အိပ်မက်များဆီသို့ ရွက်လွှင့်ခြင်း




ဒူဘိုင်းမှာ ကျင်းပတဲ့ စာပေပွဲတော်တစ်ခုမှာ ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ရဲ့ ဆွေးနွေးပွဲလေးကို စာပေမိတ်ဆွေ အကိုတစ်ယောက်နဲ့အတူ တက်ခဲ့ဘူးပါတယ်။

အခကြေးငွေပေးပြီး တက်ရတဲ့ပွဲဆိုပေမယ့် ဆရာ့ရဲ့ အရှိန်အဝါက ကြီးမားလွန်းတာမို့ ခန်းမကျယ်ကြီးထဲမှာ နေရာလပ်မရှိအောင်ကို ပရိတ်သတ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ဆရာက သူ့ရဲ့ စာပေခရီးအကြောင်း စာအုပ်တွေရဲ့ ရာဇဝင်တွေအကြောင်းပြောရင်းနဲ့ ဒီခန်းမကြီးထဲမှာ နားထောင်နေတဲ့ ပရိတ်သတ်တွေထဲမှာ စာရေးဝါသနာပါတဲ့သူ ဘယ်နှစ်ယောက်ပါလဲ လက်ထောင်ပြပါလို့ဆိုတော့ ခန်းမကျယ်ကြီးထဲမှာရှိတဲ့ လူနှစ်ရာလောက်က လက်ထောင်ကြပါတယ်။

"ဟုတ်ပြီ တကယ်တန်း လက်တွေ့စာရေးဖြစ်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ "လို့မေးလာတော့ လူနှစ်ရာကျော်မှာ လူတစ်ရာလောက်က လက်ထောင်ကြပါတယ်။

တတိယအကြိမ် ဆရာက ထပ်မေးတယ်... "ကဲ ဒါဆိုရင် ကိုယ်ပိုင်စာအုပ်ထုတ်ခဲ့ဘူးတဲ့သူ ဘယ်နှစ်ယောက်ပါလဲ" လို့ဆိုလာတော့ လက်ထောင်ကြတဲ့သူအရေအတွက်က ဆယ်ဂဏန်းလောက်ပဲ ကျန်တော့တာကို တွေ့လိုက်ရပါတယ်။

ဒီမေးခွန်း သုံးခုဟာ ဒီဆွေးနွေးပွဲလေးရဲ့ အသက်ပါပဲ။ ကျွန်မတို့အားလုံး ကိုယ်ဘာဖြစ်ချင်တယ် ကိုယ်ဘာလုပ်နိုင်တယ် ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကို ကိုယ်တိုင်သိဖို့လိုပါတယ်။
ဆရာရဲ့ ဆွေးနွေးပွဲပြီးချိန်မှာ ဆရာ့စာအုပ်တွေဝယ်ပြီး လက်မှတ်ထိုးခိုင်းဖို့စောင့်နေတဲ့ လူတန်းကြီးက တမျှော်တခေါ်ပါပဲ။ ကျွန်မကိုယ်တိုင်လည်း သူငယ်ချင်းတွေအတွက် စာအုပ်ခြောက်အုပ်လောက်ဝယ်ပြီး တန်းစီခဲ့ရပါတယ်။ 

ကျွန်မအလှည့်ရောက်တော့ အသင့်ရေးထားတဲ့ စာရွက်လေးတွေပေါ်က မြန်မာနာမည်ရှည်ရှည်တွေကို ဆရာက အကုန်လုံးရေးပေးချင်ပါတယ် ဒါပေမယ့် ကျွန်မနောက်မှာ တန်းစီနေတဲ့ လူတန်းကြီးကို အားနာရတယ် ကျွန်မဝယ်ထားတဲ့ စာအုပ်အားလုံးအတွက် နာမည်အပြည့်အစုံလိုချင်ရင် အားလုံးပြီးတဲ့ အထိထပ်စောင့်ပေးပါ အခုတော့ အတိုကောက်လေးတွေရေးပြီး လက်မှတ်ထိုးပေးမယ်လို့ပြောလာခဲ့ပါတယ်။

ကျွန်မကိုယ်တိုင်လည်း ဆရာ့ကို အားနာမိတာမို့ ဆရာရေးပေးတဲ့ အတိုကောက်နာမည်လေးတွေနဲ့ ဆရာ့ရဲ့ လက်မှတ်လေးကိုပဲ ယူပြီး ပြန်လာခဲ့ပါတယ်။

အဲ့ဒီဆရာက ကမ္ဘာကျော် စာရေးဆရာ ဂျက်ဖရီအာချာပါ။

အခု ဘလော့ဒေးလေးကိုရောက်လာတော့ လွန်ခဲ့တဲ့ ငါးနှစ်က ဘလော့ဂါ မောင်နှမတွေအားလုံးကို ပြန်ပြောင်းသတိရမိရင်း ဆရာမေးခဲ့တဲ့ မေးခွန်းတွေကို ပြန်သုံးသပ်မိလာပါတယ်။

ကျွန်မတို့ ဘလော့ဂါတွေအားလုံး စိတ်အားထက်သန်စွာ စာတွေရေးခဲ့ကြပါတယ်။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။
တချို့ကတော့ မဆုတ်မနစ်နဲ့ ရေးလာခဲ့ကြတာမို့ အခုချိန်ထိဘလော့ပေါ်မှာ တာဝန်ကျေနေတုန်းပါပဲ။ တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ဘလော့စာမျက်နှာတွေပေါ်က ပျောက်သွားကြပါတယ်။ တချို့ကတော့ မအားပေမယ့် သတိရလေတိုင်း အချိန်ရလေတိုင်း ဘလော့ဟောင်းလေးဆီကို ပြန်လာနေကြတုန်းလို့ ပြောလို့ရပါတယ်။

ဒီနေရာမှာ ဆရာမေးခဲ့တဲ့ နောက်ဆုံးမေးခွန်းလေးလိုပဲ ဘလော့စာမျက်နှာပေါ်ကနေ ပုံနှိပ်စာမျက်နှာတွေပေါ်ရောက်အောင် မဆုတ်မနစ် အကောင်အထည်ဖော်ခဲ့ကြတဲ့ ဘလော့ဂါ မောင်နှမတွေကို တွေ့ရတော့ လေးစားအားကျစိတ်နဲ့ ဂုဏ်ယူရပြန်ပါတယ်။

ဒါတွေဟာ ကျွန်မတို့ဘလော့ဂါလေးတွေအတွက် မိုင်တိုင်လေးတွေ မှတ်တိုင်လေးတွေပါပဲ။ ဘလော့ခရီးရှည်ကြီးကနေ ပုံနှိပ်စာမျက်နှာတွေဆီမှာ တထောက်နားကွန်းခိုကြသူတွေ တစတစများသထက်များလာတော့ မြန်မာဘလော့လောကကို ပုံနှိပ်စာပေလောကကပါ အသိအမှတ်ပြုလာရတာ မဆန်းဘူးလို့ ဆိုလို့ရပါတယ်။

ဘလော့စာမျက်နှာတွေပေါ်မှာ ချက်နည်းပြုတ်နည်းကစလို့ အပျော်စာတွေ အပျင်းပြေရေးတယ်ပဲဆိုဆို သုတရသတွေ မျှဝေတယ်ပဲဆိုဆို ကျွန်မတို့ ဘလော့ဂါတွေဟာလဲ အွန်လိုင်းပေါ်က စာပေဝါသနာရှင်တွေပါပဲ။

ဝမ်းစာမပြည့်သေးတဲ့ ဝါသနာရှင်လေးတွေဆိုပေမယ့် စာရေးသက်ရလာတဲ့အခါမှာ ပရိတ်သတ်ကို ပေးချင်တဲ့ စေတနာတွေနဲ့ ကြိုးစားရင်းက ပရိတ်သတ်လက်ခံလာတဲ့ စာရေးသူတွေရယ်လို့ ဖြစ်လာပါတယ်။

ကျွန်မရဲ့ မိတ်ဆွေ ဘလော့ဂါ ကိုဟန်နဲ့ ဆရာ သူရိယမျိုးကတော့ စာပေလောကမှာ တော်တော်လေ့လာနိုင်တဲ့သူပါ။ ကျွန်မ မသိနိုင် မမြင်နိုင်တဲ့ စာပေသမိုင်းကြောင်းတွေ စာပေလောကအကြောင်းတွေ မမောတမ်းမျှဝေတတ်သူပါ။ 

ကိုဟန်ကတော့ သူကိုယ်တိုင်ကလည်း စာရေးနည်းသင်တန်းကို မြန်မာပြည်မှာ နှစ်ကြိမ်တိတိ တက်ခဲ့သူမို့ ကျွန်မကို အမြဲတမ်းလိုလို တွန်းအားပေးပါတယ်။ ( ဒီသင်တန်းက မြန်မာပြည်မှာ နှစ်ကြိမ်တိတိပဲ ရှိခဲ့ဘူးပါတယ်)
ဥပမာအားဖြင့် စာရေးတဲ့နေရာမှာ လက်တန်းရေးတာမျိုး မဟုတ်ပဲ စနစ်တကျရေးကြည့်ဖို့ ပြောတာမျိုး စာအုပ်ကောင်းတွေကို ဘယ်လိုဘယ်ပုံဖတ်သင့်တယ် ဆိုတဲ့အကြံပေးတာမျိုး။ 

နိုင်ငံတကာ စာပေတွေလေ့လာပြီး စာရေးဖို့ တိုက်တွန်းတာမျိုး ဇာတ်အိမ်အခိုင်အမာချပြီး ဇာတ်လမ်းတစ်ခုကို သုတ ရသ ရာခိုင်နှုန်းသတ်မှတ်ပြီး ရေးဖို့ ကြိုးစားခိုင်းတာမျိုး ပြီးတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပုံနှိပ်ဥပဒေတွေ မျှဝေတာမျိုး ကျွန်မ လက်လှမ်းမမီနိုင်တဲ့ ဗဟုသုတတွေကို စိတ်ရှည်လက်ရှည်နဲ့ မျှဝေတတ်သူပါ။

ကျွန်မကိုယ်တိုင်က စာရေးခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး ဘလော့ပေါ်မှာဆိုလဲ လက်တန်းချရေးခဲ့သလို ဖေ့ဘုတ်ပေါ်မှာ မှတ်စုရေးတိုင်းလည်း လက်တန်းရေးဖြစ်တာများတာမို့ ကျွန်မဆီမှာ ကော်ပီကျန်တာမျိုးမရှိပါဘူး။

ဒါပေမယ့် နောက်ပိုင်းမှာတော့ Word File တွေထဲမှာရေးပြီး အကြိမ်ကြိမ်ပြန်ဖတ် အထပ်ထပ်ပြန်ပြင်ပြီးမှ စာဖတ်သူတွေကို မျှဝေဖြစ်အောင် အလေ့အကျင့်ပြန်လုပ်ရပါတယ်။

ပုံနှိပ်လောကမှာလည်း စာအုပ်တွေထုတ်ဖို့ ပရုဖ်ဖတ်တဲ့သူတွေငှားရတာတွေ ရှိပါတယ်။ စာဖတ်စာပြင်တဲ့သူတွေကတော့ ကျွန်မတို့ ခံစားချက်သက်သက်နဲ့ ရေးဖွဲ့ထားတဲ့စာတွေကို ရေးထုံးမှန်မမှန် ဝါကျအထားအသိုမှန်မမှန် သဒ္ဒါနည်းကျမကျ စစ်ပေးသူတွေပါပဲ။

ဘာသာစကားတိုင်းမှာ အခြေခံသဒ္ဒါတွေရှိပါတယ်။ နှုတ်တရာ စာတစ်လုံးဆိုပေမယ့် တကယ်တမ်းချရေးတဲ့စာတွေမှာ သဒ္ဒါအထားအသိုဟာ အင်မတန်အရေးကြီးပါတယ်။ ဒါတွေကို သိပေမယ့် တကယ်တမ်းစာချရေးဖြစ်တဲ့အခါမှာ အဖွဲ့အနွဲ့နဲ့ စိတ်ခံစားချက်တွေကို ဦးစားပေးမိတာကြောင့် သဒ္ဒါနဲ့ ရေးထုံးရေးနည်းတွေကို လက်လွတ်လိုက်ရတဲ့ အချိန်တွေများပါတယ်။

ကျွန်မကိုယ်တိုင်လည်း စာရေးချင်တဲ့ ဆန္ဒတစ်ခုတည်းကြောင့် စာရေးသူပါ။ မိခင်ဘာသာစကားနဲ့ ရေးတယ်ဆိုပေမယ့် ရေးထုံးရေးနည်း မမှန်တာတွေ ဝါကျတည်ဆောက်ပုံမမှန်တာတွေ ရှေ့နောက်မညီတာတွေ အမှားပေါင်းများစွာမှားခဲ့သူပါ။

 ဒါတွေကို စာလာဖတ်တဲ့ ပရိတ်သတ်တွေက ပြင်ပေးကြပါတယ်။ သတိပေးကြပါတယ်။ ဝေဖန်ပေးကြပါတယ်။ အထူးသဖြင့် စာဖတ်သူတွေဆီက ထင်မြင်ချက် ဝေဖန်ချက်တွေကို ချက်ချင်းဆိုသလို ရနိုင်တဲ့ နေရာက ကျွန်မရဲ့ ဘလော့လေးပါ။
ကျွန်မ သတိမမူမိလို့ မှားသွားတဲ့ အမှားတွေကို စာဖတ်သူတွေနဲ့ နွေးနွေးထွေးထွေး ဆွေးနွေးခွင့်ရတဲ့ နေရာလေးမို့ ဒီဘလော့လေးဟာ ကျွန်မရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေလို့ ပြောလို့ရပါတယ်။

ဒီနေ့တော့ နောက်ကြည့်မှန်လေးထဲကနေ ကျန်ခဲ့တဲ့ အရိပ်တွေကို ငဲ့ကြည့်မိတော့ ငါးနှစ်နီးပါးအချိန်အတွင်းမှာ မြန်မာ ဘလော့လေးတွေ အပြိုင်းအရိုင်း ရှင်သန်လာတာကို ဝမ်းသာစရာ တွေ့လာရပါတယ်။

  တကယ်တော့ မြန်မာဘလော့ဂါလောကဟာ တကယ့်ကို ပွင့်လင်းဖော်ရွှေတဲ့ ဘလော့လောကလေးပါ။ နိုင်ငံတကာဘလော့ဂါတွေလို ကိန်းကြီးခန်းကြီး မနိုင်ပါဘူး။ သိပ်ချစ်ဖို့ကောင်းတဲ့ ဘလော့ဂါ မောင်နှမတွေက ရေမြေတွေခြားပေမယ့် သွေးသားရင်းလို ချစ်ခင်ကြ မိသားစုဝင်တွေလို စည်းလုံးကြပါတယ်။
 
ဘလော့ဒေးလေးမှာ ဒီပို့စ်လေးကို ရေးနေရင်း နောက်ကြည့်မှန်လေးကနေတဆင့် မြင်နေရတာကတော့
ဘလော့စာမျက်နှာတွေပေါ်ကနေ ပုံနှိပ်စာမျက်နှာပေါ်ရောက်သွားတဲ့ စာအုပ်လေးတွေ။ အရောင်အသွေးစုံလှတဲ့ ဘလော့ဂါမိတ်ဆွေတွေရဲ့ စာအုပ်လေးတွေ ကျွန်မရဲ့ စာအုပ်စင်လေးပေါ်မှာ အစီအရီဖြစ်နေပြီ။

တချိန်တုန်းက ဒီလောက်ဖြစ်လာလိမ့်မယ်ရယ်လို့ ကျွန်မတို့ အိပ်မက်တောင် မမက်ဘူးခဲ့ကြပါဘူး။
အိပ်မက်ရယ်လို့တောင် မမက်ခဲ့တဲ့ အရာတွေ လက်တွေ့ကျကျအကောင်အထည်ဖော်ဖို့ ရွက်လွင့်လိုက်ချိန်မှာတော့....

နှင်းနဲ့မာယာ





13 comments:

rose of sharon said...

Happy Blogger's Day ပါညီမလေးရေ.......

SHWE ZIN U said...

ပျော်ရွှင်စရာ နေ့လေး မှာ နှစ်စဉ် ပျော်ရွှင်နိုင်ပါစေ ... စာတွေ အများကြီးရေး .. အများကြီးဖတ်နိုင်ပါစေ

ချစ်တဲ့
အမရွှေစင်

မဒမ်ကိုး said...

မနှင်းစာတွေအများကြိးပြန်ရေးနိုင်ပါစေ

~ဏီလင်းညို~ said...

ကျွန်တော်လည်း ဘလော့ဂ်မှာရေးတဲ့သူတွေရဲ့ စာလေးတွေကို ပုံနှိပ်စာမျက်နှာတွေထက်မှာတွေ့ရရင် သိပ်ဝမ်းသာတာပဲ။ သူတို့တွေအတွက် ကြည်နူးမိတာပဲ။

မနှင်းလည်း စာတွေအများကြီး ရေးနိုင်ပါစေဗျာ...။။

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

ရွှေအိမ်စည်မေ said...

မနှင်း စာလေးကို ဖတ်ပြီး စိတ်ထဲ ပိုကြည်နူး..ပျော်သွားမိတယ်...
ဒီလိုနွေးထွေးရာခံစားမှုလေးကြောင့်လည်း ဘလော့ဂ်ရပ်ဝန်းမှာပျော်ခဲ့တယ်ထင်ပါရဲ့
စာတွေအများကြီးဆက်ရေးနိုင်ပါစေ မနှင်း
ဟက်ပီးဘလော့ဂ်ဒေးးးရယ်ပါ :) ;)

kay said...

နောက်တခါ ဂျက်ဖရီ အာချာ လာလို့ရှိရင် ဘာမေးမေး လက်သာ ထောင်တော့.. ရပြီ။း)

Angelhlaing(May everybody be happy and healthy! said...

မမ ကေသွယ်ပြောသလိုပဲမမ .:P စာတွေအများကြီး ရေးနိုင်ပါစေလို့... မမရေ... Happy Bolg Day ပါမမ..:)

Lorem Ipsum said...

Happy Blog Day ပါ မနှင်းရေ... မနှင်းရဲ့စာတွေကိုအရမ်းနှစ်သက်ပါတယ်..
ချစ်ခင်လျက်
ဆုမြတ်

လရိပ်အိမ် said...

လွန်ခဲ့တဲ့ လေးနှစ်တည်းက အမရဲ့အရေးအသားကြိုက်လွန်းလို့ အမြဲစာဝင်ဖတ်သူပါ။
Happy Blog Day!!!

Han Kyi said...

ဦးဟန်ကြည် လေးနှစ်လုံးလုံး တစ်နေ့မလား ဒီလောက် ဘလော့ပတ်ခဲ့တာတောင် ဘာဖြစ်လို့ မရောက်ဖြစ်ခဲ့တဲ့ ဘလော့တွေ ကျန်နေခဲ့တယ်ဆိုတာ စဉ်းစားလို့ကို မရဘူး...ဘလော့တွေအားလုံးကို အုပ်စုခွဲပြီး ကျကျနနမှတ်ထားတဲ့ စုပေါင်းဆိုဒ်တစ်ခုလောက် လုပ်ရရင် ကောင်းလိမ့်မယ်ထင်တယ်...အခုတော့ တွေ့သမျှလင့်ခ်ကနေ လိုက်နေရတော့ ကျန်တာတွေ ကျန်ခဲ့ပြီပေါ့...

နှင်းနဲ့မာယာဆီက စာဟောင်းတွေပြန်ဖတ်ရင်း လွန်ခဲ့တဲ့နှစ်တွေမှာ ဘာဖြစ်လို့ မဖတ်ခဲ့မိတာပါလိမ့်လို့ စဉ်းစားလို့မဆုံးတော့ဘူးဖြစ်ပါလေရော...

ပျော်ရွှင်ဖွယ် ဘလော့ဒေးဖြစ်ပါစေဗျား...( အားတဲ့တစ်ရက်မှ လင့်ခ်ချိတ်ရဦးမယ်...)

အမ်တီအန် said...

နှင်းရေ...

တကယ်တော့ တို့များဟာ စာမရေးရ မနေနိုင်ကြသူများပါ။ ဘလော့မှာ စာတွေရေးခွင့်ရတာ တကယ့် ဆုလာဘ်တစ်ခုလို့တောင် ခံယူထားမိတယ်။ နောက်.. နှင်းတို့လို ချစ်စရာကောင်းတဲ့ စာရေးကောင်းတဲ့ ညီမလေးတွေ၊ အစ်မတွေနဲ့ ခင်မင်ခွင့်ရခဲ့တယ်။ စာရေးသူတိုင်းရဲ့ အိပ်မက်က စာတွေ လွတ်လပ်စွာ ရေးခွင့်ရနေဖို့ပဲလေနော်။ စာရေးကျဲပေမဲ့ ကိုယ်ပိုင်စတိုင်၊ ဟန်ရှိတဲ့ နှင်းရဲ့အရေးအသားကို နှစ်သက်မိတယ်။ စာရေးဖော်တွေအပေါ် ခင်မင်တတ်လွန်းတဲ့စိတ်ကိုလဲ နှစ်သက်မိတယ်။
ရေမြေခြားမှာ စာတွေရေးနေတဲ့ ညီမလေး နေကောင်းကျန်းမာပါစေ။ စာပေလောကမှာ လင်းလက်တဲ့ ကြယ်တစ်ပွင့်ဖြစ်ပါစေ..။


(မြန်မာပြည်ရဲ့ ကွန်နက်ရှင်ကို အံတုနေရတာမို့ အရောက်နောက်ကျခဲ့တာကို ခွင့်မလွှတ်ပါနဲ့လို့..) :D

သိ င်္ဂါ ရ said...

Blog Day က စ လို့ ... စာပြန်ရေးဖြစ်လာတဲ့ Blogger များ အတွက် ... ထပ်တူထပ်မျှ ၀မ်းမြောက်ရပါကြောင်း ... Blogging မှ သည် ... Printing | Publishing Enviroment သို့ ... ဆုမွန်ကောင်းတောင်းပါကြောင်း ...

mstint said...

ဘလော့ဒေးကစပြီး စာပြန်ရေးဖြစ်တဲ့ ဘလော့ဂါတွေကြားမှာ အဲ့ဒီနေ့ကျမှ နယ်ရောက်သွားလို့ ဘလော့နဲ့ဝေးခဲ့ရတဲ့ ကိုယ့်ကိုယ်ကို စိတ်မကောင်းဖြစ်လိုက်တာ နှင်းရယ်.... :(
ံHappy Belated Bloggers Day !!!

မေတ္တာဖြင့်
အန်တီတင့်

My Blog List