ကျွန်မရဲ့ ကန့်ကူလက်လှည့်

သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာ ဆိုတဲ့စကားလုံးတွေထက် ကန့်ကူလက်လှည့် ငယ်ဆရာ ဆိုတဲ့ အဆိုလေးကို ရင်းရင်းနှီးနှီး စပြီးကြားဖူးခဲ့တာ အဖေ့ဆီက ဖြစ်ပါသည်။

အဖေက ကဗျာဆန်သလို တခါတရံ စကားပြောရင်လဲ စာသံပေသံတွေနဲ့ နောက်တီးနောက်တောက် ပြောတတ်သူတစ်ယောက်မို့ အဖေနဲ့စကားပြောရင် ဘယ်တုန်းကမှ မပျင်းရပါ။

အိမ်မှာ သားသမီးတွေ ပညာရေး အတွက် အမြဲစိတ်မအေးနိုင်တဲ့ သူကအဖေပါ။ ကျွန်မမောင်နှမတွေအားလုံး အင်္ဂလိပ်စာကို အဖေ့ရှေ့မှာ ဘယ်သူမှ အသံထွက်ပြီး မဖတ်ရဲကြ။ တစ်ယောက်ယောက်က ယောင်ယမ်းပြီး စာလုံးတစ်လုံးလောက် အော်ဖတ်လိုက်လို့ကတော့ အဖေ့အတွက် သင်စရာ အကွက်ရသွားသလို အော်ဖတ်လိုက်တဲ့သူကလဲ အဖေ့စိတ်တိုင်းကျ အသံမထွက်မချင်း ထပ်ခါတလဲလဲ ဆိုနေရတတ်ပါသည်။ အဖေ့စိတ်ကြိုက် အသံမထွက်လာပါက မရမချင်း အအော်ခံရတတ်ပါသည်။

နောက်ဆုံးတော့ ကျွန်မတို့ မောင်နှမတွေ အားလုံး ဘွဲ့အသီးသီးရသည်အထိ အဖေ့ရှေ့မှာ အင်္ဂလိပ်စာကို အသံထွက်ပြီး မဖတ်ရဲခဲ့ကြပါ။ အဖေကိုယ်တိုင်က ဆယ်တန်းအထိသာ ကျောင်းတက်ခဲ့ပီး ဘွဲ့မရခဲ့ပါ။ ဒါပေမယ့် အဖေ ငယ်စဉ်ကတည်းက တက်လာခဲ့တဲ့ကျောင်းတွေက အင်္ဂလိပ်သာသနာပြုကျောင်းတွေ ဖြစ်တာမို့ အင်္ဂလိပ်စကားပြောတဲ့ ဆရာတွေနဲ့ စနစ်တကျ သင်ခဲ့တဲ့အဖေက သားသမီးတွေရဲ့ အင်္ဂလိပ်အသံထွက်တွေကို ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့ပါ။

ပြီးတော့ သားသမီးတွေ လက်ရေးမလှမှာကိုလဲ အဖေက စိတ်ပူတတ်ပါသေးသည်။ အဖေရော အမေပါ လက်ရေးလက်သား သေသပ်လှပအောင် ရေးနိုင်ကြပါသည်။ သားသမီးတွေ အားလုံးကိုလဲ လက်ရေးလှလှလေးတွေ ရေးနိုင်ဖို့ အဖေကိုယ်တိုင် တဖွဖွ မှာနေခဲ့သလို ကျွန်မတို့ စာရေးတဲ့ ခဲတံတွေအားလုံးကိုလဲ အဖေကိုယ်တိုင် ချွန်ပေးခဲ့ဘူးပါသည်။

အခုချိန်ထိ အလုပ်ထဲမှာ ခဲချွန်စက်နဲ့ ခဲတံချွန်တိုင်းလဲ ဓါးပါးပါးလေးနဲ့ အဖေချွန်ပေးခဲ့တဲ့ မချွန်မတုံး ခဲတံလေးတွေကို ကျွန်မ သတိရနေခဲ့ပါသည်။

ကျွန်မတို့မောင်နှမတွေထဲမှာတော့ လက်ရေးမလှတဲ့သူက တချိန်လုံးမျက်နှာ ငယ်ရပါတော့သည်။ ကျွန်မ မှတ်မိသလောက် အကိုကြီးရဲ့ လက်ရေးက ပဲပင်ပေါက်လို ရှည်မျောမျော ထိုးထိုးထောင်ထောင် အဖေက အကိုကြီးရဲ့ လက်ရေးကို ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့။ ဘုန်းကြီးကျောင်းသား လက်ရေးလို့ ထောပနာပြုတတ်သလို အခွင့်ရတိုင်းလဲ လက်ရေးမလှတဲ့အကြောင်းကို ပြောလို့မဆုံးခဲ့ပါ။

အကိုကြီးလဲ သူ့လက်ရေးပဲပင်ပေါက်တွေကို မကြာခဏ ခလုတ်တိုက်ခံနေရတာမို့ ဘွဲ့ရခါနီးမှ လက်ရေးလှစာအုပ်ဝယ်ပီး အင်္ဂလိပ်စာရော မြန်မာစာပါ ပြန်ရေးရပါတော့သည်။

(အလုပ်ထဲမှာ ဘယ်လိုမှ ကြိုးစားပြီး ဖတ်လို့မရတဲ့ နိုင်ငံတကာက လက်ရေးလက်သားတွေ တွေ့တိုင်း ဘွဲ့ရခါနီးမှ ဝလုံးပြန်ရေးနေတဲ့ အကိုကြီးကို သတိရမိပါသည်။ )

အဖေ့ကျေးဇူးကြောင့် အခုတော့ ကျွန်မအကိုကြီးရဲ့ ပဲပင်ပေါက် လက်ရေးထိုးထိုးထောင်ထောင်တွေက ဝိုင်းဝိုင်းစက်စက် လှလှပပ ဖြစ်လာခဲ့ပါသည်။ ကျွန်မဆီကိုစာလာလို့ အကိုကြီးရဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေ မြင်ရတိုင်လဲ အဖေနဲ့ အကိုကြီးရဲ့ လက်ရေးလှ စစ်ပွဲကို ပြန်မြင်ယောင်ပြီး ခဏခဏ ပြုံးမိပါသည်။

ကျွန်မကိုယ်တိုင်လဲ အဖေနဲ့လဲ မကြာခဏ ပြဿနာတက်ခဲ့ဘူးပါသည်။ အဓိက တက်တဲ့ပြဿနာတွေက ကျွန်မဖတ်တဲ့ စာအုပ်တွေက စပါသည်။ ကျွန်မက တွေ့သမျှ မြင်သမျှ စာအုပ်ကို ဖတ်လေ့ရှိသူ။ မျက်စိရှေ့တွေ့သမျှ အချစ်ဝတ္တု သိုင်းဝတ္တုကစလို့ မဂ္ဂဇင်း ဂျာနယ် အတ္ထုပတ္တိ သမိုင်း ရာဇဝင် မှန်သမျှ အသည်းအသန် ဖတ်တတ်သူ။ စာမှန်ရင် ကောင်းကောင်းဆိုးဆိုး မဝေဖန်ပဲ တွေ့သမျှကို မလွတ်တမ်းဖတ်ခဲ့ပါသည်။

အဖေကတော့ ကျွန်မလိုမဟုတ်ပါ။ ကျွန်မ စာအုပ်ဖတ်နေချိန်မှာ ဘာစာအုပ်တွေလဲလို့ စပ်စပ်စုစုမေးမြန်းတတ်ပီး သူမကြိုက်တဲ့ အချစ်ဝတ္တုဖတ်နေရင်လဲ ပွစိပွစိ ပြောလို့မဆုံးတော့ပါ။ အပျော်ဖတ် အချစ်ဝတ္တုတွေဖတ်တာကို အဖေက အားမပေးခဲ့ပါ။ နာမည်ကျော် စာရေးဆရာမတွေရဲ့ အချစ်ဝတ္တုတွေ ဖတ်မိတိုင်းလဲ အဖေနဲ့ ခဏခဏ စကားများခဲ့ရပါသည်။

“အဲလို အရည်မရ အဖတ်မရစာတွေဖတ်လို့ ဘာအကျိုးရှိမှာလဲ နောင်တချိန် ညည်းစာရေးရင် ဘယ်လိုစာတွေရေးမှာလဲ” လို့ မဆီမဆိုင်မေးတတ်ပါသေးသည်။ အဲဒီချိန်တုန်းကတော့ ကျွန်မစာရေးဖို့ စိတ်ကူး စိုးစဉ်းမျှ မရှိခဲ့ပါ ။ဒါပေမယ့် တချိန်ချိန်မှာ ကျွန်မစာရေးဖြစ်လိမ့်မယ် ဆိုတာကိုတော့ အဖေက မှန်းဆမိနေခဲ့ပုံရပါသည်။

အဖေကိုယ်တိုင်ကလဲ စာဖတ်သူတစ်ယောက် အဖေစွဲစွဲမြဲမြဲ ဖတ်လေ့ရှိတဲ့စာအုပ်တွေက ရသစာပေတွေ။ ကာတွန်းစာအုပ်က စလို့ ရှိရှိသမျှ ဖတ်ဖွယ်ဖတ်ရာ စာအုပ်မှန်သမျှ သေသေချာချာ ရွေးပြီးဖတ်လေ့ရှိပါသည်။
ကာတွန်းတွေထဲမှာ အရိုင်းဇာတ်ကောင်ကို အဖေက အလွန်သဘောကျပါသည်။ မဂ္ဂဇင်းဆိုရင် အဖေ့အသည်းစွဲက စံပယ်ဦး မဂ္ဂဇင်း ။ တစ်ခါတုန်းက ရပ်ကွက်ထဲက စာအုပ်ဆိုင်က စာအုပ်ဟောင်းတွေ ရှင်းထုတ်တော့ စံပယ်ဦးစာအုပ်တွေ အကုန်လုံးနီးပါး အဖေကဝယ်လာခဲ့ဘူးပါသည်။

မစန္ဒာရဲ့ ဝတ္တုတိုတွေကိုလဲ အဖေက သဘောကျသည်။ မစန္ဒာရဲ့ ပုဇွန်ကြား ခုနစ်ကောင် ဝတ္တုတိုလေးကိုလဲ သတိရတိုင်း ပြန်ပြောပြတတ်ပါသည်။ တခါတရံ အိမ်မှာ ပုဇွန်ဟင်းချက်လို့ စကားစပ်မိတိုင်းလဲ စာအုပ်ကိုရှာပြီး ပုဇွန်ကျား ခုနစ်ကောင်ကို ပြန်ဖတ်ခိုင်းလေ့ရှိပါသည်။

ကျွန်မကိုလဲအခွင့်သင့်တိုင်း လမ်းကြုံတိုင်း သူကြိုက်တဲ့ ဝတ္တုတွေကို အသံထွက်ပြီး ဖတ်ပြခိုင်းတတ်ပါသည်။ကျွန်မ အလုပ်အားရက်တွေမှာတော့ အချိန်ရရင်ရသလို အဖေ့ကို စာအုပ်တွေ ဖတ်ပြခဲ့ဘူးပါသည်။

အဖေ့ရဲ့ အကြိုက် အခြားစာအုပ်တစ်အုပ်ကလဲ ဆရာချစ်စံဝင်းရဲ့ အမေနဲ့ အမေ့အကြောင်း စာအုပ်လေးပဲဖြစ်ပါသည်။ အဖေကြိုက်တဲ့စာအုပ်လေးကို ကျွန်မလဲကြိုက်နှစ်သက်တာမို့ အကြိမ်ပေါင်းများစွာ အဖေ့ကို ဖတ်ပြခဲ့ရပါသည်။ စာအုပ်ဖတ်ပြီးတိုင်းလဲ အဖေက သမီး အဲဒီစာအုပ်လေး မကောင်းဘူးလား ဘယ်နေရာမှာ ဘယ်သူက ဘယ်လိုပြောတာ ဆိုပြီး စမြုံ့ပြန်ပြီး ပြန်ပြောနေတတ်ပါသေးသည်။

အဖေက မကောင်းဘူးလားမေးတိုင်းလဲ ကျွန်မက ကောင်းတယ်လို့ တစ်ခါမှမပြောပဲ နှာခေါင်းပဲရှုံ့ပြခဲ့ဘူးပါသည်။ တကယ်တော့ အဖေ့ကို စချင် နောက်ချင်စိတ်နဲ့သာ နှာခေါင်းရှုံ့မိပေမယ့် အဖေကြိုက်နှစ်သက်သော စာအုပ်များကို ကျွန်မလဲ နှစ်သက်ခဲ့ပါသည်။ အဖေစာဖတ်ခိုင်းချိန်တွေမှာ ကောင်းတယ်ပြောမိရင် ခဏခဏ ဖတ်ပြရမှာ သေချာတာမို့ တစ်ခါမှတော့ ကောင်းတယ်နော်လို့ မပြောဖြစ်ခဲ့ပါ။

ဆရာကြီး ဦးရန်အောင်ကို သူ့အမေက အမြဲမှာတတ်တဲ့စကားတစ်ခွန်းကိုလဲ အဖေက တချိန်လုံး တဖွဖွပြောနေတတ်ပါသေးသည်။ ဆရာကြီး အသက် ၆၀ ကျော်သည့်တိုင် “ဟဲ့ ငရံ ကားလမ်းဖြတ်ကူးရင် သေသေချာချာ ကူးနော် “လို့ မှာတတ်တဲ့ ဆရာဦးရန်အောင်ရဲ့ အမေအကြောင်းကတော့ ခဏခဏ ဖတ်ရလွန်းတာမို့ စာမျက်နှာတောင် အလွတ်ရလုရခင် ဖြစ်ခဲ့ပါသည်။

အဖေ့ရဲ့ အသည်းစွဲ စကားပြေတစ်ပုဒ်လဲရှိပါသေးသည်။ အဖေ့ရဲ့ အသည်းစွဲ ကျွန်မတို့မောင်နှမတွေရဲ့ အသည်းမစွဲတစွဲ စကားပြေကတော့ အထက်တန်း မြန်မာစာ သင်ရိုးဟောင်းထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား စကားပြေလေး ဖြစ်ပါသည်။
မင်းတုန်းမင်း ဖြစ်လာမယ့် မောင်လွင်ကို ငါးခြောက်ပြား သိမ်းခိုင်းတဲ့ မင်းဆရာတော် ဦးစန္ဒိမာရဲ့ ငါးရံ့ခြောက်နှစ်သက်ပုံနဲ့ မောင်လွင်ကို ကျောကွဲအောင် ကြိမ်လုံးနဲ့ရိုက်ပြီး ဆုံးမနေပုံကို မြင်ယောင်စေတဲ့ စကားပြေလေးက ကျွန်မ အလွတ်ရလုနီးပါး ဖတ်ပြခဲ့ရတဲ့ စကားပြေတစ်ပုဒ်လဲ ဖြစ်ပါသည်။

မင်းတုန်းမင်းနှင့် ငါးခြောက်ပြား စကားပြေကို ဖတ်ပြီးတိုင်းလဲ သမီးရေ ကံ့ကူလက်လှည့် ငယ်ဆရာဆိုတာ ဘယ်လိုကွဲ့ ဆရာတော်က မောင်လွင်ကို ဘာ့ကြောင့် ဘယ်လို ဆုံးမခဲ့သလဲ မောင်လွင်ရဲ့ မယ်တော်ကလဲ ဆရာတော်ကို ဘာ့ကြောင့် အပြစ်မမြင်ခဲ့တာလဲ ဆိုတဲ့ ရှင်းလင်းချက်ကိုလဲ စီကာပတ်ကုံး ရှင်းပြတတ်ပါသေးသည်။ (အခုတော့ မင်းတုန်းမင်းကြီး နိုင်ငံတော်ကို စနစ်တကျ အုပ်ချုပ်ခဲ့ပုံ စည်းစနစ် ကြီးခဲ့ပုံတွေကို မကြန်ရေးတဲ့စာအုပ်တွေထဲမှာ ထပ်မံမှတ်သားမိပြန်တော့ အဖေ့ကို ဖတ်ပြချင်စိတ်တွေ ပေါ်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခေါက် အိမ်ပြန်ချိန်မှာ အဖေ့ကို ဖတ်ပြဖို့ စာအုပ်တစ်အုပ် တိုးခဲ့ပါပီ။)

ကျွန်မတို့ မောင်နှမတွေထဲမှာ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြားကို မဖတ်ဘူးတဲ့သူ မရှိသလောက် အဖေ့လက်ထဲမှာ အဲဒီ စကားပြေ စာအုပ်တွေ့ရင်လဲ မောင်နှမတွေ အလျှိုလျှို ပျောက်သွားတတ်ကြပါသည်။ အကိုတွေအမတွေအားလုံးကတော့ အဖေ့ကို စာဖတ်ပြရမှာ ပျင်းကြပါသည်. စာဖတ်ဖို့ကိုလဲ စိတ်မဝင်စားကြပါ။

နောက်ဆုံးမှာတော့ အဖေ့အတွက် ပင်တိုင် စာဖတ်ပြဖို့တာဝန်ကျလာသူက ကျွန်မတစ်ယောက်တည်း ကျန်ပါတော့သည်။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဖေခိုင်းတိုင်း မရိုးနိုင်တဲ့စာအုပ်တွေကို ဖတ်ပြရလွန်းတော့ ကျွန်မလဲ အဖေကြိုက်တဲ့စာအုပ်တွေကို ကြိုက်တတ်လာခဲ့ပါသည်။

အဖေကျွန်မတို့ကို စာဖတ်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်ကိုလဲ ရိပ်မိလာခဲ့ပါသည်။ အဖေကိုယ်တိုင် စာဖတ်နိုင်သူတစ်ယောက် ဖြစ်တာမို့ စာဖတ်ရမှာ ပျင်းသူတစ်ယောက်မဟုတ်ခဲ့ပါ။ စာဖတ်ရမှာ ပျင်းရုံသက်သက်နဲ့တော့ သားသမီးတွေကို တကူးတက ခိုင်းနေမှာ မဟုတ်တာတော့သေချာပါသည်။ ကျွန်မတို့မောင်နှမတွေကို ရသစာပေတွေနဲ့ ရင်းနှီးလာအောင် မိတ်ဆက်ပေးရုံသက်သက် စာကောင်းပေကောင်းတွေ ရွေးဖတ်တတ်အောင် သင်ယူပေးခြင်းသက်သက်လဲ ဖြစ်နိုင်ပါသည်။

အဖေဖတ်ခိုင်းတတ်သော အဖေဖတ်လေ့ရှိသော စာအုပ်များအားလုံးသည် အပျော်ဖတ်စာပေများမဟုတ်ပဲ အသိပညာ ဗဟုသုတနှင့် ရသပေးနိုင်သော စာအုပ်များသာဖြစ်ခဲ့ပါသည်။ စာဖတ်ခြင်းအမွေကိုတော့ အဖေ့ဆီကပင် အပြည့်အဝရခဲ့ပါသည်။

စာဖတ်သူပီပီ အဖေက ပုံတိုပတ်စ ဟာသတိုတိုထွာထွာများကိုလဲ ပြောတတ်ပါသေးသည်။ တခါက အညာသူအညာသားများ ကပ်စေးနည်းတဲ့ အကြောင်းပြောမိတော့ အဖေက အညာသားရေနစ်တဲ့ပုံပြင်လေးကို ပြောပြခဲ့ဘူးပါသည်။

အညာသားတစ်ယောက်ရေနစ်နေချိန်မှာ သွားကယ်မိတဲ့သူက “ဟေ့လူ လက်ပေး” လို့ လှမ်းပြောတော့ အညာသားက လက်ကို မကမ်းပဲ ပေပြီးတော့နေတယ် တဲ့။ နောက်မှ ကယ်တဲ့သူက သူကယ်နေတာက အညာသားဆိုတာ သတိရသွားပြီး “ဟေ့လူ ဒီမှာ ကျုပ်လက်ကို လှမ်းယူလိုက်” ဆိုမှ အညာသားက လက်ကို လှမ်းဆွဲတယ်လို့ ပြောပြဘူးပါတယ်။

အညာသားတွေများ ရေနစ်ပီး သေခါနီးဆဲဆဲမှာတောင် ပေးဆိုတဲ့စကားလုံးထက် ယူပါဆိုတဲ့စကားလုံးကိုသာ လက်ခံချင်ကြတာ အာဂ ကပ်စေးနည်းတွေလို့ အားရပါးရပြောတတ်တဲ့ အဖေက အခုတော့ အညာသူ ချွေးမတစ်ယောက်ရလို့ ချွေးမကိုလဲ အခွင့်ရတိုင်း အညာသားရေနစ်တဲ့ပုံပြင်ပြောပြပြီး ကျီစယ်နေတတ်ပါသည်။ (အညာသားစစ်စစ်များဖြစ်သော ကိုရေတမာနဲ့ ကိုနေစိုးနိုင်ကို မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ။)

ကျွန်မအတွက်တော့ အဖေ ပြောပြောနေခဲ့သော ကံ့ကူလက်လှည့် ငယ်ဆရာသည် အဖေကိုယ်တိုင်လဲ ဖြစ်ခဲ့ပါသည်။

ကျွန်မစာရေးဖို့ စဉ်းစားတိုင်း ဒီလိုစာမျိုးရေးရင် အဖေလက်ခံနိုင်ပါ့မလား။ ကျွန်မရေးတဲ့စာဟာ သုတစာပေ ဖြစ်မလား ရသစာပေဖြစ်မလား အပျော်ဖတ် သက်သက် စာပေဖြစ်နေမလား ဆိုတဲ့ အတွေးတွေက ကျွန်မကို အချိန်တိုင်းလဲ နှိပ်စက်နေခဲ့ဘူးပါသည်။ လူငယ်ပီပီ လူငယ်လက်ခံနိုင်မယ့် ပေါ့ပေါ့ပါးပါး စာလေးတွေ ရေးဖို့ကြိုးစားတိုင်းလဲ အဖေကြိုက်တဲ့စာမျိုး မဟုတ်ဘူးနဲ့တူပါရဲ့လို့ ပြန်သုံးသပ်မိပြီး ဆက်မရေးဖြစ်တဲ့ စာတွေလဲ ရှိခဲ့ဘူးပါသည်။

ကျွန်မရဲ့စာတွေထဲမှာ ဘဝပေးရသတွေ တော်တော်များများ ပါနေတာကတော့ အဖေ့ဆီကရခဲ့တဲ့ စာဖတ်ခြင်း အမွေကြောင့်ပဲ ဖြစ်နိုင်ပါသည်။ စာရေးတဲ့သက်တမ်း သိပ်မကြာလှသေးပေမယ့် စာရေးတိုင်း အဖေ့ကို မြင်ယောင်ပြီး ရေးဖြစ်ခဲ့ပါသည်။

ဒါပေမယ့် အခုလို ကျွန်မ စာရေးနေချိန်မှာတော့ ကျွန်မရေးတဲ့ စာတွေကို အဖေဖတ်လို့မရနိုင်တော့ပါ။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲကြောင့် အဖေ့မျက်လုံးအခြေအနေက စာဖတ်ဖို့(လုံးဝ)အခွင့်အရေးမပေးတော့ပါ။ အရာဝတ္တုတွေကိုလဲ သဲသဲကွဲကွဲ မမြင်ရတော့ပါ။

အစပိုင်းမှာတော့ အဖေက သားသမီးတွေ စိတ်မကောင်းဖြစ်မှာစိုးတာကြောင့် မျက်လုံးတွေ မမြင်ရတာကိုလဲ ဖွင့်မပြောပဲ တီဗီရှေ့မှာ ထိုင်ပြီး ဟန်ဆောင်ပန်ဆောင်နဲ့ တီဗီကြည့်ပြတတ်ပါသည်။ ခပ်တည်တည်နဲ့ ကားမောင်းပြီး မြေးတွေကို မူကြိုပို့ပြပါသေးသည်။ ဒါပေမယ့် အမေ့ကိုတင်ပြီး စက်ဘီးစီးခဲ့တဲ့ တစ်ရက်မှာတော့ စက်ဘီးမှောက်ပြီး အဖေရော အမေပါ နဖူးကွဲ ဒူးပြဲမှ အဖေ့မျက်လုံးတွေ ကောင်းကောင်းမမြင်ရတာကို ကျွန်မတို့သိရခွင့်ပါသည်။

ကျွန်မအဝေးရောက်နေချိန်မှာတော့ အဖေ့ကို စာဖတ်ပြမယ့်သူ မရှိတာမို့ အဖေလဲ ရေဒီယိုနဲ့ တီဗီကိုသာ အဖော်ပြုနေရမှာသေချာပါသည်။ တခါတရံမှာတော့ အမေက ကျွန်မကိုယ်စား အဖေ့ကို စာဖတ်ပြကောင်း ဖတ်ပြနေပါလိမ့်မည်။

ကျွန်မကတော့ အဖေ့ဆီက ရခဲ့ဘူးတဲ့ အသိတရားတစ်ခု အထိန်းအကွပ်တစ်ခုနဲ့ စာတွေရေးဖြစ်ခဲ့ပါသည်။ တခါတရံမှာတော့ သုတ ရသ တစ်ခုခု မပေးနိုင်ပဲ ဘယ်လိုစာမျိုးကိုမှ မရေးတော့ဘူးလို့လဲ ဆုံးဖြတ်မိတာတာမို့ နှင်းနဲ့မာယာ တစ်ယောက် ခုနောက်ပိုင်းမှာ စာရေးကြဲနေခဲ့ပါသည်။ ဒါပေမယ့် အချိန်ရရင် ရသလို စာရေးဖြစ်နေမှာတော့ သေချာပါသည်။
အဖေကလဲ ကျွန်မစာရေးတာကို အားပေးနေမှာ သေချာပါသည်။

ဒီပို့စ်လေးကိုတော့ ကျွန်မရဲ့ ကံ့ကူလက်လှည့် အဖေဖတ်ဖို့ အမှတ်တရ ရေးခြင်းဖြစ်ပါသည်။

21 comments:

Beauty Studio USA Branded Store said...

အဖေတစ်ယောက်ရဲ့အကြောင်းလေးကို ပီပြင်စွာဖွဲ့တည်သွားနိုင်လိုက်တာဗျာ။

Nyi Nyi said...

ရသလို့နာမည်တတ်ပြီးရသမမြောက်တဲ့စာတွေ၊ သုတဆိုပြီးဘယ်လိုသုတမှန်းမသိတဲ့ဟာတွေထက်စာရင်အားလုံးကောင်းတယ်။ ဆက်ရေး။ ကန့်ကူလက်လှည့်တစ်ယောက်သဘောကျမယ်လို့ထင်ပါတယ်။

ကိုချစ်ဖေ said...

ကျနော်ငယ်ငယ်က သတင်းစာခေါင်းကြီးပိုင်းကို ဖတ်ပြရင် အဖေနဲ့ အမေက မုန့်ဖိုးအပြင် ဆယ်ပြားပေးတယ် အဲ့ဒီဆယ်ပြားက မုန်ဟင်းခါးတပွဲစာပေါ့ ကျနော်က စုထားရတယ်.
သတင်းစာခေါင်းကြီးကို ဖတ်တာ ကလေးဆိုတော့ နားမလည်ပါဘူး ဗျာ ဒါပေမဲ့ အလုံးကြီးတွေ ဖတ်ရတော့တော်ရုံစာကို ဖတ်ဖို့ မကြောက်တော့တာ အဖေနဲ့ အမေကျေးဇူးပါ.နားမလည်လဲ ဖတ်ဖြစ်သွားရင်း
နားလည်လာတော့တာ

မြစ်ကျိုးအင်း said...

စာဖတ်ခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေ များစွာ ရှိပါတယ် မနှင်းလည်းသိမှာပါပဲ။ စာတကြောင်းကို ဖျတ်ခနဲဖတ်လိုက်ရင်တောင် တနေရာရာမှာ စာလုံးပေါင်း မှားနေပြီဆိုတာတောင် သိရတာပါပဲ ပြီးမှ ဘယ်နေရာကမှားနေလဲ သေသေချာချာရှာရင် တွေ့တာ ပါပဲ။နောက်ထပ်အကျိုးကျေးဇူးတွေလည်း အများကြီးပါ ပဲ။ ငယ်စဉ်ထဲက စာဖတ်ခဲ့တဲ့သူတယောက်ကို တုတ်ကိုင် ပြီးဆုံးမဖို့မလိုပါဘူး...။
မနှင်းရဲ့အဖေ သားသမီးတွေကိုပေးခဲ့တာတွေ သိပ်ကောင်းပါတယ်။
စာကိုအသံထွက်ဖတ်ခဲ့တဲ့ အကျိုးကြောင့် စာအရေးအသား ပြေပြစ်တာပါ။ ကျနော်လည်း အခုထိ ပို့စ်တင်ခါနီးတိုင်း အသံထွက်ဖတ်ပြီး ပြင်နေရတာပါပဲ။

emayarKhin said...

မရဲ့အဖေဖတ်ရရင်သိပ်ပျော်တော့မှာပဲ...

Anonymous said...

မမနှင်း
ကံ့ကူလက်လှည့် ....ခေါင်းစဉ်လေးကနေ စပြီး အစ အဆုံးရေးသားထားတဲ့ စာလုံးတိုင်းကို လေးလေးစားစားဖတ်မှတ် သုံးသပ် သွားပါတယ် ...။
မမနှင်း ရဲ့ အဖေကိုလဲ အရမ်းလေးစားမိတယ်...
အပြင်မှာ မြင်တွေ့ခွင့်ရပြီး စကားတွေအများကြီးပြောချင်မိတယ် ...
စာတွေအားရပါးရဖတ်ပြချင်မိတယ် .....
ဖြစ်နိုင်ရင် မမနှင်းတို့ မိသားစုနဲ့ အပြင်မှာ ဆုံးဆည်ချင်မိတယ် ....။ အစ်မ ရေးသားပုံလေးကို နှင်း သတိထားမိနေတာ ... ပြေပြစ်တယ် ..တစ်ပုဒ်ဆိုတစ်ပုဒ် လာဖတ်ရကျိုးနပ်တယ် ...
အားပေးနေတယ်နော် ... ဒီ့ထက်မက အောင်မြင်တဲ့ နှင်းနဲ့မာယာ အဖြစ် ရပ်တည်နိုင်ပါစေလို့ ဆန္ဒပြုပါတယ် ...
ချစ်ခင်လေးစားလျှက်
နှင်းဟေမာ

kay said...

ဖခင် နဲ့ သားသမီး ဆက်ဆံရေးလေးကို..နားလည်စွာ..ကြည်နူးစွာ.. ထပ်တူကျစွာ.. ခံစားလိုက်ရတယ်။

အခန်းဖော်လေးလဲ..အဆုံးသတ်ဖတ်တော့..သူမအပေါ်..ဘာမှတ်ချက်မှ ပေးလို့မရ နေဘူး။
ဖြစ်နေကြတဲ့..ဖြစ်လာနိုင်တဲ့.. သူ့ရွေးချယ်မူပေပဲ..လား။

ခင်မင်စွာနဲ့..မကေ

Anonymous said...

မိတ်ဆွေကောင်းနဲ့ တူတဲ့ အဖေမျိုးရခဲ့ တဲ့ အတွက်အားကျ
မိပါတယ်...
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဖခင်ကြီးဆုံးပါး
သွားခဲ့ လို့ ဒီိလို အခွင့် အရေးမျိုးမရခဲ့ ရပါဘူး....
ကိုယ့် ဘာသာကိုယ်ပဲ ကြိုးစားထိန်းကျောင်းပြီး ဖတ်ရှု
လေ့ လာနေခဲ့ ရတာပါပဲ...

Anonymous said...

ကလျာဏ မိတ္တသမ္ပဒါ ( မိတ်ဆွေကောင်း ဆိုတဲ့ 
တရားနဲ့ ပြည့် စုံပါပေတယ် ) ပေါ့ ဗျာ....
ဘ၀ရဲ့  ရခဲ တဲ့ ဆုလာဘ် တစ်မျိုးပါပဲ....

သီဟသစ် said...

မနှင်းရေ..

ကံ့ကူလက်လှည့် မနှင်းရဲ့ အဖေတော့ ဒီစာလေးကို နားထောင်ရရင် ကျေနပ်မိမှာ သေချာပါတယ်ဗျာ။ သူရဲ့လေ့ကျင့်ပေးမှုတွေကြောင့် မနှင်းမြန်မာစာတော်ခဲ့ပြီး ခုလို စာရေးကောင်းနေတာနေမှာ။


ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

သူကြီးမင်း (တုံးဖလား) said...

မနှင်းရေ
စာဖတ်ရင်း မနှင်းရဲ့ အဖေပုံစံကို မြင်ယောင်နေမိတယ်။ သားသမီးတွေအတွက် စံပြဖခင်တစ်ယောက်ပါ။ ဒါပေမဲ့ မျက်လုံးရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူးလို့ သိရတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်။
ကျနော့်အဖေလဲ ဆီးချိုကြောင့် မျက်လုံးကွယ်ပြီး နောက်ဆုံးတော့ ဆုံးပါးသွားခဲ့ရပါတယ်။ တောရွာမှာနေရတာဆိုတော့ ဆေးဝါးကောင်းကောင်းမရနိုင်ခဲ့ဘူးလေ။အခု မနှင်းရဲ့ အဖေလဲ ဆီးချိုရောဂါဆိုတော့ ကျနော်ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ အခုခေတ်က ဆေးဝါးကောင်းတွေရှိနေပြီလေ။ မနှင်းအဖေ ဆီးချိုရောဂါက မြန်မြန်ပျောက်ကင်းနိုင်မှာပါ။

အားလုံးအဆင်ပြေပါစေ။

နေစိုးနိုင် said...

အမနှင်း
ရဲ့အဖေကိုလေးစားမိပါတယ်..
နောက် အမ နဲ့ အတူ မိဘ မေတ္တာကို အသိအမှတ်ပြု လက်ခံတဲ့ အပေါ်က ဘလော့ဂါ အစ်ကို အမများအပါအ၀င် ..
အမိ .. အဖ
ကျေးဇူး ကိုသိတတ်သူများအားလုံးကို ..လေးစားပါတယ်...
တနေ့ ... ကျွန်တော်တို့တွေ ..မိဘ နေရာ ရောက်လာခဲ့ရင်.. ဟင်း... မတွေးရဲလို့ဆက်မတွေးတော့ပါ..

ahphyulay said...

နောက်ကျပြီးရောက်လာလို့ ခွင့် လွှတ်ပါဗျာ။
အခုတလောအလုပ်ကျနေလို့  sunday ပါတက်နေရပါတယ်။
ပို့ (စ)လေးကို အကျမ်းဖျင်းတော့  ဖတ်ပြီးပါပြီ။
နောက်တခေါက်ထပ်ဖတ်ပြီးမှ ထင်တာလေးပြောတော့ မယ်။

kiki said...

သားသမီးတွေ စာအရေးအသား ကောင်းမွန်ပြေပြစ် အောင် ၊ လက်ရေးလက်သားက စပြီး လှပအောင် စနစ်တကျ လေ့ကျင့် သွန်သင် ပေးခဲ့တဲ့ မနှင်း ရဲ့ ဖေဖေ ကို လေးစားချစ်ခင် မိပါတယ် ။

ခုခေတ်မှာ ဆေးပညာတွေ ဖွံဖြိုးတိုးတက် နေပြီမို့ ဆီးချို နဲ့ သူ့ ရဲ့  နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ထိန်းချုပ် ၊ ကုသ လို့  ရနေပါပြီ ။ မျက်စိအခြေအနေက ဘယ်လောက်ထိ ဆိုးဝါး နေပြီလည်း မသိဘူးနော် ။ ရေတိမ်လောက်ဆိုရင်တော့ ခွဲစိပ် ကုသ လို့ ရပါသေးတယ် ။မျက်ကြည်လွှာ မှာထိခိုက်နေရင်တောင်မှ အစားထိုး ခွဲစိပ်ကုသ လို့ ရနေပါပြီ မနှင်းရေ ။ တတ်ကျွမ်းတဲ့ ဆရာတွေ နဲ့  ပြသဖြစ်လိမ့်မယ် လို့ ထင်ပါတယ် ။ အချိန်မှီ ကုသနိုင်ပါစေ လို့  ဆန္ဒပြုပါတယ် ။စိတ်မလျှော့ပါနဲ့  ။

မနှင်းလည်း စာကောင်းပေကောင်းတွေ ဆက်လက်ရေးသား နိုင်ပါစေ ။မနှင်း ဖေဖေလည်း သမီးရေးတဲ့ စာလေးတွေ ကိုယ်တိုင်ဖတ်ပြီး ဆက်လက် ဝေဖန်ဆုံးမ ပေးနိုင်ပါစေ ....

ခင်မင်စွာဖြင့်
မကိ

ahphyulay said...

အမ စာလေးဖတ်ပြီး ဘာရသရသွားပါသလဲလို့  မပြောမှီ
ပြောချင်လိုက်သည်ကတော့  ရုတ်တရက် ရင် နင့် သွား
ရခြင်းပါလို့ ။ အစားထိုးလို့ မရတဲ့  အရပ်တစ်ခုအကြောင်းကိုရေး
ဖွဲ့ လိုက်တယ်လို့ မြင်မိပါတယ်။ အဖေ့ ရဲ့ ခြေရာ ကို လိုက်နင်း
နိုင်ပြီလို့ လဲ ထင်ပါတယ်။စာကို လူတိုင်းရေးတတ်ပေမဲ့  အဲဒီ
စာကိုပဲ စာနဲ့ တူအောင်တော့  လူတိုင်းမရေးတတ်ပါလို့ ။
ဆင်ပြီး ညှစ်ရေးရတဲ့ စာတွေထက် တကယ့်  ကိုက်တွေ့ 
ဖြစ်ရပ်လေးတွေကို ခံစားရေးဖွဲ့ ရခြင်းက ပို၍ ကြွပြီး ရသ တို့ 
မြောက်နိုင်ကြောင်းပါ။
ပြီးတော့  စာရေးဆရာကြီး တစ်ဦးရဲ့ အဆိုအရ စာဆိုတာ ရေး
ချင်တိုင်းရေးလို့ မရဘူးကွ၊ရေးချင်မှ ရေးလို့ ရတယ်
ဆိုတာကိုရော အမ ဘယ်လိုမြင်ပါသလဲ။
ဘာပဲပြောပြော အမက စာကို တကယ်ပဲ နက်နက်နဲနဲ ခံစား
ပြီးရေးခဲ့ လို့  ကျွန်တော့် ရင်ထဲမှာ နင့် ကနဲ၊ နွေးကနဲ
ခံစား ရခဲ့ ကြောင်းပါ..လို့ ။

ahphyulay said...

အမရေ...
ကျွန်တော်ကတော့  မမှားရရင် မနေနိုင်အောင်က လွဲလို့ 
ဆိုသလိုပါပဲ။ မှားပြန်ပြီ စာလုံးပေါင်းလေ။
အစားထိုး လို့ မရတဲ့  အရိပ် ပါ၊ အရပ်ဖြစ်နေပါတယ်လို့ ။
ရေးရင်းကမှား၊မှားရင်းက ရေးပဲ...။
ရွှင်လန်းချမ်းမြေ့ ပါစေ။
စာကောင်းလေးများ ဆက်ရေးနိုင်ပါစေဗျာ...။

မိုးစက်အိမ် said...

အဖေမေတ္တာအကြောင်းလေးဖွဲ့ ရေးသွားတာ တကယ်
လှတယ်ဗျာ . . . အခုလိုမျိုးစားအရေးအသားကိုသာမနှင်း
အဖေ ဖတ်ရမယ်ဆိုရင် သူ့ အနေနဲ့  အပြစ်တစ်ခုခုပြောမယ်
ဆိုရင်တောင် ရင်ထဲမှာတော့ ကျေနပ်ပီတီအမှန်ပါဘဲဗျာ :)

Sein Lyan Tun said...

အဖေကိုလွမ်းနေတာလား မနှင်း

ကျနော်လဲ ခုထိ စာလုံးပေါင်းမမှန်သေးဘူး...

ဒါကတော့ ကွန်ပြူတာကြောင့်လိုပဲ ပြောချင်တယ်..ဟဟ


မှတ်စရာကများပ...


အဖေ့ကိုလဲလွမ်းမိတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

လင်းကြယ်ဖြူ said...

အဖေတစ်ယောက်ရဲ့ စေတနာနဲ့
သမီးတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှု..
အင်း...ကာရန်ထိမိ...လှပတဲ့ ပြကွက်ကောင်းတစ်ခုပါပဲ

အပင်ကောင်းတစ်ပင် ခိုင်မာမြင့်မား လှပဝေဆာစေဖို့
ဥယျာဉ်မှုးက မြေတောင်မြှောက်လို့ အရောင်တောက်စေခဲ့တာပေါ့နော...

သုတပဲဖြစ်ဖြစ် ရသပဲ ဆိုဆို..အပိုအလိုမရှိ ...ခံစား ကျူးရင့်မှုတွေကိုတော့ လာရောက် ခံစားနေဦးမှာပါနော

ပျော်ပါစေ

ကိုရေတမာ said...

မကြီးဖေဖေက သိပ်တော်တာပဲနော်။ ကျနော့်အဖိုးလည်း စာတွေဖတ်ခိုင်းတယ် ပတ်ပြေးတာပဲ။မတွေ့အောင် အခုတော့လည်း သူ့ စာအုပ်စင်ကြီးကို သတိရလိုက်တာ။ စာကောင်းပေကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ။ မကြီးဖေဖေလည်း ဒီစာလေးဖတ်ရရင် ၀မ်းသာနေမှာပဲနော်

ရွှေရတုမှတ်တမ်း said...

မနှင်းရေ....
စာလေးဖတ်ရတာ..ဘယ်လွမ်းမိမှန်းလဲမသိပါဘူး..
ရင်ထဲမှာတော့..ထိထိခိုက်ခိုက်ခံစားရတယ်..

My Blog List