ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့တဲ့

တခါတရံမှာ မြန်မာပီသချင်တာမို့ ခေါင်းလျှော်ရမယ့်ရက်ကို တွေးမိတော့ ကိုယ့်မွးနေ့ရယ် သောကြာရယ်ကိုနှုတ်ပြီးရင် ရက်သတ္တတစ်ပတ်မှာ ခေါင်းလျှော်ဖို့ ငါးရက်တိတိကျန်တယ်
ဒီကြားထဲမှာမှ ဗုဒ္ဓဟူးနေ့မှာခေါင်းလျှော်ရင် ၄၅ ရက်တိတိ လာဘ်ပိတ်တယ်ဆိုတော့ တပတ်မှာ ခေါင်းလျှော်လို့ရတာက ၄ ရက်တိတိကျန်နေတယ်…

ရေချိုးခေါင်းလျှော်ခါနီးတိုင်း ရက်လွတ်ရဲ့လားလို့ စဉ်းစားရတဲ့ ဝဋ်ဒုက္ခက မြန်မာ မိန်းကလေးတွေကို တော်တော်လေး နှိပ်စက်ခဲ့ဘူးတယ်ထင်ပါရဲ့..…

တခါတလေ ဆံပင်တွေက စေးကပ်နေပြီ ရက်ကမလွတ်ပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီး ခေါင်းလျှော် အခန့်မသင့်တော့ နှာစေး ချောင်းဆိုး…တုတ်ကွေးမိ..
အစွဲအလန်းကြီးတာ နေရာတိုင်းမှာ မကောင်းဘူးလို့ အသိတရားနဲ့ဆင်ခြင်။
အဲလို ဆင်ခြင်နေတဲ့ကြားက ပြီးခဲ့တဲ့နှစ်လလောက်က ရသင့်ရထိုက်တဲ့ ဘောနပ်စ်မရခဲ့တာ
ဗုဒ္ဓဟူးနေ့မှာ ခေါင်းလျှော်မိလို့များလား လို့ မြန်မာပီပီ အူကြောင်ကြောင် တွေးမိသေး....…

မြန်မာ မဟုတ်တဲ့ သူငယ်ချင်းတွေကတာ့ ခေါင်းကို လျှော်ချင်တဲ့နေ့လျှော် နေ့တိုင်းလျှော် နေ့ရော ညပါ လျှော် …သူတို့ကျတော့လဲ ဘာမှ အစွဲမရှိလေတော့ လုပ်တိုင်းဖြစ်…

နောက်ထပ်သိခွင့်ရတဲ့ ပညတ်ချက်ကလဲ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ခရီးသွားနေရင် ပြန်မလာမချင်း ခေါင်းမလျှော်ရဘူး ဆိုပဲ…ဒါဆို မိသားစုထဲမှာ ခရီးသွားနေတဲ့သူရှိရင် ခေါင်းမလျှော်ပဲ ဘယ်နှစ်ရက်နေရမှာလဲ တပတ်လား ၁၀ ရက်လား ခရီးသွားတဲ့သူက တစ်လလောက်ကြာမယ်ဆိုရင် ကိစ္စက ပြတ်ရော…

ဒါ့ကြောင့်ထင်ပါရဲ့ နောက်ထပ် ထပ်ကွန့်ထားတဲ့ ခေတ်မီမီ ပညတ်လေးက ခရီးသွားနေတဲ့သူ လမ်းခုလတ်မှာရှိနေချိန်လေးပဲ ခေါင်းမလျှော်ရဘူးဆိုပဲ ( ခရီးသွားသူက လေယာဉ်ပေါ်မှာ ကားပေါ်မှာ ရထားပေါ်မှာ သင်္ဘောပေါ်မှာ ရောက်နေတဲ့အချိန်ပေါ့…)

မြန်မာပြည်က မီးနေသည်တွေရဲ့ ဒုက္ခကလဲ မသေးလှပါ မီးမထွက်မချင်း ၇ ရက်တိတိ ရေမချိုးရ ၄၅ ရက်တိတိ ဆပ်ပြာမကိုင်ရ….(တချို့ကျတော့ ၄၅ ရက်တိတိ ခေါင်းမလျှော်ရတဲ့)
ဖျားနာနေရင် ၂ ရက် ၃ ရက်လောက် ရေမချိုးပဲနေရမတဲ့…

မြန်မာလူမျိုးတွေ တကိုယ်ရေ သန့်ရှင်းမှုကို မကြည့်ပဲ ရှေးထုံးအစဉ်အလာကိုပဲကြည့်နေခဲ့တာ ဟိုးပဝေသဏီကတည်းကဆိုပဲ..…

ဒီက မြန်မာလူမျိုးမဟုတ်တဲ့ သူငယ်ချင်းတစ်ယောက် သူ့အတွေ့အကြုံလေးကိုပြောပြတာက မီးဖွားပြီးပြီးချင်း တစ်နာရီအတွင်းမှာ ခေါင်းလျှော် ရေချိုးခဲ့တယ် နေ့တိုင်း ရေချိုးတယ် ဘာမှမဖြစ်ပါဆိုပဲ…..

ပြီးတော့ စီးပွားရေးလုပ်နေတဲ့သူတွေက ဗေဒင်ဆရာရဲ့ အစီအမံအရ နာရေးဖြစ်နေတဲ့ အိမ်တို့ မီးနေသည်အိမ်တို့ လုံးဝ(လုံးဝ) မသွားကြဘူးဆိုပဲ….(သူတို့ အိမ်မှာ နာရေးဖြစ်ခဲ့ရင် ဆွေမျိုးသားချင်းထဲက မီးဖွားခဲ့ရင် ဘယ်လိုလုပ်ကြသလဲတော့ မသိ….)

ကိုယ့်ရဲ့ဦးလေးအရင်းကြီးကလဲ အဲလိုအယူသည်းခဲ့တာဆိုတော့ လူမှုရေး ဖြစ်တဲ့ သာရေးနာရေး မီးနေသည်ကိစ္စ အဒေါ်လုပ်သူကပဲ ရှေ့ဆုံးက ကြွရတယ်လေ……

တင်္နလာနေ့မှာ အရေးကြီးတဲ့ ကိစ္စတွေလုပ်ရင် ၂ခါပြန်လုပ်ရတတ်တယ်ဆိုတာ တခါတလေမှာတော့ တိုက်ဆိုင်မှု အနေနဲ့ သတိပြုမိပါတယ်… အမြဲတော့ မဖြစ်နိုင်ပါ (အမြဲတမ်းမှန်နေမယ်ဆိုရင်တော့ မြန်မာပြည်က အစိုးရရုံးပိတ်ရက်တွေထဲမှာ တင်္နလာနေ့ပါ ပေါင်းထည့်ရမယ် ထင်ပါရဲ့….)

ကိုယ့်ထက် အစွဲအလမ်းကြီးတဲ့ မြန်မာတွေကို နေရာတိုင်းမှာ တွေ့နေရတာမို့ တင်္နလာနေ့ကိစ္စကို တခါတရံမှာ ဆွေးနွေးမိပါတယ်…ဒါပေမယ့် လက်ခံနိုင်လောက်တဲ့ ယုတ္တိရှိတဲ့ အဖြေကိုတော့ မရခဲ့ပါ….

တလောလေးကပဲ အရေးကြီးတဲ့ အလုပ်ကိစ္စအတွက် အဖြေစောင့်နေတုန်းမှာ မိတ်ဆွေတစ်ယောက် ကလေးမွေးတော့ ဆေးရုံမှာသွားကြည့်သင့် မသွားသင့်ဆိုတာကြီးကို တော်တော်စဉ်းစားလိုက်ရတယ် ( မြန်မာ လူမျိုးဆိုတော့လဲ ရှေးစကားတွေကို မသိစိတ်နဲ့ စွဲနေတော့ အစွဲတွေကို ချွတ်ရတာ ခက်တော့ ခက်သား)…

သွားချင်တာကလဲ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာနဲ့ ဖြစ်ချင်ရာဖြစ် ကံပဲဟ ဆိုပြီး ဆေးရုံသွား မီးနေသည်အတွက် ဆေးရုံက ကျွေးတဲ့ ထမင်းကိုကပ်စားပြီး ဆေးရုံမှာ တော်ကီတွေပွားခဲ့တာ မိုချုပ်တဲ့အထိ….

ပြီးလဲပြီးရော အလုပ်ကိစ္စ အတွက် တစ်ပတ်နဲ့ ရမယ့် အဖြေက တစ်ပတ်နဲ့လဲမရ ၁၀ ရက်နဲ့လဲမရ နှစ်ပတ်နေတဲ့အထိလဲ မရတော့ သွားပြန်ပီဟ မြန်မာလူကြီးတွေ ပြောတာ နားမထောင်မိလို့ဆိုပြီး ဝမ်းနည်းပက်လက်နဲ့ နောင်တက အရင်ရမိသေး… …

ဒါပေမယ့်လဲ အဲဒီအစွဲတွေ ကျွတ်ချိန်တန်လို့လားမသိ စောင့်နေမိတဲ့ ကိစ္စက နှစ်ပတ်ကျော်မှ အဆင်ပြေလေတော့ ရှေးသုံးတွေ ရှေးစကားတွေအတွက် တွေးရခက်ကြီး ဖြစ်နေပြန်ပါတယ်….

ငါမြန်မာလူမျိုး ဒါပေမယ့် ငါနေတာ မြန်မာပြည်မဟုတ် ချွတ်သင့်တဲ့ အစွဲလေးလဲ ချွတ်အုံးမှလို့ ကိုယ့်ကိုယ်ကို ဆုံးမလို့ တော်တော်လေး နေသာထိုင်သာ ရှိသွားခဲ့ပါတယ်…

မြန်မာဆန်တာဟာ နေရာတိုင်းမှာ မကောင်းဘူးဆိုတာတော့ နိုင်ငံခြားရောက်မြန်မာတိုင်းက အပြည့်အဝလက်ခံမယ်ထင်ပါရဲ့…..(ဒီနေရာမှာတော့ ရှေးရိုးစွဲ အယူဝါဒတွေကိုသာ ပြောချင်တာပါ အခြားသော လူနေမှုစရိုက်တွေကို ပြောခြင်းမဟုတ်ပါ… အတွေးအခေါ် အယူအဆတွေကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)..

ဗေဒင်နဲ့ ယတြာတွေကိုလဲ မယုံပါလို့ မပြောလိုပါ ကမ္ဘာက လက်ခံထားတဲ့ ယုတ္တိရှိသော လက်ခံသင့်သော နက္ခတ်ဗေဒင် အချို့ကိုတော့ စိတ်ဝင်စားမိပါတယ်…. ယတြာပိုင်းမှာလဲ နည်းပညာအရ လက်မခံနိုင်လောက်အောင် အစွမ်းထက်တာတွေ မြင်ဖူးနေခဲ့တော့လဲ အပြည့်အဝမဟုတ်တောင် မယုံပါလို့ တထစ်ချ မပြောလိုပါ…
ကိုယ်တိုင်ကတော့ ယခုချိန်ထိ လုံးဝ( လုံးဝ) ယတြာမချေခဲ့ဘူးပါ။။

ဗေဒင်တော့ ၂ ခါလောက် တွက်ဖူးတယ်ထင်ပါရဲ့… ( တစ်ခါကတော့ တော်တော် မှန်တဲ့ဗေဒင်ကိုတွေ့ခဲ့ဘူးတယ်… နာမည်ကျော် ဗေဒင်ဆရာမဟုတ်သော တက္ကသိုလ်ကျောင်းသူ သူငယ်ချင်းတစ်ယောက်က လမ်းကြုံလို့ ဟောပေးခဲ့တာပါ…းးး)))))

ဈေးသုံးမလွယ်နဲ့ဆိုတာကတော့ တော်တော်လေး မှန်တာမို့ အပြည့်အဝ လက်ခံကျင့်သုံးပါတယ်….
ဈေးသုံးလွယ်ရင် မွဲမှာ သေချာတယ်လေ….

ရှေးထုံးကတော့ ခေတ် ကာလ ဒေသ ပရောဂကိုလိုက်လို့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ဖြစ်ပါတယ်…အရင်ကထက်တော့ အစွဲတွေ လျှော့သွားသလိုလိုပါပဲ…..

အခြားအခြားသော ရိုးရာ အစွဲများနှင့် တိုက်ဆိုင်မှုများလဲ ရှိပါသေးသည်… တိုက်ဆိုင်မှုရှိခဲ့ရင် ရေးမိမယ်ထင်ပါသည်…
ဒီပို့စ်လေးနဲ့ပက်သက်လို့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သလို လွတ်လပ်စွာ ထင်မြင်ယူဆစေချင်ပါသည်….

20 comments:

Angel Shaper said...

တစ်

Angel Shaper said...

နှစ်

Angel Shaper said...

သုံး

Angel Shaper said...

လေး

Angel Shaper said...

ငါးးးးးးး ဟိဟိ နေရာလာဦးတာ။ တွားစရာရှိလို့။ ပြန်လာမှ ဖတ်မယ်နော်။
အာဘွားးးးးးးးးးး

မိုးစက်အိမ် said...

မနှင်းရှင်းပြတာကောင်းပါတယ် ဘာဖြစ်ဖြစ်ပေါ့
နော် ရောမရောက် ရောမလို ကျင့်တာအပြစ်မရှိပါဘူး
အဓိက ကတော့ ကိုယ့်စိတ်ဓာတ်နဲ့  ခံယူချက်ယဉ်ကျေးမှု အစဉ်အလာဒါတွေမမေ့အောင် ပြောင်းလဲမသွားအောင်သာဂရုစိုက်ရမှာပါ အဲဒါအရေး
အကြီးဆုံးပါဘဲ :)

kiki said...

ဥပဒါန်ကြောင့် ဥပဒ်ရောက် တတ်တယ်တဲ့။
ကာလ ဒေသ အလျှောက် ပြောင်းလဲ သင့်တာတွေလည်း ပြောင်းလဲ လက်ခံကျင့်သုံးကြရမယ်ထင်ပါတယ် မနှင်းရေ .. နော် ...
ခုခေတ်မှာ ဈေးသုံးလွယ်ကြတာ ၊ နိုင်ဂံဂျား ကြီးတွေထိအောင် ဈေးသုံးနိုင်ကြသူ များဟာ ဘဘကြီးတွေရဲ့ ဆွေမျိုးများသာ ဖြစ်ကြတဲ့ အတွက် ဒီ ရှေးထုံးကြီးကိုတော့ (လုံးဝ) မပါယ်သင့် ပါဘူး ..း)) ။
အွန်မလေး ခေါင်းနေ့တိုင်းမလျှော်ရရင် အကျွန်ုပ်တော့ သေဘွယ်ရာ သာ ရှိပါတော့သည် ။ ဒါလေးတခုတော့ ခွင့်ပြု စေချင်ပါတယ် ....

သူကြီးမင်း (တုံးဖလား) said...

မနှင်းက တယ်လဲ ဥပါဒါန်အစွဲ ရှိသကိုး။
ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တဲ့။ ဘာမှထည့်တွက်မနေနဲ့။
ရတနာသုံးပါးဆောက်တည်ပြီး သီလမြဲရင် ဘယ်အချိန်ဘာလုပ်လုပ် ဘာမှမဖြစ်ဘူး။ စိတ်ထင့်မနေနဲ့။ ထင့်နေရင် အလုပ်လုပ်တာ စိတ်မမှန်တော့ဘူး။ စိတ်မမှန်ရင် အလုပ်မဖြောင့်တော့ဘူး။ အလုပ်မဖြောင့်တော့ တစ်လွဲလုပ်။ ပြဿနာဖြစ်။
ပြီးတော့ ငါခေါင်းလျော်မိခဲ့လို့.. ငါ ဘာလုပ်ခဲ့မိလို့. ဘာညာ သာရကာပေါ့။

ခက်ပါ့ ခက်ပါ့။ အမှန်ဆို အဲဒါတွေက မြန်မာ့ယဉ်ကျေးမှုမဟုတ်ဘူး။ အိန္ဒိယကလာတဲ့ ကုလားယဉ်ကျေးမှုတွေ။

မနှင်းရေ.. ဘာမှမပူနဲ့။ စိတ်အိုက်လာရင် ခေါင်းလျော် ရေချိုးဖို့ ရက်ရွေးနေစရာမလိုဘူး။
ကျနော်လဲ ဘယ်တော့မှ မရွေးခဲ့ဖူးဘူး။ ဒါပေမဲ့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ဘဲ ခင်မျ။

ပျော်ရွှင်နိုင်ပါစေ။

လင်းကြယ်ဖြူ said...

အစွဲအလန်းမကြီးတာ ကောင်းပါတယ်...
လွတ်လပ် သန့်ရှင်းသောစိတ်ဟာ အကောင်းဆုံးပါပဲ..
အကြောင်းအကျိုးဆိုတာ ရှိကြစမြဲပါ...
ပျော်ပါစေ...

သားကြီး said...

ကျနော်လည်းခုထိယတြာမချေဖူးဘူး
ဗေဒင်တောင်မှတစ်ခါလားပဲ အမေအတင်းတိုက်တွန်းလို့ဝင်မေးဖူးတယ်
မျှော်လင့်ထားတဲ့အတိုင်းတလွဲတွေပါပဲ
ဒီလိုပြောလို့ ဗေဒင်ကိုထိခိုက်စေလိုလို့မဟုတ်ပါဘူး
တကယ့်ဆရာတွေပညာရှင်တွေတော့ရှိမှာပေါ့
ဒါပေမယ့်ရှားသွားပြီလေ
ဘာပဲဖြစ်ဖြစ်အစွန်းမရောက်တာကောင်းပါတယ် ယုံတာတော့ယုံပေါ့လေ အစွဲတွေကလည်းအတော်ခက်သားကလား

မြတ်နိုး said...

ဟားဟားး

မနှင်း..အစွဲချွတ်ပါ.. ကျနော်..ဗေဒင်ပညာကိုလေ့လာတော့ ခေါင်းလျှော်တဲ့ အဲ့အစွဲ တွေပျက်သွားတယ်။

ကိုယ့်မွေးနေ့ရဲ့ အညွန့်နေ့မှာပဲ မလျှော်တာ..။ ဥပမာ..
မနှင်းက စနေဆိုပါစို့..တနင်္ဂနွေနေ့ မှာ မလျှော်ရင် ရပီ..။ ကျန်တာလျှော်တယ်..။ ငယ်ငယ်ကတော့ ခပ်ကြောင်၂တွေးတယ်..။နောက်ကျတော့..ဘာမှလဲ ဟုတ်တာမဟုတ်ပဲနဲ့.. အယူသည်းတာ..။

တနလာၤကေတာ့ ၂ခါလုပ္ရတယ္တဲ့..။ သေချာတော့ သတိမထားမိပေမဲ့ ၂ခါ မလုပ်ချင်လို့ ရှောင်ပါတယ်။

ဟုတ်ပ မနှင်းရာ.. အိမ်မှာနေတုန်းက ခရီးသွားသူရှိရင် ခေါင်းမလျှော်ရဘူးဆိုလို့ ..၁ ရက်ခြား၁ခါ လျှော်တတ်တဲ့ ကိုယ်က ပြသနာရှာတာ..။

အယူသည်းတာ မကောင်းပါ။ ဥပါဒန်ကြောင့် ဥပါဒ်ရောက်တာပါ..

ရွှေရတုမှတ်တမ်း said...

သိတ်တဖက်စွန်းရောက်တဲ့ အကြောင်းအရာမျိုးကို..
သိတ်လက်မခံချင်ပေမဲ့..တချို့ဟာတွေကြ ရှေးထုံးကို မပယ်သင့်ဘူး...

Angel Shaper said...

ချစ်မကြီးးးးးးးးး
ချစ်ညီမလေးကတော့လေ နေ့တိုင်းခေါင်းလျှော်တယ် ဟိဟိ.... ဆံပင်တိုတိုလေးပဲ။ အေးဆေးးး ဘာမှ ဖြစ်ဘူး ဟုတ်တယ်မလားးးးးးး
အစွဲမရှိပေမယ့် တနလာင်္နေ့ဆို ၂ခါလုပ်ရတာ လက်တွေ့နော်။ မနေ့က ရုံးသွားကြတာ ဒီနေ့ မနက်ပြန်လာရတယ်လေ။ ဟုတ်တယ်မလားးးးးး ဟိဟိ
အစွဲအလန်းမထားနဲ့ သူ့ဟာသူဖြစ်ချင်တာဖြစ်ကြသလို လုပ်ချင်ရာလုပ်ကြမယ်လေနော့်။
ပျော်ပျော်နေ သေခဲ၊ မော်တော်တွေရေထဲ၊ သူလေ တော်တော်ကဲ။ ဟိဟိ
ပျော်ရွှင်ပါစေ။

ခရေညို said...

ဟုတ်တယ် နှင်းရေ နိုင်ငံခြားမှာ တော့ အစွဲအလမ်းမထားသင့်ဘူး။ ဆိုကြပါစို့ ဒီနေ့က ခေါင်းလျှော်ရမည့်နေ့ ဒါပေမဲ့
အချိန်ပိုဆင်းနေရလို့ အလုပ်မအားလို့ စသည်ဖြင့် ပေါ့ အိမ်ရောက်တော့ ၁၀ ကျော် ၁၁ နာရီထိုးနေပြီ လူကလည်း ပင်ပန်း
လှပြီ အဲဒီလိုဆို မနက်ဖြန်ကျမှ လျှော်ရတော့မှာလေ၊ ကဲမနက် ဖြန်ကလည်း ကိုယ့်မွေးနေ့ ဘယ်လိုလုပ်မလဲ?
အလယ်အလက် လမ်းစဉ်ပဲကောင်းပါတယ် နှင်းရယ်။ အမလည်းအဲဒီလို အစွဲအလမ်း ကြောင့် တော်တော်လေးကို
အလုပ်ရှုပ်ခဲ့ဖူးလို့။

မြစ်ကျိုးအင်း said...

ရှေးလူကြီးတွေရဲ့ စာတွေစကားတွေနဲ့ ကြီးပြင်းလာတဲ့ သူတယောက်အနေနဲ့ ခေတ်ကာလနဲ့ ရှေးထုံးတွေ ကြားမှာ အလိုက်သင့်နေနိင်ဘို့ ခက်ခဲမယ်ဆိုတာ တွေးမိပါတယ်။

ဒီကိစ္စက အားလုံး အမြင်ကိုယ်စီ ရှိလို့ တူညီ ဘို့တော့
မလွယ်ဘူး

အဲဒီတော့ ပြင်ပကိစ္စက ပိုအရေးကြီးရင် ကျန်တာတွေ မေ့ထား ပြီး ၊ဘာမှ ထူးထူးခြားခြား မရှိရင် ရှေးထုံးကို နာယူလိုက်ပေါ့ ဥပမာ ဒီနေ့ခေါင်းလျှော်ရင် မကောင်းဘူး
ဆိုပါတော့ ဒီနေ့မလျှော်လည်း ဘာမှ ထွေထွေထူးထူး မဖြစ်ဘူးဆို နောက်နေ့မှ လျှော်ပေါ့ မဖြစ်မနေလျှော်ရ မယ်ဆိုလည်း လျှော်သာလျှော်ပစ်

ဒါက ရှေးထုံးကို ယုံကြည်တယ် မယုံကြည်ဘူး ဆိုတာထက် ကိုယ့်စိတ်နဲ့ ကိုယ်ကို အလိုက်သင့်လေး ဖြစ်စေချင်တာပါ။

ကျနော်တို့ကျောင်းသားဘ၀က ရယ်စရာလေး ပြောပြမယ် သူငယ်ချင်းတွေ စုပြီး ဖဲ ရိုက်တဲ့အခါတိုင်း သတိထားနေတယ် ဥပမာ ငုတ်တုတ်ထိုင်ပြီး ရိုက်လို့ ဖဲနိင်နေရင် ကျနော်တို့ အဲဒီ ပုံစံအတိုင်း မလှုပ်ဘဲ ရိုက် ကြတာ ။ဖဲချပ်တွေကို ၃ ခါ နမ်းလို့ အပွင့်တွေ ကောင်းတယ်ဆိုရင် အလှည့်တိုင်း ၃ ခါ နမ်းကြရော။
အဲဒီလိုတွေ အများကြီးပေါ့

ဒါက ရှေးထုံးဆိုတာထက် အယူ လို့ပဲပြောရမယ်

တကယ်တော့ ရှေးထုံးနဲ့ အယူက အတူတူပဲ ထင်ပါတယ်

Anonymous said...

ဆရာ/ ဆရာမတွေရေးတဲ့ ကွန်မန့် တွေဖတ်ပြီးဗဟုသုတ
ပိုတိုးသွားတယ်ဗျာ...
ကိုယ်ရောက်နေရှိနေထိုင်တဲ့ အရပ်ဒေသရဲ့ ရာသီဥတု
နဲ့ ပတ်ဝန်းကျင်အခြေအနေကိုလည်းထည့် တွက်သင့် 
တယ်လို့ ထင်မိပါကြောင်း...

emayarKhin said...

ဟုတ်တယ်နှင်းရေ..မြန်မာဆန်တာ
လျှော့ကိုလျှော့ရမှဖြစ်မှာ..ဟဲဟဲ...

မိုးခါး said...

ဟုတ်တယ် မနှင်းရေ
တခါတလေတော့လည်းတိုက်ဆိုင်တာတွေရှိတာပေါ့
ဒါပေမယ့် စိတ်ထဲသိပ်မစွဲထားတော့ သိပ်တော့ ပြသနာမရှိဘူး :D
ဗုဒ္ဓဟူးနေ့တော့ ခေါင်းလျှော်ဖို့ ရှောင်တတ်တယ် .. :P မနေနိုင်ရင်တော့ လျှော်လိုက်တာပဲ ..
ဗေဒင်တော့ စိတ်ဝင်စားတယ်
ယတြာတော့ မချေဘူး .. မကောင်းတာသိပြီဆို ကြုံရင်ရှောင်နိုင်ဖို့ သတိထားရုံပဲလို့ လက်ခံထားလိုက်တယ် ..း))
ဈေးသုံးက လွယ်နေလို့လေး(( (ပြင်ရမယ် ..း(()

Unknown said...

ကျွန်တော်တော့တော်တော်များများကိုအယူမရှိပါဘူး မနှင်းရေ ဒါပေမယ့်မှန်တဲ့ဟာတွေတော့မှန်သားနော်... ဒါကြောင့်ဒီစကားပုံရှိနေတာဖြစ်မယ်

ကိုယ်ဝန်ဆောင်တွေမွေးဖွားပြီးရင်သန့်သန့်ရှင်းရှင်းနေဖို့၊ ရေချိုးခေါင်းလျှော်လို့ရတယ် ဘာညာပေါ့ ဆေးရုံတွေမှာသေသေချာချာတော့ Health Education တွေပေးလိုက်တာပဲ ခက်တာက ရှေးအယူတွေစွဲနေကြတာကြောင့် တချို့ဆိုမဖြစ်သင့်တာတွေဖြစ်ကုန်ကြရတယ် ပိုးတွေဝင်ပြီးတော့ပိုခံစားကြရတာတွေမနည်းဘူးနော်.....ခင်မင်လေးစားလျက်..... Honour

Beauty Studio USA Branded Store said...

မနှင်းရေ စာအကျွေးတွေ လာဖတ်ရင်း ဒီလိုအကြောင်းအရာလေး မနှင်းပြောထားတော့ ဟုတ်တယ်ဗျာ။ ရန်ကုန်က ကျွန်တော်အဖွားတွေဆို ဟိုဟာမလုပ်နဲ့ ဘာဖြစ်တယ်။ဒီဟာမလုပ်နဲ့ ဘာဖြစ်တယ်နဲ့ အစစအရာရာ မြန်မာအယူအဆတွေ ချည်းပဲမို့ သူတိုနဲ့ နေရင်တောင်မှ သတိလေးနဲ့ နေရတယ်။ လိုက်နာတာမနာတာထက် ဖြစ်လေ့ဖြစ်ထလေးတွေ ရှိတာမို့ကြောင့်ပါ။

My Blog List