ကျားကြီး ခြေရာကြီး
လကုန်ခါနီး ရက်ပိုင်းအလိုလောက်တုန်းက မလေးရှားမှာနေတဲ့ ဦးလေးဆီကိုဖုန်းဆက်တော့ ဦးလေးက shopping လုပ်နေတယ်လို့ ပြောရင်း
“ကျားကြီး ခြေရာကြီး …. ကျားသေး ခြေရာသေး ….လစာ စောစောရ စောစောကုန်.... လကုန်ပြီး၂ ရက်လောက်နေရင် လက်ထဲမှာ ပိုက်ဆံရယ်လို့ မကျန် ….လစာ ဖြတ်ပိုင်းပဲ ကျန်တယ်..” လို့ အမျှင်မပြတ်ပြောလာခဲ့ပါသည်။ ဦးလေးပြောသမျှ အပိုအလိုမရှိ ကွက်တိမှန်နေတာမို့ အပြည့်အဝ ထောက်ခံလိုက်ပါသည်။
ကျွန်မတို့တွေမှာ ဝင်ငွေကိန်းဂဏန်းတွေကသာ ပုံမှန်ရှိပြီး ထွက်ငွေကိန်းဂဏန်းတွေက ပုံမှန်မရှိ။ ကျွန်မ အမေပြောတဲ့စကားနဲ့ ပြောရမယ်ဆိုရင် ငွေဆိုတာ ဆီလို အပေါက်ရှာပြီး ထွက်တတ်သလို လစာရချိန်မှာလဲ “ဆင်သတ်ပြီး အရပ်ဝေသလို” ဝေခြမ်းမျှဝေစရာတွေက အဆင်သင့် စောင့်နေတတ်ပါသည်။
ဒူဘိုင်းရောက်ပြီး ပထမဆုံးလုပ်တဲ့အလုပ်မှာတုန်းကတော့ လစာ ဖြတ်ပိုင်းတွေသာ ရတာမို့ ကျွန်မရဲ့ ဝင်ငွေတွေကို သိချင်လာချိန်မှာ စိတ်တွက်နဲ့ ပြန်တွက်ရသလို တခါတရံမှာ ဂဏန်းပေါင်းစက်ရဲ့ အကူအညီကိုလဲ ယူရပါသည်။
ဒါပေမယ့် လက်ရှိအလုပ်မှာတော့ ကျွန်မရခဲ့တဲ့ လစာစာရင်းကို mouse တချက် ထောက်ပြီးနှိပ်ရုံနဲ့ အလုံးနဲ့ အရင်းနဲ့ မြင်ရတတ်တာမို့ ပိုပြီး ရင်မောရတတ်ပါသည်။ လုပ်သက် လပေါင်း (၂၀) အတွင်း ကျွန်မရဲ့ အကောင့်ထဲကို ထည့်ပေးခဲ့တဲ့ ပမာဏက ဂဏန်း ခြောက်လုံးပြနေခဲ့တာမို့ ကျွန်မ ပြန်ပြီး စုဆောင်းမိခဲ့တဲ့ ပမာဏနဲ့ ယှဉ်ကြည့်မိတော့ ဒူဘိုင်းမှာ အလုပ်လုပ်ရတာ အိတ်ပေါက်နဲ့ ဖားကောက်နေရသလို ဖြစ်နေတာကို သတိထားမိလာပါသည်။
ဒူဘိုင်းရောက်စအချိန်တုန်းက ဝင်ငွေနဲ့ ထွက်ငွေကို သိချင်စိတ်နဲ့ balance sheet တွေဆွဲပြီး နေ့စဉ်အသုံးစရိတ်တွေကို မှတ်တမ်းတင်ထားခဲ့ဘူးပါသည်။ တစ်နှစ်လောက်ကြာလာချိန်မှာတော့ အသုံးစရိတ် ( အဖြုန်းစရိတ်) တွေကို ပြန်ကြည့်တိုင်း သွေးတိုးချင်တာလာမို့ ဆွဲထားတဲ့ ကိုယ်ပိုင် စာရင်းစာအုပ်ကို ပိတ်ပြီး မမြင်သာတဲ့နေရာကို ပို့ထားခဲ့တာ ယနေ့အချိန်ထိ။
ကျွန်မ သတိထားမိလာတဲ့ ဒူဘိုင်းရဲ့ လူနေမှုစရိတ်က လေးနှစ်ကျော် ငါးနှစ်ဆိုတဲ့ ကာလအတွင်းမှာ သိသိသာသာပဲ ပြောင်းလဲလာခဲ့ပါသည်။ မြန်မာပြည်က ကုန်ဈေးနှုန်းတွေလို ထိုးတက် ထိုးဆင်းတာမျိုးမဟုတ်ပေမယ့် ဒူဘိုင်းရဲ့ လူနေမှုစရိတ်က မသိမသာ တရိပ်ရိပ်နဲ့ တက်နေခဲ့ပါသည်။
အခုချိန်မှာ ဒူဘိုင်းမှာ လူပြောများလွန်းတဲ့ ငွေလွှဲဈေးနှုန်းကို ကျွန်မရောက်စအချိန်နဲ့ ယှဉ်ကြည့်တော့ မျက်ဖြူစိုက်လောက်အောင် ကွာသွားတာကို တွေ့ရပါသည်။ ကျွန်မရောက်ကာစ အချိန်တုန်းက မြန်မာငွေ ၁ သိန်းကို ဒါဟန်း ၂၈၀-၃၀၀ မျှသာ ပေးခဲ့ရဘူးပါသည်။ ယနေ့ငွေလွှဲနှုန်းကတော့ မြန်မာငွေ တစ်သိန်းကို ဒါဟန်း ၄၈၀ ကနေ ၅၀၀ ကျော်လောက်အထိ တက်လိုက်ကျလိုက် ဖြစ်နေဆဲ။
မြန်မာပြည်ရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းက ပြည်ပမှာ အလုပ်လုပ်နေသူအားလုံးကို သိသိသာသာ အကျပ်ရိုက်စေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒေါ်လာဈေး ငွေလွှဲဈေးကို ဒူဘိုင်းရဲ့ လူနေမှု စရိတ်အောက်မှာ ခဏမေ့ထားပြီး အခြားသော ကုန်ဈေးနှုန်းတွေဆီကို ပြန်ပြောင်း ပြန်စဉ်းစားမိပြန်ပါသည်။
အသုံးစရိတ်တွေလို့ ခေါင်းစဉ်တပ်မိတော့ အချိန်တိုအတွင်း အဟုန်ထိုးတိုးတက်လာတဲ့ နိုင်ငံပီပီ ဒူဘိုင်းအစိုးရရဲ့ အမျှော်အမြင်ကြီးမှု တစ်ခုကိုလဲ သတိထားမိလာပြန်ပါသည်။ အခွန်ကင်းလွတ်တဲ့ နိုင်ငံဖြစ်ပေမယ့် ဒီတိုင်းပြည်မှာ ရေနံကလွဲလို့ အခြားသဘာဝ သယံဇာတရယ်လို့ ပြောပလောက်စရာမရှိ။ ကိုယ်ပိုင်ထုတ်ကုန်ရယ်လို့လဲ လက်ဆုတ်လက်ကိုင်ပြစရာလဲမရှိ။ ကျွန်းနိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံလိုပဲ ဟင်းသီးဟင်းရွက်နဲ့ အခြေခံစားကုန်တွေကအစ အိမ်နီးချင်းနိုင်ငံအချို့နဲ့ အာရှနိုင်ငံတွေကို အားကိုးအမှီပြုနေရပါသည်။
အများသူငါတွေ ပြောပြောနေတဲ့ ယူအေအီးဆိုတာ ရေနံထွက်တဲ့ တိုင်းပြည် ရေနံနဲ့ သူဌေးဖြစ်တဲ့ နိုင်ငံဆိုပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သာ တိုင်းတာ သတ်မှတ်ခြင်းဖြစ်ပြီး ဒူဘိုင်းမြို့အတွက်တော့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့က အဓိက ထုတ်ကုန်လို့ ပြောလို့မရပါ။ ကြားသိ မှတ်သားမိသလောက် သတင်းအချက်အလက်တွေအရ ဒူဘိုင်းမြို့ကထွက်တဲ့ ရေနံ သဘာဝ ဓါတ်ငွေ့တွေက ဒူဘိုင်းမြို့အတွက် လိုအပ်တဲ့ စွမ်းအင်ကိုတောင် မဖြည့်စွမ်းပေးနိုင်ပါ။
အခြားစီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ၊ ဝန်ဆောင်မှု လုပ်ငန်း ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေနဲ့သာ အချိန်တိုအတွင်း စံချိန်တင်ရလောက်အောင် ကမ္ဘာက သိတဲ့ ဒူဘိုင်းအဖြစ် တိုးတက်အောင်မြင်လာခဲ့ခြင်းဖြစ်ပါသည်။
အခွန်လွတ်တိုင်းပြည်ဖြစ်တာမို့ Dubai Properties နဲ့ နိုင်ငံတကာကလာရောက်လည်ပတ်တဲ့ ခရီးသွားတွေဆီက ဝင်ငွေတွေ အများဆုံးရနေသလို ဒူဘိုင်းမြို့ကလဲ အရှေ့အလယ်ပိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အဓိက အားထားရာ ကုန်စည် ဒိုင်ကြီးတစ်ခုလဲ ဖြစ်နေခဲ့ပါသည်။
အာရှရဲ့ shopping business ကို စင်္ကာပူက ထိန်းချုပ်ထားသလို အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေအတွက် Shopping Center က ဒူဘိုင်းမြို့ပဲ ဖြစ်နေခဲ့ပါသည်။
Shopping business က ဒူဘိုင်းရဲ့ ဒုတိယ အသက်လို့ ပြောလို့ရသလို ကျွန်မတို့လို နိုင်ငံတကာက ဝန်ထမ်းတွေအတွက် အဓိက ငွေယိုပေါက်တစ်ခုလို့လဲ ပြောလို့ရပါသည်။
ကမ္ဘာကျော် Brand တွေ လက်ညှိုးထိုးလို့ မလွဲနိုင်အောင် တွေ့နိုင်ပေမယ့် ပေးရတဲ့ တန်ကြေးကလဲ မသေးလှပါ။ ကျွန်မတို့ ရှာဖွေလို့ရသမျှဝင်ငွေတွေကို မသုံးချင် မဖြုန်းချင်ပဲ မနေနိုင်အောင်လဲ အသုံးအဆောင် အသစ်အဆန်းတွေ လိုက်မမီနိုင်တဲ့ နည်းပညာ အသစ်အဆန်းတွေက မျက်စပစ်နေခဲ့ပါသည်။
ဒူဘိုင်းမှာရှာလို့ရသမျှ ပိုက်ဆံကို ဒူဘိုင်းမြို့က ပြန်မထွက်ချင်အောင် ပြန်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ဒူဘိုင်းအစိုးရရဲ့ ပရိယာယ်လှလှလေးကို သတိမထားမိသူတွေကတော့ ရှာလိုက် သုံးလိုက် ပျော်ပါးလိုက် သံသရာထဲမှာ ပျော်ရွှင်နေကြပါသည်။
ကမ္ဘာပေါ်မှာ Credit Card သုံးစွဲသူအများဆုံး နိုင်ငံတွေထဲမှာ ယူအေအီးနိုင်ငံက ဒုတိယ နေရာမှာ ရှိနေခဲ့ပါသည် အပါင်းအသင်း မိတ်ဆွေတွေအကြားမှာ လူမျိုးမရွေး နိုင်ငံသား မရွေး ငွေအချေးအငှား အများဆုံး နိုင်ငံတစ်နိုင်ငံလို့ ကျွန်မတို့ရဲ့ သင်တန်းနည်းပြက သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ပြောပြပြီး မှတ်ချက်ချခဲ့ဘူးပါသည်။
ကျွန်မရဲ့ ပတ်ဝန်းကျင်မှာလဲ ဘဏ်တွေက ချေးငွေတွေကြောင့် အခက်ပွေနေသူ လူမျိုးပေါင်းစုံကို တွေ့နေရပါသည်။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူမ နှစ်စဉ် ဘောနပ်စ်ရချိန်မှာ လစာရဲ့ သုံးလစာရှိတဲ့ ဆုကြေးငွေကို မဖြစ်စလောက်ယူထားမိတဲ့ ချေးငွေတွေအတွက် အဆမတန် ပေးဆပ်လိုက်ရတယ်လို့ မျက်ရည်စက်လက်နဲ့ ပြောပြခဲ့ဘူးပါသည်။
ကျွန်မတို့လူမှုဘဝမှာ မရှိမကောင်း ရှိမကောင်း ၊ ဘဝ လိုအပ်ချက်တွေအတွက် မဖြစ်မနေ သုံးနေကြရတဲ့ credit card တွေ ဘဏ်ချေးငွေတွေက ကျွန်မတို့ကို အကြီး အကျယ် ဒုက္ခပေးနေတဲ့ ရန်သူတွေစာရင်းမှာ ထိပ်ဆုံးက ရှိနေပါသည်။
ကျွန်မတို့ရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ညီမျှချင်းချကြည့်သူတိုင်း ရင်မမောရသူရယ်လို့ မရှိပါ။
ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ဝင်ငွေက လွန်ခဲ့တဲ့ လေးနှစ်လောက်တည်းက ခုချိန်ထိ မပြောင်းမလဲ။
သိသိသာသာ ပြောင်းလဲသွားတာက သူ့ရဲ့ထွက်ငွေပဲဖြစ်ပါသည်။
နေ့စဉ် ကုန်ကျစရိတ်တွေဖြစ်တဲ့ အခြေခံ စားသောက်ကုန်တွေကလဲ မသိမသာ ဈေးတက်လာခဲ့ပါသည်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းကကုန်ဈေးနှုန်းတွေကို ပြန်တွက်ကြည့်တော့ ဆန်ငါးကီလိုကို ဟိုစဉ်က ၁၈ ဒါဟန်းသာ ပေးရပေမယ့် အခုချိန်မှာတော့ ၃၅ ဒါဟန်းလောက် ပေးရပါသည်။ ဟိုစဉ်က ဆီ ၁.၈ လီတာကို ၁၂ ဒါဟန်းပေးရပေမယ့် အခုချိန်မှာတော့ ၁၈ ဒါဟန်း ပေးရပါသည်။ အာရပ်ဘစ် ဆန်းဒဝစ်ခ်ျလို့ခေါ်တဲ့ ရှာဝါးမားတစ်ခုကို ၂ ဒါဟန်း ပေးရပေမယ့် အခုအချိန်မှာ ၅ ဒါဟန်း ပေးရပါသည်။ လစဉ်ပေးနေရတဲ့ ရေဖိုးမီးဖိုးက လေးနှစ်အတွင်း နှစ်ဆနီးပါး ခုန်တက်လာပါသည်။ နေထိုင်မကောင်းဖြစ်ရင် ဆေးရုံဆေးခန်းသွားရရင် ပေးရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်ကလဲ မသေးလှပါ။
အကြမ်းဖြင်းအားဖြင့် ကျွန်မတို့ တစ်ဦးချင်းစီအတွက် ပုံမှန်အသုံးစရိတ်တွေကို ပြန်စိစစ်ကြည့်တော့ စားစရိတ် သွားစရိတ် နေစရိတ်
အင်တာနက် တယ်လီဖုန်းစရိတ် ကျန်းမာရေး ဝန်ဆောင်မှုစရိတ် သာရေး နာရေး လူမှုရေးအတွက် ကုန်ကျစရိတ် အပြင် မိန်းကလေးတွေအတွက် အသစ်အသစ်ပေါ်နေတဲ့ အဝတ်အစားနဲ့ အလှကုန်ပစ္စည်းတွေအတွက် ကုန်ကျစရိတ် ယောက်ျားလေးတွေအတွက် အရက်သေစာ ဆေးလိပ် လျှပ်စစ်ပစ္စည်း အသုံးအဆောင်တွေနဲ့ ဖွန်စရိတ်( ရည်းစားနဲ့ ကောင်မလေးတွေ အတွက် ပိုးကြေးပန်းကြေး ကုန်ကျစရိတ်) တွေက ကျွန်မတို့ ဝင်ငွေတွေနဲ့စာရင် လိုအပ်တာထက် အဆပေါင်းများစွာ ပိုကုန်နေတာကို ဘယ်သူမှ မငြင်းနိုင်ကြပါ။
ကျွန်မတို့ရဲ့ အသုံးစရိတ် အဖြုန်းစရိတ်တွေက ကျွန်မဦးလေးပြောသလိုပဲ ကျားကြီးသလို ခြေရာလဲ ကြီးလာပါသည်။ ဝင်ငွေနဲ့ ထွက်ငွေကို ညီမျှခြင်းချချိန်မှာ စုငွေက သိသိသာသာ လျော့ကျသွားပါသည်။ အနောက်နိုင်ငံသားတွေထဲမှာ စည်းကမ်းကြီးသူ စေ့စပ်သေချာသူတွေက လစာရဲ့ တစ်ဝက်တိတိကို စုဆောင်းနိုင်ကြပါသည်။ လစာရဲ့ တဝက်ကို မစုနိုင်သူတွေတောင် လစာရဲ့ သုံးပုံတစ်ပုံကို စုဆောင်းနိုင်အောင် အသုံးစရိတ်တွေကို စီမံခန့်ခွဲနိုင်ကြပါသည်။
ရှေးရိုးဆန်တယ်ပဲပြောပြော ကိုယ့်ဘဝ ရေ့ရေးအတွက် မစဉ်းစားဘူးပဲပြောပြော ဖိရိုးဖလာအစဉ်အလာအရ မိသားစုကို တချိန်လုံးထောက်ပံ့နေရတယ်ပဲပြောပြော ခေါင်းစဉ်မျိုးစုံအောက်မှာ ကျွန်မတို့ရဲ့ ရှေ့ရေးအတွက် စုဆောင်းငွေတွေ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ တုံးလုံးစာကိုမေ့လို့ မတ်တပ်စာအတွက် အနိုင်နိုင်ရုန်းကန်နေရဆဲ အနေအထားမှာပဲ ရှိနေခဲ့ပါသည်။
ပြီးတော့ ကျွန်မတို့ မြန်မာလူမျိုးတွေအများစုရဲ့ အဓိက အားနည်းချက်က Budgeting ခေါ်တဲ့ ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် စီမံခန့်ခွဲမှု အပိုင်းလို့ ပြောလို့ရပါသည်။
တစ်လအတွင်း ကုန်ကျမယ့် စားရိတ်တွေကို ကြိုတင်စီမံနိုင်ဖို့နဲ့ တခါတရံ မသုံးမဖြစ်သုံးရမယ့် လူမှုရေးအသုံးစရိတ်တွေ ပေါ်လာရင် လျှော့ချလို့ရတဲ့ အခြား ကိုယ်ပိုင်အသုံးစရိတ်တွေကို ပြန်လျှော့ချနိုင်ဖို့ အားနည်းနေဆဲဖြစ်ပါသည်။
ကျွန်မကိုယ်တိုင်ကလဲ Budget management workshop တစ်ခုကရလာတဲ့ tips တွေအနေနဲ့ အသုံးစရိတ်အချို့ကို လျှော့ချဖို့ ကြိုးစားဘူးပါသည်။ အောင်မြင်တဲ့ နေရာရှိသလို မအောင်မြင်တဲ့ နေရာတွေလဲရှိပါသည်။
ဒါပေမယ့် မရှိမဖြစ် သုံးနေ၇တဲ့ အသုံးစရိတ်တွေကို မလျှော့ချနိုင်ချိန်မှာတော့ အပိုသုံးမိတဲ့ အဖြုန်းစရိတ်တွေကို စာရင်းပြုစုကြည့်ပါသည်။ တကယ်မလိုအပ်တဲ့ ဖြုန်းတီးငွေများကို အသုံးစားရိတ်စာရင်းထဲက ဖယ်ထုတ်လိုက်တော့ အပိုငွေအချို့ထွက်လာပါသည်။
ပြီးတော့ အခြား နည်းလမ်းတွေဖြစ်တဲ့ shopping list လုပ်ပြီးမှ ဈေးဝယ်တဲ့ အကျင့်ကို ကျင့်သုံးမိပါသည်။ shopping list ကမျက်စိထဲတွေ့ရာမြင်ရာ ဝယ်လို့ ကုန်ကျမယ့် အပိုစရိတ်တွေကို ထပ်ပြီး လျှော့ချပေးပါသည်။
(မှတ်မှတ်ရရ ပိတ်ရက် တစ်ရက်မှာမှာ ချဉ်ပေါင်ကြော်စားဖို့အတွက် ၁၅ ဒါဟန်းသာယူပြီး ဈေးဝယ်ထွက်ခဲ့ဘူးပါသည်။ အဲဒီနေ့က တကယ်လိုအပ်တဲ့ ချဉ်ပေါင်နဲ့ မျှစ်အတွက် ကုန်ကျစရိတ် ၁၄.၅ ဒါဟန်းတိတိသာ သုံးဖြစ်ပါသည်။)
ပြီးတော့ မလိုအပ်ပဲ လက်ထဲမှာ ငွေသားများများ မထားတဲ့ အကျင့်တစ်ခုကို စပြီး လေ့ကျင့်မိပါသည်။ သွားလေရာနေရာတိုင်း မလိုအပ်ပဲ အေတီအမ်ကဒ်တွေမယူသွားသလို ငွေသားတွေလဲ များများစားစား သယ်မသွားမိအောင် ထိန်းချုပ်ကြည့်ပါသည်။
သိသိသာသာ အောင်မြင်ပါသည်။ လက်ထဲမှာ ငွေသားများများစားစား အလွယ်တကူမရှိတော့ အလွယ်တကူ စည်းမဲ့ကမ်းမဲ့ သုံးပစ်ချင်စိတ်က အလိုလို ပျောက်သွားပါသည်။
(ကျွန်မအဖေနဲ့ အကိုတွေ နောက်ပြောင်ခဲ့ဖူးသလို ဆင်တစ်ကောင်ကို တစ်ကျပ်နဲ့ ရောင်းမယ့်သူတွေ ဒီလိုတိုင်းပြည်မှာ မရှိနိုင်တာသေချာပါသည်။ မိန်းကလေးတစ်ယောက်ဖြစ်တာမို့ ဘယ်လိုနေရာသွားသွား ပိုက်ဆံ အပိုထည့်ထားတတ်ဖို့ ကျွန်မအဖေ အမြဲသတိပေးခဲ့ဘူးပါသည်။ ဒါပေမယ့် အလွယ်တကူ ပေါချောင်ကောင်းနဲ့ ရနိုင်မယ့် ပစ္စည်းတွေ ဒီလိုနေရာမှာမရှိနိုင်ပါ)
ကျွန်မတို့ကို အကြံပြုသူက အဖြစ်နိုင်ဆုံး အသုံးစရိတ်လျှော့ချနည်းတွေထဲက အလွယ်ဆုံးတွေကို စပြီး စမ်းသပ်ဖို့ အကြံပြုလာပါသည်။ သူတို့ အကြံပြုတဲ့ အတိုင်းလေ့လာကြည့်တော့ မလိုအပ်တဲ့ တယ်လီဖုန်းစရိတ်အချို့ မလိုအပ်ပဲ အပြင်မှာ စားသောက်မိတဲ့ သွားရည်စာ (Fast foods) စားသောက်စရိတ်အချို့ကို ပြန်စိစစ်လို့ရတာကို တွေ့လာပြန်ပါသည်။
ကျွန်မရဲ့ အတွေ့အကြုံအရ လစဉ် ၂၅၀ ကနေ ၃၀၀ နီးပါးကုန်နေတဲ့ တယ်လီဖုန်းအတွက် ကုန်ကျစရိတ်ကို ဒါဟန်း ၁၀၀ ကနေ ၁၅၀ လောက်အထိလျော့ကျအောင် လျှော့ချနိုင်ခဲ့ပါသည်။ တစ်လမှာ နှစ်ခါကနေ သုံးခါလောက် အပြင်မှာ ညစာထွက်စားတဲ့ အကျင့်ကို လုံးလုံး ဖျောက်ပစ်လိုက်တော့ ဒါဟန်း ၂၀၀ လောက်အထိ ထပ်ပြီးပိုထွက်လာပြန်ပါသည်။
ကျွန်မတို့ သတိမထားမိနိုင်ခဲ့တဲ့ အဓိက ငွေထွက်ပေါက်တစ်ခုဖြစ်တဲ့ Shopping cost တစ်မျိုး ကိုလဲ သတိတရနဲ့ ထိန်းသိမ်းနိုင်လာပါသည်။
အုပ်ထိန်းသူ မိသားစုတွေရဲ့ အဝေးမှာ ရှင်သန်နေသူတွေပီပီ ပျော်ရွှင်မှုတွေတွေ့လာရင်လဲ အတားအဆီးမဲ့ ပျော်ရွှင်နေကြသလို စိတ်ဖိစီးမှုတွေဝင်လာပြန်ရင်လဲ ကူရာကယ်ရာမဲ့ အလွန်အကျွံ့ ခံစားနာကျင်တတ်ကြပြန်ပါသည်။
အတိုင်းအဆမဲ့သော ပျော်ရွှင်မှု စိတ်ဖိစီးမှု ဆာလောင်မွတ်သိပ်မှုတို့က ကျွန်မတို့ကို မလိုအပ်ပဲ shopping လုပ်ဖို့ ငွေကို ပရမ်းပတာသုံးဖို့ တွန်းပို့နေတဲ့ အဓိက တရားခံဖြစ်နေတတ်တာကို သိလာရပြန်တော့လဲ ဗိုက်ဆာနေချိန် ပျော်ရွှင်နေချိန်နဲ့ စိတ်ဖိစီးမှုများပြီး စိတ်ဓါတ်ကျနေချိန်တွေမှာ ဈေးမဝယ်မိဖို့ သတိပေး ထိန်းချုပ်ရပြန်ပါသည်။
စိတ်ကို မထိန်းနိုင်ပဲ ဈေးဝယ်မိပြန်ရင်လဲ ဒီပစ္စည်းက ကိုယ့်အတွက် တကယ်လိုရဲ့လား ဒီပစ္စည်းကို တကယ်သုံးမှာသေချာလား ဗီရိုထဲထည့်ပြီး သော့ခတ်သိမ်းထားမှာလား ဆိုတဲ့ မေးခွန်းတွေကို နှစ်ခါမက ပြန်မေးပြီးမှ ဝယ်တဲ့ အကျင့်တစ်ခုလဲ ရလာပြန်ပါသည်။
နိုင်ငံခြားရောက်နေတာ ငါးနှစ်ရှိပြီ ဆယ်နှစ်ရှိပြီ ….ဘာမှမစုမဆောင်းမိဘူး.. ရှာလိုက် သုံးလိုက် ကုန်လိုက်….အကြွေးတင်လိုက် ပြန်ဆပ်လိုက် … ပြန်ချေးလိုက် သံသရာစက်ဝန်းထဲက မထွက်နိုင်ဘူး… ဆိုတဲ့ ညည်းညူသံတွေကိုတော့ မြန်မာလူမျိုးများအပြင် အခြားအခြားသော လူမျိုးခြားများဆီမှလဲ ကြားရတတ်ပါသည်။
အလုပ်လုပ်ဖို့ လိုအပ်နေသူတွေမို့ လစဉ် အမှန်တကယ်ကုန်ကျသင့်တဲ့ စားစရိတ်ကလွဲလို့ အခြားသော လျှော့လို့ရသမျှ အဖြုန်းစရိတ်တွေ လျှော့ချနိုင်ရင်တော့ အခြားသော လူမှုရေးကွက်လပ်တွေ ဖြည့်ဆည်းပေးဖို့ အမှန်တကယ် လိုအပ်နေသူတွေကို ကူညီထောက်ပံ့ဖို့ ကုသိုလ်ပြုဖို့ ငွေအပိုတွေ ထွက်လာမှာ သေချာပါသည်။
ကျားကြီး ခြေရာကြီး… ကျားသေး ခြေရာသေး… ဆိုတဲ့ စကားပုံအပြင် ကျားသေး ခြေရာကြီး စကားပုံတွေ ဖြစ်ရပ်မှန်တွေကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ တွေ့နေရဆဲဖြစ်တာမို့ ကျွန်မတို့ တတ်နိုင်တဲ့ အတိုင်းအတာမှာ တတ်နိုင်သလောက် စိစစ်သုံးစွဲနိုင်မယ်ဆိုရင်တော့ ကျားကြီးကြီးလဲ ခြေရာသေးသေးလေး ဖြစ်လာနိုင်မည်လေ…..
( ဒီအက်ဆေးကိုတော့ ကျားကြီး ခြေရာကြီးလှသော အကိုများ အမများအတွက် မေတ္တာသက်သက်ဖြင့် ရေးပါသည်)
Sunday, August 14, 2011
|
Labels:
ဒူဘိုင်းသတင်း
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
9 comments:
ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်နှင်းရေ
တို့လည်း ကျားက သေးသေးလေးပေမဲ့ ခြေရာတော့ ကြီးတတ်သူပါ။
ဝင်ငွေထွက်ငွေကို စာရင်းဇယားတွေလုပ်ရမှာ ၀န်လေးတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်
ဒီအကျင့်က မကောင်းမှန်းသိပေမဲ့ ခုထိတော့ ပျင်းနေဆဲပါ
အင်း နှင်းရဲ့ ပိုစ့်လေးဖတ်တော့မှ ဆင်ခြင်ဦးမှလို့ တွေးမိတယ်
ချောလိုပဲ အမလည်း ဒီပိုစ့်လေး ကြိုက်တယ်။ အရင်က အသုံးစရိတ်ကို မှတ်မှတ်သားသားရှိပေမယ့် ကြာလာတော့ ကိုယ့်ကိုယ်ကို သနားလာတယ်။ အလုပ်ဖိစီးမှုတွေ တခြားလူမှုရေးတွေနဲ့ လုံးချာလိုက်ရင်း လွယ်လွယ်ကူကူ အပြင်မှာပဲ စားဖြစ်နေတော့တယ်။ တစ်ခုခုဆို ငွေကုန်သာ ခံချင်တယ် လူပင်ပန်း မခံချင်တော့ မလိုအပ်ဘဲလည်း တက်ကစီ စီးမိပြန်ရော။ ဒီလိုနဲ့ပဲ တနှစ်လုံးစာ ဝင်ငွေတွေကို ကိန်းဂဏန်းအဖြစ် တနှစ် တနှစ် ဝင်ငွေခွန်ဆောင်တော့မှပဲ အလွမ်းပြေ ကြည့်ရတော့တယ်....
ဆင်တကောင်၁ကျပါနဲ့များရမလားဆိုပြီး....နှစ်တွေကြာ..အသက်သာကြီးလာတယ်...ခု post ဖတ်ပြီးမှ..ဒီလိုနိုင်ငံတွေမှာ..မရှိနိုင်တာသေချာတယ်...ဆိုတာလေးတွေ့မှ..နောင်တတော်တော်ရမိတယ်..
ပြင်ကြည့်လိုက်အုန်းမယ်နော်
ကျားလည်းကြီးတယ် ခြေရာလည်းကြီးတယ်။ ဆင်တစ်ကောင်တန်ဖိုးကလည်းကြီးတယ်။ စီးတဲ့ရေတွေကလည်း တောင်ကျချောင်းလို ဒလဟောဆိုတော့ ကန်သင်းမပြောနဲ့ တမံတုတ်လို့တောင်မနိုင်တော့ဘူး ညီမရေ..း))
အမရေ..ဒီပိုစ့်လေးကိုအ၇မ်းသဘောကျတယ်
ညီမတို့လို့ နိုင်ငံခြားမှအလုပ်လုပ်နေတဲ့သူတွေ
အတွက်..စိတ်အညစ်ဆုံးကတော့
ငွေလဲလှယ်နှုးံအရမ်းကိုတက်နေတာပါ
အရင်ကထိုင်ဝမ် ဒေါ်လာ 2500ကနေ3000
ဆို မြန်မာကျပ်တသိန်း ရနေပြီ..
အခုဆိုရင် ထိုင်ဝမ်ငွေ 4000ပတ်ဝန်းကျင်မှ
မြန်မာ တသိန်း ဖြစ်နေတယ်..
အမပြောသလိုဘဲတလတလရတဲ့စာရင်းစာရွက်
ဘဏ်ထဲဝင်သွားတဲ့ငွေပမာဏနဲ့
ဘဏ်ထဲကနေထွက်သွားတဲ့ငွေပမာဏ
ဘဏ်ထဲမှာကျန်နေခဲ့တဲ့ငွေပမာ..
ဟူးးးးးးးးး
သက်ပြင်းဘဲချလိုက်တယ်အမရယ်...
ခင်တဲ့ Blackroze..
သေသေချာချာဖတ်လိုက်ရင်ပဲ
အရမ်းကိုသဘောကျနေမိပါတယ်
ခုဆိုငွေဈေးတွေ ပက်ပက်စက်စက်ကျ
နေပါပြီ...ကိုယ်လဲ ဘာမှ
မတတ်နိုင်တဲ့ ကိစ္စဆိုတော့
လာမှ လုပ်မရပါ။။။။
တစ်ကယ့်ကို ကျားကြီးနေသလိုပါပဲ
ချမ်းမြေ့ပါစေရှင်။
နှင်းနဲ့မာယာရေ
ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...
ကျားသေး ခြေရာကြီးထဲမှာ ပါနေတယ်။
အရှိန်ရနေတဲ့ အသုံးကို ထိန်းမယ်တွေးတာလည်း အခါခါပဲ။ ကြာရင်တော့ ကျား ခါးချိမယ့်ကိန်းနဲ့ တူပါရဲ့။
တန်ဖိုးရှိသော ပို့စ်လေးအတွက် ကျေးဇူးပါမမ ကျားသေး ခြေရာသေးဖို့ ကြိုးစားပါ့မယ်လို့..
Post a Comment