ကျွန်မတို့ရဲ့ ပထမဆုံး ချစ်သူ



ပထမဆုံးအကြိမ် ချစ်သူနဲ့ ချိန်းထားတဲ့ နေ့ကပေါ့။ ဝတ်စားပြင်ဆင်ပြီးလို့ ဧည့်ခန်းထဲမှာ ကျွန်မ ဖိနပ်စီးနေတဲ့ အချိန်မှာ ဖေဖေ ကျွန်မ အနားကို ရောက်လာခဲ့တယ်။ သူ့အကျီအိတ်ထဲက အကြွေစေ့လေးတစ်စေ့ကို ကျွန်မလက်ထဲကို ကမ်းပေးရင်း
"ဒီအကြွေစေ့လေးကို သမီးရဲ့ ရှုးဖိနပ်လေးထဲမှာ ထည့်သွားပါ။ အကြွေစေ့လေးထွက်ကျတဲ့အသံ ချွင်ကနဲ ကြားလိုက်တာနဲ့ ဖေဖေ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့ သမီး" လို့မှာရှာတယ်။

အရွယ်ရောက်နေတဲ့ သမီးကို ရည်းစားမထားရဘူး ရည်းစားနဲ့ လျှောက်မလည်ရဘူးရယ်လို့ မချုပ်ချယ် မတားဆီးခဲ့တဲ့အဖေတစ်ရယ်လေ။ သမီးတစ်ယောက်အတွက် အမျိုးအမည် မသိတဲ့ မမြင်နိုင်တဲ့ သောကတွေရှိနေခဲ့တယ်ဆိုတာ ချစ်သူနဲ့ ပထမဆုံး ချိန်းတွေ့တဲ့ နေ့မှာတည်းက သိခွင့်ရခဲ့တယ်။

နောက်ပိုင်း ကျွန်မ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် မွေးလာတဲ့ အထိ ကျွန်မရဲ့ ဖေဖေဟာ သမီးအပေါ်မှာရော မြေးအပေါ်မှာပါ တာဝန်ကျေလွန်းခဲ့တယ်။

မြီးကောင်ပေါက်လေးဖြစ်လာတဲ့ သမီးလေးနဲ့ ခြံထဲမှာ တင်းနစ်ကစားနေတဲ့ အဖေ့ကိုငေးကြည့်ရင်း ကျွန်မ အတွေးတွေ လွန်နေခဲ့မိတယ်။
ကျွန်မ သမီးလေး အရွယ်လောက်လို့ ချစ်သူတွေ့လာခဲ့ရင် သမီးလေးကို အကြွေစေ့လေးတစ်စေ့ လက်ကမ်းပေးမယ့်သူဟာ သမီးလေးရဲ့ဖေဖေပဲ ဖြစ်မလား ကျွန်မရဲ့ ဖေဖေပဲ ဖြစ်နေမလားဆိုတဲ့ အတွေးမျိုးပေါ့....
( အန်းနာ)

၂)
ကျွန်မ လျှောက်ထားတဲ့အလုပ်တစ်ခုအတွက် အလုပ်ခန့်စာရတဲ့နေ့က ကျွန်မပျော်မဆုံး မော်မဆုံး ။ မိသားစုဆွေမျိုးတွေကို ဖုန်းဆက်ပြီး ကြွားလိုက်ရတာအမောပါပဲ။

ကျွန်မကျောင်းဆရာမ သိပ်ဖြစ်ချင်ခဲ့တာလေ။ အခုတော့ ကျွန်မရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီ။  ကျွန်မတို့မြို့နဲ့ ခပ်လှမ်းလှမ်းက မြို့တမြို့က အထက်တန်းကျောင်း တစ်ကျောင်းမှာ အလုပ်သွားလုပ်ရမှာဆိုတော့ အိမ်နဲ့တော့ ခွဲနေရမှာပေါ့။
ကျောင်းက စီစဉ်ပေးတဲ့ ဆရာမများအဆောင်မှာ နေရမှာမို့ လိုအပ်တာတွေ စုဆောင်းပြင်ဆင်နေရင်း ကျွန်မ အလုပ်ရှုပ်နေသလို ဖေဖေကလဲ တစုံတခုကို အသည်းအသန်စဉ်းစားပြီး အလုပ်ရှုပ်လေရဲ့။

ကျွန်မရဲ့ အထုတ်အပိုးတွေကို ကားပေါ်တင်ပေးပြီး လိုက်ပို့ချိန်မှာ ဖေဖေက ကျွန်မကို ကိုယ်တိုင် ကားမောင်းဖို့ ပြောလာတာမို့ အံ့သြရတယ်။ ဒါပေမယ့် ဖေဖေ့စကားကို နားထောင်ပြီး ကိုယ်တိုင်ပဲ ကားမောင်းခဲ့ရတယ်။ ခါတိုင်းဆို ဖေဖေပါတဲ့ ခရီးတွေဆိုရင် ကျွန်မ ကားမောင်းစရာမှမလိုတာ။

"ဒီလမ်းဒီခရီးကို သမီးတစ်ယောက်တည်း  အမြဲတမ်းအသွားအလာလုပ်ရမှာ ဒီတော့ ပထမဆုံးနေ့မှာတည်းက ကိုယ့်အမှတ်အသားနဲ့ကိုယ် လမ်းတွေကို မှတ်သားတတ်အောင် ကိုယ်တိုင်မောင်းရမယ်..."

ကျွန်မ တာဝန်ကျတဲ့ မြို့လေးကိုရောက်တော့ အဆောင်က ကျွန်မနေရမယ့် အခန်းနဲ့ ပတ်ဝန်းကျင် အခြေအနေကို စနစ်တကျ စစ်ဆေးရင်း ဖေဖေတစ်ယောက် အလုပ်ရှုပ်နေပြန်တယ်။ ခါတိုင်း ကျွန်မအခန်းထဲကို ဝင်ကြည့်လေ့မရှိတဲ့ ဖေဖေကကျွန်မရဲ့ အိပ်ယာကို ကိုယ်တိုင် ပြင်ဆင်ပေးလို့ပေါ့။ မီးဖိုချောင်သုံး သစ်သီးလှီးတဲ့ ဓါးလေးတစ်ချောင်းနဲ့ အရေးပေါ်သုံးဖို့ လက်နှိပ်ဓါတ်မီးလေးတစ်လက်ကိုလဲ ခုတင်ခေါင်းရင်းမှာရှိတဲ့ စားပွဲပုလေးထဲက အံဆွဲလေးထဲ ထည့်ပေးခဲ့ရှာတယ်။
 ပြန်ကာနီး ကျွန်မ နဖူးပြင်ကို အနမ်းဖွဖွပေးလို့ နှုတ်ဆက်ချိန်မှာလည်း ကျွန်မ လက်ထဲကို သော့လေးတစ်ချောင်း ထည့်ပေးပြန်တယ်။

"ဒီသော့လေးက သမီးရဲ့ကားအတွက် သော့အပိုလေး... သမီးရဲ့ လက်ကိုင်အိတ်ထဲမှာ အမြဲတမ်းဆောင်ထားပါ။" ဖေဖေ့စကားအဆုံးမှာ သမီးတစ်ယောက်အတွက် စိုးရိမ်တတ်လွန်းတဲ့ ဖေဖေ့သောကတွေကို နားလည်ပြီး မျက်ရည်စက်လက်နဲ့ ဖေဖေ့ကို လက်ပြနှုတ်ဆက်လိုက်ရတယ်။

လူကောင်သေးသေးညှက်ညှက် ဆရာမ အသစ်လေးမို့ အထက်တန်းကျောင်းသားကြီးတွေကြားမှာ စိတ်ကသိကအောက် ဖြစ်ရတာကလွဲလို့ ကျောင်းဆရာမ ဘဝလေးက ပျော်စရာအတိ။ ကျွန်မရဲ့ ကျောင်းလေးရယ် ကျွန်မနေရတဲ့ ဆရာမအဆောင်လေးရယ်ကို တစတစနဲ့ သံယောဇဉ်တွယ်ငြိနေပေမယ့် တစ်လတစ်ကြိမ်တော့ အိမ်ပြန်ရသေးတယ်။ တစ်လနေလို့မှ ကျွန်မပေါ်မလာရင် ဖေဖေက ဖုန်းတွေဆက်ပြီး အိမ်ပြန်လာဖို့ ခေါ်တတ်တယ်လေ။

ပထမနှစ် စာသင်နှစ် ကုန်ခါနီးတစ်ရက်မှာ စာမေးပွဲအတွက် ပြင်ဆင်စရာတွေ ပြင်ဆင်နေရင်း ကျောင်းဆင်းချိန်မှာ ကျွန်မတစ်ယောက်တည်း ရုံးခန်းထဲမှာ ကျန်နေခဲ့တာကို လုပ်ဖော်ကိုင်ဖက်တွေ သတိမထားမိကြသလို ကျွန်မကိုယ်တိုင်လဲ သတိမထားမလိုက်ပါဘူး။

ရုံးခန်းကို သော့ခတ်ပြီး ကျောင်းဝင်းထဲက ထွက်လာချိန်မှာ မှောင်စပြုနေပြီ။ ကားပါကင်ဆီကို ခပ်သုတ်သုတ်လေး လှမ်းနေရင်း ကျွန်မရဲ့ ကားသော့လေး ရုံးခန်းထဲမှာ ကျန်နေခဲ့တာကို သတိရမိတော့ ခြေလှမ်းတွေကို နောက်ပြန်လှည့်ရတော့တာပေါ့။ တချိန်တည်းမှာပဲ ကားပါကင်နဲ့ မလှမ်းမကမ်းပလက်ဖောင်းပေါ်က လူငယ်ချာတိတ်တသိုက်ကို အမှတ်မထင် တွေ့လိုက်တော့ စိုးရိမ်စိတ်နဲ့အတူမျက်လုံးတွေ ပြာဝေသွားသလို ခြေဖျားလက်ဖျားတွေလဲ အေးစက်တောင့်တင်းလို့။

အိုး ဒီအချိန်ဆို ဒီလူဆိုးချာတိတ်လေးတွေ ဒီနေရာတဝိုက်မှာ ရှိနေတတ်တာကို ကျွန်မ ဘာကြောင့်မေ့လျော့မိပါလိမ့်။ ကျွန်မသူတို့ကို သတိထားမိချိန်မှာပဲ သူတို့အုပ်စုထဲက ချာတိတ်နှစ်ယောက်ကလဲ ကျွန်မကို တွေ့သွားပြီး ကျွန်မဆီကို တည့်တည့်မတ်မတ်လျှောက်လာနေလေရဲ့။

မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် ကျွန်မရဲ့ လက်တွေက ပိုက်ဆံအိတ်ဆီကို ရောက်သွားပြီး အိတ်ရဲ့ အပြင်ဘက်က အကန့်လေးဆီကို စမ်းကြည့်မိတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက ဖေဖေပေးထားခဲ့တဲ့ သော့အပိုလေးရယ်လေ။
သော့လေး လက်ထဲကိုရောက်လာတာနဲ့ ရှိသမျှ အားအင်တွေနဲ့ ကားဆီကို ပြေးသွားချိန်မှာ ချာတိတ်လေးတွေကလဲ ကျွန်မဆီကို ပြေးလာနေလေရဲ့။

သူတို့နဲ့ ကျွန်မရဲ့ကြားထဲမှာတော့ ကျွန်မရဲ့ ကားလေး။ ကံကောင်းထောက်မလွန်းစွာ ကားလေးဆီက ကျွန်မက အရင်ရောက်သွားပြီး ကားတံခါးကို သော့ပိတ်လိုက်ချိန်မှာပဲ သူတို့ရောက်လာတယ်။ ချာတိတ်လေးတွေက ကျွန်မကားကို အရှေ့ အနောက် ဘေးနှစ်ဖက်ဆီကနေ တဝုန်းဝုန်းနဲ့ ထုနှက်နေကြလေရဲ့။

တုန်ရီနေတဲ့ လက်အစုံနဲ့ ကားစက်ကိုနှိုးပြီး အရှိန်နဲ့ မောင်းထွက်လိုက်တော့ ကားရှေ့မှာ ပိတ်ရပ်နေတဲ့ ချာတိတ်တစ်ယောက် ဘေးဘက်ကို လွင့်စင်သွားတာကို ဘေးကြည့်မှန်ထဲကနေ တွေ့လိုက်သေးတယ်။ အိုး အန္တရယ်ကောင်လေးတွေ ဘာပဲ ဖြစ်ဖြစ် ကျွန်မ လွတ်မြောက်ဖို့က ပိုအရေးကြီးတယ်လေ။

တကယ့်ကို ရုပ်ရှင်တွေထဲကအတိုင်း တထပ်တည်းပါပဲလို့သာ ပြောချင်တော့တယ်....နောက်ဆုံးမှာတော့ ဖေဖေ့ရဲ့ သော့အပိုလေးက ကျွန်မကို အန္တရာယ်ကြားက ကယ်တင်ခဲ့တယ်လေ။
အဲ့ဒီနေ့ညက ကျွန်မ အဆောင်ကို မပြန်ဖြစ်ခဲ့ဘူး....
ကြောက်ရွံ့ထိတ်လန့် စိတ်တွေနဲ့ ညအမှောင်ထဲမှာ မျက်ရည်တွေကျရင်း လေးနာရီကျော်လောက် မောင်းရတဲ့ခရီးကို သုံးနာရီလောက်မောင်းပြီး အိမ်ကို ပြန်သွားတယ်...ပြီးတော့ ဖေဖေ့ကိုဖက်ပြီး ငိုလိုက်ရတာလေ...
(တီနာ)

၃)

ကျွန်မ အလယ်တန်းကျောင်းသူဘဝတုန်းက အမှတ်ရစရာ ညလေးတစ်ည ရှိခဲ့တယ်။ အဲ့ဒီညက အဖေ အိမ်ပြန်တာ နည်းနည်းတော့ မိုးချုပ်တယ်။ အဖေရောက်လာတော့ အမေက ညစာပြင်ဆင်ပေးပြီး အဖေနဲ့ စကားတွေပြောနေခဲ့တယ်။ ကျွန်မကတော့ ထုံးစံအတိုင်း အဖေ့ဘေးမှာ တကုတ်ကုတ်နဲ့ ရှုပ်နေခဲ့တယ်။

ရုတ်တရက် အမေက အသံခပ်တိုးတိုးလေးနဲ့ အဖေ့ကို တစုံတခုပြောလိုက်တာကို သိလိုက်ရတယ်။ အဖေက ထမင်းစားတာကို ချက်ချင်းရပ်လိုက်ပြီး ကျွန်မလက်ကလေးကို ခပ်ဖွဖွလေး ကိုင်လို့

"သမီး လိမ်လိမ်မာမာနေနော်။ သွားတာ လာတာ နေတာထိုင်တာ ဂရုစိုက်နော်" လို့ပြောရှာတယ်။
တဆက်တည်းမှာပဲ မေမေ့ကိုလည်း ခပ်တိုးတိုးလေးမှာရှာတယ်။
"ကလေးကို ထမီလေးတွေနဲ့ လိုအပ်တာလေးတွေ ဝယ်ပေးလိုက်တော့ ပြီးတော့ မျက်စိအောက်က အပျောက်မခံနဲ့နော်" တဲ့...

အဖေတွေအားလုံးက သားတွေကို ယောက်ျားပီသအောင် ဓါးခုတ် လှံထိုး အတတ်တွေ သင်ပေးချင်ကြတယ်.
သမီးတွေကိုလည်း အရေးပေါ် အခြေအနေမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးချင်ကြတယ်လေ။

သူတို့ဟာ ယောက်ျားသားတွေဖြစ်တဲ့အတွက် သူတို့ရဲ့ သမီးလေးတွေကို ယောက်ျားသားတွေရဲ့ ရန်ကနေ ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာကို အမေတွေထက် ပိုလို့ ကျွမ်းကျွမ်းကျင်ကျင် သိနေကြတာ မဆန်းလှပါဘူး။

ဟုတ်ပါတယ် တကယ်ဆို ကျွန်မတို့အားလုံးမှာ ကျွန်မတို့ကို မလျော့တဲ့ ချစ်ခြင်းတွေနဲ့ ချစ်ခဲ့ဘူးတဲ့ ဖခင်တစ်ယောက်စီ ရှိခဲ့ဘူးတယ်.....ရှိနေခဲ့ကြတယ်လေ။။။။

ဖခင်တွေဟာ သမီးတွေရဲ့ ပထမဆုံး ချစ်သူဆိုရင် သမီးတွေဟာ ဖခင်တွေအတွက် ပထမဆုံး အိပ်မက်လေးပဲ ဖြစ်ပါလိမ့်မယ်။

နှင်းနဲ့မာယာ

5 comments:

ပဥာက် said...

သူတို့ဟာ ယောက်ျားသားတွေဖြစ်တဲ့အတွက်သူတို့ရဲကသမီးလေးတွေကို ယောက်ျားသားတွေရန်ကနေ ဘယ်လိုကာကွယ်ပေးနိုင်မလည်းဆိုတာကို အမေတွေထက် ပိုလို့ ကျွမ်းကျွမ်းကျင်ကျင်သိနေကြတာမဆန်းပါဘူး..။
အဒီစကားလေးကို ကျနော်သိပ်နှစ်သတ်မိတယ်ဗျ

desertraindrops said...

မငုံရဲ့အဘ့ (အဖေ)ဟာလဲ တကယ့်ကို အဖေကောင်းတယောက် မငုံ အချစ်ဆုံးနဲ့ အလေးစားဆုံးပါ။
အဘ့ရှိရင် အရာရာပို လုံခြုံတယ် သားသမီးတွေရှေ့က မားမားမတ်မတ်ရပ်ပေးတယ်။

blackroze said...

ဒီပိုစ့်လေးဖတ်ပြီး
အဖေ့ကို သတိရမိတယ်

Aunty Tint said...

အန်တီတင့်ရဲ့လင့်ခ်အသစ် ပြောင်းချိတ်ပေးစေလိုပါတယ် http://www.auntytint.blogspot.com

taunggyi.1997 said...

လှပတဲ့အတွေးလေးတွေ ရှိနေတတ်တဲ့ နှင်းလေးပါ

My Blog List