ကျားသား မိုးကြိုး ကမ္ဘာကြီး ပျက်တော့မယ်ဆိုပါလား...

တကယ်လို့များ ကမ္ဘာကြီးပျက်ခဲ့မယ် ဆိုရင်ပေါ့ ( မပျက်ဘူးဆိုတာကိုတော့ ၁၀၀ % ယုံကြည်နေပါတယ်)

ဒီကိစ္စက ခုတလော လူပြောများနေတဲ့ကိစ္စလေးလေ... ကိုယ်လဲခေတ်မီအောင်လို့ ခဏလောက်တော့ ကမ္ဘာပျက်ကြည့်မယ်နော်... ( ကိုအောင်သာငယ် က တက်ဂ်ထားတယ်ဆိုတော့လဲ စိတ်ကူးယဉ်ကြည့်တာပေါ့)

တကယ်မှာတော့ ကမ္ဘာကြီးပျက်မယ့်အရေးကို တွေးပြီရင်းပူနေမိတာ အမှန်ပါ။ ဒါပေမယ့် ကမ္ဘာ မပျက်ခင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်သေဆုံးခဲ့ရင်တော့ ကမ္ဘာပျက်တာကိုတောင် မြင်ခွင့်သိခွင့်ရမှာ မဟုတ်ပါဘူး… ကွေးသောလက် မဆန့်ခင် ဆိုတာလေးကို အမြဲစဉ်းစားနေမိတယ်။ အတွေ့အကြုံတစ်ခုအနေနဲ့ ကမ္ဘာပျက်တာကို မြင်ခွင့်ရမယ်ဆိုရင် ကိုယ်ဟာ ကုသိုလ်ထူးလို့ပေါ့။

၁။ဘယ်သူတွေနဲ့ရှိနေချင်ပါလိမ့်..
မိသားစုနဲ့ပေါ့ အထူးသဖြင့်တူလေးတွေအနားမှာ ရှိနေချင်တယ်..ဘာမှနားမလည်သေးတဲ့ ကလေးတွေ ကြောက်နေမှာစိုးတယ် ကလေးတွေကို မကြောက်အောင် အာရုံပြောင်းထားမယ်…
နောက်ဆုံးအချိန်ထိ ကလေးတွေနဲ့ ဆော့နေမယ်… မိဘတွေကို အားပေးနေမယ် အာရုံပြောင်းပေးဖို့ကြိုးစားမယ်…..

ကိုယ့်ကမ္ဘာမှာ ပထမက မိဘ ဒုတိယက သြချစ်ဘုန်းမိုရ်( အချစ်ဆုံးတူလေး)ပါ အဲဒီအတွက် သူငယ်ချင်းတွေက ကိုယ့်ကို မကြာခဏ စကားနာထိုးတတ်ကြတယ်… သားသြချစ်ကို အရမ်းချစ်လွန်းလို့တဲ့…
တတိယနေရာမှာတော့ လူတစ်ယောက်ရှိမယ်ထင်တယ်… (တတိယ တစ်ယောက်ကတော့ ကမ္ဘာပျက်မယ့်နေ့မှာ ကိုယ့်အနားမှာ နေချင်တဲ့ ဆန္ဒရှိမရှိ မသေချာသေးတာမို့ မေးကြည့်ရအုံးမယ်..)

၂။ဘာတွေခံစားနေရမလဲမသိဘူးနော်..
မိသားစုတွေ စုစုစည်းစည်းရှိနေမယ်ဆိုရင်တော့ နောက်ဆုံးအချိန်ထိ မိသားစုရဲ့ မေတ္တာ သံယောဇဉ်တွေကို ခံစားပြီး ပျော်ရွှင်နေမိမှာပါ။

မိသားစုဆိုတာက စိတ်နဲ့ စိတ်ဓါတ်တွေ ပေါင်းစုထားတဲ့နေရာလေ အဲဒီစိတ်ဓါတ်တွေကပဲ ကောင်းမွေ ဆိုးမွေတွေကို ခံစားပြီး နောက်ဆုံးအချိန်ထိ နားလည်မှုတွေနဲ့ ရင်ဆိုင်နိုင်တဲ့ သတ္တိကိုပေးမှာပါ။

သေရမှာမကြောက်သလို ဆုံးရှုံးမှုတွေအတွက်လဲ ဝမ်းနည်းနေမှာမဟုတ်ပါဘူး… လူတစ်ယောက်ဖြစ်နေတဲ့အတွက် နောက်ဆုံးနေ့ကို ရင်ဆိုင်ရမှာ ဓမ္မတာပါ အဲဒီအတွက် နောင်တတွေ ကြောက်စိတ်တွေ မရှိလောက်ပါဘူး။

၃။ပြင်ဆင်ထားချင်တာတွေကဒါလေးတွေပေါ့
အချိန်မီ မိသားစုဆီပြန်နိုင်ဖို့ လေယာဉ်လက်မှတ်တစ်စောင်
အဲဒီနေ့အတွက် ချစ်တဲ့ တူကလေးတွေအတွက် ချောကလက်တချို့ အိုဗာတင်း နဲ့ ကစားစရာတွေ မိဘတွေအတွက် ကော်ဖီတွေ…. မောင်နှမတွေအတွက် အအေးပုလင်းတွေ..

ပြီးတော့မိသားစုတစ်စုလုံးအတွက် လုံလောက်မယ့် အိပ်ဆေးတွေ (ဘယ်တော့မှ ပြန်မနိုးမယ့် အိပ်ဆေးတွေပေါ့)
ကမ္ဘာပေါ်က နောက်ဆုံးသတင်းတွေရဖို့အတွက် ရေဒီယိုတစ်လုံး ဒါမှမဟုတ် အင်တာနက်လိုင်းတစ်ခု....

ဒါမှ နောက်ဆုံးအချိန်ဆိုတာ သေချာပီဆိုရင် ကလေးတွေကို အိုဗာတင်းထဲမှာ အိပ်ဆေးထည့်တိုက် မိဘတွေကိုက အိပ်ဆေးတွေပါတဲ့ကော်ဖီ မောင်နှမတွေအတွက်လဲ အအေးပေါ့…..

သူတို့ကို ကြောက်ရွံ့ထိတ်လန့်ခြင်း ဝမ်းနည်းခြင်း ပူဆွေးသောကတွေမခံစားစေပဲ အသက်သာဆုံးနည်းနဲ့ လောကကြီးက ထွက်ခွာသွားစေချင်တဲ့ ဆန္ဒရှိပါတယ်…..
ကိုယ်တိုင်ကတော့ သူတို့အားလုံး မရှိတော့ဘူးဆိုတာသေချာမှ အဲဒီအိပ်ဆေးသောက်မယ်လို့ စဉ်းစားထားပါတယ် မိသားစုကို စိတ်မချဘူးလေ… ( မကိဆီမှာ ဆေးကြိုမှာထားရမယ်ထင်ပါရဲ့)

၎။ဝမ်းနည်းမိမှာလားဆိုတော့
ဝမ်းနည်းစရာတွေ မရှိစေဘို့ တင်နေတဲ့ မေတ္တာကြွေးတွေ သံယောဇဉ်ကြွေးတွေကို အခုကတည်းက ဆပ်ဖို့ကြိုးစားနေပါတယ်။ ကိုယ့်ကိုချစ်သော ကိုယ်ကချစ်သော လူသားအားလုံးအပေါ်မှာ အကောင်းဆုံးအရာတွေ ပေးထားခဲ့မှာပါ…
မေတ္တာငတ်နေတဲ့သူတွေကို မေတ္တာပေးခဲ့မယ် စိတ်ဓါတ်ခွန်အားလိုနေတဲ့သူတွေကို ခွန်အားဖြည့်ပေးခဲ့မယ်….

နောင်တနဲ့အတူ ဝမ်းနည်းနေရမယ့် အဖြစ်တွေက ဝေးအောင် အခုကတည်းက အကြွေးတွေ ဆပ်နေပါတယ်….
ဒီတော့ အဲဒီအချိန်မှာ ဝမ်းနည်းမိမှာ မဟုတ်ပါဘူး… သေချာပါတယ်……
(အခုတော့ သံယောဇဉ်ရပ်ဝန်းတစ်ခုကို သတိရနေမိတာမို့ သံယောဇဉ်ရပ်ဝန်းက လူတစ်ချို့ကို ရှာဖွေနေပါတယ် … ခက်တာက သူတို့က Face Book မှာလဲမရှိဘူး G-talk မှာလဲ မရှိကြဘူး အွန်လိုင်းကို လုံးဝမသုံးတဲ့လူတချို့ပေါ့)

၅။ကြောက်လန့်မိမယ်ထင်ပါသလား..
အင်း နောက်ဆုံးအချိန်အတွက် ကိုယ်လိုချင်တဲ့ အရာတွေရှိနေမယ်ဆိုရင် ကြောက်စရာမရှိလောက်ဘူးထင်ပါရဲ့…

၆။ကိုယ်နဲ့အတူ..ဆောင်ထားချင်တာ…ရှိနေချင်တာက..
လောကဓံကို သတ္တရှိရှိ ခံနိုင်မယ့် စိတ်ခွန်အား..( လူတစ်ချို့က အဲလိုအဖြစ်မျိုးနဲ့ ရင်ဆိုင် ကြုံတွေ့တဲ့အချိန်တွေမှာ သွေးပျက်သွားတတ်ကြတယ်လို့ ကြားဘူးထားလို့ပါ။ ကိုယ်ကိုယ်တိုင်လဲ ခံနိုင်ရည် အဆင့် ဘယ်လောက်အထိရှိမလဲ ဆိုတာ မှန်းဆလို့မရနိုင်ပါဘူး…)
ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့စကားပုံအတိုင်း သားကောင်တွေချနင်းရဲဖို့ထက် ကိုယ်ကိုယ်တိုင် သားကောင်အဖြစ် အနင်းခံနိုင်ဖို့လဲ ခွန်အားအချို့ ရှိနေချင်ပါတယ်။

၇။ဘာတွေရေးမိမလဲမသိဘူးနော်..
အဲဒီအချိန်မှာတော့ ကဗျာတွေစာတွေထက် တူလေးတွေ ကို အာရုံပြောင်းပေးဖို့ ပုံတွေဆွဲပြနေချင်တယ်… ကလေးတွေအတွက် ဝလုံးတွေ ကူရေးပေးဖြစ်မယ်ထင်တယ်…..

ဂ။ဘာတွေများတွေးနေမိမလဲ
ကလေးတွေနဲ့ အလုပ်ရှုပ်နေခဲ့ရင်တော့ တောင်တာင်အီအီ တွေးနေဖို့ အချိန်မရလောက်ဘူးထင်ပါရဲ့။

၉။ဒီလိုအချိန်မှာ ဒီလို ဂုဏ်ယူချင်သေးတယ်
မိသားစုအတွက် ကိုယ့်ဘဝတစ်ခု ဖြစ်တည်ခဲ့ဘူးတယ်။
မိဘတွေအတွက် သိတတ်တဲ့ သမီးကောင်းတစ်ယောက် ဖြစ်ခဲ့တယ်…
မောင်နှမတွေအတွက် လိမ္မာတဲ့ ညီမတစ်ယောက် အဖြစ် ရှိခဲ့ဘူးတယ်.. သူငယ်ချင်းမိတ်ဆွေတွေအားလုံးအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့ဘူးတယ်…..
ချစ်ခဲ့ဘူးတဲ့ လူတစ်ယောက်အတွက် ( တစ်ယောက်ထက်လဲ ပိုနိုင်ပါတယ်) တာဝန်ကျေတဲ့ လက်တွဲဖော်ဖြစ်ခဲ့ဘူးတယ်…
တူလေးတွေအတွက် သံယောဇဉ်ကြီးလွန်းတဲ့ အန်တီလေးတစ်ယောက် ဖြစ်ခဲ့ဘူးတယ် ..
ကိုယ့်ကို မုန်းတီးခဲ့တဲ့လူတွေအတွက်တော့ အမှတ်ရစရာ လူတစ်ယောက် ဖြစ်ခဲ့ဘူးတယ်..(လူချစ်ခံရတာ မဆန်းသလိုပဲလူမုန်းခံရတာလဲသိပ်မဆန်းပါဘူး)

၁၀။ ရှာကြံပြီးဖြေသိမ့်လိုက်ပါ့မယ်
အင်း…. လူပီသတဲ့လူတစ်ယောက် ဖြစ်ခဲ့တယ် ထင်ပါရဲ့……

(ကိုယ်နဲ့အတူ မြန်မာပြည်က သန်းပေါင်း ၆၀သော ပြည်သူတွေကို မျက်စိတွေနားတွေ ပိတ်ထားခဲ့တဲ့ အန်ကယ်ကြီးတွေလဲ သေတာပဲလေ… ခုချိန်မှာတော့ အာဏာတွေ ပါဝါတွေက ဒဏ္ဏာရီ ပုံပြင်လိုပါပဲလား…..)

အိုဘာမားနဲ့အတူ ဘဲလီဇဘက်ဘုရင်မကြီးနဲ့အတူ လေးစားအားကျရတဲ့ ဆရာမဂျူးနဲ့အတူတူ ဟောလီးဝုဒ် စတားတွေနဲ့အတူ တစ်ရက်တည်းသေခွင့်ရတာ နည်းတဲ့ကုသိုလ်လား…းးး))))

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
ကမ္ဘာဦးအစကိုမကြုံဘူးပေမယ့်ကမ္ဘာပျက်တာကိုတော့ကြုံဘူးတယ်….
နောက်ဆုံးကမ္ဘာက ကံထူးသူ သန်းပေါင်းခြောက်ထောင်မှာ ငါလဲ တစ်ယောက် အပါအဝင်ပေါ့……..
(ကြုံတောင့်ကြုံခဲ ဒီလိုအဖြစ်အပျက်တွေကို မျက်ဝါးထင်ထင်ကြုံတွေ့ရတာ ကုသိုလ်ထူးလွန်းလို့နော်…)

၁၂။ မှာချင်တဲ့မှာတမ်း…
တကယ်လို့များ ကိုယ်တို့အိပ်မောကျနေချိန်မှာ ကမ္ဘာမပျက်တော့ဘူး ( ဆူနာမီနဲ့မှားတာပါ..)ဆိုရင် ကိုယ့်ကို ပြန်နှိုးဖို့ မမေ့ကြပါနဲ့… ( မကိနဲ့တကွ ဘလော့မိတ်ဆွေများအားလုံးကို မှာချင်ပါတယ်)….
တခါတလေမှာ ကိုယ်တွေရထားတဲ့ သတင်းတွေက မှားတတ်တယ်လေ မြန်မာ့အသံလို တော့ မလုပ်နဲ့နော်…
ကမ္ဘာလောကကြီးက ဆန်းကြယ်တယ်လေ တခါတလေ ဘာမှမဟုတ်ပဲနဲ့ အံ့သြထိတ်လန့်စရာ အတွေ့အကြုံတွေကို ပေးတာကိုး...

ဒီတစ်ခါ အလှည့်ကျ တက်ဂ်ရမယ့်သူတွေကတော့

ဘလော့ဂါအသစ်စက်စက်လေး အညတြ
Singapore ITB ပွဲမှာ အလုပ်တွေရှုပ်နေတဲ့ ညီညီ(ပြည်)
အခန်းဖော်အကြာင်း တိတ်တိတ်လေးလာမေးနေတဲ့ ကိုရဲ
On the Way ရန်ကုန်- ဒူဘိုင်းလေယာဉ်ပေါ်မှာ ငိုက်နေတဲ့ လတ်လတ်ဇော်
အွန်လိုင်းမှာနော်ခမ်းကိုမျှော်နေတဲ့ မငုံ
သမီးကြီး အိန်ဂျယ် ကတော့ နှစ်ထပ်ကွန်း တက်ဂ်ခံရခြင်းပေါ့
ဂျပန်ပြည်က မိုမိဂျိ
ငြိမ်ချက်သားကောင်းနေတဲ့ ဇီဇဝါ
မမသီရိ
အပျင်းထူနေတဲ့ သမီးပျို
အသံတိတ်နေတဲ့ မယ်မဒီ
ချစ်သော အမရာ
အမရာရဲ့ အိုင်လွယ်ပန်
အကြာကြီးပျောက်နေတဲ့ ကိုသားကြီး
စာကျက်ချင်ယောင်ဆောင်နေတဲ့ ကိုကိုမောင်
ခုတလော ပေါ်မလာတဲ့ မိုးစက်အိမ်
ဓါးသွေးနေတဲ့ ကိုနေစိုးနိုင်
ဇာတ်ပွဲကန်ထရိုက်ကြီး ကိုမြစ်ကျိုးအင်း
တစ်နေ့တစ်ပုဒ် မရိုးရအောင် ပုံမှန်ရေးနေတဲ့ ကိုပီတာ
ခေတ္တရန်ကုန်ရောက် ကိုချမ်း
ကွန်ပျူတာဆေးရုံတင်ထားတယ်ဆိုတဲ့ ကိုကြယ်(လင်းကြယ်ဖြူ)
ကိုယုယ
မတက်ဂ်စဖူး တက်ရမယ့်ဘလော့ဂါက ကိုဖိုးစိန်

ဒေါက်တာလေး သက်တန့်ချို
ကော့သောင်းသားလေး
ဘလော့ဂါမဟုတ်တဲ့ အကိုတော် ဘရိုင်ရန်ဘုန်းနိုင် (သူက ဒီကိစ္စကို အသည်းအသန် စိတ်ဝင်စားနေတာ)

အဲတော့ ( ၂၆) ယောက်တိတိ အချိန်ရမယ်ဆိုရင် ချစ်တယ် ခင်တယ်ဆိုရင် ရေးပေးစေချင်ပါသေးတယ်...

20 comments:

သူကြီးမင်း (တုံးဖလား) said...

ဒုက်ခ ဒုက်ခ။
မနှင်းတစ်ယောက် ကမ္ဘာပျက်မဲ့အရေး တဂ်ကြွေးတွေ ပေးနေပါလား။
အရိမေတ္တေယျဘုရား မပွင့်မချင်းတော့ ကမ္ဘာပျက်မယ်မထင်ပေါင်ဗျာ။
သို့သော်ငြားလည်း ဆရာစံဇာဏီဘို ကိုယ်တိုင်က ဖြစ်နိုင်လောက်တယ်ဆိုတော့ ခက်တော့ ခက်သား။

မပျက်ပါနဲ့ဦးကမ္ဘာရယ်။ ကျနော်က လူပျိုကြီးဘဲ ရှိသေးတယ်။

ပြီးတော့ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးနှင့်၂၀၁၂ လန်ဒန်အိုလံပစ် ကြည့်ချင်သေးတယ်။

ဘာဘဲဖြစ်ဖြစ်
အကယ်၍ အသက်ရှူချိန်ထက်ပိုသော အချိန်လေးရခဲ့ငြားအံ့၊ ထိုအချိန်၌ ကျနော် မနှင်းတဂ်ထားတာကို ရေးလိမ့်မည်ဖြစ်ပေ၏။

ပျော်ရွှင်ပါစေ မနှင်း။ ။

Yu Ya said...

ဟောဗျာ.. တက်ဂ်တယ်ဆိုတော့လည်း ရေးရတာပေါ့ မနှင်းရေ..

အင်း.. ဒီ Doomsday က အခုတလော့ ခေတ်စားနေတာကိုး..။

yu ya

pandora said...

မိဘကို ချစ်ခင်သိတတ်တဲ့ သမီးလေး၊ ကလေးတွေကို စာနာနားလည် ညှာတာတတ်တဲ့ အန်တီပဲ။
ဘ၀တလျှောက် စိတ်ခွန်အားတွေ အပြည့်နဲ့ ပျော်ရွှင်ပါစေ။ ကမ္ဘာမပျက်မချင်းပေါ့။ :)

kiki said...

ဟမ်.... နေရင်းထိုင်ရင်း တရားခံ ရှာ နေပြန် ပြီ မနှင်း ရယ် .. အိပ်ဆေး တဲ့ .. ဟွန်း...ကိုယ့်ဟာကိုယ်တောင် မလောက်ဖူး..ဟိဟိ

အဲ့  လို ကြီးတော့ လုပ်ပါနဲ့ ကွယ် ...သူတို့  အရင် လျှောဘရားသားစ်တွေ လျှောဘရားသမီးစ်တွေ ဖြစ်သွား ပြီးမှ သတင်းမှားကြီး လို့ သိလိုက်ရရင် ....ဘယ်လို လုပ်ကြမတုံး ...
ဩော် ခေတ်ပျက်ကြီး တွေ့ နေရတဲ့ အထဲ ကမ္ဘာကြီးပါ ပျက်အုံးမယ် ဆိုတော့ တယ်လဲ ကံထူးကြတာပါလား ကွယ်တို့ .... ကြံဖန် ရတော့ မှာပဲ ..ခေတ်ပျက်သူဌေးလုပ်ကြည့်ချင်သေးတယ် .. ဟိဟိ။

မြစ်ကျိုးအင်း said...

သေခြင်းတရားကို ရင်ဆိုင်နိင်ရဲတယ်လို့တော့ ကျနော်မပြောရဲသေးတာအမှန်ပဲ.....။

ဒါပေမယ့် တကယ်ကို ပြုပြင်ပြင်ဆင်လို့ မရနိင်ဘူး သေရုံပဲ ရှိမယ်ဆိုရင်တော့ နောက်ဆုံးအချိန်ထိ မျက်လုံးဖွင့်ပြီး နေသွားချင်တယ်။

အိပ်ဆေးတော့မသောက်ပါနဲ့လေ

ကံထူးလို့ တွေ့ခွင့်ရတာပဲ...။

၂ နှစ်တောင် လိုသေးတာပဲ အဲဒီအကြောင်းမတွေးသေးဘူး မဟုတ်ခဲ့ရင် ဖြုန်းတီးမိ တဲ့စွမ်းအင်တွေ နှမျောစရာ...။

desertraindrops said...

မနှင်း ..ကမ္ဘာပျက်ရင်လား?????

ဒီသတင်းမကြားသေးဘူး။ ခေတ်နောက်ကျသွားတယ်။ ရေးမယ်နော့။

ပြီးတော့ ကမ္ဘာမပျက်ရင် လာနိုးမယ်နော်။ စိတ်ချ အားရပါးရအိပ်စောင့်နေ။

မိုးစက်အိမ် said...

တီနှင်းရေ အနော်က ကမ္ဘာပျက်တာကို ပို့ မောဒန်နဲ့ 
ရေးမယ်နော် ဖြစ်တယ်မလား :)

Angel Shaper said...

ကောင်းတယ်။
အိပ်ဆေးသောက်အိပ်နေတာပဲ အေးမယ်နော်။
ဟိဟိ....

ATN said...

ငါ့ညီမရေ့ ရေးပေးတာ ကျေးဇူးပါ...
ကိုယ့် ညီမရေးတော့မှပဲ မိသားစုကို သတိရတော့တယ်... ကိုယ်က အတ္တကြီးသူ တယောက်များ ဖြစ်နေပြီလား မသိ...း(

မိုးခါး said...

:D
တကယ် ကမ္ဘာပျက်မယ်ဆိုရင်တောင် ဘလော့ဂါတွေ ရေးတာနဲ့တင် ကျိမ်းကျေမယ်ထင်တယ် .. :D
နော် မနှင်း ..း))

နေစိုးနိုင် said...

ကြိုးစားပြီးလျှောက်ရေးကြည့်မယ်လေ...
တကူးတက အမှတ်တရ တဂ်ထားမှတော့လည်း ရေးပြီပေါ့ဗျာ...

ကျေးဇူးတင်ပါတယ်

ရေတမာ said...

မိသားစုချစ်တဲ့ ကမ္ဘာပျက်ကိန်းလေးလည်း သဘောကျတယ်

သားကြီး said...

ကျနော်ကမနက်ဖြန်ကိုတောင်ကျော်လွန်ပြီး စိတ်ကူးနဲ့ခြေဖျားထောက်ကြည့်ရမှာ ပျင်းပါတယ်
၂နှစ်ကြီးများတောင်ကျန်သေးတယ်ဆိုတော့
အေးအေးဆေးဆေးကြီးနေပစ်လိုက်ပါဦးမယ်
tagထားတော့လည်းရေးရပေမပေါ့
နည်းနည်းတော့စောင့်စေချင်တယ်
သတိတရတဂ်လို့လည်းကျေးဇူးပါ
အပျက်ပျက်တိုင်းပြည်က လာခဲ့တဲ့ကောင်
ကမ္ဘာပျက်မှာကိုတော့ ထူးပြီးဝမ်းမနည်းပါကြောင်း ။

လင်းကြယ်ဖြူ said...

လာမယ်ကြာမယ်နော်..အစ်မရေ
ကွန်ပျူတာ က ချူခြာနေသမို့..
ရတက်မွေ ပြီး အခက်ပွေနေရပါတယ်...

တကယ် ပျက်မှာလားဟင်..ကမ္ဘာက ...
ဒါဆိုရင်တော့ နှေးနေလို့မဖြစ်တော့ဘူး....
မြန်မြန်ဆန်ဆန်...လှုပ်ရှားမှပဲ..ဟဲ..ဟဲ....

Nyi Nyi said...

လာမယ်ကြာမယ်...wait for me!!

emayarKhin said...

ဟူးးးးးးးးးးးး
စိတ်လေတယ်..ပျက်ချင်လဲပျက်ဟေ့..........



ချစ်တဲ့

Unknown said...

kk ရေ.. ကမ္ဘာပေါ်မှာ တစ်စက္ကန့် ကို လူ ၁.၇၈ ယောက်နှုန်းနဲ့  သေဆုံးနေကြတယ်တဲ့.. တကယ်ဆို မနက်ဖြန်ဆိုတာတောင် သေခြင်းတရားထက်စာရင် ဝေးနေလွန်းပါသေးတယ်။ ပြီးတော့ ဒီလိုပဲ ကမ္ဘာပျက်တော့မယ်ဆိုတဲ့ သတင်းတွေ ယုတ္တိယုတ္တာအပြည့်နဲ့  သမိုင်းတစ်လျှောက်မှာ ထွက်ပေါ်နေကျပါ .. သေခြင်းတရားအတွက် ပြင်ဆင်ကြမယ်ဆိုရင်တော့ ပြင်ဆင်လာသင့်ကြတာ ကြာပြီဖြစ်သလို အချိန်တိုင်းလည်း ပြင်ဆင်နေသင့်တာပါပဲ.. တကယ်သာ ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာကြီးပျက်မယ်ဆိုရင်.. ကို ကတော့ ကျန်နေသေးတဲ့အချိန်လေးအတွင်း ကမ္ဘာသူ ကမ္ဘာသားတွေ အချင်းချင်း အရင်ကထက် ပိုပြီး ချစ်ခင်ကြင်နာလာတတ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်...

MZL

ဇော် said...

တူကျတော့ ရေးတတ်လိုက်တာ ..
တူညားက ဘာလုပ်ရမှန်းကို မသိဖြစ်ရော ..
အဗျိုဂျီးနော် ..
အတော်ကို နှိပ်စက်တယ် .. ဟင့် .. =(

Anonymous said...

မမနှင်းရေ
လေယဉ်လက်မှတ်က မကျန်တော့ဘူးတဲ့ :p
တူလေးတွေအတွက် ၀ယ်ထားတဲ့မုန့်တွေ ညီမလေးပဲ စားလိုက်တော့မယ်နော် ခစ် ခစ်
နောက်တာနော်
မမနှင်း ဘယ်လိုတွေကမ္ဘာပျက်မလဲသိရအောင် လာဖတ်တာ
ချစ်တဲ့ ညလေး နှင်းဟေမာ

အိုင်လွယ်ပန် said...

SORRY ပါ အစ်မရေ ..
TAG ထားမှန်း မသိလိုက်ဘူး ...
အမရာ နဲ့လည်း blog အကြောင်း မပြောဖြစ်ကြတာ
ကြာပေါ့ :)
ရေးထားပြီးကြောင်းပါ ..။
ကောင်းသောနေ့ပါဗျာ :)

My Blog List