နေ့ကိုလစား လကို နှစ်စား အချိန်ရထားကြီးက တရွေ့ရွေ့ခုတ်မောင်းနေဆဲ...
နှစ်ဆယ့်လေးနာရီ ပတ်လုံး တဂျောင်းဂျောင်းပြေးနေတဲ့ နာရီလက်တံတွေကလဲ မရပ်မနား...
ဘဝလမ်းပ်ါမှာပြေးနေတဲ့လူတွေ မောလို့ ခဏနားနေချိန်မှာတောင် သူ့မှာ မရပ်မနား....
ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်......
ကျောင်းသွားစာကျက် ကလေးဘဝမှာ အပူအပင်ကင်းနေဆဲကာလ.....
ကိုယ်ကစာတွေ ကဗျာတွေ အော်ကျက်နေချိန်မှာ အိမ်ကတိုင်ကပ်နာရီကြီးက ပုံမှန်လည်ပတ်နေဆဲ....
ဟိုသိပ်မဝေးတဲ့ ဆယ်နှစ်ကျော်တုန်းက...
ဘဝလမ်းပေါ် ခြေစချမိကာစ မအူမလည်နဲ့ အလုပ်နဲ့ ကျောင်းနဲ့ အိမ်နဲ့ ကျူရှင်တွေကြားဗျာများ ပြေးလွှားနေရတုန်းကလဲ
တိုင်ကပ်နာရီကြီးက အလုပ်များလွန်းတဲ့ ကိုယ့်ကို လှောင်နေသယောင်ယောင်......
လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့
အိပ်မက်လှလှလေးတစ်ခု မထင်မှတ်ပဲကောက်ရခဲ့သလို
လွန်ခဲ့တဲ့ နှစ်လတုန်းက
မက်ခဲ့တဲ့ အိပ်မက်ကလေးကို အသက်သွင်းဖို့ စိတ်ကူးလေးနဲ့ ရူးနေခဲ့....
လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက
အိပ်မက်တစ်ခုက ရုတ်တရက်လန့်အနိုးမှာ မက်ခဲ့တဲ့ အိပ်မက်တွေ တစစီတစစီ
ကျိုးပဲ့ခဲ့သလို......
လွန်ခဲ့တဲ့ နှစ်ရက်တုန်းက
မှတ်မှတ်ရရ အားရပါးရ မောပန်းသွားတဲ့ အထိ နှလုံးသားထဲမှာ နာကျင်ခဲ့တဲ့အထိ ငိုခဲ့ပြီး
အခုအချိန်မှာတော့
အပူတကာ့အပူဆုံးမီးတွေ လောင်ကျွမ်းတာခံနေရသလို သံယောဇဉ်တွေရဲ့
ဒုက္ခပေးခြင်းအောက်မှာလဲ အလူးအလဲ ကျရှုံးနေပြန်ပါတယ်.....
ကိုယ့်အတ္တ တစ်ခုတည်းအတွက်..........
ဖြစ်ချင်ခဲ့တာ ဖြစ်နေတာ ဖြစ်ဖို့ကြိုးစားနေတာ
လိုချင်ခဲ့တာ လိုနေတာ ထပ်လိုအပ်နေသေးတာ တွေနဲ့
ဘဝမှာ ရတာမလို လိုတာမရ
လိုက်လေဝေးလေ ပြေးလေမောလေ
အတ္တတွေနဲ့ကိုယ် တိုက်ပွဲဝင်နေဆဲကာလလေးပေါ့.....
နောက်နှစ်လ လောက်ဆိုရင်......
နောက်နှစ်နှစ်လောက်ဆိုရင်.......
နောက်ဆယ်နှစ်လောက်ဆိုရင်......
နောက်အနှစ်နှစ်ဆယ်လောက်ဆိုရင်.....
တကယ်ဆိုရင် လောကကြီးမှာ ဘယ်အရာမှ မတည်မြဲပေမယ့်
လူတွေရဲ့ အတ္တတွေ မာနတွေကတော့ အမြဲကြီးမြဲနေတတ်ပါတယ်....
လောကကြီးက ဘာမှမပြောင်းလဲပေမယ့်
လူတွေက အချိန်နဲ့အမျှ နာရီလက်တံလည်နေတာနဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်...
နာရီလက်တံတွေရွေ့နေတာကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်း.......
နောင်အနှစ်နှစ်ဆယ်ကို ပြေးမြင်ဖို့ မျက်စိကို စုံမှိတ်မိတော့...
ဘဝကို အပိုင်းသုံးပိုင်းပိုင်းမယ်ဆိုရင် နောင်လာမယ့် အနှစ်နှစ်ဆယ်ဆိုတာ ကိုယ့်အတွက် ဒုတိယအရွယ်ရောက်နေပြီး)
နောင်လာမယ့် အနှစ်နှစ်ဆယ်ဆိုရင်.....
ဘဝမှာ မောမောပန်းပန်း လှုပ်ရှားရုန်းကန်နေခဲ့တဲ့ အတွေ့အကြုံတွေကြောင့် တစတစ တည်ငြိမ်ပြီး အတ္တတွေ လျော့ကုန်မှာလား....
လူ့သဘာဝအတိုင်း ပစ္စည်းဥစ္စာတွေနောက် တကောက်ကောက် လိုက်နေမိမှာလား....
လူ့သဘာဝအတိုင်းဆိုရင် အတ္တတွေ များသထက်များနေမှာလား...
မီးတကာ့မီးတွေထဲက အပူဆုံးမီးဖြစ်တဲ့ သံယောဇဉ်တွေဖြတ်ပြီး
သောကတွေနဲ့ အဝေးမှာ ပျော်ရွင်နေမှာလား...
သံယောဇဉ်တွေရစ်ပတ်နေတဲ့ လောကကြီးမှာ ပီတိတွေနဲ့ သာယာနေမှာလား....
အရင်နှီးဆုံးသူစိမ်းတစ်ယောက်နဲ့ ဘဝခရီးရှည်ကြီးမှာ အတူတူရှိနေမှာလား....
( ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်ကို အရင်းနှီးဆုံးသူစိမ်းလို့ ခံယူ ထင်မြင်မိပါသည်)
အဆုံးမရှိတဲ့ ဘဝခရီးကို အဖော်မပါ တစ်ယောက်တည်းပဲ ဆက်လျှောက်နေမိမှာလား....
(တစ်ယောက်တည်းဆိုရင်တော့ ငုံ့ကို အဖော်ခေါ်ဖို့ စိတ်ကူးမိပါတယ် ဇော့်ကိုတော့ ခေါ်လို့မဖြစ်။)
အဖြူရောင် သံယောဇဉ်တွေကြားမှာ ရုန်းမထွက်သာပဲ ပျော်ရွှင်နေမှာလား.....
ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ အရမ်းစိတ်ဝင်စားခဲ့တဲ့ စီးပွားရေးလေးတစ်ခု လုပ်ဖို့စိတ်ကူးလေးကို အကောင်အထည်ဖော်ဖြစ်မှာလား....
မဆုံးနိုင်တဲ့ ခရီးရှည်တွေထွက်ပြီး အိမ်ရဲ့ အဝေးမှာ ခုလို အထီးကျန်နေအုံးမှာလား......
မရေရာလွန်းတဲ့ အိပ်မက်တချို့ ဆုပ်ကိုင်ပြီး စိတ်ကူးယဉ်လို့ရရင်တော့
သိပ်မဝေးလှတဲ့ နောင်အနှစ်နှစ်ဆယ်မှာ
တသက်လုံးမောလာခဲ့တဲ့ ဘဝအမောတွေ ပြေချင်ပါတယ်...
တသက်လုံးက လူတွေညာတာကို ခံလာခဲ့ရတာမို့ အဲဒီအချိန်မှာတော့
လူလိမ်လူညာတွေနဲ့ ဝေးချင်မိပါတယ် .....
တသက်လုံးက ကိုယ့်ရဲ့ စေတနာ ကို စော်ကားတာ ခံခဲ့ရတော့ မေတ္တာတွေ အသိအမှတ်ပြုတာ မခံခဲ့ရတော့
အဲဒီအချိန်လောက်ဆိုရင် တော့လူတွေကို စေတနာ မေတ္တာတွေကို စာနာ နားလည်တတ်စေချင်မိပါတယ်....
ဘဝတစ်လျှောက်လုံးမှာ ကိုယ်ဟာ သူများအတွက် လူဖြစ်ခဲ့တာမို့ အဲဒီအချိန်လောက်ဆိုရင် ကိုယ့်အတွက် လူဖြစ်နေတဲ့ သူ အနည်းဆုံးတစ်ယောက်လောက်တော့ တွေ့ချင်မြင်ချင်မိပါတယ်...
လူတွေဟာ အသက်ကြီးလာတာနဲ့ အမျှ စိတ်ဓါတ်တွေ ညစ်ပတ်လာကြတယ်ဆိုပေမယ့် ကိုယ်ကတော့ အဲဒီအချိန်အထိ စိတ်ဓါတ်တွေ ဖြူစင်နေချင်သေးပါတယ် ကိုယ့်လို ဖြူနေဆဲ လူတစ်ချို့ကိုလဲ တွေ့ချင်နေမိပါတယ်...
ကိုယ်က ခုချိန်ထိ သူများဆီက သင်ယူနေဆဲမို့ အဲဒီအချိန်ရောက်ရင်တော့ ကိုယ်က တတ်နိုင်သလောက် သူတပါးကို ပြန်ပြီးသင်ပေးချင်ပါသေးတယ်...
အထူးသဖြင့် ဖြူစင်တဲ့ အပြစ်မဲ့တဲ့ ပုံသွင်းရလွယ်တဲ့ ကလေးလေးတွေကိုပေါ့ ( ဒါကတော့ ငုံနဲ့ ရှယ်ယာဝင်ရမယ်လို့ ထင်ပါတယ် ငုံ့ကျောင်းမှာ စေတနာ့ဝန်ထမ်း လုပ်မလို့ပါ)
မိဘမဲ့ကလေးတွေ ချို့တဲ့တဲ့ ကလေးတွေကို ပညာရေးအတွက် တတ်အားသလောက် ကူညီပြီး ပညာပါရမီ ဖြည့်ချင်ပါတယ်။
ပြီးတော့ တနေရာတည်းမှာ အတည်တကျ နေဖို့ဇာတာပါလာခဲ့ရင် အမိမြေမှာ ပြန်ပြီး အချေချဖြစ်မယ်ဆိုရင် ကိုယ်ပိုင်စာကြည့်တိုက်ကြီး အကြီးကြီးဖွင့်ပြီး ဘယ်သူ့ကိုမှ စာအုပ်မငှားပဲ စာအုပ်တွေ ဝယ်စုနေဖို့ စိတ်ကူးထားပါတယ် ( မငှားဘူးဆိုတာက ဘလော့ဂါတွေကို ပြောတာပါ စာအုပ်တွေ ငှားပြီး ပြန်မရမှာစိုးလို့ပါ ခီလောက်တို့ နေညိုတို့ သမီးပျိုတို့ ဆိုရင်တော့ ဘာပဲငှားငှား ပြန်မရမှာ သေချာတယ်)
ကိုယ်ပိုင်ပုံနှိပ်တိုက်ထောင်လို့ ကိုယ်တိုင်ထုတ်ဝေသူလုပ်ပြီး ကိုယ်ရေးတဲ့စာတွေ သူငယ်ချင်း ဘလောဂါတွေရေးတဲ့ တန်ဖိုးရှိတဲ့ စာတွေကို ဈေးနှုန်းချိုသာစွာနဲ့ ထုတ်လုပ်ဖြန့်ချီနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်နေမလားးးးးး
အသေချာဆုံးကတော့ အမေ ဒေါ်အမာတို့ မကြန်တို့ လို ဒေါက်တာ မတင်ဝင်း ဂျာနယ်ကျော်မမလေးတို့လို စာတွေမနားမနေ ဆက်ရေးနေမယ်ဆိုတာပါပဲ....
နောင်နှစ်ပေါင်းနှစ်ဆယ်အထိ
နောင်နှစ်ပေါင်း လေးဆယ်အထိ
စိတ်နဲ့ခန္ဓာ မြဲနေတဲ့အထိ စာတွေ ဆက်ရေးနေမှာပါ....
ဒီပို့စ်လေးရေးဖြစ်အောင် Tag လာတဲ့ကိုနေညိုရေ ကျေးဇူးပါနော်....
8 comments:
မနှင်းရေ.. နောင်လာမယ့် အနှစ်နှစ်ဆယ်မှာ ပုံဖော်မယ့် စိတ်ကူးစိတ်သန်းတွေ ကောင်းပါတယ်ဗျာ။ public စာကြည့်တိုက် ဖွင့်မှာကိုတော့ အားကြီး သဘောကျတယ်ဗျာ။ ပတ်ဝန်းကျင်တိုင်းမှာ ရှိသင့်တဲ့ အရာတခုပဲ။ စာတွေလဲ ဆက်ရေးနေမှာပဲဆိုတော့ အရမ်း ကောင်းပါတယ်ဗျာ။ ဆက်လျှောက်ပါ....
နှင်း..ရှယ်ယာထဲမယ်ဆိုလို့ ၀မ်းသာနေတာနော့။ နောင်လာမဲ့ နှစ်၂၀မှာ တကယ်အကောင်အထည်ဖော်ခွင့်ရပါစေလို့ ဆုတောင်းပေးသွားပါတယ်။
အမ် ပြောသွားလိုက်တာ နှစ်ပြားမက ဘူး တစ်ပြားတောင်မတန်ပါလား ဒို့ မောင်နှမအားလုံးကိုပြောသွားလိုက်တာ မနှင်းနော်
စာကြည့်တိုက်ဖွင့်လို့ ကတော့ နာပြီသာမှတ် စာအုပ်မငှားဘူး စာကြည့်တိုက် အိမ်သာတက်ပြီး တစ်ရွက်ခြင်းလေ သိတယ်ဟုတ်
အသာလေးလှန်ပြီး ကြည့်မှာလို့ ပြောမလို့ ပါ တစ်ခြားဟာမပါကြေး :D
ဟားဟား။ အနော်လဲ ဂျစ်ကိုအတိုင်းပဲ။
သိတယ်ဟုတ်။ ဂျစ်ကိုရဲ့ ဂျစ်ညီမလေ။ ငှဲငှဲ။
စိတ်ကူးတစ်ချို့တူနေတယ်....... :)
နောင်အနှစ် (၂၀)အတွက် မက်ထားတဲ့ အင်မတန်မွန်မြတ်တဲ့ အိပ်မက်တွေ အားလုံး တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်ပါစေ ညီမလေး... ညီမလေးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်ကြီးမှာ စာလာဖတ်မယ်နော်။ စာအုပ်မငှားဘူးဆိုတဲ့ ဘလော့ဂါထဲမှာ အစ်မရောပါလား? ;) သေချာပြန်အပ်မှာပါ...း))
နှင်းရေ....
စိတ်ကူးကောင်းလေးတွေနဲ့ နောင်လာမည့်နှစ်ပေါင်းများစွာထိ စာကောင်းတွေ ရေးနိုင်ပါစေကွယ်....
စာကြည့်တိုက်ကြီးကို တော့ တကယ်စိတ်ဝင်စားပါ၏...
ခင်မင်စွာဖြင့်
သီဟသစ်
စိတ်ကူးလေးကောင်းလိုက်တာ ..
စာကြည့်တိုက်က စာအုပ်တွေကို မိုးခါးကိုတော့ ငှားပါ .. ပြန်ပေးပါ့မယ် .. :D
Post a Comment