ဒူဘိုင်းမှာ ဒီလိုရှိပါတယ် သူငယ်ချင်း

ဒူဘိုင်းက ဟိုတယ်တွေက ရန်ကုန်မှာ ဝန်ထမ်းတွေလာခေါ် နေခဲ့တာကြာခဲ့ပါပြီ။ ဒီကိုမလာခင်လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းကတော့ Traders Hotel မှာ လာခေါ်တဲ့အင်တာဗျူးတစ်ခုကို ရောက်ခဲ့ပါတယ်။
အင်တာဗျူးတွေမစခင်မှာ ဒူဘိုင်းသတင်းတွေ ဒူဘိုင်းမြို့အကြာင်းတွေကို ပရိုဂျက်တာကြီးတွေနဲ့ ပြပါတယ်။ Dubai က Crime Free ဖြစ်ကြောင်း စိတ်ချလုံခြုံတဲ့အကြောင်းကို လဲသေသေချာချာ ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ် ဒီကိုရောက်လာကာစကလဲ သိပ်မသိသေးပါဘူး။ ဒူဘိုင်းမြို့ကို စိတ်ချနေဆဲ ယုံကြည်နေဆဲပါ။ အာရပ်တိုင်းပြည် ဖြစ်တာမို့ သူတို့ရဲ့ ဘာသာရေးအရ မိန်းကလေးတွေအတွက် လုံခြုံမှုပေးနိုင်တဲ့ တိုင်းပြည်လို့ ယုံကြည်ခဲ့ပါတယ်။

ပြီးတော့ ဒီနှစ်ပိုင်းတွေမှာ ဒီမှာ အရင်ကနဲ့စာရင် တနေ့တခြား မြန်မာလူမျိုးတွေ ပိုများလာပါတယ် နေရာတိုင်းလိုလိုမှာ မြန်မာတွေကို တွေ့နေရပါတယ်။ အလုပ်ပေါင်းစုံ ကုမ္ပဏီပေါင်းစုံကနေ မြန်မာမိန်းကလေးယောက်ျားလေး တွေကို ရန်ကုန်မှာ သွားခေါ်ခဲ့ကြတာပါ။

ဒီရောက်ပြီးတော့ သတင်းစာနေ့တိုင်းဖတ်ဖြစ်ပါတယ်။ သတင်းစာတွေထဲမှာ မှုခင်းသတင်းတွေကို မကြာမကြာ တွေ့ရပါတယ်။ သတင်းစာတွေဖတ်ရင်း သူငယ်ချင်းတွေနဲ့ စကားပြောရင်း တစတစနဲ့ နေရာပေါင်းစုံမှာ ပုံစုံပေါင်းစုံနဲ့ မှုခင်းတွေ ဖြစ်နေတာကို သတိထားမိလာပါတယ်။ စိတ်ချလုံခြုံတဲ့နေရာနဲ့ လုံခြုံမှုမရှိတဲ့နေရာကိုလဲ ခွဲခြားသိလာခဲ့ပါတယ်။

သူငယ်ချင်းတွေကနေတဆင့် ဒီမှာ ဖြစ်ပျက်နေတဲ့ သတင်းလေးတွေလဲ မကြာမကြာ ကြားခဲ့ပါတယ်။ ဒီမှာလဲ သတင်း လွတ်လပ်ခွင့် ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေရပြန်ပါတယ်။ သူတို့သတင်းစာထဲမှာ လူသိရှင်ကြားထည့်တဲ့ မှုခင်း သတင်းတွေ ရှိသလို လူမသိသူမသိ ပျောက်သွားတဲ့ မှုခင်းသတင်းလေးတွေလဲ တော်တော်များများ ရှိပါတယ်။

ကျွန်မသိခဲ့ ယုံကြည်ခဲ့သလို ဒူဘိုင်းမြို့က လုံခြုံမှု အပြည့်အဝမရှိတာကို အနေ ကြာလာတာနဲ့အမျှ ပိုပြီး မြင်တွေ့လာပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအတွက် ဒူဘိုင်းမြို့မှာ သတိထားစရာ ဆင်ခြင်စရာတွေ ပိုများပါတယ်။

အန္တရာယ်များတယ်လို့မဆိုလိုချင်ပါဘူး။ ဒီနေရာမှာ သတိရှိရှိနဲ့ နေတတ်ထိုင်တတ်ဖို့ပဲလိုတယ်လို့ ပြောချင်ပါတယ်။
ဒူဘိုင်းမြို့က မှုခင်းတွေထဲမှာ မြန်မာတွေတော်တော်များများ သိခဲ့တဲ့ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့ အချိန်ကစလို့ နောက်ပိုင်းမှာ မိန်းကလေးတွေနဲ့ပက်သက်တဲ့ လူသတ်မှု သတင်းတွေ မိန်းကလေးတွေကို အဓ္ဓမကျင့်တဲ့ အမှုတွေကို သတိထားပြီးစောင့်ဖတ်ဖြစ်ပါတယ်။

လောလောလတ်လတ် သိလိုက်ရတဲ့ သတင်းလေးကတော့ ကျွန်မတို့နေတဲ့နားမှာ ဖိလစ်ပိုင်မလေးတစ်ယောက်ကို အတင်းဆွဲခေါ်ပြီး အဓ္ဓမကျင့်ဖို့ ကြံတဲ့အမှုလေးပါ။
နေရာကလဲ တကယ့်ကို လူစည်တဲ့ လူသန့်တယ်လို့ပြောလို့ရတဲ့ နေရာမှာပါ။ ဖြစ်တာက ည ၈ နာရီလောက် သူအလုပ်ကပြန်တဲ့အချိန်မှာပါ။ သူက အလုပ်ကနေ အိမ်ကို လမ်းလျှောက်ပြီး ပြန်လာတဲ့အချိန်မှာ ကားပါကင်တစ်ခုနားမှာ Indian တစ်ယောက်က အတင်းလက်ဆွဲပြီး ကားပါကင်ကို ခေါ်သွားတာပါ။

ကံကောင်းချင်တော့ သူ့ရဲ့အခန်းဖော်ကောင်မလေးကတွေ့လိုက်တာမို့ သူငယ်ချင်းကို စိတ်ပူလို့ ကားပါကင်ကိုလိုက်သွားပါတယ် သူကိုယ်တိုင်လဲ ဘာမှမတတ်နိုင်တော့ ပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူအညီတောင်းပေးပါတယ်။ ကံဆိုးချင်တော့ အစပိုင်းမှာ တွေ့တဲ့သူကလဲ မကူညီပါဘူး မဆိုင်သလိုပဲ ကြည့်သွားပါတယ်။

နောက်ဆုံးမှာတော့ အီဂျစ်လူမျိုး အမျိုးသားတစ်ယောက်ရောက်လာပြီး ကူညီရာက သူတို့တွေ ထိုးကြကြိတ်ကြပြီး ရဲစခန်းကိုရောက်သွားကြပါတယ်။

လူမြင်ကွင်း ကားပါကင်တွေတောင်မှာ အဲလိုအဖြစ်တွေရှိနေလေတော့ လူမမြင်နိုင်တဲ့ နေရာတွေ လူပြတ်တဲ့နေရာတွေမှာဆိုရင် ပိုဆိုးနိုင်ပါတယ်။ ဒီမှာကလဲ ကားပါကင် အကြီးကြီးတွေနေရာအနှံ့မှာ ရှိနေတတ်ပါတယ်။

( ဒူဘိုင်းရဲ့ ပို့ဆောင်ဆက်သွယ်ရေး စနစ်က ဆိုးရွားလွန်းတာမို့ ဒီကလူတွေတော်တော်များများဟာ ဟိုနားဒီနား လေးငါးမိုင်ခရီးတွေက အစ ခြေကျင်လျှောက်ရတာများပါတယ်။ လမ်းလျှောက်တဲ့လူတွေဟာ ခရီးတိုအောင်ရယ် အရမ်းပူတဲ့ဒဏ်တွေရယ် ကြောင့် လိုရာခရီးကို မြန်မြန်ရောက်အောင် တခါတရံ ဖြတ်လမ်းတွေကနေ လျှောက်ကြပါတယ်။ ကားပါကင်ကြီးတွေကနေ ဖြတ်သွားလို့ ခရီးတိုမယ်ဆိုရင် ဖြတ်သွားကြပါတယ်)

သူငယ်ချင်း ကောင်မလေးတစ်ယောက်ကတော့ ကားပါကင်ကနေ ဖြတ်သွားရင်း ပိုက်ဆံအများကြီး ကောက်ရဖူးသလို ရွှေဆွဲကြိုးတစ်ကုံးလဲကောက်ရဖူးပါတယ်။ သူကတော့ မဟာကံထူးရှင်ဖြစ်ပါလိမ့်မယ် သူပြောပြတဲ့ သူ့အတွေ့အကြုံကြောင့် ကျွန်မတို့သူငယ်ချင်းတွေ အားလုံး ကားပါကင်ကြီးတွေကို ဖြစ်သွားတိုင်း သေသေချာချာ လမ်းကို ကြည့်လျှောက်ဖြစ်ကြပါတယ်။

သိပ်မကြာခင်လေးက သတင်းစာထဲမှာ ဖတ်လိုက်ရတာကလဲ ဒီလိုသတင်းမျိုးပါပဲ။ ပါကစ္စတန်လူမျိုးတစ်ယောက်က ညစဉ်ညတိုင်း ညသန်းခေါင်အချိန် အလုပ်ကပြန်လာတဲ့ မိန်းကလေးတွေကို ကားပေါ်တင် ကားနဲ့အိမ်ခေါ်သွားပြီး အဓ္ဓမကျင့်တဲ့ အမှုပါ။ အဲဒီလူက သူ့ကိုယ်သူ ရဲအရာရှိပါဆိုပြီး အိုင်ဒီကဒ်ပြပြီး မိန်းကလေးတွေကို ကားပေါ်ခေါ်တင်ပြီး အဲလို လုပ်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ဆိုတာမသိတော့ပါဘူး..
သူ့ကို ဖမ်းမိတဲ့အချိန်မှာ ပေါ်လာတဲ့ အမှုတွဲတွေက အများကြီး ဖြစ်နေပါပြီ။


နောက်ထပ်တစ်မှုက အနုကြမ်းစီးတဲ့ပုံစံမျိုးပါပဲ။ သူငယ်ချင်းတစ်ယောက်က သူ့ဖုန်း တက္ကစီပေါ်မှာ ကျန်ခဲ့ပြီး ပျောက်သွားပါတယ်။ ၂ ရက် ၃ ရက်လောက်အထိ အဲဒီဖုန်းကို ဆက်သွယ်လို့မရပါဘူး။ ပြန်မရတာနဲ့ သူလဲ ဖုန်းအသစ်ဝယ်လိုက်ပါတယ်။ ၄ ရက်မြောက်နေ့မှာတော့ သူ့ဖုန်းကို ပြန်ဆက်သွယ်လို့ရပါတယ်။ ယောက်ျားတစ်ယောက်က သူ့ဖုန်းပြန်ပေးမယ် လာခဲ့ဆိုပြီးချိန်းတာနဲ့ သူချိန်းတဲ့ဆီမှာ ဖုန်းသွားယူပါတယ်။

အဲဒီသူငယ်ချင်းက ဒီမှာနေတာ ကိုးနှစ်ရှိပါပြီ သူ့ဖုန်းက တန်ဖိုးကြီးတာမှန်ပေမယ့် သူမနှမြောခဲ့ပါဘူး။ ဖုန်းထဲမှာ မှတ်ထားတဲ့ ကိုးနှစ်စာ မှတ်တမ်းကို နှမြောလို့ ပြန်သွားယူဖို့ ဆုံးဖြတ်လိုက်တာပါ။

အဲဒီသူငယ်ချင်းက ဖိလစ်ပိုင်မလေးပါ လူရည်လည်ပါတယ် သူ့အန္တရာယ်ကို ကြိုတွကိထားပါတယ်။ တက္ကစီငှားသွားပြီး ကားပေါ်ကမဆင်းပဲ ဟိုလူတွေကို လှမ်းခေါ်ပါတယ်။ သူ့ဆီလာတာက ပါကစ္စတန်လူမျိုး သုံးယောက်ပါ။ သူ့ဖုန်းကိုမပေးခင် သူ့ဆီက အိုင်ဒီတောင်းပါတယ်။ သူက သူ့ကဒ်ပြားတစ်ခုကို ပြလိုက်ပါတယ်။

ဒါပေမယ့် အဲဒီလူတွေက မယုံဘူးပြောပြီး နောက်ထပ် ဘဏ်ကဒ်ကိုထပ်တောင်းပါတယ်။ သူ့ကိုလဲ ကားပေါ်က ဆင်းလာဖို့ ကားကို ပြန်လွှတ်ဖို့ ပြောပြန်ပါတယ်။ ရှိသမျှသော ဘဏ်ကဒ်တွေကို တောင်းပါတယ်။ သူငယ်ချင်းက ကားတံခါးကို lock ချထားပြီး ကားမောင်းသမားကိုလဲ ဖွင့်မပေးဖို့ မှာထားပြီးသားပါ။။

အဲလို ဟိုမေးဒီမေးရှုပ်နေတဲ့အချိန်မှာ သူ့ဖုန်းက သူ့လက်ထဲ ပြန်ရောက်လာတာမို့ ကားသမားကို အတင်းမောင်းခိုင်းပြီး ပြန်ထွက်ပြေးလာခဲ့ပါတယ်။ အဲဒီညက သူလဲ စိတ်ခြောက်ခြားပြီး တော်တော် လန့်သွားပါတယ်။ သူ့ဖုန်းရဲ့ တန်ဖိုးက မြန်မာငွေနဲ့ဆိုရင် လေးသိန်းလောက်တန်ပေမယ့် သူပြန်တွေ့ရတဲ့ အန္တရာယ်က လေးသိန်းမကပါဘူး။ အခန့်မသင့်ရင် လူကိုပါ ဒုက္ခပေးနိုင်တဲ့ အခြေအနေပါ။

ဒီကမိန်းကလေးတွေ မကြာမကြာတွေ့ရတဲ့ ပြဿနာကတော့ ကမ်းခြေမှာ အဓ္ဓမကျင့်ခံရတဲ့ ပြဿနာပါ။ ဒါကတော့ လူမျိုးပေါင်းစုံကြုံရတာပါ။ မြန်မာတွေ ဖြစ်တယ် မဖြစ်ဘူးဆိုတာတော့ သေသေချာချာ မသိပါဘူး။ အခြား အီသီယိုးပီးယားမလေးတွေ ကင်ညာမလေးတွေတော့ မကြာခဏပြဿနာဖြစ်ပါတယ်။ သေကောင်ပေါင်း အနိုင်ကျင့်ခံခဲ့ရပြီး သေပြီထင်ပြီးပစ်ထားခံခဲ့တဲ့ ကင်ညာမလေး တစ်ယောက်ရဲ့ အဖြစ်ကလဲ သနားစရာပါ။ သူကတော့ ကံကောင်းချင်တော့ ရှိတဲ့ခွန်အားသုံးပြီး ကားလမ်းမကို ရောက်အောင်သွားခဲ့ပြီး အကူအညီတောင်းခဲ့လို့ သူ့အဖြစ်အပျက်တွေကို သိရတာပါ။ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် အဲဒီအမှုက သတင်းစာထဲမှာ မပါလာပါဘူး။

တော်တော်ဆိုးရွားတဲ့ သတင်းတွေပါ။ အဲဒီကောင်မလေးကတော့ သူ့အခန်းဖော်က သူ့ကို ကမ်းခြေခေါ်သွားပြီး အနိုင်ကျင့်တဲ့လူတွေနဲ့ ထည့်ပေးလိုက်တာလို့ပြောပါတယ်။ သူငယ်ချင်းအချင်းချင်း ကိုယ့်လူမျိုးအချင်းချင်း အခန်းဖော်တွေကိုတောင် မယုံကြည်ရပါဘူး။

နောက်ထပ် အဖြစ်အပျက်တစ်ခုကတော့ သူငယ်ချင်းတွေနေတဲ့ အိမ်မှာပါ။ မနက်စောစာ အလုပ်သွားတဲ့ ကောင်မလေးက အခန်းတံခါးကို ပြန်မပိတ်ခဲ့သလို ခြံဝင်းတံခါးကိုလဲ ပိတ်ဖို့မေ့ခဲ့တာပါ။ အဲဒီအချိန်မှာ လူတစ်ယောက်က အိပ်ခန်းထဲထိ ဝင်လာပြီး အိပ်နေတဲ့ သူငယ်ချင်းမိန်းကလေး တစ်ယောက်ရဲ့ စောင်ကို လာဆွဲလှန်ခဲ့တာပါ။ သူငယ်ချင်းက ရုတ်တရက်လန့်နိုးပြီး အော်တော့မှ အဲဒီလူ ခြံထဲက ထွက်ပြေးသွားခဲ့တာပါ။

လုယက်မှုကတော့ ရှိတော့ရှိပါတယ်။ ရှားပါတယ်။ မြို့ထဲမှာပဲ ညဘက် အိမ်ပြန်လာတဲ့ ညီမလေးတစ်ယောက်ရဲ့ အခန်းဖော်လဲ ပိုက်ဆံလုခံလိုက်ရပါတယ်။ ပိုက်ဆံအိတ်ရတော့ လူကိုတော့ ဘာမှ မလုပ်ခဲ့ပါဘူး။ မိန်းကလေးတွေနဲ့ ပက်သက်တဲ့ အမှုကတော့ စုံပါတယ်။ နောက်ဆုံး လူသတ်မှုပါဖြစ်တဲ့အထိ ဆိုးရွားကုန်ပါတယ်။

ပြီးတော့ ဒူဘိုင်းမြို့ပေါ်မှာမှ ၂၄ နာရီသွားလာနေထိုင်လို့ စိတ်ချရတဲ့ ရပ်ကွက်နဲ့ စိတ်မချရတဲ့ ရပ်ကွက်တွေဆိုပီး ရှိပါသေးတယ်။ စိတ်ချရတဲ့ရပ်ကွက်ဆိုရင်တောင်မှ အပြည့်အဝစိတ်ချရတယ်လို့ပြောလို့မရပါဘူး။ အချိန်နဲ့အမျှ သတိထားနေရမှာပါ။ မိန်းကလေးတွေအနေနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် သွားတာလာတာ နေတာထိုင်တာ ဝတ်တာစားတာကို သတိထားနေရင်တော့ အကောင်းဆုံးပါပဲ။

အခုရေးဖြစ်ခဲ့တဲ့ မြန်မာကောင်မလေး အသတ်ခံရတဲ့ အမှုနဲ့ ဖိလစ်ပိုင်မလေး ကားပါကင်မှာ ဖြစ်တဲ့ပြဿနာမှာ အဓိက ဖြစ်ခဲ့တာက လျှပ်ပေါ်လော်လီတဲ့ မပေါ့်တပေါ်တွေ ဝတ်လို့ ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ ဒီနိုင်ငံမှာ မြန်မာမှုနဲ့ မညီတဲ့ ဝတ်စားဆင်ယင်မှုလို့ ပြောလို့မဖြစ်တော့ပါဘူး။

ဒါပေမယ့် မိန်းကလေးတစ်ယောက်အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ ဝတ်စားဆင်ယင်မှုကြောင့်လို့တော့ ပြောချင်ပါတယ်။ အဝတ်အစားကို အချိန်အခါ နေရာဒေသ အခြေအနေကို လိုက်ပြီး ဝတ်သင့်တယ်လို့ ထင်ပါတယ်။ သူငယ်ချင်းတွေအများကြီးနဲ့ ဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်လောက်တိုတို ဘယ်လောက်ပေါ်ပေါ် ပြဿနာမရှိပါဘူး။ တစ်ယောက်တည်း သွားရမယ့်နေရာ သွားရမယ့် အချိန်ဆိုရင်တော့ သတိထားသင့်ပါတယ်။

တခါကကြုံခဲ့တဲ့ ကိုယ်တွေ့လေးကလဲ ရီစရာကောင်းပါတယ်။ ညဘက် ၁၀ နာရီကျော်လောက်မှာ သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ တက္ကစီစောင့်နေတုန်း တိုက်ရှေ့ကို ရောက်လာတဲ့ တက္ကစီကိုတွေ့တာမို့ တားလိုက်ပါတယ်။ ကားပေါ်က ဆင်းလာတဲ့ ကောင်မလေးက တော်တော်လေး လန်းပါတယ်။

ပါတီကနေ ပြန်လာသလားတောင်ထင်ရပါတယ် တိုတိုပြတ်ပြတ်လေး ဝတ်ထားတာမို့ လူတိုင်းက သတိထားမိပါတယ်။ အသားဖြူဖြူလေးမို့ သူ့အလှက ထင်းနေအောင်ပေါ်ပါတယ်။

ကျွန်မတို့တွေကားပေါ်ရောက်ပြီး ကားထွက်လာတော့ ကားမာင်းသမားဆီက သက်ပြင်းချသံကြားရပါတယ်။စောစောက ဆင်းသွားတဲ့ကောင်မလေးကို ကြည့်ပြီး ကားသမားချွေးပြန်နေတာပါ။
သူလဲယောက်ျားသားဆိုတော့ မြင်နေရတာကို မကြည့်ပဲ မနေနိုင်ပါဘူးလို့ ကျွန်မတို့ကို ပြောပြပါတယ်။ ဟိုကောင်မလေး ဝတ်စားထားပုံက သူ့ကို တလမ်းလုံး စိတ်ဒုက္ခတွေ ပေးလာသလိုပါပဲတဲ့။
သူ့စိတ်ကို တော်တော် ထိန်းထားရတယ်လို့ပြောပါတယ်။ ရာဇဝတ်မှုတွေ ဖြစ်ကုန်တော့မှာပဲလို့ပြောရင်းနဲ့ သူလဲ ရီနေပါတယ်။ အတူတူပါလာတဲ့သူငယ်ချင်းက ဒုက္ခတွေတော့ ရောက်တော့မှာပဲ အဲဒီကောင်မလေးက မြန်မာမလေးလို့ပြောတော့မှ ကျွန်မတို့မှာ ရီရမလို ငိုရမလို ဖြစ်ကုန်ပါတယ်။

မိန်းကလေးသဘာဝ လှချင်တာ မဆန်းပါဘူး။ သတိတရားလေးနဲ့ လှပအောင် အန္တရာယ်ကင်းအောင်သာ ဝတ်စားတတ်ဖို့ သွားလာတတ်ဖို့ လိုပါတယ်။

မြန်မာ မိန်းကလေးတွေ နိုင်ငံခြားမှာ အလုပ်လာလုပ်တဲ့ အပေါ် အထင်မကြီးတဲ့ သူတွေရှိသလို အနေအထိုင် မှားရင်လဲ ပြောချင်ဆိုချင်တဲ့သူတွေကလဲ မနည်းပါဘူး။
တကယ်တော့ မိန်းကလေးတိုင်းဟာ ကိုယ့်မြေကိုယ့်ရေမှာနေချင်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ သမာအာဇီဝ အသက်မွေးလမ်းကြောင်းလုပ်ဖို့ နိုင်ငံခြားကို ထွက်လာတာပါ။

နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတိုင်းကို စာရိတ္တပျက်ယွင်းတဲ့ ဖောက်ပြန်တဲ့စရိုက်တွေ ရှိနေတယ် အမေကျော်ပြီးဒွေးတော်လွမ်းတယ် ဘဝမေ့ပြီးကဲနေတယ်လို့ ပြောလို့မရပါဘူး။

မြန်မာနိုင်ငံပြင်ပမှာ မိန်းမကောင်းလေးတွေ အသိဥာဏ်ရှိတဲ့ မိန်းကလေးတွေ ရိုးရိုးသားသား အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ ၉၉.၉၉ ရာခိုင်နှုန်းရှိတယ်လို့ ပြောချင်ပါတယ်။ မိဝေးဖဝေးမှာ အစွန်းအထင်းမရှိပဲ နေနိုင်တဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်။

ဒီလိုမှုခင်းမျိုးတွေကို နိုင်ငံတကာမှာလဲ ကြုံတွေ့နေရပါတယ်။ နေရာတိုင်းမှာ ဖြစ်နေတာမို့ ဒူဘိုင်းမှာပဲ ဖြစ်တာလို့ ပြောလို့မရပါဘူး။ မိန်းကလေးတွေ ဒူဘိုင်းကို မလာနဲ့လို့ တားလို့မရပါဘူး။ အခြေနေတွေက ဖန်တီးလာခဲ့လို့ မြန်မာလူမျိုးတွေ တော်တော်များများ နိုင်ငံတကာမှာ ရောက်နေပါပြီ။

ကိုယ်ဘယ်နိုင်ငံကိုပဲရောက်ရောက် ကိုယ်နေတဲ့နေရာဒေသရဲ့ လူနေမှုစရိုက် ပန်ဝန်းကျင်ကို သတိထားပြီး လေ့လာနေဖို့နဲ့ အစစအရာရာ သတိအမြဲရှိနေဖို့ပဲလိုပါတယ်။

မြန်မာလူမျိုးတွေဟာ ယဉ်ကျေးမှုဆင်းရဲတဲ့ လူမျိုးမဟုတ်ခဲ့တဲ့အတွက် မြန်မာပြည်နဲ့ယှဉ်ရင် ယဉ်ကျေးမှု ဆင်းရဲလွန်းတဲ့ နေရာတွေမှာ သတိရှိရှိနဲ့ နေတတ်ဖို့ လိုအပ်တာထက်ပိုပြီး ခေတ်ရှေ့မပြေးဖို့ အတုယူမစောလွန်းဖို့ ပဲလိုပါတယ်။

မြန်မာမလေးတွေဟာ ဘယ်တိုင်းပြည်က မိန်းကလေးတွေနဲ့ယှဉ်ယှဉ် အရမ်းကို ရိုးသားလွန်းပါတယ် အရမ်းလဲ ဖြူစင်ကြပါတယ်။ ပိုဆိုးတာက အယုံလွယ်တတ်တာပါ။ အဲဒီအားနည်းချက်လေးတွေကို မြန်မာပြည်ထဲမှာ ထားခဲ့ပြီး ဘယ်တိုင်းပြည်ရောက်ရောက် အယုံမလွယ်ဖို့ အရမ်းမဖြူစင်ကြဖို့နဲ့ လူတိုင်းအပေါ်မရိုးသားမိဖို့ လူရည်လည်ဖို့လိုပါတယ်။
ကိုယ်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကာကွယ်ထိန်းသိမ်းနိုင်ကြရင်တော့ အကောင်းဆုံးပါ။

အင်မတန်လှပတဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတကာက အားကျနေတဲ့ ဒူဘိုင်းမှာနေကြတဲ့ သူငယ်ချင်းတွေရော
ဒီကိုလာဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ သိထားသင့်တဲ့ သတင်းလေးတွေကို ပြောပြပေးချင်လို့ ဒီပို့စ်လေးကိုရေး ဖြစ်ခဲ့ပါတယ်။

16 comments:

Sein Lyan Tun said...

တစ်လာဦးတာပါ

တစ်လိုချင်လို့

မနက်ကျမှ ဖတ်တော့မယ့်
ဒူဘိုင်းဆိုတာတာ့ဖတ်သွားတယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

MieMie said...

အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...
မိန်းမတွေအတွက် သတိပြုသင့်တဲ့ ပို့စ်ကောင်းလေးတခုပါ......

mie nge

Htet said...

အလှမပြင်ဘဲ မလှပြင်ကြပါလား အစ်မတို့.. သွားတုတွေနဲ့ ခေါအောင်လုပ်. အတိုဝတ်ချင်ရင် ခြေသလုံးကို ခွေးလေးကောင်လောက် အရင် အကိုက်ခံ.. လက်မောင်းကို ရေနွေးပူနဲ့လောင်း.. အဟက်.. နောက်တာပါ. သူများတိုင်းပြည်မှာဆိုတော့ သွားသတိ လာသတိပေါ့. ပြောတော့သာလွယ်တာ. သွားသတိ လာသတိဆိုတာ တော်တော်လေး ခက်တယ်. တရားလေးဘာလေး ထိုင်ကြပေါ့.. သတိတွေ ကောင်းလာမယ်. ဘယ်သူ့ကိုမှ မယုံနဲ့.. အဆင်ပြေကြပါစေဗျာ.

kiki said...

ဒူဘိုင်းရှိ မြန်မာ အမျိုးသမီးကောင်း အပေါင်းတို့ သင်းခွေချပ် သံချပ်ကာ လက်နက်တံဆာ အပြည့်အစုံ ဝတ်ပြီးမှ လမ်းထွက်ကြပါ ....

ဒီလို သတိပေး တဲ့ ပို့ စ်လေးတွေ တင်ပြပေးတာ
အလွန်ကောင်းမွန် ပါတယ် နှင်းရေ..

ခင်မင်လျှက်
မကိ..

ဇော် said...

ဟုတ်စ် မနင်း
ကျနော်လဲ သတိထားတော့မယ်
မငုံ၊ တမီးဗျိုနဲ့ ကိုကြယ့်ကို ရော ပြောပြီးပလားဗျာ။
ကျနော်ကတော့ သေချာမှတ်တယ်ဗျိုးးးး။ =)

စူး said...

လျှပ်ပေါ်လေိာလီ ၀တ်စားဆင်ယင်ခြင်း က ရာဇဝတ်မူကို တွန်းအားပေးတယ်..
နောက်တချက်.. အလုပ်က အပြန်အခုလိုပဲ မိုးချုပ်တာတော့ သိပ်မကောင်းဘူးထင်တယ်နော်..
ကြောက်စရာကြီး ..

ကံဆိုးရင် အသွားမတော်တာနဲ့ ...အမလေးးး တွေးရဲဘူးး

Beauty Studio USA Branded Store said...

ဒူဘိုင်းကဒီလောက်မဆိုးပါဘူး။
ဆိုးတာကကျန်နေတဲ့ 00.01%ပါ။
ကူညီကာထိန်းပေးရင် တို့အမျိုးကောင်းသမီးတွေ
ကမ္ဘာမှာ ယဉ်ကျေးမှုအရှိဆုံးဖြစ်ပါပြီ။

rose of sharon said...

တကယ်ကောင်းတဲ့post လေးဘဲ...
စေတနာတွေနဲ့ရေးထားတဲ့ဒီပို့စ်လေးကို..
ဒူဘိုင်းရောက်မိန်းခလေးများဖတ်မိကြပါစေ...

ကိုရေတမာ said...

တန်းဖိုးရှိတဲ့ မျှဝေမှုလေးတွေပါဗျာ... ကျေးဇူးတင်ပါတယ်.... အမျိုးသမီးများ အလိုမှုခင်းမှုတွေမှ ကင်းဝေးကြပါစေ

Sein Lyan Tun said...

မနှင်းရေ....

ပိုစ့်ကောင်းလေးပါ...


မိန်းခလေး တွေ သတိပြုရမဲ့ အချက်တွေ ပါတယ်လေ

အရမ်းကောင်းတယ်

ချစ်ခင်တဲ့

ဖိုးစိန်

အိုက်ခီလောက် said...

မနှင်းရေ မိန်းကလေးခြင်းသတိပေးတာကို သဘောကျမိပါတယ် အနေအထိုင်မဆင်ခြင်တဲ့ မိန်းကလေးတွေအတွက် တန်ဖိုးရှိတဲ့ပိုစ့်လေးပါပဲဗျာ
ကိုယ့်လူမျိုးအတွက်သာမက မိန်းကလေးတိုင်း သတိထားရမယ့် ကိစ္စ ဖြစ်နေတယ်မလား
ခုလို ရေးပြထားတော့ အန္တာရယ် ရှောင်နိုင်ကျတာပေါ့နော်
မလွယ်ပါလားနော် နီုင်ငံရပ်ခြားတိုင်းပြည်က
လုံခြုံမူမရှိလည်း ရည်မှန်းချက်ပန်းတိုင် ကိုလျှောက်လှမ်းနေရမှာပေါ့နော်

emayarKhin said...

နှင်းရေ...မှတ်သားစရာတွေချည်းပါဘဲလား
နှင်းရဲ့ပိုစ်ကိုဖတ်ပြီးတော့မှပဲ....သတင်းအစုံ
သိရတော့တယ်........။။။

desertraindrops said...

မနှင်းရေတကယ် ကျေးဇူးပါ။ ကြောက်တယ်။

သူကြီးမင်း (တုံးဖလား) said...

တကယ်သိထားသင့်တဲ့ ပို့စ်ကလေးပါ။
မိန်းခလေးတွေ အထူးသဖြင့် မြန်မာမိန်းခလေးတွေ အတွက် သတိထားသင့်ပါတယ်။ မြန်မာမိန်းခလေးတွေမှာ အစွန်းအထင်းဖြစ်သွားလို့ရှိရင် တစ်ခြားနိုင်ငံသူတွေထက် လူပုံအလည်မှာ နေရခက်ပါတယ်။

ဒီပို့စ်လေးအတွက် တကယ့်ကို ကျေးဇူးပါ။

မိုးခါး said...

မိန်းကလေးတွေအတွက်ကတော့နော် နေရာတိုင်းမှာ အန္တရာယ်က ရှိနေတာပဲ .. ကိုယ်သာ အနေအထိုင်မတတ်ရင် ပြီးရောပဲ ..
ဘယ်နေရာရောက်ရောက် မြန်မာက မြန်မာပါပဲ ..
မသိတာတွေ သိလိုက်ရလို့ ကျေးဇူးပါ ..း)

မိုးယံ said...

ကိုယ့်မြေကိုယ့်ရေ မဟုတ်တဲ့ နေရာမှာတောင် အန္တရယ်ကို စိန်ခေါ်ဝံ့တဲ့ အန္ဓတွေရဲ့ ဟီရိနဲ့သြတ္တပကို အံ့တယ်..

မြန်မာပြည်မှာတုန်းက လိုချင်တာများ ရှိခဲ့လေရောသလား။ ပေါ်ပေါ်တင်တင်တွေ မဟားဒရားဝတ်တာကို ပြောပါတယ်။

My Blog List