Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

မရှိမဖြစ်သော....









ခုံမင်မြတ်နိုးစွာ
ဖက်တွယ်ဖူးခဲ့တဲ့...

မရှိမဖြစ် အိပ်မက်လေး
မရှိမဖြစ် အသံလေး
မရှိမဖြစ် လက်ကလေးတစ်စုံနဲ့
မရှိမဖြစ် နှုတ်ခမ်းလေးရယ်
မရှိမဖြစ် ကတိလေးတစ်ခု
မရှိမဖြစ် မနက်ဖြန်တွေရယ်
မရှိမဖြစ် သီချင်းတစ်ပုဒ်နဲ့
မရှိမဖြစ် လူတစ်ယောက်ရယ်
မရှိမဖြစ် ကော်ဖီခါးခါးတွေရယ်
မရှိမဖြစ် ကိုယ့်အတ္တတွေရယ်....

မရှိမဖြစ်တွေနဲ့ တည်ဆောက်ထားတဲ့
မင်းမရှိရင် မဖြစ်တဲ့
ကိုယ့်ကမ္ဘာလေးက လှနေခဲ့သေးတယ်....

တစတစနဲ့
ရှိခြင်း မရှိခြင်းတွေ
နှိပ်စက်တဲ့ နေ့တွေအောက်
သံစဉ်တွေ ဝေဝါးလို့...
နှုတ်ခမ်းပါးလေး မချိုမြိန်တော့တဲ့နောက်

ခါးစပြုလာတဲ့ အိပ်မက်တွေရယ်
မလှပတော့တဲ့ မနက်ဖြန်တွေရယ်
မချိုမြိန်တော့တဲ့ သီချင်းလေးတွေရယ်
အရောင်ပြောင်းသွားတဲ့ ကတိစကားတွေရယ်
နှလုံးသား ကမ်းပါးကို
တစတစနဲ့ တိုက်စားသွားလိုက်တာလေ...

နောက်ဆုံးတော့
မရှိမဖြစ် ဖော်မြူလာတွေ
ပျက်သုဉ်းပြီးနောက်
မင်းမရှိရင် ဖြစ်သော
နှလုံးသားမရှိတော့တဲ့ ငါ...
ဖြစ်သွားတယ်...

မြစ်တစ်စင်းရဲ့ ဖြစ်တည်မှု

မြစ်တစ်စင်း
မှားယွင်းစွာ
စီးဆင်းနေတယ်...
ပြောင်းပြန်စီးတာတော့
မဟုတ်ခဲ့ဘူး...

မြတ်နိုးလွန်းတဲ့
သစ္စာတရား
အမှိုက်တစ်ခုလို
ဟိုး.... အဝေးမှာမျောနေခဲ့

မေတ္တာမိုးစက်တွေ
ခံယူနေဆဲ....
လေပြင်းတစ်ချက် အဝေ့မှာ
မျှော်လင့်ချက်တွေ...
တစစီ...တစစီ

သာယာလွန်းတဲ့
ရေစီးသံတွေ ကြား
ရင်ခုန်အမောတွေ မပြေခင်....
ရုတ်တရက်
မိုးကြိုးသွားတစ်ခု.....

မြစ်တစင်းလေ...
ရှိုက်ကြီးတငင်နဲ့
စီးနေခဲ့တယ်...

မြစ်တစင်းလေ
ဒဏ်ရာတွေ ဗလပွနဲ့
စီးနေခဲ့တယ်.....

မြစ်တစင်းလေ
အိပ်မက်တွေ ထွေးပိုက်ရင်း
ခါးသီးတဲ့ နေ့ရက်တွေဖြတ်လို့
သူ...စီးဆင်းနေခဲ့တယ်
ခုချိန်ထိ
သူ...စီးဆင်းနေဆဲလေ



ချိုသောအရှုံး


ကောင်လေးရေ...

သိနေပေမယ့်
ငါ... တိတ်တိတ်လေးပဲနေမယ်
ကြားနေပေမယ့်
ငါ...နားတွေပိတ်ထားတယ်
မြင်နေပေမယ့်လည်း
ငါ...မျက်စိစုံမှိတ်လို့

နင် ညာရက်ပေမယ့်
ငါမငြိုငြင်ခဲ့ပါဘူး...

နင် ဘာတွေပြောပြော
နင် ဘာတွေလုပ်လုပ်
ငါဟာ
ငါမဟုတ်သလို
မတုန်လှုပ်ခဲ့ပါဘူး...

နင့်နှုတ်ခမ်းက
ကျလာတဲ့ မုသားတွေ
ရေတွက်ရင်း...

နင်ပေးခဲ့တဲ့
သေရာပါမယ့်
ဒဏ်ရာတွေရေတွက်ရင်း...

နင်ပါဝင်ခဲ့ဘူးတဲ့
ငါ့ရဲ့ နေ့ရက်တွေထဲ
လွဲမှားစွာ
ရူးသွပ်စွာ
မိုက်မဲလွန်းစွာ
ကျရှုံးနေဆဲ....

ငါ့ကို မလွမ်းပါနဲ့


ဒီနေ့မခွဲလဲ
တနေ့နေ့မှာ ခွဲရမယ်....

ငါထားခဲ့ရင်တောင်
ငါ့ကို မလွမ်းပါနဲ့

ခွဲခွာခြင်း
ကွေကွင်းခြင်း
လွမ်းဆွတ်ခြင်း
ကြေကွဲခြင်းတွေ....
မဆုံးနိုင်တဲ့ အလွမ်းမီးတွေ...
မလောင်ကျွမ်းခင်....

လက်ပြနှုတ်ဆက်ပြီး
ကျောခိုင်းလျှောက်ကြဖို့
နင် ပြင်ဆင်ထားလိုက်ပေါ့...

သံသရာ တကွေ့မှာ
တစ်ခါကြုံတွေ့ပြီးပြီပဲ...

တို့နှစ်ယောက်နဲ့ သက်ဆိုင်တဲ့
မှတ်တိုင်တစ်ခုက
ဟိုး အဝေးတနေရာမှာ.....

နင့် ဘဝတကွေ့မှာ
ငါရှိခဲ့ဘူးတယ် ဆိုရင်
နင် လွမ်းနေဖို့လိုသေးလား..

ငါတော့ မလွမ်းတော့ဘူး
ငါ့အနားမှာ..
နင်...
တချိန်တုန်းက ရှိခဲ့ဘူးတယ်....


အဖော်မဲ့ နေ့ရက်များ....

ရှတတ နေ့တွေ
ချိုမြိန်မှုတွေ ဝေးနေဆဲ...

နွမ်းလျလျ နေ့တွေ
တွယ်တာမှုတွေ ဝေးနေဆဲ...

ခါးသက်သက် နေ့တွေ
ဖေးကူမယ့်သူ ဝေးနေဆဲ...

အမုန်းမြို့ရဲ့ အဝေးမှာ
ချစ်သူရဲ့ အဝေးမှာ
အဖော်မဲ့ တမ်းချင်းတွေနဲ့
ခုချိန်ထိ
ငါ တစ်ယောက်တည်းလေ....

ချစ်သူအတွက်

အချစ်နဲ့ အမုန်းကြား
ဆံချည်တမျှင်ပဲခြားတယ်...

ဒီနေ့ချစ် ပြီး
မနက်ဖြန်မှာမုန်းမလား
ရသေးတယ်ချစ်သူ

ဒါဟာ
ခေတ်သစ် စနစ်ရဲ့
အယူဝါဒ အသစ်

လက်ခံနိုင်လားချစ်သူ
မင်းမကြိုက်ခဲ့ရင်လဲ
ခြေဖျက်ပစ်လို့ ရသေးတယ်...
အချစ်ကို တန်ဖိုးထားမယ်ဆိုရင်ပေါ့...

ငါနားလည်တဲ့ အချစ်
ငါတန်ဖိုးထားတဲ့ မေတ္တာမှာ

ခရီးမတူရင်
ညှိသွားလို့ရတယ်

အစားမတူရင်
ညှိစားလို့ရတယ်

အတွေးအမြင်မတူအုံး
ညှိနှိုင်းလို့ရသေးတယ်...

မင်းနဲ့ငါ့ကြား
ချစ်သူတွေရဲ့ ကြား
ဆံချည်တစ်မျှင်
ခိုင်မြဲဖို့အတွက်တော့
နားလည်မှုဆိုတဲ့
နှောင်ကြိုးပါးပါးလေးပဲ လိုတယ်...

လွမ်းတယ် ပန်းစံပယ်ရယ်


လွမ်းတယ်
ပန်းစံပယ်ရယ်...

စံပယ်ဖူး
စံပယ်ငုံ
စံပယ်ပွင့်

မမြင်ရ
မကြင်ရ
မနမ်းရကြာလဲ...

လွမ်းတနေဆဲ...

့်

သခင်သို့ (၂)


နှောင်ငင်တွယ်ငြိ
မြတ်နိုးမိတိုင်း
စိတ်ပြေစေဖို့
ပန်းတစ်ပွင့်ကို ပျိုးရတယ်။

အလွမ်းတွေ ရဲ့သက်သေ
အရမ်းလွမ်းတိုင်း
အလွမ်းပြေဖို့
ပန်းတစ်ပွင့်ကို ပျိုးရတယ်။

အရှုံးတွေရဲ့ သက်သေ
တစ်ခါရှုံးတိုင်း
မျက်ရည်စို့လို့
ပန်းတစ်ပွင့်ကို ပျိုးရတယ်။

စိမ်းမဲ့ဟန်ပြင်
သူငြိုငြင်တိုင်း
ရင်မှာနောင်တ တသသနဲ့
ပန်းတစ်ပွင့်ကို ပျိုးရတယ်

ခုတော့
ယုယမြတ်နိုး တိတ်တခိုးနဲ့
သခင်မသိအောင် ပျိုးခဲ့တဲ့ ပန်းတွေ
ပွင့်တဲ့ပန်းကပွင့်
လွင့်တဲ့ပန်းက လွင့်
လန်းတဲ့ပန်းက လန်း
နွမ်းတဲ့ပန်းက နွမ်း
ဝေတဲ့ပန်းကဝေ
ကြွေတဲ့ပန်းက ကြွေ

ပွင့်လွှာတွေ
ဝတ်လွှာတွေ
ဝတ်ဆံတွေ
ဝတ်မှုန်တွေ
တစစီ... တစစီ.... ကြွေ...

Are you Busy???


Are you busy to receive my call?
Are you busy to call me back?
Are you busy to check my mails?
Are you busy to reply my mails?

Are you busy to check out my gifts?
Are you busy to send me flowers?
Are you busy to sit with me?
Are you busy to sing with me?

Are you busy to chat with me?
Are you busy to dine with me?
Are you busy to smile with me?

Are you still busy???

If so,
Take your time
Take my time, as well

I will be there for you
Keep on patience
Keep on silence
Keep on quiet
Until....


သခင်သို့...


သခင်သိပ့ါမလား....

ကြင်နာမှုထက်ပိုတဲ့
စာနာမှုတွေ

ချစ်ခြင်းထက်ခိုင်မြဲတဲ့
မေတ္တာတရားတွေ

တွယ်တာခြင်းထက်ပိုတဲ့
မြတ်နိုးခြင်းတွေ
ှု
နားလည်မှုထက်ပိုတဲ့
အလိုက်သိမှုတွေ

တန်ဖိုးတစ်ခုထက်ပိုတဲ့
လေးစားမှုတွေနဲ့

သခင့်အပါး
ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး နေမယ်...

ကိုယ့်နောက်ဆုံးထွက်သက်အထိပေါ့....


ပိုင်ရှင်မဲ့ အလွမ်း

ငါလွမ်းတော့လွမ်းတယ်
ဒါပေမယ့်
ငါ့အလွမ်းမှာ
လိပ်စာမရှိ...

ငါတမ်းတနေတယ်
တစ်ယောက်ယောက်ကို
ဒါပေမယ့်
ဘယ်သူမှန်းငါမသိ..

ငါ့ရင်ထဲမှာ
ဟာတာတာ
တစ်ယောက်တည်းကမ္ဘာမှာ
ဘာလိုနေခဲ့လဲ
ငါတကယ်မသိပါ...

ချစ်သူ...
ကျေးဇူးပြုပြီး

ငါ့အလွမ်းတွေကို
အသိအမှတ်ပြုပေးပါ...

ငါ့အထီးကျန်မှုတွေကို
နားလည်ပေးပါ...

ငါတမ်းတနေတာကို
စာနာပေးပါ...

ငါ့အနားမှာ
အမြဲရှိနေပေးပါ...

တိတ်တခိုး

သူ မသိနိုင်ပေမယ့်
ကိုယ်လွမ်းခွင့်ရှိတယ်..

သူ မကြားနိုင်ပေမယ့်
ကိုယ်ပြောခွင့်ရှိတယ်...

သူ မမြင်နိုင်ပေမယ့်
ကိုယ်ကြင်နာခွင့်ရှိတယ်...

သူ မလိုချင်ပေမယ့်
ကိုယ်ပေးခွင့်ရှိတယ်...

သူ မလာနိုင်ပေမယ့်
ကိုယ်မျှော်နေခွင့်ရှိတယ်...

အို..
ဘာပဲဖြစ်ဖြစ်
တွေ့နေ
သိနေ
မြင်နေ
ကြားနေဖို့ မလိုပါဘူး....

နင်မသိတဲ့ငါ
တိတ်တခိုးလေး ချစ်ခွင့်ရှိသေးတယ်.......

ကျရှုံးခြင်း

နင်ငါ့ ကို အရူးမလုပ်ပါနဲ့
အခါခါပြောရင်း
ငါ အခါခါ ရှုံးခဲ့တယ်...

နင်နဲ့ငါ
စကားစစ်ထိုးရင်း
နင့်အလိုကျ
ငါရှုံးရပြန်တယ်...

ငါဟာ နင့်အတွက်ပါ
နင်ကတော့ ငါ့အတွက် မဟုတ်
ညီမျှခြင်းတွေချတိုင်း
ငါ့ထပ်ရှုံးပြန်ပေါ့...

နင့်အတ္တနဲ့ငါ
တစ်ထပ်တည်း မကျတဲ့အခါ
နင့်ဆုံးဖြတ်ချက်တွေအောက်
ဒူးထောက်လက်မြှောက်
ဒါ..
ငါ့ကျရှုံးခြင်းလား

တကယ်ဆို
ငါဟာ ရှုံးပြီးရင်းရှုံး
ဆုံးပြီးရင်းဆုံး
နင့်အနားမှာ ခိုဝင်တွယ်ငြိရင်း
အရှုံးတွေ အတိုင်းအဆမဲ့....


၃.၁.၂၀၀၉ စနေနေ့
၅း ၃၀မိနစ်

အလွဲများနဲ့ကိုယ်

အရင်အများကြီးချစ်ခဲ့ဘူးပေမယ့်
အရူးအမူးမဖြစ်ခဲ့...

ရင်မှာအရူးအမူးဖြစ်ခဲ့တော့လဲ
ချစ်သူကမချစ်ခဲ့.....

ချစ်သူကချစ်ခဲ့ပြန်တော့လဲ
အလွမ်းညတွေကနှိပ်စက်...

အလွမ်းညတွေထဲကလွတ်မြောက်ပြန်တော့လဲ
ကံကြမ္မာကရက်စက်...

ချစ်သူ...
မင်းထားခဲ့တဲ့ ဒီကမ္ဘာလေးထဲမှာ
ငါတစ်ယောက်တည်းရူးခဲ့...


သူငယ်ချင်းနေခြည်ရဲ့ ရင်တွင်းဖြစ်စစ်စစ်လေးပါ။

ငါ ဘယ်မှာလဲ

တကယ်ဆို
ငါမငိုချင်ပါဘူး
လျှောက်ရမယ့်ခရီး
နီးနီးလေးမှမဟုတ်တာ...

အပိုတွေ
ငါမလိုပါဘူး
အဖော်ဆိုတာလဲ
မတည်မြဲတတ်လို့ပါ...

ဒဏ်ရာတွေ
ပြန်မမြင်ချင်ပါဘူး
ငါငိုခဲ့တာ
တစ်ခါမကခဲ့လို့ပါ...

တွေးလိုက် ငေးလိုက်
လျှောက်လိုက် နားလိုက်
လဲကျလိုက် ပြန်ထလိုက်
မှောင်လိုက် လင်းလိုက်
ပြုးလိုက်ရယ်လိုက်နဲ့
ငါ.........
အခု ဘယ်မှာလဲ.................

အိမ်လွမ်းသူ

ညနေဆည်းဆာ
နေရောင်ကွယ်ပျောက်
မှုန်ရီရီ မြူနှင်းအောက်
အိမ်ပြန်ချိန်ရောက်တိုင်း
ငါ အိမ်ကိုလွမ်းတယ်။

မပီဝိုးတဝါး
အာရုဏ်ဦးရဲ့နှင်းတွေကြား
ရောင်နီပျိုးလို့
လင်းလုလင်းခင်
မနက်ခင်းလဲ
ငါ အိမ်ကိုလွမ်းတယ်။


တိမ်ခိုးတိမ်လိပ် တရိပ်ရိပ်တက်
ရှစ်ခွင်မှောင်မဲ မိုးတွေသဲလို့
မစဲတဲ့မိုးတွေကြား
မပီပြင်ဝိုးတဝါးနဲ့
ငါ အမေ့အိမ်ကိုလွမ်းတယ်။


ကန္တာရမှာ မိုးတွေသည်းတုန်းက
လွမ်းရတာတွေကို ရည်ညွန်းပါသည်။

ကာရံမဲ့

တစ်ပွင့်နှစ်ပွင့်
ကြွေလွင့်တဲ့ကြယ်တွေကောက်
ခြေသံတွေမျှော်စောင့်ရင်း
မိုးစင်စင်လင်း..........

တစ်စက်နှစ်စက်
စီးခဲ့တဲ့မျက်ရည်ခြောက်
ရှတတအလွမ်းတွေပိုက်ရင်း
မိုးစင်စင်လင်း............

တစ်ပေါက်နှစ်ပေါက်
ရက်စက်တဲ့နှင်းစက်အောက်
အတိတ်နေ့တွေပြန်တွေးရင်း
မိုးစင်စင်လင်း.............

တစ်ရက်နှစ်ရက်
ဆုံးစမဲ့လမ်းတွေလျှောက်...........

တစ်ညနှစ်ည
မက်ခဲ့တဲ့အိပ်မက်တွေပျောက်...........


ကိုယ်တစ်ယောက်တည်း ကမ္ဘာမှာ
ကာရံမဲ့ခဲ့တာ အတော်ကြာပေါ့................


ချစ်ရတဲ့ ညီမလေးထိုက်ထိုက်အတွက်

ချစ်သူသိစေ..

နှလုံးသားနှင့် နီးစပ်ခွင့်ကို
သခင့်အပေါ် ရင်ခုန်မျှော်ဆဲ
တမ်းတဆဲပါ ဆွေးကမ္ဘာမှာ
တွေးကာမျှော်လဲ
အချစ်သဲက
ဟိုဝေးဆီမှာ....

တွေ့ဆုံရက်ကို လက်ချိုးလို့ရည်
မျှော်မှန်းစိတ်ကူး ရင်ထဲရူးခဲ့
လွမ်းတဆဲပါ မစွမ်းသာပြီ
နှလုံးသားက
ချစ်သူဆီမှာ....

နောင်တစ်ချိန်မှာ မင်းနဲ့ကိုယ်ဟာ
ပြန်ဆုံမယ်ဆိုရင်
ခုဘဝမှာ ဘယ်လောက်ပဲဝေးဝေး
ကိုယ်တစ်ယောက်သာမင်းအတွက်ဖြစ်ပြီး
မင်းတစ်ယောက်သာ ကိုယ့်အတွက်ဖြစ်စေမှာပါ
ကြင်နာသူရယ်.....

ဘယ်လိုပဲဖြစ်ဖြစ်
ဘယ်နေရာပဲရောက်ရောက်
ဘယ်အရပ်မှာပဲနေနေ
ကိုယ့်နှလုံးသားက
အကြင်နာစကားလေးတွေကို
မင်းနှလုံးသားရပ်ဝန်းဆီ
မှန်းဆလို့
လေပြေနှင့်အတူ အမှာတော်ပါးလိုက်ပြီ....................

အရမ်းခင်ရတဲ့ သူငယ်ချင်း နေခြည်ရဲ့ ရင်တွင်းဖြစ်လေးပါ။

My Blog List