Showing posts with label Women' World Journal. Show all posts
Showing posts with label Women' World Journal. Show all posts

ဈေးဝယ်တတ်တဲ့ နေ့


“ပုဇွန် ၁၀ ဖိုးလောက် ပေးပါ”
ဒီတခါတော့ ပုဇွန် ၁၀ ဖိုးပေးပါလို့ ပြောတဲ့ အသံက ပုံမှန်ဖြစ်နေသည်။ ပထမဆုံးဝယ်တဲ့နေ့ကလို ယုံကြည်ချက်မဲ့နေတဲ့ လေသံမျိုးမဟုတ်တော့။
စူပါမားကတ်မှာ ဈေးဝယ်ရသူ ကျွန်မလို ဟိုမရောက်သည်မရောက် တကိုယ်တော်သမားတွေအတွက် ထခါတရံမှာ ဈေးဝယ်ရတာက တိုက်ပွဲတခု။

မိသားစုကြီးကြီးက လာသူဆိုတော့ တစ်ယောက်တည်းနေစတုန်းက ဈေးဝယ်ရတာ အဆင်မပြေ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်အထိ တစ်ယောက်တည်းဆိုပေမယ့် ပုဇွန်ကို ၂ ကီလိုလောက်ဝယ်ပစ်လိုက်တာမျိုးတွေ ရှိခဲ့သည်။ နောက်လဲ စားလို့ရတာပဲ ရေခဲသေတ္တာရှိနေတာပဲဆိုတဲ့ အတွေးနဲ့ ဈေးကို အတိုင်းအဆမရှိ ဝယ်ဖြစ်သည်။ တခါတလေ ဈေးမှာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ့လေတိုင်း ရေခဲသေတ္တာအားကိုးနဲ့ မြင်သမျှကောက်ထည့်မိသည်။
ကိုယ့်ရဲ့မတော်လောဘတွေရဲ့ နောက်ကွယ်က ရလာဘ်ကတော့ ဟင်းသီးဟင်းရွက် တော်တော်များများ အမှိုက်ပုံးထဲရောက်သွားခြင်းသာဖြစ်သည်။

အသားငါးတွေကလဲ လပေါင်းများစွာ ရေခဲသေတ္တာထဲမှာ အစုလိုက်အပုံလိုက်။ ငယ်ငယ်တုန်းက အမေပြောတဲ့ သားငါး လတ်လတ်ဆတ်ဆတ်ဆိုတာကို ရေခဲသေတ္တာကြီးက မသိကျိုးကျွှံပြူလို့။
ကျွန်မ အလယ်တန်းကျောင်းသူဘဝမှာ အမေနဲ့အတူ မနက်ခင်းဈေးကို စရောက်ခဲ့တာကို အမှတ်ရမိသည်။ ငါးဆိုင် အသားဆိုင်တွေရောက်တိုင်း အသားငါးတွေ လတ်မလတ် ကြည့်ပုံကြည့်နည်းကို အမေက သင်ပေးသည်။ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် ရွေးပုံရွေးနည်းကို သင်ပေးသည်။ အမေက ဈေးဝယ်တဲ့ နေရာမှာ စေ့စပ်သည် သူများတွေလို ဈေးဆစ် မတန်တဆ ဈေးနှိမ်တာမျိုးမရှိပေမယ့် အချိန်ယူပြီးဈေးဝယ်တတ်သူ။

ဈေးထဲမှာ တဆိုင်ဝင် တဆိုင်ထွက် သိအောင်ပြပြီး ပါးစပ်ကလဲ တတွတ်တွတ်သင်သည်။ “ကြောင်အတွက် ခွေးအတွက် ငါးဝယ်ရင် ဒီပင်လယ်ငါးဆိုင်မှာဝယ်… ဒီမှာ ငါးသေးသေးလေးတွေ ရှိတယ် ပင်လယ်ငါးလည်းစုံတယ်။ “
“ငါးကို မဝယ်ခင် သေချာကိုင်ကြည့် မာမာလေး မျက်လုံးကြည်ကြည် စင်စင်လေး ပါးဟတ်နီနီလေးဆိုရင် လတ်တယ်. ပျော့နေတဲ့ တစစီပဲ့ထွက်နေတဲ့ငါးဆို အလကားရတောင်မယူနဲ့…”
“ခရမ်းချဉ်သီးလေးတွေ ငရုတ်သီးစိမ်းတွေဆို အညှာလေးတွေ စိမ်းနေမှလတ်တာ။ ကြက်သွန်နီဆိုရင် ကျစ်ကျစ်လစ်လစ် ပြောင်တင်း လုံးချောနေတာလေးကိုရွေး အဟောင်းနဲ့ အသစ်က ကြည့်ရုံနဲ့သိတယ် အသစ်တွေက စိုထိုင်းထိုင်းနဲ့ အခွံ့တွေပွနေတတ်တယ်။”
“ကြက်သွန်ဖြူကျတော့ တရုတ်ကြက်သွန်ဖြူတွေက အခွံ့ခွာရတာသာလွယ်တာ တကယ်အရသာရှိတာက မြန်မာကြက်သွန်ဖြူ သေးသေးလေးတွေ။”
“ချဉ်ပေါင်ရွက်သင်ရင် အရွက်ရဲ့ အရင်းနားကနေသင် အရိုးတံတွေ မပါစေနဲ့ ။ ကင်ပွန်းချဉ်ရွက်ကတော့ ဆူးပြန်သင်ရတယ် ဒါဆို သမီးလက်ကို အဆူးမဆူးတော့ဘူး။ ကင်ပွန်းချဉ်ရွက်ကို အပေါ်အောက် ဇောက်ထိုးကိုင်ပြီး သင်တာကို ဆူးပြန်သင်နည်းလို့ခေါ်တယ်။”

အမေ့နည်းစနစ်တွေအတိုင်း လက်တွေ့ဈေးဝယ်ရတော့ အစပိုင်းမှာ တော်တော် စိတ်ညစ်ရသည်။ ဈေးသည်တွေက ကလေးတွေမြင်တာနဲ့ မလတ်တဲ့ ငါးတွေ အတင်းထည့်ချိန်တတ်သလို တကောင်ချင်း ရွေးနေတာကိုလည်း စိတ်မရှည်ပုံပြတတ်သည်။  တခါတုန်းက ငါးတွေကို တကောင်ချင်းစီ ရွေးနေတော့ “အမလေးတော် ငါးရွေးနေတာ လေဖြတ်ပြီးသေနေအုံးမယ်လို့ အော်တာခံခဲ့ရသည်။”
အိမ်က ကြောင်နဲ့ ခွေးအတွက် ပင်လယ်ငါးလေးတွေ ဝယ်ပြန်တော့ “ ကြောင်စာ ကြောင်စာနဲ့ တဆယ်ဖိုးဝယ်ပြီး တမိသားစုလုံးစားနေကြတာ မသိဘူးထင်နေလား “ လို့ ခနဲ့တာလည်းခံရဘူးသည်။
ကြက်သား ငါးဆယ်သားဝယ်တော့ ဆိုင်မှာ ရှိသမျှကြက်ရိုးတွေ ထည့်ချိန်ပြီး တွေ့လား အများကြီး အပိုထည့်ပေးလိုက်တယ်ဆိုပြီး ညာချတာလည်း ခံရသေးသည်။

အမေ့မီးဖိုချောင်အတွက် ရုံးပိတ်ရက်တွေမှာ ဈေးဝယ်ပေးနေရင်းက အဝယ်တော်ရာထူးက အနားရဖို့ အကြောင်းဖန်လာလေတော့ အိမ်နားက မနက်ခင်းဈေးလေးနဲ့ ဝေးခဲ့ရသည်။
မိဝေးဖဝေးမှာ တစ်ယောက်တည်း နေရပြန်တော့  မီးဖိုချောင်ကိစ္စအဝဝကို မအားတဲ့ကြားက အပြေးလုပ်ရသည်။  ဈေးဝယ်ချိန်မှာ စားချင်စိတ်တွေနဲ့ ဟင်းချက်စရာတွေ တနင့်တပိုး ဝယ်ခဲ့ပေမယ့် တကယ်တမ်းမချက်ဖြစ်ပြန်တော့ ဟင်းစားတွေက ရေခဲသေတ္တာထဲကနေ အမှိုက်ပုံးထဲကို ရောက်တာ များလာသည်။ အမှိုက်ပုံးနဲ့ ရေခဲသေတ္တာ တစတစနဲ့ အိမ်နီးချင်းတွေ ဖြစ်လာပေမယ့်လည်း ကျွန်မက ဈေးကို အတိုင်းအဆမရှိ ဝယ်နေဆဲ။
နိုင်ငံရပ်ခြားမှာ အနေကြာပြီး ဈေးဝယ်ကျွမ်းကျင်ပါတယ်လို့ ဘယ်လောက်ဆိုဆို တကိုယ်စာ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဈေးမဝယ်တတ်ခဲ့တာများသည်။ 

မနှစ်တုန်းကတော့ ခရစ္စမတ်မရောက်ခင်လေးမှာ အိမ်ရှေ့နားက ဝယ်နေကျ စူပါမားကတ်မှာ ဈေးဝယ်ဖြစ်သည်။ ကြက်သွန်နီတွေ ရွေးနေချိန်မှာ ဘေးနားကိုရောက်လာတဲ့ အမျိုးသမီးတစ်ယောက်က ခရမ်းချဉ်သီးတစ်လုံး ငရုပ်ပွ တစ်တောင့် ခရမ်းသီး နှစ်လုံးနဲ့ ငရုပ်သီးစိမ်း လေးငါးတောင့်လောက်ကိုယူပြီး ပေါင်ချိန်စက်မှာ သွားချိန်နေတာတွေ့ရတော့ မျက်လုံးတွေ ကျယ်ထွက်သွားတဲ့အထိ အံ့သြရသည်။ 

အသားငါးရောင်းတဲ့ ကောင်တာရှေ့မှာရပ်ပြီး ပုဇွန် တစ်ကီလိုနော်လို့ ကိုယ်က ပြောနေချိန်မှာ နောက်နားဆီက ပုဇွန် ငါးကျပ်ဖိုးထည့်လိုက်နော်လို့ ပြောလာသူက ခရမ်းချဉ်သီးတစ်လုံးတည်းဝယ်တဲ့သူ ဖြစ်နေသည်။
ပုဇွန် တစ်ကီလိုကို ၃၀ ပေးရတာမို့ ငါးကျပ်ဖိုးဆိုရင် ၁၀ သားသာသာ ။ နောက်နားက အမျိုးသားတစ်ယောက်ကတော့  ပုဇွန် ၁၀ ဖိုးချိန်ပေးပါလို့ ဆိုလာပြန်သည်။
သူတို့ ဈေးဝယ်ပုံက ရုတ်တရက်ဆိုရင် ကပ်းစေးနှဲသူရယ်လို့ အထင်ရောက်စရာရှိသည်။ ဒါပေမယ့် တကယ်တမ်းကျတော့ တကိုယ်စာ မီးဖိုချောင်အတွက် လတ်လတ်ဆတ်ဆတ် ဟင်းလျာတွေ ချက်ပြုတ်ဖို့ အကောင်းဆုံး ဈေးဝယ်နည်း။ အလေအလွင့် အနည်းဆုံး ဈေးဝယ်နည်းလို့ ဆိုလို့ရသည်။

နောက်တစ်ပါတ်မှာတော့ အလုပ်ကအပြန် စူပါမားကတ်ကိုဝင်တော့ ငရုပ်ပွ တစ်တောင့်  မုန်လာဥနီ တစ်တောင့် ခရမ်းချဉ်သီး ကြီးကြီး ၂ လုံး နဲ့ ပုဇွန် တစ်ဆယ်ဖိုး စမ်းဝယ်ကြည့်သည်။
ပုဇွန်က နှစ်ဆယ်သားကျော်ကျော်ရတာမို့  နှစ်ကြိမ်ချက်ဖို့ လုံလောက်သည်။ ငရုပ်ပွခပ်သေးသေး တစ်တောင့်က နေ့စဉ်မနက်စာ ကြက်ဥမွေကြော်အတွက် တစ်ပါတ်စာ လုံလောက်သည်။ ခရမ်းချဉ်သီးကလည်း ဟင်း နှစ်ကြိမ်ချက်ဖို့ နှစ်လုံးထက်ပိုပြီး မလိုတာသေချာသည်။
ပဲပြားကျတော့ မြန်မာပြည်ထက် အရွယ်ကြီးတာမို့ အရင်ကတော့ တစ်ပြားဝယ်ပြီး တဝက်ကိုချက် တဝက်ကို အစိမ်းအတိုင်း ရေခဲသေတ္တာထဲပြန်သိမ်း သုံးလေးရက်ကြာတာ့ အမှိုက်ပုံးထဲပစ်ရတာများသည်။ အခုတော့ ချက်မယ့်နေ့မှာ မထူမပါးလှီးပြီး အားလုံးကိုကြော် လောလောဆယ်စားမယ့် တဝက်ကို အရင်ချက် ကြော်ပြီးသားတစ်ဝက်ကို ရေခဲသေတ္တာထဲပြန်ထည့်တော့ အမှိုက်ပုံးထဲထည့်ရမယ့် အမှိုက်တစလျော့သွားသည်။

ကြက်သားတွေ ဝယ်ပြီးရင်လည်း ရေစပ်စပ်လေးနဲ့ ပြုတ်ကြော်လုပ်ပြီး ရေခဲသေတ္တာထဲမှာ တပါတ်လောက်ထည့်ထားပြီး စားချင်တဲ့ နေ့တွေမှာ နည်းမျိုးစုံနဲ့ ကြော်လှော်ချက်စားတတ်လာသည်။
ကြာကြာထားလို့ရတဲ့ အာလူးတွေ ကြက်သွန်တွေ ဆီသွတ်ဗူးထဲက ပဲတွေကိုတော့ လိုအပ်သလောက်ဝယ်ပြီးသားမို့ ဟင်းစားတွေ အမှိုက်ပုံးထဲရောက်မယ့်အရေး ပူစရာမလိုတော့။
တပါတ်တစ်ကြိမ်သာ အသားငါးဝယ်ရတာမို့ လိုသလောက်လေးကို ချင့်ချိန်ပြီး ဝယ်တတ်အောင် ကြိုးစားလိုက်တော့ တစ်လအတွင်း အလေအလွင့်မရှိအောင် ဈေးဝယ်တတ်လာသည်။

ကိုယ်စားနိုင်သလောက် ချက်နိုင် သလောက်ဝယ်တာ ရှက်စရာ မဟုတ် ဝယ်သမျှကို အလျင်မီအောင် မချက်ပြုတ်ပဲ  အမှိုက်ပုံးထဲ ပစ်တာကမှ တကယ့်ရှက်စရာလို့ သိလာခဲ့သည်။
ကျွန်မတို့ အမှိုက်ပုံးတွေထဲမှာ စွန့်ပစ်လိုက်ရတဲ့ အမှိုက်တွေဟာ ကျွန်မတို့အတွက် မပြောပြလောက်ပေမယ့် တကယ်လိုအပ်နေတဲ့မိသားစုဝင်တွေအတွက် ဟင်းခွက်ပေါင်းများစွာဖြစ်နိုင်သည်။
ကမ္ဘာနဲ့အဝှမ်းမှာ အငတ်ဘေးဆိုဒ်နေသူတွေကို ကိုယ်ထိလက်ရောက် မကူညီနိုင်ပေမယ့် တကိုယ်စာအတွက် အလေအလွင့်နည်းနိုင်သလောက်နည်းအောင် ထိန်းသိမ်းနိုင်တာကလည်း ကမ္ဘာမြေကို တဘက်တလမ်းက ကူညီရာရောက်သည်လေ။

နှင်း ( မာယာ)



တကယ့်ကို လှတဲ့သူ



ဆံပင်တွေ တော်တော်ရှည်လာပြီ။ ရန်ကုန်က ဆံပင်ညှပ်ဆိုင်မှာညှပ်ဖို့ နောက်ထပ် ခြောက်လလောက်စောင့်ဖို့ကလဲ မဖြစ်တော့။ ဆံပင်တွေက ရှည်လဲရှည် ပုံလဲမကျတော့ ။ ပိုဆိုးတာက ကန္တာရ တိုင်းပြည်လေးက နွေခေါင်ခေါင်မှာ ဆံပင်ရှည်ကြီးကို တယုတယ ထိန်းသိမ်းဖို့မလွယ်။ အဲယားကွန်းထဲမှာ တချိန်လုံးနေရပေမယ့် သုံးနေရတဲ့ရေတွေက နေ့ဘက်ဆို ရေနွေးအိုးထဲက ရေတွေ သုံးနေရသလို ပူစပ်ပူလောင်။ ရေပူပူတွေနဲ့ ခေါင်းလျှော်ရေချိုးခဲ့ရတဲ့ ခုနစ်နှစ်တာကာလမှာ ထူထဲနက်မှောင်လွန်းတဲ့ဆံပင်တွေ တစတစ ပါးလာလိုက်တာ။ 

မှန်တင်ခုံရှေ့က ကြမ်းပြင်ပေါ်မှာ ကျဲပြန့်နေတဲ့ ဆံစတွေ တနေ့ကို သုံးကြိမ်ထက်မနည်း ရှင်းနေရတဲ့ ကျွန်မကိုယ်တိုင် အသိဆုံး။
စိတ်မြန်လက်မြန်နဲ့ အခန်းတံခါးသော့ခတ်ပြီး ၂ လွှာမှာရှိတဲ့ အလှပြင်ဆိုင်ကို ဆင်းသွားတော့ ဆိုင်ဖွင့်စမို့ ကျွန်မက ပထမဆုံး ဧည့်သည်။ ဆံပင်ညှပ်မယ် ဖယောင်းသွင်းမယ် ဘယ်လောက်လဲလို့ မေးတော့ သူတို့ပြောတဲ့ ဈေးနှုန်းက မြန်မာငွေနဲ့ဆို တစ်သိန်းနီးပါး။ အားပါးပါးလို့ အော်ချင်ပေမယ့် တလောက ကျွန်မအဒေါ်တစ်ယောက် ရန်ကုန်က မင်းသမီးတစ်ယောက်ဖွင့်ထားတဲ့ ဗြူတီပါလာအသစ်မှာ ဆံပင် ဖယောင်းသွင်းတာ ရှစ်သောင်းကုန်တယ်ဆိုတော့ မဆိုးလှပါဘူးရယ်လို့ အားတင်းရင်း အိုကေလိုက်ရတယ်။

ဖယောင်းဆေးတွေ အကြောင်း ကောင်းမကောင်းမသိလေတော့ သူတို့နဲ့ ဖယောင်းကိစ္စသေသေချာချာ မမေးဖြစ်ပေမယ့် ဆံပင်ညှပ်တဲ့ ကိစ္စကိုတော့ သေသေချာချာ ပြောရပြန်တယ်။ ငါလိုချင်တာ အထပ်လေးတွေ အဖျားချွန်ချွန်လေးတွေနဲ့နော် လို့ပြောပြီး လိုချင်တဲ့ ပုံစံကို ကတ်တလောက်မှာပြ ပါးစပ်က တဖွဖွမှာရင်း မျက်လုံးကလဲ ကတ်ကြေးကိုင်ထားတဲ့ လက်ရဲ့ ကျွမ်းကျင်မှုကို လေ့လာရပြန်တယ်။ ကျွန်မက ဆံပင်ညှပ်ခြင်းမှာ အစွဲအလမ်းကြီးလွန်းသူ။ 

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလအတွင်း ဆံပင်ညှပ်သမားကို တစ်ယောက်တည်းနဲ့ စွဲစွဲမြဲမြဲ ညှပ်ခဲ့သူဆိုတော့ ဘယ်လောက်ကျွမ်းကျင်တဲ့သူနဲ့ဖြစ်ဖြစ် ဆံပင်ညှပ်ဖို့ တွန့်ဆုတ်နေခဲ့သူလေ။ အခုတော့ ၁၀ နှစ်ကျော်ရှိတဲ့တဲ့ အစဉ်အလာကိုဖောက်လို့ အစွဲအလမ်းကို ဖျောက်ရပြန်တယ်။
ကန္တာရ တိုင်းပြည်လေးက ဆံပင်ညှပ်ဆိုင်ကတော့ မြန်မာပြည်က ဆိုင်တွေလိုမဟုတ် တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း။ မြန်မာပြည်မှာ စိတ်အညစ်ရဆုံးက အလှပြင်ဆိုင်တွေ ဆံပင်ညှပ်ဆိုင်တွေက အလှဖန်တီးသူတွေ အင်မတန် စကားများတဲ့ ကိစ္စ။ 

ဆံပင်ညှပ်ရင်း အလှပြင်ရင်း မပြောချင်လဲပြော နားမထောင်ချင်လဲ နားထောင်နေရတဲ့ ဖန်တရာတေနေတဲ့ အတင်းအဖျင်းတွေ။ မြန်မာပြည်ကတင်မက ကမ္ဘာတလွှားက နာမည်ကျော်တွေရဲ့ သတင်း အတင်း အဖျင်းပေါင်းစုံ အလှပြင်ဆိုင်တွေမှာ လက်လီလက်ကား ရောင်းနေသယောင်။ ကျွန်မနဲ့ခင်မင်တဲ့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ အမတစ်ယောက်ကတော့ စကားပြောခြင်းဟာ မိတ်ခေါ်နည်းတစ်မျိုးလို့ ပြောလေရဲ့။ ဆံပင်ညှပ်ရင်း ခေါင်းလျှော်ရင်း ဧည့်သည်နဲ့ အဆက်မပြတ်စကားပြောနေရတာကပဲ ဝန်ဆောင်မှုတမျိုးဆိုလား။ 

ဆံပင်ပေါင်းဆေးတင်တဲ့ အချိန်မှာ သတိထားမိတာတစ်ခုက ဒီမှာ သုံးနေတဲ့ ဆေးတွေက အနံ့အသက်ဆိုးဆိုးဝါးဝါးမရှိ ပုံမှန်ရှိတတ်တဲ့ ခပ်သင်းသင်းအနံ့လေးပဲမို့ ကျွန်မအတွက် ပြဿနာမရှိလှ။ ရန်ကုန်က ဆိုင်တချို့မှာ ရတတ်တဲ့ ပေါင်းဆေးတွေရဲ့ အနံ့က ကာယကံရှင်မပြောနဲ့ ဘေးမှာထိုင်နေတဲ့သူပါ မနေနိုင်လောက်အောင် ဆိုးရွားလွန်းတာ။ ဆံပင် ပေါင်းခံတဲ့သူရော ဘေးက ထိုင်နေတဲ့သူပါ မျက်ရည်ကျလောက်တဲ့အထိလည်း ခပ်ရှိန်းရှိန်း ခပ်ပြင်းပြင်း တွေရယ်။

အဒေါ်ဆို တခါတုန်းက ဆံပင်ပေါင်းပြီး အိမ်ပြန်တော့ သူ့အမျိုးသားက သုံးရက်လောက် အိပ်ယာပြောင်းအိပ်တာကို ပြောမဆုံးတော့။ ဆံပင်မှာ ပါလာတဲ့ အနံ့ကို မခံနိုင်တဲ့ ဦးလေးကိုလည်း အပြစ်မဆိုရက် ဒီအနံ့တွေ ဘယ်လို ဆိုးတယ်ဆိုတာ ကိုယ်တွေ့ဆိုတော့ ဦးလေးရဲ့ ဖြစ်ပုံကို တဟားဟား ရယ်နေရုံပဲ တတ်နိုင်တယ်လေ။

ဆံပင်ညှပ်ပြီး ဆေးတင်ထားတဲ့ အချိန်လေးမှာ လက်သည်းရော ခြေသည်းပါ သန့်ရှင်းရေးလုပ်ဖို့ ထူးထူးခြားခြား စိတ်ကူးပေါ်လာတာမို့ လက်သည်းခြေသည်း သန့်ရှင်းရေးလုပ်မိပြန်တယ်။
ပလတ်စတစ် ဇလုံလေးထောင့်လေးထဲမှာ ရေခပ်နွေးနွေးလေးနဲ့ ဆားလေးနည်းနည်းထည့်ပြီး ကျွန်မ ခြေထောက်ကို တယုတယနဲ့ ရေစိမ်ပေးလာတဲ့ ချာတိတ်မလေးက ချစ်စရာကောင်းလိုက်တာ။ 

သူခြေထောက်ကို ကိုင်တွယ်ပုံက အချို့အလှဖန်တီးရှင်တွေ မျက်နှာကိုင်ကွယ်ပုံထက် ညင်သာနူးညံ့နေပြန်တယ်။
သူ့လက်ချောင်းနုနုလေးတွေနဲ့ ကျွန်မရဲ့ ခြေချောင်းလေးတွေ ခြေဖမိုး ခြေဖနောင့်လေးတွေကို ဆုပ်နယ်ပေးတာများ တကယ့်ကို စေတနာအပြည့် စိတ်ပါလက်ပါ။ ကျွန်အဒေါ်တစ်ယောက်ကတော့ သူဆံပင်ဖယောင်းသွင်းတုန်းက အတွေ့အကြုံလေးကိုပြောပြတာ စိတ်ပျက်စိတ်ကုန်စရာ။ ခေါင်းကို ကိုင်တွယ်ပုံကြမ်းလိုက်တာများ သုံးရက်လောက် ခေါင်းကျိမ်းနေခဲ့တာဆိုပဲ။ 

ဆံပင်တွေကို ဆေးဆိုးပြီး လွှတ်လွှတ်ချတာများ ပါးကို လာကပ်တာ တဘတ်ဘတ်နဲ့ဆိုပြီး ပြောလဲပြောရယ်လည်းရယ်။
အလှဖန်တီးရှင်တွေနဲ့ သွားဆရာဝန်တွေရဲ့ လျှို့ဝှက်ချက်ဟာ လက်ရဲ့ ပေါ့ပါးသွက်လက်မှုဆိုတာ သူတို့မသိလေရော့သလား။ ဆံပင် မျက်နှာတွေကို ကိုင်တွယ်ပုံ ညင်သာတဲ့ အလှဖန်တီးရှင်တွေနဲ့ဆို ဆံပင်ညှပ်လို့ ပြီးမှန်းတောင်မသိလိုက်ရသလို ဆိုတာမျိုး။
မြန်မာပြည်မှာတုန်းကတော့ ဆံပင်ဖြောင့်တဲ့သူတွေ ဆံပင်မီးကျွမ်းပြီး ပြတ်ထွက်ကုန်တာမျိုး နားရွက်ကို မီးပူနဲ့ ကပ်မိတာမျိုး ဆံပင်စက်ဆွဲတာ ကြမ်းတမ်းလို့ ဦးရေပြားတွေ ကျိမ်းစပ်နာကျင်နေတာမျိုးတွေ မကြားချင်မှမဆုံး။

ကျွန်မရဲ့ ခြေရင်းမှာ ခုံပုလေးနဲ့ ထိုင်နေတဲ့ ကောင်မလေး စိတ်ရှည်လက်ရှည်နဲ့ ခြေသည်းလေးတွေ သန့်ရှင်းရေးလုပ်ပေးနေတာကြည့်မိတော့ ဘယ်တုန်းကမှ မတွေးခဲ့ဘူးတဲ့ အတွေးလေးတစ်ခု ဖျက်ကနဲဝင်လာတယ်။

ခြေသည်းလက်သည်း သန့်ရှင်းရေးလုပ်တာကို ကြားဘူးနေတာ ကြာပေမယ့် ဘယ်တုန်းကမှ ဆိုင်မှာ မလုပ်ခဲ့။ ကျွန်မက အားနာစရာမရှိ လူတိုင်းကိုအားနာနေတတ်သူ... အလှပြင်ဆိုင်ရောက်တိုင်း ကျွန်မခြေထောက်ကို ထိုးပေးလိုက်ရမှာ အားနာစိတ်နဲ့ တပ်ဆုတ်ပြန်ခဲ့ရတဲ့ အကြိမ်ပေါင်းမနည်းတော့။
သူငယ်ချင်းမလေးတစ်ယောက်ကတော့ သူ့ချစ်သူရဲ့ တောင်းဆိုချက်အရ တပတ်တခါ မဖြစ်မနေ ခြေသည်းလေးတွေ သန့်ရှင်းရေးလုပ်ရရှာတယ်။ လူတစ်ကိုယ် အကြိုက်တမျိုးဆိုတာကိုး တချို့ကောင်လေးတွေက ကောင်မလေးတွေရဲ့ ခြေချောင်းလေးတွေကအစ ဂရုတစိုက်ကြည့်တတ်တာမျိုးရယ်။

တချို့သူငယ်ချင်းမလေးတွေကျပြန်တော့ ဒီက မိတ်ဆွေတွေနဲ့ သိကျွမ်းပြီး မော်ရိုကန်ရေချိုးခန်းလို့ခေါ်တဲ့ ရေချိုးခန်းလေးတွေမှာ ရေချိုးပြီး ချေးချွတ်ကြပြန်တယ်။
ရေနွေးငွေ့တွေလွတ်ထားတဲ့ ရေချိုးခန်းထဲက ခုံလေးတွေမှာ ထိုင်ပြီး တကိုယ်လုံးက ချေးတွေ တိုက်ချွတ်ပြီးရင်ပဲ တကိုယ်လုံးက ပေါ့ပါးလန်းဆန်းသွားတယ်လို့ ပြောလာတော့ နေ့တိုင်းရေချိုးရင်း ချေးတွန်းနေတဲ့သူအတွက် ရေချိုးခန်းသွားဖို့ လိုသေးလို့လားလို့ ကြံကြံဖန်ဖန် တွေးမိပြန်တယ်လေ။

ရေနွေးငွေ့ရဲ့ အထိအတွေ့ကြောင့် ကျွန်မတို့ကိုယ်မှာ ကပ်ငြိနေတဲ့ ကြေးညှော်တွေက ဖယ်ရှားရလွယ်ကူလာတာတော့ အမှန်။ ကြေးတွန်းတဲ့ တုတ်ချောင်းလေးတွေနဲ့ ပွတ်တိုက်လိုက်ရင်တော့ ရေနွေးငွေ့နဲ့ နူးအိနေတဲ့ အသားပေါ်က အရေပြားတစ်ထပ်က အလွယ်တကူ ကွာကျလာတာပေါ့။ အခု ရန်ကုန်မှာလဲ ရေချိုးခန်းလေးတွေ ခေတ်စားလာတယ်လို့ဆိုကြတယ်။
ဆံပင်ပေါ်မှာ ပေါင်းဆေးတွေ တင်ထားတာစိတ်ရှည်လက်ရှည် စောင့်စားနေတုန်းမှာပဲ ဆံပင်ညှပ်ဆိုင်လေးက သိသိသာသာ စည်ကားလာတယ်။

 အိုး ကျွန်မမေ့နေခဲ့တာပဲ တကယ်ဆို ဒီတိုင်းပြည်လေးမှာက သောကြာနဲ့ စနေက ရုံးပိတ်ရက်ပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မကလဲ သောကြာနေ့မှာမှ ဆံပင်ညှပ်ဖို့ စိတ်ကူးမိတာကိုး။
ဆိုင်လေးက မကျဉ်းမကျယ်ဆိုပေမယ့် ဝန်ထမ်း ခြောက်ယောက်က လုံးဝ လက်မလည်တော့။ ကျွန်မအပါအဝင် အမျိုးသမီး ဧည့်သည် ရှစ်ယောက်ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနေတာများ သွက်သွက်လက်လက်။ 

ကျွန်မလိုပဲ ဆံပင်ပေါ်က ပေါင်းဆေးတွေခြောက်အောင် ပေါင်းခံနေရင်း ခြေသည်းလက်သည်း ပြုပြင်သန့်ရှင်းနေသူက နှစ်ယောက်။ မိန်းကလေးဖြစ်ရတာ တော်တော်အလုပ်ရှုပ်သားလို့ တွေးမိတော့ မျက်နှာက မချိုမချဉ်ဖြစ်ပြီး မပြုံးပဲ မနေနိုင်တော့။
ဒါတောင် ကျွန်မက အခြားမိန်းကလေးတွေနဲ့ယှဉ်ရင် အလှအပကို စိတ်ဝင်စားလှတာမဟုတ်သေး။ ဆံပင်တွေကို တစ်လတစ်လကြိမ်လောက် Hot Oil လို့ခေါ်တဲ့ treatment လောက်သာ လုပ်ဖူးသူ။ ကျွန်မဆံနွယ်တွေက ခပ်ကြမ်းကြမ်းတွေမို့ မပြုပြင်လို့ မရလွန်းတဲ့ အချိန်တွေကျမှ အလှပြင်ဆိုင်ကို ပြေးရတတ်သူ။

အလုပ်ထဲက သူငယ်ချင်းတွေကတော့ တကယ့်ကို မိန်းမ ပီသလွန်းသူတွေရယ်လေ။ တကိုယ်လုံးကို မလှလှအောင် ပြုပြင်ထိန်းသိမ်းနေကြသူတွေ။ အမွှေးအမျှင်နုနုလေးတွေနဲ့ ချစ်စရာ ချာတိတ်မလေးတစ်ယောက်ကျပြန်တော့ သူမရဲ့ မျက်နှာပေါ်က မွှေးညှင်းနုလေးတွေကို မကြာခဏဆိုသလို လေဆာနဲ့ ဖယ်ရှားရတဲ့ ဒုက္ခကို ညည်းညူလို့မဆုံး။ တကယ်ဆို ဒီအတိုင်းလဲ လှနေတာပဲလို့ တိုက်တွန်းလို့လဲမရတော့။

နောက်တစ်ယောက်ကျပြန်တော့ နှာခေါင်း အပေါ်နားမှာရှိနေတဲ့ မှဲ့ ခပ်ကြီးကြီးလေးတစ်လုံးနဲ့ နားသယ်စပ်က မှဲ့လေးတစ်လုံးကို အလှပြင်ဆိုင်မှာသွားပြီး ဖယ်ရှားပစ်လိုက်ပြန်တယ်။ သူကျတော့ မျက်နှာပေါ်မှာ မှဲ့ လေးလုံးလောက်ရှိနေတာမို့ သဘောမကျတဲ့ နေရာက မှဲ့တွေကို စိတ်မြန်လက်မြန်နဲ့ကို ရှင်းလင်းလိုက်လေရဲ့။

ကျွန်မတို့ လူစုမိလေတိုင်းပြောဖြစ်တာတွေကတော့ ဒီနိုင်ငံလေးမှာ ရေပန်းစားနေတဲ့ နှာခေါင်းအလှပြုပြင်မှုအကြောင်းတွေ။ လေဆိပ်မှာ ခပ်ချောချောကောင်မလေးတွေ နှာခေါင်းထိပ်လေးတွေမှာ ပလာစတာလေးတွေနဲ့တွေ့လေတိုင်း ငေးမောစပ်စုရင်း ဝေဖန်ရေးလုပ်ရတာအမောရယ်။ နှာခေါင်းကို ဆေးလေးထိုးပြီး လိုချင်တဲ့နေရာကို ပြုပြင်တာ သိလား.... ဘေးထွက်ဆိုးကျိုးမရှိဘူး... ဈေးလဲ အရမ်းမကြီးဘူးရယ်လို့ သတင်းအချက်အလက်တွေ စုဆောင်းပေးလာတဲ့ သူငယ်ချင်းကလဲ သူမရဲ့ နှာခေါင်းလေးကို အဖျားချွန်ချွန်လေးဖြစ်အောင် ပြင်ဖို့ စိတ်ကူးနေပြန်တယ်။

ရုတ်တရက်ဆိုသလို သူငယ်ချင်းချာတိတ်မလေးတစ်ယောက် တကိုယ်လုံးက အဆီတွေကို ဖယ်ထုတ်ပစ်လိုက်တာတွေ့တော့ ကျွန်မတို့အားလုံး ပါးစပ်အဟောင်းသား မငေးမောပဲ မနေနိုင်တော့ပြန်။ နဂိုက ခပ်ပြည့်ပြည့် ကိုယ်လုံးပိုင်ရှင် မော်ရိုကန်သူ အလှပဂေးလေးက လုံးဝ သေးသွယ်ကျစ်သွားပါလား။ ခါးပတ်လည်က အဆီတွေသာမက တင်ပါးနဲ့ ခြေသလုံးပေါင်တံလေးတွေပါ သိသိသာသာ သေးသွယ်ကျစ်လျစ်ပြီး လှပသွားလိုက်တာ။ ကုန်ကျစရိတ်ကလဲ အံ့မခန်းပါပဲ။ ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ဆိုပဲ။ ကျွန်မတို့ရဲ့ ရှစ်လစာ ဝင်ငွေနဲ့ ညီမျှတဲ့ငွေကို ရက်ရက်ရောရော သုံးပစ်လိုက်တာများ။ တကယ်လည်း ရက်ရက်စက်စက်ကို အချိုးကျကျလှပသွားတာဆိုတော့လဲ ကုန်ရကျိုးနပ်ပေမပေါ့။

ဘေးနားက အလှပြင်ခုံမှာထိုင်ပြီး ဆံပင်ညှပ်ခံနေတဲ့ အမျိုးသမီးကြီးက အသက် ၆၀ ကျော်နီးပါးရှိရော့မယ်။ သူ့ရဲ့ လည်ဂုတ်သာသာလောက်ရှိတဲ့ ဆံပင်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ညှပ်ရင်း ဘာအရောင်ဆိုးရမလဲစဉ်းစားနေလေရဲ့။ တလက်စတည်းမှာပဲ သူကလဲ ခြေသည်းလက်သည်းတွေ ပြုပြင်နေသေးတယ်။ 

ကျွန်မရဲ့ အမေတွေ အဒေါ်တွေဆို အသက် သုံးဆယ့်ငါးလွန်လို့ လေးဆယ်လောက်ရှိကတည်းက ဆံပင်ညှပ်ဖို့တောင် ဆိုင်ကို ခြေဦးမလှည့်တော့။ ဆံပင် အရောင်ဆိုးဖို့ ခြေသည်းလက်သည်းပြုပြင်ဖို့ဆို ဝေလာဝေးပေါ့။
တပတ်တခါ တရော်ကင်ပွန်းသီးနဲ့ ခေါင်းလျှော် ဆံပင်ဖြူငုတ်တိုလေးတွေ ရှင်းလင်း ခြေသည်းလက်သည်းလှီးတဲ့ အလုပ်တွေကို အိမ်မှာပဲ ပြေးပြေးလွှားလွှားလုပ်ကြရှာတာ။ ကျွန်မတို့ ညီအမတွေဆိုလဲ ငယ်ငယ်တုန်းက အိမ်မှာပဲ ကြက်ဥအကာလေးတွေ သံပုရာသီးတွေနဲ့ ကိုယ်ထူကိုယ်ထ ဆံပင်ပေါင်းတင်ခဲ့သေးတာ။ 

မျက်နှာကိုတော့ သခွားသီးလေးတွေ ပါးပါးလှီးပြီးကပ်တာကလွဲလို့ ဘာမှမလုပ်ခဲ့တာ ခုချိန်ထိ။ အဘိုးတွေ အဘွားတွေဆိုလဲ ဆံပင်တွေဖြူလာတာတောင်မှ ဆေးမဆိုးပဲ နေခဲ့သူတွေရယ်။
အခုတော့ ခေတ်တွေက ပြောင်းလာလိုက်တာ။ ကျွန်မကိုယ်တိုင်လဲ လိုက်မမီတော့ဘူး။ အသားအရေ ပြုပြင်ထိမ်းသိမ်းစရာတွေကလည်း များလာလိုက်တာ အသက်အရွယ်အလိုက် စုံစီနဖာပါပဲ။

ဆံပင်ပေါင်းခံနေရင်းတန်းလန်းနဲ့ ကျွန်မကလဲ အတွေးတွေနယ်ချဲလို့ ကျွန်မကို ခြေသည်း လက်သည်းလေးတွေ ပြင်ပေးနေတဲ့ ကလေးမလေးကလဲ နုနုရွရွ ခပ်ဖွဖွလေး ကိုင်တွယ်လို့။ ခြေထောက်နှစ်ဘက်လုံးကို သန့်စင်ပြီးချိန်မှာ လိုးရှင်းလေးလိမ်းပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးနေတာများ တကယ့်ကို ဂရုတစိုက်။ ကျွန်မဆိုရင်ရော ပိုက်ဆံဘယ်လောက်ရရ ဒီလို စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးနိုင်ပါ့မလားမသိလို့ မေးခွန်းပြန်ထုတ်မိလိုက်သေးရဲ့။

အခုခေတ်မှာ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး မိန်းကလေးတွေ မကြောက်မလန့် လုပ်နေရတဲ့ အလုပ်တွေက အများသားရယ်။ ချာတိတ်မလေးက ခြေချောင်းလေးတွေပြီးတော့ လက်ချောင်းလေးတွေကို စိတ်ရှည်ရှည်နဲ့ ပုံဖော်ပေးနေပြန်တယ်။ တချက်တချက် ကျွန်မကို မော့ကြည့်ပြီး ပြုံးပြလိုက်တဲ့ အပြုံးက တကယ့်ကို ဖြူစင်လွန်းလှတယ် သွားလေးတွေကလဲ ဖွေးဖွေးဖြူဖြူသန့်သန့်စင်စင်လေးတွေ။ 

တကယ်ပါပဲ သမာအာဇီဝအတွက် ကျွန်မရဲ့ ခြေချောင်းလေးတွေကို တယုတယ နှိပ်နယ်ပေးနေတဲ့ ကောင်မလေးရဲ့ ရွေးချယ်မှုကို ကျွန်မချီးကျူးမိပါတယ်။ သူ့လိုပဲ ခပ်လှလှ ကောင်မလေးတွေက သမာအာဇီဝပေမယ့် အညှီအဟောက် မကင်းတဲ့ ဝန်ဆောင်မှုတွေကို ရွေးချယ်နေကြတာကိုး။ ကျွန်မလိုပဲ လှချင်ရက် စက်စက်ယို လှသထက် လှအောင် ကြိုးစားနေကြတဲ့ မိန်းကလေးတွေကြားထဲမှာတော့ ဒီကောင်မလေးကတော့  တကယ့်ကို အလှစစ်နဲ့ လှတဲ့သူလေးပါပဲ။

 
နှင်းနဲ့မာယာ



ကမ္ဘာတလွှား ခရီးသွား မိခင်လောင်းများ

တလောတုန်းက ကျွန်မရေးခဲ့ဘူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန် ၃၂ ပတ်ဆိုရင် လေယာဉ်စီးပြီး ခရီးသွားဖို့ သက်ဆိုင်ရာဆရာဝန်ရဲ့ ထောက်ခံချက်လိုပါတယ် ….ကိုယ်ဝန် ၃၂ ပတ်ကျော်လာရင်တော့ လေကြောင်းလိုင်းတွေက လက်မခံပါဘူးလို့ ရေးခဲ့ဘူးပါတယ်။

အချို့ကိုယ်ဝန်တွေဟာ ကိုယ်ဝန် ခုနစ်လလောက်နဲ့ ကလေးမွေးတတ်သလို ကိုယ်ဝန်ဆောင်မိခင်တွေ လေယာဉ်နဲ့ ခရီးသွားချိန်တွေမှာ စိတ်လှုပ်ရှားမှုကြောင့် မတော်တဆ ကလေးမွေးတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။

ဒီရက်ပိုင်းလေးမှာပဲ ကိုယ်ဝန်သက်တမ်း ၂၇ ပတ် ( ၇ လခန့်) ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် လေယာဉ်ပေါ်မှာ ကလေးမွေးလိုက်ရတဲ့ သတင်းလေးကို တွေ့လိုက်ရပါတယ်။ ဒီဖြစ်စဉ်လေးကတော့ အဲမရိတ်(Emirates) လေကြောင်းလိုင်းရဲ့ ဒူဘိုင်းကနေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို သွားတဲ့ ခရီးစဉ်မှာ ဖြစ်ခဲ့တာပါ။ မိခင်လောင်းကတော့ အသက် ၃၅ နှစ်အရွယ် ဖြစ်ပြီး သူမအတွက် ပထမဆုံး ရင်သွေး သားယောက်ျားလေး ဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးဆုံးဖြစ်တဲ့ မနီလာမြို့ကိုရောက်ဖို့ နှစ်နာရီခွဲလောက်အလို အင်ဒိုချိုင်းနား ကျွန်းဆွယ်ရဲ့ အမြင့်ပေ ထောင်ပေါင်းများစွာပေါ်အထက်မှာ ကလေးငယ်ကို မွေးခဲ့ရပါတယ်။

ကံကောင်းချင်တော့ သူမစီးလာတဲ့ လေယာဉ်ပေါ်မှာ ဖိလစ်ပိုင်နိုင်ငံသူ သူနာပြုဆရာမလေး နှစ်ယောက်လဲ ပါလာတာမို့ လေယာဉ်အိမ်သာထဲမှာ ကလေးမွေးလိုက်ရတဲ့ သူမကို ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးက အာက်ဆီဂျင်ပြတ်လပ်မှုကြောင့် တကိုယ်လုံးပြာနှမ်းနေခဲ့တာမို့ လေယာဉ်မှူးဟာ ကလေးအသက်ကို ကယ်ဖို့ အနီးဆုံးလေယာဉ်ကွင်းတစ်ခုမှာ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အနီးဆုံးလေယာဉ်ကွင်းတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို လေယာဉ်မဆင်းသက်နိုင်ခင်အထိ မိခင်နဲ့ ကလေးကို လေယာဉ်ပေါ်မှာပဲ အောက်ဆီဂျင်ပိုက်တွေ တပ်ဆင်ပေးထားခဲ့ပါတယ်။ ကလေးငယ် အနွေးဓါတ်ရရှိဖို့ကိုတော့ လေယာဉ်ပေါ်မှာသုံးတဲ့ LED စာဖတ် မီးချောင်း ၂ ခုကို သုံးခဲ့ကြပါတယ်။

အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဗီယက်နမ်နိုင်ငံ Tudu ဆေးရုံမှာ ကလေးနဲ့ မိခင်ကို ပို့ထားခဲ့ပြီး လေယာဉ်ကြီးဟာ မူလဦးတည်ရာနိုင်ငံ ဖြစ်တဲ့ မနီလာကို ခရီးဆက်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံက ဆေးရုံမှာတော့ မိခင်နဲ့ ကလေးအတွက် တပတ်စာ ကုန်ကျငွေဟာ ဒေါ်လာ ရှစ်ရာလောက်သာ ကျတာမို့ ကလေးမိဘတွေအတွက် ဆေးရုံစရိတ် ဒေါ်လာ ၇၀၀ လောက်သာ ကျခံရမှာ ဖြစ်ပါတယ်။ ကလေးရဲ့ မိဘများကတော့ အဲမရိတ်လေကြောင်းလိုင်းရဲ့ ခရီးစဉ်မှာ မွေးဖွားခဲ့တဲ့ သားလေးကို အဲမရိတ်လေကြောင်းလိုင်းရဲ့ သင်္ကေတ ဖြစ်တဲ့ EK လို့ အမည်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်တွေမှာ ကလေးနဲ့ မိခင်ရဲ့ အသက်ကို ဦးစားပေးလေ့တဲ့ လေကြောင်းလိုင်းတွေအတွက် အချိန်ကုန် စရိတ်ကုန်တဲ့အပြင် ခရီးစဉ် နှောင့်နှေးမှုတွေ ကြုံရတတ်ပါတယ်။ အနီးဆုံးလေယာဉ်ကွင်းမှာ ခွင့်ပြုချက်တောင်းပြီး ဆင်းရတဲ့အတွက် လေယာဉ်ကွင်း အသုံးပြုခစရိတ်နဲ့ လေယာဉ်လောင်စာဆီစရိတ်တွေကုန်သလို မိမိရဲ့ ခရီးစဉ်လဲ နှောင့်နှေးတတ်စမြဲပါ။ ခရီးသည်ပေါင်း သုံးရာကျော်ပါတဲ့ လေယာဉ်ဖြစ်တဲ့အတွက် ခရီးသည်တစ်ယောက်ရဲ့ အရေးပေါ်အခြေအနေမှာ ကျန်တဲ့ ခရီးသည် သုံးရာကျော်လဲ ခရီးစဉ်ကြန့်ကြာမှုအတွက် စိတ်အနှာင့်အယှက်ဖြစ်ရတတ်ပါတယ်။

ဒါပေမယ့် ရှားရှားပါးပါး လေယာဉ်ပေါ်မှာမွေးလာတဲ့ ကလေးတွေကို International citizenship ပေးတတ်သလို သက်ဆိုင်ရာလေကြောင်းလိုင်းကလဲ ဘဝတစ်သက်သာ လေယာဉ် အခမဲ့ စီးခွင့် ပေးခဲ့ဘူးတဲ့ အစဉ်အလာတွေ ရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် အဲမရိတ်လေကြောင်းလိုင်းကတော့ အဲဒီအစီအစဉ်ကို အခုချိန်မှာ ဆက်ပြီး မကျင့်သုံးတော့ပါဘူး။

၂၀၁၀ ခုနှစ်အတွင်းမှာလဲ Etihad လေကြောင်းလိုင်းရဲ့ ခရီးစဉ်တစ်ခုမှာ ဆေးကျောင်းသူတစ်ယောက် ကလေးမွေးခဲ့တဲ့ သတင်းလေးလဲ ဖတ်လိုက်ရပါတယ်။

၂၀၁၀ နှစ်ကုန်ပိုင်းတုန်းကလဲ ဘိုလီးဗီးယားနိုင်ငံ လေတပ်က ပြေးဆွဲခဲ့တဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုကတော့ လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ယောက်ကို အသက် ၂၁ နှစ်ပြည့်တဲ့ အထိ လေယာဉ် အခမဲ့ စီးနင်းခွင့်ပေးခဲ့တဲ့ အပြင် ဘိုလီးဗီးယား နိုင်ငံမှာ အထက်တန်းအထိ ပညာသင်ကြားခွင့်နဲ့ လေကြောင်းပညာသင်ဖို့အတွက် ပညာသင်ဆုကိုပါ ပေးအပ်ခဲ့ဘူးပါတယ်။ လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးဟာ တိုက်တိုက်ဆိုင်ဆိုင် ခရီးသွား ဆရာဝန်တစ်ယောက်နဲ့ သူနာပြုဆရာမတစ်ယောက်ရဲ့ အကူအညီနဲ့ ကျန်းကျန်းမာမာ မွေးဖွားခဲ့ပြီး လေကြောင်းလိုင်းရဲ့ အသိအမှတ်ပြုခံရတဲ့ ကံထူးရှင်မလေး ဖြစ်ခဲ့ပါသေးတယ်။ သူမရဲ့မိဘများက သူမမွေးဖွားခဲ့တဲ့ TAM လို့ အမည်ရတဲ့ လေကြောင်းလိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ကလေးမလေးကို Tami လို့ အမည်ပေးခဲ့ပါတယ်။

သိပ်မကြာခင်လေးကလဲ ကျွန်မရဲ့ ဂျူတီချိန်မှာ လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်မှာဖြစ်တဲ့အတွက် လူနာတင်ကားနဲ့ ကျွန်မတို့ဌာနက ဝန်ထမ်းတစ်ယောက် အသင့်စောင့်နေဖို့ သတင်းဝင်လာပါတယ်။ ဆင်းသက်မယ့် လေယာဉ်ရဲ့ ခရီးစဉ်အမှတ်နဲ့ ပါကင် နံပါတ်ကို မေးကြည့်တော့ မကြာလေးခင်ကမှ ကျွန်မတို့ ကွင်းကနေထွက်သွားတဲ့ လေယာဉ်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

ဒူဘိုင်းကနေ သီရိလင်္ကာနိုင်ငံကိုထွက်ခွာသွားတဲ့ လေယာဉ်ဟာ နာရီပိုင်းအတွင်း အရေးပေါ် ပြန်ဆင်းလာရတဲ့ အကြောင်းရင်းကလဲ လေယာဉ်ပေါ်မှာ ပါသွားတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် ဗိုက်နာလာတဲ့ အတွက်ဖြစ်နေပါတယ်။ လေယာဉ် အရေးပေါ် ဆင်းသက်ဖို့အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းက ဝန်ထမ်းတွေလဲ ပျာယာခတ်သွားကြသလို တာဝန်ကျ ဂျူတီမန်နေဂျာကလဲ ထုံးစံအတိုင်း စုံစမ်းစစ်ဆေးရေး စရပါတယ်။ ဗိုက်နာလာတဲ့ ကိုယ်ဝန်ဆောင်ခရီးသည်ကို စိစစ်ပြီး လက်ခံခဲ့တဲ့ ဝန်ထမ်းကတော့ ထိပ်ဆုံးက စစ်ဆေးခံရလေ့ရှိပါတယ်။ ခရီးသွားသူဟာ ကိုယ်ဝန်ဆောင်မှန်းသိရင် သက်ဆိုင်ရာ ဆေးရုံက ဆရာဝန်ရဲ့ ထောက်ခံစာနဲ့တကွ သေသေချာချာ စိစစ်ပြီး လက်ခံရတာမို့ ဒီလို ကိစ္စမျိုးမှာ ခရီးသည်ကို check-in လုပ်ပေးတဲ့ ဝန်ထမ်းက အရင်ဆုံး ခေါင်းစဉ်တပ်ပြီး စစ်ဆေးခံရတာပါ။ အခန့်မသင့်ရင်လဲ ဝန်ထမ်းအနေနဲ့ ထုချေလွှာတင်ရတဲ့ အပြင် သတိပေးစာ ( Warning Letter ) ရတတ်ပါသေးတယ်။

ကျွန်မ ညဂျူတီကျတဲ့ ညတစ်ညမှာလဲ လေယာဉ်ပေါ်မှာ ဗိုက်နာလာတဲ့ ခရီးသွားမိခင်လောင်းတစ်ယောက်ကို ဆေးရုံကို ပို့လိုက်တဲ့ သတင်းကို ကြားခဲ့ရပါသေးတယ်။ အဲဒီခရီးသည်ကတော့ ကူဝိတ်ကနေ အာဖဂန်နစ္စတန်ကိုသွားတဲ့ ခရီးသည်ပါ။ သူမကတော့ ဒူဘိုင်းလေဆိပ်မှာ တထောက်နားပြီး လေယာဉ်ပြောင်းစီးရမယ့်သူပါ။ မိခင်လောင်းဟာ ဒူဘိုင်းကို လေယာဉ်မဆိုက်ခင်ကတည်းက ဗိုက်နာလာတာမို့ လေယာဉ်ဆိုက်တာနဲ့ ဆေးရုံကို အရေးပေါ် ပို့ပေးလိုက်ရပါတယ်။ သူမနဲ့အတူ ခရီးသွားကြတဲ့ သူမရဲ့ လူမမယ် သားသမီး ငါးယောက်ကိုတော့ လေဆိပ် ဆိုက်ရောက်ဌာနက ကျွန်မရဲ့ ရုံးခန်းမှာ တာဝန်ယူပြီး ထိန်းပေးထားရပါတယ်။ သားသမီးကုသိုလ်ထူးရှာတဲ့ သူမကတော့ သားသမီးခြောက်ယောက် ရှိနေတဲ့ အပြင် တထောက်နားတဲ့ နိုင်ငံမှာ မွေးလာတဲ့ ကလေးငယ်ကလဲ သားယောက်ျားလေး အမွှာနှစ်ယောက် ဖြစ်နေပါတယ်။

သူမရဲ့ ဖြစ်စဉ်မှာလဲ ဆေးရုံပေါ်ရောက်နေတဲ့ မိခင်လောင်း ဆေးရုံက မဆင်းမချင်း လူမမယ်ကလေးငါးယောက်က လေဆိပ်မှာ သောင်တင်နေမှာမို့ သက်ဆိုင်ရာ သံရုံးကို အကူအညီတောင်းရပါသေးတယ်။ သံရုံးကဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ကလေးတွေကို တာဝန်ယူပြီး ပြန်ပို့ပေးမယ့် စေတနာ့ဝန်ထမ်းတစ်ယောက်ကို ညချင်းတွင်း ရှာတွေ့လာခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း လူငယ်လေးက နောက်နေ့မနက် လေယာဉ်နဲ့ ကလေးငါးယောက်ကို ခရီးဆုံးမြို့ကို လိုက်ပို့ပေးခဲ့ပါတယ်။ ကလေးအမွှာနှစ်ယောက်နဲ့ မိခင်ကတော့ ဆေးရုံကဆင်းမှ အိမ်ပြန်ခွင့်ရပါတယ် သူမအတွက် ကုန်ကျခဲ့တဲ့ ဒေါ်လာသောင်းနဲ့ချီတဲ့ ဆေးရုံစရိတ်နဲ့ အထွေထွေ ကုန်ကျစရိတ်တွေကိုတော့ သက်ဆိုင်ရာ လေကြောင်းလိုင်းက ကူညီပံ့ပိုးပေးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ မဟုတ်ပဲ လေယာဉ်ကွင်းမှာ ဗိုက်နာပြီး ကလေးမွေးတဲ့ အဖြစ်အပျက်တွေလဲ မကြာခဏ ဖြစ်တတ်ပါသေးတယ်။ တခါတုန်းကလဲ လေယာဉ်ထွက်ခွာဖို့ Boarding လုပ်နေချိန်မှာ ဗိုက်နာလာတဲ့ မိခင်လောင်း တစ်ယောက်ကိုလဲ အရေးပေါ်အစီအစဉ်နဲ့ ဆေးရုံကို ပို့ပေးခဲ့ရဘူးပါတယ်။

အချို့ မိခင်တွေကလဲ ဆေးရုံရောက်တဲ့အထိ မစောင့်နိုင်ကြလို့ လေဆိပ်ကျန်းမာရေးဌာနက ဆေးခန်းမှာပဲ ဆရာဝန်တွေရဲ့ အကူအညီနဲ့ ကလေးမွေးတတ်ကြပါတယ်။ တခါတလေကျပြန်တော့လဲ လေဆိပ်ဆေးခန်းအထိ မသွားနိုင်တော့တဲ့ အခြေအနေမျိုးတွေကို တွေ့ရပြန်ပါသေးတယ်။ ဆေးခန်းရောက်အောင် မသွားနိုင်တဲ့ မိခင်လောင်းတွေကိုတော့ လေဆိပ်ကြီးရဲ့ ရောက်ရာအရပ်မှာ လိုက်ကာတွေ ကာပြီး ကလေးမွေးပေးရတတ်ပါသေးတယ်။

လေယာဉ်ကွင်းက အများသုံးအိမ်သာတွေမှာ မွေးကင်းစကလေးတွေကို စွန့်ပစ်ခဲ့ကြတဲ့ မိခင်လောင်းတွေရဲ့ သတင်းတွေကိုလဲ တခါတရံ ကြားရတတ်ပါသေးတယ်။ လုံခြုံရေး ကင်မရာ အပြည့်တပ်ထားတဲ့ လေဆိပ်တစ်ခုဆိုတာကို မေ့လျော့ပြီး ကလေးငယ်တွေကို စွန့်ပစ်ဖို့ကြိုးစားကြတဲ့ မိခင်တွေဟာ လေဆိပ်ထဲကနေ ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်ခဲ့ပါဘူး။

လေဆိပ် အိမ်သာတွေမှာ ကလေးတွေကို စွန့်ပစ်ကြသလို လေယာဉ်အိမ်သာတွေထဲမှာလဲ ကလေးတွေကို စွန့်ပစ်ခဲ့ကြတဲ့ ခရီးသွား မိခင်လောင်းတွေရဲ့ သတင်းတွေကိုလဲ ကြိုကြားကြိုကြား ကြားရတတ်ပါသေးတယ်။ Gulf Air ရဲ့ လေယာဉ် အိမ်သာထဲက ကလေးငယ်လေးကို သန့်ရှင်းရေးသမားတွေက တွေ့ရှိပြီး ဆေးရုံပို့ခဲ့တဲ့ သတင်းကို ၂၀၁၀ နှစ်ကုန်ပိုင်းလောက်က ဖတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကလေးကို စွန့်ပစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသူမိခင်ကို သက်ဆိုင်ရာက ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလဲ ဆာမိုရာကနေ နယူးဇီလန်ကိုသွားတဲ့ လေယာဉ် အိမ်သာထဲမှာ မွေးကင်းစကလေးငယ်ကို တိတ်တဆိတ်စွန့်ပစ်ခဲ့တဲ့ ဆာမိုရာနိုင်ငံသူ မိခင်လောင်းအကြောင်း သတင်းတစ်ခုမှာ တွေ့ခဲ့ရပါသေးတယ်။

ဒူဘိုင်းလေဆိပ်က အိမ်သာထဲမှာ မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ခဲ့တဲ့ အီသီယိုးပီးယား နိုင်ငံသူကိုလဲ လုံခြုံရေးကင်မရာတွေကနေတဆင့် ခြေရာခံမိခဲ့ပါသေးတယ်။

မိခင်လောင်းတွေဆိုတာ တစ်နေ့မှာ သချိုင်းကုန်းကို သုံးကြိမ်လောက် မျက်စောင်းထိုးရသူတွေလို့ ရှေးလူကြီးတွေ ပြောခဲ့ဘူးပါတယ်။

အသက်နဲ့ယှဉ်ပြီး စွန့်စွန့်စားစား ကလေးမွေးရတဲ့ အလုပ်ကို ခရီးသွားဟန်လွဲ မလွဲသာ မရှောင်သာလုပ်နိုင်တဲ့ မိခင်လောင်းတွေဆီမှာ သူမတူတဲ့ မိခင်တွေရဲ့ သတ္တိထူးတွေနဲ့ မေတ္တာတွေကို ပီပီပြင်ပြင်တွေ့ရမှာ သေချာပါတယ်။

ဒါပေမယ့် လူ့အသက်နှစ်ချောင်းပိုင်ရှင် မိခင်လောင်းတွေ ဖြစ်တာမို့ မလိုအပ်ပဲ မစွန့်စား သင့်ပါဘူး။ ကိုယ်ဝန် လရင့်လာရင်လဲ ဘယ်လို ခရီးမျိုးကိုမှ မသွားပဲ ရှောင်ကြဉ်နိုင်ရင် မိခင်ရော ကလေးရော နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။

ဘေးရန်ကင်းသော ခရီးသွားမိခင်များဖြစ်ကြစေဖို့ ဆန္ဒပြုရင်း။

နှင်းနဲ့မာယာ

My Blog List