ကစားမလား နားမလား




"တီတီလေးရေ တီတီလေးဂိမ်းစက်က ဆော့ရတာမောလို့ ထိုင်ပြီး ကစားလို့ရမယ့် ဂိမ်းစက်လေး ဝယ်ပေးပါအုံး"
ဖုန်းလိုင်းထဲကနေတဆင့်ကြားလိုက်ရတဲ့ တူတော်မောင်ရဲ့ အမှာစကားကြောင့် ကျွန်မ မပြုံးပဲ မနေနိုင်တော့။ ကလေး စိတ်ဓါတ်မကျအောင်" ဟုတ်ပါပြီ ဝယ်ပို့လိုက်ပါ့မယ်" ပြောလိုက်ပေမယ့် ရင်ထဲမှာ ကလိကလိနဲ့ ရီချင်စိတ်ကို တားမရ။

လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ကလေးတွေ နွေကျောင်းပိတ်ရက်အမီ ပို့လိုက်တဲ့ ဂိမ်းစက်ကို မျက်စိထဲ မြင်ယောင်လာမိသည်။ လူကြီးတစ်ယောက်အနေနဲ့ ကလေးတွေကို အလိုလိုက်ပီး ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ မျက်စိမှိတ်ပစ်ခဲ့ရတာတွေ ကလေးတွေ မသိကြရှာ။ ခေတ်နဲ့အညီ ဂိမ်းစက် ရှာပုံတော် ဖွင့်ရတာ မလွယ်လှဘူးဆိုတာကိုလည်း ကလေးတွေ သိပုံမရ။ သူတို့အတွက် ကျန်းမာရေးနဲ့ ကိုက်ညီမယ့် ဂိမ်းစက် သူတို့ရေရှည် မျက်စိကျန်းမာရေး မထိခိုက်မယ့် ဂိမ်းစက်တွေကို စဉ်းစားရင်း ခေါင်းတွေ ပူထူခဲ့တာလဲ ကလေးတွေ သိပုံမရ။

နွေကျောင်းပိတ်ရက် မတိုင်ခင်ကတည်းက ကျောင်းရက်ရှည်ပိတ်တော့မယ် သားတို့ကို ဂိမ်းစက်လေး ဝယ်ပေးပါအုံးဆိုတော့ တူတော်မောင်တွေ အများကြီးရှိတဲ့ အဒေါ်ပီပီ ကလေးတွေအတွက် ဂိမ်းစက်ရှာပုံတော်ဖွင့်ရသည်။

ကိုယ်က မိန်းကလေးမို့ စက်တွေအကြောင်း နားမလည်တော့ နားလည်တဲ့ မိတ်ဆွေတွေကိုမေးရသည်။ အွန်လိုင်းမှာ ဂိမ်းစက် တွေအကြောင်း ဖတ်ရသည်။ နီးစပ်ရာ ကလေးမိဘတွေကို စနည်းနာရသည်။
ခေတ်နဲ့အညီ ကလေးတွေ ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း ဆော့စေလိုလို့သာ ဂိမ်းစက်တွေ ဝယ်ပေးရသည်။ ဘယ်မိဘကမှ ကလေးတွေကို ဂိမ်းကစားဖို့ ခွင့်မပြုချင်ကြ။

"ထမင်းကျွေးရခက်တဲ့ ကလေးမို့ အိုင်ပက်လေးနဲ့ ဂိမ်းကစားခိုင်းပြီး ထမင်းကျွေးတော့ ထမင်းပိုဝင်တယ်လေ။။ အဲတော့ ထမင်းကျွေးချိန်ဆို ကလေးကို ဂိမ်းဆော့ခိုင်းရတော့တာပဲ။။။" ရှစ်လသားအရွယ် ကလေးအမေရဲ့ အကြောင်းပြချက်ကို လက်မခံချင်ပေမယ့် ခေါင်းညိတ်လက်ခံရသည်။ ကလေးတွေကို ထမင်းကျွေးရတာ ဘယ်လိုခက်တယ်ဆိုတာ ကလေးထိန်းဘူးသူမို့ နားလည်သည်။

"အမတို့က တိုက်ခန်းမှာနေတာ... သားနှစ်ယောက်က တချိန်လုံး ခုန်ပေါက်ဆော့နေတော့ အောက်ထပ်ကလဲ လာပြောတယ် ဘေးခန်းကလဲ လာပြောတယ်လေ...အဲတော့ ပတ်ဝန်းကျင်ကိုအားနာပြီး ကလေးတွေကို တီဗီဂိမ်း ကွန်ပြူတာဂိမ်းတွေနဲ့ ထိန်းရတော့တာပဲ။ အသံတိတ်ကစားနည်းက ဒီတစ်နည်းပဲရှိတာလေ..." နောက် သူငယ်ချင်းတစ်ယောက်ကလဲ သူ့အခက်အခဲကို ရင်ဖွင့်ရှာသည်။

မြို့ပြလူနေထိုင်မှု စနစ်က ကလေးတွေကို ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေသည်။ ခြေဆန့်လက်ဆန့် ဆော့ကစားရမယ့် ပတ်ဝန်းကျင်ရယ်လို့မရှိ။ လေကောင်းလေသန့်ရှုရှိုက်ရမယ့် အခွင့်အလမ်းကမရှိ။ ခြေလက်လှုပ်ရှား အားကစားလုပ်ဖို့တော့ ဝေလာဝေး။ 

တူတော်မောင်တွေအတွက် ဂိမ်းစက်ဝယ်ခါနီးမှာ ခေါင်းခြောက်မတတ် စဉ်းစားရတဲ့ အချက်တွေကပဲ မနည်းလှ။ ကလေးတွေရဲ့အမေနဲ့ အဖေက ကလေးတွေကို စည်းနဲ့ကမ်းနဲ့ ကိုက်တွယ်သူတွေ။ လိုတာထက်ပိုလို့ အလိုမလိုက်သူတွေ။ အိမ်မှာ ရှိတဲ့ ကွန်ပြူတာတွေ အိုင်ပက်တွေကို ကလေးတွေကို ကိုင်ခွင့်ဆော့ခွင့်မပေး။ ဂိမ်းစက်ရယ်လို့လဲ မဝယ်ပေးတော့ ကလေးတွေက ဦးလေးတွေရဲ့ ဂိမ်းစက်တွေကို မျက်စိကျပြီး မိဘအိမ်မှာ မပျော်မွေ့။ အချိန်ရတာနဲ့ ဦးလေးတွေ အဒေါ်တွေဆီပြေးလာပြီး တီဗီဂိမ်းဆော့ကြသည်။

ပီအက်စ် တူး ပီအက်စ် သရီးတွေက သူတို့နဲ့ ရင်းနှီးပြီးသား။ မူလတန်း ကျောင်းသားလေးတွေက သူတို့ရဲ့ မုန့်ဖိုးလေးတွေစုပြီး ဂိမ်းခွေတွေ ဝယ်ရတာအမော။ ကျွန်မကိုယ်တိုင်ကလဲ ကလေးတွေ တီဗွီဂိမ်းကို တမ်းတမ်းစွဲနေတာကို မနှစ်မြို့လှ။

အားကစားလိုက်စားတဲ့ ကျွန်မရဲ့ အကိုတွေ မောင်တွေက ကလေးတွေကို အချိန်ရရင်ရသလို ဘောလုံးကွင်းထဲကို ခေါ်သွားပြီး ဘောလုံးကန်စေသည်။ သူတို့ကိုယ်တိုင်လဲကလေးတွေနဲ့အတူ ဘောလုံးကွင်းကျယ်ကြီးထဲမှာ ကစားတတ်သေးသည်။ ကျွန်မတူတွေက မြို့လည်ကတိုက်ခန်းကျဉ်းလေးတွေမှာ နေရပေမယ့် ကျောင်းပိတ်ရက်တွေဆို  ဦးလေးတွေနေတဲ့ အိမ်ရှေ့က ဘောလုံးကွင်းကျယ်ကြီးထဲမှာ ကစားခွင့်ရသေးသည်။ မြေနီလမ်းတွေပေါ်မှာ ခုန်ပေါက်ကစားခွင့်ရှိသေးသည်။

ဒါပေမယ့် ခေတ်လူငယ်ပီပီ ဂိမ်းစက်တွေကိုလဲ မက်မောကြသေးသည်။ကလေးတွေကို အလိုလိုက်တတ်လွန်းသူ ကျွန်မကတော့ ကလေးတွေနှုတ်ဖျားက ထွက်ကျလာတဲ့ အရာမှန်သမျှ အဆင်သင့်ရှိစေတတ်သူမို့ ဂိမ်းစက်ရှာပုံတော်ဖွင့်ရသည်။

သူငယ်ချင်း လူကြီး လူငယ်တွေ အားလုံးကို မေးမြန်းအင်တာဗျူးပြီး နောက်ဆုံးမှာတော့ ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် X-Box ကို ဝယ်ဖြစ်သည်။ အခြားဂိမ်းတွေလို ငုတ်တုတ်ထိုင်ပြီး ရီမုတ်နှိပ်နေစရာမလို။ တီဗီရှေ့မှာ မတ်တတ်ရပ် ပြေးလွှား ခုန်ပေါက်ပြီး ဆော့ရတဲ့ ဂိမ်းမို့ ကလေးတွေလဲ စိတ်ချမ်းသာ ကျွန်မအကိုတွေလဲ စိတ်ချမ်းသာ ကျွန်မကိုယ်တိုင်လဲ အပြစ်က လွတ်သည်လေ။

X-Box ဂိမ်းတွေက နှစ်ယောက်တွဲ သုံးယောက်တွဲ ကစားလို့ရတာမို့ ညီအကိုအချင်းချင်း အငြင်းပွားစရာမလို စက်လုစရာမလို ရီမုကွန်ထရိုးလုစရာမလို။ ညီအကိုတွေ စိတ်ကူကိုယ်တူ ညီညီညွတ်ညွတ် ကစားရတဲ့ ဂိမ်းမို့ လူကြီးတွေလဲ စောင့်ကြည့်ပြီး ဖြန်ဖြေစရာမလို။
ဂိမ်းစက်ဝယ်ပေးစ တစ်လလောက်တော့ ကလေးတွေဆီက ဘာသံမှမကြားရ။ ဂိမ်းစက်လေးဝယ်ပေးတဲ့ အတွက် တီတီလေးကို သားတို့ညီအကိုတွေ အရမ်းကျေးဇူးတင်ပါတယ် ဆိုတဲ့ ကျေးဇူးစကားကိုကြားရတော့ ကလေးတွေရဲ့ သိတတ်လိမ္မာမှုအတွက် ပီတိဖြစ်ရသည်။ 
 အခုခေတ် ကလေးတွေ ကျေးဇူးစကားဆိုဖို့ နှုတ်နည်းနေကြချိန်မှာ သူတို့ဆီက ကျေးဇူးစကားကြားရတော့ အံ့သြဝမ်းသာဖြစ်ရသည်။

နောက်ပိုင်းမှာတော့ ရန်ကုန်မှာ ရာသီဥတုကပူတယ် မီးကမမှန်ဘူး ဂိမ်းဆော့ရင် မောလို့ အကျီတောင် မကပ်နိုင်တော့ဘူး...မဆော့ပဲလဲ မနေနိုင်ဘူးဆိုတဲ့ ကလေးတွေရဲ့ ဆင်ခြေတွေကြားတော့ ရယ်ရမလို ငိုရမလို။

အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ အသက် ငါးနှစ်အောက်ကလေးတွေက ရုပ်ပြစာအုပ်တွေထက် တီဗီဂိမ်းနဲ့ ကွန်ပြူတာ ဂိမ်းတွေကို ခြောက်ဆမက အချိန်ပေးနေကြသည်။
မိဘတွေကိုလဲ အပြစ်မဆိုသာ အသက် သုံး နှစ်မှ ငါးနှစ်ကလေးတွေကို စာဖတ်စေချင်ရင် စာဖတ်ပြဖို့အတွက် အချိန်သတ်သတ်မှတ်မှတ်ပေးရတော့မည်။

 မိဘနှစ်ပါးလုံး အလုပ်လုပ်နေသူတွေအတွက် ကလေးတွေကို စာဖတ်ပြဖို့ အချိန်မရှိတာ မဆန်းလှ။ စာအုပ်ထက် ပိုလို့ စွဲဆောင်မှုရှိတဲ့ အီလက်ထရောနစ် ပစ္စည်းတွေက ကလေးတွေရဲ့ ကမ္ဘာကို အလွယ်တကူသိမ်းပိုက်သွားလေတော့ မိဘတွေအနေနဲ့ ဘေးကနေ ကြီးကြပ် တည့်မတ်ပေးရုံသာ တတ်နိုင်သည်။

ကျွန်မတို့ ငယ်ဘဝက ညအခါ လသာသာ ကစားမလား နားမလား ဆိုညည်းခဲ့တဲ့ အချိန်တွေက အတိတ်မှာ ပုံပြင်လို ကျန်ခဲ့ပြီ။ ကလေးတွေကို ကစားမလား နားမလား မမေးသာတော့။
အခုလည်း တူတော်မောင်တွေက ကျွန်မ ဂိမ်းစက်ကြောင့် မောနေပြီလို့ဆိုကြတာမို့ နားနားပြီးသာ ကစားကြပါလို့ပြောရသည်။

မေလ နောက်ဆုံးပတ်မှာတော့ တူတော်မောင်တစ်ယောက် မျက်စိအားနည်းပြီး မျက်လုံးတွေ နီလာတာမို့ သူတို့ ညီအကိုတွေ ဂိမ်းကစားခွင့် ပိတ်ခံရသလို အိမ်က မိသားစုလဲ တီဗီကြည့်ခွင့် ပါမစ်ပိတ်သွားခဲ့သည်။ ကလေးကိုလဲ မျက်စိဆေးရုံပို့ပီး မျက်စိစမ်းရသည်။ ရလာတဲ့ အဖြေက မျက်စိတဘက် ဝါးနေတယ်ဆိုတဲ့ အဖြေ။ ကလေးမျက်စိကုနေချိန်မှာ လူကြီးတွေ တီဗီကြည့်နေရင် ကလေးပါ လိုက်ကြည့်မှာစိုးလို့ လူကြီးတွေက ကိုရီးယားကားကို ရင်နာနာနဲ့ ကျောခိုင်းနေကြရသည်။

"သားမျက်စိနာတာ မျက်စိ မှုန်တာ ဂိမ်းကစားလို့ မဟုတ်ပါဘူး "လို့ ကလေးက ဆင်ခြေတက်ပေမယ့် ခုချိန်ထိ ဂိမ်းစက်လေးက မူလ စက္ကူပုံးထဲက ပြန်ထွက်ခွင့်မရသေး။
ကွန်ပြူတာဂိမ်း အိုင်ပက်ဂိမ်း တယ်လီဖုန်းဂိမ်း တီဗီဂိမ်း အင်တာနက်ဂိမ်းတွေက ကလေးတွေကို မျက်စိ ထိခိုက်စေတယ်။ ကြာကြာဆော့ရင် ကလေးတွေ ခေါင်းပါ စောင်းပြီး အာရုံကြော ပြဿနာရှိနိုင်တယ်လို့ သူငယ်ချင်းတစ်ယောက်က စိုးရိမ်တကြီး ပြောရှာသည်။

သူတို့ကစားတဲ့ ကစားနည်းတွေထဲမှာ တိုက်တဲ့ ခိုက်တဲ့ ဂိမ်းတွေ ပစ်ခတ် သတ်ဖြတ်ကြတဲ့ ဂိမ်းတွေပါတော့ ကလေးတွေ စိတ်ဓါတ်တွေ ကြမ်းတမ်းကုန်ပါ့မယ်။ ဂိမ်းဆော့တာရပ်လိုက်တာနဲ့ ဂိမ်းထဲကအတိုင်း တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြခိုက်ကြတော့တာပါပဲ.. လို့ ညည်းလာသူကလဲ ကလေးတို့မိခင် သူငယ်ချင်းတစ်ယောက်။

ဒါပေမယ့်လည်း တိုးတက်နေတဲ့ ခေတ်ကြီးနဲ့အညီ ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှား အားကစား အနုပညာနဲ့ ဥာဏ်ရည်မြင့်စေတဲ့ ကစားနည်းတွေကလဲ တဘက်တလမ်းက လိုအပ်ပြန်သည်။
တီဗွီဂိမ်း ကစားခြင်းက ကလေးတွေကို တဘက်တလမ်းက အကျိုးရှိစေတယ်ဆိုတဲ့ အချက်လေးတွေ ဖတ်ရတော့ နေရာတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာကို မငြင်းနိုင်တော့။

တီဗီဂိမ်းတွေက မိသားစုကို တစုတစည်းတည်းဖြစ်စေတယ်။ ကလေးတွေကို Team Work အလေ့အကျင့်ကိုရစေတယ်။ ကလေးတွေကို Problem Solving Skill ကို တိုးတက်စေတယ်
တီဗီဂိမ်းက ကလေးတွေကို ဖြန့်ကျက် စဉ်းစားတွေးခေါ်တဲ့ အလေ့အကျင့်ကို ရစေတယ်။ ကလေးတွေကို လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်အောင် သင်ပေးတယ်.. လို့ ဆိုလာပြန်တော့....
ကျွန်မချစ်တဲ့ ကလေးတွေကို နားနားပြီးသာ ကစားကြပါလို့သာ ပြောချင်ပါတော့သည်။

2013 July Gamers Magazine




နှင်းနဲ့မာယာ



0 comments:

My Blog List