သူငယ်ချင်းအတွက်.....

သူမပို့လာတဲ့ အီးမေးလ်းလေးကိုဖတ်ရင်း သူမကို မတွေ့ဖြစ် တာအတော်ကြာခဲ့ပြီဆိုတာ သတိရလာမိပါတယ်။
သူမဟာကိုယ့်ဘဝထဲမှာ အမှတ်တရဖြစ်စေခဲ့တဲ့ သူငယ်ချင်းမလေး တစ်ယောက်ဖြစ်ခဲ့သလို ကိုယ့်ရဲ့ မှတ်ဥာဏ်တွေထဲမှာ မေ့လို့မရအောင်လဲ အမှတ်တရလေးတွေ ပေးထားခဲ့သူလေးပါ။

သူမကိုစတွေ့ကာစတုန်းကတော့ မြင်မြင်ချင်းမှာ ကြည့်မရခဲ့တာ ဝန်ခံချင်ပါသည်။ သူမက လူလေးက ပုပုသေးသေးလေး အသားဖြူဖြူ နှုတ်ခမ်းပါးပါးလေးနဲ့ စကားအင်မတန်များလှတာမို့ စကားနည်းလွန်းလှတဲ့ ကိုယ်က သူမကို ကြည့်မရခဲ့တာ မဆန်းလှပါ။

ဒါပေမယ့် အလုပ်ထဲအတူတူ လုပ်သူတွေဆိုတော့ နေ့တိုင်းတွေ့နေရပြန်တာမို့ စိတ်ဆိုးချင်တိုင်းလဲ ဆိုးလို့မရခဲ့သလို စကားမပြောချင်လဲ နေလို့မရခဲ့ပါ။

သူမကတော့ စကားတွေကို ပေါက်ပေါက် ဖောက်သလို အမျှင်မပြတ်ပြောတတ်သလို အလုပ်ကိုလဲ ကြိုးစားပန်းစားလုပ်သူလေးမို့ ကြာလာတော့ သူမကို ကြာကြာ အမြင်မကတ်နိုင်တော့ပါ။ ဒါပေမယ့် သူမကို အရမ်းလဲ ခင်မင်လို့မရခဲ့သလို သူငယ်ချင်းလို့ သတ်မှတ်ဖို့ကိုလဲ ကိုယ်က ကြီးကျယ်နေခဲ့ပါသေးသည်။
ကိုယ်က ရင်ထဲကနေ မြတ်မြတ်နိုးနိုး တန်ဘိုးထားလို့ရမှ သူငယ်ချင်းအဖြစ်သတ်မှတ်တတ်သူပါ။

အလုပ်ဝင်ပြီး မကြာခင် ကိုယ့်မှာ ကိုယ်ဝန်ရှိလာတာမို့ သူမက ကိုယ့်ကို လူကြီးတစ်ယောက်လို ဂရုစိုက်ခဲ့သလို တခါတရံမှာ ကိုယ့်အလုပ်တွေကိုလဲ ကူပြီးလုပ်ပေးတတ်ပါသည်။
အဲဒီအချိန်အထိလဲ ကိုယ်က သူမကိုကြည်ကြည်လင်လင် ခင်မင်လို့မရသေးခဲ့ပါ။

သူမကလဲ အိမ်ထောင်သည် ကိုယ်လဲ အိမ်ထောင်သည်ဆိုပေမယ့် နှစ်ယောက်လုံးက အရွယ်တူတွေ ကိုယ်တို့ လာတဲ့ နိုင်ငံခြင်းမတူတာကလွဲလို့ တပတ်မှာ ခြောက်ရက်တွေ့နေတာမို့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ဖြစ်ခဲ့တာတော့မဆန်းခဲ့ပါ။

သူမကိုယ့်ကို အမှတ်တရလေးတွေ ဖြစ်စေခဲ့တဲ့ နေ့လေးတစ်နေ့ကတော့ ကိုယ့်အတွက် မေ့မရတဲ့ နေ့လေးတစ်နေ့ဖြစ်ခဲ့ပါသည်။

အဲဒီနေ့က အလုပ်သွားဖို့ ပြင်ဆင်နေရင်း ဗိုက်နာလာတာမို့ သူမအလုပ်မသွားနိုင်ပဲ ဆေးရုံကိုတန်းသွားရပါသည်။ ကိုယ်ဝန်က နေ့စေ့လစေ့ဆိုပေမယ့် သူမက အလုပ်ကို တစ်ရက်မှ အပျက်မခံခဲ့သလို နှာစေးချောင်းဆိုးတာက အစ ဘာပဲဖြစ်ဖြစ် ခွင့်ယူခဲ့သူမဟုတ်ပါ။

အမျိုးသားက ကားမောင်းပြီး ဆေးရုံကို လိုက်ပို့ပေးချိန်မှာ ကိုယ့်မှာတစ်ယောက်တည်း စိုးရိမ်ထိတ်လန့်နေခဲ့ပါသည်။ ပထမဦးဆုံးကလေးမွေးရမယ့် အတွေ့အကြုံအတွက် တွေးပြီး ထိန်လန့်နေခဲ့ပါသည်။ မေမေတို့ ပြောထားခဲ့ဖူးတဲ့ ကြားဖူးနားဝတွေနဲ့ စိုးထိတ်နေတာမို့ ဗိုက်စနာလာတဲ့အချိန်မှာ ကတည်းက သူမဇောချွေးတွေ ပြန်နေခဲ့ပါသည်။

ကိုယ်က အားငယ်တတ်သူ ကြောက်ရွံ့တတ်သူမို့ အရာရာ ကိုတွေးပြီးကြောက်နေခဲ့ပါသည်။ ရေခြားမြေခြားမှာ ကိုယ့်မွေးရပ်မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ အဖော်ဆိုလို့ ခင်ပွန်းသည် တစ်ယောက်သာရှိနေခဲ့သလို ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေဆိုတာလဲ ကိုယ့်မှာ ရှားပါးလွန်းခဲ့ပါသည်။

မောင်ကတော့ ကိုယ်အားမငယ်ရအောင် စကားတွေပြောပေးနေပါသည်။ မေမေ့ကို သတိရနေတဲ့ စိတ်ကို မေ့မေ့ပျောက်ပျောက်ဖြစ်အောင် သူက အထပ်ထပ်အားပေးနေရင်း ပထမဦးဆုံးကလေးမွေးရမယ့် သူမအတွက်လဲ မောင်ကစိတ်တွေလှုပ်ရှားနေခဲ့ပါသည်။

ဆေးရုံရောက်တော့ သူမကို ဆရာဝန်တွေက သီးသန့်အခန်းထဲခေါ်သွားခဲ့ပါသည်။ မောင်ကတော့ အပြင်မှာ ကိုယ်မွေးမယ့် အချိန်ကို စောင့်ရင်း ကျန်နေခဲ့ပါသည်။

သီးသန့်အခန်းထဲက ကုတင်ပေါ်မှာ လှဲနေရင်း တစ်ယောက်တည်း အားငယ်စိတ်တွေ ဝင်လာမိပါသည်။ မောင်စိတ်မကောင်းဖြစ်မှာစိုးလို့ မောင့်ရှေ့မှာ အားတင်းထားပေမယ့် ကုတင်ပေါ်မှာ တစ်ယောက်တည်းရှိနေချိန်မှာတော့ မေမေ့ကို လွမ်းတာမို့ တစ်ယောက်တည်းမျက်ရည်တွေကျနေမိပါသည်။

မောင်ကတော့ အခန်းအပြင်မှာစောင့်ရင်း ၁၅ မိနစ်တစ်ခါလောက် သူမကို ဖုန်းဆက်ပြီး အခြေအနေကို လှမ်းမေးနေခဲ့ပါသည်။

ဗိုက်ကလဲ တစတစ ပိုပြီးနာလာခဲ့ပါသည်။ ဒီအချိန်မှာ သူမ အတမ်းတဆုံးလူကတော့ ဟိုးအဝေးကြီးမှာ ကျန်နေခဲ့တဲ့ မေမေပဲ ဖြစ်နေပါသည်။ မေမေကသူမကို အိမ်မှာ ပြန်လာပြီးမွေးဖွားဖို့ပြောခဲ့ပေမယ့် မောင့်စိတ်တိုင်းကျ မောင်ရော သူမရော အလုပ်တွေမပျက်ရအောင် ဒီနိုင်ငံမှာပဲမွေးဖို့ သူမဆုံးဖြတ်ခဲ့ပါသည်။

နောက်ဆုံးမှာ မေမေ့မျက်နှာကိုမြင်ယောင်ရင်း မေမေ့ကို ဖုန်းဆက်ဖို့ ဖုန်းခလုတ်တွေနှိပ်နေချိန်မှာတာ့ သူမက ကိုယ့်အခန်းထဲကို ဝင်လာခဲ့ပါသည်။ ကံဆိုးလှစွာပဲ မေမေ့ကိုလဲဖုန်းခေါ်လို့မရခဲ့ပါ။

သူမက ကိုယ့်ဆီတန်းတန်းမတ်မတ် ရောက်လာပြီး သွားတွေအကုန်ပေါ်အောင်ပြုံးပြပြီး ဘယ်လိုနေသေးလဲလို့မေးလာပါသည်။ ကိုယ်အလုပ်မသွားနိုင်တာကို မောင်က ဖုန်းဆက်ပြီး ခွင့်ယူခဲ့တာမို့ ကိုယ်ဆေးရုံရောက်နေခဲ့တာကို အလုပ်ကလူတွေ အားလုံးသိနေခဲ့သလို သူမလဲ သိခဲ့ပါသည်။

သတင်းကြားကြားချင်း အလုပ်မှာ ခွင့်တင်ပြီးဆေးရုံကိုလိုက်လာတဲ့ သူမကို ပထမဆုံးအကြိမ် ကိုယ်ကျေးဇူးတင်မိပါသည်။ ကိုယ်ဘယ်တုန်းကမှမမျှော်လင့်ထားတဲ့ ဂရုစိုက်မှုကို အားငယ်နေချိန်မှာ ရခဲ့တာမို့ ကိုယ့်ရဲ့ပျော်ရွှင်မှုက ဘာနဲ့မှ လဲလို့မရခဲ့ပါ။

အဖော်တမ်းတနေချိန် အားကိုးရှာနေချိန်ဝမ်းနည်းအားငယ်နေချိန်မှာ ကိုယ့်ဘေးကိုရောက်လာတဲ့ သူမကို လွတ်ထွက်သွားမှာစိုးရိမ်စွာနဲ့ ဆုပ်ကိုင်ထားတဲ့ ကိုယ့်ရဲ့လက်တွေက အေးစက်နေခဲ့တာကို သူမသတိထားမိပေမယ့် ကိုယ့်ကို ဘာမှမပြောခဲ့ပါ။

ကိုယ်မျက်ဝန်းမှာ မျက်ရည်ကြည်လေးတွေ ဝဲနေတာကိုလဲ သူမမြင်နေပေမယ့် ကိုယ့်ကို မေးခွန်းတွေမထုတ်ပဲ အသံတိတ်အားပေးတဲ့အနေနဲ့ သွားဖြူဖြူလေးတွေပေါ်အောင် ထပ်ပြီးရီပြနေရင်း သူမရဲ့ အခန်းကို လှည့်ပတ်ကြည့်နေခဲ့ပါသည်။ သူမရဲ့ အပြုအမူကြောင့်ကိုယ် နားမလည်နိုင်သလိုဖြစ်နေပေမယ့် စက္ကန့်ပိုင်းအတွင်းမှာ သူမဆီက ကြားနေကျ အသံမြူးမြူးလေးကို စပြီးကြားရပါတော့သည်။

“သူငယ်ချင်းရေ ဒီအခန်းကြီးက လှလိုက်တာ ဆေးတွေသုတ်ထားတာကလဲ ဆေးရုံနဲ့တောင်မတူဘူးဟ သေသေချာချာကြည့် ဒီအခန်းကို ဆေးသုတ်ထားတဲ့ပုံက ထူးဆန်းတယ် အရောင်တွေ စပ်ထားတာလဲလှတယ်ဟ မျက်နှာကျက်က ကာလာလေးကိုလဲကြည့်လေ ကာလာစပ်ထားတဲ့ အိုင်ဒီယာ နင်သတိထားမိလား ပြီးတော့ ပြတင်းပေါက်ဘောင်တွေကို သုံးထားတဲ့အရောင် တော်တော်လှတယ်ဟ.. ဒီပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်စမ်း ပန်းတွေ စိုက်ထားတာလဲ လန်းတယ်ဟ အပင်တွေကို အကွက်တွေဖော်ပြီးစိုက်ထားတာက ဟိုတယ်တစ်ခုရဲ့ အပြင်အဆင်အတိုင်းပဲ နင်သတိထားမိလား ” ဆိုပြီး ပေါက်ပေါက်ဖောက်သလို စကားတွေ တရစပ် ပြောလာသလို သူမကိုယ်တိုင်ကလဲ အခန်းထဲမှာ မျက်စိမူးလောက်အောင် လှည့်ပတ်ပြီး စပ်စုလွန်းစွာ လျှောက်ကြည့်နေခဲ့ပါသည်။

"အဲ အခန်းကြီးကလဲ အကျယ်ကြီးပဲ ဒီမှာကြည့် မော်ဒယ်တောင်လျှောက်လို့ရတယ်" ဆိုပြီး ဟန်ပါပါနဲ့ မော်ဒယ်တစ်ယောက်လိုလဲ လမ်းလျှောက်ပြနေခဲ့ပါသေးသည်။

ကိုယ်လဲ သူမရဲ့စကားတွေထဲမှာနစ်မြောနေရင်း သူမပြောမှပဲ ဒီအခန်းရဲ့ အပြင်အဆင်တွေကို သတိထားမိခဲ့ပါသည်။ တစ်ယောက်တည်းနေစဉ်က ဝမ်းနည်းအားငယ်စိတ်တွေလဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့သလို မျက်စိနောက်လောက်အောင် တစ်ယောက်တည်း ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ပြနေတဲ့ သူမကိုကြည့်ရင်း ဗိုက်နာတာလဲ ဘယ်ရောက်သွားမှန်းမသိတော့ပါ။

"နင်က အရပ်ရှည်ရှည် ပါးပါးသွယ်သွယ်လေးဆိုတော့ မော်ဒယ်လျှောက်ရင် လှမှာဟ ငါကတော့ ပုတက်တက်နဲ့ ငါးလက်မဒေါက်စီးတောင် ကြည့်လို့ကောင်းမှာဟုတ်ဘူးဟ… ငါညကဖက်ရှင်လိုင်းမှာတွေ့တဲ့ မော်ဒယ်မလေးက နင်နဲ့တော်တော်တူတယ်ဟ ရီလိုက်ရင်ပိုတူတယ်သိလား…. နင်ကလေးမွေးပြီးရင် ငါ့ကို မော်ဒယ်လျှောက်ပြနော်… နင်လျှောက်တာ ငါကြည့်ချင်သေးတယ်ဟ… အခုတော့ ငါပဲနင့်ကို လျှောက်ပြမယ်…. Paris Hilton ရဲ့ ပို့စ်က ဒီလို သူဝတ်ထားတဲ့ ကာလာလေးကလဲ လှတယ်ဟ…" မရပ်မနား စကားတွေပြောရင်း ဘယ်မော်ဒယ်လ်က ဘယ်လိုဆိုပြီး ပို့စ်မျိုးစုံကို အိုက်တင်အပြည့်နဲ့ လုပ်ပြနေတဲ့ သူမကိုငေးကြည်ရနေရင်း သူမရဲ့ စိတ်ထဲမှာ အပျော်ဓါတ်လေးတွေကူးလာသလို တခါတရံမှာ ကိုယ်ပါ အားရပါးရ လိုက်ရယ်မိတဲ့အထိ သူမက ကိုယ့်ကိုမျက်လှည့်ဆန်ဆန် ဖျော်ဖြေပေးနေခဲ့ပါသည်။

ကိုယ့်ရဲ့ အခြေအနေကို လာကြည့်တဲ့ သူနာပြုဆရာမလေးပါ သူမရဲ့ တစ်ကိုယ်တော် ဖြေဖျော်မှုမှာ နစ်မွန်းနေပြီး သူမရဲ့အခန်းလေးထဲမှာ တဟားဟားနဲ့ ပွဲကျနေခဲ့ပါသည်။

နောက်ဆုံးအချိန်ကိုယ်မခံမရပ်နိုင်လောက်အောင် ဗိုက်နာလာပြီးမွေးခန်းထဲရောက်တဲ့အထိ သူမက ဟာသတွေပြောလို့မဆုံးခဲ့ပါ။ ကိုယ်လဲ နာကျင်မှုဝေဒနာတွေကို ဝိုးတိုးဝါးတားမျှသာ ခံစားလိုက်ရပြီး နာကျင်ခြင်းမရှိ အော်ဟစ်ငိုယိုခြင်းမရှိ မျက်ရည်မကျပဲ သားလေးကို အောင်မြင်စွာ မွေးဖွားပေးခဲ့ပါသည်။

သူနာပြုဆရာမလေးကလဲ ကိုယ့်ကို ချီးမွမ်းစကားတွေဆိုရင်း ဒီလိုအချိန်မှာ ဒီလိုတော်တဲ့ ဂရုစိုက်တတ်တဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူငယ်ချင်းလေးရှိနေတာ မင်းကံကောင်းတယ်လို့ ပြောလိုက်တဲ့အချိန်မှာတော့ ကိုယ့်ရင်ထဲမှာ ဘာနဲ့မှမတူတဲ့ ခံစားချက်လေးတစ်ခု ဖြစ်လာခဲ့သလို သူမကို တချိန်က သူငယ်ချင်းရယ်လို့ အသိအမှတ် မပြုနိုင်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုလဲ နောင်တရလိုက်မိပါတယ်။

တကယ်ဆို ကိုယ့်ရဲ့နာကျင်ခြင်းတွေ အားငယ်ကြောက်ရွံ့ခြင်းတွေ စိုးရိမ်ပူပန်မှုတွေကို အချိန်တိုတိုလေးအတွင်းမှာ ဖယ်ရှားပေးခဲ့တာ သူမဖြစ်ခဲ့သလို ကိုယ့်ဘဝမှာ အလိုအပ်ဆုံး အချိန်တခုမှာ သူမကိုယ့်အနားမှာ မှော်ဆရာဆန်ဆန် ရပ်တည်ပေးခဲ့တာကို ကိုယ်နေ့စဉ်နဲ့အမျှသတိရနေခဲ့ပါသည်။

သူမရဲ့နာကျင်မှုတွေကို ကုစားပေးခဲ့တဲ့ နည်းလမ်းလေးနဲ့ ဝမ်းနည်းနေချိန်မှာ သာမန်ပြောနေကျ စကားတွေ တစ်ခွန်းမှ မပြောပဲ အများသူငါတွေ ပေးနေကျ သာမန်နှစ်သိမ့်မှုမျိုးမပေးခဲ့ပဲ ထူးထူးခြားခြား အာရုံပြောင်းပေးခဲ့တဲ့ သူမလေးရဲ့ စေတနာလေးကို ပိုလို့လေးစားခဲ့တာကိုတော့ ကိုယ်သူမရှေ့မှာ ဝန်ခံခဲ့ပါသည်။

သူမကိုကျေးဇူးတင်ကြောင်းပြောမိတော့ “နင့်အမေကို အရမ်းတမ်းတနေတဲ့အချိန်မှာ ငါက နင့်အမေကို မခေါ်ပေးနိုင်ဘူးလေ… ပြီးတော့ နင့်အမေအကြောင်းပြောမိရင် နင်ပိုသတိရပီး ငိုရင် ငါလဲ ဝိုင်းပြီးငိုလို့ပဲရမှာ… နင်ဘာလိုနေတယ်ဆိုတာ ငါသိခဲ့တယ်… ငါလဲ မိန်းကလေးတစ်ယောက်ပဲလေ.. ဒီလို အချိန်တွေကို တနေ့နေ့မှာ ငါလဲ ရင်ဆိုင်ရမှာ.. ပြီးတော့ ငါတို့တွေက မိဘတွေရဲ့ အဝေးကြီးမှာ….. ငါနင့်ကို ထပ်တူထပ်မျှစာနာ ပေးနိုင်ပါတယ်…. ငါ့ကြောင့်နင်ခံစားနေရတဲ့ ဝေဒနာတွေမေ့ပြီး နင်ပျော်လာတာတွေ့တော့ ငါလဲဝမ်းသာပါတယ်… လို့ သူမက ခပ်ရိုးရိုးလေး ပြန်ပြောခဲ့ပါသည်။

သူမကိုပိုလို့ကြည်နူးစေတဲ့ အဖြစ်လေးကတော့ ပိုပြီးတော့ ရီစရာကောင်းနေခဲ့ပါသည်။။
သားကိုမွေးပြီး တပတ်အကြာမှာ သူမအိမ်ကို လာလည်တဲ့တနေ့မှာတော့ သူမမော်ဒယ်လျှောက်ပြတဲ့ အကြောင်း Paris Hilton ရဲ့ပို့စ်ကို သတိတရနဲ့ ကိုယ်ကပြောပြတော့ သူမမျက်ရည်တွေထွက်လာတဲ့အထိ ရယ်မောနေခဲ့ပါသည်။

"အဲဒီနေ့က နင့်မျက်ရည်စတွေ မြင်လို့ ငါလဲ ကြံမိကြံရာ လုပ်ပြခဲ့တာဟ။ ငါက ဖက်ရှင်ရှိုးကို တစ်ခါမှ ကြည့်ဖူးတာ ဟုတ်ဘူးဟ ပျင်းစရာကောင်းလို့ ဘယ်တုန်းက မှလဲ မကြည့်ခဲ့ဘူး ။ မော်ဒယ်လဲ လျှောက်ဖူးတာဟုတ်ဘူးဟ …အဓိကက နင့်ကို အာရုံပြောင်းပေးချင်လို့ အခန်းထဲမှာ တွေ့သမျှ မြင်သမျှတွေ လျှောက်ပြောမိတာ… Paris Hilton ကလဲ လောလောလတ်လတ် ဖတ်မိတဲ့ သတင်းစာထဲက ပို့စ်ကို လုပ်ပြတာဟ" လို့ရိုးသားစွာ ပွင့်လင်းစွာ ဝန်ခံလာတော့ သူမကို နာလည်စွာနဲ့ အခင်အမင်ပိုရပြန်ပါသည်။ သူမကို ညီမလေးတစ်ယောက်လို ပိုလို့ ချစ်မိခဲ့ရပါသည်။

သူမနေရာမှာ ကိုယ်ဆိုရင်ရော သူမလို လုပ်ပေးနိုင်စွမ်းရှိမှာလားလို့ တစ်ယောက်တည်း အသံတိတ်မေးမိတော့ သူမရလာတဲ့ အဖြေက မရေမရာ အဖြေတစ်ခုသာ....

သားလေးမွေးပြီး ခြောက်လလောက်ကြာတဲ့ အချိန်မှာတော့ သူမဟာ အနောက်နိုင်ငံ တစ်ခုကို သူမရဲ့ ခင်ပွန်းသည်နဲ့အတူ ပြောင်းသွားခဲ့တာမို့ ကိုယ့်အနေနဲ့ သူမနဲ့ ထပ်ပြီးဆုံဆည်းကြဖို့ မဖြစ်နိုင်တော့ပါ။

စာတွေအပြန်အလှန်ပို့ရင်း ဓါတ်ပုံတွေ ဖလှယ်ရင်း ဖုန်းတွေပြောရင်းနဲ့ပဲ အလွမ်းဖြေခဲ့ရသလို သူမပေးထားခဲ့ဖူးတဲ့ သံယောဇဉ်လေးကတော့ သားလေးနဲ့အတူ ကိုယ့်ရင်ထဲမှာ အခိုင်အမာ ကျန်နေရစ်ခဲ့ပါသည်။

တကယ်တော့… သူငယ်ချင်းဆိုတာ မမျှော်လင့်တဲ့ အချိန် မမျှော်လင့်တဲ့ နေရာ မမျှော်လင့်တဲ့ အခြေအနေတွေမှာ ကောက်ရတတ်သလို…. သူတို့တွေဟာ ကိုယ့်ရဲ့အနားမှာလဲ အမြဲတမ်းရှိမနေနိုင်တာမို့ တွေ့ဆုံကြတဲ့ အချိန်လေးတွေမှာ တန်ဘိုးထားပြီး အပြန်အလှန်လေးစား ချစ်ခင်ကြရင်အကောင်းဆုံး ဆိုတာကို ကိုယ်ခံစားတတ်ဖို့ နားလည်တတ်ဖို့ သူမလေးက သင်ပေးခဲ့ပါသည်။

သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ရင်ဘတ်တူပြီး စာနာနားလည်ပေးနိုင်သူဆိုတာ အင်မတန်ရှားပေမယ့် တချိန်ချိန် တနေရာရာမှာတော့ မတူညီနိုင်တဲ့ ဆုံဆည်းခြင်း မမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ အတူ ကိုယ်တို့ဆီကို ဆိုက်ရောက်လာတတ်ပါတယ်။။။။

သူငယ်ချင်း မိတ်ဆွေလေးတွေကို တွေ့ဆုံချိန်မှာ တန်ဘိုးထားတတ်စေဖို့…..

ခင်မင်ရတဲ့ သူငယ်ချင်းလေးတစ်ယောက်ရဲ့ မွေးနေ့မှာ အမှတ်တရ ဖြစ်စေဖို့ ဒီပို့စ်လေးကို ရေးပြီး
လက်ဆောင်ပေးလိုက်ပါတယ်….
သူငယ်ချင်းလေးရဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေ….

မှတ်ချက်။ ။ ဘာသာပြန်မဟုတ်ပါ...သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးကို ကိုယ်တိုင်ခံစားပြီး ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

9 comments:

ရေတမာ said...

ပျော်ရွင်စရာ ကောင်းသောမွေးနေ့လေး ဖြစ်ပါစေ မကြီးနှင်းသူငယ်ချင်းရေ...

ရင်ဘတ်နဲ့ ခင်တဲ့ မိတ်ဆွေတွေ အများကြီးရပါစေ

happy happy happy birthday to youuuuuuuuuuuuuu

စူး said...

တကယ်တော့..သူငယ်ချင်းဆိုတာ မမျှော်လင့်တဲ့ အချိန် မမျော်လင့်တဲ့နေရာ မမျော်လင့်တဲ့ အခြေအနေတွေမှာ ကောက်ရတတ်သလို....

အောက်ဆုံးပိုဒ်က စာသားတွေ အားလုံးကြိုက်တယ်..

သူငယ်ချင်း ...တဲ့...


ဝေးဝေးနီးနီး
စိတ်တူကိုယ်တူ ရှိနေတယ်ဆို
ဒါဟာ သူငယ်ချင်းပါပဲ..

ကျေးဇူး..အတွေးလေးတွေ သယ်သွားးရင်းး

သီဟသစ် said...

သူငယ်ချင်းလေးအကြောင်းဖတ်ရတာကောင်းလိုက်တာ
နှင်းရဲ့တဂ်ကိုတောင် သတိရသွားပြီ
ရေးဖို့ အိုင်ဒီယာရသွားပြီ

ခင်မင်စွာဖြင့်
သီဟသစ်

desertraindrops said...

ကောင်းလိုက်တာ။ အဲဒီလို သူငယ်ချင်းကောင်းနဲ့ တွေ့ပါစေနော်။

လင်းကြယ်ဖြူ said...

ဒါကြောင့် သူငယ်ချင်းဆိုတာ မိတ်ဆ္ဂေ ဆိုတာထက် ပိုမိုလေးနက်တဲ့ အဓ္ဓိပ္ပါယ်တ္ဂေရှိ တယ်လို့ဆိုကြတာနေမှာပါ့နော....
ပျော်ပါစေ

yehtutnaung said...

စာလာဖတ်သွားပြီ

Beauty Studio USA Branded Store said...

သူငယ်ချင်းကောင်းလေးတွေရဲ. သံယောဇဉ်လေးနော်။တစ်ဦးကမေတ္တာ(ဟာသမေတ္တာမဟုတ်။မွန်သံလေးနဲဖတ်)တစ်ဦးကစေတနာပေါ့။

မိုးခါး said...

း)
တကယ်စိတ်ချမ်းသာဖို့ကောင်းတဲ့ ပို့စ်လေးပါ
ပျော်ရွှင်ပါစေနော် ..း)

ရွှေပြည်သူ (ShwePyiThu) said...

ရင်ထဲကို တကယ်ထိရှသွားတဲ့ ပို့စ်ပါ အစ်မ။ အသက်ကြီးလာတော့ သူငယ်ချင်းကောင်းဆိုတာ ထင်ထားတာထက်တောင် ပိုရှားမှန်းသိလာလေ သူငယ်ချင်းစစ်စစ်တွေကို ပိုတန်ဖိုးထားတတ်လာလေပါပဲ။ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် အစ်မ...း)

My Blog List