဝါးကြီးတွေနဲ့အချိန်တုန်းက စိုစိုပြေပြေရှိခဲ့ဘူးတဲ့ ကိုယ့်နိုင်ငံမှာ ဂေဟ စနစ်တွေ ဆိုးဆိုးရွားရွားပျက်စီးနေတာမြင်ရတော့ စိတ်မကောင်းဘူး။
လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက အင်းလေးကန်ကြီး ရေခန်းတော့မယ်ဆိုပြီးပက်ကြားအက်နေတဲ့ ကန်ရေပြင်ရဲ့ ဓါတ်ပုံတွေ တွေ့ခဲ့ဘူးတယ်။ အခုလည်း အလားတူသတင်းတွေကိုဖတ်ရပြန်တယ်။ နွေရာသီရောက်တိုင်း အင်းလေးကန်ရေခန်းမယ့် အရိပ်တွေကို မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာပါ။
တခါတုန်းကနိုင်ငံခြားခရီးစဉ်တခုမှာ ဒေါ်အောင်ဆန်းစုကြည်က မီးပေးဝေမှုစနစ် နဲ့ပက်သက်ပြီးEnergy Policy ကို ပြောင်းပစ်ဖို့ လိုတယ်လို့ပြောခဲ့ဘူးတယ်။ ရေတွေမီးတွေ မှန်ဖို့ ကျွန်မတို့ စဉ်းစားနေကြသလိုအရေးတကြီး ထည့်သွင်းစဉ်းစားရမယ့် အချက်တချက်ကို သတိထားမိလာတယ် ။ ဒါကတော့Environmental Policy တခုခုချမှတ်သင့်ပြီလို့ ထင်မိတယ်။ ကျွန်မက သစ်တောကျွမ်းကျင်သူမဟုတ်ပါဘူး။
ဒါပေမယ့်သစ်တော ပညာရှင်တွေကြားမှာလဲ သူတို့စိုးရိမ်တကြီး ထိန်းသိမ်းချင်တဲ့ အပိုင်းကဏ္ဍတွေနဲ့ပက်သက်ပြီးလက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ နည်းနည်းလေးလွဲနေတာတွေ ရှိတယ်လို့ ဆိုကြတာ ကြားဘူးပါတယ်။ထင်သလောက်ခရီးးမပေါက်လို့ လက်မှိုင်ချပြီး တိတ်တိတ်လေးဝမ်းနည်းနေတဲ့ သစ်တောပညာရှင်ကြီးတွေကျွန်မတို့ တိုင်းပြည်မှာ ရှိနေဆဲပါ။
အင်္ဂလိပ်လက်ထက်ကအကောင်အထည်ဖော်ခဲ့တဲ့ မြို့ပြ ရေပေးဝေရေးစနစ်တွေ ဘာတွေကအစ ထိန်းသိမ်းမှုမရှိတော့ ပျက်စီးခြင်းကိုဆိုက်ရောက်သွားတာတွေလဲ တွေ့ရမြင်ရသေးတယ်။
ကျွန်မတို့နိုင်ငံဟာအခြားအာရှနိုင်ငံတွေလို မုတ်သုန်သစ်တောတွေ ပိုင်ဆိုင်ကြတာခြင်းအတူတူ ပိုင်ဆိုင်ထားတဲ့သစ်တောသစ်ပင်တွေကို လက်ရှိအခြေအနေထက် လျော့ပါးမသွားစေချင်တော့ဘူး။ ဖိလစ်ပိုင်ကိုသွားလည်တုန်းကသူတို့ဆီက ရှားစောင်းလက်ပတ်ပင်လေးတောင် နိုင်ငံရဲ့ ပြင်ပကို သယ်ယူခွင့်မရှိဘူးလို့သူငယ်ချင်းကပြောပြဖူးတယ်။
ကျွန်မတို့နိုင်ငံမှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့တာပဲ ဖြစ်ဖြစ် ဝိသမလောဘသားတွေကြောင့် ပျက်စီးခဲ့တာပဲဖြစ်ဖြစ်ပျက်စီးတာတွေ ပျက်စီးခဲ့ပြီးပါပီ။ ဒီတော့ မပျက်မစီး ကျန်နေသေးတဲ့ သစ်တော သစ်ပင်တွေကိုအချိန်မီတယ်ဆိုရုံလေး တချက်လောက်တော့ လှည့်ကြည့်စေချင်သေးတယ်။
သူများတိုင်းပြည်တွေလိုဒေါ်လာသန်းချီတဲ့ စီမံကိန်းတွေဆွဲပြီး သစ်ပင်တွေ မစိုက်ရင်နေပါ လက်ရှိ ရှိနေတဲ့ ရေမြေတောတောင်လေးကိုပဲထပ်ပြီး မပျက်မစီးအောင် ထိန်းသိမ်းစေချင်မိတယ်။
ကျွန်မ မြန်မာပြည်ကထွက်လာတဲ့ ကိုးနှစ်ဆိုတဲ့ ကာလအတွင်းမှာ မြန်မာပြည်ရဲ့ ရာသီဥတုတွေ ဆိုးဆိုးရွားရွားပြောင်းလဲသွားခဲ့ပြီးပြီ။ဒူဘိုင်းနိုင်ငံရဲ့ နွေရာသီမှာ မနက်မိုးလင်းလို့ အပူချိန်ကို ကြည့်မိတယ်ဆို မြန်မာပြည်ရဲ့အပူချိန်ကိုပါ မမေ့မလျော့ကြည့်မိတယ်။ ထူးခြားတာက တခါတရံမှာ မြန်မာပြည်ရဲ့ အပူချိန်ကကန္တာရအပူချိန်ထက် ပိုမြင့်နေခဲ့တယ်။
ကျွန်မက ပညာရှင်တစ်ယောက်မဟုတ်ပါဘူး …တန်ခိုးရှင်တစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ခံစားတွေးတောတတ်တဲ့ လူသားတစ်ယောက်မို့တနေ့တခြား ချူချာ ချို့ယွင်းလာတဲ့ ဂေဟ စနစ်ကို အလူးအလဲ အံတုခံနေတဲ့ မြန်မာနိုင်ငံအတွက်တစ်ယောက်တည်း စိတ်မကောင်းဖြစ်ရုံပဲ တတ်နိုင်ပါတယ်။
ကျွန်မတို့လူမှုဘဝမှာ စားဝတ်နေရေး အရေးသုံးပါးထက် ပိုပြီး စဉ်းစားရမယ့် အရေးကိစ္စလေးတွေ ရှိနေသေးတယ်။အထူးသဖြင့် ကျွန်မတို့ မမြင်နိုင် မသိနိုင် ကြိုတင်တွက်ချက်လို့မရနိုင်တဲ့ သဘာဝဘေးဆိုးကပ်ဆိုးတွေပေါ့။ ဒီစာရေးနေတဲ့ အချိန်လေးမှာ နီပေါနိုင်ငံမှာ ငလျင်ဘေးကြောင့် လူတွေထိခိုက် ပျက်စီးနေကြတယ်။
ကမ္ဘာကြီးကလူသား သန်းခြောက်ထောင်ကျော်ကို မနိုင်မနင်းထမ်းပိုးလို့ သူ့တာဝန်သူကျေနေပေမယ့် ကျွန်မတို့ကသူ့ကို လုံးလုံးလျားလျား သတိမမူနိုင်ခဲ့ပါဘူး။ အတ္တတွေနဲ့ လုံးပန်းရင်း သူ့ကျန်းမာရေးကိုဂရုတစိုက်ကြည့်ရှု စောင့်ရှောက်ဖို့ မေ့လျော့နေကြတုန်း။
ကျွန်မတို့တချိန်လုံး မေ့လျော့ထားတဲ့ အမိကမ္ဘာမြေ ကျန်းမာပါစေ။
အလုပ်တွေရှုပ်နေလို့ ကမ္ဘာမြေနေ့အလွန်မှာ ရေးတဲ့ စာ ( ဧပြီ ၂၅ ၂၀၁၅)
Wednesday, July 01, 2015 | Labels: ဒူဘိုင်းသတင်း | 0 Comments
တတိယနေရာမှာ
ကိုယ့်ရေ
ကိုယ့်မြေမဟုတ်တဲ့ နေရာတစ်ခုမှာ အနေကြာလာတာနဲ့အမျှ ဘယ်တော့ပြန်မှာလဲ ဆိုတဲ့ မေးခွန်းကို
ခဏခဏ ဖြေရပါတယ်။ ကျွန်မ ဘယ်နေရာမှာပဲရောက်နေနေ
တတိယနေရာဆိုတာ ကျွန်မရဲ့ ပထမနေရာ ကျွန်မရဲ့အိမ် မဟုတ်ဘူးဆိုတဲ့ အသိတစ်ခုက အမြဲတမ်းခြောက်လှန့်နေခဲ့ပါတယ်။
Wednesday, May 01, 2013 | Labels: ဒူဘိုင်းသတင်း, အက်ဆေး | 3 Comments
ယူအေအီး ဂီတ မိတ်ဆက်ပွဲ
ဂီတဆိုတာ မျက်ရည်ကို နောက်ပြန်စီးဆင်းစေတဲ့ အနုပညာ
ဂီတဟာစိတ်ဓါတ်မြှင့်တင်ရေး ကိရိယာ
ဂီတဟာ စိတ်အနာတရတွေ အတွက်ကုထုံး
ဂီတဟာ ပြန်လည်ထူထောင်ရေး အားမာန်.... လို့ Fukushima Melody မှာ ဖတ်ခဲ့ဘူးပါတယ်။
အမိမြေနဲ့ အဝေးမှာ လွမ်းဆွတ် တမ်းတမှုတွေကို ဂီတ သံစဉ်တွေကြားမှာ မြုပ်နှံပြီး အပန်းဖြေဖို့ သူငယ်ချင်းတို့ကို ဖိတ်ခေါ်ပါရစေ….
မြန်မာဂီတကို အလွမ်းပြေ ခံစားဖို့ပဲဖြစ်ဖြစ်
မြန်မာ အနုပညာရှင်တွေကို အားပေးဖို့ပဲဖြစ်ဖြစ်
မြန်မာပြည်ရဲ့ အငွေ့အသက်ကို ပြန်လည်ရှုရှိုက်ဖို့ပဲဖြစ်ဖြစ်
မြန်မာသူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံဆည်းဖို့ပဲဖြစ်ဖြစ်
မြန်မာစကားကို ဖောင်ဖွဲ့ပြီးတော့ပြောဖို့ပဲဖြစ်ဖြစ်
ဂီတနဲ့ အင်အားယူဖို့ပဲဖြစ်ဖြစ်
ဂီတနဲ့ မျက်ရည်ခြောက်စေဖို့ပဲ ဖြစ်ဖြစ်
ဂီတနဲ့ စိတ်ပျော်ရွှင်စေဖို့ပဲ ဖြစ်ဖြစ်
ဂီတနဲ့ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ်
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ပထမဆုံးကျင်းပမယ့် စတိတ်ရှိုးမှာ ပြန်ဆုံကြရအောင်.....
အောက်တိုဘာ ၂၈ ရက် (သောကြာနေ့) ညနေမှာ ရှိတ်ရာရှစ် ခန်းမဆောင်ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
(ယူအေအီးနိုင်ငံရဲ့ ပထမဆုံးအကြိမ် စင်တင်တေးဂီတ ဖျော်ဖြေပွဲကို ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စီစဉ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်)
မအိန္ဒြာ ခံစားရေးဖွဲ့ထားတဲ့ Fukushima Melody ကဗျာလေး က ဒီမှာပါ။။။
Wednesday, October 12, 2011 | Labels: ဒူဘိုင်းသတင်း | 3 Comments
ကျားကြီး ခြေရာကြီး
လကုန်ခါနီး ရက်ပိုင်းအလိုလောက်တုန်းက မလေးရှားမှာနေတဲ့ ဦးလေးဆီကိုဖုန်းဆက်တော့ ဦးလေးက shopping လုပ်နေတယ်လို့ ပြောရင်း
“ကျားကြီး ခြေရာကြီး …. ကျားသေး ခြေရာသေး ….လစာ စောစောရ စောစောကုန်.... လကုန်ပြီး၂ ရက်လောက်နေရင် လက်ထဲမှာ ပိုက်ဆံရယ်လို့ မကျန် ….လစာ ဖြတ်ပိုင်းပဲ ကျန်တယ်..” လို့ အမျှင်မပြတ်ပြောလာခဲ့ပါသည်။ ဦးလေးပြောသမျှ အပိုအလိုမရှိ ကွက်တိမှန်နေတာမို့ အပြည့်အဝ ထောက်ခံလိုက်ပါသည်။
ကျွန်မတို့တွေမှာ ဝင်ငွေကိန်းဂဏန်းတွေကသာ ပုံမှန်ရှိပြီး ထွက်ငွေကိန်းဂဏန်းတွေက ပုံမှန်မရှိ။ ကျွန်မ အမေပြောတဲ့စကားနဲ့ ပြောရမယ်ဆိုရင် ငွေဆိုတာ ဆီလို အပေါက်ရှာပြီး ထွက်တတ်သလို လစာရချိန်မှာလဲ “ဆင်သတ်ပြီး အရပ်ဝေသလို” ဝေခြမ်းမျှဝေစရာတွေက အဆင်သင့် စောင့်နေတတ်ပါသည်။
ဒူဘိုင်းရောက်ပြီး ပထမဆုံးလုပ်တဲ့အလုပ်မှာတုန်းကတော့ လစာ ဖြတ်ပိုင်းတွေသာ ရတာမို့ ကျွန်မရဲ့ ဝင်ငွေတွေကို သိချင်လာချိန်မှာ စိတ်တွက်နဲ့ ပြန်တွက်ရသလို တခါတရံမှာ ဂဏန်းပေါင်းစက်ရဲ့ အကူအညီကိုလဲ ယူရပါသည်။
ဒါပေမယ့် လက်ရှိအလုပ်မှာတော့ ကျွန်မရခဲ့တဲ့ လစာစာရင်းကို mouse တချက် ထောက်ပြီးနှိပ်ရုံနဲ့ အလုံးနဲ့ အရင်းနဲ့ မြင်ရတတ်တာမို့ ပိုပြီး ရင်မောရတတ်ပါသည်။ လုပ်သက် လပေါင်း (၂၀) အတွင်း ကျွန်မရဲ့ အကောင့်ထဲကို ထည့်ပေးခဲ့တဲ့ ပမာဏက ဂဏန်း ခြောက်လုံးပြနေခဲ့တာမို့ ကျွန်မ ပြန်ပြီး စုဆောင်းမိခဲ့တဲ့ ပမာဏနဲ့ ယှဉ်ကြည့်မိတော့ ဒူဘိုင်းမှာ အလုပ်လုပ်ရတာ အိတ်ပေါက်နဲ့ ဖားကောက်နေရသလို ဖြစ်နေတာကို သတိထားမိလာပါသည်။
ဒူဘိုင်းရောက်စအချိန်တုန်းက ဝင်ငွေနဲ့ ထွက်ငွေကို သိချင်စိတ်နဲ့ balance sheet တွေဆွဲပြီး နေ့စဉ်အသုံးစရိတ်တွေကို မှတ်တမ်းတင်ထားခဲ့ဘူးပါသည်။ တစ်နှစ်လောက်ကြာလာချိန်မှာတော့ အသုံးစရိတ် ( အဖြုန်းစရိတ်) တွေကို ပြန်ကြည့်တိုင်း သွေးတိုးချင်တာလာမို့ ဆွဲထားတဲ့ ကိုယ်ပိုင် စာရင်းစာအုပ်ကို ပိတ်ပြီး မမြင်သာတဲ့နေရာကို ပို့ထားခဲ့တာ ယနေ့အချိန်ထိ။
ကျွန်မ သတိထားမိလာတဲ့ ဒူဘိုင်းရဲ့ လူနေမှုစရိတ်က လေးနှစ်ကျော် ငါးနှစ်ဆိုတဲ့ ကာလအတွင်းမှာ သိသိသာသာပဲ ပြောင်းလဲလာခဲ့ပါသည်။ မြန်မာပြည်က ကုန်ဈေးနှုန်းတွေလို ထိုးတက် ထိုးဆင်းတာမျိုးမဟုတ်ပေမယ့် ဒူဘိုင်းရဲ့ လူနေမှုစရိတ်က မသိမသာ တရိပ်ရိပ်နဲ့ တက်နေခဲ့ပါသည်။
အခုချိန်မှာ ဒူဘိုင်းမှာ လူပြောများလွန်းတဲ့ ငွေလွှဲဈေးနှုန်းကို ကျွန်မရောက်စအချိန်နဲ့ ယှဉ်ကြည့်တော့ မျက်ဖြူစိုက်လောက်အောင် ကွာသွားတာကို တွေ့ရပါသည်။ ကျွန်မရောက်ကာစ အချိန်တုန်းက မြန်မာငွေ ၁ သိန်းကို ဒါဟန်း ၂၈၀-၃၀၀ မျှသာ ပေးခဲ့ရဘူးပါသည်။ ယနေ့ငွေလွှဲနှုန်းကတော့ မြန်မာငွေ တစ်သိန်းကို ဒါဟန်း ၄၈၀ ကနေ ၅၀၀ ကျော်လောက်အထိ တက်လိုက်ကျလိုက် ဖြစ်နေဆဲ။
မြန်မာပြည်ရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းက ပြည်ပမှာ အလုပ်လုပ်နေသူအားလုံးကို သိသိသာသာ အကျပ်ရိုက်စေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒေါ်လာဈေး ငွေလွှဲဈေးကို ဒူဘိုင်းရဲ့ လူနေမှု စရိတ်အောက်မှာ ခဏမေ့ထားပြီး အခြားသော ကုန်ဈေးနှုန်းတွေဆီကို ပြန်ပြောင်း ပြန်စဉ်းစားမိပြန်ပါသည်။
အသုံးစရိတ်တွေလို့ ခေါင်းစဉ်တပ်မိတော့ အချိန်တိုအတွင်း အဟုန်ထိုးတိုးတက်လာတဲ့ နိုင်ငံပီပီ ဒူဘိုင်းအစိုးရရဲ့ အမျှော်အမြင်ကြီးမှု တစ်ခုကိုလဲ သတိထားမိလာပြန်ပါသည်။ အခွန်ကင်းလွတ်တဲ့ နိုင်ငံဖြစ်ပေမယ့် ဒီတိုင်းပြည်မှာ ရေနံကလွဲလို့ အခြားသဘာဝ သယံဇာတရယ်လို့ ပြောပလောက်စရာမရှိ။ ကိုယ်ပိုင်ထုတ်ကုန်ရယ်လို့လဲ လက်ဆုတ်လက်ကိုင်ပြစရာလဲမရှိ။ ကျွန်းနိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံလိုပဲ ဟင်းသီးဟင်းရွက်နဲ့ အခြေခံစားကုန်တွေကအစ အိမ်နီးချင်းနိုင်ငံအချို့နဲ့ အာရှနိုင်ငံတွေကို အားကိုးအမှီပြုနေရပါသည်။
အများသူငါတွေ ပြောပြောနေတဲ့ ယူအေအီးဆိုတာ ရေနံထွက်တဲ့ တိုင်းပြည် ရေနံနဲ့ သူဌေးဖြစ်တဲ့ နိုင်ငံဆိုပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သာ တိုင်းတာ သတ်မှတ်ခြင်းဖြစ်ပြီး ဒူဘိုင်းမြို့အတွက်တော့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့က အဓိက ထုတ်ကုန်လို့ ပြောလို့မရပါ။ ကြားသိ မှတ်သားမိသလောက် သတင်းအချက်အလက်တွေအရ ဒူဘိုင်းမြို့ကထွက်တဲ့ ရေနံ သဘာဝ ဓါတ်ငွေ့တွေက ဒူဘိုင်းမြို့အတွက် လိုအပ်တဲ့ စွမ်းအင်ကိုတောင် မဖြည့်စွမ်းပေးနိုင်ပါ။
အခြားစီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ၊ ဝန်ဆောင်မှု လုပ်ငန်း ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေနဲ့သာ အချိန်တိုအတွင်း စံချိန်တင်ရလောက်အောင် ကမ္ဘာက သိတဲ့ ဒူဘိုင်းအဖြစ် တိုးတက်အောင်မြင်လာခဲ့ခြင်းဖြစ်ပါသည်။
အခွန်လွတ်တိုင်းပြည်ဖြစ်တာမို့ Dubai Properties နဲ့ နိုင်ငံတကာကလာရောက်လည်ပတ်တဲ့ ခရီးသွားတွေဆီက ဝင်ငွေတွေ အများဆုံးရနေသလို ဒူဘိုင်းမြို့ကလဲ အရှေ့အလယ်ပိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အဓိက အားထားရာ ကုန်စည် ဒိုင်ကြီးတစ်ခုလဲ ဖြစ်နေခဲ့ပါသည်။
အာရှရဲ့ shopping business ကို စင်္ကာပူက ထိန်းချုပ်ထားသလို အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေအတွက် Shopping Center က ဒူဘိုင်းမြို့ပဲ ဖြစ်နေခဲ့ပါသည်။
Shopping business က ဒူဘိုင်းရဲ့ ဒုတိယ အသက်လို့ ပြောလို့ရသလို ကျွန်မတို့လို နိုင်ငံတကာက ဝန်ထမ်းတွေအတွက် အဓိက ငွေယိုပေါက်တစ်ခုလို့လဲ ပြောလို့ရပါသည်။
ကမ္ဘာကျော် Brand တွေ လက်ညှိုးထိုးလို့ မလွဲနိုင်အောင် တွေ့နိုင်ပေမယ့် ပေးရတဲ့ တန်ကြေးကလဲ မသေးလှပါ။ ကျွန်မတို့ ရှာဖွေလို့ရသမျှဝင်ငွေတွေကို မသုံးချင် မဖြုန်းချင်ပဲ မနေနိုင်အောင်လဲ အသုံးအဆောင် အသစ်အဆန်းတွေ လိုက်မမီနိုင်တဲ့ နည်းပညာ အသစ်အဆန်းတွေက မျက်စပစ်နေခဲ့ပါသည်။
ဒူဘိုင်းမှာရှာလို့ရသမျှ ပိုက်ဆံကို ဒူဘိုင်းမြို့က ပြန်မထွက်ချင်အောင် ပြန်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ဒူဘိုင်းအစိုးရရဲ့ ပရိယာယ်လှလှလေးကို သတိမထားမိသူတွေကတော့ ရှာလိုက် သုံးလိုက် ပျော်ပါးလိုက် သံသရာထဲမှာ ပျော်ရွှင်နေကြပါသည်။
ကမ္ဘာပေါ်မှာ Credit Card သုံးစွဲသူအများဆုံး နိုင်ငံတွေထဲမှာ ယူအေအီးနိုင်ငံက ဒုတိယ နေရာမှာ ရှိနေခဲ့ပါသည် အပါင်းအသင်း မိတ်ဆွေတွေအကြားမှာ လူမျိုးမရွေး နိုင်ငံသား မရွေး ငွေအချေးအငှား အများဆုံး နိုင်ငံတစ်နိုင်ငံလို့ ကျွန်မတို့ရဲ့ သင်တန်းနည်းပြက သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ပြောပြပြီး မှတ်ချက်ချခဲ့ဘူးပါသည်။
ကျွန်မရဲ့ ပတ်ဝန်းကျင်မှာလဲ ဘဏ်တွေက ချေးငွေတွေကြောင့် အခက်ပွေနေသူ လူမျိုးပေါင်းစုံကို တွေ့နေရပါသည်။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူမ နှစ်စဉ် ဘောနပ်စ်ရချိန်မှာ လစာရဲ့ သုံးလစာရှိတဲ့ ဆုကြေးငွေကို မဖြစ်စလောက်ယူထားမိတဲ့ ချေးငွေတွေအတွက် အဆမတန် ပေးဆပ်လိုက်ရတယ်လို့ မျက်ရည်စက်လက်နဲ့ ပြောပြခဲ့ဘူးပါသည်။
ကျွန်မတို့လူမှုဘဝမှာ မရှိမကောင်း ရှိမကောင်း ၊ ဘဝ လိုအပ်ချက်တွေအတွက် မဖြစ်မနေ သုံးနေကြရတဲ့ credit card တွေ ဘဏ်ချေးငွေတွေက ကျွန်မတို့ကို အကြီး အကျယ် ဒုက္ခပေးနေတဲ့ ရန်သူတွေစာရင်းမှာ ထိပ်ဆုံးက ရှိနေပါသည်။
ကျွန်မတို့ရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ညီမျှချင်းချကြည့်သူတိုင်း ရင်မမောရသူရယ်လို့ မရှိပါ။
ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ဝင်ငွေက လွန်ခဲ့တဲ့ လေးနှစ်လောက်တည်းက ခုချိန်ထိ မပြောင်းမလဲ။
သိသိသာသာ ပြောင်းလဲသွားတာက သူ့ရဲ့ထွက်ငွေပဲဖြစ်ပါသည်။
နေ့စဉ် ကုန်ကျစရိတ်တွေဖြစ်တဲ့ အခြေခံ စားသောက်ကုန်တွေကလဲ မသိမသာ ဈေးတက်လာခဲ့ပါသည်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းကကုန်ဈေးနှုန်းတွေကို ပြန်တွက်ကြည့်တော့ ဆန်ငါးကီလိုကို ဟိုစဉ်က ၁၈ ဒါဟန်းသာ ပေးရပေမယ့် အခုချိန်မှာတော့ ၃၅ ဒါဟန်းလောက် ပေးရပါသည်။ ဟိုစဉ်က ဆီ ၁.၈ လီတာကို ၁၂ ဒါဟန်းပေးရပေမယ့် အခုချိန်မှာတော့ ၁၈ ဒါဟန်း ပေးရပါသည်။ အာရပ်ဘစ် ဆန်းဒဝစ်ခ်ျလို့ခေါ်တဲ့ ရှာဝါးမားတစ်ခုကို ၂ ဒါဟန်း ပေးရပေမယ့် အခုအချိန်မှာ ၅ ဒါဟန်း ပေးရပါသည်။ လစဉ်ပေးနေရတဲ့ ရေဖိုးမီးဖိုးက လေးနှစ်အတွင်း နှစ်ဆနီးပါး ခုန်တက်လာပါသည်။ နေထိုင်မကောင်းဖြစ်ရင် ဆေးရုံဆေးခန်းသွားရရင် ပေးရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်ကလဲ မသေးလှပါ။
အကြမ်းဖြင်းအားဖြင့် ကျွန်မတို့ တစ်ဦးချင်းစီအတွက် ပုံမှန်အသုံးစရိတ်တွေကို ပြန်စိစစ်ကြည့်တော့ စားစရိတ် သွားစရိတ် နေစရိတ်
အင်တာနက် တယ်လီဖုန်းစရိတ် ကျန်းမာရေး ဝန်ဆောင်မှုစရိတ် သာရေး နာရေး လူမှုရေးအတွက် ကုန်ကျစရိတ် အပြင် မိန်းကလေးတွေအတွက် အသစ်အသစ်ပေါ်နေတဲ့ အဝတ်အစားနဲ့ အလှကုန်ပစ္စည်းတွေအတွက် ကုန်ကျစရိတ် ယောက်ျားလေးတွေအတွက် အရက်သေစာ ဆေးလိပ် လျှပ်စစ်ပစ္စည်း အသုံးအဆောင်တွေနဲ့ ဖွန်စရိတ်( ရည်းစားနဲ့ ကောင်မလေးတွေ အတွက် ပိုးကြေးပန်းကြေး ကုန်ကျစရိတ်) တွေက ကျွန်မတို့ ဝင်ငွေတွေနဲ့စာရင် လိုအပ်တာထက် အဆပေါင်းများစွာ ပိုကုန်နေတာကို ဘယ်သူမှ မငြင်းနိုင်ကြပါ။
ကျွန်မတို့ရဲ့ အသုံးစရိတ် အဖြုန်းစရိတ်တွေက ကျွန်မဦးလေးပြောသလိုပဲ ကျားကြီးသလို ခြေရာလဲ ကြီးလာပါသည်။ ဝင်ငွေနဲ့ ထွက်ငွေကို ညီမျှခြင်းချချိန်မှာ စုငွေက သိသိသာသာ လျော့ကျသွားပါသည်။ အနောက်နိုင်ငံသားတွေထဲမှာ စည်းကမ်းကြီးသူ စေ့စပ်သေချာသူတွေက လစာရဲ့ တစ်ဝက်တိတိကို စုဆောင်းနိုင်ကြပါသည်။ လစာရဲ့ တဝက်ကို မစုနိုင်သူတွေတောင် လစာရဲ့ သုံးပုံတစ်ပုံကို စုဆောင်းနိုင်အောင် အသုံးစရိတ်တွေကို စီမံခန့်ခွဲနိုင်ကြပါသည်။
ရှေးရိုးဆန်တယ်ပဲပြောပြော ကိုယ့်ဘဝ ရေ့ရေးအတွက် မစဉ်းစားဘူးပဲပြောပြော ဖိရိုးဖလာအစဉ်အလာအရ မိသားစုကို တချိန်လုံးထောက်ပံ့နေရတယ်ပဲပြောပြော ခေါင်းစဉ်မျိုးစုံအောက်မှာ ကျွန်မတို့ရဲ့ ရှေ့ရေးအတွက် စုဆောင်းငွေတွေ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ တုံးလုံးစာကိုမေ့လို့ မတ်တပ်စာအတွက် အနိုင်နိုင်ရုန်းကန်နေရဆဲ အနေအထားမှာပဲ ရှိနေခဲ့ပါသည်။
ပြီးတော့ ကျွန်မတို့ မြန်မာလူမျိုးတွေအများစုရဲ့ အဓိက အားနည်းချက်က Budgeting ခေါ်တဲ့ ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် စီမံခန့်ခွဲမှု အပိုင်းလို့ ပြောလို့ရပါသည်။
တစ်လအတွင်း ကုန်ကျမယ့် စားရိတ်တွေကို ကြိုတင်စီမံနိုင်ဖို့နဲ့ တခါတရံ မသုံးမဖြစ်သုံးရမယ့် လူမှုရေးအသုံးစရိတ်တွေ ပေါ်လာရင် လျှော့ချလို့ရတဲ့ အခြား ကိုယ်ပိုင်အသုံးစရိတ်တွေကို ပြန်လျှော့ချနိုင်ဖို့ အားနည်းနေဆဲဖြစ်ပါသည်။
ကျွန်မကိုယ်တိုင်ကလဲ Budget management workshop တစ်ခုကရလာတဲ့ tips တွေအနေနဲ့ အသုံးစရိတ်အချို့ကို လျှော့ချဖို့ ကြိုးစားဘူးပါသည်။ အောင်မြင်တဲ့ နေရာရှိသလို မအောင်မြင်တဲ့ နေရာတွေလဲရှိပါသည်။
ဒါပေမယ့် မရှိမဖြစ် သုံးနေ၇တဲ့ အသုံးစရိတ်တွေကို မလျှော့ချနိုင်ချိန်မှာတော့ အပိုသုံးမိတဲ့ အဖြုန်းစရိတ်တွေကို စာရင်းပြုစုကြည့်ပါသည်။ တကယ်မလိုအပ်တဲ့ ဖြုန်းတီးငွေများကို အသုံးစားရိတ်စာရင်းထဲက ဖယ်ထုတ်လိုက်တော့ အပိုငွေအချို့ထွက်လာပါသည်။
ပြီးတော့ အခြား နည်းလမ်းတွေဖြစ်တဲ့ shopping list လုပ်ပြီးမှ ဈေးဝယ်တဲ့ အကျင့်ကို ကျင့်သုံးမိပါသည်။ shopping list ကမျက်စိထဲတွေ့ရာမြင်ရာ ဝယ်လို့ ကုန်ကျမယ့် အပိုစရိတ်တွေကို ထပ်ပြီး လျှော့ချပေးပါသည်။
(မှတ်မှတ်ရရ ပိတ်ရက် တစ်ရက်မှာမှာ ချဉ်ပေါင်ကြော်စားဖို့အတွက် ၁၅ ဒါဟန်းသာယူပြီး ဈေးဝယ်ထွက်ခဲ့ဘူးပါသည်။ အဲဒီနေ့က တကယ်လိုအပ်တဲ့ ချဉ်ပေါင်နဲ့ မျှစ်အတွက် ကုန်ကျစရိတ် ၁၄.၅ ဒါဟန်းတိတိသာ သုံးဖြစ်ပါသည်။)
ပြီးတော့ မလိုအပ်ပဲ လက်ထဲမှာ ငွေသားများများ မထားတဲ့ အကျင့်တစ်ခုကို စပြီး လေ့ကျင့်မိပါသည်။ သွားလေရာနေရာတိုင်း မလိုအပ်ပဲ အေတီအမ်ကဒ်တွေမယူသွားသလို ငွေသားတွေလဲ များများစားစား သယ်မသွားမိအောင် ထိန်းချုပ်ကြည့်ပါသည်။
သိသိသာသာ အောင်မြင်ပါသည်။ လက်ထဲမှာ ငွေသားများများစားစား အလွယ်တကူမရှိတော့ အလွယ်တကူ စည်းမဲ့ကမ်းမဲ့ သုံးပစ်ချင်စိတ်က အလိုလို ပျောက်သွားပါသည်။
(ကျွန်မအဖေနဲ့ အကိုတွေ နောက်ပြောင်ခဲ့ဖူးသလို ဆင်တစ်ကောင်ကို တစ်ကျပ်နဲ့ ရောင်းမယ့်သူတွေ ဒီလိုတိုင်းပြည်မှာ မရှိနိုင်တာသေချာပါသည်။ မိန်းကလေးတစ်ယောက်ဖြစ်တာမို့ ဘယ်လိုနေရာသွားသွား ပိုက်ဆံ အပိုထည့်ထားတတ်ဖို့ ကျွန်မအဖေ အမြဲသတိပေးခဲ့ဘူးပါသည်။ ဒါပေမယ့် အလွယ်တကူ ပေါချောင်ကောင်းနဲ့ ရနိုင်မယ့် ပစ္စည်းတွေ ဒီလိုနေရာမှာမရှိနိုင်ပါ)
ကျွန်မတို့ကို အကြံပြုသူက အဖြစ်နိုင်ဆုံး အသုံးစရိတ်လျှော့ချနည်းတွေထဲက အလွယ်ဆုံးတွေကို စပြီး စမ်းသပ်ဖို့ အကြံပြုလာပါသည်။ သူတို့ အကြံပြုတဲ့ အတိုင်းလေ့လာကြည့်တော့ မလိုအပ်တဲ့ တယ်လီဖုန်းစရိတ်အချို့ မလိုအပ်ပဲ အပြင်မှာ စားသောက်မိတဲ့ သွားရည်စာ (Fast foods) စားသောက်စရိတ်အချို့ကို ပြန်စိစစ်လို့ရတာကို တွေ့လာပြန်ပါသည်။
ကျွန်မရဲ့ အတွေ့အကြုံအရ လစဉ် ၂၅၀ ကနေ ၃၀၀ နီးပါးကုန်နေတဲ့ တယ်လီဖုန်းအတွက် ကုန်ကျစရိတ်ကို ဒါဟန်း ၁၀၀ ကနေ ၁၅၀ လောက်အထိလျော့ကျအောင် လျှော့ချနိုင်ခဲ့ပါသည်။ တစ်လမှာ နှစ်ခါကနေ သုံးခါလောက် အပြင်မှာ ညစာထွက်စားတဲ့ အကျင့်ကို လုံးလုံး ဖျောက်ပစ်လိုက်တော့ ဒါဟန်း ၂၀၀ လောက်အထိ ထပ်ပြီးပိုထွက်လာပြန်ပါသည်။
ကျွန်မတို့ သတိမထားမိနိုင်ခဲ့တဲ့ အဓိက ငွေထွက်ပေါက်တစ်ခုဖြစ်တဲ့ Shopping cost တစ်မျိုး ကိုလဲ သတိတရနဲ့ ထိန်းသိမ်းနိုင်လာပါသည်။
အုပ်ထိန်းသူ မိသားစုတွေရဲ့ အဝေးမှာ ရှင်သန်နေသူတွေပီပီ ပျော်ရွှင်မှုတွေတွေ့လာရင်လဲ အတားအဆီးမဲ့ ပျော်ရွှင်နေကြသလို စိတ်ဖိစီးမှုတွေဝင်လာပြန်ရင်လဲ ကူရာကယ်ရာမဲ့ အလွန်အကျွံ့ ခံစားနာကျင်တတ်ကြပြန်ပါသည်။
အတိုင်းအဆမဲ့သော ပျော်ရွှင်မှု စိတ်ဖိစီးမှု ဆာလောင်မွတ်သိပ်မှုတို့က ကျွန်မတို့ကို မလိုအပ်ပဲ shopping လုပ်ဖို့ ငွေကို ပရမ်းပတာသုံးဖို့ တွန်းပို့နေတဲ့ အဓိက တရားခံဖြစ်နေတတ်တာကို သိလာရပြန်တော့လဲ ဗိုက်ဆာနေချိန် ပျော်ရွှင်နေချိန်နဲ့ စိတ်ဖိစီးမှုများပြီး စိတ်ဓါတ်ကျနေချိန်တွေမှာ ဈေးမဝယ်မိဖို့ သတိပေး ထိန်းချုပ်ရပြန်ပါသည်။
စိတ်ကို မထိန်းနိုင်ပဲ ဈေးဝယ်မိပြန်ရင်လဲ ဒီပစ္စည်းက ကိုယ့်အတွက် တကယ်လိုရဲ့လား ဒီပစ္စည်းကို တကယ်သုံးမှာသေချာလား ဗီရိုထဲထည့်ပြီး သော့ခတ်သိမ်းထားမှာလား ဆိုတဲ့ မေးခွန်းတွေကို နှစ်ခါမက ပြန်မေးပြီးမှ ဝယ်တဲ့ အကျင့်တစ်ခုလဲ ရလာပြန်ပါသည်။
နိုင်ငံခြားရောက်နေတာ ငါးနှစ်ရှိပြီ ဆယ်နှစ်ရှိပြီ ….ဘာမှမစုမဆောင်းမိဘူး.. ရှာလိုက် သုံးလိုက် ကုန်လိုက်….အကြွေးတင်လိုက် ပြန်ဆပ်လိုက် … ပြန်ချေးလိုက် သံသရာစက်ဝန်းထဲက မထွက်နိုင်ဘူး… ဆိုတဲ့ ညည်းညူသံတွေကိုတော့ မြန်မာလူမျိုးများအပြင် အခြားအခြားသော လူမျိုးခြားများဆီမှလဲ ကြားရတတ်ပါသည်။
အလုပ်လုပ်ဖို့ လိုအပ်နေသူတွေမို့ လစဉ် အမှန်တကယ်ကုန်ကျသင့်တဲ့ စားစရိတ်ကလွဲလို့ အခြားသော လျှော့လို့ရသမျှ အဖြုန်းစရိတ်တွေ လျှော့ချနိုင်ရင်တော့ အခြားသော လူမှုရေးကွက်လပ်တွေ ဖြည့်ဆည်းပေးဖို့ အမှန်တကယ် လိုအပ်နေသူတွေကို ကူညီထောက်ပံ့ဖို့ ကုသိုလ်ပြုဖို့ ငွေအပိုတွေ ထွက်လာမှာ သေချာပါသည်။
ကျားကြီး ခြေရာကြီး… ကျားသေး ခြေရာသေး… ဆိုတဲ့ စကားပုံအပြင် ကျားသေး ခြေရာကြီး စကားပုံတွေ ဖြစ်ရပ်မှန်တွေကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ တွေ့နေရဆဲဖြစ်တာမို့ ကျွန်မတို့ တတ်နိုင်တဲ့ အတိုင်းအတာမှာ တတ်နိုင်သလောက် စိစစ်သုံးစွဲနိုင်မယ်ဆိုရင်တော့ ကျားကြီးကြီးလဲ ခြေရာသေးသေးလေး ဖြစ်လာနိုင်မည်လေ…..
( ဒီအက်ဆေးကိုတော့ ကျားကြီး ခြေရာကြီးလှသော အကိုများ အမများအတွက် မေတ္တာသက်သက်ဖြင့် ရေးပါသည်)
Sunday, August 14, 2011 | Labels: ဒူဘိုင်းသတင်း | 9 Comments
အောင်မြင်စွာ လှမ်းနိုင်ခဲ့သော ပထမဆုံး ခြေတစ်လှမ်း
အခြားနိုင်ငံတွေမှာ အောင်အောင်မြင်မြင်စီစဉ်နိုင်ခဲ့တဲ့ စာပေဟောပြောပွဲတွေကို ငေးမောရင်း အားကျစိတ်နဲ့ ပွဲတစ်ပွဲစီစဉ်ကြည့်ဖို့ ကန္တာရ ဝဿမောင်နှမများကိုလဲ မကြာခဏ ဖွင့်ဟတိုင်ပင်ကြည့်ခဲ့ဘူးပါသည်။ ဖြစ်နိုင်ပါ့မလား…. လုပ်နိုင်ပါ့မလား….. အောင်မြင်ပါ့မလား….. ဒီနိုင်ငံမှာ မြန်မာအင်အား နည်းနေသေးသလို စာပေလိုက်စားသူ စာဖတ်သူအရေအတွက်ကလဲ နည်းနေသေးတယ် စသည်ဖြင့် မကြာခဏဆိုသလို ငြင်းခုန်ရင်း သက်မမောတွေ အခါခါ ချခဲ့ရပါသည်။ ငြင်းခုန်ဆွေးနွေးနေရင်းကပဲ ကန္တာရဝဿ အသင်းရဲ့ အမာခံ အသင်းဝင်အင်အား ဆယ်ဦးခန့်လောက်နဲ့ ဒီပွဲကို ဖြစ်အောင်စီစဉ်မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာတော့ ပွဲတစ်ပွဲလုံးရဲ့ ခန့်မှန်းကုန်ကျစားရိတ်ကို တွက်ချက်ပြီး ကိုယ်ထူကိုယ်ထ မတည်ငွေတွေထည့်သလို နီးစပ်ရာ သူငယ်ချင်းတွေဆီကလဲ မတည်ငွေများစတင် ကောက်ခံပြီး ပထမဆုံးခြေလှမ်းလေးအတွက် စတင်ပြင်ဆင်ကြပါသည်။ အသင်းရဲ့ အင်မတန်ချစ်ဖို့ကောင်းတဲ့ စိတ်ဓါတ်လေးတစ်ခုကတော့ ဒီပွဲလေးဖြစ်မြောက်ရေးအတွက် အရှုံးအမြတ်မစဉ်းစားပဲ လိုအပ်သမျှ ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီးသုံးဖို့ အပြုံးမပျက် ဆုံးဖြတ်ခဲ့ကြခြင်းပဲဖြစ်ပါသည်။ အခြားနိုင်ငံတွေလို အမာခံ မြန်မာ အဖွဲ့အစည်း ကုပ္မဏီတွေ စပွန်စာတွေမရှိပေမယ့် တတ်နိုင်သလောက် အကောင်အထည်ဖော်မယ် နှမ်းတစ်စေ့တည်းနဲ့လဲ ဆီထွက်အောင် ကြိတ်နိုင်ရမယ်ဆိုတဲ့ ခံယူချက် တစ်ခုတည်းနဲ့ ရှေ့ဆက်ခဲ့ကြပါသည်။ စာပေဟောပြောပွဲအတွက် လက်မှတ်တွေ ရောင်းဖို့ ညှိနှိုင်းထားတာမို့ အထူးတက်ကြွစွာနဲ့ တစ်လကျော်လောက်စောပြီး လက်မှတ်တွေကို စတင်ဖြန့်ဖြူးခဲ့ကြပါသည်။ ပွဲစီစဉ်သူများအားလုံး မထင်မှတ်ထားတဲ့ အခက်အခဲကို လက်မှတ်စတင်ရောင်းတဲ့ အချိန်မှာ စတင်ကြုံတွေ့ခဲ့ရပါသည်။ လက်မှတ်တွေ စဖြန့်တဲ့ ပထမဆုံးအပတ်မှာပဲ ယူအေအီးရဲ့ ခုနစ်ပြည်ထောင်အနှံ့ ခြေဆန့်ပြီး ကိုယ့်စရိတ်နဲ့ကိုယ် လက်မှတ်အရောင်းထွက်ခဲ့သူတွေဆီက ညည်းငြူသံတွေ စပြီး ကြားခဲ့ရပါသည်။ ကိုယ့်ဆီကိုယ်ထည့်ပြီး ကားတစ်စီးနဲ့ လက်မှတ်လည်ရောင်းခဲ့ပေမယ့် လက်မှတ်တစ်စောင်ရောင်းရဖို့အတွက် အတော်မျက်နှာငယ်ရသလို ထင်ထားသလောက်လဲ မရောင်းရခဲ့ပါ။ ပွဲမစခင် နှစ်ပတ်အလိုအထိ လက်မှတ်ရောင်းအားက အားရစရာ အခြေအနေမှာ မရှိခဲ့သလို မြန်မာမိတ်ဆွေတွေရဲ့ စိတ်ဝင်စားမှုကလည်း ထင်မှတ်ထားတာထက် နည်းပါးနေခဲ့ပါသည်။ မကြာခဏလုပ်ဖြစ်တဲ့ အစည်းအဝေးတွေမှာ အသင်းဝင်အားလုံးက လက်မှတ်ရောင်းအားအတွက် စိတ်ပူနေကြသလို ပွဲတစ်ခုလုံးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လဲ အဖွဲ့ဝင်အားလုံး ရင်တထိတ်ထိတ်နဲ့ ရတက်မအေး ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့အစည်း တရားဝင်အသင်းအဖွဲ့ တစ်ခု မရှိခဲ့တာမို့ စည်းစနစ်ကြီးလှသလို စရိတ်စကကြီးလွန်းလှသော ယူအေအီးရဲ့ အစိုးရ အဖွဲ့အစည်းများ ရှေ့နေရှေ့ရပ်တွေကြားမှာ ခန်းမစီစဉ်ချိန်က စပြီး အခက်အခဲများစွာ တွေ့ခဲ့ရပါသည်။ မျိုးချစ်စိတ် စာပေချစ်စိတ်များကို ရှေ့တန်းတင်ပြီး အိတ်ထဲရှိသမျှစိုက်ထုတ်ပြီး တောင်းသမျှ ပေးနိုင်အောင် ကြိုးစားခဲ့သူ အစိုးရဝန်ထမ်းမြန်မာများ ကိုယ်တိုင်လဲ များစွာလဲ မျက်နှာငယ်ခဲ့ရပါသည်။ များစွာ ပင်ပန်းခဲ့ကြပါသည်။ ပွဲမတိုင်မီ အစမှအဆုံး လစ်ဟာကွက်မရှိရလေအောင် စီစဉ်ခဲ့ပေမယ့် ပထမဆုံးခြေလှမ်းဖြစ်သလို အမာခံဖြစ်တဲ့ အသင်းဝင် အင်အားကလဲနည်းနေသေးတာမို့ အခက်အခဲအသေးအမွှားတွေနဲ့ ကြုံတွေ့ရသလို ခေါင်းမီးတောက်စေခဲ့သော အမှားအယွင်းတစ်ခုနဲ့လဲ ကြုံတွေ့ခဲ့ရပါသည်။ အသင်းရဲ့ အသေးအဖွဲ အလွဲအမှားများကိုတော့ ဆရာများက စာနာနားလည်စွာဖြင့် ခွင့်လွှတ်ပေးခဲ့ကြသလို ကန္တာရဝဿအသင်းကိုလဲ အားအင်ဖြစ်စေမည့် လမ်းညွှန်မှုများပေးပြီး အားပေးကူညီခဲ့ကြပါသည်။ အထူးသဖြင့် အခက်အခဲများစွာကြားမှ ကိုယ်ထူကိုယ်ထ စီစဉ်ခဲ့ကြတဲ့ ဒီပွဲလေးရဲ့ ဖြစ်ရပ်မှန်တွေကို သိနေခဲ့တာမို့ ဆရာနှစ်ယောက်စလုံးမှ စေတနာအပြည့်အဝဖြင့် ဟောပြောချက်အသစ်များကို ဟောပြောပေးခဲ့ပါသည်။ ဆရာချစ်ဦးညိုနှင့် ဆရာ အော်ပီကျယ် တို့၏ ယူအေအီးရောက် မြန်မာများ၏ စာပေဟောပြောပွဲအပေါ် ထားရှိခဲ့သော စေတနာ မေတ္တာများကို ယူအေအီးရောက် မြန်မာများသာမက အဖြူရောင်သံစဉ် အစီအစဉ်ကို တိုက်ရိုက်နားဆင်ခွင့်ရခဲ့သူများအားလုံး သိခဲ့ကြပါသည်။ စာပေဟောပြောပွဲများတွင် နှုတ်စ် မပါပဲ ဟောပြောလေ့ရှိသူ ဆရာအော်ပီကျယ်ကိုယ်တိုင် ပွဲပြုလုပ်မည့် မနက်ခင်းမှာ စီစဉ်ထားသော ကမ္ဘာကျော်ဟိုတယ် ( Burj Arab) သို့ လည်ပတ်သည့်အစီအစဉ်ကို ဖျက်ပြီး ဆရာပြောမည့် ဟောပြောချက်များအတွက် အချိန်ယူပြီး ပြင်ဆင်ခဲ့ပါသည်။ ဆရာ ချစ်ဦးညိုကိုယ်တိုင်လဲ “ကျွန်တော် ဘယ်မှာမှ မပြောဘူးတဲ့ ဟောပြောချက်တွေကို ပြောဖို့ သေသေချာချာ ပြင်ဆင်ထားခဲ့ပါတယ်” လို့ပြောပြီး ရွတ်ပြမည့် ကဗျာများ သီချင်းများကို မှတ်စုစာအုပ်ဖြင့် သေသေချာချာ ပြင်ဆင်လာခဲ့ပါသည်။ ပွဲမစခင် ရက်ပိုင်းအလိုမှာတော့ လက်မှတ်ရောင်းအားက သိသိသာသာ တိုးတက်လာခဲ့ပါသည်။ စာပေဟောပြောပွဲကျင်းပမယ့် နေ့မှာလဲ အနီးကပ်မှ အပြေးအလွားရောက်လာသူများအတွက် လက်မှတ်များ ထပ်မံရောင်းခဲ့ရပါသည်။ အသင်းသူ အသင်းသားအားလုံး ရင်တထိတ်ထိတ်နဲ့ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲကြီးက ထင်မှတ်ထားတာထက် ပိုမို အောင်မြင်ခဲ့တာမို့ ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းအနေနဲ့ အတိုင်းထက်အလွန် ပီတိဖြစ်ခဲ့ရပါသည်။ ယူအေအီးနိုင်ငံမှာ ရှိတဲ့ မြန်မာလူဦးရေနဲ့ တွက်ချက်ပြီး မျှော်လင့်ထားခဲ့တဲ့ အရေအတွက်ထက်ပိုတဲ့ ပရိတ်သတ်ကြီးကို တချိန်တည်း တပြိုင်တည်းမှာ တွေ့လိုက်ရတာမို့ ပထမဆုံး အကြိမ်ကျင်းပတဲ့ ပွဲလေးက ယူအေအီးနိုင်ငံရဲ့ သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။ မြန်မာလူမျိုးများရဲ့ စည်းလုံးညီညွတ်မှုနဲ့ စာပေမြတ်နိုးတဲ့ စိတ်ဓါတ်တွေကို အခြားလူမျိုးများကပါ လေးစား အားကျစွာ ငေးမောခဲ့ကြပါသည်။ စာပေဟောပြောပွဲအတွက် လက်မှတ်ပေါင်း (၇၅၀) ကျော်ရောင်းချနိုင်ခဲ့ပြီး ပွဲတက်ရောက် ပရိတ်သတ် (၇၀၀) ကျော်ခန့် ဟောပြောပွဲသို့ တက်ရောက် ခဲ့ပါသည်။ ပွဲဖြစ်မြောက်ရေအတွက် ယူအေအီးရောက် မြန်မာများမှ စေတနာသက်သက်ဖြင့် မတည်လှူဒါန်းခဲ့သော အလှူငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကျော်ကို လက်ခံရရှိခဲ့ပါသည်။ ဒီပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ခဲ့ကြတဲ့ အသင်းဝင်များရဲ့ စေတနာ ဖြူစင်တဲ့အတွက် ကိုယ်ထူကိုယ်ထ မတည်ထားတဲ့ ရင်းနှီးငွေတွေ လောက်ငတဲ့အပြင် ဆရာချစ်ဦးညိုရဲ့ စာအုပ်များရောင်းရငွေ ဆရာဧကံဖြိုးရဲ့ စာအုပ်များ ရောင်းရငွေ နဲ့ ကိုချမ်းလင်းနေ စေတနာသက်သက်ဖြင့် ဖန်တီးခဲ့သော စီဒီများရောင်းရငွေများကို ထပ်မံဖြည့်စွက်ပြီး မူလထားရှိတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးသော စာရေးဆရာများကို ထောက်ပံ့ဖို့အတွက်လဲ စုစုပေါင်း မြန်မာငွေ ငါးသိန်းတိတိကို ဆရာများနဲ့အတူ ပေးအပ်လှူဒါန်းနိုင်ခဲ့ပါသည်။ ဒူဘိုင်းရောက်မြန်မာများရဲ့ ထက်သန်သော စေတနာမေတ္တာများနဲ့အတူ ကန္တာရဝဿနဲ့ တွဲဖက်ပြီး တဖက်တလမ်းက ပံ့ပိုးပေးခဲ့ကြတဲ့ စေတနာရှင်များ နေရာအနှံ့ကနေ ပေါ်ထွက်လာခဲ့တာမို့ စာနယ်ဇင်းသို့ လှူဒါန်းငွေများအပြင် လက်မှတ်ရောင်းရငွေမှ ပိုလျှံသော ငွေသား တစ်ဆယ့်သုံးသိန်းကိုလဲ ကန္တာရဝဿရဲ့ လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ထပ်မံလှူဒါန်းသွားဖို့ ရည်ရွယ်ထားပါသည်။ စာပေဟောပြောပွဲမှ ရရှိလာသော အသိအမြင် ဗဟုသုတနှင့် အတွေ့အကြုံများအရ တသီးပုဂ္ဂလ အလှူရှင်တစ်ဦးကလဲ မြန်မာပြည်အတွင်း စာပေဟောပြောပွဲ မဖြစ်မြောက်သေးသော ဒေသများတွင် ပွဲများကျင်းပပေးနိုင်ရန်အတွက် ဆရာများလက်ထဲသို့ အမေရိကန်ဒေါ်လာ ငါးရာတိတိ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယူအေအီးစာပေဟောပြောပွဲသို့ ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ ဆရာနှစ်ဦးလုံးမှ ယူအေအီးရောက်မြန်မာများနဲ့ တွေ့ဆုံရခြင်းအပေါ် ကျေနပ်အားရခဲ့သလို စာပေဟောပြောပွဲတက်ရောက်ခဲ့ကြသော မြန်မာများအားလုံးလဲ ပထမဆုံးအကြိမ် စုံစုံညီညီ တွေ့ဆုံခွင့်ရတဲ့ လူမှုရေးပွဲလေးအတွက် အထူးဝမ်းမြောက်ခဲ့ကြပါသည်။ ပထမဆုံးလှမ်းချီခဲ့သော ခြေလှမ်းမှသည် နောင်ဆက်လက် လှမ်းချီမည့် ကန္တာရ ဝဿလူမှုရှေ့ဆောင်အသင်း၏ ခြေလှမ်းသစ်များအတွက် အားပေးဂုဏ်ပြုရင်း.....
ယူအေအီးနိုင်ငံမှာ စာပေဟောပြောပွဲလေးတစ်ပွဲ စီစဉ်ကြည့်ဖို့ ဝါသနာတူ မြန်မာစာပေ မြတ်နိုးသူတွေနဲ့ အိပ်မက်တစ်ခု အတူတူ မက်ခဲ့ဘူးပေမယ့် အဲဒီအိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် အချိန်တော်တော်ယူခဲ့ရပါသည်။
Sunday, March 27, 2011 | Labels: ဒူဘိုင်းသတင်း | 1 Comments
ဒူဘိုင်း စာပေဟောပြောပွဲ
မင်္ဂလာပါရှင်
ယူအေအီးနိုင်ငံရဲ့ ပထမဆုံးအကြိမ် စာပေဟောပြောပွဲ သတင်းလေးကို စာဖတ်သူများကို မျှဝေပါရစေ။
ယူအေအီးမှ မြန်မာစာပေ ချစ်မြတ်နိုးသူများအနေနဲ့ ဒူဘိုင်းနဲ့ အဘူဒါဘီမှာရှိတဲ့ ဘလော့ဂါများကို ဆက်သွယ်ပြီး
လက်မှတ်များ ဝယ်ယူနိုင်ကြပါပြီရှင်။

Tuesday, January 25, 2011 | Labels: ဒူဘိုင်းသတင်း | 2 Comments
ဒူဘိုင်းမှာ ဒီလိုရှိပါတယ် သူငယ်ချင်း
ဒူဘိုင်းက ဟိုတယ်တွေက ရန်ကုန်မှာ ဝန်ထမ်းတွေလာခေါ် နေခဲ့တာကြာခဲ့ပါပြီ။ ဒီကိုမလာခင်လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းကတော့ Traders Hotel မှာ လာခေါ်တဲ့အင်တာဗျူးတစ်ခုကို ရောက်ခဲ့ပါတယ်။
အင်တာဗျူးတွေမစခင်မှာ ဒူဘိုင်းသတင်းတွေ ဒူဘိုင်းမြို့အကြာင်းတွေကို ပရိုဂျက်တာကြီးတွေနဲ့ ပြပါတယ်။ Dubai က Crime Free ဖြစ်ကြောင်း စိတ်ချလုံခြုံတဲ့အကြောင်းကို လဲသေသေချာချာ ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ် ဒီကိုရောက်လာကာစကလဲ သိပ်မသိသေးပါဘူး။ ဒူဘိုင်းမြို့ကို စိတ်ချနေဆဲ ယုံကြည်နေဆဲပါ။ အာရပ်တိုင်းပြည် ဖြစ်တာမို့ သူတို့ရဲ့ ဘာသာရေးအရ မိန်းကလေးတွေအတွက် လုံခြုံမှုပေးနိုင်တဲ့ တိုင်းပြည်လို့ ယုံကြည်ခဲ့ပါတယ်။
ပြီးတော့ ဒီနှစ်ပိုင်းတွေမှာ ဒီမှာ အရင်ကနဲ့စာရင် တနေ့တခြား မြန်မာလူမျိုးတွေ ပိုများလာပါတယ် နေရာတိုင်းလိုလိုမှာ မြန်မာတွေကို တွေ့နေရပါတယ်။ အလုပ်ပေါင်းစုံ ကုမ္ပဏီပေါင်းစုံကနေ မြန်မာမိန်းကလေးယောက်ျားလေး တွေကို ရန်ကုန်မှာ သွားခေါ်ခဲ့ကြတာပါ။
ဒီရောက်ပြီးတော့ သတင်းစာနေ့တိုင်းဖတ်ဖြစ်ပါတယ်။ သတင်းစာတွေထဲမှာ မှုခင်းသတင်းတွေကို မကြာမကြာ တွေ့ရပါတယ်။ သတင်းစာတွေဖတ်ရင်း သူငယ်ချင်းတွေနဲ့ စကားပြောရင်း တစတစနဲ့ နေရာပေါင်းစုံမှာ ပုံစုံပေါင်းစုံနဲ့ မှုခင်းတွေ ဖြစ်နေတာကို သတိထားမိလာပါတယ်။ စိတ်ချလုံခြုံတဲ့နေရာနဲ့ လုံခြုံမှုမရှိတဲ့နေရာကိုလဲ ခွဲခြားသိလာခဲ့ပါတယ်။
သူငယ်ချင်းတွေကနေတဆင့် ဒီမှာ ဖြစ်ပျက်နေတဲ့ သတင်းလေးတွေလဲ မကြာမကြာ ကြားခဲ့ပါတယ်။ ဒီမှာလဲ သတင်း လွတ်လပ်ခွင့် ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေရပြန်ပါတယ်။ သူတို့သတင်းစာထဲမှာ လူသိရှင်ကြားထည့်တဲ့ မှုခင်း သတင်းတွေ ရှိသလို လူမသိသူမသိ ပျောက်သွားတဲ့ မှုခင်းသတင်းလေးတွေလဲ တော်တော်များများ ရှိပါတယ်။
ကျွန်မသိခဲ့ ယုံကြည်ခဲ့သလို ဒူဘိုင်းမြို့က လုံခြုံမှု အပြည့်အဝမရှိတာကို အနေ ကြာလာတာနဲ့အမျှ ပိုပြီး မြင်တွေ့လာပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအတွက် ဒူဘိုင်းမြို့မှာ သတိထားစရာ ဆင်ခြင်စရာတွေ ပိုများပါတယ်။
အန္တရာယ်များတယ်လို့မဆိုလိုချင်ပါဘူး။ ဒီနေရာမှာ သတိရှိရှိနဲ့ နေတတ်ထိုင်တတ်ဖို့ပဲလိုတယ်လို့ ပြောချင်ပါတယ်။
ဒူဘိုင်းမြို့က မှုခင်းတွေထဲမှာ မြန်မာတွေတော်တော်များများ သိခဲ့တဲ့ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့ အချိန်ကစလို့ နောက်ပိုင်းမှာ မိန်းကလေးတွေနဲ့ပက်သက်တဲ့ လူသတ်မှု သတင်းတွေ မိန်းကလေးတွေကို အဓ္ဓမကျင့်တဲ့ အမှုတွေကို သတိထားပြီးစောင့်ဖတ်ဖြစ်ပါတယ်။
လောလောလတ်လတ် သိလိုက်ရတဲ့ သတင်းလေးကတော့ ကျွန်မတို့နေတဲ့နားမှာ ဖိလစ်ပိုင်မလေးတစ်ယောက်ကို အတင်းဆွဲခေါ်ပြီး အဓ္ဓမကျင့်ဖို့ ကြံတဲ့အမှုလေးပါ။
နေရာကလဲ တကယ့်ကို လူစည်တဲ့ လူသန့်တယ်လို့ပြောလို့ရတဲ့ နေရာမှာပါ။ ဖြစ်တာက ည ၈ နာရီလောက် သူအလုပ်ကပြန်တဲ့အချိန်မှာပါ။ သူက အလုပ်ကနေ အိမ်ကို လမ်းလျှောက်ပြီး ပြန်လာတဲ့အချိန်မှာ ကားပါကင်တစ်ခုနားမှာ Indian တစ်ယောက်က အတင်းလက်ဆွဲပြီး ကားပါကင်ကို ခေါ်သွားတာပါ။
ကံကောင်းချင်တော့ သူ့ရဲ့အခန်းဖော်ကောင်မလေးကတွေ့လိုက်တာမို့ သူငယ်ချင်းကို စိတ်ပူလို့ ကားပါကင်ကိုလိုက်သွားပါတယ် သူကိုယ်တိုင်လဲ ဘာမှမတတ်နိုင်တော့ ပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူအညီတောင်းပေးပါတယ်။ ကံဆိုးချင်တော့ အစပိုင်းမှာ တွေ့တဲ့သူကလဲ မကူညီပါဘူး မဆိုင်သလိုပဲ ကြည့်သွားပါတယ်။
နောက်ဆုံးမှာတော့ အီဂျစ်လူမျိုး အမျိုးသားတစ်ယောက်ရောက်လာပြီး ကူညီရာက သူတို့တွေ ထိုးကြကြိတ်ကြပြီး ရဲစခန်းကိုရောက်သွားကြပါတယ်။
လူမြင်ကွင်း ကားပါကင်တွေတောင်မှာ အဲလိုအဖြစ်တွေရှိနေလေတော့ လူမမြင်နိုင်တဲ့ နေရာတွေ လူပြတ်တဲ့နေရာတွေမှာဆိုရင် ပိုဆိုးနိုင်ပါတယ်။ ဒီမှာကလဲ ကားပါကင် အကြီးကြီးတွေနေရာအနှံ့မှာ ရှိနေတတ်ပါတယ်။
( ဒူဘိုင်းရဲ့ ပို့ဆောင်ဆက်သွယ်ရေး စနစ်က ဆိုးရွားလွန်းတာမို့ ဒီကလူတွေတော်တော်များများဟာ ဟိုနားဒီနား လေးငါးမိုင်ခရီးတွေက အစ ခြေကျင်လျှောက်ရတာများပါတယ်။ လမ်းလျှောက်တဲ့လူတွေဟာ ခရီးတိုအောင်ရယ် အရမ်းပူတဲ့ဒဏ်တွေရယ် ကြောင့် လိုရာခရီးကို မြန်မြန်ရောက်အောင် တခါတရံ ဖြတ်လမ်းတွေကနေ လျှောက်ကြပါတယ်။ ကားပါကင်ကြီးတွေကနေ ဖြတ်သွားလို့ ခရီးတိုမယ်ဆိုရင် ဖြတ်သွားကြပါတယ်)
သူငယ်ချင်း ကောင်မလေးတစ်ယောက်ကတော့ ကားပါကင်ကနေ ဖြတ်သွားရင်း ပိုက်ဆံအများကြီး ကောက်ရဖူးသလို ရွှေဆွဲကြိုးတစ်ကုံးလဲကောက်ရဖူးပါတယ်။ သူကတော့ မဟာကံထူးရှင်ဖြစ်ပါလိမ့်မယ် သူပြောပြတဲ့ သူ့အတွေ့အကြုံကြောင့် ကျွန်မတို့သူငယ်ချင်းတွေ အားလုံး ကားပါကင်ကြီးတွေကို ဖြစ်သွားတိုင်း သေသေချာချာ လမ်းကို ကြည့်လျှောက်ဖြစ်ကြပါတယ်။
သိပ်မကြာခင်လေးက သတင်းစာထဲမှာ ဖတ်လိုက်ရတာကလဲ ဒီလိုသတင်းမျိုးပါပဲ။ ပါကစ္စတန်လူမျိုးတစ်ယောက်က ညစဉ်ညတိုင်း ညသန်းခေါင်အချိန် အလုပ်ကပြန်လာတဲ့ မိန်းကလေးတွေကို ကားပေါ်တင် ကားနဲ့အိမ်ခေါ်သွားပြီး အဓ္ဓမကျင့်တဲ့ အမှုပါ။ အဲဒီလူက သူ့ကိုယ်သူ ရဲအရာရှိပါဆိုပြီး အိုင်ဒီကဒ်ပြပြီး မိန်းကလေးတွေကို ကားပေါ်ခေါ်တင်ပြီး အဲလို လုပ်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ဆိုတာမသိတော့ပါဘူး..
သူ့ကို ဖမ်းမိတဲ့အချိန်မှာ ပေါ်လာတဲ့ အမှုတွဲတွေက အများကြီး ဖြစ်နေပါပြီ။
နောက်ထပ်တစ်မှုက အနုကြမ်းစီးတဲ့ပုံစံမျိုးပါပဲ။ သူငယ်ချင်းတစ်ယောက်က သူ့ဖုန်း တက္ကစီပေါ်မှာ ကျန်ခဲ့ပြီး ပျောက်သွားပါတယ်။ ၂ ရက် ၃ ရက်လောက်အထိ အဲဒီဖုန်းကို ဆက်သွယ်လို့မရပါဘူး။ ပြန်မရတာနဲ့ သူလဲ ဖုန်းအသစ်ဝယ်လိုက်ပါတယ်။ ၄ ရက်မြောက်နေ့မှာတော့ သူ့ဖုန်းကို ပြန်ဆက်သွယ်လို့ရပါတယ်။ ယောက်ျားတစ်ယောက်က သူ့ဖုန်းပြန်ပေးမယ် လာခဲ့ဆိုပြီးချိန်းတာနဲ့ သူချိန်းတဲ့ဆီမှာ ဖုန်းသွားယူပါတယ်။
အဲဒီသူငယ်ချင်းက ဒီမှာနေတာ ကိုးနှစ်ရှိပါပြီ သူ့ဖုန်းက တန်ဖိုးကြီးတာမှန်ပေမယ့် သူမနှမြောခဲ့ပါဘူး။ ဖုန်းထဲမှာ မှတ်ထားတဲ့ ကိုးနှစ်စာ မှတ်တမ်းကို နှမြောလို့ ပြန်သွားယူဖို့ ဆုံးဖြတ်လိုက်တာပါ။
အဲဒီသူငယ်ချင်းက ဖိလစ်ပိုင်မလေးပါ လူရည်လည်ပါတယ် သူ့အန္တရာယ်ကို ကြိုတွကိထားပါတယ်။ တက္ကစီငှားသွားပြီး ကားပေါ်ကမဆင်းပဲ ဟိုလူတွေကို လှမ်းခေါ်ပါတယ်။ သူ့ဆီလာတာက ပါကစ္စတန်လူမျိုး သုံးယောက်ပါ။ သူ့ဖုန်းကိုမပေးခင် သူ့ဆီက အိုင်ဒီတောင်းပါတယ်။ သူက သူ့ကဒ်ပြားတစ်ခုကို ပြလိုက်ပါတယ်။
ဒါပေမယ့် အဲဒီလူတွေက မယုံဘူးပြောပြီး နောက်ထပ် ဘဏ်ကဒ်ကိုထပ်တောင်းပါတယ်။ သူ့ကိုလဲ ကားပေါ်က ဆင်းလာဖို့ ကားကို ပြန်လွှတ်ဖို့ ပြောပြန်ပါတယ်။ ရှိသမျှသော ဘဏ်ကဒ်တွေကို တောင်းပါတယ်။ သူငယ်ချင်းက ကားတံခါးကို lock ချထားပြီး ကားမောင်းသမားကိုလဲ ဖွင့်မပေးဖို့ မှာထားပြီးသားပါ။။
အဲလို ဟိုမေးဒီမေးရှုပ်နေတဲ့အချိန်မှာ သူ့ဖုန်းက သူ့လက်ထဲ ပြန်ရောက်လာတာမို့ ကားသမားကို အတင်းမောင်းခိုင်းပြီး ပြန်ထွက်ပြေးလာခဲ့ပါတယ်။ အဲဒီညက သူလဲ စိတ်ခြောက်ခြားပြီး တော်တော် လန့်သွားပါတယ်။ သူ့ဖုန်းရဲ့ တန်ဖိုးက မြန်မာငွေနဲ့ဆိုရင် လေးသိန်းလောက်တန်ပေမယ့် သူပြန်တွေ့ရတဲ့ အန္တရာယ်က လေးသိန်းမကပါဘူး။ အခန့်မသင့်ရင် လူကိုပါ ဒုက္ခပေးနိုင်တဲ့ အခြေအနေပါ။
ဒီကမိန်းကလေးတွေ မကြာမကြာတွေ့ရတဲ့ ပြဿနာကတော့ ကမ်းခြေမှာ အဓ္ဓမကျင့်ခံရတဲ့ ပြဿနာပါ။ ဒါကတော့ လူမျိုးပေါင်းစုံကြုံရတာပါ။ မြန်မာတွေ ဖြစ်တယ် မဖြစ်ဘူးဆိုတာတော့ သေသေချာချာ မသိပါဘူး။ အခြား အီသီယိုးပီးယားမလေးတွေ ကင်ညာမလေးတွေတော့ မကြာခဏပြဿနာဖြစ်ပါတယ်။ သေကောင်ပေါင်း အနိုင်ကျင့်ခံခဲ့ရပြီး သေပြီထင်ပြီးပစ်ထားခံခဲ့တဲ့ ကင်ညာမလေး တစ်ယောက်ရဲ့ အဖြစ်ကလဲ သနားစရာပါ။ သူကတော့ ကံကောင်းချင်တော့ ရှိတဲ့ခွန်အားသုံးပြီး ကားလမ်းမကို ရောက်အောင်သွားခဲ့ပြီး အကူအညီတောင်းခဲ့လို့ သူ့အဖြစ်အပျက်တွေကို သိရတာပါ။ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် အဲဒီအမှုက သတင်းစာထဲမှာ မပါလာပါဘူး။
တော်တော်ဆိုးရွားတဲ့ သတင်းတွေပါ။ အဲဒီကောင်မလေးကတော့ သူ့အခန်းဖော်က သူ့ကို ကမ်းခြေခေါ်သွားပြီး အနိုင်ကျင့်တဲ့လူတွေနဲ့ ထည့်ပေးလိုက်တာလို့ပြောပါတယ်။ သူငယ်ချင်းအချင်းချင်း ကိုယ့်လူမျိုးအချင်းချင်း အခန်းဖော်တွေကိုတောင် မယုံကြည်ရပါဘူး။
နောက်ထပ် အဖြစ်အပျက်တစ်ခုကတော့ သူငယ်ချင်းတွေနေတဲ့ အိမ်မှာပါ။ မနက်စောစာ အလုပ်သွားတဲ့ ကောင်မလေးက အခန်းတံခါးကို ပြန်မပိတ်ခဲ့သလို ခြံဝင်းတံခါးကိုလဲ ပိတ်ဖို့မေ့ခဲ့တာပါ။ အဲဒီအချိန်မှာ လူတစ်ယောက်က အိပ်ခန်းထဲထိ ဝင်လာပြီး အိပ်နေတဲ့ သူငယ်ချင်းမိန်းကလေး တစ်ယောက်ရဲ့ စောင်ကို လာဆွဲလှန်ခဲ့တာပါ။ သူငယ်ချင်းက ရုတ်တရက်လန့်နိုးပြီး အော်တော့မှ အဲဒီလူ ခြံထဲက ထွက်ပြေးသွားခဲ့တာပါ။
လုယက်မှုကတော့ ရှိတော့ရှိပါတယ်။ ရှားပါတယ်။ မြို့ထဲမှာပဲ ညဘက် အိမ်ပြန်လာတဲ့ ညီမလေးတစ်ယောက်ရဲ့ အခန်းဖော်လဲ ပိုက်ဆံလုခံလိုက်ရပါတယ်။ ပိုက်ဆံအိတ်ရတော့ လူကိုတော့ ဘာမှ မလုပ်ခဲ့ပါဘူး။ မိန်းကလေးတွေနဲ့ ပက်သက်တဲ့ အမှုကတော့ စုံပါတယ်။ နောက်ဆုံး လူသတ်မှုပါဖြစ်တဲ့အထိ ဆိုးရွားကုန်ပါတယ်။
ပြီးတော့ ဒူဘိုင်းမြို့ပေါ်မှာမှ ၂၄ နာရီသွားလာနေထိုင်လို့ စိတ်ချရတဲ့ ရပ်ကွက်နဲ့ စိတ်မချရတဲ့ ရပ်ကွက်တွေဆိုပီး ရှိပါသေးတယ်။ စိတ်ချရတဲ့ရပ်ကွက်ဆိုရင်တောင်မှ အပြည့်အဝစိတ်ချရတယ်လို့ပြောလို့မရပါဘူး။ အချိန်နဲ့အမျှ သတိထားနေရမှာပါ။ မိန်းကလေးတွေအနေနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် သွားတာလာတာ နေတာထိုင်တာ ဝတ်တာစားတာကို သတိထားနေရင်တော့ အကောင်းဆုံးပါပဲ။
အခုရေးဖြစ်ခဲ့တဲ့ မြန်မာကောင်မလေး အသတ်ခံရတဲ့ အမှုနဲ့ ဖိလစ်ပိုင်မလေး ကားပါကင်မှာ ဖြစ်တဲ့ပြဿနာမှာ အဓိက ဖြစ်ခဲ့တာက လျှပ်ပေါ်လော်လီတဲ့ မပေါ့်တပေါ်တွေ ဝတ်လို့ ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ ဒီနိုင်ငံမှာ မြန်မာမှုနဲ့ မညီတဲ့ ဝတ်စားဆင်ယင်မှုလို့ ပြောလို့မဖြစ်တော့ပါဘူး။
ဒါပေမယ့် မိန်းကလေးတစ်ယောက်အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ ဝတ်စားဆင်ယင်မှုကြောင့်လို့တော့ ပြောချင်ပါတယ်။ အဝတ်အစားကို အချိန်အခါ နေရာဒေသ အခြေအနေကို လိုက်ပြီး ဝတ်သင့်တယ်လို့ ထင်ပါတယ်။ သူငယ်ချင်းတွေအများကြီးနဲ့ ဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်လောက်တိုတို ဘယ်လောက်ပေါ်ပေါ် ပြဿနာမရှိပါဘူး။ တစ်ယောက်တည်း သွားရမယ့်နေရာ သွားရမယ့် အချိန်ဆိုရင်တော့ သတိထားသင့်ပါတယ်။
တခါကကြုံခဲ့တဲ့ ကိုယ်တွေ့လေးကလဲ ရီစရာကောင်းပါတယ်။ ညဘက် ၁၀ နာရီကျော်လောက်မှာ သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ တက္ကစီစောင့်နေတုန်း တိုက်ရှေ့ကို ရောက်လာတဲ့ တက္ကစီကိုတွေ့တာမို့ တားလိုက်ပါတယ်။ ကားပေါ်က ဆင်းလာတဲ့ ကောင်မလေးက တော်တော်လေး လန်းပါတယ်။
ပါတီကနေ ပြန်လာသလားတောင်ထင်ရပါတယ် တိုတိုပြတ်ပြတ်လေး ဝတ်ထားတာမို့ လူတိုင်းက သတိထားမိပါတယ်။ အသားဖြူဖြူလေးမို့ သူ့အလှက ထင်းနေအောင်ပေါ်ပါတယ်။
ကျွန်မတို့တွေကားပေါ်ရောက်ပြီး ကားထွက်လာတော့ ကားမာင်းသမားဆီက သက်ပြင်းချသံကြားရပါတယ်။စောစောက ဆင်းသွားတဲ့ကောင်မလေးကို ကြည့်ပြီး ကားသမားချွေးပြန်နေတာပါ။
သူလဲယောက်ျားသားဆိုတော့ မြင်နေရတာကို မကြည့်ပဲ မနေနိုင်ပါဘူးလို့ ကျွန်မတို့ကို ပြောပြပါတယ်။ ဟိုကောင်မလေး ဝတ်စားထားပုံက သူ့ကို တလမ်းလုံး စိတ်ဒုက္ခတွေ ပေးလာသလိုပါပဲတဲ့။
သူ့စိတ်ကို တော်တော် ထိန်းထားရတယ်လို့ပြောပါတယ်။ ရာဇဝတ်မှုတွေ ဖြစ်ကုန်တော့မှာပဲလို့ပြောရင်းနဲ့ သူလဲ ရီနေပါတယ်။ အတူတူပါလာတဲ့သူငယ်ချင်းက ဒုက္ခတွေတော့ ရောက်တော့မှာပဲ အဲဒီကောင်မလေးက မြန်မာမလေးလို့ပြောတော့မှ ကျွန်မတို့မှာ ရီရမလို ငိုရမလို ဖြစ်ကုန်ပါတယ်။
မိန်းကလေးသဘာဝ လှချင်တာ မဆန်းပါဘူး။ သတိတရားလေးနဲ့ လှပအောင် အန္တရာယ်ကင်းအောင်သာ ဝတ်စားတတ်ဖို့ သွားလာတတ်ဖို့ လိုပါတယ်။
မြန်မာ မိန်းကလေးတွေ နိုင်ငံခြားမှာ အလုပ်လာလုပ်တဲ့ အပေါ် အထင်မကြီးတဲ့ သူတွေရှိသလို အနေအထိုင် မှားရင်လဲ ပြောချင်ဆိုချင်တဲ့သူတွေကလဲ မနည်းပါဘူး။
တကယ်တော့ မိန်းကလေးတိုင်းဟာ ကိုယ့်မြေကိုယ့်ရေမှာနေချင်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ သမာအာဇီဝ အသက်မွေးလမ်းကြောင်းလုပ်ဖို့ နိုင်ငံခြားကို ထွက်လာတာပါ။
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတိုင်းကို စာရိတ္တပျက်ယွင်းတဲ့ ဖောက်ပြန်တဲ့စရိုက်တွေ ရှိနေတယ် အမေကျော်ပြီးဒွေးတော်လွမ်းတယ် ဘဝမေ့ပြီးကဲနေတယ်လို့ ပြောလို့မရပါဘူး။
မြန်မာနိုင်ငံပြင်ပမှာ မိန်းမကောင်းလေးတွေ အသိဥာဏ်ရှိတဲ့ မိန်းကလေးတွေ ရိုးရိုးသားသား အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ ၉၉.၉၉ ရာခိုင်နှုန်းရှိတယ်လို့ ပြောချင်ပါတယ်။ မိဝေးဖဝေးမှာ အစွန်းအထင်းမရှိပဲ နေနိုင်တဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်။
ဒီလိုမှုခင်းမျိုးတွေကို နိုင်ငံတကာမှာလဲ ကြုံတွေ့နေရပါတယ်။ နေရာတိုင်းမှာ ဖြစ်နေတာမို့ ဒူဘိုင်းမှာပဲ ဖြစ်တာလို့ ပြောလို့မရပါဘူး။ မိန်းကလေးတွေ ဒူဘိုင်းကို မလာနဲ့လို့ တားလို့မရပါဘူး။ အခြေနေတွေက ဖန်တီးလာခဲ့လို့ မြန်မာလူမျိုးတွေ တော်တော်များများ နိုင်ငံတကာမှာ ရောက်နေပါပြီ။
ကိုယ်ဘယ်နိုင်ငံကိုပဲရောက်ရောက် ကိုယ်နေတဲ့နေရာဒေသရဲ့ လူနေမှုစရိုက် ပန်ဝန်းကျင်ကို သတိထားပြီး လေ့လာနေဖို့နဲ့ အစစအရာရာ သတိအမြဲရှိနေဖို့ပဲလိုပါတယ်။
မြန်မာလူမျိုးတွေဟာ ယဉ်ကျေးမှုဆင်းရဲတဲ့ လူမျိုးမဟုတ်ခဲ့တဲ့အတွက် မြန်မာပြည်နဲ့ယှဉ်ရင် ယဉ်ကျေးမှု ဆင်းရဲလွန်းတဲ့ နေရာတွေမှာ သတိရှိရှိနဲ့ နေတတ်ဖို့ လိုအပ်တာထက်ပိုပြီး ခေတ်ရှေ့မပြေးဖို့ အတုယူမစောလွန်းဖို့ ပဲလိုပါတယ်။
မြန်မာမလေးတွေဟာ ဘယ်တိုင်းပြည်က မိန်းကလေးတွေနဲ့ယှဉ်ယှဉ် အရမ်းကို ရိုးသားလွန်းပါတယ် အရမ်းလဲ ဖြူစင်ကြပါတယ်။ ပိုဆိုးတာက အယုံလွယ်တတ်တာပါ။ အဲဒီအားနည်းချက်လေးတွေကို မြန်မာပြည်ထဲမှာ ထားခဲ့ပြီး ဘယ်တိုင်းပြည်ရောက်ရောက် အယုံမလွယ်ဖို့ အရမ်းမဖြူစင်ကြဖို့နဲ့ လူတိုင်းအပေါ်မရိုးသားမိဖို့ လူရည်လည်ဖို့လိုပါတယ်။
ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကာကွယ်ထိန်းသိမ်းနိုင်ကြရင်တော့ အကောင်းဆုံးပါ။
အင်မတန်လှပတဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတကာက အားကျနေတဲ့ ဒူဘိုင်းမှာနေကြတဲ့ သူငယ်ချင်းတွေရော
ဒီကိုလာဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ သိထားသင့်တဲ့ သတင်းလေးတွေကို ပြောပြပေးချင်လို့ ဒီပို့စ်လေးကိုရေး ဖြစ်ခဲ့ပါတယ်။
Monday, July 06, 2009 | Labels: ဒူဘိုင်းသတင်း | 16 Comments
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “13 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon15 years ago
-
မျက်ရည်ရဲ့ တန်ဖိုး15 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်16 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-










