အခန်းဖော်(၃)

အခန်းဖော် (၃) ဇာတ်သိမ်း
အခန်းကျဉ်းလေးတစ်ခုထဲမှာ သွေးမတော် သားမစပ် စရိုက်မတူ ခံယူချက်မတူ အသွင်မတူတဲ့ မိန်းကလေးနှစ်ယောက် နားလည်မှု ကြိုးမျှင်ခပ်ပါးပါးလေး တည်ဆောက်ပြီး နွေးထွေးမှုရနေချိန် အခိုက်အတန့်ကာလလေးတစ်ခု….

ပျော်ရွှင်မှု ငြိမ်းချမ်းမှုတွေ မရှိခဲ့ပေမယ့် သူတို့နှစ်ယောက်ကြားမှာ အရင်ကလို အစိုင်အခဲလေးတွေ မရှိကြတော့တာတော့ သေချာနေခဲ့ပါသည်။

ခပ်ဆိုးဆိုး တိုင်းရင်းသူလေးကို စာနာမိချိန် နားလည်မိချိန်မှာတော့ သူ့ရဲ့ ခပ်ဆိုးဆိုး စရိုက်လေးကို ချစ်တတ်လာဖို့ စပြီးကြိုးစားမိပါသည်။ ဒါပေမယ့် ကိုယ်သူ့ကို ဂရုတစိုက်ရှိနေတယ် အတတ်နိုင်ဆုံး ပြုပြင်ပေးချင်တဲ့ ဆန္ဒလေးနဲ့ သူ့ဘဝလေးကို လေ့လာနေခဲ့တယ် ဆိုတာကို သူမသိစေရအောင်လဲ တတ်နိုင်သမျှ ဖုံးဖိထားရပါသည်။

တကယ်ဆို ကိုယ်ဟာ လူဆိုးတွေနဲ့ သဟဇာတ မဖြစ်လှပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ လူဆိုးလူပေ လူတေလေးတွေ မရှိခဲ့တာလဲ ပါပါသည်။ ဒါပေမယ့် ကိုယ့်အခန်းဖော်ကောင်မလေးကတော့ ကိုယ့်အတွက် လူဆိုးမလေးတစ်ယောက်လို ဖြစ်နေခဲ့တာမို့ အခုဆို ကိုယ်ဟာ လူဆိုးမလေးရဲ့ အခန်းဖော်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါသည်။

ခပ်ဆိုးဆိုး ကိုယ့်အခန်းဖော်မလေးကတော့ တစ်ခါတစ်ရံမှာ ချစ်စရာကောင်းလွန်းစွာ ကိုယ့်အပေါ် သိတတ်နေပြန်ပါသည်။ သူဆေးလိပ်သောက်ပေမယ့် ကိုယ့်ကို ဆေးလိပ်တိုက်ဖို့ မကြိုးစား။။ သူသောက်နေတဲ့ ဘီယာကို သောက်တတ်အောင်လဲ မစည်းရုံးခဲ့သလို သူသွားနေကျ ကလပ်တွေကို သွားဖို့ကိုလဲ တစ်ခါမှ မခေါ်ခဲ့ဘူးပါ။

အဲဒီအတွက် ကိုယ့်ရဲ့ အခန်းဖော်လေးကို ကျိတ်ပြီး ကျေးဇူးတင်ရသလို ရှားရှားပါးပါး လေးစားစိတ်လေးလဲ ဝင်မိခဲ့ပါသည်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးဟာ ကိုယ်နဲ့ ကိုယ့်အခန်းဖော်အတွက်တော့ ဟုတ်ဟန်မတူခဲ့ပါ။။ ငါးခုံးမလေး ကိုယ့်အခန်းဖော်ကြောင့် ကိုယ်လဲ ပုတ်သိုးသွားတဲ့ ငါးတစ်ကောင် ဖြစ်ခွင့်မရခဲ့ပါ။

ဒါပေမယ့် ဇာတ်ဆရာအလိုကျ ကနေရတဲ့ အခန်းဖော်မလေးကိုတော့ သာမန် မိန်းမသားတစ်ယောက်ရဲ့ ဘဝလေးကို ပိုင်ဆိုင်စေချင်ခဲ့ပါသည်။ သူမရဲ့ အတွေးအခေါ်လေးတွေကိုလဲ မြင့်မားစေချင်ခဲ့ပါသည်…။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဘိုး သိက္ခာ ကျင့်ဝတ်နဲ့အတူ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးဘဝဆိုတာကိုလဲ ရှင်းပြ သွန်သင် လမ်းပြခွင့်ကို မျှော်လင့်နေခဲ့မိပါသည်။

မှတ်မှတ်ရရ အခန်းဖော်မလေး ကိုယ့်ရင်ခွင်ထဲမှာ ငိုကြွေးခဲ့တဲ့ နောက်ဆုံးည တစ်ညအထိ… သူမလေးအတွက် နောက်ဆုံးမျှော်လင့်ချက်လေး ထားပေးခဲ့ဘူးပါသည်။
……………………………………………

ထုံးစံအတိုင်း သန်းခေါင်ကျော် မိုးလင်းလုအချိန်မှာ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲကို ဝင်လာတဲ့ သူမလေးကို စိုးရိမ်စိတ်တွေနဲ့ စောင့်နေမိတဲ့ကိုယ် အဲဒီနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့တာ သူမလေးကို ရင်ခွင်ထဲမှာ ထည့်လို့ အားပေးခွင့်အတွက် သက်သက် ဖြစ်ခဲ့ပါသည်။

မာကျောကျော မျက်ဝန်းအစုံက ကျလာတဲ့ မျက်ရည်တွေကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခွင့်ရခဲ့သလို အက်ကွဲ တုန်ရီနေတဲ့ အသံလေးတွေကိုလဲ တစ်လုံးချင်း တစ်စုချင်း ကြိုးစားပြီး နားထောင်ခဲ့ရပါသည်။

“သူလက်ထပ်သွားပြီ “ဆိုတဲ့ အသံကို ရှိုက်သံတွေကြားက မပီမသ ကြားလိုက်ရပါသည်။
ယောက်ျားတစ်ယောက် သစ္စာဖောက်သွားတာ သိပ်မဆန်းတာမို့ အချစ်ကြီးလွန်းတဲ့ ကောင်မလေးကို နားလည်အောင် အားပေးဖို့ စကားလုံးတွေ ကြိုးစားပြီးရှာနေဆဲ…
“ကိုယ့်ကို ခုတုံးလုပ်သွားတယ် ယောက်ျားမဟုတ်သလိုပဲ” ဆိုတဲ့ ဒုတိယ စကားတစ်ခွန်းကလဲ ကိုယ့်ကို တွေဝေစေတဲ့ စကားစုလေးသာဖြစ်ခဲ့ပါသည်။

သူတို့နှစ်ယောက်ရဲ့ ဘဝဇာတ်လမ်းလေးကို အလုံးစုံ သိခွင့်ရခဲ့သူမို့ တကယ်ဆို မဖြစ်သင့်တဲ့ အဖြစ်တစ်ခု ယောက်ျားတွေရဲ့ ဘယ်သူတေတေ ဆိုတဲ့ ကျားဝါဒတစ်ခုအဖြစ်သာ အကြမ်းဖျင်း ကောက်ချက်ဆွဲပြီး သူမလေးကို ကြိုးစားနှစ်သိမ့်ပေးခဲ့ပါသည်။

“လူကိုလဲယူခဲ့တယ် … ငွေတွေကိုလဲ ယူခဲ့တယ် ငါ့ဘဝကိုလဲ ဖျက်ခဲ့တယ် သူမတရားဘူး”…ဆိုတဲ့ နောက်ဆုံးရှိုက်သံလေးနဲ့ အားယူပြီးပြောပြနေတဲ့ အခန်းဖော်ရဲ့ မျက်ရည်တွေကို ခပ်ဖွဖွလေးသုတ်ပေးရင်း မျက်နှာသစ်ပေးဖို့အတွက် ရေချိုးခန်းဘက်ကို ဆွဲခေါ်လာတဲ့ အချိန်အထိ အခန်းဖော်တစ်ယောက် ပေးဆပ်ခဲ့တဲ့ လူဆိုတဲ့ အဓိပ္ပါယ်နဲ့ ငွေဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ကွဲကွဲပြားပြား နားမလည်မိခဲ့ပါ။

ငိုသံရှိုက်သံတွေ မပါပဲ တစ်လုံးချင်းရှင်းပြလာခဲ့တဲ့ သူမလေးရဲ့ စကားလုံးတွေကို နားထောင်ရင်း ချစ်သူဘဝ (လက်မထပ်ပဲ အတူနေခဲ့ကြတဲ့ ချစ်သူတွေဘဝ)မှာ အခန်းဖော်မလေးရဲ့ အရှုံးကတော့ ကြီးမားတဲ့ အရှုံးတစ်ခုဆိုတာကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပါသည်…

သူမလေးရခဲ့တဲ့ ချစ်သူဆိုတဲ့ ယောက်ျားတစ်ယောက်က အချစ်ကို ခုတုံးလုပ်လို့ သိုက်တူးခဲ့တဲ့ သိုက်ဆရာတစ်ယောက်နေရာမှာ အရှက်မဲ့စွာ သိက္ခာမဲ့စွာနဲ့ ယောက်ျားလို့ ဟစ်ကြွေးနေခဲ့တာ ထူးဆန်းပေစွ။။

ရန်ကုန်မှာ သူမလေးဖန်တီးပေးခဲ့တဲ့ တိုက်ခန်းလေးအတွက် ခြောက်လတစ်ခါ ပေးနေရတဲ့ အခန်းငှားခများကို အခန်းဖော်မလေးက ဂရုတစိုက်နဲ့ပို့ပေးနေရဆဲ….

သူ့ချစ်သူ ကောင်လေးရဲ့ နေစားရိတ် စားစရိတ် သင်တန်းစရိတ်တွေထက် ပိုလျှံတဲ့ ထောက်ပံ့ငွေတွေကိုလဲ လစဉ်လတိုင်း ပို့ပေးနေသူကလဲ ကိုယ့်ရဲ့အခန်းဖော်ကောင်မလေး…

ငှားနေတဲ့ တိုက်ခန်းလေးကို ချစ်သူရဲ့ အမှတ်တရ အဖြစ် ချစ်သူရဲ့အရိပ်အဖြစ် ဝယ်ချင်လို့ပါလို့ အားမနာတမ်း ပူဆာတတ်ခဲ့တာ အခန်းဖော်လေးရဲ့ ချစ်သူ မဟာယောက်ျားသားကြီး တဲ့…

အချစ်ကို ရူးသွပ်စွာ ကိုးကွယ်လွန်းတဲ့ ချာတိတ်မလေးကလဲ နှစ်ခါထက်ပိုလို့ မတောင်းရပဲ သိန်းရာနဲ့ချီတဲ့ ပိုက်ဆံကို ပို့ပေးတဲ့တာကလဲ သူမရဲ့ အချစ်စွမ်းအားတစ်ခုကြောင့်ပဲ ထင်ပါရဲ့…

နောက်ဆုံးမှာတော့ မဆိုစလောက် လစာရတဲ့ ပုံမှန် အလုပ်ကလေးတစ်ခု ရလာချိန်မှာတော့ အသစ်တွေ့တဲ့ ချစ်သူလေးကို အိမ်ပေါ်ခေါ်တင်ပြီး လက်ထပ်လိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရှက်မဲ့တဲ့ လုပ်ရပ်အတွက် အခန်းဖော်မလေးတစ်ယောက် မကျစဖူး မျက်ရည်တွေကျလို့ အရူးတစ်ပိုင်းဖြစ်တဲ့ ပြဇာတ်က သူတို့နှစ်ယောက်အတွက် နောက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု….

ဒါပေမယ့် အခန်းဖော်မလေးအတွက်ကတော့ ကံဆိုးမိုးမှောင်ကျစေမယ့် ဇာတ်လမ်းတစ်ခုအတွက် နိဒါန်းတစ်ခုသာ ဖြစ်ခဲ့ပါသည်။….

……………………………………………………

ကျောင်းမသွားရတဲ့ နေ့ဖြစ်သလို နှစ်ယောက်စလုံး မိုးစင်စင်လင်းမှ အိပ်ဖြစ်ခဲ့တာမို့ နေ့လည်ပိုင်း အလုပ်သွားဖို့ ကိုယ်နိုးလာချိန်မှာတော့ အခန်းဖော်က နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေဆဲ။

အလုပ်မသွားခင် အချိန်လေးမှာ အပြစ်ကင်းစွာ အိပ်မောကျနေတဲ့ အခန်းဖော်မလေးကို ဂရုဏာဖြစ်စွာနဲ့ ငေးမောရင်း အိပ်ခန်းတံခါးကို အသံမထွက်အောင် ပိတ်ပြီး ထွက်လာချိန်မှာလဲ ဒီနေ့ဟာ အခန်းဖော်လေးနဲ့ တစ်မိုးတည်းအောက်မှာ နေခွင့်ရတဲ့ နောက်ဆုံးနေ့လေး တစ်နေ့ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့မိပါ။

ညနေပြန်ရောက်မှ ဟော့ပေါ့ချက်စားပြီး အခန်းဖော်လေးနဲ့စကားထိုင်ပြောမယ် အခန်းဖော်လေးကို အားပေးမယ်ဆိုတဲ့ အတွေးလေးနဲ့ အလုပ်ထဲမှာလဲ ထူးထူးခြားခြား လန်းဆန်းတက်ကြွနေခဲ့ပါသည်။

အလုပ်ပြန်ချိန်မှာတော့ ဟော့ပေါ့ချက်ဖို့ အသီးအနှံအချို့ အသားလုံးအချို့နဲ့အတူ အခန်းဖော်ကြိုက်တတ်သော မြေပဲဆော့စ်ကိုလဲ မမေ့မလျှော့ ဝယ်လာခဲ့ပါသည်။

အခန်းတံခါးကို ဖွင့်ပြီး အခန်းထဲရာက်သည်အထိ ကိုယ့်အခန်းလေးရဲ့ ထူးခြားချက်ကို မရိပ်မိခဲ့ပါ။

အဝတ်အစားလဲပြီး သူမရဲ့ ကုတင်လေးကို ကြည့်လိုက်ချိန်မှာတော့ ခါတိုင်းတွေ့နေကျ ဖရိုဖရဲ ညအိပ်ဝတ်ဝတ်စုံများနှင့် မခေါက်ပဲ လုံးထွေးထားသော ခြုံစောင်များကို မတွေ့ရတော့ပါ။ ကုတင်ဘေးရှိ စာကြည့်စားပွဲလေးပေါ်မှာလဲ သူမရဲ့ စာအုပ်များမရှိတော့။

ထူးခြားတဲ့ စိတ်ခံစားမှုနဲ့အတူ သူမရဲ့ ဗီရိုလေးကို ဖွင့်ကြည့်ချိန်မှာတော့ ဗီရိုထဲမှာလဲ ရှင်းလင်းနေခဲ့ပါသည်။
ဗီရိုပေါ်မှာ တင်ထားခဲ့တဲ့ သူမရဲ့ ခရီးဆောင် အိတ်ကြီး နှစ်လုံးကလဲ ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ပါသည်။

စိုးရိမ်စိတ် ပူပန်စိတ် များစွာဖြင့် သူမရဲ့ ဖုန်းနံပါတ်တွေ နှိပ်နေချိန်မှာတော့ ကိုယ့်ရဲ့လက်ချောင်းလေးတွေ တုန်ရီနေခဲ့ပါသည်။

“ဟေး သူငယ်ချင်း စိတ်မပူနဲ့ ကိုယ်အခု သူငယ်ချင်းတစ်ယောက်ရဲ့ အခန်းမှာ ရောက်နေတယ် အလုပ်နဲ့နီးလို့ ခဏပြောင်းနေတာနော် ကိုယ်ပြန်လာမှာပါဆိုတဲ့” အသံလေးက လေလှိုင်းကြားမှာ တက်တက်ကြွကြွ ညတုန်းက တရှုံ့ရံှု့နဲ့ ငိုနေခဲ့တာ သူမမှဟုတ်ပါရဲ့လားလို့ သံသယ ဖြစ်ချင်စရာ လေသံမျိုး…

တတ်နိုင်ပါပေ့ အခန်းဖော်ရယ်လို့ စိတ်ထဲကနေ ရေရွတ်ရင်း “အိုကေ အိုကေ အဆင်ပြေရင် ပြီးတာပဲ ဂရုစိုက်နော်”လို့ ပြောပြီး ဖုန်းလိုင်းပြတ်သွားမှ အော် ဟော့ပေါ့ချက်မယ့်ကိစ္စ မပြောလိုက်ရပါလားလို့ သတိတရနဲ့ တစ်ယောက်တည်း ကြိတ်ပြုံးလိုက်ရတာက ကိုယ်ရယ်လေ…

ပြန်လာမှာပါလို့ ပြောခဲ့တဲ့ အခန်းဖော် မရှိတော့တဲ့နောက်ပိုင်းမှာတော့ ကိုယ့်အခန်းလေးက ခြောက်ကပ် တိတ်ဆိတ်စွာ.. အသက်မဲ့သွားခဲ့ပါသည်။ သူမ နှစ်သိမ့်ခဲ့သလိုလဲ ကိုယ့်ဆီကို ပြန်မလာခဲ့ပါ။

ကိုယ်တိုင်ကလဲ တစ်ကိုယ်တော် အထီးကျန်စွာနဲ့ လူဆိုးမလေး အခန်းဖော်ကို သတိရလိုက် မေ့လျှော့လိုက်နဲ့ နေ့ရက်များစွာကို အမှတ်မဲ့စွာ ဖြတ်သန်းဖြစ်ခဲ့ပါသည်။
အမှတ်တရ ပုံရိပ်များစွာ ချန်ထားရစ်ခဲ့တဲ့ ကိုယ့်ရဲ့အခန်းဖော်ကလဲ ယောင်မှားလို့မှ ကိုယ့်ဆီ ဖုန်းမဆက် သူမရဲ့ ပင်ကို စရိုက်အတိုင်း နေနိုင်လွန်းခဲ့ပါသည်။
…………………………………………………

အခန်းဖော်ကို ကိုယ်မေ့လျော့သွားပြီဖြစ်တဲ့ အချိန်ကာလတစ်ခုမှာတော့ မထင်မှတ်ထားတဲ့ နေ့တစ်နေ့မှာ မထင်မှတ်ထားတဲ့ ပုံစံနဲ့ ကိုယ့်အခန်းကို သူမ အလည်ရောက်လာခဲ့ပါသည်။

ကျောင်းကအပြန်ညနေခင်းတစ်ခုမှာ အခန်းတံခါးကိုသော့ဖွင့်ပြီး ဝင်မိတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ အခန်းဖော်လေးက ကိုယ့်ရဲ့ကုတင်လေးပေါ်မှာ လဲလျောင်းလို့ ကိုယ်ပြန်လာမယ့် အချိန်ကို စောင့်နေခဲ့ပါသည်။

အံ့သြလွန်းစွာနဲ့ သူမကို ပြေးပြီး ပွေ့ဖက်မိစဉ်မှာပဲ ဒီအခန်းရဲ့ သော့တစ်ချောင်း သူမဆီမှာ ရှိနေဆဲဆိုတာကို ပြန်သတိရလာပါသည်။

သူမရဲ့ နောက်ကျောမှ သိုင်းဖက်ရင်း စကားတွေ မရပ်မနားပြောနေဆဲမှာ သာမန်နဲ့ အတူတဲ့ ထူးခြားချက်တစ်ခုကို သတိပြုမိတာမို့ အိပ်ယာပေါ်က လူးလဲထပြီး သူမနဲ့ မျက်နှာချင်းဆိုင်လိုက်မိချိန်မှာတော့ ကိုယ့်ရဲ့မျက်လုံးအစုံကို မယုံနိုင်လွန်းစွာ အံ့အားသင့်ပြီး ကိုယ့်ရဲ့ ပါးစပ်အစုံကို ပြန်မစေ့နိုင်လောက်အောင် ထိတ်လန့်သွားခဲ့ပါသည်။

ကိုယ့်ရဲ့အခန်းဖော်ဟာ ကိုယ့်ဆီက ထွက်သွားစဉ်တုန်းကလို ပျိုမျစ်နုနယ်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ပါ။ သူမရဲ့ဝမ်းဗိုက်လေးက စူဖောင်းလို့ ကိုယ်ဝန်ဆောင် မိန်းမသားတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ အခန်းဖော်ကို သူစိမ်းတစ်ယောက်လို ထူးဆန်းစွာ တွေ့လိုက်ရတဲ့အခိုက်မှာ ကိုယ့်ရဲ့ ဝမ်းနည်းမှုကို ကိုယ်ကိုယ်တိုင် ဟန်မဆောင်နိုင်ခဲ့ပါ။

ကိုယ့်ရဲ့မျက်နှာ ပျက်သွားတာကိုလဲ သူမကပဲ မသိချင်ယောင်ဆောင်လို့ ဟန်မပျက် နေပြရှာပါသည်။
အချိန်ကာလတစ်ခု အတွင်းမှာ အကြီးအကျယ်ပြောင်းလဲသွားတဲ့ သူမကို အပြစ်တင်ဖို့ စကားလုံးတွေကိုလဲ ရုတ်တရက် ရှာလို့မတွေ့ခဲ့ပါ။ တကယ်ဆို ဒီလို အချိန်မှာ အခြေအနေကို သေသေချာချာ မသိပဲ သူမကို အပြစ်မတင်သင့်ပါ။

ပြောမယ့်စကားလုံးတွေကို မြိုချလို့ အခြေအနေကို ပြန်ထိန်းနိုင်အောင် ကြိုးစားရင်း အခန်းဖော်ကို အားပေးနှစ်သိမ့်တဲ့ အပြုံးလေးနဲ့ ကုတင်ပေါ်မှာ ထားခဲ့ပြီး သူမကတော့ ကော်ဖီဖျော်ဖို့ မီးဖိုထဲကို ဝင်လာခဲ့ပါသည်။

ကော်ဖီခွက်ကို သူမဆီကမ်းပေးရင်း “ကော်ဖီသောက်လို့ဖြစ်ရဲ့လား တချို့ ကိုယ်ဝန်ဆောင်တွေ ကော်ဖီ မသောက်ကြဘူးဟ” လို့သတိတရနဲ့ မေးမိတော့ သူမက ပခုံးနှစ်ဘက်ကို တွန့်ပြလို့ “အေးဆေးပါ” တဲ့။ သူမရဲ့ ပင်ကို စတိုင်အတိုင်း ဘယ်အရာကိုမှ အလေးအနက်မထားတာ သေချာပါသည်။

မတွေ့ဖြစ်တဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ သူမဘက်က အပြောင်းအလဲ အချို့ကလွဲလို့ အခြား ထူးထူးခြားခြား ပြောင်းလဲမှုကို မတွေ့ရပါ။ အခန်းဖော်ကတော့ သူမလွယ်ထားတဲ့ ကိုယ်ဝန်ကို မေ့လျှော့လို့ ခါတိုင်းလို ပေါ့ပေါ့ပါးပါး အေးအေးစက်စက်။ အခုလို ကိုယ်ဝန်ရင့်မာနေချိန်မှာတောင် အချိန်ပိုင်း အလုပ်လုပ်နေဆဲလို့ ဆိုလာတဲ့ သူမကို စိုးရိမ်စကားပြောမိတော့လဲ သူမက မတုန်မလှုပ် ထူးခြားဟန်မပြ။

ညည့်အတော်နက်တဲ့အထိ မပြန်သေးတဲ့ သူမကို မနှင်ရက်တာမို့ သူမနေခဲ့တဲ့ ကုတင်လေးကို အိပ်ယာခင်း ခေါင်းအုံးစွပ်တွေ ခင်းကျင်းပေးပြီးတဲ့အထိ သူမရဲ့ အိမ်ထောင်ဘက် ဘယ်သူလဲဆိုတာကို မစပ်စုဖြစ်ခဲ့ပါ။
အခန်းဖော်ကလဲ ကိုယ့်ကို တကူးတက မရှင်းပြခဲ့။ ကိုယ်တို့ နှစ်ယောက်ကြားမှာ သူမရဲ့ ခင်ပွန်းဆိုတဲ့ ခေါင်းစဉ်ကို မေ့လျော့ထားပြီး အခြား အကြောင်းအရာတွေကိုသာ ပြောဖြစ်ခဲ့ပါသည်။

ဒုတိယအကြိမ် ကိုယ်တို့ ညလုံးပေါက် စကားပြောဖြစ်ခဲ့တဲ့ ညလေးတစ်ညကလဲ ပထမအကြိမ်လိုပဲ အခန်းဖော်မလေးရဲ့ ကြေကွဲစရာ ဇာတ်လမ်းအသစ်တစ်ပုဒ်နဲ့ အတူ မလှပတဲ့ ညတစ်ညသာ ဖြစ်ခဲ့ပါသည်။

အခန်းဖော်လေး အားကိုးတကြီးနဲ့ လာတိုင်ပင်တဲ့ အဓိက အကြောင်းအရာအတွက် ကိုယ်က ထိတ်လှန့် တုန်လှုပ်ပြပေမယ့် သူမကတော့ လောကဓံတွေနဲ့ မိတ်ဆွေဖြစ်တဲ့ မျက်နှာပေးလေးနဲ့ ခံစားချက်မဲ့လို့။

သူမပြောလာတဲ့ စကားလုံးတွေက ထုံးစံအတိုင်း ရင်ထဲကလာတဲ့ စကားလုံးတွေမဟုတ်၊ နှုတ်ဖျားကနေကျလာတဲ့ စကားလုံးတွေက အလွတ်ကျက်ထားတဲ့ စာတစ်ပုဒ်ကို ဆရာမတစ်ယောက်ရှေ့မှာ အလွတ်ရွတ်ပြနေတဲ့ ပုံစံ စိတ်ခံစားချက်ကင်းမဲ့စွာ စည်းမကျဝါးမကျ တောင်တစ်လုံး မြောက်တစ်လုံး။

သူမတိုင်ပင်မေးမြန်းလာတဲ့ နောက်ဆုံးစကားလေးနှစ်ခွန်းကသာ ကိုယ့်ကို အိပ်ရေးပျက်လောက်အောင် တစ်ညလုံး နှိပ်စက်ခဲ့ပါသည်။
“ကလေးက သားလေးလား သမီးလေးလား ဆိုတာ ကိုယ်မသိဘူး…ကိုယ် ဒီကလေးကို ဖခင်မဲ့အောင် လုပ်သင့်သလား…
ခိုဝင်စရာ တိုင်းပြည်မဲ့အောင် လုပ်သင့်သလား”တဲ့။

သူမပေးခဲ့တဲ့ အတွေးတွေအတွက် ဂယောင်ချောက်ချားနဲ့ အိပ်မပျော်ခဲ့နိုင်ပေမယ့် အခန်းဖော်မလေးကတော့ မိုးလင်းခါနီးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။

ကံဆိုးလွန်းတဲ့ အခန်းဖော်မလေးက ကိုယ့်အခန်းကနေ စပြီး ပြောင်းသွားခဲ့တဲ့နေ့ကတည်းက အခုသူမနဲ့အတူနေတဲ့ လူဖြူတစ်ယောက်ရဲ့ အခန်းကိုရောက်သွားခဲ့ပါသည်။ ဒါပေမယ့် သူတို့ အခုချိန်ထိ တရားဝင် လက်မထပ်ရသေးပါတဲ့။

သူမနဲ့အတူနေတဲ့ ကိုလူဖြူကလဲ သူ့နိုင်ငံမှာ တရားဝင် အိမ်ထောင်ရှိခဲ့သူ သားတစ်ယောက်ဖခင်ဆိုတော့ သူမရဲ့ကိုယ်ဝန်ကို မွေးဖွားပေးဖို့ အစစအရာရာကို တာဝန်ယူပေမယ့် သူမကို တရားဝင် လက်ထပ်ဖို့နဲ့ ကလေးအဖေ နေရာယူဖို့ကိုတော့ ယခုချိန်ထိ တွေဝေနေဆဲပါ..တဲ့…

အခုသူမရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ဒီမှာ ကလေးမွေးသင့် မမွေးသင့်…

တကယ်လို့ ဒီမှာမွေးခဲ့မယ် ဆိုခဲ့ရင်တော့ သူမရဲ့ကလေးက ဖခင်ရဲ့ နိုင်ငံသားဖြစ်ဖို့ မဖြစ်ဖို့က ခုချိန်ထိမသေချာ မရေရာ….

မိခင်ရဲ့နိုင်ငံသား ဖြစ်ချင်ရင်တော့ အမိမြေပြန်ရုံကလွဲလို့ ရွေးစရာ လမ်းမရှိပါ။ ဒါပေမယ့် ကလေးအတွက် လက်ဆုပ်လက်ကိုင်ပြစရာ ဖခင်ကိုတော့ ဆုံးရှုံးပေတော့မည်။

ဒါပေမယ့် လက်ရှိဖခင်ကိုလဲ ခေတ္တယာယီအနေနဲ့သာ ပိုင်ဆိုင်မှာမို့ ကလေးရဲ့ အနာဂတ်ကလဲ မရေမရာပြန်…

ကလေးကို မြန်မာပြည်မှာ ပြန်မွေးဖို့ သူမဘက်က အဆင်သင့်ဖြစ်နေပေမယ့် ဖခင်မရှိတဲ့ သားတစ်ယောက်အဖြစ် တသက်လုံးမျက်နှာငယ်ရမည့် ရင်သွေးလေးအပေါ်သနားစိတ်က အခန်းဖော်ကို နှိပ်စက်နေခဲ့ပါသည် ။ သူမရဲ့ ဖေဖေ ကိုယ်တိုင်လဲ ဒီကလေးတစ်ယောက်အတွက် နယ်မြို့လေးမှာ မျက်နှာပျက် အရှက်ကွဲရပေအုံးမည်။။။

မမြင်ရသေးတဲ့ ကလေးငယ်တစ်ယောက်အတွက် ဖခင်ရွေးပွဲ ခိုဝင်စရာ နိုင်ငံရွေးပွဲ ….
အခန်းဖော်အတွက်တော့ ရွေးစရာ လမ်းမရှိ ဆုတ်လဲစူး စားလဲရူး ….

ဘယ်လိုမှ အိပ်လို့မရခဲ့တဲ့ အဲဒီဒုတိယ နောက်ဆုံးညလေးမှာတော့ အိပ်မောကျနေတဲ့ အခန်းဖော်လေးကို ငေးမောကြည့်ရင်း ကိုယ်တစ်ယောက်တည်း မျက်ရည်တွေလည်နေခဲ့ပါသည်။

မိန်းကလေးတစ်ယောက်ရဲ့ ကံကြမ္မာ အကျိုးပေး ကို မယုံနိုင်ခြင်းများစွာနဲ့ သုံးသပ်နေဆဲမှာပဲ ကိုယ့်ရဲ့အခန်းဖော်လေးက ကိုယ့်ရဲ့အနားကနေ (ပြန်ဆုံနိုင်ဖို့ မရေရာတဲ့)အဝေးဆုံးတစ်နေရာကို ရောက်သွားခဲ့ပြန်ပါသည်။။။
တကယ်တော့ အခန်းဖော်တစ်ယောက် ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် အဖြစ် ကိုယ့်အနားက ပျောက်ဆုံးသွားခြင်း ဖြစ်ပါသည်။

သူမထွက်ခွာသွားတဲ့ ဒုတိယ အကြိမ်မှာလဲ နှုတ်မဆက် လက်မပြ တိတ်ဆိတ်စွာ ပျောက်ဆုံးမျိုးခြင်းနဲ့ ကွယ်ပျောက်သွားခဲ့ပြန်ပါသည်။

ထူးခြားဆန်းပြားတဲ့ စရိုက်ပိုင်ရှင် အခန်းဖော်မလေးကို သတိရမိတိုင်း မိန်းကလေးတစ်ယောက်နဲ့ လက်မခံနိုင်လောက်အောင် ဆိုးရွားလွန်းတဲ့ ကံကြမ္မာကိုသာ အပြစ်ဖွဲရင်း...

သူမရဲ့ သားလေးလား သမီးလေးလား မသေချာတဲ့ ရင်သွေးလေးတစ်ယောက် ခိုဝင်စရာ နိုင်ငံမဲ့သွားသလား…
အရင်းနှီးဆုံး တော်စပ်ရမယ့် ဖခင်မဲ့သွားသလားဆိုတာတော့ ယနေ့ချိန်ထိ ခြေရာကောက်လို့မရခဲ့ပါ…

သတိတရနဲ့ သူမရဲ့ ဖုန်းကို ခေါ်လိုက်တိုင်းလဲ ပိုင်ရှင် မဲ့သွားပြီဖြစ်တဲ့ ဖုန်းနံပါတ်တစ်ခုဖြစ်ကြောင်းကို အလိုအလျောက် ဖြေကြားပေးတဲ့ စက်ထဲက အဖြေလေးကိုပဲ လက်ခံရရှိခဲ့ပါသည်။

ကိုယ့်အတွက်ကတော့ ဘယ်နေရာကိုရောက်ရောက် အခန်းဖော်ဆိုတဲ့ စကားလုံးလေးကို အမှတ်တမဲ့ ပြန်ကြားမိတိုင်း နာကျင်စွာ ကြေကွဲစွာ သူမကို သတိရနေခဲ့ပါသည်။။

.............................................................

မှတ်ချက်။ ။ အခန်းဖော် အပိုင်း(၃) ကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါသည်။။။။စာဖတ်သူများ အနေဖြင့် လွတ်လပ်စွာ ဇာတ်သိမ်းပေးခွင့် ရှိပါသည်။။။
စောင့်မျှော် အားပေးခဲ့ကြသော စာဖတ်သူများကို ကျေးဇူးတင်စွာဖြင့် ဆက်လက်ကြိုးစားပါအုံးမည်။

24 comments:

Angel Shaper said...

တစ် ကွ။ ဟဲဟဲ

Angel Shaper said...

နှစ်လဲ ယူတယ်။ ၀ါးးးးးးးးးးးးးးးး

Angel Shaper said...

သုံးလဲ ယူပါမည်။ ခွိခွိ

Angel Shaper said...

လေးလဲယူလိုက်ပြီ။ ဟွိဟွိ

Angel Shaper said...

ငါးလဲ ယူတယ်နော်။ ဟီးးးးးးးးဟီးးးးးးးးးးးးးး

Angel Shaper said...

ခနနေမှ လာဖတ်မယ်။ နေရာလာယူတာ။ ဟဟားးးး
ပြန်လာမယ်နော်။

kiki said...

သဗ္ဗေသတ္တာ ကမ္မသကာ ...
သတ္တဝါတခု ကံတခု
ဘယ်သူမပြု မိမိမှု ပါပဲ နှင်းရေ ...

ကောင်းစေချင်လို့  ဂုတ်ဆွဲတင်တာ မြင့်တယ်ထင်ပြီး ခုန်ချ တော့လည်း ဘယ်တတ်နိုင်ပါ့မလည်းနော် ..
ပိုးဖလံမျိုး မီးကို တိုးကြ သည်လေ ..

( ဇာတ်လမ်းက ဆုံးသေးဘူး ထင်ရဲ့ နော် .
ဆက်ရေးပါ .. အားပေးစောင့်မျှော်လျှက် ပါ )

kiki said...

အင်းးးး သမီးကြီး အိန်ကျယ် တယောက် အတော်လေး ပျော်နေပါ့လား ။
အိမ်ပြန်ရတော့မယ်ဆိုတော့ ပျော်ပါစေ လေ ..
း)))
ဟေးဟေး ဟေးးးးးး

peter kyaw said...

ဖတ်ပြီးတော့ ရင်မောသွားတယ်ဗျာ....

ကိုယ့် ကိုကိုယ်တန်းဖိုးထားမှ သူများကလည်းကိုယ့် ကို
တန်ဖိုးထားလိမ့် မယ် ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကား
ဟာ အခုခေတ်မှာတော့  ရယ်စရာဟာသ တစ်ခုလို
ဖြစ်နေပါပြီထင်တယ်နော်...

ဘာပဲဖြစ်ဖြစ် ...
ကိုယ်က သောက်တဲ့ ရေ မဟုတ်ပဲ ခြေဆေးတဲ့ ရေ
လောက်ပဲ ကိုယ့် ကိုကိုယ်တန်ဖိုးထားရင်တော့  ကိုယ်
ချစ်မြတ်နိုးတဲ့ သူကလည်း ခြေထောက်ပဲဆေးသွားမယ်
ထင်ပါတယ်...

ဒီဖြစ်ရပ်က သက်သေပေါ့ နော်...
တစ်သက်မှတ်တည်းကိန်းသေချည်းတော့ မဟုတ်ဘူး
ပေါ့ လေ....

လက်မထပ်ခင်ချစ်လွန်းလို့ ( အမှန်က အာရုံတွေဝေ
ဝါး၊ စေစားသွားတာပါ....) အတူနေတိုင်းလည်း
လက်ထပ်ဖြစ်ကြတာမဟုတ်ဘူးလေ....
အဲဒီတော့ နစ်နာရတာက မိန်းကလေးတွေကပိုပါ
တယ်....
ကြေကွဲရူးသွပ်ရတဲ့ (အချိန်ကာလတစ်ခုအထိ )
ယောကျာင်္းလေးတွေလည်းရှိနိုင်ပါတယ်...
ဒါပေမယ့် ရှားတယ်ပေါ့ ဗျာ...

ထပ်မံပြီးဇတ်လမ်းကောင်းလေးတွေရေးနိုင်ပါစေ....

Angel Shaper said...

ချစ်မကြီးးးးးးးးးးးးး
ဖတ်ရင်း ရင်တွေမောလိုက်တာ။
ရင်မောမောနဲ့ ဖတ်သွားတယ်။
အခန်းဖော်မလေး အဆင်ပြေပါစေ လို့ပဲ ဆုတောင်းခဲ့မယ်။

kokomaung.uk said...

အော်...
ဘယ်သူကမှားလို့ ဒီလိုဖြစ်သွားမှန်းတောင် မဝေဖန်တတ်တော့ပါဘူး။
မနှင်းရဲ့ စိတ်ကူးယဉ်သက်သက်တော့ ဖြစ်ဟန်မတူဘူး။ ဖြစ်ရပ်မှန်တစ်ခုခုဖြစ်ရမယ်လို့ဘဲ ယူဆတယ်။

ဖြစ်ရပ်မှန်အတွေ့အကြုံတွေကို များများ ဖွဲ့နွဲ့ရေးသားနိုင်ပါစေဗျာ။

ပျော်ရွှင်ပါစေ။

ရွှေရတုမှတ်တမ်း said...

မနှင်းရေ.. ဘဘကျောက်တို့ U S မှာ single mother တွေ အရမ်းခေတ်စားတယ်..အစိုးရကထောက်ပံ့ကြေးပေးနေတော့ ကလေးပြပြီး ပိုက်ဆံတောင်းစားနေကြတာလေ..သူငယ်ချင်းကိုပြောလိုက်..ဒီပြောင်းလာခဲ့လို့

momiji said...

i hate such kind of man.
I met one guy who lie love .

:(

yaut kyar pain lone.

i wanna kill yaut kyar pain lone.

့hnin said...

မမနှင်းရေ...
အ၇မ်းပဲ စိတ်မကောင်းဖြစ်မိတယ်
ဒီလိုမျိုးဇာတ်သိမ်းသွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး.....မြန်မာမိန်းကလေးတွေ ဖတ်သင့်တဲ့ ပို့စ်လေးတစ်ခုအတွက် ကျေးဇူးတင်မိတယ် မမနှင်းရေ.... သရုပ်ကို ခံစားမှုအမျိုးမျိုးပေါ်လွင်အောင် သရုပ်ဖော်ရေးသားနိုင်တဲ့ မမနှင်းရဲ့ နုညံ့တဲ့ကလောင်အစွမ်းကို လေးစားမိပါတယ်...
အမြဲစောင့်ဖတ်ဖြစ်ပေမယ့် ခုမှ မနေနိုင်လွန်းလို့ ချရေးခဲ့မိတယ် .... မမနှင်း ပျော်ရွှင်ပါစေ...
လေးစားလျှက်
ညီမလေး နှင်းဟေမာ

reenoemann said...

ဖတ်လို့လည်းပြီရော တကယ်လား

စိတ်ကူးလားဆိုတာတော့ သိချင်လာပြန်ရော။

ဖတ်လို့ ကောင်းတယ်။

အားပေးနေပါတယ်ဗျာ

ခင်တဲံ ရီနို

မြစ်ကျိုးအင်း said...

မထင်မှတ်တဲ့ ဇာတ်သိမ်းလေးပါပဲ။။။

စာဖတ်သူကို အဆုံးထိ စိတ်ဝင်တစား ဆွဲခေါ်ခဲ့တယ်...။

စာရေးဟန်လေးကောင်းလို့လဲ ဇတ်လမ်းလေးက ရသ ပိုင်းမှာ ပိုပြီး ထွက်လာတယ်လို့ ထင်မိတယ်။

အထပ်ထပ်အခါခါ ပြောခဲ့သလိုပဲ ဒီလိုရသ စာပေရေးတဲ့ ဘလော့တွေ ပိုပြီးများလာစေချင်သလို ရေးတဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှုလည်း လျော့မသွားစေချင်ပါဘူး။

မြစ်ကျိုးအင်း said...

စာကောင်းလေး တပုဒ်ဖတ်ပြီးတိုင်း ကျေနပ်အားရ မှုတခုကို ရလေ့ရှိတယ်။အခုလည်း ကျေနပ်နေမိတယ်

တကယ်ကို အားပေးပါတယ်

ရသ တခုခု ရှိတဲ့ စာလေးတွေ ထပ်ဖန်တီးမယ်
လို့မျှော်လင့်ပါတယ်။

...ခင်မင်သောအားဖြင့်...

လင်းကြယ်ဖြူ said...

အင်း..ဖြစ်ပြီးမှတော့ ရင်ဆိုင်ခြင်းသတ္တိတွေပဲ ရောက်လာပါစေလို့ သူ့ကိုဆုတောင်းပေးရမှာပေါ့နော..
မှတ်သားစရာတွေ အများကြီး ပါတဲ့ စာမူကောင်းပါပဲခင်ဗျာ..
ပျော်ပါစေ
*.*.*

lucky said...

ညံ့ဖျင်းတဲ့ ယောကျာ်းတစ်ယောက်ကြောင့်ခံစားရတဲ့မိန်းကလေး ကို အရမ်းသနားမိပါတယ် မိန်းကလေးတွေအတွက်လည်း ဆင်ခြင်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲနော်

ရေးတဲ့ မနှင်းလည်းတော်တော်အရေးအသားလေး ကောင်းပါတယ်ဗျာ
ဒီအခန်းဖော်ကိုဖတ်မယ်ဆိုပြီးအလုပ်လေးနည်းနည်းရှုပ်ချင်ယောင်ဆောင်နေလို့ မအောင်မြင်တာ ဒီနေ့မှသေသေချာချာ ရှာပြီးဖတ်လိုက်တာ ဖတ်ရကျိုးနပ်ပါတယ်ဗျာ နောက်လည်းအမြဲလာဖတ်ချင်ပါတယ်

ခင်မင်လေးစားလျက် honour

ခရေညို said...

တော်တော်ကို ကံဆိုးရှာတာပဲနော်။ အတိတ်ဘဝကံပဲပေါ့။ဇာတ်သိမ်းကဘယ်လိုမှတွေးလို့မရအောင်ပါပဲ။ တခုကိုရွေးလိုက်ရင် တခုကိုဆုံးရှုံးရမှာ။ဟူး ရင်မောလိုက်တာ............

မိုးစက်အိမ် said...

ဒီလို အဖြစ်မျိုးတွေ ဘယ်နှစ်ယောက်တောင်များရှိ
နေလည်းမသိဘူးဗျာ . . . သံသရာ အဆက်ဆက်မှာ
ဒီလို အဖြစ်စိုးကနေ အဲမိန်းကလေး ကင်းလွတ်ပါစေဗျာ

ချမ်းလင်းနေ said...

ရင်ဘတ်ထဲမှာ တမျိုးကြိးပဲ ဟာဟာတာဖြစ်ကျန်ခဲ့တယ်ဗျာ။ ဘာကိုဘယ်လို ပြောရမှန်းမသိတော့ဘူး။ သနားရမလား၊ အပြစ်တင်ရမလား၊ နောက်နောင်လူသားမလေးတွေ ဂရုပြုဖွယ်ရာနှင့် လူသားထီးကလေးများ ဆင်ခြင်စရာ တွေရသွားနိုင်ပါတယ် မနှင်းရေ။

ကိုချစ်ဖေ said...

အကြောင်းအရာ ရိုးရိုးလေးပေါ်မှာ တင်ပြသွားပုံနဲ့ သရုပ်ဖေါ်သွားတဲ့ပုံစံတွေက လှတယ်ဗျာ..အခြားပိုစ့်တွေတော့ နောက်နေ့မှ လာဖတ်တော့မယ်..

အမရာ said...

ဖတ်ရတာရင်နာလိုက်တာ...
စကားလုံးတွေဆို့နင်လို့..
ခံစားရတယ်..

ဒူဘိုင်းရောက် ရွှေမြန်မာများရဲ့

Documents for Embassy

Middle East ရောက် မြန်မာများအတွက် passport သက်တမ်းတိုးရန်နှင့် အခွန်ဆောင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဆော်ဒီသံရုံး -

ဧည့်မှတ်တမ်းလေး

My Blog List