နိဒါန်း
ချာတိတ်မလေးကို စပြီးသတိထားမိတာ သူကိုးတန်းတက်တုန်းက။
သူ့သူငယ်ချင်း ကောင်မလေးက ဖြူဖြူသေးသေးလေး နှာတံ စင်းစင်းလေးနဲ့ မျက်လုံးလေးတွေက ဝိုင်းဝိုင်းနက်နက် အရောင်တွေ တလက်လက်တောက်လို့. အထူးခြားဆုံးက သူ့ရဲ့ ပျော့ပျော့ ပါးပါးဆံပင်လေးတွေ ပျောင်းဖူးမွေးလေးတွေလို ပါးပါးကျဲကျဲနဲ့ ဖြောင့်ဖြောင့် စင်းစင်းလေး။ မသိရင် ဗိုလ်မရုပ်လေးလို။သူနဲ့သိတာ သိပ်မကြာသေး။ ဗမာစကားကခပ်ရှုပ်ရှုပ် သိတာနဲ့ ခင်တာနဲ့ မတူတော်တော်အဆင့် တွေကွာသေးတယ်။
သိပ်မခင်ကြသေးတော့ ချာတိတ်မလေး အကြောင်း ဘာမှကျကျနနမသိ။ ဒါပေမယ့် ကျောင်းမှာက တစ်တန်းတည်း ဆိုတော့ တွေ့ကြရင် ခေါ်လိုက် ပြုံးလိုက်။
မှတ်မှတ်ရရ
အဲဒီနေ့က လပတ်စာမေးပွဲ ဖြေတဲ့နေ့ ဖြေတဲ့ဘာသာက သိပ္ပံတွဲ ဖြေရတဲ့ အချိန်က တစ်နာရီတည်း ဓါတုဗေဒ
ဇီဝဗေဒ နဲ့ ရူပဗေဒ သုံးဘာသာပေါင်းဖြေရတာ။ ဖြစ်ချင်တော့ ကောင်မလေးက ကိုယ့်ဘေးတည့်တည့်မှာ
ကြားမှာ လူသွားလမ်းလေးပဲခြားတယ်။ ကိုယ်က ဒေါ်လောဘ ဘယ်တော့မှရတာနဲ့ မတင်းတိမ်တဲ့သူ။
အထုးသဖြင့် စာမေးပွဲတွေမှာ မေးခွန်းတွေအပုဒ်စေ့ မဖြေနိုင်မချင်း ထိုင်ရာကမထ ခေါင်းတွေထူပူတဲ့ အထိစဉ်းစား အနီးစပ်ဆုံး ရအောင်ဖြေနေကျ။ ဒီနေ့လဲ လာပြီ မေးထားတဲ့ မေးခွန်းက နို့တိုက်သတ္တဝါ သုံးမျိုး ကောင်းကောင်းသိနေတဲ့ အဖြေ ခေါင်းတွေပူပြီးမေ့သွားတာ ချက်ချင်း။ ဇွဲကလဲမလျှော့ချင်။ ဖြေစရာရှိတာတွေက ဖြေပြီးပြီ။ ကျန်နေတာ အဲဒီတစ်ပုဒ်တည်း ဒါနဲ့ မသိမသာဘေးကို လှည့်ကြည့်တော့ ကောင်မလေးက လှည့်ကြည့်လာတာနဲ့ သွားဆုံရော။ ဝမ်းသာအားရနဲ့ မသိမသာ လက်ချောင်း လေးတွေထောင်ပြီး ပုဒ်စာနံပါတ်ကို မေးတော့ သူကလဲ ဝမ်းသာအားရနဲ့ သူ့ဖြေလွာစာရွက်ကိုလှန်ကြည့်လို့ နှုတ်ခမ်းလေး လှုပ်ရုံပြောပြတယ်။
ကိုယ်ကလဲပျော်ပြီး အားရပါးရဖြေနေတုန်း ရုတ်တရက် အဏုမြူဗုံး ပေါက်သလို အသံတစ်ချက် နောက်နားကနေ ထွက်လာတယ်။ ကိုယ့်ဖြေလွှာကိုယ်ဖြေ စည်းနဲ့ကမ်းနဲ့ဖြေ ဆိုတဲ့ အသံနဲ့အတူ ဆရာမက ချက်ချင်းရောက်လာပြီး ဟိုချာတိတ်မလေးရဲ့ အဖြေလွှာစာရွက်ကို သိမ်းသွားပါလေရော။ လုံးဝမထင်မှတ်ထား တာမို့ ကိုယ်လဲထိတ်လန့် တကြားနဲ့ ကောင်မလေးကို ကြည့်တော့ သူ့မျက်ဝန်းမှာ မျက်ရည်တွေဝိုင်းလို့။ အတန်းထဲက ကျောင်းသားတွေကတော့ ထုံးစံအတိုင်း ဆရာမကိုကြည့် လိုက် ဟိုကောင်မလေးကိုကြည့်လိုက်နဲ့။ ကောင်မလေးကတော့ ဆရာမကိုလဲ ဘာမှပြန်မပြောပဲ သူ့ဖြေလွာစာရွက်လေးမှာ ဖြည့်ဖို့ကျန်နေတဲ့ ခုံနံပါတ်လေးကိုဖြည့် ပြီးတော့ ရိုရိုသေသေနဲ့ ဆရာမလက်ထဲကိုထည့်ပေးပြီး ပြေးထွက်သွားလိုက်တာများ ကိုယ်လိုက်ကြည့်ပေမယ့် အရိပ်တောင်မတွေ့ရတော့။
ဆရာမက ကိုယ့်ပုခုံးလေးကိုင်ပြီး ဘာမှမဖြစ်ဘူး သမီးလေးဖြေစရာရှိတာ ဆက်ဖြေတဲ့ ၁၅မိနစ်ကျန်သေးတယ်တဲ့။ ဆရာမကလဲ အထင်လွဲလို့ လွဲတာမှ အကြီးအကျယ်လွဲတာ။ ဟိုကောင်မလေးက ကိုယ့်ဆီကနေ ကော်ပီလုပ်နေတယ် ဆိုပြီးတော့။ လွဲရင်လဲ လွဲစရာ ကိုယ်က အဲဒီကောင်မလေးထက်
ပိုတော်တယ် ပိုပြီးနာမည်ကြီးတယ်။ အဲဒီဆရာမက အပျိုကြီး ဒေါ်စည်းကမ်း ကျောင်းမှာ နာမည်ကြီး သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်။ ပြီးတော့ ကိုယ်တို့ အတန်းမှာက ဒါမျိုးဆိုတာ လုံးဝဖြစ်ခဲတယ် ဘယ်တုန်းကမှလဲ မဖြစ်ခဲ့ဖူးဘူး။ နာမည်ကြီးအတန်း တစ်ကျောင်းလုံးမှာ အတော်ဆုံးဆိုတာတွေ ရွေးထားတာဆိုတော့ အားလုံးက အပြိုင်အဆိုင် ကြိုးစားနေသူတွေ ဘယ်သူမှလဲ ကော်ပီမလုပ် အမှန်အကန်ဖြေသူတွေ။ ခုတော့သွားပြီ။ ဖြေထားတောတွေ ဘယ်ရောက်ကုန်မှန်းမသိ။ ကောင်မလေးကို အရမ်းသနားပြီး ဘာလုပ်ရမှန်းလဲမသိ ။ သူအရမ်းရှက် သွားမယ်ဆိုတာလဲ သိနေပြန်ရော။ ကိုယ်ကိုယ်တိုင်ကလဲ ပွင့်ပွင့်လင်းလင်း ဝန်မခံရဲ။
ဒါနဲ့ပဲ အိမ်အပြန်လမ်းမှာ ဘာလုပ်ရမလဲ ဆိုတာစဉ်းစားရင် ခေါင်းတွေပူလို့။ နောက်နေ့ဖြေရမယ့် စာမေးပွဲအတွက်တောင် ဘာစာမှ ကျက်လို့မရတော့။ ညနေစောင်းတော့ ဘာပဲဖြစ်ဖြစ်ဆို ကောင်မလေးနေတဲ့ ရပ်ကွက်ဘက်ကိုစက်ဘီး တစ်စီးနဲ့ ထွက်လာပြီး ကောင်မလေးရှာပုံတော်ဖွင့်။သူနေတဲ့ နေရာကို အတိအကျ မသိ ဟိုမေးဒီမေးနဲ့ ကန်စွန်းခင်းတစ်ခုနား ရောက်တော့ ဟေ့ဘယ်သွားမလို့လဲ ဆိုတဲ့ အသံကိုကြားတော့ မျက်လုံးကို အပြေးအလွှား အလုပ်ပေးတော့ အားပါးပါး ကောင်မလေးက ကန်စွန်းခင်းထဲက ကိုယ့်ကို ပြုံးပြလို့။
ရေငတ်တုန်းရေတွင်းထဲကျ သလိုစက်ဘီးပေါ်က ခုန်ဆင်းလို့ ကန်စွန်းခင်းဘးနား ကိုပြေးအလွှားသွားတော့ သူကတော့ အေးအေးဆေးဆေးပါပဲ။ အဲဒီအချိန် တုန်းကကောင်မလေးကိုကြည့်ပြီး အလိုလို ငိုချင်လာတယ်။ တစ်ခါမှ မမြင်ဘူးတဲ့ မြင်ကွင်းပါ။ သူကထမိန်တိုတို ဝတ်လို့ အောက်ပိုင်းတပိုင်းလုံးက ရေတွေရွှဲလို့။ သူက ကိုယ့်ကိုစကားတွေ ပြောရင်းကန်စွန်းပင် လေးတွေကိုအပင်ရေလို့ စည်းနေတာများညီညီညာညာလေး။ လက်ထဲမှာလဲ ကန်စွန်းရွက်လှီးတဲ့ ဓါးလေးကိုင်လို့။ ချာတိတ်မကတော့ မနက်ကကိစ္စ ကိုနည်းနည်းလေးမှမဟ ။ဘာမှမဖြစ်ခဲ့သလို ရယ်ရယ်မောမော နဲ့စကားတွေပြောလို့။ ငါအားနာလွန်းလို့ နင့်ကိုလာရှာတာလို့ ပြောတော့ သူကမျက်နှာသေလေးနဲ့ ရပါတယ်တဲ့။ ဒါတွေက အရမ်းအရေးမကြီးပါဘူးဆိုပဲ။ ကိုယ်ကလဲ ဘာဆက်ပြောရမှန်းမသိ။
ဒါနဲ့ နင်စာမကျက်ဘူးလား ဒီမှာဘာလုပ်နေတာလဲ ဆိုတော့ ဒါတွေပြီးမှ ကျောင်းစာလုပ်လို့ရမှာတဲ့ ငါ့ညီမလေးကဒါတွေကို မနက်ဖြန်မနက်ရောင်းရမှာတဲ့။ သူ့မေမေက ကျန်းမာရေးမကောင်းလို့တဲ့ သူတို့ ညီအစ်မတွေက ကျောင်းကပြန်တိုင်း ဒီအလုပ်တွေ လုပ်ရတယ်ဆိုတာ ကိုစိတ်ရှည်လက်ရှည်ပြောပြနေပါတယ်။ ပြီးတော့ သူကပဲ နင်စာသွား ကျက်တော့တဲ့။ ငါနင့်ကိုစိတ်မဆိုးပါဘူးတဲ့ ဆရာမကိုလဲ စိတ်မဆိုးဘူးတဲ့။ ပြီးရော။
ွှ
ဒီနေ့ကစလို့ အဲဒီကောင်မလေးနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတွေဖြစ်သွားခဲ့ တယ်။
နောက်တစ်ခါ ထပ်ပြီးအမှတ်ရစရာက အဲဒီနှစ်ပဲ အတန်းတင်စာမေးပွဲ ကြီးဖြေဖို့ ၂ပတ်အလို အမှန်အကန် စာတွေကျက်နေရတဲ့ အချိန် မတော်တဆ ကိုယ့်မျက်လုံးတွေအားနည်းပြီး စာဖတ်လို့မရတော့ပါဘူး။
အနီးလဲမမြင် အဝေးလဲမမြင် တော်တော်ဆိုးတဲ့ ဝေဒနာတွေနဲ့ အားတိုင်းထိုင်ငိုနေရပါတယ်။
ကျောင်းလဲ မတက်နိုင်တော့ပါဘူး။ တစ်ရက်ကနှစ်ရက် ဖြစ်လာတော့ ကောင်မလေးက အိမ်ကို လိုက်လာပါတယ်။ ကိုယ့်ကိုမြင်တော့ အားပေးစကားတွေပြောလို့။ ပြီးတော့ နေ့တိုင်း ကျောင်းကပြန်ရင် အိမ်ကိုတန်းလာပြီး စာလာကျက်ပေးနေကျ။ ကိုယ်က မျက်လုံးစမ်းသပ်ထားတာဆိုတာ့ စာဖတ်လို့မရသေး။
သူဘေးက အသံထွက်ပြီး အော်ကျက်ပေးနေတာတွေကို စိတ်ထဲကနေ လိုက်မှတ်ရုံပဲရပါတယ်။ ခက်တာက ကျက်စာမဟုတ် တွက်စာတွေ ကိုယ်စိတ်ညစ်ညစ်နဲ့ ညည်းတော့ ဘာမှမပူနဲ့တဲ့ ဆိုပြီး အသံတွေ ထွက်ပြီး သင်္ချာတွေ တွက်ပေးသွားတာများ တစ်ပုဒ်ပြီးတစ်ပုဒ် ကိုယ့်ကိုလည်း ပုံသေနည်းတွေမေး အလီတွေမေးနဲ့ အီကွေးရှင်းတွေချပြလိုက် ပြန်မေးလိုက်နဲ့ အဆင်ကိုပြေလို့။ နှစ်ပတ်ဆိုတဲ့ အချိန်က ခဏလေးနဲ့ ကုန်သွားပါတယ်။ စာမေးပွဲဖြေတော့ ပါဝါထူထူ မျက်မှန်ကြီးနဲ့ ကိုယ့်ကို အိမ်ကလိုက်ပို့ပါတယ်။ မျက်မှန်အားကိုးပြီး စာမေးပွဲကိုကောင်းကောင်း ဖြေနိုင်ခဲ့ပါတယ် အဓိကကတော့ ကောင်မလေးရဲ့ ကျေးဇူးတွေကြောင့်ပါ။
နောင်နှစ် ၁၀တန်းတက်ပြီး နှစ်လလောက်နေတော့ ကိုးတန်းစာမေးပွဲ မှာ ထူးထူးချွန်ချွန်အောင်တဲ့ သူတွေရဲ့စာရင်းကြေငြာပါတယ်။ ကိုယ်က တစ်ကျောင်းလုံးမှာ တတိယ ရပါတယ်။ ကောင်မလေးက ဘာဆုမှမရပါဘူး။ ကိုယ့်နာမည်ကို ကြေငြာတော့ ကိုယ့်ဘေးမှာထိုင်နေတဲ့ ကောင်မလေးက အားရပါးရ လက်ခုပ်တီးလို့ပျော်နေပါတယ်။ ဒါပေမယ့် ကိုယ်ရတဲ့ ဆုဟာ သူ့ကြောင့်ပါ လို့ပြောတော့ သူကစကား တခွန်းပြန်ပြောလာပါတယ်။ သူငယ်ချင်းဆိုတာ ကောင်းကောင်းဆိုးဆိုး အတူတူပါပဲတဲ့။ နင်ရတဲ့ ဆုဟာငါရတဲ့ ဆုပါပဲတဲ့။ ငါအရမ်းပျော်တယ်တဲ့။
အဲဒီကောင်မလေးဟာ ကိုယ့်ရဲ့ အဖြူစင်ဆုံး အရိုးသာဆုံး သူငယ်ချင်းကောင်မလေးပါပဲ။
သူငယ်ချင်းတစ်ယောက်က ပြောဘူးပါတယ်။ လူတွေဟာ အသက်ကြီး လာတာနဲ့ အမျှ ညစ်ပတ်လာကြတယ်တဲ့။
ညစ်ပတ်လာတယ်ဆိုတာ မဖြူစင်ကြတော့တာကို ပြောတာပါ။ စိတ်ဓါတ်လေးတွေ ကို အရောင်တွေ ဆိုးလိုက် ကြတာပါ။ တော်တော်များများတော့ ဟုတ်သလိုလိုပါပဲ။ အတ္တတွေ ရမ္မက်တွေ များလာတာပါ။ လောကကြီးဆီကနေ လိုချင်တာတွေများပြီး လောကကြီးကို ဘာမှပြန်မပေးချင်ကြပါဘူး။
အဲလို လူတွေနဲ့တွေ့လာတိုင်း ငယ်ငယ်တုန်းက ကောင်မလေးကို သတိရမိပါတယ်။
2 comments:
ဟုတ်ပါ့ဗျာ... ဖြူစင်တဲ့ မိတ်ဆွေ စစ်တွေကို အဖော်သဟဲပြုရခြင်းဟာ မင်္ဂလာတပါး ဖြစ်သလို ကံကောင်းခြင်းလည်း မည်ပါတယ်...။
လူတွေက အသက်ကြီးလာတာနဲ့အမျှ ညစ်ပတ်ကြတယ် ..
ဖတ်ပြီးကောင်မလေးကို သနားလိုက်တာ ..
Post a Comment