တကယ်တော့ကျွန်မက ဒီလို အလေ့အကျင့်တွေနဲ့ ဘယ်တုန်းကမှ မရင်းနှီးခဲ့ပါဘူး။
ဒီမှာ နေလာတဲ့ သက်တမ်းကခုနစ်နှစ်လောက်ရှိနေပြီဆိုပေမယ့် ခုတလောမှာမှ
ကျွန်မရဲ့ ပါတ်ဝန်းကျင်က လူတချို့ရဲ့ချစ်စရာကောင်းလွန်းတဲ့ အလေ့အထလေးတွေကို
သတိပြုမိခဲ့တာပါ။
အဲဒီနေ့ကနွေညချမ်းလေးဆိုပေမယ့်
အပူချိန်က အပြင်မှာ ၃၇ ဒီဂရီလောက်ရှိနေသေးတယ်။ တလောတုန်းက
ဒီလောက်အပူချိန်လေးပါပဲ၃၆ ဒီဂရီလောက်မှာ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ
သေဆုံးကြတယ်လို့ကြားလိုက်ရသေးတယ်။
ကျွန်မရဲ့ကန္တာရမြို့လေးကတော့ နေ့နေ့ညည အပူချိန် ၃၆ ၃၇ ဒီဂရီလောက်ကို စာမဖွဲ့တော့ဘူးလေ။
နေ့လည်ခင်းတွေမှာပူပြင်းလွန်းတာမို့
နားရက်ရတဲ့ လေးရက်လုံးလုံး အခန်းထဲမှာ အချိန်တွေဖြုန်း
အရေးတကြီးဝယ်စရာရှိလို့ အိမ်ဘေးက စူပါမားကတ်ကိုသွားရမယ်ဆိုရင်တောင်
ပြင်ပအပူချိန်ကို တကူးတကကြည့်ပြီးမှထွက်တတ်တာလဲ အကျင့်တစ်ခုဖြစ်နေခဲ့ပြီ။
ဒီညနေမှာတော့မသွားမဖြစ်ကိစ္စတစ်ခုရှိလို့
အိမ်နဲ့ မလှမ်းမကမ်းက ဘဏ်တစ်ခုကိုသွားပြီး အပြန်
လမ်းဖြတ်ကူးဖို့မီးပွိုင့်မှာ ရပ်စောင့်နေတုန်း သူ့ကို မီးပွိုင့်ရဲ့
အခြားတစ်ဘက်မှာ တွေ့လိုက်ရတယ်။
သူကတော့
ကျွန်မတို့အိမ်ပါတ်ဝန်းကျင်မှာ သန့်ရှင်းရေးတာဝန်ကျတဲ့ ဝန်ထမ်းတစ်ယောက်။
ယူနီဖောင်းလိမ္မော်ရောင်တောက်တောက်နဲ့သူ့ကိုတခါတရံမှာ နေ့ဘက်မှာ တွေ့ရသလို
တခါတရံကျတော့ ညဘက်တွေမှာ တွေ့ရတတ်တယ်။
ပါတ်ဝန်းကျင်လေ့လာမှုအားနည်းလွန်းတာမို့
သူတို့ကို သတိထားမိတာ သိပ်တော့ မကြာသေးပါဘူး။ မှတ်မှတ်ရရ
အလုပ်ကပြန်လာတဲ့ညတစ်ည ညသန်းခေါင် နှစ်နာရီလောက်မှာ တက္ကစီစောင့်နေတုန်းပေါ့။
မှန်အနက်တွေ အပြည့်နဲ့ဇိမ်ခံကားကြီးတစ်စီး ကျွန်မနဲ့ မလှမ်းမကမ်းမှာ
ရုတ်တရက်ထိုးရပ်သွားတယ်။
ပတ်ဝန်းကျင်မှာလူသူလေးပါး
ကင်းဝေးနေတဲ့အချိန်မို့ သတိထားပြီး စောင့်ကြည့်နေမိတယ်။
တက္ကစီကလည်းမလာသေးဘူး။လမ်းမပေါ်မှာလည်း ကားအသွားအလာနည်းနည်း
ကျဲနေတဲ့အချိန်မို့ စိုးရိမ်စိတ်တချို့တော့ ရှိနေတာပေါ့။
ကားရပ်လိုက်တဲ့နေရာမှာက
လိမ္မော်ရောင်တောက်တောက် ယူနီဖောင်းဝတ်ထားတဲ့
သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်တံမျက်စည်းလှည်းနေခဲ့တယ်။ သန့်ရှင်းရေးဝန်ထမ်းက
သူ့ရှေ့မှာ ရပ်လာတဲ့ ကားကို မော်ကြည့်တော့ကားထဲကနေ လက်တစ်ဖက်ထွက်လာပြီး
သူ့ကို တစုံတခုလှမ်းပေးနေတာကို တွေ့လိုက်ရတယ်။
သန့်ရှင်းရေးဝန်ထမ်းကလှမ်းယူရင်း
အသိအမှတ်ပြုသလို ခေါင်းကို အခါခါညိတ်လို့ သူ့ရဲ့ ဘောင်းဘီအိတ်ထဲကို
ရလာတဲ့တစုံတရာကို ထည့်နေတာကိုတွေ့လိုက်ရတယ်။
ကျွန်မ
ငေးကြည့်နေတုန်းမှာပဲကားကလည်း လိုရာခရီးကို ဆက်သွားလို့... လိမ္မော်ရောင်ဝတ်
သန့်ရှင်းရေးဝန်ထမ်းကလည်း သူတာဝန်ကျတဲ့လမ်းမတဆုံး
မမောတမ်းဆက်လျှောက်လို့သွားလေရဲ့။
ဒုတိယအကြိမ်ထပ်ကြုံခဲ့တာက
နွေရာသီရဲ့ အပူဆုံးအချိန်ကာလ မနက်ခင်း ၁၁ နာရီလောက်။ အပူချိန်က ၄၃
ကျော်နေတာကိုသိတော့အလုပ်ကအပြန်မှာ ထီးကို ငိုက်ငိုက်ဆောင်းပြီး ဘူတာကနေ
အိမ်ကို အပြေးတပိုင်းလှမ်းလာတဲ့အချိန်။ ကျွန်မရှေ့မှာ
အမျိုးသမီးလေးတစ်ယောက်က ခြေလှမ်းတွေကို ခပ်သွက်သွက်လေးလှမ်းလို့။
သူမရဲ့
ရှေ့မှာက လိမ္မော်ရောင်ဝတ် သန့်ရှင်းရေးဝန်ထမ်း။ သူကတော့
ဦးထုတ်တစ်လုံးဆောင်းလို့လက်တစ်ဘက်မှာ အမှိုက်ပုံးကိုင်ပြီး
အခြားလက်တစ်ဘက်မှာတော့ တံမျက်စည်းတစ်ချောင်းကိုင်ပြီးခြေလှမ်းတွေ
သွက်သွက်လှမ်းနေခဲ့တယ်။
ဘူတာနဲ့အိမ်ငါးမိနစ်လောက်လျှောက်ရတဲ့
ခရီးလေးတောင် ချွေးပြိုက်ပြိုက်ကျအောင် ပူလောင်လွန်းလှတာ။သူ့လိုမျိုးသာ
အပူချိန် ၄၀ ကနေ ၄၆ လောက်အောက်မှာ လမ်းမတွေပေါ်မှာ
တနေကုန်လျှောက်ရရင်ဆိုတဲ့အတွေးနဲ့ စိတ်မကောင်းဖြစ်မိတဲ့အချိန်မှာပဲ
မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုကို ထပ်တွေ့ရပြန်တယ်။
ကျွန်မရှေ့ကသွက်သွက်လျှောက်နေတဲ့
ကောင်မလေးက သန့်ရှင်းရေးဝန်ထမ်းရဲ့ ခြေလှမ်းတွေကို မီသွားတာမို့သူမလက်ထဲက
တစုံတခုကို ကမ်းပေးလိုက်တာကို တွေ့လိုက်ရပြန်တယ်။
သန့်ရှင်းရေးဝန်ထမ်းကတော့ရုတ်တရက် အံ့သြသွားပြီး အမှိုက်ပစ်တဲ့သူထင်ပြီး
သူ့လက်ထဲက အမှိုက်ပုံးလေးကို ကမ်းပေးလိုက်တယ်။
ဒါပေမယ့် ကောင်မလေးက ဝန်ထမ်းရဲ့ လက်ထဲကို တစုံတခုကို သေသေချာချာ ကမ်းပေးတော့မှ သူလဲမအားတဲ့ လက်အစုံနဲ့ လှမ်းယူရှာတယ်။
ကြာလာတော့ကျွန်မအိမ်နားမှာ
အမြဲလိုလို တွေ့ရတတ်တဲ့ အရပ်မြင့်မြင့် နေလောင်ထားတဲ့ အသားအရေပိုင်ရှင်
သန့်ရှင်းရေးဝန်ထမ်းကို မျက်မှန်းတန်းမိလာပြီးသူ့ကိုတွေ့မိတိုင်း
သတိထားပြီးကြည့်တတ်လာခဲ့တယ်။
အခုလည်းသူကကျွန်မနဲ့
မျက်နှာချင်းဆိုင်က လမ်းတစ်ဘက်မှာ လမ်းဖြတ်ကူးဖို့စောင့်နေခဲ့တယ်။
ရုတ်တရက်ဆိုသလိုသူ့ဘေးနားကိုရောက်လာတဲ့ ချာတိတ်လေးတစ်ယောက်က သူ့လက်ထဲကို
တစုံတရာ ပေးလိုက်တာကို ထပ်တွေ့ရပြန်တယ်။
သူတို့ကိုကြည့်နေတုန်းမှာပဲ
မီးပွိုင့်က လမ်းဖြတ်ကူးမယ့်သူတွေအတွက် မီးစိမ်းပေးလိုက်တာမို့
ကျွန်မတို့အားလုံးလမ်းဖြတ်ကူးလိုက်ကြတယ်။ လမ်းမကြီးရဲ့ အလယ်တည့်တည့်ကို
ကျွန်မရောက်သွားတဲ့အချိန်မှာသူလည်း လမ်းမကြီးရဲ့
အလယ်ကောင်တည့်တည့်ကိုရောက်လာတယ်။ ကျွန်မရဲ့ ဘေးနားက
အမျိုးသမီးတစ်ယောက်ကျွန်မကို ကျော်ပြီး သူ့နားကို
ချဉ်းကပ်သွားတာကိုတွေ့ရသလို သူမရဲ့ လက်ကလေးက
ခပ်မြန်မြန်လေးလှုပ်ရှားလိုက်သလိုသူကလဲ သွက်သွက်လေး လှမ်းယူလိုက်တာ
တွေ့လိုက်ရတယ်။
အိုး တကယ်ပါပဲကျွန်မတို့ ပတ်ဝန်းကျင်မှာ
ကျွန်မတို့ သတိမထားမိတဲ့အရာတွေကို ဂရုတစိုက်နဲ့
စောင့်ကြည့်နေတတ်သူတွေအများကြီးပါပဲ။ ကျွန်မကိုယ်တိုင်တောင်
သတိမထားမိခဲ့ဘူး။
လိမ္မော်ရောင်ဝတ်သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ လစာဟာ
အင်မတန်နည်းလွန်းလှပေမယ့် တနေ့လုံးလိုလို လမ်းမတွေပေါ်မှာချွေးတလုံးလုံးနဲ့
လျှောက်နေရတာတာကို ကျွန်မတို့အားလုံးသတိထားမိသလို ဒေသခံ
လူမျိုးစုတွေလည်းသိကြတယ်။
ဒါ့ကြောင့်လည်းတခါတရံမှာ
ဒေသခံ အာရပ်လူမျိုးတွေက လမ်းပေါ်က လိမ္မော်ရောင်ဝတ် သန့်ရှင်းရေး
ဝန်ထမ်းတွေကိုဂရုတစိုက်နဲ့ မုန့်ဖိုးပေးတတ်ကြတယ်။ ဒေသခံမဟုတ်တဲ့
လူတချို့ကလည်း သူတို့ကို အလေးပေးဂရုစိုက်ဖို့မမေ့လျော့ကြဘူး။
တကယ်တော့
ကျွန်မတို့လို အလုပ်လာလုပ်သူတွေနဲ့ ဒေသခံတွေကြားမှာမတူညီတာတွေ
တော်တော်များပါတယ်။ လူအများစုကတော့ ဒေသခံတွေကို မောက်မာတယ်
အဆင့်အတန်းခွဲခြားတယ်အခွင့်ထူးခံလူတန်းစားတွေ ရယ်လို့ သတ်မှတ်ကြတယ်။
ဒါပေမယ့်တချို့တချို့သော
ဒေသခံအာရပ်တွေကတော့ စိတ်ရင်းစေတနာကောင်းနဲ့ ကူညီတတ်ကြတယ်။
သူတို့နိုင်ငံမှာအလုပ်လာလုပ်တဲ့သူတွေကို အိမ်ရှင်ပီပီ လေးစားသမှုနဲ့
ဆက်ဆံတတ်ကြတယ်။
ကျွန်မတို့ငယ်ငယ်တုန်းကဆို
ရပ်ကွက်တွေထဲမှာ အမှိုက်လာကောက်တဲ့ လူတန်းစားတွေကို လူတွေက
ခွဲခြားပြီးဆက်ဆံတတ်ကြတယ်။ သူခိုး ဂျပိုးဆိုတဲ့ မသင်္ကာတဲ့ မျက်လုံးတွေနဲ့
စောင့်ကြည့်တတ်ကြတယ်။အမှိုက်ကောက်တဲ့သူတွေ အိမ်နားကို ကပ်လာရင်ပဲ ခွေးရှိတဲ့
အိမ်က ခွေးနဲ့ ရှူးတိုက်တတ်ကြသေးတယ်။
ဒါ့ကြောင့်လည်းအမှိုက်ကောက်သမားတွေ
မြင်တိုင်း ကျွန်မတို့ ကြောက်ရွံ့စိုးထိတ်ခဲ့သလို သူတို့ကို
အရေးတယူလုပ်ပြီးလူရာသွင်းဖို့လည်း စိုးရွံ့နေတတ်တာလေ။
အမှိုက်သိမ်းသမားတွေလိုပဲမျက်နှာငယ်ရတဲ့
လူတန်းစားတစ်ရပ်ကလည်း နိုင်ငံတကာမှာ ရှိသေးတယ်။ သူတို့ကတော့
ဆောက်လုပ်ရေးဝန်ထမ်းတွေအလုပ်ကြမ်းသမားတွေ။
ဒါပေမယ့်တလောတုန်းက
နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောကြည့်တော့ အင်္ဂလန်နိုင်ငံက
ဆေးသုတ်သမားတစ်ယောက်ရဲ့တစ်နှစ်ဝင်ငွေဟာ ရုံးတစ်ရုံးက မန်နေဂျာတစ်ယောက်ရဲ့
တစ်နှစ်ဝင်ငွေထက်တောင် ပိုပါသေးတယ်လို့သိလိုက်ရပါတယ်။ သူတို့ကိုတော့
လောကကြီးကို အလှဆင်နေတဲ့သူတွေ ပါတ်ဝန်းကျင်ကို
အလှဆင်ပေးနေတဲ့အနုပညာရှင်တွေလို့ သတ်မှတ်ကြတယ်တဲ့လေ။
တကယ်ပါပဲ...
ကျွန်မတို့နေ့စဉ်ဖြတ်သန်းနေတဲ့
ပါတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းသပ်ယပ်နေအောင်
သဲတစ်မှုန်ဖုန်တစ်စမရှိရလေအောင် အနံ့အသက်ဆိုးတွေ မရှိရလေအောင်
အလှဆင်ပေးနေတဲ့သူတွေကို ကျွန်မတို့ မေ့လျော့ထားခဲ့တာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲမသိ....
ကျွန်မတို့အားလုံးကိုယ့်အတ္တနဲ့ကိုယ်
ပါတ်ဝန်းကျင်ကို မေ့လျော့နေခဲ့ပေမယ့် ဒီပါတ်ဝန်းကျင်မှာပဲ အရာရာကို
ကျွန်မတို့ထက်ပိုလို့ဂရုစိုက်တတ်သူတွေ လူသားချင်းစာနာဖေးမတတ်သူရဲ့
ချစ်စရာကောင်းတဲ့ စိတ်ထားဖြူဖြူလေးတွေနွေးထွေးတဲ့ လက်ကလေးတွေ
အများကြီးရှိနေသရွေ့ ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးက လှပနေအုံးမှာသေချာပါရဲ့။
နှင်းနဲ့မာယာ
1 comments:
နှင်းရေ့... ချစ်တတ်တဲ့ မျက်စိနဲ့သာ ကြည့် လောကကြီးကအမြဲပဲ လှပပါတယ်..
နှင်းရဲ့ နှလုံးသားလေး လှနေတော့.. မြင်ရတာလဲ လှ နေတော့တာ
လူတိုင်းက အလှ ကိုယ်စီရှိပြီး.. လောကကြီးအတွက် အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ အသုံးဝင် ဖူးတဲ့သူတွေချည်းပါပဲ .. လူဆိုးကလဲ လူဆိုးအလျှောက်.. လူကောင်းကလဲ လူကောင်းအလျှောက်ပေါ့..
ချစ်စရာ့အတွေးလေးကို လေးနက်အောင်ရေးနိုင်တာလေးပဲ ချစ်နေရတာ.. တနေ့တရက် တော့ ဒီစာလေးတွေ ပုံနှိပ်စာလုံးလေးတွေနဲ့ မြင်ဖူးချင်သေးပါရဲ့..
ချစ်တဲ့ မမ
Post a Comment