သူငယ်ချင်းကောင်း မိတ်ဆွေကောင်း

သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဆိုတာ ကျွန်မတို့ ဖြတ်သန်းနေရတဲ့ ဘဝခရီး အရှည်ကြီးမှာ
မရှိမဖြစ်လိုအပ်တဲ့ အဖော်လေးတွေပါ။

မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ဖို့ မလွယ်လှသလို တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုဖို့ စကားလုံးတွေလဲ ရှားပါးနေပြန်ပါတယ်....

စိတ္တဇနာမ် ခပ်ဆန်ဆန်လေးဖြစ်နေတာမို့ သူကိုယ့်အပေါ် ဘယ်လိုကောင်းခဲ့တယ် သူဘယ်လို လူဖြစ်ခဲ့တယ်ဆိုတာကို ရင်ထဲကနေ တသိမ့်သိမ့်နဲ့ ခံစားမှပဲရနိုင်တာမို့ ပီတိတစ်မျိုး ဘဝမှာ ရှားပါးတဲ့ ခံစားမှုတစ်မျိုးပေးနိုင် စွမ်းရှိသူလေးလို့ ပြောလို့ရနိုင်ပါတယ်...

ဘဝဆိုတာ မရပ်မနား ခုတ်မောင်းနေတဲ့ မီးရထားကြီးနဲ့တူတာမို့ ခဏတာ ခိုဝင်ရပ်နားခဲ့တဲ့ ဘူတာတိုင်းမှာ
မိတ်ဆွေသူငယ်ချင်းတွေ တွေ့ရမှာသေချာပါတယ်...

လမ်းခရီးမှာ တွေ့ခွင့်ရတဲ့ အဖော်တွေကလဲ ထာဝရခရီးသွားဖော်တွေ ဖြစ်သွားတတ်သလို ခဏတာတွေ့ခွင့်ကြုံခွင့်ရတဲ့ အဖော်တွေလဲ ဖြစ်တတ်ပါတယ်...

သေချာတာကတော့ ကျွန်မတို့အားလုံး ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းတွေ တွေ့ခဲ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ကတော့ ခပ်ဆင်ဆင်လေး တူတတ်ကြပါတယ်...

ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ရချိန်တွေမှာ ဖြူစင်တဲ့ သူငယ်ချင်းလေးတွေနဲ့ ပကတိရိုးသားတဲ့ ဘဝလေးတွေကို ဖြတ်သန်းခဲ့ရသလို လုပ်ငန်းခွင်ကို ဝင်မိတဲ့ အချိန်မှာလဲ မတူညီတဲ့ ပတ်ဝန်းကျင်မှာ အကျင့်စရိုက် မတူညီကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေကို တွေ့ခွင့်ဆုံခွင့်ရပြန်ပါတယ်...

ဘဝခရီးက ရှည်လာတာနဲ့အမျှ မီးရထားကြီးက အရှိန်မြင့်လာတာနဲ့အမျှ သူငယ်ချင်း မိတ်ဆွေတွေ အများကြီးကို တွေ့ခွင့်ရခဲ့မယ်ဆိုတာတော့ သေချာပါတယ်...

ဒါပေမယ့် ဘဝမှာ အမှတ်တရ အဖြစ်အပျက်လေးတွေနဲ့ တသသ သတိတရဖြစ်စေလောက်တဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုတာကတော့ တခါတရံမှာ မရှိသလောက်ကို ရှားပါးနေတတ် ပြန်ပါတယ်....

သူငယ်ချင်းတစ်ယောက် အကြောင်းကို ပြောပြပါဆိုရင်တော့ အလွယ်တကူ ပြောလို့ရနိုင်ပေမယ့် သူငယ်ချင်းကောင်းတစ်ယောက် အကြောင်းပြောပါဆိုရင်တော့ တော်တော်ကို စဉ်းစားယူရမှာသေချာပါတယ်။

ဘယ်လို လူတွေကတော့ဖြင့် သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုတာကို တိုင်းတာဖို့ ဆုံးဖြတ်ပေးဖို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ မရှိခဲ့သလို အကဲဖြတ်အမှတ်ပေးဖို့လဲ ဒိုင်လူကြီးတွေ မလိုအပ်ခဲ့တာတော့ သေချာပါတယ်။

ပြီးတော့ ကျွန်မနားလည်ခံစားမိတဲ့ သူငယ်ချင်းကောင်းဆိုတာမျိုးဟာ ငါသူ့အပေါ် ဘယ်လို ကောင်းခဲ့တယ် ဘယ်လိုတွေ အနစ်နာခံခဲ့တယ် ဘယ်လိုတွေကူညီစောင်မခဲ့တယ် ငါသာ သူ့အတွက် သူငယ်ချင်းကောင်း ဆိုပြီး လူရှေ့မှာ မဏ္ဍပ်တိုင်တက်ပြတတ်တဲ့ လူမျိုးလဲ မဟုတ်တာတော့ သေချာနေပြန်ပါတယ်...

တကယ်စိတ်ရင်းကောင်းနဲ့ ဖြူဖြူစင်စင် စေတနာထားတတ်တဲ့ ကူညီတတ်တဲ့သူတွေဟာ မဏ္ဍပ်တိုင်တက်ပြရမှာ ကြောက်သလို ကိုယ်တိုင်ကလဲ ကူညီခဲ့တာမှန်ပေမယ့် အနစ်နာခံခဲ့နာမှန်ပေမယ့် လူရှေ့မှာ ချပြဖို့ ဝန်လေးတတ်သူ ရိုးရိုးသားသား နေတတ်သူတွေ ဖြစ်နေတာများပါတယ်...
မာန်မာနကင်းသူတွေ လို့ပြောလို့ရပါတယ်....

ပင်ကိုစရိုက်ရိုးသားသူတွေ စာနာတရားရှိသူတွေ သနားညှာတာတတ်သူတွေ ဖေးမကူညီတတ်သူတွေ အားငယ်သူကို လက်တွဲခေါ်တတ်သူတွေ အရိပ်သုံးပါးနားလည်ပြီး ကာလ ဒေသ ပရောဂနဲ့ အညီ နေထိုင် ပြုမူ ပြောဆို တတ်သူ အလိုက်သိလွန်းသူ လူမှုရေး နားလည်လွန်းသူတွေကို သူငယ်ချင်းကောင်းမိတ်ဆွေကောင်း အဖြစ်နဲ့ တွေ့ရတတ်ပါတယ်....

သူငယ်ချင်းလား မိတ်ဆွေလား ပေါပါတယ်...
သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ရှာမှရှားလို့ ပြောလို့ရပါတယ်...

သင့်မှာ ရန်သူတစ်ထောင်ရှိနေလား နည်းနေသေးတယ်....
မိတ်ဆွေကောင်းတစ်ယောက် ရှိနေလား များနေပြီလို့ ဖတ်ခဲ့ရဘူးပါတယ်....

လူတိုင်းလူတိုင်းက ဘဝမှာ မိတ်ဆွေကောင်းတွေ့ဖို့ သူငယ်ချင်းကောင်း တစ်ယောက်တွေ့ဖို့ မျှော်လင့် တတ်ပါတယ် တောင့်တတတ်ပါတယ်....

ဒါပေမယ့် တကယ်တမ်း ဖြစ်သင့်တာက ကိုယ်က သူတပါးအတွက် မိတ်ဆွေကောင်း သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ဖို့ ကြိုးစားသင့်တာပါ ( ဒါက ကျွန်မရဲ့ အမြဲတွေးတတ်တဲ့ အတွေးလေး စိတ်ကူးလေးပါ).

ကိုယ်က သူတပါးဆီက ရလိုက်တဲ့ ပီတိထက် သူတပါးကို ပေးလို့ရလာတဲ့ ပီတိလေးကို ပိုပြီး မြတ်နိုးသင့်ပါတယ်....

ကိုယ်က မိတ်ဆွေကောင်းလိုချင်ရင် သူတပါးကို အကောင်းဆုံး နားလည်စာနာ ပေးနိုင်ဖို့ အရင်ကြိုးစားသင့်ပါတယ်...

ကိုယ်က ယူရတဲ့လက်ကလေးထက်ကို သူတပါးကို လှမ်းပေးလိုက်ရတဲ့ လက်ကလေး ဖြစ်သင့်ပါတယ်...

သင်ကောင်းလျှင် ကျွနုပ်မဆိုးပါ ဆိုတာထက်...
သင်မကောင်းလဲ ကျွနုပ်မဆိုးပါ ဆိုတာကို ပိုပြီးသဘောကျမိပါတယ်....

ဒါပေမယ့် အတ္တ မာနတွေ မကင်းတဲ့ လူသားတွေ ဖြစ်နေပြန်တာမို့ လူတိုင်းအပေါ် လိုက်ကောင်းနေဖို့ ကျတော့လဲ သိပ်မဖြစ်နိုင်ပြန်ပါဘူး....

သူဟာ ငါ့အပေါ်မှာ ဘယ်တုန်းကမှ မကောင်းခဲ့တာမို့ ငါကလဲ ပြန်ပြီး ကောင်းစရာမှမလိုတာ သူ့ဟာသူ လဲလဲ သေသေဆိုတဲ့ အတွေးမျိုးက လူတိုင်းလူတိုင်းမှာ ရှိနေတတ်ပါတယ်...

သူကောင်းမှ ကိုယ်ပြန်ကောင်းရမှာ ဆိုရင်တော့လဲ တရားနည်းလမ်း ကျတယ်ဆိုပေမယ့် နည်းနည်းလေးတော့ လွဲနေအုံးမှာပါ...

သူမကောင်းခဲ့ပေမယ့်လဲ အရေးကြုံရင် ကိုယ်က ပြန်ပြီးကောင်းပေးလိုက်တဲ့အခါမှာ သူဘယ်လို ဖြစ်သွားမလဲ သူကိုယ့်ကို ဘာပြောလာမလဲ ဆိုတဲ့ အတွေးလေးနဲ့ သူ့အပေါ်ပြန်ကောင်းကြည့်စေချင်ပါတယ်......
လက်ငင်း အကျိုးတစ်ခုကို ခံစားရပါလိမ့်မယ်....

တခါတရံမှာတော့ ဥပါဒဏ်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်...

သူဟာ မိတ်ဆွေစစ်လား မိတ်ဆွေတုလား ဆိုတာ ခွဲခြားနေသူအတွက် မိတ်ဆွေစစ်ရဖို့ဆိုတာ ခဲယဉ်းနေပြန်ပါတယ်....

သူ့ရဲ့ အစွဲအလမ်း သံသယ စိတ်က သူ့ကို တချိန်လုံးခြောက်လှန့်နေမှာ ဖြစ်တဲ့ အတွက် မိတ်ဆွေစစ်ရခဲ့ရင်တောင် သူဟာ သံသယတွေနဲ့ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး......

ကျွန်မတို့တွေ သိထား နားလည်ထား ခံယူထားတဲ့ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာတွေကို ယေဘုယျ သဘောအရ ကြည့်မယ်ဆိုရင်...

သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဆိုတာ....

အရေးကြုံရင် ကိုယ့်ဘေးမှာ ရပ်တည်ပေးသူ
ဒုက္ခရောက်နေချိန်မှာ ကူညီကယ်တင်သူ
နှုတ်အားဖြင့် စောင်မ ကြည့်ရှုသူ
လက်အားဖြင့် စောင်မကြည့်ရှုသူ
မိမိခံစားချက်တွေကို စာနာနားလည်သူ
မိမိရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတဲ့သူ
လဲကျနေစဉ်မှာ ဖေးကူ ထူမပေးသူ
မိမိဆိုးနေမှန်းသိရင်တောင် လက်ခံပြီး သည်းခံပေးသူ အမုန်းခံပြီး လမ်းပြပေးသူ
လမ်းမှားရောက်နေချိန်မှာ လမ်းမှန်ရောက်အောင်တွဲခေါ်သူ
သေတူရှင်ဘက် အသက်ပေးပြီး ကူညီစောင်မခဲ့သူ
စိတ်ဓါတ်ကျနေစဉ်မှာ စိတ်ဓါတ်ခွန်အားပေးသူနဲ့

အခြားအခြားသော အကြာင်းတရားပေါင်းများစွာနဲ့ မိမိဘေးမှာ ရပ်တည်ပေးနေသူတွေလို့ ပြောကြပါတယ်...

ဒါပေမယ့်လဲ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတိုင်းဟာ ကျွန်မတို့အနားမှာ အမြဲတမ်း ရှိမနေတတ်ကြပါဘူး....

တခါတရံမှာ လက်တကမ်းမှာတော့ အသင့်အနေအထားနဲ့ ရှိနေတတ်ပါတယ်...
တခါတရံ အကြောင်းအမျိုးမျိုးကြောင့် အဝေးကြီးမှာ ရောက်နေတတ်ကြပြန်ပါတယ်...

ဘဝမှာ မိတ်ဆွေကောင်းတစ်ယောက် ရှိနေခဲ့ရင် သူငယ်ချင်းကောင်း တစ်ယောက်ရခဲ့ဘူးရင်တော့ အမြဲတမ်း တသသနဲ့ သတိရနေတတ်ပါတယ်....

အဲဒီ မိတ်ဆွေ သူငယ်ချင်းနဲ့ ဘယ်လောက်ပဲဝေးဝေး တိုက်ဆိုင်မှုလေးတွေ ရှိလာတိုင်း အမှတ်ရနေတတ်ပါတယ်... တခါတရံ အဲဒီ ကျေးဇူးလေးတွေ ပီတိလေးတွေကို ဘဝရဲ့ နောက်ဆုံး အချိန်တွေအထိ မမေ့မလျော့ပဲ ခံစားနေတတ်ကြပါတယ်....

ဒါ့ကြောင့် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ ကိုယ်က အကောင်းဆုံး ဖြစ်နေဖို့ ပြင်ဆင်ထားသင့်ပါတယ်...
လောကကြီးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နေတာမို့ မမြဲခြင်းတရားတွေနဲ့ ပြည့်နေတာမို့ တွေ့ခွင့်ဆုံခွင့်ရတဲ့ တခဏလေးမှာ လူတိုင်းကို တန်ဘိုးထား လေးစားတတ်ဖို့ လိုပါတယ်...

တွေ့ကြုံ ဆုံကွဲခြင်းတရားတွေဟာ မိတ်ဆွေ သူငယ်ချင်းတွေ သံယောဇဉ်ရှိသူတွေကို မကြာခဏ ဒုက္ခပေးတတ်ပါတယ်....

တွေ့တဲ့အခိုက်မှာ ခင်မင်ရသူတွေကို အကောင်းဆုံး မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားနေပေးခဲ့ရင် ကိုယ့်လို လူတွေ များလာရင် လောကကြီးမှာ ရန်သူတွေနည်းသွားပြီး မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ များလာမှာပါ....

ကျွန်မအတွက်တော့ ဆုံတွေ့ခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ များခဲ့သလို မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေလဲ တော်တော်များများ ရှိခဲ့ဘူးပါတယ်...

အကောင်းနဲ့ အဆိုးကတော့ အမြဲတွဲနေတာမို့ နောက်ကျောကိုဓါးနဲ့ထိုးခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေတွေလဲ ရခဲ့ဘူးပါတယ်...
လောကကြီးရဲ့ သဘာဝအတိုင်း မနာလို မရှုစိမ့်တဲ့ အပြိုင်အဆိုင်များတဲ့ အဆောင်အယောင်မက်တဲ့ ငွေမက် ဂုဏ်မက်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေလဲ အများကြီးတွေ့ခဲ့ရပါတယ်...

ဒါပေမယ့် အချိုကြိုက်သူကို အချိုပေး အချဉ်ကြိုက်သူကို အချဉ်ပေး လိုက်လျောညီထွေ ပြောဆို ဆက်ဆံခဲ့ရတော့ လူမုန်းခံရတာ နည်းပါတယ်...

လူတိုင်းကို စာအုပ်တစ်အုပ်လို သဘောထားပြီး ပေါင်းသင်းဆက်ဆံမယ်ဆိုရင်လဲ ဖတ်လို့ကောင်းတဲ့ စာအုပ် ကိုယ့်အတွက် အကျိုးရှိမယ့် စာအုပ်ဆို ဆက်ဖတ်ရသလို ဖတ်လို့မကောင်းဘူးထင်ရင် ဆက်မဖတ်ပဲ ရောက်တဲ့နေရာမှာ ပြန်ခေါက်ပြီး သိမ်းထားလို့ရပါသေးတယ်....

ဖတ်လို့ အရမ်းကောင်းတဲ့စာအုပ် အသုံးဝင်တဲ့ စာအုပ်လေးတွေကို ကိုယ်နဲ့မကွာ သိမ်းထားတတ်ကြသလို ကိုယ်ရခဲ့ဘူးတဲ့ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းလေးတွေကို ရင်ထဲမှာ မမေ့မလျော့ သိမ်းထားမိဖို့လဲ လိုပါတယ်...

သူကိုယ့်အပေါ်ပြူခဲ့ဖူးတဲ့ ကျေးဇူးလေးတွေ ထားခဲ့ဘူးတဲ့ စေတနာလေးတွေကို အမြဲအမှတ်ရနေခဲ့ရင်တော့ အကောင်းဆုံးပါပဲ....

တွေ့ဆုံရတဲ့ ဘဝတိုတိုလေးမှာ ကိုယ်ကကောင်းသလို ကိုယ့်ကို ပြန်ကောင်းတဲ့ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းလေးတွေနဲ့ ဆုံတွေ့နိုင်ကြပါစေ........


ဒီပို့စ်လေးကို ရေးဖို့ Tag လာတဲ့ မိုးခါးကို ကျေးဇူးတင်ပါတယ်...
ကျွန်မရဲ့ သူငယ်ချင်းကောင်းလေးတစ်ယောက် အကြောင်းကို ဖတ်ချင်ရင်တော့
ကျွန်မ ဘလော့စရေးဖြစ်တုန်းက ရေးဖြစ်ခဲ့တဲ့ ဒီပို့စ်လေး ကို ဖတ်စေချင်ပါတယ်.....

သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဆိုတဲ့ ပို့စ်လေးကို ရေးပေးဖို့ သူငယ်ချင်းဘလော့ဂါလေးတွေကိုလဲ အားနာနာနဲ့ Tag ပါရစေ....

ခေတ္တရန်ကုန်ရောက် သမီးပျို
ဆိုက်ပရပ်က ကိုနေညို
ခင်ရတဲ့ ညီမလေး ဇော်
သူငယ်ချင်းလေး ငုံ
ခုတလော ပျောက်နေတဲ့ အိုက်ခီလောက်
မကြာခင်က ရာထူးတက်ထားတဲ့ ကိုသီဟသစ်

10 comments:

မိုးခါး said...

အတွေးလေးတွေကို အရမ်းကြိုက်ပါတယ်
သိခွင့်ရလို့လည်းကျေးဇူးတင်ပါတယ် ..
ကိုယ်ကအရင်စပြီး သူများအတွက် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတယောက်ဖြစ်ဖို့အရင်ကြိုးစားသင့်တာနော် ..း)

yehtutnaung said...

အမှန်ပဲ မနှင်းရေ..။ သူငယ်ချင်းကောင်း မိတ်ဆွေကောင်း ဆိုတာ ရှားမှရှားတဲ့ ကံကောင်းခြင်း လက်ဆောင်တခုပါပဲ။ မနှင်းရေးပြသွားတာ အတော့်ကို ပြည့်စုံပါတယ်ဗျာ။
ကျွန်တော့်ကို ဆက် Tag တဲ့အတွက်လဲ ရေးဖို့  ကြိုးစားပါမှာ။ အစစ အရာရာ အဆင်ပြေပါစေဗျာ။

သီဟသစ် said...

နှင်းရေ...

သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေ ဆိုတာ အချိန်တိုင်းအတွက် အမြဲလိုအပ်ပါတယ်..

ကိုယ်တိုင်သူငယ်ချင်းကောင်းဖြစ်အောင်ကြိုးစားလျက်...

ခင်မင်စွာဖြင့်
သီဟသစ်

Tag လေးရေးမယ်နော်.. နှင်းလောက်တော့ မရေးတတ်ဘူးဗျ..

ဇော် said...

အာ
မနင်းကတော့ လုပ်တော့မယ်။ ကျနော်က အဲ့လိုတွေရေးတတ်ဖူးရယ်ဗျ။ မနင်းညီက မနင်းလောက်မတော်တာ သိရဲ့နဲ့ဗျာ။ အီးး။ ခေါင်းစားတော့မယ် တူလုပ်တာနဲ့။ ဟင့်။ ငိုချင်တယ်။ အပျိုကြီးတော့နော။ ဟွန်း။ ရှုပ်ပါတယ်။ အပျိုကြီးယောက်ျားယူရင် ရေးမယ်လေ။ နော်။ အဟိဟိ။

Sein Lyan Tun said...

စာရေးကောင်းတဲ့ မနှင်းရေ...
ကျနော်က မနှင်းရဲ့ ထာဝရ မိတ်ဆွေကောင်း
သူငယ်ချင်းကောင်း ဖြစ်ချင်ပါတယ်
အရေးအသားတွေကညက်တယ်ဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

သားကြီး said...

A real friend is hard to find, difficult to leave, and impossible to forget ဖတ်ဖူးတာလေးပါအစ်မရေ စာရေးကောင်းတဲ့အစ်မ ဒီထက်များများရေးနိုင်ပါစေ :)

desertraindrops said...

မိတ်ဆွေကောင်း သူငယ်ချင်းကောင်း အမှန်တကယ်လိုအပ်ပါတယ်။

Anonymous said...

A friend in need is a friend indeed . တဲ. ...

သူငယ်ချင်းကောင်းတွေကြောင်.ဘ၀တစ်ခုလုံး

ပါတိုးတက်ပြောင်းလဲလာတဲ.ကျွန်တော်ကတော.

အဲဒီကျေးဇူးရှင်သူငယ်ချင်းတွေကိုဘယ်တော.

မေ.လို.ရမှာမဟုတ်ပါဘူး...

အိုက်ခီလောက် said...

မနှင်းကိုတော့ သူငယ်ချင်းလို့ သဘောထားပါဘူးဗျ
အနော့က အမ မောင်လုပ်မယ် မနှင်းက အမလုပ်
မောင်နှမ ပဲလုပ်ချင်တာ ဆိုးလို့ နွဲ့ လို့ ရတာကိုး
ဒါပေမယ့်လည်းသူငယ်ချင်းကောင်းဆိုတာလည်းလိုတယ်နော်
အမရေးလိုက်မှ ပိုသိလာသလိုပဲ အရင်က ဒီလောက်မသိဖူးဗျ အမစာတွေဖတ်ရတာအရမ်းအားရတယ်သိလား
တစ်ဝကြီးဖတ်ရလို့ လေ
နောက်မကြာမကြာပြန်လာဖတ်မယ် အဟတ် အတိုးချပြီးဖတ်မယ် စာကြည့်တိုက်ဖွင့်လည်းလာမယ် စိတ်ချ
စာအုပ်ပျောက်တာတော့သိဖူးနော်

Unknown said...

နှင်း နှင်းရေးတဲ့စာတွေက တန်ဖိုးရှိလိုက်တာကွယ်။ ကိုလဲနှင်းရဲ. သူငယ်ချင်း တွေထဲက သူငယ်ချင်းကောင်း တယောက် ဖြစ်မှာပါ ။

My Blog List