နှောင်ငင်တွယ်ရစ်သော အလွမ်းအိမ် (၂)
သူနဲ့ အလွမ်းအိမ်
တကယ်ဆိုရင် နားလည်မှုတစ်ခုနဲ့ အချစ်အိမ်ကို တည်ဆောက်ခဲ့တယ်ဆိုရင် ဆောက်ခဲ့တဲ့အိမ်လေးမှာ အိမ်စောင့်မယ့်သူ တစ်ယောက်တော့ ရှိနေသင့်တယ်….
ကိုယ်တို့ရဲ့ အိမ်လေးမှာတော့ အိမ်စောင့်သူက ကိုယ်ရယ်ပါ….
အလွမ်းတွေမြုံနေတဲ့ အိမ်လေးမှာ အထီးကျန်စွာ အဖော်မဲ့စွာနဲ့ ချစ်သူလာမယ့်နေ့တွေကို မျှော်စောင့်နေခဲ့ရတာ
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပါ။
မိုးလင်းလို့ နေရောင်ခြည်နွေးနွေးလေး အိပ်ခန်းထဲဝင်လာတဲ့အချိန်မှာတော့ နှိုးစက်အကူအညီမလိုပဲ သူအိပ်ယာက နိုးနေခဲ့သလို မျက်စိနှစ်လုံးပွင့်တဲ့အချိန်မှာ သူရှာဖွေမိတာကလဲ သူ့ကုတင်ဘေးက စားပွဲလေးပေါ်မှာ အလှပဆုံးအပြုံးလေးနဲ့ သူ့ကို ကြည့်နေတတ်တဲ့ ချစ်သူရဲ့ ဓါတ်ပုံလေးတစ်ပုံဖြစ်နေပြန်ပါတယ်။
ညအိပ်ယာဝင်ချိန်မှာ ချစ်သူလေးရဲ့ အပြုံးလေးနဲ့ အိပ်ပျော်ခဲ့ရသလို သူပြန်နိုးထလာတိုင်းလဲ ချစ်သူလေးကိုပဲ အပြေးအလွှားရှာဖွေနေတတ်ခဲ့တာ….
ဝေးနေရတဲ့ အချိန်တွေမှာ ဒီဓါတ်ပုံလေးနဲ့ သူအသက်ဆက်ခဲ့ရတာ……
သွားလေရာမှာ ချစ်သူလေးကိုယ်စား ဓါတ်ပုံလေးတွေနဲ့ အလွမ်းတွေ ဖြေနေခဲ့ရတာ သူ့အတွက် မထူးဆန်းတော့သလို ဝေးခြင်းနီးခြင်းကလဲ သူ့ရင်ထဲက ချစ်ခြင်းတရားတစ်ခုကို ဘယ်လိုမှ မပြောင်းလဲစေခဲ့တာ ချစ်သူလေးက သိပါ့မလား…
သူ့ဘက်က ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပေမယ့် ချစ်သူကောင်မလေးဘက်က ပြောင်းလဲသွားမှာကို စိုးထိတ်စွာနဲ့ ရင်မောနေခဲ့ရတဲ့အချိန်တွေ ချစ်သူလေးမပါပဲ ခြောက်ခြောက်ကပ်ကပ် အထီးကျန်လွန်းစွာ ကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်တွေကို ချစ်သူလေး နားလည်စာနာနိုင်ပါ့မလား …..
ပထမဆုံးမွေးဖွားလာတဲ့ အချစ်ကို နောက်ဆုံးချိန်ထိ မြတ်မြတ်နိုးနိုးနဲ့ ဖက်တွယ်သွားချင်တဲ့ ဆန္ဒနဲ့အတူ ချစ်သူလေးအပေါ်မှာ ထားရှိခဲ့တဲ့သစ္စာတရားကိုလဲ အသက်နဲ့အမျှ ထိန်းသိမ်းထားခဲ့တာ လွယ်မယောင်နဲ့ ခက်တယ်ဆိုတာ ချစ်သူလေးသိပါ့မလား….
စီးပွားရေးလုပ်ငန်းတွေကြားမှာ အလွမ်းတွေမြှုပ်နှံလို့ အချိန်တွေကို မြန်မြန်ကုန်အောင် ဆုတောင်းနေတဲ့ ယောက်ျားလေးတစ်ယောက် အနားမှာ တခါတရံ လာဝဲနေတတ်တဲ့ လိပ်ပြာမလေးတွေရှိနေတာမို့ ရှောင်ဖို့ကြိုးစားရင်း ဘဝရဲ့ အချိန်တချို့ကို အဖော်မပါ တကိုယ်တည်း ကျော်လွန်ကုန်ဆုံးစေခဲ့တာ ချစ်သူရှိတဲ့ ကမ်းစပ်မှာပဲ ခိုဝင်ချင်တဲ့ဆန္ဒလေးတစ်ခုတည်းကြောင့်ပါ ချစ်သူရယ်။
အနေဝေးရင် သွေးအေးသွားတတ်တယ်ဆိုတဲ့စကားတွေကို တော်လှန်ရင်း ချစ်သူကို ချစ်တဲ့သွေးတွေ သူ့ကိုယ်ထဲမှာ စီးနေသရွေ့ ဘယ်တော့မှ မဝေးဘူးလို့ ခံယူထားတဲ့ ကိုယ့်အတွက် ဘဝမှာ ချစ်သူသာ ပထမ ချစ်သူသာ ဒုတိယ ချစ်သူသာ တတိယ လို့ စံတွေထားခဲ့တာရင်ထဲက အချစ်ကိုတန်ဖိုးတွေ မြှင့်ရင်း အဝေးကြီးက ချစ်သူလေးကို အနားကိုခေါ်ထားဖို့ ကြိုးစားနေပေမယ့်….
ချစ်သူလေးကတော့ တစတစ ဝေးသထက်ဝေးစေဖို့များ တမင်ဖန်တီးနေသလားလို့ သံသယတွေ ဝင်လာခဲ့တာလဲ အခါခါပါ….
အချစ်ကို ခံစားတတ်တဲ့အချိန်ကတည်းက သူ့နှလုံးလားကို သိမ်းပိုက်စိုးမိုးနိုင်စွမ်းရှိခဲ့တဲ့ ချစ်သူလေးကတော့ အရမ်းကို တော်လွန်းလှပါတယ်… သူ့ရင်ထဲမှာ ဘယ်သူမှ ဝင်လာလို့မရအောင် နေရာမလပ်အောင် နေရာယူတတ်လွန်းတာလဲ ချစ်သူလေးရဲ့ အစွမ်းတစ်မျိုးပဲဖြစ်နေပြန်ပါတယ်…
ချစ်သူကောင်မလေးနဲ့ ပက်သက်ဆက်နွယ်မှုလေးတွေကို ဟိုးငယ်စဉ် ကလေးဘဝလေးကစလို့ ဒီနေ့ဒီအချိန်အထိ အသေးစိတ်ကို မှတ်မိနေခဲ့တာဟာ ကိုယ်အစွဲအလန်းကြီးလွန်းခဲ့လို့ ဖြစ်မှာပါ ကောင်မလေးရယ်….
အရာရာကို စွဲလမ်းလွန်းစွာ မြတ်နိုးလွန်းစွာ တန်ဘိုးထား ချစ်တတ်ခဲ့တာ ချစ်သူလေးအတွက် ရူးသွပ်ခဲ့ရတာတွေကို ချစ်သူလေးတစ်ယောက်ကတော့ ပုံတူမခံစားပေးနိုင်ခဲ့သလို အသေးစိတ်ကိုလဲ မသိနိုင်ခဲ့ဘူးနော်…
ကိုယ်ဘယ်ကိုရောက်ရောက် ကိုယ်နဲ့မကွာ အမြဲသယ်သွားဖြစ်ခဲ့တဲ့ ချစ်သူရဲ့အမှတ်တရ ဓါတ်ပုံလေးနဲ့ မီးကျွမ်းနေတဲ့ ကလစ်မည်းမည်းသေးသေးလေး နှစ်ချောင်းက ကိုယ်ချစ်သူကို ဘယ်လောက်အထိ ချစ်မြတ်နိုးခဲ့တယ်ဆိုတာလေးကို ပြောပြနေသယောင်ယောင်……
………………………………………………………………………………………………………….
ဘဝရဲ့ အမှတ်တရတွေထဲက မှတ်မှတ်ရရ အဖြစ်လေးတစ်ခုက
ချစ်သူလေးရဲ့ အိမ်မှာ ချစ်သူလေးနဲ့ စာအတူတူကျက်ခဲ့ရတဲ့ ဆောင်းတွင်းကာလ ညလေးတစ်ည…
တိတိကျကျပြောရရင် ကိုယ်တို့ မူလတန်းတက်နေဆဲကာလလေး မှာ အရမ်းချမ်းတဲ့ညတညရယ် ပြီးတော့ ကောင်မလေးရဲ့ မျက်လုံးနက်နက်လေးတွေရယ် စာကြည့်စားပွဲပုပုလေးဘေးမှာ ခြင်မကိုက်အောင် မီးရှို့ထားတဲ့ ကုက္ကိုသီးတွေရယ် ကောင်မလေးရဲ့ ဆံညှပ် ကလစ်မည်းမည်းလေးနှစ်ချောင်းရယ်က ကိုယ့်ရဲ့ မှတ်ဥာဏ်တွေထဲက ပထမဆုံး အမှတ်တရလေးတစ်ခုပါ….
အဲဒီညက ကိုယ့်မေမေနဲ့ ကိုကိုတို့က မြို့ထဲက ဘိုးဘိုးတို့ဆီ သွားလည်နေတော့ တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့ ကိုယ်က ကောင်မလေးအိမ်မှာ ချစ်သူကောင်မလေးနဲ့ စာအတူတူဖတ်ရဖို့ ဖြစ်လာခဲ့သလို ကောင်မလေးကို ပထမဆုံးအကြိမ် နီးနီးကပ်ကပ် မြင်ခွင့်ရခဲ့တဲ့ နေ့လေးတစ်နေ့လဲ ဖြစ်ခဲ့ပါတယ်…
ဆံပင်ပျော့ပျော့ စင်းစင်းလေးတွေကို အလယ်တည့်တည့်ကနေ ညီနေအောင်ခွဲထားပြီး မျက်လုံးရှေ့ကျကျနေတဲ့ ဆံပင် ပျော့ပျော့လေးတွေကို ဆံညှပ်ကလစ် မဲမဲသေးသေးလေးနဲ့ ညှပ်တင်ထားတဲ့ ကောင်မလေးက ခေါင်းငု့ံ့ပြီး သချာင်္ပုစ္ဆာတွေကို သဲကြီးမဲကြီးတွက်နေခဲ့တာကိုလဲ ခပ်ရေးရေးလေး မှတ်မိနေပါသေးတယ် ကောင်မလေးရယ်…
သချာင်္တွေတွက်နေရင်းက “နင်ကုက္ကိုစေ့လှော် စားဖူးလား”လို့ ကောင်မလေးက ကိုယ့်ကို အမှတ်မထင်မေးလာတော့ ကိုယ်လဲ ကြောင်အအနဲ့ “မစားဖူးဘူး ဘယ်လိုဟာမျိုးလဲ” လို့ပြန်မေးတော့ ကောင်မလေးက ယုံကြည်မှု အပြည့်နဲ့ ပြုံးလို့ “ခဏလေး ငါပြမယ် “လို့ပြောပြီး ဘေးနားမှာ ခြင်မကိုက်အောင်မီးရှို့ဖို့ ထားထားတဲ့ ကုက္ကိုသီးထဲက ကုက္ကိုစေ့လေးကို ထုတ်ယူလိုက်ပါတယ်…
ပြီးတော့ ခပ်တည်တည်နဲ့ သူ့ဆံညှပ်သေးသေးလေးကို ဖြုတ်ပြီး ကုက္ကိုစေ့တစ်စေ့ကို ကလစ်သေးသေးလေးရဲ့ ထိပ်မှာ ညှပ်လိုက်ပြီး စာကြည့်စားပွဲပေါ်က ဖယောင်းတိုင်မီးနဲ့ စပြီးကင်ပါတယ်။
အဲဒီအချိန်တုန်းက ကိုယ်တို့မြို့လေးမှာ ည၈ နာရီနောက်ပိုင်းဆို လျှပ်စစ်မီးတွေ မရတဲ့အတွက် ဖယောင်းတိုင်မီးနဲ့ပဲ စာကျက်ခဲ့ရတာကလဲ ကိုယ့်အတွက် အမှတ်တရဖြစ်နေပြန်ပါတယ်….…
ကိုယ်ကလဲ သူ့ဆံပင်မှာ ညှပ်ထားတဲ့ ကလစ်တစ်ချောင်းကို ထပ်ဖြုတ်ပြီး သူလုပ်တဲ့အတိုင်း ကုက္ကိုစေ့တစ်စေ့ကို လိုက်ကင်ခဲ့သလို နောက်ဆုံးမှာတော့ ထွန်းထားတဲ့ ဝါဆို ဖယောင်းတိုင်ကြီးကုန်ခါနီးအထိ ကုက္ကိုစေ့တွေကို ကင်ရင်း အဲဒီနေ့ကနှစ်ယောက်စလုံး စာမကျက်ဖြစ်ခဲ့ပါ…
ကောင်မလေးရဲ့ ဆံညှပ်သေးသေးလေးနှစ်ချောင်းကလဲ မီးကျွမ်းသွားခဲ့သလို နှစ်ယောက်လုံး မီးကျွမ်းနေတဲ့ ကလစ်လေးကို တလှည့် မီးခိုးတွေနဲ့ မဲတူးနေတဲ့ ကုက္ကိုစေ့လေးတွေကို တလှည့်ကြည့်ရင်း စားမရ ကိုက်မရနဲ့ လူကြီးတွေမသိအောင် ကြိတ်ပြီး ဒုက္ခရောက်ခဲ့တဲ့ ညလေးတစ်ညက ကိုယ်တို့ရဲ့ တွေ့ဆုံခြင်းရဲ့ အစပေါ့နော်…
ငယ်ဖော်လို့ခေါ်လို့မရတရ အချိန်လေးမှာ ကောင်မလေးက ကိုယ့်ကိုထားခဲ့ပြီး မိသားစုနဲ့ အတူတူရန်ကုန်ကို ပြောင်းသွားခဲ့တာက ကိုယ်တို့ အလယ်တန်းစတက်တဲ့နှစ်လေးမှာပါ…
ကောင်မလေးမရှိတော့တဲ့အချိန်ကစလို့ နှစ်ယောက်တည်း ကျန်နေရစ်ခဲ့တဲ့ ကောင်မလေးရဲ့ ဘွားဘွားနဲ့ အန်တီလေးတို့ဆီကို မကြာမကြာ သွားပြီးစကားတွေပြောရင်း ကောင်မလေးရဲ့ သတင်းစကားတွေ နားထောင်ခဲ့ရတဲ့ နေ့လေးတွေရယ် ဧည့်ခန်းနံရံပေါ်မှာ ကျန်ခဲ့တဲ့ ကောင်မလေးရဲ့ ဓါတ်ပုံလေးတွေကိုသွားငေးခဲ့ရတဲ့ ရက်ကလေးတွေရယ် နွေကျောင်းပိတ်ရက်တွေမှာ ပြန်မလာခဲ့တဲ့ ကောင်မလေးကို လွမ်းနေခဲ့ရတဲ့ ရက်တွေထဲရယ် အရာအားလုံးကို ကောင်မလေးနဲ့ ပက်သက်မှု အမှတ်တရလေးတွေ အဖြစ် တယုတယ သိမ်းထားခဲ့ဖူးတယ် ကောင်မလေးရယ်…
ဘဝရဲ့ အနုနယ်ဆုံး အချိန်မှာ ရခဲ့ဘူးတဲ့ အမှတ်တရလေးတွေက အစွဲအလမ်းကြီးလွန်းတဲ့ ကိုယ့်ကို အရိပ်တစ်ခုလို စိုးမိုးခဲ့တာ ခုချိန်အထိ မပြောင်းလဲသေးဘူးဆိုတာကို ပြောပြရင် ဘယ်လိုလူတွေက ယုံကြည်ပေးမှာလဲနော်… ကောင်မလေးကရော ယုံကြည်ပေးမှာလား….
အစွဲအလန်းတစ်ခုက ပေါက်ဖွားလာတဲ့ သံယောဇဉ် ဖြူဖြူလေးရယ် မြန်မြတ်နိုးနိုး တန်ဘိုးထားရတဲ့ အချစ်တစ်ခုရယ်က ကောင်မလေး တစ်ယောက်တည်းအတွက် ဖြစ်နေတာတော့ နည်းနည်း ဆန်းကြယ်လွန်းပါတယ်နော်….
လောကကြီးမှာ သစ္စာတရားက တနေ့တခြား ရှားပါးလာတယ်လို့ မကြာခဏ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပြောခွင့်ရရင် ပြောပြချင်ပါတယ်….ဟိုးအဝေးကြီးမှာ အလွမ်းတွေကို အဖော်လုပ်နေရတဲ့ သူ့ရဲ့ ချစ်သူမှာ ရှားပါးလွန်းတဲ့ သစ္စာတရားတွေ အပြည့်ရှိနေတယ်ဆိုတာရယ် ချစ်သူကောင်မလေးကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး ဆိုတာရယ်ကိုပေါ့…
………………………………………………………………………………………………………………
အချိန်တွေ တစတစကြာလာခဲ့သလို ကောင်မလေးကို ပြန်တွေ့ဖို့ဆိုတဲ့ မရေရာတဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်လေး ခပ်မှိန်မှိန် ဖြစ်နေချိန်လေးမှာပဲ ကိုယ့်အနားကို ကောင်မလေးက မထင်မှတ်ပဲ ပြန်ရောက်လာခဲ့တာဟာ ကိုယ့်အတွက် သေရာပါမယ့် ဒဏ်ရာတစ်ချို့ကို ထပ်မွေးဖွားပေးဖို့ များလား…
သူငယ်ချင်းတစ်ယောက်နဲ့အတူတူ ဆိုင်ကယ်ကိုယ်စီနဲ့ ကျောင်းက အပြန်ညနေခင်းလေးတစ်ခုမှာ လွတ်ကျခဲ့တဲ့ အိပ်မက်လေးတစ်ခုကို အမှတ်မထင် ပြန်ကောက်ရခဲ့တာမို့ အရမ်းလှပတဲ့ ညနေခင်းလေးတစ်ခုကို ကျေးဇူးတွေတင်ရင်း….
ကုန်းစောင်းနိမ့်နိမ့်လေးကို အရှိန်လျှော့ပြီး ဆိုင်ကယ် ဘီးလိမ့်ရုံလေး ဆင်းလာတဲ့ ကိုယ် အိမ်ရှေ့မှာ ဆိုင်ကယ်ကို ဘရိတ်အုပ်မိတဲ့ အချိန်မှာတော့ ကိုယ်နဲ့ သိပ်မရင်းနှီးခဲ့တဲ့ မြင်ကွင်းလေးတစ်ခုက ကိုယ့်ကို ဆီးကြိုနေခဲ့ပါတယ်…
ကျောင်းတက် ကျောင်းဆင်းချိန်တွေမှာ ကိုယ်က ကောင်မလေးရဲ့ အိမ်က ဝရန်တာလေးကို နှုတ်ဆက်နေကျ ဒီအစဉ်အလာလေးက နှစ်ပေါင်းများစွာကြာတဲ့အထိ စွဲကျန်နေခဲ့တာ ပြင်းပြလွန်းတဲ့ မျှော်လင့်ချက်လေး တစ်ခုတည်းကြောင့်ဆိုတာတော့ သေချာနေပါတယ်။
ထုံးစံအတိုင်း အိမ်ရှေ့ဝရန်တာလေးကို အကြည့်တွေ ရောက်တဲ့ အချိန်မှာတော့ ဝရန်တာမှာ အလှချိတ်ဆွဲထားတဲ့ ပန်းပင်လေးတွေကို ရေလောင်းနေတဲ့ ပန်းနုရောင် အရိပ်လေးတစ်ခု ခါးအောက်မရောက်တရောက် ဆံပင် ပျော့ပျော့လေးတွေပိုင်ရှင် ဖြူဖြူသေးသေး ကောင်မလေးတစ်ယောက်ရဲ့ ပုံရိပ်လေးက မျက်စိထဲက မထွက်အောင်ကိုယ့်ကို စွဲဆောင်ထားတာမို့ ဆိုင်ကယ်ပေါ်က မဆင်းနိုင်လောက်အောင် အံ့သြနေရင်း
အပြေးအလွှား နှုတ်ဆက်ချင်ပေမယ့် အချိန်ကာလနဲ့အညီ ပြောင်းလဲလာခဲ့တဲ့ အမည်မဖော်တတ်တဲ့ ခံစားချက်တစ်ခုက သူ့ခြေလှမ်းတွေကို နောက်ကို တွန်းပို့နေခဲ့သလို အတိုင်းအဆမဲ့ မြန်လွန်းနေတဲ့ နှလုံးခုန်သံတွေကလဲ ကိုယ့်ရဲ့ ဖြူစင်တဲ့ သံယောဇဉ်ဆိုတဲ့အသိကို တွေဝေစေခဲ့တာမို့ဆိုင်ကယ်ကို အိမ်ထဲ ထည့်ရင်း ကောင်မလေးအိမ်ဘက်ကိုသွားဖို့ အဖြစ်နိုင်ဆုံး ယုတ္တိအရှိဆုံး အကြောင်းပြချက်တစ်ခုကို ရှာဖွေနေမိပါတယ်..
အချစ်ဆိုတာ ရူးသွပ်ခြင်းလို့ဆိုရင်လဲ ကိုယ်ဟာ အချစ်နဲ့မတွေ့ခင် အချိန်တွေကတည်းက ရူးသွပ်နေခဲ့သလို အချစ်ကို အချစ်ရယ်လို့ ခံစားမိတဲ့အချိန်မှာလဲ ရူးသွပ်ခဲ့တာကို ဝန်ခံပါတယ် ကောင်မလေးရယ်…
အနေနီးခြင်းဝေးခြင်းကလဲ ကိုယ့်ရင်ထဲက အချစ်တွေကို အရောင်ပြောင်းသွားအောင် မစွမ်းနိုင်ခဲ့တာဟာ ကိုယ့်အချစ်က ဖြူစင်လွန်းခဲ့သလို ကိုယ့်သစ္စာတရားကလဲ ခိုင်မြဲလွန်းနေလို့လဲ ဖြစ်နိုင်ပါတယ်…
ကောင်မလေးနဲ့ ပြန်လည်ဆုံဆည်းစေခဲ့တဲ့ နွေဦးပေါက် အချိန်လေးမှာတော့ ကိုယ်က နည်းပညာကောလိပ် မှာ ဒုတိယနှစ် တက်နေခဲ့သလို ကောင်မလေးကတော့ အဝေးသင်တက်ရင်း NGO တစ်ခုမှာ အလုပ်လုပ်နေပါပြီ။
ဒီတစ်ခေါက်မှာတော့ ကောင်မလေးက အချိန်သိပ်မရဘူး နှစ်ပတ်ပဲနေမှာ လို့ပြောလာတာမို့ ပြန်ခွဲရမယ့် အရေးအတွက် ကြိုပြီးရင်လေးနေမိပေမယ့် တွေ့ရတဲ့ အချိန်ခဏလေးမှာ ကောင်မလေးကို မျက်လုံးထဲက ပျောက်မသွားအောင် အရိပ်တကြည့်ကြည့်နဲ့ ရူးသွပ်ခဲ့တာက ကိုယ်ပါ ကောင်မလေးရယ်….
မတွေ့ဖြစ်ခဲ့တဲ့ ခုနှစ်နှစ်ကျော် အချိန်လေးတွေမှာ ကောင်မလေးက လှပလွန်းတဲ့ စွဲဆောင်မှုရှိလွန်းတဲ့ ညှို့မင်းသမီးလေးလို လှပလာခဲ့သလို ကောင်မလေးရဲ့ မျက်လုံးနက်နက်လေးတွေကလဲ သူတွေ့ဖူးခဲ့တဲ့ အချိန်ကထက် အရောင်တွေတောက်ပနေခဲ့ပါတယ်……
ကောင်မလေးကို အရမ်းချစ်နေမိတာ ပြောမထွက်လွန်းတာမို့ ကြောက်လန့်စိတ်တွေနဲ့ ထပ်ခါတလဲလဲ သူမေးနေဖြစ်တဲ့ မေးခွန်းတွေကလဲ နောက်ဘယ်တော့ ပြန်လာအုံးမှာလဲ ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်နေပါတယ်…နောက်ထပ် အကြာကြီးထပ်ပြီး ခွဲမနေချင်ပေမယ့် လွမ်းရမယ်ဆိုရင်လဲ အချိန်ကာလ သတ်သတ်မှတ်မှတ်နဲ့ ရေရာတဲ့ အလွမ်းတွေကိုပဲ သူထပ်ပြီး မျှော်လင့်ချင်နေခဲ့ပါတယ်….
မျှော်လင့်ချက်မဲ့တဲ့ အလွမ်းတစ်ခုထက် အဓိပ္ပါယ်ရှိတဲ့ တိကျတဲ့ ရေရာတဲ့ အလွမ်းကိုပဲသူထပ်လိုချင်နေမိတာ ကောင်မလေး မသိခဲ့တဲ့ သူ့ရဲ့ အတိတ်က အလွမ်းဒဏ်ရာတွေကြောင့်ဆိုတာ သူကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ခဲ့ပါ…
မထင်မှတ်ပဲ သူ့စိတ်တွေကို သက်သာစေမယ့် အဖြေတစ်ခုကိုတော့ ကောင်မလေးဆီက ရခဲ့ပါတယ်…ကောင်မလေးရဲ့ အဘွားက အသက်နည်းနည်းရလာတာမို့ အနည်းဆုံးတစ်နှစ်တစ်ခေါက် လောက်တော့ လာဖြစ်မယ်လို့ ပြောလာတာမို့ သူ့ရင်ထဲမှာ ဖော်မပြတတ်တဲ့ ဝမ်းသာမှုတွေနဲ့အတူ ရင်ထဲက အချစ်တွေကိုလဲ ပိုပြီးခွန်အားရှိစေခဲ့ပါတယ်…
ချစ်သူကို ချစ်တယ်လို့ ပြောထွက်ဖို့ ကြိုးစားရင်း သူတွေဝေငေးမောနေဆဲမှာ နှစ်ပတ်ဆိုတဲ့ အချိန်ကာလတစ်ခုက မြန်ဆန်လွန်းစွာ ကုန်လွန်သွားခဲ့ပါသည်…. ချစ်သူလေးကတော့ ဘာမှမသိသလို အပြစ်ကင်းစွာ သူမ အချိန်အကြာကြီး ထားရစ်ခဲ့တဲ့ မြို့လေးကို လှည့်ပတ်ကြည့်ရှုရင်း ရယ်မောပျော်ရွှင်နေခဲ့ပါသည်….
ချစ်သူလေး မပြန်ခင် ညနေခင်းလေးတစ်ခုမှာတော့ မြို့ပြင်ခပ်လှမ်းလှမ်းက အမြင့်ဆုံးတောင်ထိပ်မှာရှိတဲ့ ဘုရားကို လိုက်ပို့ရင်း သူလိုချင်တဲ့ အဖြေတစ်ခုကို သူရှာဖွေဖို့ ကြိုးစားခဲ့တာကို ချစ်သူလေးက တော့မသိရှာခဲ့ပါ….
ဘယ်ကစလို့ ဘယ်လို ပြောရမှန်းမသိပဲ ချစ်သူကို ချစ်တယ်ပြောဖို့အရေး တစ်ယောက်တည်းချွေးတွေ ပြန်လာတဲ့အထိ ဒုက္ခတွေရောက်နေတဲ့ သူ့အဖြစ်ကိုကို တစ်ယောက်ယောက်က စောင့်ကြည့်နေမယ်ဆိုရင်တော့ ရယ်စရာဖြစ်နေမှာ သေချာပါသည်…
“ နင့်မှာ ချစ်သူရှိနေပြီလားလို့ အားယူပြီး မပွင့်တပွင့်မေးမိတော့ “ ချစ်သူလေးက ခေါင်းခါပြရင်း သူ့မေးခွန်းကို မဖြေချင်သလို လိမ္မာပါးနပ်စွာ စကားလမ်းကြောင်းတွေ ပြောင်းလာတော့ သူ့ရင်ထဲကစကားလုံးတွေကို ပြန်မျိုချရင်း “နောင်နှစ် နင်ပြန်လာမယ့်ရက်တွေကို ငါစောင့်နေပါ့မယ် … လာဖြစ်အောင် လာခဲ့နော် မျှော်နေမယ်” လို့ပြောရင်း နောင်နှစ်ကောင်မလေးလာမယ့် အချိန်တစ်ခုအထိ ရင်ထဲကစကားလုံးတွေကို ထပ်မံ သိမ်းဆည်းလိုက်ရတာ တကယ်တော့ မလွယ်ခဲ့ပါဘူး ချစ်သူရယ်…
နောင်နှစ်ချစ်သူလေး ရောက်လာခဲ့တဲ့ နွေရာသီလေးမှာတော့ ရင်ထဲမှာ အချိန်အကြာကြီး သိမ်းထားတဲ့ စကားလုံးတွေကို ကြိုးစားရင်ဖွင့်ပြီး ခက်ခက်ခဲခဲနဲ့ပဲ ချစ်သူလေးရဲ့ အချစ်ကိုရအောင် ကြိုးစားခဲ့တာကို ချစ်သူလေးကလဲ နားလည်ပေးခဲ့ပါတယ်… ကိုယ်ခံစားခဲ့ရတဲ့ အလွမ်းတွေကို ချစ်သူလေးသိအောင် တစွန်းတစ ဖွင့်ဟ ဖြစ်ခဲ့တဲ့ အချိန်တွေမှာလဲ ချစ်သူလေးက တအံ့တသြနဲ့ နားထောင်ပေးနေပြန်ပါတယ်…
သူ့ရဲ့ အချစ်ကို ချစ်သူလေးက အသိဆုံးဖြစ်ခဲ့သလို သူ့ရဲ့ ရင်ခုန်သံတွေကိုလဲ ချစ်သူလေး တစ်ယောက်တည်းကသာ စာနာနားလည်ပေးခဲ့ပြန်ပါတယ်…
တကယ်တန်း ချစ်သူတွေဖြစ်လာချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ သဘောထားလေးတွေ မသိမသာကွဲလွဲနေတာကို အပြန်အလှန်သိခဲ့ကြပေမယ့် နားလည်မှုတစ်ခုတည်းနဲ့ သံယောဇဉ်တွေကို ခိုင်မြဲအောင် ထိန်းထားနိုင်ခဲ့ပါသည်….
အချစ်အတွက် ခံစားခဲ့ရတဲ့ နာကျင်ခြင်းကြေကွဲခြင်းတွေကို အချိန်က ကုစားပေးနိုင်တယ်ဆိုပေမယ့်…
သူတို့အတွက်တော့ အချိန်တွေ ကြာလာတာနဲ့အမျှ အချစ်နဲ့ ပက်သက်သမျှအရာတိုင်းဟာ တစတစ ခိုင်မြဲလာခဲ့သလို သံယောဇဉ်နှောင်ကြိုးတွေကလဲ မြဲသထက်မြဲလို့လာပြန်ပါတယ်…
ဒီမြို့လေးမှာ ချစ်သူလေးရဲ့ နောက်ဆုံးသံယောဇဉ်ဖြစ်တဲ့ အဒေါ်လေးနဲ့ ဘွားဘွားတို့ အခြားမြို့လေးကို ပြောင်းသွားပြီးချိန်မှာတောင် ချစ်သူလေးက အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း သူ့ဆီကို ရောက်လာခဲ့သလို သူကလဲ မပြောင်းမလဲပဲ ချစ်သူလေးကို စောင့်မျှော်နေခဲ့ရတာ…
ကိုယ်ကျောင်းပြီးတဲ့ အချိန်မှာတော့ ချစ်သူလေးက အပြင်မှာ အလုပ်ဝင်ဖို့ တိုက်တွန်းခဲ့ပေမယ့် ကိုယ့်အတွက်တော့ အပြင်မှာ အလုပ်လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ကျောင်းကသင်ပေးခဲ့တဲ့ စာတွေကိုမေ့လို့ မိသားစု စီးပွားရေး လုပ်ငန်းထဲကို လုံးလုံးလျားလျား ပစ်ဝင်ခဲ့မိတာ ချစ်သူလေး ငြိုငြင်စေဖို့ ဖြစ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ကြား ပြဿနာတော့ ကြီးကြီးမားမား မဖြစ်ခဲ့ပါ…
ဒီမြို့လေးနဲ့ သူ့မိသားစုအတွက် မိသားစုစီးပွားရေး လုပ်ငန်းတွေအတွက် သူကမရှိမဖြစ် လိုအပ်ချက်ဖြစ်နေခဲ့တာမို့… သူတို့တွေ့ခွင့်ရဖို့အရေးမှာတော့ ချစ်သူလေးကပဲ စပြီးသူ့ဆီအရောက်လာခဲ့ရသလို သူ့ဘက်ကတော့ တာဝန်တစ်ခုလို ချစ်သူကို မျှော်စောင့်ရသူပဲ ဖြစ်နေခဲ့တာတော့ ကိုယ့်ရဲ့ အားနည်းချက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါတယ်…
အဓိက အားနည်းချက်ကြီးအတွက် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့် သူ့အတွက် ရွေးချယ်စရာ လမ်းကရှားပါးလွန်းခဲ့တာမို့ သူလိုချင်တဲ့ ပန်းတိုင်ကို အလွယ်တကူ မရောက်နိုင်ခဲ့တာကို သူဝမ်းနည်းကြေကွဲနေယုံသာ ချစ်သူလေးကိုလဲ စာနာနားလည်စွာ သနားနေယုံသာ..…
ချစ်သူလေးဘက်ကလဲ သူမရဲ့ မိသားစုနဲ့ သူမရဲ့ ဘဝရပ်တည်ရေးအတွက် လုပ်နေရတဲ့ အလုပ်တွေကြောင့် သူမကျင်လည်နေတဲ့ မြို့ကို ထားခဲ့ဖို့ မဖြစ်နိုင်တာကို သူနားလည်အောင်ရှင်းပြခဲ့တာမို့ နားလည်မှုတစ်ခုနဲ့ လက်တွဲမြဲအောင်သာကြိုးစားခဲ့ရင်း…..
ချစ်သူမရှိတဲ့ ရက်တွေမှာ ချစ်သူလေးရဲ့ အိမ်ကို စောင့်ရှောက်ထိန်းသိမ်းရင်း ချစ်သူကိုမျှော်မှန်းတမ်းတနေဆဲမှာ ဒီမြို့လေးကို ထပ်မံခွဲခွာဖို့ ကံကြမ္မာက ဖန်တီးလာပြန်ပါတယ်….
သူ့မိသားစုရဲ့ နောက်ဆုံးစီးပွားရေးတစ်ခုအတွက် မနီးမဝေးက နယ်စပ်မြို့လေးကို သူထွက်လာရပြန်ပါတယ်…
ရေလမ်းခရီးနဲ့ အမြန်ဆုံးသွားရင် ၄ နာရီလောက်ပဲကြာပေမယ့် အဲဒီမြို့လေးက သူ့ရင်အစုံကို မနွေးထွေးစေခဲ့ပါ…
အလုပ်တွေပြီးတိုင်း သူငယ်စဉ်ကတည်းက ကျင်လည်ခဲ့တဲ့ မြို့လေးကို လွမ်းမောတမ်းတရင်း ကောင်မလေးရဲ့ အရိပ်တွေကို လိုက်ကောက်ရင်း ချစ်သူလေး ပြန်လာမယ့် အချိန်တွေမတိုင်ခင် သူချစ်တဲ့မြို့လေးကို အရောက်ပြန်ပြီး ချစ်သူလေးကို ကြိုစောင့်ရင်း သူ့ရဲ့ အထီးကျန်နေ့ရက်တွေကို ခြောက်သွေ့စွာ ဖြတ်သန်းနေခဲ့ပြန်ပါတယ်….
ိစိတ်ရှည်လက်ရှည်စောင့်ပြီး ဖတ်ပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်...တတိယပိုင်းကို အမြန်ဆုံး တင်ပေးပါ့မယ်...
Sunday, June 14, 2009
|
Labels:
ဝတ္တုရှည်
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
7 comments:
မနှင်းရေ..ကောင်းတယ်။ တတိယပိုင်း မြန်မြန်ဆက်ရေးနော်။ ပစ်ထားရင် လိုက်အော်မယ်။ နှင်း စာသားသုံးထားတာ ကောင်းတယ်။ အဲ..ဒါပေမဲ့ လွမ်းချည်းပဲမနေပါနဲ့။ ပျော်ရွှင်ပါစေ။
ပထမရမလားလို့
ဘယ်ဟုတ်မလဲ နောက်တောင်ကျနေပြီ
အလွမ်းအသော အရေးအသားလေးတွေကို
ခံစားဖတ်ရှုသွားတယ်
ပျော်ရွင်ပါစေ
အလွမ်းဓါတ်ခံရှိတော့ ပိုပြီးလွမ်းသွားတယ်ဗျာ
အရေးသားတွေ ကောင်းပ
အဆင်ပြေပျော်ရွှင်ပါစေဗျာ
ဟာဗျာ။ ဘာတုန်းဗျ။ အပိုင်း၂ ဆိုလို့ ပြီးပြီ အဆုံးထိ ဖတ်ရပြီဆိုပြီး အမြန်ပြေးလာတာ။ နေမကောင်းပါဘူးဆိုမှနော်။ ဒီအပျိုကြီး များနေပြီ။ တင်းသွားတယ်။ ဂျစ်ကိုနဲ့ သွားတိုင်ပြောရမယ်။ ဟွန်း။ တင်းတာ ပြေစေချင်ရင် တတိယပိုင်းကို အမြန်ဆက်။ နို့မို့ကတော့ သိတယ်နော်။ ဟွင်းဟွင်း။ ဟီးဟီး။ =P
မနှင်းရေ အလွမ်းတွေ ချည်းမလုပ်နဲ.နော်...
ရင်ခုန်သံ ခပ်ပြင်းပြင်းလေး နဲ. ပေါက်ကွဲသံစဉ်
လေးတွေ ထည်.ပေးပါနော်...ပရိတ်တွေကိုယ်စား
တောင်းဆိုတာပါ ဟီးးးးးးးးးးးးးးးးးးးးး
မနှင်းရေ...
ကောင်လေး ဇွဲကြီးတာ အနော့်အတိုင်းပဲနော်
လွမ်းလိုက်တာနော်းးး
ကောင်မလေးနဲ့ဘယ်တော့များမှဆုံဆည်းခွင့်ပေးမှာလဲဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
နှင်းရေ
အားရပါးရကို ဖတ်သွားပြီ
တတိယပိုင်းကို စောင့်နေမယ်
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment