တတိယနေရာမှာ


ကိုယ့်ရေ ကိုယ့်မြေမဟုတ်တဲ့ နေရာတစ်ခုမှာ အနေကြာလာတာနဲ့အမျှ ဘယ်တော့ပြန်မှာလဲ ဆိုတဲ့ မေးခွန်းကို ခဏခဏ ဖြေရပါတယ်။  ကျွန်မ ဘယ်နေရာမှာပဲရောက်နေနေ တတိယနေရာဆိုတာ ကျွန်မရဲ့ ပထမနေရာ ကျွန်မရဲ့အိမ် မဟုတ်ဘူးဆိုတဲ့ အသိတစ်ခုက အမြဲတမ်းခြောက်လှန့်နေခဲ့ပါတယ်။


ကျွန်မဒီအရှေ့အလယ်ပိုင်းနိုင်ငံလေးကို ရောက်စတုန်းက ကြုံတွေ့ဘူးတဲ့ အဖြစ်အပျက်လေးတွေကို ဘလော့ပေါ်မှာ ကျွန်မရဲ့ တတိယနေရာ ဆိုပြီး ရေးခဲ့ဘူးပါတယ်။ ကျွန်မရဲ့ လေ့လာမှု အားနည်းတာရယ် ဗဟုသုတနည်းလွန်းတာကြောင့် အဲဒီပို့စ်လေးမှာ အဆင်မပြေမှုလေးတွေအကြောင်းကို ရေးခဲ့မိပါတယ်။

ဒါပေမယ့် ဒီနေရာလေးမှာ အနေကြာလာတာနဲ့အမျှ သွားရင်းလာရင်း မြင်ရကြားရ ခံစားရတာတွေက အရင်ကနဲ့စာရင် သိသိသာသာ ခြားနားလာတာကို သတိထားမိပါတယ်။
အခြားနိုင်ငံက သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တဲ့ အချိန်မှာလဲ သူတို့ဆီက ကြားရသိရတဲ့ အတွေ့အကြုံတွေက ကျွန်မနဲ့ ထပ်တူထပ်မျှ ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။

ကျွန်မ မွေးဖွားကြီးပြင်းခဲ့တဲ့ တိုင်းပြည်က တနေ့ရွှေ တနေ့ငွေဖြစ်နေတာမို့ ခေတ်စနစ် အပြောင်းအလဲတွေ အများကြီးကြားမှာ ရှင်သန်ကြီးပြင်းခဲ့ဘူးပါတယ်။ ဒါ့ကြောင့်လဲ ကျွန်မတို့ဟာ အပြောင်းအလဲတွေကြားမှာ လူဖြစ်လာခဲ့သူတွေလို့ ခေါင်းမော့ရင်ကော့ပြီး ပြောလို့လဲရပါသေးတယ်။

ကျွန်မ အထက်တန်းကျောင်းသူဘဝတုန်းက နေပူကျဲကျဲမှာ သုံးလေးနာရီလောက် ခြေသလုံးတောင့်အောင် ရပ်လို့ အလံလေးတွေကိုင်ပြီး ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေလို့ အော်ခဲ့ရဘူးပါတယ်။
အလုပ်ခွင်ကို ဝင်တဲ့ အချိန်ကျပြန်တော့လဲ ဘဘကြီးတွေရဲ့ အိမ်နောက်ဖေးဝင်ပေါက်တွေအကြောင်း နားမဆံ့အောင်ကြားရပြန်ပါတယ်။ ဘဘကြီးရဲ့ ကိုယ်ရေးအရာရှိကတော်တွေကို အတွင်းခံကအစ လိုက်ဝယ်ပေးရတဲ့ ခရိုနီကြီးတွေကိုလဲ မြင်တွေ့ခဲ့ဘူးပါတယ်။

အာဏာရှင် ဘဘကြီးတွေတင်မကပဲ နယ်စပ်ဒေသက တန်ခိုးထွားလှတဲ့ ထောက်လှမ်းရေးအရာရှိတွေကို သူတို့ ရန်ကုန်ရောက်ချိန်မှာ လူမသိသူမသိ ခိုးကြောင်ခိုးဝှက်နဲ့ စီးတော်ယာဉ်စီစဉ်ပေးရတာမျိုး နေရာထိုင်ခင်း စီမံပေးရတာမျိုးတွေကို ဂျိမ်းစ်ဘွန်းကားတွေထဲကလို လျှို့ဝှက်ချက်တွေနဲ့ သဲထိတ်ရင်ဖိုလုပ်ခဲ့ရပါသေးတယ်။

ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က ဗိုလ်ချုပ်တစ်ယောက် ဂေါက်ရိုက်ပြီးချိန်မှာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး ဗိုလ်ချုပ်ကို ဖိနပ်စီးပေးနေတာကို မျက်စိရှေ့မှာ မြင်ခဲ့ဘူးပါတယ်။

အခွင့်ထူးခံလူတန်းစားတွေအကြောင်းကို ကျွန်မတို့မြန်မာပြည်သူတွေထက် ဘယ်သူမှ ပိုလို့မသိနိုင်ပါဘူး။ အနောက်နိုင်ငံက သမ္မတတွေ ဝန်ကြီးချုပ်တွေ ကိုယ့်ဖိနပ်ကိုယ်စီး ကိုယ့်ထမင်းကိုယ် တန်းစီစောင့်စားနေတာတွေကို မြင်ဖို့ သိဖို့ ပြတင်းပေါက်တွေ ပိတ်ထားတဲ့ အချိန်မို့ အုပ်ချုပ်သူ လူတန်းစားတွေဟာ တကယ့် အခွင့်ထူးခံတွေလို့ပဲ နားလည်ခဲ့မိပါတယ်။

မြေကြီးနဲ့ မိုးကောင်းကင် ကွာဟသလို အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေ ဘဝက အကွာကြီး ကွာလှတယ်လို့ ထင်မြင်ခဲ့ပါတယ်။ 

ဒါပေမယ့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုကိုရောက်လို့ အုပ်ချုပ်သူ လူတန်းစားတွေကို ပြည်သူထဲမှာ ထဲထဲဝင်ဝင်တွေ့လိုက်ရတော့ ဝမ်းသာဝမ်းနည်း ခံစားရသလို လေးစားအားကျတဲ့ စိတ်လေးလဲ ပေါ်လာပါတယ်။

ပြည်ထောင်ခုနစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးမှာ ပြည်နယ်တစ်ခုစီမှာ စော်ဘွားတစ်ယောက်စီ ရှိပါတယ်။ အခြားပြည်နယ်က စော်ဘွားတစ်ယောက်ရဲ့ သမီးတစ်ယောက်ဟာ ကျွန်မတို့နဲ့တန်းတူ လေဆိပ်မှာ အလုပ်လာလုပ်တာကိုလဲ တအံ့တသြတွေ့ရပါတယ်။ အမျိုးသမီးငယ်လေးမို့ သူအလုပ်လာချိန်မှာ အထိန်းတော်တွေ ပါပေမယ့် သာမန်ဝန်ထမ်းတစ်ယောက်လို ရိုးရှင်းစွာ နေထိုင်ပါတယ်။ 

ဒီနိုင်ငံလေးမှာ အများပြည်သူသုံး မီးရထားပေါ်မှာ တွေ့ရတဲ့ နိုင်ငံခေါင်းဆောင် စော်ဘွားကြီးကို ဘယ်သူကမှ စော်ဘွားကြီး ကျန်းမာပါစေလို့ နှုတ်ခွန်းမဆက်ကြပါဘူး။
စော်ဘွားကြီးကသာ ကိုယ်တိုင်ကားမောင်းပြီး သွားရင်းလာရင်း လမ်းမှာတွေ့တဲ့ နိုင်ငံသားတွေကို အရေးတယူနဲ့ နှုတ်ခွန်းဆက်တာကို တွေ့မြင်ရတာပါ။

စော်ဘွားကြီးရဲ့ မွေးနေ့မှာ ဘယ်သူကမှ သတင်းစာထဲကနေ ဆုမွန်မချွေကြပါဘူး။ နိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေမှာသာ စော်ဘွားကြီးက ပြည်သူတွေကို ဖုန်းထဲကနေ မက်ဆေ့ခ်ျပို့ပြီး ဆုမွန်ကောင်းတောင်းပေးတာပါ။
ကြီးကျယ် ခမ်းနားတဲ့ မင်းပွဲစိုးပွဲ ဧည့်ခံပွဲတွေ အခမ်းအနားတွေကို စော်ဘွားကြီးကိုယ်တိုင် ကြွရောက်ချီးမြင့်ပါသည်ဆိုတဲ့ သတင်းတွေထက် ကန္တာရထဲကိုသွားလည်တဲ့ ခရီးသွားဧည့်သည်တွေကို အာရပ်ဘစ်လက်ဖက်ရည်နဲ့ တည်ခင်း ဧည့်ခံနေတဲ့ စော်ဘွားကြီးရဲ့ သတင်းတွေကိုသာကျွန်မတို့ မြင်ခဲ့ရပါတယ်။

လေဆိပ်မှာ သာမန်ခရီးသွားတွေလို ခရီးသွားနေတဲ့ တော်ဝင်မိသားစုအနားမှာလည်း ဘယ်လုံခြုံရေးကိုမှ မတွေ့ရပါဘူး။
ဒီနိုင်ငံရဲ့ လမ်းတွေပေါ်မှာ အရေးပေါ်ဥသြသံတွေနဲ့ သွားလာနေတဲ့ လူကြီး ခရီးစဉ် ယာဉ်တန်းတွေကို ဘယ်တုန်းကမှ မတွေ့ခဲ့ရပါဘူး။

နိုင်ငံအကြီးအကဲရဲ့ ကတော် ဆေးရုံဆေးခန်းကို လာချိန်မှာ သူ့ကို မင်းသမီးရယ်လို့ မသိခဲ့တဲ့ ကျွန်မကိုယ်တိုင် သာမန်ပြည်သူတစ်ယောက်လို့ ထင်ခဲ့မိပါသေးတယ်။ တွေ့သမျှ အမှုထမ်း ဝန်ထမ်းတွေကို ဝမ်းသာအဲလဲနဲ့ နှုတ်ခွန်းဆက်နေတဲ့ မင်းသမီးရဲ့ မျက်နှာပေါ်မှာ ပြည်သူတွေကို လေးစားချစ်ခင်ခြင်း အရိပ်တွေကိုပဲ တွေ့ခဲ့ရပါတယ်။

အုပ်ချုပ်သူစော်ဘွားရဲ့ သားတွေသမီးတွေဟာ ကျွန်မတို့လိုပဲ ကော်ဖီဆိုင်တွေမှာ စိတ်ရှည်လက်ရှည်နဲ့ တန်းစီစောင့်ဆိုင်းပြီး ကော်ဖီသောက်လေ့ရှိသူတွေပါ။

ပိုလို့ထူးဆန်းတဲ့ အဖြစ်လေးတစ်ခုလဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက တော်ဝင်မိသားစုဝင်တွေနေတဲ့ နန်းတော်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ လက်ရှိနိုင်ငံ့ခေါင်းဆောင် စော်ဘွားရဲ့ တူဖြစ်တဲ့ စော်ဘွားတစ်ယောက်က ဖိတ်ကြားလို့ ကျွန်မနဲ့အတူ မြန်မာမိတ်ဆွေတချို့ စော်ဘွားရဲ့ နန်းတော် ဧည့်ခန်းဆောင်ကို ရောက်ခဲ့ပါတယ်။

ကျွန်မတို့ကို ဦးဆောင်ပြီး လမ်းပြခဲ့တဲ့ မိတ်ဆွေအမျိုးသမီးက ဧည့်ခန်းဆောင်နဲ့ နီးတဲ့ အိမ်တော်ရဲ့ အခြားဝင်ပေါက်တစ်ခုကနေ ခေါ်သွားတဲ့အတွက် ကျွန်မတို့ နန်းတော်ရဲ့ ပင်မ ဝင်ပေါက်ဆီကို မရောက်ခဲ့ပါဘူး။

ဒီနိုင်ငံက စော်ဘွားမိသားစုဝင်တွေဟာ သူတို့ကိုယ်ပိုင် နန်းတော်တွေနဲ့ သီးသီးသန့်သန့်နေကြပါတယ်။ ကျွန်မတို့ကို ဖိတ်ကြားတဲ့ စော်ဘွားရဲ့ နန်းတော်က လက်ရှိအုပ်ချုပ်သူစော်ဘွားရဲ့ ဒုတိယမြောက် စော်ဘွားကတော် မင်းသမီးနေတဲ့ နန်းတော်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။

ကျွန်မတို့ရောက်သွားတဲ့ အချိန်က ညကိုးနာရီလောက်ရှိပါပြီ။ ဒါပေမယ့် နန်းတော်တွေပတ်ပတ်လည်မှာ လက်နက်ကိုင်လုံခြုံရေးရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ ကျွန်မတို့ကားတွေကို နန်းတော်နှစ်ခုကြားမှာ ရပ်ခဲ့ပြီး ပြန်လာတဲ့ အချိန်အထိ ဘေးပတ်ဝန်းကျင်မှာ လုံခြုံရေး အစောင့်အကြပ်ရယ်လို့ တစ်ယောက်မှ မတွေ့ခဲ့ရပါဘူး။

ကျွန်မတို့ကို ဖိတ်ကြားခဲ့တဲ့ စော်ဘွားကတော့ ဒီနိုင်ငံထဲမှာရောက်နေသူတွေကို လူမျိုးမရွေး ဘာသာမရွေး ဖော်ဖော်ရွေရွေ လက်ခံစကားပြောလေ့ရှိပါတယ်။
သူဟာ နာမည်ကျော် သေနတ်ပစ်ချန်ပီယံတစ်ယောက်ဖြစ်ပြီး လူမျိုးခြားတွေနဲ့ ယဉ်ကျေးမှု ဘာသာရေး သတင်းအချက်အလက်တွေကို ဆွေးနွေးပြောဆိုလေ့ရှိသူလဲဖြစ်ပါတယ်။

ကျွန်မတို့နဲ့တွေ့တဲ့ အချိန်မှာ မြန်မာလူမျိုးတွေ သီးသန့်စကားပြောခွင့်ရပါတယ်။ ကျွန်မတို့ အဖွဲထဲမှာ မြန်မာပြည်ဖွား ဗုဒဘာသာ မူဆလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေ စုံစုံလင်လင်ပါပါတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ သတင်းတွေနဲ့ ပက်သက်လို့ ကျွန်မတို့ကို လေသံလေးတောင် မဟခဲ့ပါဘူး။ ဆိုးသည်ကောင်းသည် ဝေဖန်ခြင်းမရှိသလို ဘာသာရေးနဲ့နွယ်နေတဲ့ ပြဿနာတွေကို စိတ်ဝင်စားတဲ့ အရိပ်အယောင်တောင် မပြခဲ့ပါဘူး။

လတ်တလောအခြေအနေမှာ မြင်မြင်သမျှ လူမျိုးခြားတွေက ကျွန်မတို့ နိုင်ငံရဲ့ သတင်းဆိုးတွေကို စိတ်ဝင်တစား မေးမြန်းစပ်စုနေချိန်မှာ နားလည်မှုရှိစွာနဲ့ နှုတ်ဆိတ်နေခဲ့တဲ့ စော်ဘွားတစ်ယောက်ကို ပထမဆုံးအကြိမ် ကျေးဇူးတင်မိပါတယ်။

ကျွန်မတို့က ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အချိန်မှာ သူက အာရပ်ဓလေ့အတိုင်း ကြမ်းပြင်မှာထိုင်ပြီး ညစာ စားနေတာမြင်ရတော့ မြန်မာပီပီ စိတ်မသက်မသာ ခံစားရပါသေးတယ်။
ကျွန်မတို့ပြန်ခါနီး ဓါတ်ပုံရိုက်ချိန်မှာလဲ အခြားလူမျိုးတွေ ထိုင်နေတဲ့ ဆိုဖာခုံရဲ့ အောက်မှာ သူကထိုင်ပြီး ဓါတ်ပုံရိုက်ခံပါတယ်။
ကျွန်မတို့ကတော့ ဂါရဝတရားကို ရှေ့တန်းတင်တဲ့  မြန်မာပီပီ မတ်တပ်ရပ်ပြီး တန်းတူရည်တူ ဓါတ်ပုံရိုက်ခဲ့ပါတယ်။

လူမျိုးမရွေး ဘာသာမရွေး သူ့ဆီကို အချိန်မရွေးလာတွေ့ဖို့နဲ့ သူ့ရဲ့ နန်းတော်ကို အမြဲတမ်း တံခါးဖွင့်ထားကြောင်းလဲ ထပ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတွေ့ခဲ့ဘူးတဲ့ အိမ်နီးချင်းနိုင်ငံက ဓါတ်ပုံတစ်ပုံကို ပြန်မြင်ယောင်မိပါတယ်။ ထိုင်းဘုရင်ကို အခစားဝင်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ ကြမ်းပြင်မှာ ဝပ်တွားပြီး ခယနေတဲ့ ဓါတ်ပုံတစ်ပုံဟာ ကျွန်မတို့အာရှတိုက်သား သက်ဦးဆံပိုင် ဘုရင်တွေနဲ့ ပြည်သူတွေကြားက ဂါရဝ တရားကို ပြတဲ့ ပြယုဒ်တစ်ခုပါပဲ။ 

ဒါပေမယ့် အနောက်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းမှာတော့ ကိုယ်ထိလက်ရောက် ဝပ်တွားဂါရဝပြုတာထက် ရင်ထဲ အသည်းထဲက နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ပြကြတဲ့ ပြည်သူတွေကိုပဲ တွေ့ရပါတယ်။
ဒီနေရာမှာ အုပ်ချုပ်သူတွေကို ပြည်သူတွေက ဘာ့ကြောင့်ချစ်တာလဲ ဘယ်လို ချစ်တာလဲ ဆိုတဲ့ မေးခွန်းလေးတွေ ပေါ်လာပါတယ်။

မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ အမြင်အရ အတွေ့အကြုံအရ ဒီနိုင်ငံမှာ အလုပ်လာလုပ်နေရတဲ့ ဧည့်သည်နိုင်ငံသူတစ်ယောက်ဆိုပေမယ့် ဒေသခံ အမျိုးသမီးတွေနဲ့တန်းတူ အမျိုးသမီးအခွင့်အရေးရပါတယ်။
အများပြည်သူသုံး မီးရထားတွေ မော်တော်ကားတွေမှာ အမျိုးသမီးတွေအတွက် သီးသန့်တွဲလေးတွေ သီးသန့်နေရာလေးတွေ ရှိတဲ့အတွက် ခရီးသွားလာရာမှာ လုံခြုံမှုရှိပါတယ်။

ဆေးရုံဆေးခန်းလို အစိုးရရုံးလိုနေရာတွေမှာ တန်းစီစနစ်နဲ့ စောင့်နေရချိန်တွေမှာလဲ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ မရောမနှောပဲ သီးသန့်တန်းစီပြီး အမျိုးသမီး ဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြောဆိုခွင့်ရပါတယ်။

ဒီနိုင်ငံထဲမှာရှိရှိသမျှ အမျိုးသမီးတွေအားလုံး ၂၄ နာရီကာလပတ်လုံး စိတ်လက်ချမ်းသာစွာ နေထိုင်သွားလာခွင့်ရှိပါတယ်။ တစ်ယောက်တည်း ဆိုပေမယ့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လုံခြုံမှုရှိတယ်ဆိုတဲ့ အာမခံချက်မျိုးနဲ့ သတ္တိရှိရှိ ရပ်တည်နေထိုင်ခွင့်ရထားပါတယ်။

ကျွန်မတို့ရဲ့ ဘဝလုံခြုံရေးအတွက် စိုးရိမ်စရာ ပူပန်ကြောင့်ကြစရာ မရှိပါဘူး။ အပူအပင်သောက ကင်းကင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ရပါတယ်။

ဒီနိုင်ငံတွေရဲ့ သတင်းစာတွေ မီဒီယာတွေမှာ ခိုးဆိုးလုယက်မှု လူသတ်မှု ဓါးပြမှု မုဒိန်းမှု တွေကို ကျွန်မတို့ မြန်မာပြည်က သတင်းစာတွေ မီဒီယာတွေမှာလို ရုပ်ပျက်ဆင်းပျက် မတွေ့ရတတ်ပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ရပ်တန့်စေမယ့် အဟန့်အတားဖြစ်စေမယ့် အကျိုးမဲ့စေမယ့် သတင်းတွေကို တတ်နိုင်သလောက် ထိန်းချုပ်ထားနိုင်တဲ့ မီဒီယာတွေရဲ့ ပါးနပ်မှုနဲ့ ပရိုတိုကိုး ကို အပြည့်အဝ တွေ့ရပြန်ပါတယ်။

ဒီနိုင်ငံဟာ အာရပ်နိုင်ငံ ဆိုပေမယ့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ ဟိန္ဒူဘုရား ရှိခိုးကျောင်းတွေဆောက်လုပ်ခွင့်ပေးထားပါတယ်။ သင်္ကန်းဝတ် သီရိလင်္ကာဘုန်းကြီးတွေ လနဲ့ချီပြီး သီတင်းသုံးနေတာကို ခွင့်ပြုထားပါတယ်။ မြန်မာတွေ ဦးဆောင်ပြီး စီစဉ်တဲ့ တရားပွဲတွေကို ခွင့်ပြုပေးပါတယ်။

ကျွန်မတို့လို ဧည့်သည် နိုင်ငံသားတွေတောင် ဘဝလုံခြုံရေးနဲ့ မနက်ဖြန်တိုင်းအတွက် အိပ်မက်တွေ မက်ခွင့်ရှိနေတဲ့ နိုင်ငံတစ်ခုမှာ ကာယကံရှင် နိုင်ငံသားတွေအနေနဲ့ လိုအပ်တာထက်ပိုတဲ့ နိုင်ငံသားအခွင့်အရေးတွေ အများကြီးရှိကြပါတယ်။

ဒါ့ကြောင့်လဲ ပြည်သူတွေက အုပ်ချုပ်သူလူတန်းစားတွေကို ရင်ထဲက နှစ်နှစ်ကာကာ ချစ်မြတ်နိုးကြသလို လေးလေးစားစားနဲ့ အလေးထားကြည်ညိုကြပါတယ်။

ဒီနိုင်ငံမှာ ကွယ်လွန်ခဲ့ပြီးသော ဘုရင်နဲ့ နိုင်ငံရဲ့ လက်ရှိဘုရင်တွေရဲ့ ဓါတ်ပုံတွေကို နေရာတိုင်းမှာ အမြတ်တနိုးနဲ့ ချိတ်ဆွဲထားတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို ကျွန်မ သိခွင့်ရလာပါတယ်။ လူနေအဆောက်အဦတွေမှာ လမ်းတွေမှာ ရှော့ပင်းမောတွေမှာ တောင်တန်းတွေမှာ ကားတွေမှာ နိုင်ငံရဲ့ အလံကို မြတ်မြတ်နိုးနိုးနဲ့ ဘာ့ကြောင့်ချိတ်ဆွဲကြတယ် ရေးဆွဲထားကြတယ် ဆိုတာကိုလဲ ဘယ်သူ့ကိုမှ မေးစရာမလိုပဲ သဘောပေါက်လာခဲ့ပါတယ်။­­­­

ဒီတတိယနေရာလေးမှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အုပ်ချုပ်သူ လူတန်းစားရဲ့ ပြည်သူတွေအပေါ်ထားရှိတဲ့ စေတနာ မေတ္တာ အပြန်အလှန်လေးစားမှု ဆိုတဲ့ ပေတံတစ်ချောင်းနဲ့ တိုင်းတာတတ်ဖို့ ကျွန်မ သင်ယူမိပါတယ်။

ကျွန်မရဲ့နိုင်ငံလေးမှာ သစ်ပင် မြက်ပင်မြက်ပင်လေးတွေကိုတောင် ချစ်တတ်သူမို့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကျွန်မချစ်တဲ့ နိုင်ငံကို အများတကာက လေးစားအားကျရတဲ့ နိုင်ငံတစ်နိုင်ငံလဲ ဖြစ်စေချင်မိပါတယ်။ သူတပါးတိုင်းပြည်မှာ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေရချိန်တွေမှာ ကျွန်မတို့ နိုင်ငံက သန်း၆၀ ကျော် ပြည်သူတွေကိုလဲ သောကကင်းကင်းနဲ့ အိပ်စက်ခွင့်ရစေချင်မိပါတယ်။

သူတပါးနိုင်ငံတွေရဲ့ အားသာချက်တွေကိုမြင်လေတိုင်း ကျွန်မချစ်တဲ့ နိုင်ငံကိုလဲ တိုးတက်ဖွံ့ဖြိုးစေလိုတဲ့ဆန္ဒလဲ ဖြစ်မိပါတယ်။
အထူးသဖြင့် အုပ်ချုပ်သူ လူတန်းစားတွေကို ပြည်သူတွေကြားမှာ လက်ရည်တပြင်တည်း မြင်ယောင်ကြည့်ရင်း....
 မကြာခဏ အိပ်မက်မက်မိရင်း.......
နှင်းနဲ့မာယာ


3 comments:

~ဏီလင်းညို~ said...

စာလေးဖတ်သွားတယ် မနှင်းရေ့...။
မသိသေးတာလေးတွေ သိခွင့်ရလို့ ကျေးဇူးရယ်...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

desertraindrops said...

မနှင်းရေ...မငုံရေးလိုက်တဲ့ တတိယနေရာအလွမ်းပြေ ကောမန့်ရှည်လေးကတော့ net ကောင်းမှုကြောင့် မတက်ဘူးဖြစ်သွားတယ်။ ထပ်ပြီးမရေးတော့ဘူးနော့...

တတိယနေရာမှာ ခဏတာနေဖူးခဲ့တာမို့ တခါတရံ လွမ်းမိပါတယ်လို့ ပြောပြရစေတော့။

နန်းတော်ကြီးထဲ ဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရတာ ၀မ်းသာတယ်နော်။

အမ်တီအန် said...

နှင်းရေ...
အုပ်ချုပ်သူနိုင်ငံခေါင်းဆောင်နဲ့ အုပ်ချုပ်ခံရသူ ပြည်သူအကြား ကွာဟမှုနည်းနိုင်သမျှနည်း၊ လူ့အခွင့်အရေး တန်းတူရနိုင်မှု ရှိသမျှ အဲ့ဒီနိုင်ငံက ချမ်းသာချောင်လည်မှု ရှိမယ်ထင်မိတာပါဘဲ။ တို့တိုင်းပြည်အတွက်ကတော့ အနာဂတ်ကို မျှော်လင့်ယုံမှတစ်ပါး...။

My Blog List