ဆံပင်တွေ
တော်တော်ရှည်လာပြီ။ ရန်ကုန်က ဆံပင်ညှပ်ဆိုင်မှာညှပ်ဖို့ နောက်ထပ် ခြောက်လလောက်စောင့်ဖို့ကလဲ
မဖြစ်တော့။ ဆံပင်တွေက ရှည်လဲရှည် ပုံလဲမကျတော့ ။ ပိုဆိုးတာက ကန္တာရ တိုင်းပြည်လေးက နွေခေါင်ခေါင်မှာ
ဆံပင်ရှည်ကြီးကို တယုတယ ထိန်းသိမ်းဖို့မလွယ်။ အဲယားကွန်းထဲမှာ တချိန်လုံးနေရပေမယ့်
သုံးနေရတဲ့ရေတွေက နေ့ဘက်ဆို ရေနွေးအိုးထဲက ရေတွေ သုံးနေရသလို ပူစပ်ပူလောင်။ ရေပူပူတွေနဲ့
ခေါင်းလျှော်ရေချိုးခဲ့ရတဲ့ ခုနစ်နှစ်တာကာလမှာ ထူထဲနက်မှောင်လွန်းတဲ့ဆံပင်တွေ တစတစ
ပါးလာလိုက်တာ။
မှန်တင်ခုံရှေ့က ကြမ်းပြင်ပေါ်မှာ ကျဲပြန့်နေတဲ့ ဆံစတွေ တနေ့ကို သုံးကြိမ်ထက်မနည်း
ရှင်းနေရတဲ့ ကျွန်မကိုယ်တိုင် အသိဆုံး။
စိတ်မြန်လက်မြန်နဲ့
အခန်းတံခါးသော့ခတ်ပြီး ၂ လွှာမှာရှိတဲ့ အလှပြင်ဆိုင်ကို ဆင်းသွားတော့ ဆိုင်ဖွင့်စမို့
ကျွန်မက ပထမဆုံး ဧည့်သည်။ ဆံပင်ညှပ်မယ် ဖယောင်းသွင်းမယ် ဘယ်လောက်လဲလို့ မေးတော့ သူတို့ပြောတဲ့
ဈေးနှုန်းက မြန်မာငွေနဲ့ဆို တစ်သိန်းနီးပါး။ အားပါးပါးလို့ အော်ချင်ပေမယ့် တလောက ကျွန်မအဒေါ်တစ်ယောက်
ရန်ကုန်က မင်းသမီးတစ်ယောက်ဖွင့်ထားတဲ့ ဗြူတီပါလာအသစ်မှာ ဆံပင် ဖယောင်းသွင်းတာ ရှစ်သောင်းကုန်တယ်ဆိုတော့
မဆိုးလှပါဘူးရယ်လို့ အားတင်းရင်း အိုကေလိုက်ရတယ်။
ဖယောင်းဆေးတွေ
အကြောင်း ကောင်းမကောင်းမသိလေတော့ သူတို့နဲ့ ဖယောင်းကိစ္စသေသေချာချာ မမေးဖြစ်ပေမယ့် ဆံပင်ညှပ်တဲ့
ကိစ္စကိုတော့ သေသေချာချာ ပြောရပြန်တယ်။ ငါလိုချင်တာ အထပ်လေးတွေ အဖျားချွန်ချွန်လေးတွေနဲ့နော်
လို့ပြောပြီး လိုချင်တဲ့ ပုံစံကို ကတ်တလောက်မှာပြ ပါးစပ်က တဖွဖွမှာရင်း မျက်လုံးကလဲ
ကတ်ကြေးကိုင်ထားတဲ့ လက်ရဲ့ ကျွမ်းကျင်မှုကို လေ့လာရပြန်တယ်။ ကျွန်မက ဆံပင်ညှပ်ခြင်းမှာ
အစွဲအလမ်းကြီးလွန်းသူ။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလအတွင်း ဆံပင်ညှပ်သမားကို တစ်ယောက်တည်းနဲ့
စွဲစွဲမြဲမြဲ ညှပ်ခဲ့သူဆိုတော့ ဘယ်လောက်ကျွမ်းကျင်တဲ့သူနဲ့ဖြစ်ဖြစ် ဆံပင်ညှပ်ဖို့ တွန့်ဆုတ်နေခဲ့သူလေ။
အခုတော့ ၁၀ နှစ်ကျော်ရှိတဲ့တဲ့ အစဉ်အလာကိုဖောက်လို့ အစွဲအလမ်းကို ဖျောက်ရပြန်တယ်။
ကန္တာရ တိုင်းပြည်လေးက
ဆံပင်ညှပ်ဆိုင်ကတော့ မြန်မာပြည်က ဆိုင်တွေလိုမဟုတ် တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း။
မြန်မာပြည်မှာ စိတ်အညစ်ရဆုံးက အလှပြင်ဆိုင်တွေ ဆံပင်ညှပ်ဆိုင်တွေက အလှဖန်တီးသူတွေ အင်မတန်
စကားများတဲ့ ကိစ္စ။
ဆံပင်ညှပ်ရင်း အလှပြင်ရင်း မပြောချင်လဲပြော နားမထောင်ချင်လဲ နားထောင်နေရတဲ့
ဖန်တရာတေနေတဲ့ အတင်းအဖျင်းတွေ။ မြန်မာပြည်ကတင်မက ကမ္ဘာတလွှားက နာမည်ကျော်တွေရဲ့ သတင်း
အတင်း အဖျင်းပေါင်းစုံ အလှပြင်ဆိုင်တွေမှာ လက်လီလက်ကား ရောင်းနေသယောင်။ ကျွန်မနဲ့ခင်မင်တဲ့
အလှပြင်ဆိုင်ဖွင့်ထားတဲ့ အမတစ်ယောက်ကတော့ စကားပြောခြင်းဟာ မိတ်ခေါ်နည်းတစ်မျိုးလို့
ပြောလေရဲ့။ ဆံပင်ညှပ်ရင်း ခေါင်းလျှော်ရင်း ဧည့်သည်နဲ့ အဆက်မပြတ်စကားပြောနေရတာကပဲ ဝန်ဆောင်မှုတမျိုးဆိုလား။
ဆံပင်ပေါင်းဆေးတင်တဲ့
အချိန်မှာ သတိထားမိတာတစ်ခုက ဒီမှာ သုံးနေတဲ့ ဆေးတွေက အနံ့အသက်ဆိုးဆိုးဝါးဝါးမရှိ ပုံမှန်ရှိတတ်တဲ့
ခပ်သင်းသင်းအနံ့လေးပဲမို့ ကျွန်မအတွက် ပြဿနာမရှိလှ။ ရန်ကုန်က ဆိုင်တချို့မှာ ရတတ်တဲ့
ပေါင်းဆေးတွေရဲ့ အနံ့က ကာယကံရှင်မပြောနဲ့ ဘေးမှာထိုင်နေတဲ့သူပါ မနေနိုင်လောက်အောင်
ဆိုးရွားလွန်းတာ။ ဆံပင် ပေါင်းခံတဲ့သူရော ဘေးက ထိုင်နေတဲ့သူပါ မျက်ရည်ကျလောက်တဲ့အထိလည်း
ခပ်ရှိန်းရှိန်း ခပ်ပြင်းပြင်း တွေရယ်။
အဒေါ်ဆို တခါတုန်းက
ဆံပင်ပေါင်းပြီး အိမ်ပြန်တော့ သူ့အမျိုးသားက သုံးရက်လောက် အိပ်ယာပြောင်းအိပ်တာကို ပြောမဆုံးတော့။
ဆံပင်မှာ ပါလာတဲ့ အနံ့ကို မခံနိုင်တဲ့ ဦးလေးကိုလည်း အပြစ်မဆိုရက် ဒီအနံ့တွေ ဘယ်လို
ဆိုးတယ်ဆိုတာ ကိုယ်တွေ့ဆိုတော့ ဦးလေးရဲ့ ဖြစ်ပုံကို တဟားဟား ရယ်နေရုံပဲ တတ်နိုင်တယ်လေ။
ဆံပင်ညှပ်ပြီး
ဆေးတင်ထားတဲ့ အချိန်လေးမှာ လက်သည်းရော ခြေသည်းပါ သန့်ရှင်းရေးလုပ်ဖို့ ထူးထူးခြားခြား
စိတ်ကူးပေါ်လာတာမို့ လက်သည်းခြေသည်း သန့်ရှင်းရေးလုပ်မိပြန်တယ်။
ပလတ်စတစ်
ဇလုံလေးထောင့်လေးထဲမှာ ရေခပ်နွေးနွေးလေးနဲ့ ဆားလေးနည်းနည်းထည့်ပြီး ကျွန်မ ခြေထောက်ကို
တယုတယနဲ့ ရေစိမ်ပေးလာတဲ့ ချာတိတ်မလေးက ချစ်စရာကောင်းလိုက်တာ။
သူခြေထောက်ကို ကိုင်တွယ်ပုံက
အချို့အလှဖန်တီးရှင်တွေ မျက်နှာကိုင်ကွယ်ပုံထက် ညင်သာနူးညံ့နေပြန်တယ်။
သူ့လက်ချောင်းနုနုလေးတွေနဲ့
ကျွန်မရဲ့ ခြေချောင်းလေးတွေ ခြေဖမိုး ခြေဖနောင့်လေးတွေကို ဆုပ်နယ်ပေးတာများ တကယ့်ကို
စေတနာအပြည့် စိတ်ပါလက်ပါ။ ကျွန်အဒေါ်တစ်ယောက်ကတော့ သူဆံပင်ဖယောင်းသွင်းတုန်းက အတွေ့အကြုံလေးကိုပြောပြတာ
စိတ်ပျက်စိတ်ကုန်စရာ။ ခေါင်းကို ကိုင်တွယ်ပုံကြမ်းလိုက်တာများ သုံးရက်လောက် ခေါင်းကျိမ်းနေခဲ့တာဆိုပဲ။
ဆံပင်တွေကို ဆေးဆိုးပြီး လွှတ်လွှတ်ချတာများ ပါးကို လာကပ်တာ တဘတ်ဘတ်နဲ့ဆိုပြီး ပြောလဲပြောရယ်လည်းရယ်။
အလှဖန်တီးရှင်တွေနဲ့
သွားဆရာဝန်တွေရဲ့ လျှို့ဝှက်ချက်ဟာ လက်ရဲ့ ပေါ့ပါးသွက်လက်မှုဆိုတာ သူတို့မသိလေရော့သလား။
ဆံပင် မျက်နှာတွေကို ကိုင်တွယ်ပုံ ညင်သာတဲ့ အလှဖန်တီးရှင်တွေနဲ့ဆို ဆံပင်ညှပ်လို့ ပြီးမှန်းတောင်မသိလိုက်ရသလို
ဆိုတာမျိုး။
မြန်မာပြည်မှာတုန်းကတော့
ဆံပင်ဖြောင့်တဲ့သူတွေ ဆံပင်မီးကျွမ်းပြီး ပြတ်ထွက်ကုန်တာမျိုး နားရွက်ကို မီးပူနဲ့
ကပ်မိတာမျိုး ဆံပင်စက်ဆွဲတာ ကြမ်းတမ်းလို့ ဦးရေပြားတွေ ကျိမ်းစပ်နာကျင်နေတာမျိုးတွေ
မကြားချင်မှမဆုံး။
ကျွန်မရဲ့
ခြေရင်းမှာ ခုံပုလေးနဲ့ ထိုင်နေတဲ့ ကောင်မလေး စိတ်ရှည်လက်ရှည်နဲ့ ခြေသည်းလေးတွေ သန့်ရှင်းရေးလုပ်ပေးနေတာကြည့်မိတော့
ဘယ်တုန်းကမှ မတွေးခဲ့ဘူးတဲ့ အတွေးလေးတစ်ခု ဖျက်ကနဲဝင်လာတယ်။
ခြေသည်းလက်သည်း
သန့်ရှင်းရေးလုပ်တာကို ကြားဘူးနေတာ ကြာပေမယ့် ဘယ်တုန်းကမှ ဆိုင်မှာ မလုပ်ခဲ့။ ကျွန်မက
အားနာစရာမရှိ လူတိုင်းကိုအားနာနေတတ်သူ... အလှပြင်ဆိုင်ရောက်တိုင်း ကျွန်မခြေထောက်ကို
ထိုးပေးလိုက်ရမှာ အားနာစိတ်နဲ့ တပ်ဆုတ်ပြန်ခဲ့ရတဲ့ အကြိမ်ပေါင်းမနည်းတော့။
သူငယ်ချင်းမလေးတစ်ယောက်ကတော့
သူ့ချစ်သူရဲ့ တောင်းဆိုချက်အရ တပတ်တခါ မဖြစ်မနေ ခြေသည်းလေးတွေ သန့်ရှင်းရေးလုပ်ရရှာတယ်။
လူတစ်ကိုယ် အကြိုက်တမျိုးဆိုတာကိုး တချို့ကောင်လေးတွေက ကောင်မလေးတွေရဲ့ ခြေချောင်းလေးတွေကအစ
ဂရုတစိုက်ကြည့်တတ်တာမျိုးရယ်။
တချို့သူငယ်ချင်းမလေးတွေကျပြန်တော့
ဒီက မိတ်ဆွေတွေနဲ့ သိကျွမ်းပြီး မော်ရိုကန်ရေချိုးခန်းလို့ခေါ်တဲ့ ရေချိုးခန်းလေးတွေမှာ
ရေချိုးပြီး ချေးချွတ်ကြပြန်တယ်။
ရေနွေးငွေ့တွေလွတ်ထားတဲ့
ရေချိုးခန်းထဲက ခုံလေးတွေမှာ ထိုင်ပြီး တကိုယ်လုံးက ချေးတွေ တိုက်ချွတ်ပြီးရင်ပဲ တကိုယ်လုံးက
ပေါ့ပါးလန်းဆန်းသွားတယ်လို့ ပြောလာတော့ နေ့တိုင်းရေချိုးရင်း ချေးတွန်းနေတဲ့သူအတွက်
ရေချိုးခန်းသွားဖို့ လိုသေးလို့လားလို့ ကြံကြံဖန်ဖန် တွေးမိပြန်တယ်လေ။
ရေနွေးငွေ့ရဲ့
အထိအတွေ့ကြောင့် ကျွန်မတို့ကိုယ်မှာ ကပ်ငြိနေတဲ့ ကြေးညှော်တွေက ဖယ်ရှားရလွယ်ကူလာတာတော့
အမှန်။ ကြေးတွန်းတဲ့ တုတ်ချောင်းလေးတွေနဲ့ ပွတ်တိုက်လိုက်ရင်တော့ ရေနွေးငွေ့နဲ့ နူးအိနေတဲ့
အသားပေါ်က အရေပြားတစ်ထပ်က အလွယ်တကူ ကွာကျလာတာပေါ့။ အခု ရန်ကုန်မှာလဲ ရေချိုးခန်းလေးတွေ
ခေတ်စားလာတယ်လို့ဆိုကြတယ်။
ဆံပင်ပေါ်မှာ
ပေါင်းဆေးတွေ တင်ထားတာစိတ်ရှည်လက်ရှည် စောင့်စားနေတုန်းမှာပဲ ဆံပင်ညှပ်ဆိုင်လေးက သိသိသာသာ
စည်ကားလာတယ်။
အိုး ကျွန်မမေ့နေခဲ့တာပဲ တကယ်ဆို ဒီတိုင်းပြည်လေးမှာက သောကြာနဲ့ စနေက
ရုံးပိတ်ရက်ပဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မကလဲ သောကြာနေ့မှာမှ ဆံပင်ညှပ်ဖို့ စိတ်ကူးမိတာကိုး။
ဆိုင်လေးက
မကျဉ်းမကျယ်ဆိုပေမယ့် ဝန်ထမ်း ခြောက်ယောက်က လုံးဝ လက်မလည်တော့။ ကျွန်မအပါအဝင် အမျိုးသမီး
ဧည့်သည် ရှစ်ယောက်ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနေတာများ သွက်သွက်လက်လက်။
ကျွန်မလိုပဲ
ဆံပင်ပေါ်က ပေါင်းဆေးတွေခြောက်အောင် ပေါင်းခံနေရင်း ခြေသည်းလက်သည်း ပြုပြင်သန့်ရှင်းနေသူက
နှစ်ယောက်။ မိန်းကလေးဖြစ်ရတာ တော်တော်အလုပ်ရှုပ်သားလို့ တွေးမိတော့ မျက်နှာက မချိုမချဉ်ဖြစ်ပြီး
မပြုံးပဲ မနေနိုင်တော့။
ဒါတောင် ကျွန်မက
အခြားမိန်းကလေးတွေနဲ့ယှဉ်ရင် အလှအပကို စိတ်ဝင်စားလှတာမဟုတ်သေး။ ဆံပင်တွေကို တစ်လတစ်လကြိမ်လောက်
Hot Oil လို့ခေါ်တဲ့ treatment လောက်သာ လုပ်ဖူးသူ။ ကျွန်မဆံနွယ်တွေက ခပ်ကြမ်းကြမ်းတွေမို့
မပြုပြင်လို့ မရလွန်းတဲ့ အချိန်တွေကျမှ အလှပြင်ဆိုင်ကို ပြေးရတတ်သူ။
အလုပ်ထဲက
သူငယ်ချင်းတွေကတော့ တကယ့်ကို မိန်းမ ပီသလွန်းသူတွေရယ်လေ။ တကိုယ်လုံးကို မလှလှအောင်
ပြုပြင်ထိန်းသိမ်းနေကြသူတွေ။ အမွှေးအမျှင်နုနုလေးတွေနဲ့ ချစ်စရာ ချာတိတ်မလေးတစ်ယောက်ကျပြန်တော့
သူမရဲ့ မျက်နှာပေါ်က မွှေးညှင်းနုလေးတွေကို မကြာခဏဆိုသလို လေဆာနဲ့ ဖယ်ရှားရတဲ့ ဒုက္ခကို
ညည်းညူလို့မဆုံး။ တကယ်ဆို ဒီအတိုင်းလဲ လှနေတာပဲလို့ တိုက်တွန်းလို့လဲမရတော့။
နောက်တစ်ယောက်ကျပြန်တော့
နှာခေါင်း အပေါ်နားမှာရှိနေတဲ့ မှဲ့ ခပ်ကြီးကြီးလေးတစ်လုံးနဲ့ နားသယ်စပ်က မှဲ့လေးတစ်လုံးကို
အလှပြင်ဆိုင်မှာသွားပြီး ဖယ်ရှားပစ်လိုက်ပြန်တယ်။ သူကျတော့ မျက်နှာပေါ်မှာ မှဲ့ လေးလုံးလောက်ရှိနေတာမို့
သဘောမကျတဲ့ နေရာက မှဲ့တွေကို စိတ်မြန်လက်မြန်နဲ့ကို ရှင်းလင်းလိုက်လေရဲ့။
ကျွန်မတို့
လူစုမိလေတိုင်းပြောဖြစ်တာတွေကတော့ ဒီနိုင်ငံလေးမှာ ရေပန်းစားနေတဲ့ နှာခေါင်းအလှပြုပြင်မှုအကြောင်းတွေ။
လေဆိပ်မှာ ခပ်ချောချောကောင်မလေးတွေ နှာခေါင်းထိပ်လေးတွေမှာ ပလာစတာလေးတွေနဲ့တွေ့လေတိုင်း
ငေးမောစပ်စုရင်း ဝေဖန်ရေးလုပ်ရတာအမောရယ်။ နှာခေါင်းကို ဆေးလေးထိုးပြီး လိုချင်တဲ့နေရာကို
ပြုပြင်တာ သိလား.... ဘေးထွက်ဆိုးကျိုးမရှိဘူး... ဈေးလဲ အရမ်းမကြီးဘူးရယ်လို့ သတင်းအချက်အလက်တွေ
စုဆောင်းပေးလာတဲ့ သူငယ်ချင်းကလဲ သူမရဲ့ နှာခေါင်းလေးကို အဖျားချွန်ချွန်လေးဖြစ်အောင်
ပြင်ဖို့ စိတ်ကူးနေပြန်တယ်။
ရုတ်တရက်ဆိုသလို
သူငယ်ချင်းချာတိတ်မလေးတစ်ယောက် တကိုယ်လုံးက အဆီတွေကို ဖယ်ထုတ်ပစ်လိုက်တာတွေ့တော့ ကျွန်မတို့အားလုံး
ပါးစပ်အဟောင်းသား မငေးမောပဲ မနေနိုင်တော့ပြန်။ နဂိုက ခပ်ပြည့်ပြည့် ကိုယ်လုံးပိုင်ရှင်
မော်ရိုကန်သူ အလှပဂေးလေးက လုံးဝ သေးသွယ်ကျစ်သွားပါလား။ ခါးပတ်လည်က အဆီတွေသာမက တင်ပါးနဲ့
ခြေသလုံးပေါင်တံလေးတွေပါ သိသိသာသာ သေးသွယ်ကျစ်လျစ်ပြီး လှပသွားလိုက်တာ။ ကုန်ကျစရိတ်ကလဲ
အံ့မခန်းပါပဲ။ ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ဆိုပဲ။ ကျွန်မတို့ရဲ့ ရှစ်လစာ ဝင်ငွေနဲ့
ညီမျှတဲ့ငွေကို ရက်ရက်ရောရော သုံးပစ်လိုက်တာများ။ တကယ်လည်း ရက်ရက်စက်စက်ကို အချိုးကျကျလှပသွားတာဆိုတော့လဲ
ကုန်ရကျိုးနပ်ပေမပေါ့။
ဘေးနားက အလှပြင်ခုံမှာထိုင်ပြီး
ဆံပင်ညှပ်ခံနေတဲ့ အမျိုးသမီးကြီးက အသက် ၆၀ ကျော်နီးပါးရှိရော့မယ်။ သူ့ရဲ့ လည်ဂုတ်သာသာလောက်ရှိတဲ့
ဆံပင်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ညှပ်ရင်း ဘာအရောင်ဆိုးရမလဲစဉ်းစားနေလေရဲ့။ တလက်စတည်းမှာပဲ
သူကလဲ ခြေသည်းလက်သည်းတွေ ပြုပြင်နေသေးတယ်။
ကျွန်မရဲ့ အမေတွေ အဒေါ်တွေဆို အသက် သုံးဆယ့်ငါးလွန်လို့
လေးဆယ်လောက်ရှိကတည်းက ဆံပင်ညှပ်ဖို့တောင် ဆိုင်ကို ခြေဦးမလှည့်တော့။ ဆံပင် အရောင်ဆိုးဖို့
ခြေသည်းလက်သည်းပြုပြင်ဖို့ဆို ဝေလာဝေးပေါ့။
တပတ်တခါ တရော်ကင်ပွန်းသီးနဲ့
ခေါင်းလျှော် ဆံပင်ဖြူငုတ်တိုလေးတွေ ရှင်းလင်း ခြေသည်းလက်သည်းလှီးတဲ့ အလုပ်တွေကို
အိမ်မှာပဲ ပြေးပြေးလွှားလွှားလုပ်ကြရှာတာ။ ကျွန်မတို့ ညီအမတွေဆိုလဲ ငယ်ငယ်တုန်းက အိမ်မှာပဲ
ကြက်ဥအကာလေးတွေ သံပုရာသီးတွေနဲ့ ကိုယ်ထူကိုယ်ထ ဆံပင်ပေါင်းတင်ခဲ့သေးတာ။
မျက်နှာကိုတော့
သခွားသီးလေးတွေ ပါးပါးလှီးပြီးကပ်တာကလွဲလို့ ဘာမှမလုပ်ခဲ့တာ ခုချိန်ထိ။ အဘိုးတွေ အဘွားတွေဆိုလဲ
ဆံပင်တွေဖြူလာတာတောင်မှ ဆေးမဆိုးပဲ နေခဲ့သူတွေရယ်။
အခုတော့ ခေတ်တွေက
ပြောင်းလာလိုက်တာ။ ကျွန်မကိုယ်တိုင်လဲ လိုက်မမီတော့ဘူး။ အသားအရေ ပြုပြင်ထိမ်းသိမ်းစရာတွေကလည်း
များလာလိုက်တာ အသက်အရွယ်အလိုက် စုံစီနဖာပါပဲ။
ဆံပင်ပေါင်းခံနေရင်းတန်းလန်းနဲ့
ကျွန်မကလဲ အတွေးတွေနယ်ချဲလို့ ကျွန်မကို ခြေသည်း လက်သည်းလေးတွေ ပြင်ပေးနေတဲ့ ကလေးမလေးကလဲ
နုနုရွရွ ခပ်ဖွဖွလေး ကိုင်တွယ်လို့။ ခြေထောက်နှစ်ဘက်လုံးကို သန့်စင်ပြီးချိန်မှာ လိုးရှင်းလေးလိမ်းပြီး
ခပ်ဖွဖွလေး နှိပ်နယ်ပေးနေတာများ တကယ့်ကို ဂရုတစိုက်။ ကျွန်မဆိုရင်ရော ပိုက်ဆံဘယ်လောက်ရရ
ဒီလို စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးနိုင်ပါ့မလားမသိလို့ မေးခွန်းပြန်ထုတ်မိလိုက်သေးရဲ့။
အခုခေတ်မှာ
အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး မိန်းကလေးတွေ မကြောက်မလန့် လုပ်နေရတဲ့ အလုပ်တွေက အများသားရယ်။
ချာတိတ်မလေးက ခြေချောင်းလေးတွေပြီးတော့ လက်ချောင်းလေးတွေကို စိတ်ရှည်ရှည်နဲ့ ပုံဖော်ပေးနေပြန်တယ်။
တချက်တချက် ကျွန်မကို မော့ကြည့်ပြီး ပြုံးပြလိုက်တဲ့ အပြုံးက တကယ့်ကို ဖြူစင်လွန်းလှတယ်
သွားလေးတွေကလဲ ဖွေးဖွေးဖြူဖြူသန့်သန့်စင်စင်လေးတွေ။
တကယ်ပါပဲ
သမာအာဇီဝအတွက် ကျွန်မရဲ့ ခြေချောင်းလေးတွေကို တယုတယ နှိပ်နယ်ပေးနေတဲ့ ကောင်မလေးရဲ့
ရွေးချယ်မှုကို ကျွန်မချီးကျူးမိပါတယ်။ သူ့လိုပဲ ခပ်လှလှ ကောင်မလေးတွေက သမာအာဇီဝပေမယ့်
အညှီအဟောက် မကင်းတဲ့ ဝန်ဆောင်မှုတွေကို ရွေးချယ်နေကြတာကိုး။ ကျွန်မလိုပဲ လှချင်ရက် စက်စက်ယို
လှသထက် လှအောင် ကြိုးစားနေကြတဲ့ မိန်းကလေးတွေကြားထဲမှာတော့ ဒီကောင်မလေးကတော့ တကယ့်ကို အလှစစ်နဲ့ လှတဲ့သူလေးပါပဲ။
နှင်းနဲ့မာယာ
2 comments:
အင်း ဒီပို့စ်ဖတ်ပြီး ကရိကထနည်းတဲ့ ယောက်ျားလေးဖြစ်ရတာ အတော်သက်သာပါလားလို့ တွေးမိသွားတယ်...ပြောမယ့်သာပြောရတယ် တစ်ချို့ယောက်ျားလေးများကျတော့လည်း မျက်နှာပေါင်းတင်ရတာနဲ့ ရွှေသွင်းရတာနဲ့ တယ်ရှုပ်သကိုး...
ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ စိတ်ရှည်လက်ရှည်ရေးထားတာပါလား နှင်းရေ ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်ပေါ်ဆက်နွယ်ပြီး လူတစ်ယောက်အကြိုက်တစ်မျိုးဆိုရမလား...အလှအပ သဘောကျတဲ့ နှင်းရန်ကုန်ပြန်ရောက်ရင် တီတင့်ရဲ့ ဗျူးတီးစလွန်းကို အရောက်လာပြီး အားပေးပါနော် :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment