ပိုက်ဆံအိတ်လေး သော့ခတ်ထားမယ်

( Buy Nothing Day......အပြည်ပြည်ဆိုင်ရာ ဈေးမဝယ်ရနေ့ ၂၀၁၃ နိုဝင်ဘာ ၂၉)

 ပြက္ခဒိန်ထဲကနိုဝင်ဘာလရဲ့ ထူးထူးခြားခြားနေ့လေးတစ်နေ့ကတော့ နိုင်ငံတကာ ဈေးမဝယ်ရ နေ့လေးပါပဲ။ နိုင်ငံတကာ အထိမ်းအမှတ်နေ့တွေကြားမှာ နိုဝင်ဘာလထဲမှာ ကျရောက်တဲ့  Buy Nothing Day ရယ်လို့တွေ့လိုက်ရတော့ ကျွန်မကိုယ်တိုင်လည်း စိတ်ဝင်စားမိတာ မျှဝေလိုက်ပါတယ်။

နိုဝင်ဘာလရဲ့ နောက်ဆုံးစနေနေ့လေးကို နိုင်ငံတကာ ဈေးမဝယ်ရနေ့ရယ်လို့ နိုင်ငံတကာမှာ သတ်မှတ်ထားခဲ့ကြပါတယ်။   ဈေးမဝယ်ရနေ့လေးကို ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့လေးက အနုပညာရှင် Ted Dave က ရှာဖွေတွေ့ရှိခဲ့ပြီး  ကနေဒါအခြေစိုက် Adbusters မဂ္ဂဇင်းကနေတဆင့် တင်ပြလှုံ့ဆော်ခဲ့ပါတယ်။

ပထမဆုံး ဈေးမဝယ်ရနေ့လေးကို ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့လေးမှာ ၁၉၉၂ ခုနှစ် နိုဝင်ဘာလကစပြီး ကျင်းပခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်လေးကတော့ ကျွန်မတို့ လူမှုပါတ်ဝန်းကျင်မှာ လိုအပ်တာထက်ပိုလို့ စားသုံးနေကြတဲ့ စားသုံးကုန်တွေကို လိုအပ်တာထက်ပိုလို့ ဖြုန်းတီးမိကြတဲ့ လူသုံးကုန်တွေကို စေ့စေ့စပ်စပ် ပြန်လည်ချင့်ချိန်ကြစေဖို့ပါ။ တစ်နှစ်လုံးမှာ ၂၄ နာရီလောက် ပိုက်ဆံအိတ်ထဲက ပိုက်ဆံအကုန်မခံပဲ ဘာပစ္စည်းမှ မဝယ်ပဲ နေလိုက်ရုံနဲ့ အပြည်ပြည်ဆိုင်ရာ ဈေးမဝယ်ရနေ့လေးကို ဆင်နွဲလို့ရပါပြီ။

၁၉၉၂ ခုနှစ် နောက်ပိုင်းမှာတော့ ဈေးမဝယ်ရ နေ့လေးကို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြပါတယ်။ ဒီနေရာမှာ ဈေးဝယ်တာနဲ့ပက်သက်ပြီး နည်းနည်းပြောပြချင်ပါတယ်။ စိတ်ပညာသဘောအရ လူတွေဟာ ဒေါသထွက်နေတဲ့အချိန် အလွန်အမင်းပျော်ရွှင်နေတဲ့အချိန်နဲ့ စိတ်ဖိစီးမှု များလွန်းတဲ့ အချိန်တွေမှာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ မဆင်မခြင်ဈေးဝယ်လေ့ရှိပါတယ်။

ဒါ့ကြောင့်လည်း ကုန်တိုက်ကြီးတွေဟာ မြန်မာတို့ရဲ့ ပျော်ပွဲရွှင်ပွဲတွေဖြစ်တဲ့ သီတင်းကျွတ် တန်ဆောင်တိုင် သင်္ကြန် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ အပြိုင်အဆိုင် ဈေးနှုန်းတွေလျှော့ပြီး ဈေးဝယ်သူတွေကို ဆွဲဆောင်ကြပါတယ်။
မြန်မာနိုင်ငံမှာတင်မက နိုင်ငံတကာမှာလည်း ဘာသာရေးပွဲတော်တွေ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရောက်တိုင်း ဈေးရောင်းပွဲတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ကျင်းပကြပါတယ်။  ကျွန်မတို့ဆီမှာလည်း ဘာသာရေးပွဲတော်မတိုင်ခင် တပါတ်လောက်အလိုတည်းက ရှော့ပင်းမောတွေကို ည ၂ နာရီလောက်အထိ ဖွင့်တာမျိုး တချို့နေရာတွေမှာ ညလုံးပေါက် ရောင်းတာမျိုးအထိ ရှိတတ်ပါတယ်။

အဲဒီဈေးရောင်းပွဲတွေမှာ အမှန်အကန် ဈေးလျော့ရောင်းတာတွေရှိသလို တကယ်ဈေးမလျှော့ပဲ ဈေးဝယ်သူတွေကို လှည့်ဖျားပြီး ဈေးကစားတဲ့ လှည့်ကွက်လေးတွေလည်းရှိတတ်ပါတယ်။ တချို့ကျပြန်တော့လည်း အနှစ်နှစ်အလလက ရောင်းမကုန်ခဲ့တဲ့ ဒီဇိုင်းဟောင်း အဝတ်အစား ဖိနပ်တွေနဲ့ သက်တမ်းလွန်ကာနီးဆဲဆဲ အလှကုန်တွေကို အမှိုက်အဖြစ်မခံပဲ အလကားနည်းပါး ဈေးချပစ်တာမျိုးတွေလည်းရှိပါတယ်။

ဈေးရောင်းသူတွေ ကုန်တိုက်ကြီးတွေရဲ့ မာယာ လှည့်ကွက် ထောင်ချောက်တွေကိုနားမလည်နိုင်ခင်အထိတော့ ကျွန်မကိုယ်တိုင်လည်း လျော့ဈေးတွေ အထူးဈေးရောင်းပွဲတော်တွေကို စိတ်ဝင်စားခဲ့ဘူးပါတယ်။ မဆင်မခြင် ဈေးဝယ်ခဲ့ဘူးပါတယ်။
အဲဒီအတွက်ရလာဒ်ကတော့ ခေတ်မမီတော့တဲ့ ကွာလတီမမီတော့တဲ့ အသုံးအဆောင်တွေ ဘီရိုထဲမှာ အမှိုက်တွေလို ပုံလာတာပါပဲ။ ဒီလို မဆင်မခြင်ဈေးဝယ်သူတွေ ရှိနေတဲ့အတွက် ကျွန်မတို့နေတဲ့ အိမ်တွေနားမှာ ရှော့ပင်းမောတွေနားမှာ အဝတ်အစားအလှူခံပုံးတွေ မှိုလိုပေါက်လာပါတယ်။

တကယ်တမ်းမှာလည်း နိုင်ငံတကာမှာ နှစ်ပတ်လည်လျော့ဈေးတွေ ဈေးရောင်းပွဲတွေ အထူးဈေးရောင်းပွဲတော်တွေဆိုတာ အိမ်ရှင်မတွေ ပျိုမေတွေအတွက် ရင်ခုန်ခြင်းများစွာနဲ့ စောင့်စားရတဲ့ အချိန်တွေပါပဲ။ အမေရိကားက ကုန်တိုက်ကြီးတွေမှာဆိုရင် မနက်လျှော့ဈေးပွဲတော်ရှိတယ်ဆိုတာနဲ့ ညတည်းက မအိပ်မနေ တန်းစီပြီးစောင့်နေသူတွေရှိပါတယ်။

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ဟာ အရှေ့အလယ်ပိုင်းရဲ့ ရှော့ပင်းစင်တာ မြို့ကြီးတစ်မြို့လို့ ဆိုလို့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလမှာ Shopping Festival ကျင်းပပြီး ဇန်နဝါရီလ တလလုံးဈေးရောင်းပွဲတော် အဖြစ်သတ်မှတ်ထားတာမို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ရုရှားနိုင်ငံ တစ်နိုင်ငံလုံးက ဈေးဝယ်သူတွေ မမောမပန်း ဈေးဝယ်ပွဲဆင်နွှဲကြတဲ့ လတစ်လလို့ပြောလို့ရပါတယ်။  ဒူဘိုင်းလေဆိပ်ဟာလည်း နာမည်ကျော်လေဆိပ်တစ်ခုဖြစ်တာမို့ စင်းလုံးငှားလေယာဉ်တွေနဲ တကူးတက ဈေးလာဝယ်ရတဲ့အထိ နာမည်ကျော်တဲ့မြို့လို့ ဆိုကြပါတယ်။
အခုချိန်ဟာ နိုင်ငံတကာမှာ အွန်လိုင်းကို တွင်တွင်ကျယ်ကျယ်သုံးလာကြတဲ့အတွက် အွန်လိုင်းအထူးလျော့ဈေးတွေ အွန်လိုင်းအထူးပရိုမိုးရှင်းတွေ မှိုလိုပေါက်လာခဲ့ပါတယ်။

အမျိုးသမီးတွေအတွက်သည်းခြေကြိုက် အဝတ်အစား အသုံးအဆောင်နဲ့ ရတနာတွေကို အွန်လိုင်းမှာ ဈေးနှုန်းသက်သာလွန်းစွာ ရတတ်သလို အမျိုးသားတွေရဲ့ အသည်းစွဲ လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေဆိုတာလည်း ၅၀ ရာခိုင်နှုန်းကနေ ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းလောက်အထိ သက်သက်သာသာ ရတတ်လေတော့ အထူးလျှော့ဈေးရယ်လို့ဆိုလေတိုင်း အွန်လိုင်းမှာရော နာမည်ကျော် ကုန်တိုက်ကြီးတွေမှာရော အလုအယက်ကို အားပေးဝယ်ယူကြတော့တာပါပဲ။

သိပ်မကြာခင်တုန်းကက အွန်လိုင်းဆိုဒ်တစ်ခုမှာ အိုင်ဖုန်း 5  ကို ၇၅ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းမယ်လို့ကြော်ငြာထားတာတွေ့တော့ ဝယ်ဖို့မဝယ်ဖို့ မဆုံးဖြတ်ရသေးခင်မှာပဲ ကြိုတင် သတင်းရနိုင်ဖို့အတွက် Register လုပ်မိပါတယ်။ မိန်းကလေးလည်းဖြစ် ခေတ်ကာလကုန်ဈေးနှုန်းကိုလည်း တီးမိခေါက်မိရှိလေတော့ ကိုယ့်အတွက် အမှန်အကယ် မလိုအပ်ဘူးရယ်လို့ သိနေသည့်တိုင်အောင် လိုရမယ်ရပေါ့လေလို့ စိတ်ပိုင်းဖြတ်မိတဲ့အထိ လျော့ဈေးကြော်ငြာတွေက အားကောင်းလွန်းပါတယ်။

အွန်လိုင်းမှာ သတ်မှတ်ထားတဲ့နေ့ သတ်မှတ်ထားတဲ့အချိန် သုံးလေးနာရီအတွင်းမှာ အလုအယက်ဝယ်ရမယ်ဆိုပေမယ့် ကျွန်မထက် တက်ကြွလွန်းတဲ့ ဈေးဝယ်သူတွေ ဘယ်လောက်တောင်များရှိနေမလည်းလို့ တွေးမိပြန်ပါသေးတယ်။ ပစ္စည်းအစစ် အမှန်အကန်ကို အရေအတွက် ကန့်သတ်ထားပြီး မူလတန်ဘိုးထက် ၇၅ % လျှော့ပြီးရောင်းပေးတယ်ဆိုကတည်းက ဘယ်သူမဆို လိုချင်မက်မောကြမှာပါပဲ။ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ် လက်လွဲရောင်းဖို့ပဲဖြစ်ဖြစ် လက်ဆောင်ပေးဖို့ပဲ ဖြစ်ဖြစ် ဝယ်ကြမှာ သေချာပါတယ်။

ဒါ့ကြောင့်လည်း ကျွမ်းကျင်သူတွေက ဈေးဝယ်မယ်ဆိုရင် တကယ်လိုအပ် တဲ့ပစ္စည်းတွေကိုသာ ရွေးချယ်ဝယ်ယူဖို့ အကြံပေးကြတာပါ။ တပတ်တကြိမ်ဈေးဝယ်တတ်သူတွေဆိုရင်လည်း ဈေးဝယ်စာရင်းလေးလုပ်ထားဖို့ အကြံပေးကြပါတယ်။ ဒါမှ မျက်စိထဲတွေ့ရာမြင်ရာဝယ်ပြီင်္း မလိုအပ်တဲ့ ငွေကြေးသုံးစွဲမှုကို ကာကွယ်နိုင်မှာဖြစ်သလို အသုံးအဆောင်တွေ အပိုအလျှံမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ 


အွန်လိုင်းမှာ ဈေးဝယ်သူတွေအတွက်လည်း သတိပြုရမယ့် အချက်အလက်တွေလေးတွေ ရှိပါတယ်။ ကျွန်မမိတ်ဆွေတစ်ယောက် အွန်လိုင်းကနေ iPad ဝယ်တော့ အွန်လိုင်းကနေ ငွေချေပြီးချိန်မှာ စာတိုက်ကစာပို့သမားက ပစ္စည်းကို အိမ်အရောက်လာပို့ပါတယ်။ စာပို့သမားပြန်သွားချိန်မှာ ပါဆယ်ထုတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ iPad ပါမလာပါဘူး။ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရတဲ့ အွန်လိုင်းမှာ ပစ္စည်းတွေအမှန်အကန်ရနိုင်ပေမယ့် ရော့ပတ္တမြား ရော့နဂါးရယ်လို့ မျက်စိရှေ့မှာ ကိုယ့်ပစ္စည်းကို ရွေးဝယ်ရတဲ့ စနစ်မဟုတ်တဲ့အတွက် အားနည်းချက်လေးတွေ ရှိတတ်ပါတယ်။
ဈေးဝယ်တဲ့ နေရာမှာ ကျွန်မတို့ထက် စေ့စပ်ချွေတာသူ စည်းစနစ်ကျသူတွေဆီက နည်းနာယူစရာ အချက်လေးတွေလည်းအများကြီးရှိပါတယ်။

အထူးသဖြင့် ဈေးဝယ်တဲ့အချိန်မှာ အလွယ်တကူ သုံးလို့ရနေတဲ့ အကြွေးဝယ်ကဒ်တွေကို နေရာတကာ မသုံးမိစေဖို့။ လျော့ဈေးရယ်လို့ ကြော်ငြာတွေ တွေ့လေတိုင်းလည်း ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် မလိုအပ်တဲ့ ပစ္စည်းတွေကို ဆန္ဒစောပြီး မဝယ်မိဖို့လိုပါတယ်။

ကျွန်မတို့ မိန်းမသားတွေအတွက်တော့ ဈေးမဝယ်ရနေ့ရယ်လို့ မရှိစေချင်ပါဘူး။ Shopping လို့ဆိုလိုက်တာနဲ့ ကျွန်မတို့အားလုံး စိတ်လှုပ်ရှားပျော်ရွှင်ရစမြဲပါ။ အဝတ်ဘီဒိုတွေထဲမှာ အဝတ်တွေ ဘယ်လောက်ပဲရှိရှိ ဖိနပ်စင်ပေါ်မှာ ဖိနပ်အရေအတွက်တွေ ဘယ်လောက်ပဲများများ အဝတ်အစားအသုံးအဆောင်တွေကို မဝယ်ပဲ မနေနိုင်ကြတာ မိန်းမသားတွေရဲ့ သဘာဝပါပဲ။ ဒီ့ထက်ပိုလို့ ရီစရာကောင်းတာက အဝတ်ဗီရိုတွေ အဝတ်သေတ္တာတွေထဲမှာ ဝတ်စရာအဝတ်တွေ တောင်လိုယာလိုပုံနေပေမယ့် တကယ်တမ်း စိတ်တိုင်းကျ ရွေးချယ်ပြီး ဝတ်ဖြစ်တဲ့ အဝတ်တွေက လက်ချိုးရေလို့ရအောင်ရှားပါးနေပြန်ပါတယ်။

ကျွန်မတို့တွေအားလုံးကိုယ်နဲ့ လိုက်ဖက်မယ်ထင်ပြီး ရွေးချယ်ခဲ့ကြပေမယ့် တကယ်တမ်းကိုယ့်ဆီရောက်လာတဲ့အချိန်မှာ မတို့မထိပဲ သိမ်းယုံသိမ်းထားတဲ့ အဝတ်အစားတွေဟာ တံဆိပ်တန်းလန်းနဲ့ နှစ်နဲ့ချီပြီး ဗီရိုထဲမှာ ရှိနေတတ်ပါသေးတယ်။
ဒါ့ကြောင့်လည်း စားသောက်ကုန် လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေ လိုအပ်တာထက်ပိုပြီး ဝယ်မိတဲ့သူတွေအတွက် အလေအလွင့်တွေ ထိန်းသိမ်းနိုင်ဖို့ Buy Nothing Day ရယ်လို့ တစ်နှစ်မှာ တစ်ကြိမ်ကျင်းပခဲ့ကြတာပါ။

လတစ်လရဲ့ ပထမပတ် စနေနေ့တိုင်းမှာ အိမ်မှာ ပိုလျှံနေတဲ့ မိမိရဲ့ ကိုယ်ပိုင်ပစ္စည်းနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေတွေကို Recycle အဖြစ် ပြန်လည်ရောင်းချတဲ့ ပွဲလေးကို ဒူဘိုင်းမြို့က Safa ပန်းခြံမှာတွေ့ရတတ်ပါတယ်။
မိမိအိမ်မှာ တကယ်မလိုအပ်ပဲ ဝယ်ထားမိတဲ့ အဝတ်အစား( အသစ် တပတ်နွမ်း) မီးဖိုချောင်သုံး အသုံးအဆောင် အိမ်ထောင်ပရိဘောဂ အလှကုန်ပစ္စည်းတွေကို စွန့်ပစ်ရမယ့်အစား တကယ်လိုအပ်တဲ့သူတွေကို ပြန်လည်ရောင်းချတဲ့ ပွဲလေးမို့ ဈေးနှုန်းချိုချိုသာသာနဲ့ အသုံးအဆောင်တွေရနိုင်တဲ့ နေရာလေးပါပဲ။ အသစ်နီးပါး ရေခဲသေတ္တာ မိုက်ခရိုဝေ့တွေကို ဒါဟန်း ၂၀ ဒါဟန်း ၃၀ လောက် ( မြန်မာငွေ ငါးထောင်ကနေ ခုနစ်ထောင်လောက်ပဲကျပါတယ်) နဲ့ ရတတ်တာမို့ တကယ့်ကို ရီစရာဈေးတန်းလေးလို့ပြောလို့ရပါတယ်။ နောက်ဆုံး ဈေးသိမ်းချိန်မှာ ဘာယူယူ တစ်ကျပ်ဆိုပြီး အကုန်လုံးလျှော့ချပစ်တာမို့ ထမင်းပေါင်းအိုးတွေ မီးပူတွေကို တစ်ကျပ် ( မြန်မာငွေ ၂၄၀ - ၂၅၀ လောက်ပဲ ကျပါတယ်) လောက်နဲ့ရတတ်ပါသေးတယ်။

Buy Nothing Day လေးကတော့ ကျွန်မတို့လို ဈေးမဝယ်ရ မနေနိုင်သူ ပျိုပျိုအိုအို အမျိုးသမီးထုတစ်ရပ်လုံးကို တစ်ရက်လောက် ပိုက်ဆံချွေတာဖို့ ၂၄ နာရီလောက်ဈေးမဝယ်ပဲ ခဏနားဖို့ အနားပေးတဲ့ ရက်လေးလို့ပဲ မြင်မိပါတယ်။
ဈေးမဝယ်ရနေ့လေးကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကောင်းလေးတွေ ဈေးမဝယ်ရနေ့လေးကပေးတဲ့ အသိပညာလေးတွေက တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။

၁။ အနောက်နိုင်ငံမှာတော့ ဥပဒေ အမှတ် ( ၇) ဆိုတာ လူတိုင်းသိတဲ့ ချွေတာရေး ဥပဒေလေးတစ်ခုပါ။ ကိုယ့်အတွက် ၇ဒေါ်လာနဲ့အထက် ပစ္စည်းတစ်ခုခုကို ဝယ်ချင်တယ်ဆိုရင် ၇ ရက်တိတိ စဉ်းစားဖို့နဲ့ သူငယ်ချင်းမိတ်ဆွေ ၇ ယောက်တိတိနဲ့ တိုင်ပင်ဖို့ပါ။ တကယ်လို့ ကိုယ့်အတွက် တကယ်လိုအပ်တာသေချာပြီဆိုရင် သူငယ်ချင်မိတ်ဆွေတွေကလည်း ဝယ်သင့်တယ်လို့ အကြံပြုတယ်ဆိုရင်တော့ ဝယ်ဖြစ်အောင်ဝယ်ရပါလိမ့်မယ်။
မြန်မာပြည်က ညီမလေးတစ်ယောက်ဆိုရင်လည်း မြန်မာငွေ ခုနစ်ထောင်နဲ့အထက် အဝတ်အစားကို ဝယ်ဖို့ ခုနစ်ရက်လောက် စဉ်းစားတယ်လို့ ပြောလေ့ရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း ယူအေအီးငွေ ၇၀ ( မြန်မာငွေ ၁၆၀၀၀ ) နဲ့အထက် အဝတ်အစား အသုံးအဆောင်ဝယ်မယ်ဆိုရင် အကြိမ်ကြိမ် စဉ်းစားရပါတယ်။

၂။ ပစ္စည်းတစ်ခုခုကို ဝယ်ချင်တဲ့ ဆန္ဒဖြစ်လာပြီဆိုရင်လည်း မေးခွန်းသုံးခုကို မဖြစ်မနေ မေးရပါ့မယ်။ ၁။ ကိုယ်တတ်နိုင်တဲ့ ပမာဏလား ၂။ ကိုယ့်အတွက် တကယ်လိုအပ်ရဲ့လား ၃။ ကိုယ်တကယ်လိုချင်တာလားဆိုတဲ့ မေးခွန်းသုံးခုပါပဲ။ အဲ့ဒီမေးခွန်းသုံးခုလုံးရဲ့ အဖြေက Yes လို့ ထွက်လာရင်တော့ ဝယ်ကိုဝယ်ရမယ်လို့ဆိုပါတယ်။

၃။ ဒီအချက်လေးက စိတ်ဝင်စားစရာကောင်းပါတယ်။ မိမိလတ်တလောလိုအပ်နေတဲ့ပစ္စည်းလေး မိမိအတွက်လည်း အမြဲတမ်းအသုံးမလိုဘူးဆိုတာ သိနေရင်တော့ မိုက်မိုက်မဲမဲ ဝယ်ယူဖို့ မစဉ်းစားပဲ အလကားရနိုင်မယ့်နေရာတွေ ခေတ္တခဏ ငှားယူသုံးစွဲလို့ရမယ့်နေရာလေးတွေကို စဉ်းစားရပါမယ်။ ကျွန်မတို့အလုပ်ထဲမှာ ဝန်ထမ်းသောင်းနဲ့ချီပြီးရှိပါတယ်။ ဝန်ထမ်းတွေအားလုံးအတွက် Staff Mart ဆိုတဲ့ ဆိုဒ်လေးရှိပါတယ်။ အလုပ်ထွက်ပြီး အပြီးပြန်မယ့်သူတွေအနေနဲ့ အိမ်ထောင်ပရိဘောဂတွေ အသုံးအဆောင်တွေကို အလကားပေးတဲ့ သတင်းလေးတွေ တွေ့ရတတ်ပါတယ်။ တချို့ကတော့ အလကားနီးပါးဈေးနဲ့ ရောင်းတတ်ပါတယ်။ အဲလိုမျိုး အလကားပေးတတ်တဲ့ ဝဘ်ဆိုဒ်လေးတွေ နေရာတိုင်းမှာ ရှိတတ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ပရင်တာတစ်လုံးအသည်းအသန်လိုနေတဲ့ အနေအထားမှာ ဝယ်သင့်မဝယ်သင့် ငှားပြီးသုံးသင့်မသုံးသင့်ဆိုတာ နှစ်ရက်လောက် အပြင်းအထန်စဉ်းစားခဲ့ဘူးပါတယ်။ ကိုယ့်အတွက် အမြဲတမ်းအသုံးမဝင်ဘူးဆိုတာ သိနေလေတော့ ငှားယူပြီးသုံးမယ်ဆိုတဲ့ နည်းလမ်းကိုပဲ ရွေးဖြစ်ပါတယ်။

၎။ကျွန်မတို့ လူငယ်တွေဟာ စိတ်မြန်လက်မြန်ရှိသူတွေပါ။ အဝတ်အစားပဲ ဖြစ်ဖြစ် အသုံးအဆောင်ပဲဖြစ်ဖြစ် ပျက်စီးသွားခဲ့ရင် လွင့်ပစ်ပြီး အသစ်ဝယ်ဖို့သာ ဆုံးဖြတ်မိပါတယ်။ တကယ်တော့ တချို့တချို့ အသုံးအဆောင်တွေဟာ ပြန်လည်ပြုပြင်ပြီး သုံးစွဲလို့ရတတ်ပါတယ်။ ဒါ့ကြောင့်အသစ်ပြန်မဝယ်ပဲ ပြန်လည်ပြုပြင်ပြီးသုံးစွဲတဲ့ အကျင့်လေးတွေ မွေးမြူဖို့ပါပဲ။
ဥပမာ နာရီကြိုးလေး ဟောင်းသွားရင် အရောင်လွင့်သွားရင် ကြိုးအသစ်လေးလဲပြီးသုံးလို့ရပါတယ် တကယ့်အစိတ်အပိုင်းဖြစ်တဲ့ နာရီအိမ်တစ်ခုလုံးကောင်းကောင်း အလုပ်လုပ်နေသေးသရွေ့ နာရီတစ်ခုလုံးကို စွန့်ပစ်ဖို့ မလိုသေးပါဘူး။

၅။ အပြင်သွားဖို့ကိစ္စပေါ်လာပြီဆိုရင် မလိုအပ်ပဲ အကြွေးဝယ်ကဒ်ပြားတွေ ပိုက်ဆံတွေ မယူသွားပါနဲ့။ အရေးပေါ်ကိစ္စပေါ်လာရင်သုံးဖို့ လိုအပ်တဲ့ ငွေအနည်းဆုံးပမာဏကိုသာယူသွားပါ ။ ဒါမှလည်း မလိုအပ်ပဲ အပိုသုံးခြင်းကို ကာကွယ်နိုင်မှာပါ။ ( အခုခေတ်မှာ လမ်းသွားရင်း ဆင်တစ်ကောင်ကို တစ်ကျပ်နဲ့ ရောင်းမယ့်သူနဲ့လည်း တွေ့စရာမရှိလောက်ပါဘူး။)
၆။အိမ်မှာ ချက်ရင်းပြုတ်ရင်းနဲ့ ဖြစ်ဖြစ် အရေးပေါ်တခုခုဝယ်ဖို့လိုလာရင်ဖြစ်ဖြစ် အိမ်နဲ့အနီးအနားမှာရှိတဲ့ စတိုးဆိုင်လေးတွေ ကုန်စုံဆိုင်လေးတွေမှာသာ ဝယ်ဖို့စဉ်းစားပါ။ ကုန်တိုက်ကြီးတွေ ရှော့ပင်းမောတွေမှာ ဘယ်ပစ္စည်းပဲဝယ်ဝယ် စဆိုးဆိုင်လေးတွေ ကုန်စုံဆိုင်လေးတွေထက် ဈေးကြီးတာသေချာပါတယ်။ ပြီးတော့ ရှော့ပင်းမောတွေကိုသွားလိုက်ခြင်းအားဖြင့် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်မိတတ်ပါသေးတယ်။

၇။ တပတ်တခါဈေးဝယ်တတ်သူတွေအတွက် shopping List လေးလုပ်တတ်ပါစေ။ အိမ်မှာ တခုခုကုန်နေပြီဆိုတာသိတာနဲ့ ဈေးဝယ်ရမယ့်စာရင်းထဲမှာ မှတ်သားတတ်ပါစေ။ ဈေးဝယ်စာရင်းဟာ ရှော့ပင်းမောကိုရောက်မှ လိုချင်တာစဉ်းစားရှာဖွေတတ်သူတွေကို အချိန်ကုန် လူပန်းသက်သာစေသလို မလိုအပ်ပဲ အပိုတွေ မဝယ်မိအောင် အထောက်အကူပြုပါတယ်။
ပျော်ရွှင်ဖွယ်ရာ Buy Nothing Day လေးကို ပိုင်ဆိုင်နိုင်ပါစေ။
နှင်း




0 comments:

My Blog List