ဝမ်းနည်းတဲ့အခါ....

လူတစ်ယောက်ဝမ်းနည်းရတယ် ကြေကွဲရတယ် စိတ်ထိခိုက်ရတယ် ဆိုခဲ့ရင်
သက်မဲ့ အရာဝတ္တုတစ်ခုခုကြောင့်
ဒါမှမဟုတ် သက်ရှိလူသားတစ်ယောက်ကြောင့်
ဒါမှမဟုတ်ရင်လဲ ကိုယ်ရဲ့ မျှော်လင့်ချက် အိပ်မက် တစ်ခုကြောင့် ပဲဖြစ်ဖို့များပါတယ်…

လူကို လူအချင်းချင်းကပဲ ပျော်ရွှင်မှုတွေ ပေးနိုင်သလို
လူကို လူအချင်းချင်းကပဲ စိတ်ဆင်းရဲခြင်းတွေ ပေးတတ်ပါတယ်….

လူကို စည်းစိမ်ကြွယ်ဝမှုတွေက စိတ်အင်အားတွေ ပေးတတ်သလို
လူကို စည်းစိမ်ကြွယ်ဝမှုတွေကပဲ စိတ်ဒုက္ခတွေ ပေးပြန်ပါတယ်..

လူတစ်ယောက်ရဲ့ အိပ်မက်တွေကြောင့် လူ့ဘဝဟာ ပိုပြီးလှပခဲ့သလို
အိပ်မက်တစ်ခု ပျက်သုဉ်းသွားတာဟာလဲ ဘဝတစ်ခုလုံးပျက်သုဉ်းသွားသလို ခံစားရတတ်ပါတယ်....

စိတ်ဓါတ်ကျတယ် ဝမ်းနည်းတယ် ကြေကွဲတယ် ဆိုတာကလဲ
စိတ်ဓါတ်ကျဖို့ ဝမ်းနည်းဖို့ ကြေကွဲဖို့ လုံလောက်တဲ့ အကြောင်းပြချက်ရှိမှသာ စိတ်ရော ကိုယ်ပါ ဒဏ်ရာရတတ်တာမျိုးပါ.....

ခုတလော... သူငယ်ချင်းတွေ တော်တော်များများ စိတ်တွေ ညစ်နေကြတာတွေ့ရပါတယ်...
လူငယ်တွေအတွက်ကတော့ စိတ်ရောဂါရနေရင် အချစ်ကြောင့်လို့ တထစ်ချ ပြောလို့တောင်ရပါတယ်....
လူငယ်တွေက စိတ်ဓါတ်တွေက ကြံ့ခိုင်ကြပါတယ်....
အချစ်နဲ့တွေ့မှ ပျော့ခွေ ယိုင်လဲ ကုန်တာဆိုတော့.....
လူငယ်တွေစိတ်ညစ်တယ်ဆိုရင် ပြေးကြည့်စရာမလိုပဲနဲ့ ကို လက်တမ်းပြောလို့ရနေတာပါ.....

ဘဝမှာ အသက်ရှင်နေသမျှ အချစ်ဆိုတာလဲ ရှင်သန်နေတတ်တာမို့
အချစ်အတွက် အစွဲအလမ်းမကြီးတာ ပိုကောင်းပါတယ်...
အစွန်းမရောက်တာ ပိုကောင်းပါတယ်...

ကလေးလေးတစ်ယောက် ငိုနေတဲ့အခါမှာ မုန့်ကျွေးပြီး ချော့လို့ရနိုင်တယ် ကလေးချစ်မြတ်နိုးတဲ့ အရုပ်ကလေးပေးပြီး အားပေးလို့ရနိုင်ပါတယ်...
ဒါက အပူအပင်ကင်းတဲ့ အတ္တလောဘ ကင်းတဲ့ ဖြူစင်တဲ့ ကလေးတွေမို့ပါ...

လူကြီးတစ်ယောက် ငိုနေခဲ့ရင် တော့ ဒီနည်းတွေသုံးလို့မရတော့ပါဘူး....
သူငိုရခြင်းရဲ့ အကြောင်းရင်းကို အရင်ရှာရပါတယ်...
ပြီးရင်တော့ အားပေးဖို့ နှစ်သိမ့်ဖို့ စကားလုံးလေးတွေ ဥပမာလေးတွေ စဉ်းစားပြီး စကားများများ
ပြောပြီး နှစ်သိမ့်ရမှာပါ....

ဖြစ်နိုင်ရင် သူ့လိုပဲ စိတ်ဓါတ်ကျနေတဲ့ စိတ်တွေညစ်နေတဲ့ သူတွေကို ချပြပြီး တစ်ယောက်တည်းမဟုတ်ဘူး
လူတိုင်းမှာ သူ့သောကနဲ့သူ ရှိနေတတ်တယ်ဆိုတာလေးကိုလဲ မသိမသာလေး ချပြတတ်ရပါတယ်...

တကယ်တမ်းမှာလဲ ကိုယ်စိတ်ညစ်နေတဲ့ အချိန်တွေမှာ ကိုယ့်လို သောကတွေရောက်နေတဲ့သူတွေ
အများကြီးရှိနေတတ်ပါတယ်...

ကိုယ်က မမြင်မတွေ့လို့ မသိလိုက်တာပါ... ဘာပဲဖြစ်ဖြစ် ငိုရင်တောင် အဖော်လေးရှိရင်တော့ ငိုရတာ အားရှိပါတယ် .... အငိုတိတ်တဲ့အချိန်မှာလဲ မျက်ရည်ကျဖော်တွေဆီက အားအင်တစ်မျိုး ရလာတတ်ပါတယ်...

အခုတလောမှာ အကြောင်းအမျိုးမျိုးကြောင့် လူတွေ ငိုနေကြတာတွေ့ရပါတယ်...
စိတ်ဓါတ်တွေ ကျနေတာ စိတ်ပျက်အားငယ်နေတာမျိုးတွေ လူတိုင်းနီးပါးမှာ တွေ့ရတတ်ပါတယ်..
လူသိအောင် ချပြတဲ့သူနဲ့ လူမသိ သူမသိ ကြိတ်ငိုနေတဲ့ သူပဲကွာပါတယ်....

လူငယ်တွေမှာတော့ တွေ့ရမြင်ရသလောက်တော့ သစ္စာဖောက်ခံရတဲ့ ပြဿနာလေးတွေက များပါတယ်....
ဒုတိယ ပြဿနာက ချစ်သူက အရမ်းသဝန်တိုလွန်းတဲ့ ပြဿနာလေးပါ....
ချစ်သူတိုင်း ဖြစ်တတ်တဲ့ သဘာဝမို့ အရမ်းအစွန်းမရောက်မိအောင် သတိထားမိရင်တော့ ခံစားရတာ သက်သာမှာပါ...

အဲဒီလို ပြဿနာတွေကို ပိုကြီးထွားလာစေတာက အနေဝေးနေခြင်းဆိုတဲ့ အခြေအနေ တစ်ခုရယ်
ကိုယ်က မိသားစုနဲ့အဝေးမှာ တိုင်ပင်ဖော် ရင့်ဖွင့်ဖော်မရှိပဲ ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေရတဲ့ အခြေအနေတစ်ခုရယ်....

ဒီအခြေအနေနှစ်ခုက ဝမ်းနည်းခြင်းတွေကို အားပေးကူညီနေသလို...
စိတ်ဓါတ်ကျ စိတ်အားငယ်အောင်လဲ အချိန်နဲ့အမျှ လာပြီးတိုက်ခိုက်နေကျပါ...

ဘယ်လိုပဲ အခက်အခဲတွေတွေ့တွေ့ ခံနိုင်ရည်ရှိနေရင် ဆင်ခြင်နိုင်စွမ်းရှိနေရင် ပြဿနာသေးသေးလေးကို မကြီးအောင် ထိန်းထားနိုင်ပါသေးတယ်။

လူတိုင်းလူတိုင်းဟာ အတ္တ လောဘ သံယောဇဉ် နဲ့မကင်းတာမို့ အချိန်တိုင်းမှာ
အခက်အခဲ ပြဿနာက ရှိနေတာ မဆန်းပါဘူး...

စီးပွားရေး အတွက် မပူရတဲ့သူက သံယောဇဉ်တွေကြောင့် သောကရောက်ရသလို
အချစ်ရေးမှာ အဆင်ပြေနေတော့လဲ စီးပွားရေး နဲ့ အခြားအခြားသော အရေး ကိစ္စတွေမှာ အဆင်မပြေတတ်ကြပါဘူး....

အဓိကကတော့ ဘာပဲဖြစ်လာလာ ဘယ်လိုကြီးမားတဲ့ အခက်အခဲပဲကြုံကြုံ အလွယ်တကူ စိတ်ဓါတ်မကျမိစေဖို့ပါ...

ထိုင်ပြီးငိုလိုက်ရုံ ထိုင်ပြီးစိတ်ဓါတ်ကျနေရုံနဲ့တော့ အခက်အခဲတွေက မပြေလည်သွားပါဘူး...
ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတချို့ ရှာပြီး စိတ်ဖြေရာရအောင် ထွက်ပေါက်ရအောင် ကြိုးစားသင့်ပါတယ်...

ဘယ်လို အခက်အခဲပဲဖြစ်ဖြစ် ကိုယ့်ဘဝနဲ့ချီပြီး ရင်းနှီးရလောက်အောင် အသက်ကို သေကြောင်းကြံရလောက်အောင်အထိ မကြီးမားတာတော့ သေချာပါတယ်....

လူတစ်ယောက်လုံး အသက်ရှင်နေသမျှ မျှော်လင့်ချက်တွေ အခွင့် အလမ်းတွေ ရှိနေမှာပါ...
တိုက်ပွဲဆိုတာ တိုက်နေသမျှကာလပတ်လုံး အရှုံးမရှိပါဘူး
ဆက်မတိုက်ပဲ လက်မြှောက် အလျှော့ပေးလိုက်မှ တကယ်ရှုံးတာပါ...

ကိုယ့်ရဲ့ အရှုံးတစ်ခုဟာ ကြီးမားပေမယ့် ဘဝရဲ့ အရေးပါတဲ့ တံခါးမကြီးတစ်ခုလုံးပိတ်သွားသလို ခံစားရပေမယ့်
ထွက်ပေါက်နေနဲ့ အခြားပြတင်းပေါက်လေးတွေကို ထပ်တွေ့ နိုင်ပါသေးတယ်....

ဘဝမှာ အကြီးမားဆုံး အရှုံးဆိုတာကလဲ ကိုယ်က ထင်နေလို့ ခံစားနေရလို့ပါ...
တကယ်တမ်းမှာတော့ အရှုံးဟာ အရှုံးတစ်ခု ကိုယ် မဖြေနိုင်တဲ့ စာမေးပွဲတစ်ခုပါပဲ...
သေးတယ် ကြီးတယ်လို့ ပြောလို့မရနိုင်ပါဘူး...
တချိန်ချိန် ပြဿနာတွေ ပြေလည်ငြိမ်းအေးသွားတဲ့ အချိန်မှာတော့ ဒါဟာ အကြီးမားဆုံးမဟုတ်ပါလား ဆိုတာကို မြင်လာတွေ့လာရမှာပါ...

မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ဝမ်းနည်းတတ်တာ ခံစားတတ်တာ အားငယ်တတ်တာ သဘာဝတွေ အတူတူပါပဲ...

ဘယ်သူပဲဖြစ်ဖြစ် အရမ်းအားငယ်လာရင် ဝမ်းနည်းလာရင် မျက်ရည်ကျမိမှာပါ...
အထီးကျန်ခံစားရရင် ပိုဆိုးပါတယ်....
ကျွန်မတို့လို အဝေးရောက်နေတဲ့ သူတွေအတွက်တော့ အချိန်တိုင်းမှာ အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်နေရတာများပါတယ်...
သံယောဇဉ်ရပ်ဝန်းနဲ့ အဝေးမှာ အထီးကျန် အားငယ်တိုင်း မျက်ရည်ကျမိတာမဆန်းပါဘူး...

စိတ်ဓါတ်ကျကြတာ မဆန်းပါဘူး....

ဆန်းတာက အဲလို အချိန်တွေမှာ ဘေးနားမှာ စာနာ နာလည်ပေးမယ့် မိတ်ဆွေတွေ ရှိနေတာ မရှိနေတာက ဆန်းတာပါ....

စာနာပေးမယ့် မိတ်ဆွေတွေ သူငယ်ချင်းတွေရှိနေရင် အရမ်းကိုကောင်းပါတယ်...
မိတ်ဆွေတွေရဲ့ အားပေးမှုကြောင့် ခဏလေးနဲ့ စိတ်သက်သာရရစေနိုင်ပါတယ်...

နောက်ဆုံး အားပေးမယ့်သူ မရှိဘူး ကူမယ့် ကယ်မယ့်သူ မရှိဘူးဆိုရင်တောင်မှ လက်လျှော့အားငယ်ဖို့ လုံးဝ မစဉ်းစားပါနဲ့...

တစ်ယောက်တည်းမဟုတ်ဘူး ကိုယ့်လို အားငယ်နေတဲ့သူတွေ လောကကြီးမှာ အများကြီးပဲ ကိုယ်သောကထက်ကြီးတဲ့ သောကတွေလဲ သူများတွေမှာ ရှိနေမှာပဲ လို့ ရိုးရိုးလေးပဲတွေးပြီး ဖြေသိမ့်ရမှာပါ...

ဘယ်အခက်အခဲကမှ ကိုယ့်ဘဝ ကိုယ့် အသက်ထက် တန်ဘိုးမကြီးပါဘူး...
အသက်နဲ့ရင်းရအောင် ဘဝနဲ့ ရင်းရအောင်အထိ မဆိုးရွားဘူး ဆိုတာလေးကို သတိရစေချင်ပါတယ်...

ပြီးတော့ ငိုရလောက်အောင် စိတ်ကျဉ်းကျပ်လာရင် မျက်ရည်ကျလောက်တဲ့အထိ ခံစားနေရရင်..
အဆုံးအရှုံး တစ်ခုအတွက် မျက်ရည်ကျမယ်ဆိုရင်...

ပုရွက်ဆိပ်လေးတစ်ကောင်ကို ဆုံးရှုံးလို့ အဲလောက်ငိုရရင် ဆင်ကြီးတစ်ကောင် ထပ်ပြီးဆုံးမယ်ဆိုရင် ငိုဖို့ မျက်ရည် ကျန်ပါ့မလားလို့ တွေးကြည့်ပါ...

လူတိုင်းဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ အဆုံးမရှိတဲ့ မျက်ရည်တွေ ကျနေရအုံးမှာပါ...
အခု ကျနေတဲ့ မျက်ရည်တွေဟာ နောက်ထပ်ကြုံလာမယ့် အခက်အခဲတွေကို ကျော်ဖြတ်ဖို့
အားအင်တစ်မျိုးလဲ ဖြစ်လာနိုင်ပါတယ်...

အရမ်းစိတ်ဓါတ်မကျမိပါစေနဲ့ ....
အရမ်းမငိုကြွေးမိပါစေနဲ့....
ဝမ်းနည်းတိုင်း...
အားငယ်တိုင်း...
အထီးကျန်နေတိုင်းမှာ....
ဘေးနားမှာ ဝမ်းနည်းဖော် အားငယ်ဖော် အထီးကျန်ဖော်တွေ အချိန်နဲ့အမျှ ရှိနေတယ်ဆိုတာကို
သတိရပါ...
ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ...
သတိရပေးပါ...


သူငယ်ချင်းတွေ ပူဆွေးဝမ်းနည်းမျက်ရည်တွေနဲ့ ကင်းဝေးစေဖို့.....

9 comments:

Sein Lyan Tun said...

နံပတ်မှာ ၁း)

Sein Lyan Tun said...

မနှင်းရေ... ။ဒီပိုစ့်လေးက ကျနော့်ကို အားဖြစ်စေပါတယ်... ကျနော်အနားမှာ ကျနော့်ကိုချစ်တဲ့ ညီအကိုမောင်နှမတွေ အမြဲရှိနေမယ်ဆိုတာ ရဲရဲကြီးယုံကြည်ပါတယ်..
အားပေးမှုအတွက် မနှင်းကိုလဲ ကျေးဇူးတင်ပါတယ်...
ဒီပိုစ့်လေးကြောင့် ဝမ်းနည်းသူများ ပျော်ရွှင်ကြပါစေ...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
(ခုလိုအားပေးတဲ့ မနှင်း ပျော်ရွှင်ပါစေဗျာ)

သားကြီး said...

အားအင်တွေဖြစ်ရပါတယ်
နောက်ထပ်ဘယ်တော့မှစိတ်ဓါတ်မကျကြေး :)

မိုးခါး said...

း)
စာတွေဖတ်သွားပါတယ်
စိတ်မညစ်ကြေးပေါ့ ..း)

desertraindrops said...

မနှင်းရေ.အားဖြစ်စေတဲ့ပိုစ့်လေးပါ။ ကျေးဇူးနော်။ သိပ်ကောင်းတယ်။

မိုးစက်အိမ် said...

အမှန်တရားတွေဘဲမနှင်းရေ...တကယ်ရေးသွားတာ
ကောင်းတယ်ဗျာ...အော် အချစ် အချစ်
အနမ်းတွေ အလွမ်းတွေ အမုန်းတွေရဲ. မိခင်များလားဗျာ...

မမသီရိ said...

တခါ တခါ တော့လဲ
ငိုချင်ရင် ငိုပစ်လိုက်တာပဲ ကောင်းတယ် နှင်းရဲ့
မျက်ရည်က ကုန်တယ်လို့မှ မရှိတာ..း)း)

ဒါပေမဲ့ မမ က ငိုခဲသူ ဆိုတော့
ရင်ထဲ မှာ အဖုအကျိတ်တွေနဲ့..
အဲဒါ မကောင်းဘူး..နှင်း ရေ

သူကြီးမင်း (တုံးဖလား) said...

ဒီပို့စ်လေးက တကယ်ကို အင်အားဖြစ်စေပါတယ်။ လူတိုင်းသူတိုင်း တစ်ခါတစ်ခါမှာ စိတ်ဆင်းရဲစရာတွေ ပြည့်နှက်နေတတ်ကြပါတယ်။

အဲဒီလို ဖြစ်နေတဲ့အခါတိုင်း ဒီလို ပို့စ်လေးတွေကို (သို့) ဒီလိုအတွေးအခေါ်တွေကို သူ့ထံ ချပြသင့်ပါတယ်။

လူဆိုတာ အတ္တနှင့်တည်ဆောက်ထားကြတာဖြစ်တဲ့အတွက် ကိုယ်မှ ပိုပြီးဒုက္ခရောက်နေတယ်လို့ထင်တတ်ကြတယ်။ ကိုယ်မှ ပိုပြီးကံဆိုးတယ်လို့ ထင်တတ်ကြတယ်။ ကိုယ့်ဘ၀မှ ပိုနာတယ်လို့ ထင်တတ်ကြပါတယ်။
ဒါ သဘာဝပါ။

လူတိုင်းမှာ ဆင်းရဲကိုယ်စီ ကံဆိုးမှုကိုယ်စီ ဘ၀နာမှုကိုယ်စီ ရှိကြပါတယ်။

အဲဒီလို မလိုလားတဲ့ ဖြစ်ပျက်မှုတို့နှင့်ကြုံတွေ့နေရသူအဖို့ ဒီပို့စ်လေးက အရမ်းကို သာသွားပါတယ်။

ကျေးဇူးအရမ်းတင်ပါတယ်။

ကိုကိုမောင်(ပန်းရနံ့)

ဇော် said...

ဟုတ် ဒေါ်လေးနှင်း
ကျနော် ၀မ်းနည်းရင် ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူး။
အဗျိုဂျီးနှင်းရှိတယ်ဆိုတာ သတိရပေးပါ့မယ်။
အဟဲ။

ချစ်ရို့ချယာ။ မှတ်သွားတယ်ဗျာ။ ၀မ်းမနည်းအောင် နေတတ်ဖို့အတွက်လေ။ =)

My Blog List