ကျွန်မ ဘလော့ဂါ မဟုတ်ပါ
ကိုအောင်( ပျူနိုင်ငံ) တက်ဂ်လာတဲ့ ဘလော့ဒေးအတွက် ပို့စ်လေး မစခင်မှာ ဘဝတူ စာရေးသူတွေနဲ့ စာဖတ်သူတွေကို အရိုးသားဆုံး ဝန်ခံချင်ပါသည်။
“ဘလော့စပေါ့ စာမျက်နှာတွေပေါ်မှာ စာရေးနေပေမယ့်
ကျွန်မ ဘလော့ဂါတစ်ယောက် မဟုတ်ပါ”
သန်းပေါင်းများစွာသော ဘလော့စာမျက်နှာများထဲမှ ဘလော့ဂါရယ်လို့ လူအများအသိအမှတ်ပြုခံရလောက်အောင် စာမျက်နှာတွေကို ဖန်းတီးနိုင်လောက်တဲ့ အရည်အချင်းမျိုးလဲ ကျွန်မမှာ မရှိပါ။
တကယ်တော့ ပရိုလို့ အများကပြောနေကြတဲ့ ပရော်ဖက်ရှင်နယ် ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ဆိုတာ ကျွန်မလို ဝါသနာအရ စာရေးနေသူတွေအတွက် အတော်အတန် အလှမ်းဝေးနေပါသေးသည်။
ဘလော့ဂါရယ်လို့ သတ်မှတ်ခံရဖို့အတွက် နေ့စဉ် သတ်မှတ်ထားသော စာဖတ်သူ အရေအတွက် ပြည့်မီအောင် စာမျက်နှာတွေကို ဖန်တီးရမည်လေ.....ပြီးတော့ ဘလော့လေးကို ပုံမှန် လည်ပတ်နေအောင် သတင်းအချက်အလက်တွေ အမြဲတမ်း ဆန်းသစ် ခေတ်မီနေအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။ ကိုယ့်ဘလော့လေးကို လာပြီး အားပေးကြတဲ့ စာဖတ်သူတွေကို ဧည့်ဝတ်ပျူငှာရမည်။
ဘဝရပ်တည်ရေးအတွက် ရုန်းကန်ရင်း ရှားပါးလွန်းတဲ့ ကိုယ်ပိုင်အချိန်တွေကို မျှဝေပြီး စာတိုပေစလေးတွေချရေးနေတဲ့ ကျွန်မအတွက်တော့ အဲဒီလိုအပ်ချက်တွေ ပြည့်မီအောင် မစွမ်းနိုင်သေးပါ။
အချိန်ပြည့်စာရေးသူတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုက ဘဝတိုက်ပွဲတွေကြားမှာ အိမ်မက်တစ်ခုအဖြစ်သာ ရှိနေပါသေးသည်။
ဘလော့ဂါတစ်ယောက် မဟုတ်ပါလို့ ဝန်ခံခဲ့ပေမယ့် ဘလော့စပေါ့ စာမျက်နှာပေါ်မှာ ဝါသနာအရ စာတိုပေစတွေ ရေးနေသူ မထင်မရှား စာရေးသူတစ်ယောက် အဖြစ်တော့ မဝံ့မရဲ ခံယူထားမိပါသည်။
ဒီတက်ဂ်ပို့စ်လေးကို ရေးနေရင်းက ကိုအောင်က ဘလော့ဒေးလို့ ဆိုထားတာမို့ ဘယ်တုန်းကမှ မဖတ်ဘူးတဲ့ နိုင်ငံတကာက ဘလော့အချို့ကို လက်လှမ်းမီသလောက် လိုက်ရှာကြည့်မိပါသည်။
သန်းနဲ့ချီတဲ့ ဘလော့ဂါတွေ ကြားထဲမှာ အောင်မြင်နေတဲ့မြန်မာဘလော့ဂါတွေရဲ့ ဘလော့တွေကို အထင်ကြီး လေးစားစွာ တွေ့နေရသလို နိုင်ငံတကာက ဘလော့တွေကိုလဲ တွေ့ရပါသည်။
အောင်မြင်နေတဲ့ နိုင်ငံတကာက ဘလော့ဂါတွေမှာကျတော့ စီးပွားရေး လူနေမှုဘဝ အနုပညာ ဖက်ရှင်နဲ့ ယဉ်ကျေးမှု အလှအပရေးရာ အချက်အပြုတ် စသည်ဖြင့် သီးသန့်လမ်းကြောင်းတွေပေါ်မှာ ပရော်ဖက်ရှင်နယ်ပီသစွာ ဘလော့ဂင်းလုပ်နေကြတာကို တွေ့ရပါသည်။
ကမ္ဘာနဲ့အဝှမ်းမှာရှိတဲ့ စာဖတ်သူတွေကို ဘလော့ပေါ်ကနေတဆင့် သူတို့တတ်ကျွမ်းထားတဲ့ အနုပညာ အတတ်ပညာတွေကို မျှဝေပေးနေသူဘလော့ဂါ တချို့ကို အခုလို တွေ့လိုက်ရပါသည်။
AnaLuiza
Brazil | Arts & Culture
I've started this blog to share the good things people create in arts, science, leisure, ideas, no matter where or when. A dash of humor, a drop of...
Votes (405) | Comments (314) | Followers (320)
Sheridansmith
United Kingdom | Arts & Culture | 20 Followers
I'm a free lance Fashion Stylist, Writer and Illustrator living in London. Please do get in touch if you'd like to discuss personal /... (more)
Pablo
United States | Business | 10 Followers
I am a financial writer and a law advisor. I maintain few sites and blogs. (more)
tast-e
Canada | Life & Lifestyle | 13 Followers
My mantra is to cook with whole ingredients…except for when I bake! I think we all deserve a treat every now and then! (more)
Google ရဲ့ ဝန်ဆောင်မှုတစ်ရပ်ဖြစ်တဲ့ ဘလော့စပေါ့ ဆိုတဲ့ စာမျက်နှာတွေကို ၂၀၀၃ ခုနှစ်မှာကတည်းက စပြီး သုံးစွဲခဲ့ကြတယ်ဆိုပေမယ့် အဲဒီအချိန်တွေတုန်းက အင်တာနက်စာမျက်နှာပေါ်မှာ ကိုယ်ပိုင်ဒိုမိန်းတစ်ခုမဝယ်ပဲ စာမျက်နှာတွေ ဖန်တီးလို့ရတယ်ဆိုတာကို ကျွန်မ မသိခဲ့ပါ။
ဘလော့လောကမှာ စာတွေမရေးခင် အချိန် ၂၀၀၈ နှစ်ဆန်းပိုင်းတုန်းကတော့ မြန်မာ မဟုတ်တဲ့ သူငယ်ချင်းမလေးတစ်ယောက်က သူရေးနေတဲ့ open diary ဆိုပြီး သူ့ဘလော့လေးကို ဖွင့်ပြဘူးတာမို့ အသစ်အဆန်း ဒိုင်ယာရီတစ်ခုအနေနဲ့ စပ်စပ်စုစု ဖတ်လိုက်ပေမယ့် ဘယ်လိုရေးရတာလဲ ဘာတွေလုပ်လို့ရသေးလဲဆိုတဲ့ မေးခွန်းတွေတော့ မမေးဖြစ်လိုက်ပါ။ သူရေးနေတဲ့ ဘလော့စပေါ့ကို ပိုက်ဆံပေးရတဲ့ အင်တာနက် စာမျက်နှာတွေလို့ပဲ တွေးထင်ခဲ့မိတာလဲ ပါပါသည်။
၂၀၀၃ ခုနှစ်နောက်ပိုင်းကစလို့ ဖေစ့်ဘုတ်ကို တွင်တွင်ကျယ်ကျယ် မသုံးကြခင်အချိန်တွေအထိတော့ ဘလော့ဆိုတာ အချို့သော သူများအတွက် communication tools, စီးပွားရေး လုပ်ငန်းရှင် ပေါက်စလေးတွေအတွက် marketing tools, ပညာသင်ကြားဆဲ ကျောင်းသား ကျောင်းသူတွေ စဉ်ဆက်မပြတ် လေ့လာသင်ယူနေသူတွေအတွက် education tools, နေ့စဉ်မှတ်တမ်းတွေကို မြတ်နိုးသူတွေအတွက် အွန်လိုင်းပေါ်က daily diary, တခါတရံ ဘဝမှာ အမှတ်တရလေးတွေကို မှတ်တမ်းတင်တတ်သူတွေအတွက်တော့ open note book တွေ ဖြစ်ခဲ့ဘူးပါသည်။
ပြီးတော့ ဘလော့တွေဟာ စာဖတ်သူတွေချစ်တဲ့ စာအုပ်စင်ကြီးတွေလို ကျွန်မတို့ စာရေးလိုသူတွေ ကလောင်သွေးလိုသူတွေ အတွက် အလွတ်တမ်း လေ့ကျင့်ကွင်းတစ်ခုလိုလဲ ဖြစ်နေခဲ့ပါသည်။
ဒီဘလော့ဂိုစဖီးယားကြီးထဲမှာ စာတွေလိုက်ဖတ်လို့ရတယ်ဆိုတာကို ကျွန်မ စပြီးသိခဲ့တာက ကိုနေဘုန်းလတ်ရဲ့ ဘလော့ကိုစတွေ့တဲ့အချိန် ၂၀၀၈ ဒီဇင်ဘာလ။
ကိုနေဘုန်းလတ်ဘလော့ကနေတဆင့် အခြားဘလော့တွေကို လိုက်ဖတ်ရင်း ကိုယ်ပိုင် ဘလော့လေးကို စပြီးရေးဖြစ်တာတာ ၂၀၀၈ ဒီဇင်ဘာ ၁၂ ရက်နေ့။
မြန်မာဘလော့တွေ တော်တော်များများ အရှိန်ရနေတဲ့ အချိန်မှာ အခြားစာရေးသူတွေလို ကိုယ်ပိုင် ဘလော့တစ်ခု ဖန်တီးချင်မိပါသည်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်က စာရေးဖို့ပဲသိပြီး နည်းပညာပိုင်းတွေ နားမလည်တာမို့ ဒီဘလော့လေးဖြစ်မြောက်ရေးအတွက် စီနီယာ ဘလော့ဂါ အကိုတွေ အများကြီးက စိတ်ရှည်လက်ရှည်နဲ့ ကူညီပေးခဲ့ဘူးပါသည်။
စနစ်တကျ စာရေးနည်း ပို့စ်တင်နည်းတွေကို စိတ်ရှည်လက်ရှည် သင်ပေးခဲ့သလို ဒီဘလော့တစ်ခုလုံးဖြစ်မြောက်ရေးအတွက် အစစအရာရာ ကူညီပေးခဲ့တာက ကိုကြီး My Metro World ပါ။
ပထမဆုံး ဒီဘလော့က စာတွေကို လာဖတ်ပြီး အားပေးခဲ့သလို လက်တွဲခေါ်ခဲ့တာကတော့ ကိုအောင်သာငယ် ကိုတင့်ထူးရွှေ ကလိုစေးထူး မမသီရိ နဲ့ မောင်မျိုး ၊ နောက်ပိုင်းမှာတော့ မပန်ဒိုရာ မကေ ကိုရန်အောင် ကိုဖိုးစိန် မိုမိဂျိ မိုးခါး ကိုနေညိုရင့် ကိုသီဟသစ်နဲ့ အခြားအခြားသော စာဆက်မရေးဖြစ်ကြတဲ့ ဘလော့ဂါတွေ။
နောက်ပိုင်းမှာတော့ ဒူဘိုင်းနဲ့ အဘူဒါဘီမှာရှိတဲ့ ဘလော့ဂါတွေအားလုံးကို ဘလော့စာမျက်နှာတွေပေါ်ကနေတဆင့် တစတစ သိကျွမ်း ရင်းနှီးခွင့်ရခဲ့ပါသေးသည်။
စာရေးတာ အရှိန်လေးရလာတာနဲ့အမျှ ကိုယ်တိုင် သတိမထားမိလိုက်တဲ့ အချိန်တစ်ခုအတွင်းမှာပဲ ကျွန်မရဲ့ ဘလော့ဂိုစဖီးယားကြီးကလဲ တနေ့တခြား ကျယ်ပြန့်လာခဲ့ပါသည်။
စင်္ကာပူမှာရှိနေကြတဲ့ ဘလော့ဂါတွေ ဂျပန်မှာ ရှိနေတဲ့ ဘလော့ဂါတွေ ဆိုက်ပရပ်စ် မလေးရှား ထိုင်ဝမ် နော်ဝေ အမေရိကား အင်္ဂလန် ဘာရိန်း ဗီယက်နမ် လာအို ယိုးဒယားနဲ့ မြန်မာပြည်တွင်းက ဘလော့ဂါတွေ နဲ့ တစတစ သိကျွမ်းရင်းနှီးခွင့်ရခဲ့ပါသည်။
အချို့အချို့သော စာရေးသူတွေနဲ့ ညီအမအရင်းတမျှ ရင်းနှီးကျွမ်းဝင်လာရသလို အခြားအခြားသော စာရေးသူ အကိုတော် မောင်တော်များနဲ့လဲ ငယ်ပေါင်းကြီးဖော် တိုင်ပင်ဖော် တိုင်ပင်ဖက်တွေ ဖြစ်လာခဲ့ပါသည်။
မြန်မာလူမျိုးတွေပီပီ လိုအပ်ချက်တွေရှိလာတိုင်း နေ့မရွေးညမရွေး အအိပ်ပျက် အစားပျက်ခံပြီး ကူညီရိုင်းပင်းကြပါသည်။ မေးသမျှ စပ်စုသမျှ လူမှုရေး ကိစ္စတွေကိုလဲ မညည်းမညူ ကူညီပေးကြပါသည်။
ဒီဘလော့လေးနဲ့ ပက်သက်ပြီး ပြင်ပလောကမှာ စာဖတ်သူ စာရေးသူမိတ်ဆွေတွေ တိုးပွားလာခဲ့သလို အတွေ့အကြုံ သစ်တွေလဲ တိုးပွားခဲ့ပါသည်။
ဒီဘလော့လေးပေါ်မှာ အများဆုံးရေးဖြစ်ခဲ့တာက ဒူဘိုင်းသတင်းတွေနဲ့ ဆောင်းပါးတွေ ဖြစ်ပြီး ဒီဘလော့လေးရဲ့ ကျေးဇူးနဲ့ ဒူဘိုင်း လူမှုအသိုင်းအဝိုင်းမှာ မိတ်ဆွေတွေ အများကြီးတိုးလာတာမို့ လူမှုရေးကိစ္စတွေမှာ ပါဝင်ကူညီခွင့်ရလာခဲ့ပါသည်။
ယူအေအီးရောက် မြန်မာတွေရဲ့ ရွှေရောင်စဉ် အွန်လိုင်း ဂျာနယ်ကိုလဲ ဝါသနာတူ စာရေးဖော်တွေနဲ့တွဲပြီး စီစဉ်နိုင်ခဲ့ပါသည်။
ပိုပြီးမှတ်မှတ်ရရ ဖြစ်စေတဲ့ အတွေ့အကြုံတစ်ခုကတော့ ပထမဆုံးအကြိမ် ယူအေအီးရောက် မြန်မာတွေရဲ့ စာပေဟောပြောပွဲ စီစဉ်တဲ့ အချိန်မှာ အခြားနိုင်ငံတွေက အတွေ့အကြုံရှိတဲ့ ဘလော့ဂါတွေဆီက အကြံဥာဏ်တွေရခဲ့သလို အားပေးကူညီမှုတွေလဲ ရခဲ့ပါသည်။
ဒီနေရာမှာ ထပ်ပြီး ဝန်ခံချင်တာတစ်ခုက အခြားဘလော့ဂါတွေနဲ့ ယှဉ်ရင် ကျွန်မက ဘလော့ဂါတွေကြားမှာ လူမှုရေးအနည်းဆုံး ဆိုတဲ့ အချက်ပဲ ဖြစ်ပါသည်။ မျက်စိထဲ မြင်မြင်သမျှ ဘလော့အသစ် ဘလော့အဟောင်းတွေ ရှာဖွေပြီးဖတ်ပေမယ့် စီဘောက်စ်မှာလဲ နှုတ်ဆက်ခဲသလို ကောမန့်ရေးဖို့လဲ အကြောင်းအမျိုးမျိုးကြောင့် ချီတုန်ချတုန် ဖြစ်နေဆဲဖြစ်ပါသည်။
အချိန်ရတာနဲ့ ဘလော့ပေါ်တက်ပြီး မျက်စိထဲ မြင်သမျှ ဘလော့လင့်ခ်တွေ တစ်ခုပြီး တစ်ခု လိုက်ဖတ်နေတာမို့ တခါတရံမှာ စာရေးရခြင်းထက် စာဖတ်နေရခြင်းကို ပိုပြီး သဘောကျမိပြန်ပါသည်။
နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့ မြန်မာ ဘလော့ဂါတွေရဲ့ မတူညီတဲ့ တင်ဆက်မှုတွေ ဆန်းသစ်တဲ့ အတွေးအခေါ် အရေးအသားတွေကြားမှာ မျောပါသွားမိတဲ့ အချိန်တိုင်းမှာလဲ ကိုယ်တိုင်စာချရေးဖို့ သတ္တိတွေ အလိုလို ပျောက်ဆုံးသွားခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့ဘူးပါသည်။
နောက်ပိုင်းမှာတော့ ဝါသနာရှင် ဘလော့ဂါတွေရဲ့ စေတနာအပြည့်နဲ့ မျှဝေပေးနေတဲ့ အွန်လိုင်းပေါ်က စာတွေနဲ့ ဘလော့စာမျက်နှာတွေကို ပြည်တွင်းက ပရိတ်သတ်တွေ သာမက ပြည်တွင်း ပြည်ပက မီဒီယာတွေ ပါ တစတစ လက်ခံလာခဲ့တာကို သတိထားမိလာပါသည်။
အခုလိုအချိန်မှာ အွန်လိုင်းပေါ်က ဘလော့ဂါတွေရဲ့ စာပေတွေကို အွန်လိုင်းစာပေ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပုံနှိပ်စာပေလောကမှာ အသိအမှတ်ပြုလာတာကလဲ ကျွန်မတို့လို ဝါသနာအရ စာရေးနေသူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းပဲ ဖြစ်ပါသည်။
တခါတရံမှာတော့ ဘလော့စပေါ့စာမျက်နှာတွေကို အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်တွင်းက စာဖတ်သူတွေ ဖတ်ခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်ရတဲ့ သတင်းတွေကို ကြားသိရပါသည်။
ဒါပေမယ့် သေသေချာချာ ဆန်းစစ်ကြည့်လိုက်တော့ ဘလော့စပေါ့စာမျက်နှာတွေကို ပြည်တွင်းမှာ ဖွင့်လို့မရတဲ့ အခက်အခဲက ကျွန်မတို့ နိုင်ငံတစ်ခုတည်းမဟုတ်တာကိုလဲ ဝမ်းသာစရာ သတင်းအနေနဲ့ ထပ်မံသိခွင့်ရလိုက်ပြန်ပါသည်။
မြန်မာ ၊ ကျူးဘား ၊ ဖီဂျီ ၊ အီရန် ၊ ကဇစ္စတန် ၊ ပါကစ္စတန် ၊ တရုတ် ၊ ဆီးရီးယား ၊ တူရကီ နိုင်ငံတွေမှာလဲ ဘလော့စပေါ့ စာမျက်နှာတွေကို ဖွင့်ဖတ်လို့မရတဲ့ အခက်အခဲတွေ ရှိခဲ့ပါသည်။
ဘလော့စပေါ့ စာမျက်နှာတွေကို ဖတ်လို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မတို့စာမျက်နှာတွေပေါ်က ကျွန်မတို့ ပေးချင်တဲ့ သတင်းစကားတွေကို သယ်ဆောင်ပေးနိုင်တဲ့ အခြားသော မီဒီယာများစွာ ရှိနေပါသေးသည်။
ဘလော့စပေါ့တွေကို သော့ခတ်ပြီး ပိတ်ထားတဲ့ တံခါးတွေ ရှိနေပေမယ့် ပိတ်လို့မရနိုင်တဲ့ ပြတင်းပေါက်တွေကနေ ကျွန်မတို့ ပေးချင်တဲ့ သတင်းစကားတွေ ခုန်ပျံပြီး ထွက်သွားခွင့်ရှိပါသည်။
တကယ်ဆို…
မျက်စိပိတ်နေသူတွေကို မျက်စိဖွင့်ပေးဖို့…..
အမှောင်ကျနေတဲ့ နေရာတွေကို အလင်းဖြန့်ပေးဖို့
ပိတ်နေတဲ့ လမ်းတွေကို ဖွင့်ပေးဖို့ ….
အခြားအခြားသော မီဒီယာတွေလိုပဲ ဝါသနာအရ ဖန်တီးထားတဲ့ ကျွန်မတို့ ဘလော့စာမျက်နှာတွေက စွမ်းဆောင်နိုင်ပါသေးသည်။
ဘလော့ဂါစစ်စစ် မဟုတ်တဲ့ ဘလော့စာမျက်နှာ ပိုင်ရှင်တွေဆိုပေမယ့် ကျွန်မတို့ တွေ့ကြုံနေရတဲ့ အတွေ့အကြုံတွေ သင်ယူခဲ့ရတဲ့ ဘဝ သင်ခန်းစာတွေကို လက်လှမ်းမီသလောက် ဖြန့်ဝေနိုင်ပါသေးသည်။
စာရေးသူနဲ့ စာဖတ်သူအကြားမှာ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတူညီတဲ့ အယူအဆ အတွေးအခေါ်တွေကိုတော့ အခြားသော စာဖတ်သူတွေက ဖြည့်စွက်ပြီး လေ့လာသင်ယူခွင့်ရနိုင်သေးသည်လေ။။။
စာရေးသူ စာဖတ်သူတွေရဲ့ အကြားက ပေါင်းကူးတံတားလေးဖြစ်တဲ့ ဘလော့စပေါ့လေး အဓွန့်ရှည်ဖို့...
ဘဝတူ စာရေးသူတွေ စိတ်ကူးချိုချိုနဲ့ စာမျက်နှာတွေ များများ ဖန်တီးနိုင်စေဖို့ ဘလော့ဒေးအတွက် ဆုမွန်ချွေရင်း....
ဒီပို့စ်လေး ရေးဖြစ်အောင် တက်ဂ်လာတဲ့ ကိုအောင်နဲ့တကွ ဘလော့စပေါ့ပေါ်မှာ စာရေးနေကြတဲ့ စာရေးသူအားလုံးကို ဘလော့ဒေးအတွက် ကြိုတင် နှုတ်ခွန်းဆက်ပါရစေ….
(တစ်ဦးချင်းစီ နာမည်တပ်ပြီး ကျေးဇူးတင်စကား ပြောချင်သလို အမှတ်တရ အဖြစ်လေးတွေ ရေးချင်ပေမယ့် ပို့စ်က တော်တော်ရှည်နေတာမို့ အမည်နဲ့တကွ မဖော်ပြဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ဘလော့ဂါ မောင်နှများအားလုံးကို အထူးပဲ အားနာမိပါတယ်။)
Monday, August 29, 2011
|
Labels:
Tag Post
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
19 comments:
ဟုတ်ပါတယ် စာအုပ်စာပေ စာနယ်ဇင်း စာမျက်နှာတွေမှာ ၀င်တိုးလို့ မလွယ်ကူတဲ့အချိန်မှာ ဘလော့စပေါ့ဆိုတာလေးက ကျွန်တော်တို့ရဲ့ စာအုပ်စာပေ စာနယ်ဇင်းစာမျက်နှာတွေပါပဲ . စပေါ်ကာစ အချိန်မှာ စာနယ်ဇင်းသမားတွေရဲ့ ကလေးတွေပါကွာ ဆိုတဲ့ အသံတွေ ရှိခဲ့ပေမဲ့ တဖြည်းဖြည်း ဘလော့စပေါ့ သက်တမ်းကြာရှည်လာတာနဲ့အမျှ အရည်အချင်းရှိတဲ့ ဘလော်ဂါတွေ ပေါ်ထွက်လာမှုက စာနယ်ဇင်း စာအုပ်စာပေ စာမျက်နှာတွေပေါ်က ကလောင်ရှင်တွေကို တုန်လှုပ်စေခဲ့တာပါပဲ . . .
မနှင်းပြောသလိုပဲ ကျွန်တော်တို့ဟာ ကိုယ့်ပတ်ဝန်းကျင်လေးနဲ့ ကိုယ်နေကြသူတွေမို့ ကမ္ဘာနဲ့ယဉ်ဘောင်တန်းပြီး ဘလောဂင်နေသူများလို ဘလော်ဂါလို့ မခံယူဝံတာတော့ အမှန်ပဲ ... ကျွန်တော်ကိုယ်တိုင်လည်း ဘလော်ဂါဆိုတာထက် စာပေမြတ်နိုးသူလို့သာ ခံယူပါကြောင်းး ပြောရင်း
ခင်မင်စွာဖြင့်
ဗညားရှိန်
အမတို့တောင် ကျွန်မ ဘလော့ဂါမဟုတ်ပါဆိုတော့ ... ဟေဟေ့..ဘာဆက်ပြောရမှန်းတောင်မသိ။။။ အားပေးသွားပါ၏။။ လေးစားစွာ အားကျမိပါကြောင်း။။။
ရောက်ခဲ့ပါတယ် အစ်မရေ .. အမှတ်တရလေးတွေလည်း ဝေမျှခံစားသွားပါတယ် .. ကောင်းသောနေ့ လေးပါနော် ... :)
ဘလော့ဒေးအမှတ်တရလေးကို ခံစားသွားပါတယ်မနှင်း။ စာပေဝါသနာပါသူတွေအဖြစ် ဘလော့စာမျက်နှာလေးပေါ်မှာ ဝေမျှရင်း အကျိုးပြုစာမျက်နှာများ ဆက်လက်ဖန်တီးနိုင်ကြပါစေ။
ချစ်တဲ့
သဒ္ဓါ
သူငယ်ချင်းနှင်းရေ အရေးကျဲပေမယ့် အတွေးထဲ စာသားတွေမြောက်မြားစွာရှိနေဦးမှာပါပဲ ဘ၀အတွက် ရုန်းကန်နေရပေမယ့် ချစ်ခင်ရတဲ့ဘလော့လေးကို အမြဲစိတ်ထဲရှိနေမယ်ဆိုတာ ယုံကြည်ပါတယ် ။ အားတဲ့အချိန် ဘလော့လေးတွေပြန်တင်ပေါ့ကွယ် အမြဲအားပေးနေပါတယ် ။ဘာသာတရားနဲ့အေးချမ်းတဲ့နေရာလေးမို့ လာရောက်လည်ပတ်တိုင်းချမ်းမြေ့ရပါတယ် ။
ခေါင်းစဉ်လေးရဲ့ ဆွဲဆောင်မှုနဲ့ အပြေးအလွှား လာဖတ်ဖြစ်ခဲ့ပါတယ် နှင်းရေ..။ နှင်းရဲ့ဘလော့ဒေးအမှတ်တရပို့စ်လေးထဲ စာပိုဒ်အချို့က မြသွေးနီရင်ထဲက စကားလုံးများနဲ့ တူညီနေတာမို့ လွန်စွာမှ နှစ်သက် သဘောကျမိခဲ့ကြောင်းပါနှင်းရေ..။ အလုပ်တွေ မအားလပ်၊ အချိန်တွေမပေးနိုင်ပေမယ့် ရတဲ့ အချိန်လေးမှာ စာတွေ ဆက်ရေးပါဦးနော်..။ ကျန်းမာရေးလည်း ဂရုစိုက်ဦး ညီမရေ..။
ခင်မင်သော..
မြသွေးနီ
ဆင်ဆာတွေ များလှတဲ့ ပုံနှိပ်စာမျက်ပေါ်မှာထက် မိမိစိတ်တိုင်းကျ ရေးသားနိုင်တဲ့ ဘလော့စာမျက်ကိုဘဲ ပိုပြီး ခင်တွယ်မိတယ်။
ဒါပေမဲ့ ပြည်တွင်းကလူတွေပါ ဖတ်နိုင်ဖို့ဆိုရင် စာမျက်နှာတွေက ပိုပြီး ကောင်းနေပြန်ရော
ဘလောဂ်ဂါတွေအတွက် အခွင့်အရေးတစ်ခုအဖြစ် စာမျက်နှာတွေပေါ် နေရာရလာတာ ဝမ်းသာစရာပေါ့နှင်းရေ။
ဘလော့ရေးရင်တော့ ဘလော့ဂါပဲပေါ့ဗျ ...:D
တက်ဂ်ကို အခုလို ခင်ခင်မင်မင် ရေးပေးလို့
ကျေးဇူးတင်ပါတယ်၊ ဘလော့ဒေးမှာ ပျော်ရွှင်ပါစေ ...
ခေါင်းစဉ်ဆန်းဆန်းလေးနဲ့တင် စိတ်ယင်စားအောင်စွဲဆောင်နိုင်လှတယ် :) ရင်ထဲရှိသမျှ အကြောင်းအရာတွေကို မည်သူတစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်မထားပဲ လွတ်လွတ်လပ်လပ် ချပြခွင့်ရနေတဲ့ ဘလော့ကို ရေးနေခွင့်ရတာ စာရေးချင်သူတွေအတွက်တော့ မဟာအခွင့်ရေးကြိး တစ်ခုပါပဲ နှင်းရေ...
Happy blog day ပါလို့ :)
ဘလော့ဒေးအမှတ်တရလေးကို
လေးစားစွာဖတ်ခဲ့ပါတယ်/
ဒီထက်စာတွေရေးနိုင်ပါစေရှင်
ကဗျာချစ်သူ jasmine
မနှင်းရေ...
မရောက်တာ အတော်ကြာသွားတယ်။ ကြာဆို မနှင်းရဲ့ ပို့စ်တွေ တက်လာတာ သိပ်မတွေ့လို့လဲ ပါပါတယ်။ အလုပ်ရှုပ်နေတယ် ထင်တယ်နော်။ စာအရေးအတော်လေး ကြဲသွားသလိုဘဲ။
ဘလော့ဂါဆုရှင်တစ်ယောက်က ကျွန်မဘလော့ဂါ မဟုတ်ပါ လို့ ဆိုလိုက်တဲ့အတွက် အတော်လေးတော့ အံ့သြသွားမိတာ အမှန်ပါ။
မနှင်းရေ...
ဘယ်လိုအခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် အားတဲ့အချိန်လေးတော့ စာဆက်ရေးပါ။ မနှင်းရဲ့စာတွေက ဗဟုသုတတွေ အများကြီးတိုးစေပါတယ်။
ခင်မင်လျှက်
ကိုကိုမောင်(ပန်းရနံ့)
အရင် ဘလော့တုန်းကတော့ ခဏခဏ လာဖြစ်တယ် ခုနောက်ပိုင်း ဒီမှာလည်း စာရေးကျဲနေတာနဲ့ သိပ်မရောက်ဖြစ်ပေမယ့် အမှတ်တရ ရှိနေဆဲပါ တည်ငြိမ်လွန်းတဲ့ အရေးသားတွေက အေးချမ်းခြင်းတွေပါ ပေးလို့။
ဆက်လက် ဘလော့ဂင်နိုင်ပါစေဗျာာ။
ရှည်ပေမဲ့ လာရောက်ဖတ်သွားပါသည်
ပျော်ရွှင်အေးချမ်းပါစေ။
ဘလောဂါမဟုတ်ပေမယ့် အင်တာနက်စာမျက်နှာပေါ်ကနေ ဗဟုသုတများစွာကို ဖြန့်ဖြူးပေးနေတဲ့ အင်တာနက်စာရေးဆရာမတစ်ယောက်တော့ သေချာပါတယ်လေ... မနှင်း။
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ကောင်းတယ်ဗျာ ရေးတက်လိုက်တာနော် ...အမြဲအားပေးနေမယ် ...
မနှင်းရေ
စေတနာ နဲ့ တခါတရံ ရေးတဲ့ စာလေး တွေကို အမြဲစောင့်ဖတ်ပါတယ် ကျေးဇူးပါ
ပျော်၂ရွှင်၂ နဲ့ နှစ်ပေါင်းများစွာ
ဘလော့တစ်ခုကို ဖန်တီးရေးသားနေသူကို ကျနော်ကတော့ ဘလော့ဂါလို့ သတ်မှတ်လိုက်တယ်ဗျာ။ ကဲ . . ဘာပြောချင်လဲ မနှင်း :P
ဘလော့ဂါ မဟုတ်တဲ့ ဘလော့ဂါ အစ်မရေ..
အတွေးရတိုင်း စိတ်ရှိလက်ရှိ ဆက်လက် ရေးသားနိုင်ပါစေဗျာ..
ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘလော့တစ်ခုပိုင်ဖို့ပဲလိုပါတယ်... စာရေးသူတစ်ယောက်ဖြစ်ဖို့ စာရေးနေရင် ဖြစ်ပါတယ်... စာရေးသူကောင်းဆိုတာတော့ စာဖတ်သူကပဲသတ်မှတ်ပါတယ်....
Post a Comment