အခန်းဖော်(၂)

ကျွန်မရဲ့အခန်းဖော်

ကျွန်မ ခေတ္တနားခိုရာ အခန်းလေးဟာ ချစ်စဖွယ် ကောင်မလေးတစ်ယောက်ကြောင့် သေသေသပ်သပ်နဲ့ နေချင့်စဖွယ် အခန်းလေးတစ်ခန်းဖြစ်နေခဲ့တာ ကျွန်မအတွက် အလွန်ကံကောင်းနေခဲ့ပါသည်....

အဲဒီနူးညံ့သိမ်မွေ့လှတဲ့ ကောင်မလေးဖန်တီးထားခဲ့တဲ့ ဒီအခန်းလေးဟာ ကျွန်မ မက်မောခဲ့ဘူးတဲ့ ကဗျာဆန်ဆန် လှပသော သန့်ရှင်းသပ်ရပ်သော မျက်စိအေးစရာ အိပ်ခန်းလေးတစ်ခန်းလဲ ဖြစ်နေပြန်ပါသည်။

ကျွန်မ မှတ်မိရလောက် ကျွန်မ လူမှန်းသိတတ်စကတည်းက ကဗျာဆန်ဆန် အိပ်မက်ဆန်ဆန် ဖန်တီးထားတဲ့ အခန်းလေးတွေကို ဓါတ်ပုံတွေထဲမှာပဲ မြင်ခွင့်ရခဲ့ပါသည်။ အဖေနဲ့တကွ ဦးလေးတွေကြားမှာ ကြီးပြင်းလာတဲ့ကျွန်မအတွက် မိန်းကလေးအဖော်ဆိုတာလည်း မရှိခဲ့သလောက်ကို ရှားပါးခဲ့ပါသည်။

ပြီးတော့ မိန်းကလေးတစ်ယောက် ဖန်တီးအပ်သော အိမ်တစ်အိမ်ရဲ့ အခင်းအကျင်းမျိုးနဲ့လဲ အဝေးကြီးဝေးခဲ့ပါသည်။

ကျွန်မတို့အိမ်ကြီးမှာ မိန်းမဆိုလို့ ကျွန်မနှင့်အတူ ဆွေမျိုးမကင်းသော ထမင်းချက် အန်တီကြီးတစ်ယောက်သာ ရှိခဲ့ပါသည်။ ဖေဖေနှင့် ဖေဖေ့ညီတော်တူ ဦးလေး နှစ်ယောက်ရဲ့ ဝေယျာဝစ္စများကြောင့် အန်တီကြီးလဲ အိမ်သန့်ရှင်းရေး လုပ်ရန် အချိန်မရနိုင်ခဲ့သလို ခေတ်ပညာ မတတ်သော တောသူတစ်ဦးဖြစ်နေသည့်အတွက်လဲ အချိန်တန် ဈေးဝယ် ထမင်းချက် အဝတ်လျှော် မီးပူတိုက်သည့် အလုပ်မှလွဲကာ အိမ်သန့်ရှင်းရေး ပရိဘောဂများကို စနစ်တကျထားသိုရေးအတွက် စီမံမှု မပေးနိုင်ပါ။
ကျွန်မကိုလဲ မိန်းကလေးတစ်ယောက် သိထားသင့်သော တတ်ထားသင့်သော အိမ်မှုကိစ္စများကို မသင်ပေးနိုင်ခဲ့ပါ။

ဆွေမျိုးသားချင်းတွေကြားမှာ ကြီးတော်တစ်ယောက် အဘွားတစ်ယောက်ရှိခဲ့ပေမယ့် ကျွန်မကိုတော့ မိန်းမမပီသလို့ ထော်လော်ကန့်လန့်နိုင်လို့ ဆိုးပေနေလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့နဲ့အဝေးဆုံးနေရာကို တွန်းပို့ထားခဲ့ကြပါသည်။

ဖေဖေ့ပြောပြချက်အရ ကျွန်မရဲ့ မေမေ လောကကြီးမှာ ရှိနေသေးတယ်ဆိုတာကို သိခွင့်ရခဲ့ပေမယ့် ဘယ်နေရာမှာရှိနေခဲ့တယ်ဆိုတာကိုတော့ ဖေဖေ ကိုယ်တိုင်မသိခဲ့ပါ။ ကြာလာတော့လဲ ကျွန်မမှာ မိခင်တစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိလေးတောင် တစတစ မှေးမှိန်လာခဲ့ပါသည်။

မိခင်ဆုံးမမှု မရတဲ့ မိန်းကလေးမို့ အခုလို ဆိုးရွားတဲ့ စရိုက်လေးတွေ ပိုင်ဆိုင်နေခဲ့တာလားလို့ စဉ်းစားမိပေမယ့် အဲဒီအပေါ်မှာလဲ ထူးထူးခြားခြား နာကျင်မှုမရှိခဲ့ပါ။

မိန်းကလေးတစ်ယောက်ရဲ့ စရိုက်ကို ပတ်ဝန်းကျင်ကသာ ပြုပြင်ပြောင်းလဲပေးနိုင်တယ်ဆိုရင်တော့ ကျွန်မဟာ ပတ်ဝန်းကျင်ကြောင့် အချိုးမပြေသော မိန်းမ မဆန်သော ထင်ရာစိုင်းတတ်သော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါသည်။

ဖေဖေ့အရိပ်အောက်မှာ ဖြစ်သလို နေထိုင်ကြီးပြင်းလာတဲ့ ကျွန်မအတွက် သာမန်မိန်းကလေးတစ်ယောက်ရဲ့ ဘဝမျိုးကို မရခဲ့တာတော့သေချာပါသည်။ ကျွန်မရင်းနှီးခဲ့သည့် ပတ်ဝန်းကျင်မှာ နေ့နေ့ညည လွှမ်းမိုးနေခဲ့တာက နေခဲ့တာက ဖေဖေ့ သူငယ်ချင်းတွေရဲ့ အသံပေါင်းစုံ ဦးရီးတော်တို့ ဖွင့်ထားသော ဆောင်းဘောက်စ်က ထွက်လာတဲ့ သီချင်းသံ ကျယ်ကျယ်များ စီးကရက်နံ့များ ပြီးတော့ ဘီယာနှင့်အရက်ပေါင်းစုံ ရဲ့ အနံ့အသက်များ..…

နောက်ဆုံးမှာတော့ ကျွန်မကိုယ်တိုင် ဖေဖေနှင့်အတူတူထိုင်ပြီး အမြည်းစားရင်း အဆင့်တွေတက်ကာ ဘီယာ အရက်ပေါင်းစုံကို မြည်းတတ်လာခဲ့ပါသည်။ ဦးလေးတွေသောက်တဲ့ စီးကရက်တွေနှင့်လဲ မိတ်ဆွေဖြစ်လာခဲ့ပါသည်။ မိတဆိုးသမီးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိုတရ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် မိန်းမ ပီသသော မိန်းကလေးတစ်ယောက်တော့ မဖြစ်ခဲ့ပါ။။

“အချက်အပြုတ် တို့မလုပ်.. အိမ်မှုကိစ္စ ဝေးဝေးက”… လို့ ခပ်ပြောင်ပြောင်ပြောတိုင်းလဲ ဖေဖေက မငြူစူခဲ့ပါ။ ထမင်းကို ထမင်းအိုးထဲက ရပြီး ပိုက်ဆံကို ဖေဖေ့အိတ်ထဲက ရနေတာမို့ ကျွန်မအတွက် သောကဆိုတာမရှိခဲ့ပါ။ ဒါပေမယ့် မြို့နယ်ပညာရေးမှူးတစ်ယောက်ဖြစ်တဲ့ ဖေဖေက ပညာရေးနဲ့ပက်သက်လို့တော့ စည်းကမ်းတင်းကျပ်ခဲ့ပါသည်။

ကျွန်မဆယ်တန်းအောင်ပြီးတဲ့ အချိန်ကစလို့ တက္ကသိုလ်တက်မလား အခြားနိုင်ငံမှာ ကျောင်းသွားတက်မလား သမီးဆန္ဒရှိတဲ့အတိုင်းလုပ်လို့ ရွေးချယ်ခွင့်ပေးလာတဲ့အချိန်မှာတော့ တက္ကသိုလ်ဆက်မတက်ပဲ အပြင်စာမေးပွဲတွေဖြေပြီး နိုင်ငံခြားမှာ ကျောင်းနေဖို့လမ်းကိုရွေးလိုက်ပါသည်။

ပထမဆုံး ရန်ကုန်မှာ အဆောင်နေပြီး စာရင်းကိုင်သင်တန်းအတွက် ကျူရှင်တက် စာမေးပွဲဖြေရင်း အင်္ဂလိပ်စာ သင်တန်းများကို စတက်ခဲ့ပါသည်။ အဆောင်နေကျောင်းသူဆိုပေမယ့်လဲ ဖေဖေ့ကျေးဇူးကြောင့် အခန်းခပ်ကျယ်ကျယ်တစ်ခုမှာ တစ်ယောက်တည်းနေခွင့်ရသလို ထမင်းဟင်းကိုလဲ အပြင်မှာပဲ ဖြစ်သလို ဝယ်စားတတ်ခဲ့ပါသည်။

ရန်ကုန်ရောက်ပြီး နှစ်နှစ်လောက်ကြာတော့ ကွန်ပြူတာ သင်တန်းတစ်ခုမှာ မောင်နဲ့စတွေ့ခဲ့ပါသည်။ မောင်က စီနီယာတစ်ယောက်ဖြစ်တာမို့ ကျွန်မတို့အတန်းကို အချိန်ပိုင်း စာသင်ပေးဖို့ တာဝန်ကျခဲ့ပါသည်။ ဘဝမှာ လိုချင်တာရခဲ့သူပီပီ မောင့်အချစ်ကိုရဖို့လဲ ကျွန်မအတွက် အခက်အခဲမရှိခဲ့ပါ။

မိန်းကလေးမပီသခဲ့တာ မိန်းမ မဆန်ခဲ့တာ ကျွန်မအတွက်တော့ ကံကောင်းခြင်းရဲ့ လက်ဆောင်လို့ပဲ ခံယူခဲ့မိပါသည်။။
မောင့်ကို စပီး ချစ်မိသူဟာ ကျွန်မဖြစ်ခဲ့တာမို့ ကျွန်မဘက်ကစလို့ မောင့်ကို ချစ်ခွင့်ပန်ဖို့ အတွက် စဉ်းစားစရာမလိုလောက်အောင်ကို လွယ်ကူခဲ့ပါသည်။ မောင့်ဘက်ကလဲ နားလည်စွာ စာနာစွာနဲ့ ကျွန်မ အချစ်ကို ပြန်လက်ခံခဲ့ပါသည်။

အချစ်ကို စတင်တွေ့ရှိသူက ကျွန်မ အချစ်ကို စတင်ကြေငြာသူက ကျွန်မ အချစ်ကို မြတ်မြတ်နိုးနိုး ကိုးကွယ်ခဲ့သူကလဲ ကျွန်မပဲ ဖြစ်ခဲ့ပါသည်။

မောင်ကလဲ ကျွန်မလိုပဲ နယ်ကလာပြီး သင်တန်းတက်နေသူမို့ အိပ်ချိန်မှလွဲလို့ ကျွန်မတို့နှစ်ယောက် အမြဲအတူတူရှိနေခဲ့ပါသည်။ စားအတူ သွားအတူ သင်တန်းချိန်ချင်းလဲ (ရံဖန်ရံခါ) တူနေပေမယ့် တိုက်ခန်းတစ်ခန်း စပ်တူငှားနေဖို့ကို မောင့်ဘက်က စလို့ အရေးဆိုလာပြန်တော့လဲ ကျွန်မ မငြင်းဆန်ခဲ့ပါ။

နယ်မှာသာ အနေများသော အချိန်တန် ပိုက်ဆံပို့တတ်သော အဝေးမှသာ ကြင်နာတတ်သော ဖေဖေတို့မရိပ်မိအောင်တော့ မောင်နဲ့ ကျွန်မတို့ ကိစ္စကို ပိပိရိရိ ဖုံးကွယ်ထားခဲ့ပါသည်။

ကျွန်မဘဝအတွက် အားအထားရဆုံးသော ဖေဖေ့ကိုတော့ ကျွန်မ အလွန်ချစ်ခဲ့ပါသည်။ ဖေဖေ ငြိုငြင်မှာကိုလဲ စိုးထိတ်လှပါသည်။

တိုက်ခန်းငှားနေဖို့အတွက် ပထမဆုံးရင်းနှီးလိုက်ရတာကတော့ ကျွန်မရဲ့ ရွှေဟန်းချိန်း ခပ်ထူထူလေးတစ်ခုဖြစ်ပါသည်။ တိုက်ခန်းကို ခြောက်လစာ စရံပေးပြီး ငှားရခြင်းဖြစ်သောကြောင့် မောင့်မှာလဲ လုံလောက်သော ပိုက်ဆံမရှိခဲ့ပါ။ မောင့်နေစရိတ် စားစရိတ်ကို မောင့်မိသားစုမှ အပြည့်အဝ မထောက်ပံ့နိုင်သောကြောင့် ကွန်ပြူတာသင်တန်းတစ်ခုမှာ မောင်က အချိန်ပိုင်း အလုပ်ဝင်လုပ်နေခဲ့တာကို ကျွန်မကိုယ်တိုင် သိခဲ့တာမို့ မောင့်အပေါ် နားလည်စာနာနိုင်ခဲ့ပါသည်။

ဒုတိယ အရင်းအနှီးကတော့ ကျွန်မကိုယ်တိုင် စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းသီချင်းဆိုရသော အလုပ်ဖြစ်ခဲ့ပါသည်။ ဒါကလဲ မောင်ဆက်တက်ချင်တဲ့ မဆုံးနိုင်သော သင်တန်းစရိတ်များနှင့် နှစ်ယောက်စာ အသုံးစရိတ်ကို ကာမိစေရန်ဖြစ်ပါသည်။

လစဉ် ဖေဖေပို့ပေးတတ်သော ပိုက်ဆံများသာ ကျွန်မတို့အတွက် ပုံမှန်ဝင်ငွေရှိခဲ့သောကြောင့် နှစ်ယောက်စာ စရိတ်အတွက် သေသေချာချာ စေ့စေ့စပ်စပ် သုံးစွဲသော်လည်း ကျွန်မတို့အတွက် မလောက်ငခဲ့ပါ။ ပညာတတ်များ အတွက်ပင် အလုပ်ခက်ခဲနေချိန်တွင် ပညာတပိုင်းတစသာရှိသော ကျွန်မအတွက် စင်တင်တေးဂီတနှင့်တွဲဖွင့်ထားသော စားသောက်ဆိုင်တွင် ညပိုင်းသီချင်းဆိုပေးခြင်း အလုပ်ကလွဲလို့ ရွေးချယ်စရာ များများစားစား မရှိခဲ့ပါ။

မောင်အားနာမှာ သိမ်ငယ်မှာစိုးရွှံစိတ်ဖြင့် အလုပ်လုပ်ရခြင်းအပေါ် ကျွန်မ မငြိုငြင်ခဲ့ပါ။ ဖေဖေ့မျက်နှာကို မြင်ယောင်မိတိုင်း အားငယ်စိတ် ရှက်ရွံ့စိတ်များဖြင့် တုန်လှုပ်ခဲ့သော်လဲ မောင့်ရှေ့မှာတော့ ကျွန်မ ဟန်ဆောင်ကောင်းခဲ့ပါသည်။ အချစ်က ကျွန်မကို ရာနူန်းပြည့် ဖမ်းစားခဲ့ပါသည်။

မောင်နဲ့နှစ်ယောက် အတူတူနေသောအိမ်လေးမှာလဲ အိမ်ထောင်ပရိဘောဂများ များစားစားမရှိခဲ့ပါ။ အိပ်ယာပါးပါးလေးနှစ်ခုနှင့် အဝတ်သေတ္တာများမှလွဲပြီး ထမင်းစားစားပွဲလေးတစ်လုံးတောင် မရှိခဲ့ပါ။ နောက်ဆုံးသောက်ရေအိုးစင်တောင် မထားခဲ့တာမို့ ရေသန့်ဘူးကြီး တစ်ဘူးကသာ ကျွန်မတို့ အိမ်ရှေ့ခန်းက တစ်ခုတည်းသော အဆောင် အယောင် ဖြစ်ခဲ့ပါသည်။

နံနက်စောစော ဘုရားဝတ်ပြုပြီးတိုင်း မောင်ကပဲတာဝန်ယူပြီး တံမျက်စည်းလှဲပေးတတ်ပါသည်။ အိမ်သန့်ရှင်းရေးအတွက်တော့ နှစ်ကိုယ်စာနေသော ကျွန်မတို့ အိမ်အတွက် တံမြက်စည်းတစ်ချောင်းရှိရုံဖြင့် လုံလောက်နေခဲ့ပါသည်။

ကျွန်မရဲ့ အရည်အချင်းတွေကို သိထားခဲ့သောမောင်သည် အိမ်တွင် ထမင်းချက်စားဖို့ကိုလဲ မတောင်းဆိုခဲ့ပါ။ သူကိုယ်တိုင်လည်း အချက်အပြုတ် မကျွမ်းကျင်ပါ မချက်တတ်ပါ ဆိုယုံမျှဖြင့် ဆိုင်ထမင်း ဆိုင်ဟင်း အပြင်စာပေါင်းစုံဖြင့် တစ်နှစ်နီးပါး ရင်းနှီးခဲ့ကြပြန်ပါသည်။

နောက်ဆုံးဆီးနှင်းတွေ တဖွဲဖွဲကျနေသည့် တက္ကသိုလ်မြို့လေးကို ကျွန်မရောက်ခဲ့ချိန်ထိ အိမ်ထမင်း အိမ်ဟင်း အိမ်နှင့်တူသော အဆောင်အယောင်များကို ကျွန်မ မေ့လျှော့နေခဲ့ပါသည်။

ဖေဖေ့အိမ်က အန်တီကြီးချက်ပြုတ်ကျွေးသော တောမရောက် မြို့မရောက် ဟင်းလျာများ ရန်ကုန်မြို့ပေါ်ရှိ လမ်းဘေးဆိုင်မျိုးစုံမှ ဟင်းလျာများသည်သာ ကျွန်မဘဝနှင့်နီးစပ်ခဲ့ပါသည်။

ကျွန်မအခန်းဖော် ကောင်မလေးချက်ပြုတ်ထားသော ဟင်းလျာများကတော့ အနံ့အသက်ရရုံနှင့် သားရေယိုလောက်အောင် စွဲဆောင်မှုရှိခဲ့ပါသည်။ သူမရဲ့ ထမင်းပွဲ အပြင်အဆင်လေးကလဲ တနေ့တမျိုး မရိုးလောက်သော ဟိုတယ်ကြီးတွေက အပြင်အဆင်မျိုး။
ဒါပေမယ့် လောကကြီးမှာ သမားရိုးကျ အပြင်အဆင် အစားအသောက်များနှင့်သာ ရင်းနှီးကျွမ်းဝင်ခဲ့သော ကျွန်မအတွက်တော့ သိပ်မထူးဆန်းခဲ့ပါ။

တခါတရံမှာ ကိုယ့်ရဲ့ အနေအထိုင်တွေကြောင့် အတူနေ အခန်းဖော်ကောင်မလေးအပေါ် အားနာမိပေမယ့် အရိုးထိအောင်စွဲနေခဲ့တဲ့ ကျွန်မရဲ့ အကျင့်တွေကို မပြင်နိုင်ခဲ့တာမို့ မသိချင်ယောင်ဆောင်နေခဲ့ပါသည်။

လတ်တလောခွဲခွာလာတာမို့ မောင့်ကိုလွမ်းတဲ့စိတ်တွေကို ဖြေဖျောက်ဖို့ ဘီယာနဲ့ စီးကရက်တွေကို အဖော်လုပ်နေရတယ်ဆိုတာကို ကျွန်မ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှလဲ မသိခဲ့ကြပါ။

တခါတရံ ကလပ်မှာ ကခုန်နေချိန်မှာတော့ မောင်နှင့်တကွ သံယောဇဉ်တွယ်အပ်သော ဖေဖေတို့ကိုပင် မေ့လျော့နေခဲ့ပါသည်။

ဒီလိုမီးရောင်စုံတွေအောက်မှာ ဒီလို ဂီတသံစဉ်တွေကြားမှာ ယဉ်ပါးလာခဲ့တာ မောင့်ကြောင့်လို့တော့ ဘယ်တုန်းကမှ အပြစ်မမြင်ရက်ခဲ့ပါ။
ခရီးရောက်မဆိုက် ကျောင်းသတင်းနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းတွေကို လောဘတကြီးနဲ့ စုံစမ်းဖြစ်ခဲ့တာကလည်း မောင့်အတွက်သက်သက်သာ…

တစ်ပတ်တစ်ကြိမ် ဖုန်းခေါ်ဖို့ ကြိုးစားရင်း အချိန်တွေကို အလွယ်တကူ ကုန်လွန်စေချင်တာကလဲ မောင့်ကို လွမ်းလွန်းတဲ့ စိတ် အရာရာဟာ မောင့်အတွက် ဖြစ်နေခဲ့တာ ကျွန်မ မှားနေခဲ့ပါသလားမောင်ရယ်…

ဒီနေ့လည်း မောင့်ကို ဖုန်းဆက်နေကျအချိန် မောင်က ဖုန်းအနားမှာ ရှိမနေတာမို့ နောက်ထပ်စောင့်ရမယ့် ခုနှစ်ရက်စာ အားတင်းဘို့ ဘီယာတချို့နဲ့အတူ အမြည်းတွေ စီစဉ်နေတုန်းမှာ အခန်းဖော် ကောင်မလေးက အနားမှာ ရစ်သီရစ်သီနဲ့ လာစပ်စုနေတာနဲ့ တိုက်ဆိုင်သွားတာမို့ ကောင်မလေးကို ဝမ်းပမ်းတသာ ပြုံးပြ ကြိုဆိုလိုက်မိပါသည်။

ဒီညမှာတော့ ကျွန်မ အဖော်မမဲ့တော့ ဘူးထင်ပါရဲ့မောင်ရယ်…. ရင်ဖွင့်စရာ စကားပြောစရာ အဖော်တစ်ယောက်ရတဲ့ ညတစ်ည…. မောင့်ဆီက ကြားနေကြ အသံတွေ ကြားခွင့်မရတဲ့ ညတစ်ညလဲ ဖြစ်နေသေးရဲ့….

အခန်းဖော် ကောင်မလေးက ကျွန်မရဲ့ စာရေးစားပွဲပေါ်က အာလူးကြော်တွေ ကောက်စားရင်း

“နင်သူ့ကို အဲလောက်တောင်ချစ်ရလားလို့” မေးလာတဲ့ အဖြေကို တက်တက်ကြွကြွနဲ့ ဖြေမိတာက
“ချစ်လွန်းလို့ ငါကိုယ်တိုင် ချစ်ခွင့်ပန်ခဲ့ရတဲ့ တစ်ဦးတည်းသော ချစ်သူလေ မချစ်ပဲနေမလား “ လို့
ဖြေတဲ့အချိန်မှာ ကျွန်မရဲ့ ခေါင်းလေးက တမော့မော့နဲ့လေ….

မောင့်ကို အဲဒီလောက်တောင် ချစ်ခဲ့ရပါတယ် မောင်ရယ်..…..
လောကကြီးမှာ ဖေဖေကလွဲလို့ တစ်ဦးတည်းသော သံယောဇဉ်ဟာ မောင်တစ်ယောက်ပဲရှိခဲ့ပါတယ်…
မောင့်အတွက် ကျွန်မရဲ့ ဘဝတစ်ခု ဖြစ်ခဲ့တယ် မောင့်အတွက် ကျွန်မရဲ့ အချစ်တစ်ခု ရှိခဲ့ဖူးတယ်…..
ကျွန်မ ကံကောင်းချင်ပါသေးတယ်မောင်…

ဆက်ရန်…

16 comments:

ကိုရဲ said...

တစ် တစ် တစ် တစ် တစ် တစ်

kiki said...

အပိုးမကျိုးတဲ့ မိန်းကလေး တဦးနေရာ ကနေ ခံစားပြီး ရေးထား တာ ..အရေးအသား သေသပ်တော့ လည်း နှင်းကိုယ်တိုင်လား လို့ တောင် ထင်မှတ်မှားသွားမိတယ် ။း) ။ လန့် သွားတာပဲ ..
အသွင်မတူ တဲ့  အခန်းဖေါ်လေး အကြောင်း စောင့်မျှော်နေတယ် နှင်းရေ ...

Anonymous said...

ဒါကတော့  narrative နေရာကနေခံစားပြီးရေးသွားတာ
ပေါ့ ....
ကေကေ ကနေ ဂျေဂျေ ဖြစ်တော့ မယ်နော်...
(ကြိုက်နှစ်သက်တဲ့စာရေးဆရာမဂျူး ကိုရည်ညွန်းပါ
သည်.....)

Anonymous said...

သြော်...ဟိုသင်္ဘောကြီးစီးချင်ယင်...
သူ့ ကိုလက်မှတ်ဝယ်ခိုင်းလိုက်လေ...
လက်မှတ်ခက ဒေါ်လာ ၂၁၀၀ ကျော် ( ပေါင် စတာလင် ၁၃၀၀ ) လေးပဲရှိပါတယ်....
ဘယ်သူလည်းတော့ မမေးနဲ့ ကျွန်တော်လည်းမသိဘူး...

emayarKhin said...

အဟင့်..ဇာတ်ရှိန်တက်နေပြီလေ..
မြန်မြန်..နောက်တပိုင်း...

ကိုလူထွေး said...

"အွတ်..."

အဲဒါ ဆက်ရန် ဆိုတာကို မြင်လိုက်တော့ ထွက်လာတဲ့အသံ...

စီးကရက်သောက် ဘီရာသောက် ကလပ်ရောက် ဆိုတော့ ဦးလေးတွေနဲ့ ကြီးပြင်းခဲ့ရတာရဲ့ ရလဒ်လား...

ရွှေရတုမှတ်တမ်း said...

စာရေးကောင်းတဲ့တူမမို့..
ဆက်ရန်မျှော်နေပါသည်

မိုးခါး said...

ဆက်ရန်မျှော်နေပါတယ် ...း))
ဇာတ်သိမ်း ကောင်းမှာလားဟင် .......

ခရေညို said...

ဇာတ်ရှိန်တက်နေပြီ

လင်းကြယ်ဖြူ said...

ဆက်ရန်မျှော်နေပါတယ်....ခင်ဗျာ..
မောင်နဲ့ မ က တော်တော် ချစ်ကြပုံပဲနော..း- )
ဇာတ်လမ်းကတော့ တက်နေပြီ ..အရှိန်တွေ ...
ပျော်ပါစေ ဒေါ်အမာရေ...

Angel Shaper said...

ချစ်မကြီးးးးးးး
ဒီဇာတ်လမ်းကို သိနေတယ်နော်။
ဟုတ်လားးးသမီးသိလားဟင်....
ဆက်ရန်လေးကို အလည်အပတ်လျော့ပီး သမီးမပြန်ခင် ပြီးအောင်ရေးနော်။ ဟဲဟဲ။။
မျှော်နေတယ်။

သားကြီး said...

သြော်....
လက်စသတ်တော့ဒီလိုဒီလို
ကျင်လည်ရာအသိုင်းအဝိုင်းရဲ့စရိုက်တွေက
သူ့ကိုလွှမ်းမိုးသွားတာပေါ့နော်
အဖေဆိုတော့လည်း အမေလိုတော့သမီးကို
ဘယ်လိုသွန်သင်နိုင်ပါ့မလဲ
ကံကောင်းပါစေမိန်းကလေးရေ
အခုတော့ မနှင်းကမိန်းကလေးနေရာကနေ
ဝင်ရေးထားတာပေါ့နော်
ထုံးစံအတိုင်းဆက်ရန်တဲ့....
အင်း..... ဆက်...ဆက်....
မြန်မြန်သာဆက်..... :)

သူကြီးမင်း (တုံးဖလား) said...

မနှင်းကတော့ လုပ်ပြီ။
အခန်းဖော်ကို အပိုင်းပိုင်းနဲ့ပါလား။
ရေးတတ်တယ်။

မြစ်ကျိုးအင်း said...

စာအရေးအသား အင်မတန်ပြေပြစ်တာပဲ

စရိုက်တခုကို ဖော်ပြသွားတာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ဖြစ်သွားရတယ်။ဇာတ်ကောင်ရဲ့ စရိုက်ကို စာဖတ်သူ စိတ်ထဲ စွဲအောင် လုပ်နိင်ပြီးဆိုရင် နောက်ပိုင်း ဇာတ်လမ်းကို ဖတ်ရတာ ချောသွားပြီလေ...။

ဒီနေရာမှာ သူဘာကြောင့်ဒီလိုစကားမျိုးပြောတယ် ဆိုတာ အလိုလို နားလည်ပေးလို့ရသွားတာပေါ့။

ယောကျာင်္းလေးကို ချစ်စကားစပြောတာနဲ့
တအိမ်ထဲ အတူတူ နေတဲ့ (အိပ်ယာပါးပါးလေး နှစ်ခု)ခပ်ရဲရဲ စရိုက်ကို ရေးပြသွားတာ ဂျူးရဲ့ အရေးအသား ကို မြင်ယောင်သွားမိတယ်။

ဆက်ရန်ကို တကယ်စိတ်ဝင်တစားနဲ့ စောင့်နေပါတယ်။

မြစ်ကျိုးအင်း said...

အခန်းဖော် ၁ ကို ပါ ပြန်ဖတ်ဖြစ်တယ်

အားလုံးပြီးသွားရင် တစုထဲ ပြန်တင်ပေးပါအုံး

မြစ်ကျိုးအင်း said...

ဒီလို စာအရေးအသား ပြေပြစ်ကောင်းမွန်သလို

သေသေသပ်သပ်လေး ရေးထားတဲ့ ဘလော့တွေ ပိုပြီးများလာစေချင်ပါတယ်။

My Blog List