ကျွန်မရဲ့သက်တမ်း နှစ်ပေါင်း သုံးဆယ့်သုံးနှစ်ကာလလုံးလုံး
တစုံတရာကို အမြဲတစေ စိုးထိတ်ပြီး အလန့်တကြား ကြီးပြင်းခဲ့ရတယ်ဆိုရင်တော့ အဲဒီတစုံတရာဟာ
မမြင်နိုင် မတွေ့နိုင်တဲ့ နာနာဘာဝတွေပဲ ဖြစ်ပါလိမ့်မည်။
တစုံတယောက်က ဝိဥာဉ်လောက နာနာဘာဝတွေကို
အယုံအကြည်ရှိပါသလားလို့ မေးခဲ့ရင်တော့ နိုး လို့ တခွန်းတည်း ဖြေမိမှာဖြစ်ပါတယ်။ ဘာလို့
နိုး လို့ဖြေရတာလဲဆိုတာကတော့ ရင်ထဲမှာ တချိန်လုံး ကြီးစိုးနေခဲ့တဲ့ အကြောက်တရားကို မသိစိတ်က ခုခံချင်လို့ပဲ
ဖြစ်ပါလိမ့်မည်။
ဝိညာဉ်လောက နာနာဘာဝတွေကို ဘယ်အချိန်မှာ
စပြီး သိကျွမ်းရင်းနှီးခဲ့တာလဲလို့ ထပ်မေးလာမယ်ဆိုရင်တော့ ကျွန်မအသက် ငါးနှစ်သမီးလောက်ကတည်းက
ပါလို့ ဖြေမိမှာဖြစ်ပါသည်။ မူလတန်းကျောင်းသူဘဝကစလို့ ကျွန်မအလန့်ကြီးလန့်ခဲ့ရတဲ့ အရာတွေ
ကျွန်မကို အစဉ်အစိုက်ခြောက်လှန့်နေခဲ့တာ မနေ့တနေ့ကအထိ ပူပူနွေးနွေးခံစားခဲ့ရဆဲပါလို့
ပြောလို့ရပါသည်။
မမြင်ရတဲ့ အရာတွေကိုကြောက်စိတ် နေဝင်ချိန်တွေကိုကြောက်စိတ်
တစ်ယောက်တည်းရှိနေချိန်တွေကို ကြောက်စိတ် မီးပိတ်ပြီး အမှောင်ထဲမှာ နေရမှာကိုကြောက်စိတ်တွေဟာ
ကျွန်မကို လူအများက ဟားချင်စရာ ရယ်ချင်စရာ စိတ္တဇ တစ်ခုလို့ ဆိုလို့ရပါတယ်။
ဘယ်အရာကိုမှမကြောက်နဲ့ ကြောက်စိတ်က
ညီမလေးကိ နှစ်ခါပြန် ကျဆုံးစေလိမ့်မယ်လို့ အကိုကြီးက အားပေးခဲ့ဘူးပေမယ့် အဲဒီကြောက်စိတ်တွေကို
ဘယ်တုန်းကမှ ဖယ်ရှားမပစ်နိုင်ခဲ့ပါ။
ကျွန်မရဲ့ အိမ်နဲ့ခွဲပြီး တရပ်တကျေးကိုရောက်တဲ့
အချိန်တိုင်း နေရာအသစ်တွေမှာ ကျွန်မ ကြောက်ရွံ့ထိတ်လန့်မိတဲ့ နာနာဘာဝတွေကို တနည်းမဟုတ်
တနည်းနဲ့တွေ့ရစမြဲ။
တခါတရံမှာ ငြင်ငြင်သာသာ တွေ့ရသလို တခါတရံမှာတော့
လိပ်ပြာလွင့်စင်မတတ် ဆိုးဆိုးရွားရွားတွေ့ရတတ်ပါသည်။
တခါတရံမှာလဲ ကျွန်မအလုပ်ကို ထိခိုက်စေလောက်တဲ့အထိ
ဒုက္ခပေးတတ်ပါသေးသည်။
ကျွန်မမှတ်တာ မမှားဘူးဆိုရင် ယနေ့အချိန်ထိ
ကျွန်မပြောင်းရွေ့နေထိုင်ခဲ့ဘူးတဲ့ နေရာပေါင်း ဆယ် နေရာလောက်မှာ အတွေ့အကြုံ ဆယ်မျိုးထက်မနည်း တွေ့ခဲ့ပြီးဖြစ်ပါသည်။
(၁)
ကျွန်မငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်တွေကို
အဘိုးနဲ့ အဘွားရှိတဲ့ မြို့လေးတစ်မြို့မှာ မောင်နှမတွေနဲ့အတူ မသိမသာ ဖြတ်သန်းခဲ့ရဘူးပါသည်။
အဘိုးရဲ့အိမ်က ပေ ၅၀ ပတ်လည် နှစ်ထပ်
ကျွန်းအိမ် မည်းမည်းကြီးဖြစ်ပါသည်။ အိမ်ရဲ့ အရပ်လေးမျက်နှာလုံးမှာ ဝရံတာပါပြီး အိမ်ရှေ့ကနေ
အိမ်နောက်ကို ဝရံတာကနေပတ်ရင်တောင် တော်တော် အချိန်ယူရပါသည်။
အိမ်ရဲ့ မျက်နှာစာ အရှေ့တည့်တည့်မှာ
မြေနီလမ်းလေး တစ်ခုရှိပြီး မြေနီလမ်းလေးရဲ့ အခြားဘက်မှာတော့ ငှက်ပျောတောနဲ့ ဒူးရင်းပင်
ကုက္ကိုပင် ညမွှေးပန်းပင် စင်္ကြာပန်းပင် စတဲ့ သစ်ပင်ကြီးတွေရှိပါသည်။ အိမ်ရဲ့ အနောက်ဘက်ခြမ်းနဲ့
ဘေးဘက်တွေမှာလဲ စားပင်သီးပင်တွေနဲ့ ငှက်ပျောတောတွေ ရှိပါသေးသည်။
အဘိုးကသူ့ရဲ့ နယ်မြို့လေးမှာတော့ အထင်ကရ
တိုင်းရင်းဆေးဆရာကြီး တစ်ဦးဖြစ်ပါသည်။ တခါတရံ အခြားနယ်တွေ ရွာတွေကိုကျော်ပြီးတော့လဲ
ဆေးကုထွက်ရတတ်ပါသည်။
အဘိုးရဲ့ နယ်မြို့လေးကတော့ စုန်း ကဝေ
မှော် အောက်လမ်းအတတ်ပညာတွေနဲ့ နာမည်ကျော်တဲ့ မြို့လေးလဲ ဖြစ်တာမို့ အဘိုးထံပါးမှာ ဆေးကုလာသူ
ဝေဒနာသည်တွေက နေ့ည မပြတ်စည်ကားနေတတ်ပါသည်။ တချို့ကတော့ ရပ်ဝေးကနေ ညအိပ်ညနေ ဆေးလာကုကြပါသည်။
အဘိုးရဲ့ အိမ်အပေါ်ထပ်က ဘုရားခန်းကျယ်ကြီးကတော့
အိမ်ကြီးနဲ့ လိုက်ဖက်လွန်းစွာ ကြီးမားခန့်ငြားလှပါသည်။ ဘုရားစင် ပတ်ပတ်လည်မှာ ပထမံဘိုးဘိုးအောင်နဲ့အကွ
အခြားသော ထွက်ရပ်ပေါက် ပုဂိုလ်ကြီးများရဲ့ ဓါတ်ပုံများက နေရာအပြည့်ယူထားပါသည်။
အဘိုးရဲ့ ဘုရားစင်က အုန်းပွဲ ငှက်ပျောပွဲလဲချိန်မှာ
ရရှိလာတဲ့ အုန်းသီးငှက်ပျောသီးတွေကလဲ ရပ်ကွက်ကို အလှူပေးလို့ရအောင် များပြားလွန်းလှပါသည်။
နေဝင်ရီတရော ညနေစောင်းချိန်တွေတိုင်း
ဘုရားစင်ရှေ့မှာ လူနာတွေကို ဆေးကုပေးနေတဲ့ အဘိုးရဲ့ ဟောက်သံဟိန်းသံ တောင်းပန်ခယသံတွေကို
မရိုးအောင်ကြားနေရတတ်ပါသည်။
“မင်းဘယ်ကနေ လိုက်လာတာလဲ”
“သူ့ကို ဘာလို့နှောက်ယှက်ရတာလဲ”
“မင်းဘာအလိုရှိလို့လဲ”
“မင်းပေးထားတဲ့ ရောဂါတွေကို ယူပြီး အမြန်ဆုံးပြန်ထွက်သွားစမ်း”
“မင်းငါပြောတာ နားမထောင်ဘူးလား”
“မင်းဒုက္ခရောက်သွားချင်သလား”
“သူ့အသက်ကို ချမ်းသာပေးရင် မင်းအသက်ကိုလဲ
ချမ်းသာပေးမယ်”
ဆိုတဲ့ ဒိုင်ယာလော့တွေ စကားပြောခန်းတွေ
အပေးအယူ ကိစ္စဝိစ္စတွေ အပြီးမှာတော့ ကျွန်မ အင်မတန်ကြောက်လန့်မိတဲ့ အမိန့်တစ်ခုက ကပ်ငြိပြီး
ပါလာတတ်ပါသည်။
“အိမ်ရှေ့က ဒူးရင်းပင်ကို မင်းအတွက်ပေးမယ်
ရပ်ကွက်ထဲက လူတွေ ငါ့အိမ်က ကလေးတွေကို မနှောင့်ယှက်ပါနဲ့”
“အိမ်နောက်က ဒန့်သလွန်ပင်မှာ မင်းသွားနေပါ
ငါ့ခြံထဲမှာ ဘာသံမှမကြားချင်ဘူး” ဆိုတဲ့ အဘိုးရဲ့ အမိန့်တွေကြား သွေးပျက်ခြောက်ခြားစွာ
အမေ့ရင်ခွင် အဘွားရင်ခွင်ထဲ တိုးဝင်မိသူက အသည်းငယ်လွန်းသူ ကျွန်မတစ်ယောက်တည်း။
ကျွန်မတို့ ကလေးတွေအကုန်လုံးကို နဖူးဆံစပ်တွေမှာ
စုပ်ထိုးပေးထားတာမို့ အဘိုးရဲ့ အရိပ်အောက်မှာ အန္တရာယ်ကင်းစွာနေနိုင်ခဲ့ပေမယ့် အဘိုးဆီကို
ရောဂါကုဖို့ရောက်လာသူ ဝေဒနာသည်တွေ ညနေစောင်းမှာ ရောက်မလာဖို့ တဖွဖွ ဆုတောင်းခဲ့ဘူးပါသည်။
မျက်ထောင့်နီကြီးတွေနဲ့ ရောက်လာတတ်တဲ့
စုန်းကဝေ ပြုစားခံရသူတွေကို တုန်နေအောင်ကြောက်လှသလို ဝေဒနာကျွမ်းပြီး သေအံ့မူးမူးရောက်လာတတ်သူ
အပမှီနေသူတွေကိုလဲ ကြောက်လှပါသည်။
အဘိုးရဲ့ ဝေဒနာသည်အချို့ကို ကြောက်ရွံ့တတ်ပေမယ့်
တခါတရံ အင်းပြားလေးတွေကို မျက်စိမှာ ပိတ်ဖြူစနဲ့ စည်းပြီး လူပျောက်ရှာချိန်တွေမှာတော့
အဘိုးရဲ့ ဘုရားစင်ရှေ့မှာ ကျွန်မတို့ကလေးတွေ စုပြုံတိုးဝှေ့ပြီး ပျော်ရွှင်ခဲ့ဖူးပါသည်။
(၂)
တောင်ပေါ်မြို့လေးတစ်မြို့ ဂေါက်ကွင်းကြီးထဲမှာ
ရှိတဲ့ ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ခဲ့စဉ်အချိန်တုန်းက ဟိုတယ်ကပေးတဲ့ အဆောင်က ဂေါက်ကွင်းနဲ့
ဟိုတယ်ကြားက ကုန်းကမူလေးတစ်ခုမှာဖြစ်ပါသည်။
တစ်ခန်းကို မိန်းကလေး သုံးယောက်နှုန်းနဲ့
သုံးခန်းတွဲအဆောင်ကြီး ၃ ခုမှာ ဝန်ထမ်းမိန်းကလေးတွေ စုပြီး နေရပါသည်။
ကျွန်မတို့အခန်းက ဘယ်ဘက်အစွန်ဆုံးအဆောင်ရဲ့
အစွန်ဆုံးအခန်းဖြစ်ပြီး ရေချိုးခန်းအိမ်သာတွေနဲ့ ကပ်လျက်ဖြစ်သလို အခြားတစ်ဖက်မှာလဲ
မန်နေဂျာတွေနေတဲ့ လုံးချင်း တိုက်ခန်းတွဲလေးတွေ ရှိပါသည်။
ဆောင်းကာလ ညချမ်းတွေမှာတော့ ကျွန်မတို့
ရန်ကုန်သူတွေ အနွးထည်အထပ်ထပ်နဲ့ စောင်ပုံထဲ ကွေးနေခဲ့ရပါသည်။
မွေ့ယာထူထူနဲ့ ဂွမ်းစောင်ထူထူ နှပ်ထပ်အကြားမှာ
အနွေးထည်ကလဲ အထပ်ထပ် ဝတ်ထားရတာမို့ ညဦးပိုင်း ၇ နာရီလောက်ဆို အခန်းထဲကနေ အပြင်ကို
မထွက်ဖြစ်တော့ပါ။
ဒါပေမယ့် ဟိုတယ်မှာ ညပိုင်း တာဝန်ကျနေသူ
သူငယ်ချင်းများက အချိန်မရွေး လာလည်တတ်တာမို့ စောင်ခြုံထဲက ထွက်ပြီး အခန်းတံခါးကို ထဖွင့်ပေးရမှာ
ပျင်းသူ ကျွန်မတို့က အခန်းကို ဘယ်တုန်းကမှ သော့မပိတ် ချက်မချခဲ့။
ပထမည
ဒီဇင်ဘာလရဲ့ ညခင်းတစ်ခုမှာတော့ ညခုနာရီလောက်တည်းက
အိမ်ယာမဝင်ခင် အခန်းဖော် ဆွေနဲ့အတူ အပေါ့အပါးသွားဖို့ ရေချိုးခန်းတွေဘက်ကို အတူတူ ထွက်လာခဲ့ကြပါသည်။
ရေချိုးခန်းထဲက အထွက်မှာ ကြောင်ပေါက်စတစ်ကောင်ရဲ့အသံကြောင့်
ကျွန်မတို့ နှစ်ယောက် ခြေလှမ်းတွေ တန့်ပီး အသံကြားရာဆီကို ကြည့်လိုက်တော့ ကြောင်ပေါက်စလေးတစ်ကောင်က
ဂေါက်ကွင်းတွေဘက်ကို ပြေးသွားတာကို တွေ့လိုက်ရပါသည်။
ကြောင်ချစ်တတ်သူဆွေက မီ မီ မီ မီ ခေါ်ပြီး ကြောင်နောက်ကို ပြေးလိုက်သွားတာမို့
ကျွန်မလဲ ဆွေ့နောက်ကို အပြေးအလွှား လိုက်သွားမိပါသည်။
ကုန်းကမူလေးတစ်ခုနားအရောက်မှာတော့ ကြောင်ကလေးကလဲ
ဘယ်ရောက်မှန်းမသိ ပျောက်ချင်းမလှပျောက်သွားတာမို့ ဆွေ့ကိုခေါ်ပြီး ကျွန်မတို့ နှစ်ယောက်
အခန်းကို လှည့်ပြန်လာခဲ့ပါသည်။
အခန်းထဲမှာ ကြောင်ဖမ်းတဲ့ အကြောင်းပြောမိတော့
အခန်းဖော် မမသီက ဒီတောဒီတောင်ထဲ ကြောင်မရှိပါဘူး ဘယ်မှာမှလဲ မတွေ့ဖူးဘူး ရူးမနေနဲ့လို့ပြောပြီး
ဘုရားဝတ်ပြုနေတာမို့ ကျွန်မတို့နှစ်ယောက် အသံတိတ်ပြီး နှုတ်ခမ်းစူမိပါသည်။
မမသီပြောတာမှန်လောက်ပါသည်။ ကျွန်မတို့
ဟိုတယ်က လူမနီးသူမနီး လူနေရပ်ကွက်တွေရဲ့ အဝေး ဂေါက်ကွင်းကြီးထဲမှာ ထီးထီးကြီး ရှိတဲ့
တစ်ခုတည်းသောဟိုတယ်မို့ ခွေးတွေ ကြောင်တွေမရှိပါ။
ညကိုးနာရီလောက်မှာတော့ ကျွန်မတို့အခန်းတံခါးကို
တဒေါက်ဒေါက်နဲ့ လာခေါက်တဲ့ အသံကို ကျွန်မတို့အားလုံး သဲသဲ ကွဲကွဲ ကြားလိုက်ရပါသည်။
ကျွန်မရော ဆွေရော မအိပ်သေးပဲ စာဖတ်နေကြတာမို့
ဘယ်သူလဲ ဝင်ခဲ့ တံခါးခေါက်မနေနဲ့ လို့ ပြိုင်တူအော်လိုက်ကြပါသည်။
ကျွန်မတို့အော်သံအဆုံးမှာ တံခါးခေါက်သံရပ်သွားပေမယ့်
ဘယ်သူမှ ဝင်မလာခဲ့ပါ။ အခန်းဝကနေလှည့်ပြန်သွားတဲ့ ခြေသံကိုလဲ မကြားမိလိုက်ပါ။
စာအုပ်ဖတ်ပြီး မျက်စိစင်းလာချိန် ည
ရှစ်နာရီခွဲခန့်မှာ ကျွန်မ အိပ်ပျော်သွားခဲ့ပါသည်။
ဆောင်းလယ်ကာလ စောင်အထပ်ထပ်ကြားမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့
အခိုက် ကျွန်မရဲ့ ကုတင်တစ်ခုလုံးလှုပ်ခါသွားတာမို့ ရုတ်တရက်လန့်နိုးလာမိပါသည်။ ငလျင်များလှုပ်သလားဆိုတဲ့
စိုးစိတ်နဲ့ နိုးလာပေမယ့် မျက်လုံးကိုတော့ မဖွင့်မိပါ။ ဘေးက ကုတင်တွေမှာ အိပ်နေတဲ့
ဆွေတို့ မမသီတို့ဆီက အသံများထွက်လာမလားလို့ နားစွင့်မိတော့ ဘာံမှမထွက်လာခဲ့။
ကျွန်မရဲ့ ကုတင်က ပုခက်လွှဲနေသလို ကြမ်းကြမ်းတမ်းတမ်းကြီး
ယိမ်းခါနေပြီး ကျွန်မရဲ့ ခြေရင်းကလဲ တဟီးဟီးနဲ့ ညည်းငြူနေသံကြီးကို သဲသဲကွဲကွဲ ကြားလိုက်မိချိန်မှာတော့
ကျွန်မ ဒုက္ခရောက်ပီဆိုတာကို သတိထားမိလိုက်ပါသည်။
ဆွေ ဆွေ ….. မမသီ မမသီ….. နဲ့ အခန်းဖော်တွေကို အသံကုန်ဟစ်ခေါ်နေပေမယ့်
လည်ချောင်းထဲက အသံက အပြင်ကို ထွက်မလာပါ။ အခန်းထဲမှာ ညအိပ်မီးချောင်းကြီး ထွန်းထားတယ်ဆိုတာ
သိပေမယ့်လဲ သတ္တိခဲပီပီ မျက်လုံးကို မဖွင့်ရေးချ မဖွင့်။ မျက်စိစုံမှိတ်ပြီး အော်ဟစ်နေမိပါသည်။
ကုတင်ရဲ့ တုန်ခါမှုက ကြမ်းသထက်ကြမ်းလာသလို
သူငယ်ချင်းတွေကို အော်ခေါ်နေတဲ့ ကျွန်မရဲ့ အသံတွေကလဲ လည်ချောင်းထဲမှာ တစ်ဆို့နေချိန်မှာ
ဘုရားစာရွတ်ဖို့ သတိရလိုက်မိပါသည်။
တတ်သမျှ မှတ်သမျှဘာရားစာတွေကို တရစပ်ရွတ်ချိန်မှာတော့
ဟင်းးးးး ကနဲ သက်ပြင်းချသံကြီးနဲ့အတူ ကျွန်မရဲ့ ကုတင်ကလဲ တုန်ခါမှုရပ်သွားပါသည်။
ကျွန်မရဲ့ အိပ်ယာ ကုတင်က ပုံမှန်အနေအထားရောက်သွားချိန်မှာတော့
ဘာကိုမှမစဉ်းစားနိုင်ပဲ အိပ်နေတဲ့ ခေါင်းအုံးကိုယူပြီး ဘေးကပ်ရက်ကုတင်မှာရှိတဲ့ ဆွေ့ဆီကို
ကူးသွားလိုက်ပါသည်။
ကျွန်မသူမကုတင်ပေါ်ကိုတက်ပီး ဆွေ့ကို
နောက်ကျောကနေ သိုင်းဖက်မိချိန်မှာတော့ ဆွေက အလိုက်တသိနဲ့ နံရံဘက်ကို ရွေ့ပေးရှာပါသည်။
နံရံဘက်လှည့်နေတဲ့ ဆွေ့ကို သိုင်းဖက်ပြီး
ရွတ်လက်စ ဘုရားစာတွေ ရွတ်နေရင်း မှေးကနဲ ပြန်အိပ်ပျော်သွားခဲ့ပါသည်။
ဆွေ့ကိုဖက်ပြီး ဆွေ့ကုတင်ပေါ်မှာ အိပ်ပျော်စအချိန်မှာပဲ
နောက်ကျောဘက်ဆီက နာကျင်မှုနဲ့အတူ ရုတ်တရက်ပြန်နိုးလာပြန်ပါသည်။
ကျွန်မရဲ့ နောက်ကျောကို တစုံတစယောက်က
ထုရိုက်နေတာပဲ ဖြစ်ပါသည်။
သူထုရိုက်နေတဲ့ အရာက ခပ်ပျော့ပျော့ဖြစ်ပေမယ့်
ကျွန်မရဲ့ ကျောပေါ်ကို ကျလာတဲ့ ရိုက်ချက်တွေက စည်းချက်ဝါးချက်ညီညီ။ နှစ်မိနစ်ခြားတစ်ခါ ထုရိုက်နေတဲ့ အသံကို
မှတ်သားပြီး ဆွေ့ကို တင်းတင်းဖက်လို့ မနက်လင်းလာမယ့် အချိန်ကို စောင့်စားခဲ့ရတဲ့ ညက
ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ညတွေထဲမှာ ညတာအရှည်ဆုံး ဖြစ်ပါလိမ့်မည်။
နောက်နေ့မှာတော့ မနက်မိုးလင်းလင်းချင်း
စီမံရေးရာဌာနက မန်နေဂျာဆီပြေးပြီး အလုပ်ထွက်စာတင်လိုက်တဲ့ ကျွန်မရဲ့ သတင်းက အဆောင်သူတွေအားလုံးကြားမှာ
ရေပန်းစားနေခဲ့ပါသည်။
စီမံက အလုပ်ထွက်ခွင့်ပေးခဲ့ပေမယ့် တပတ်ဆယ်ရက်ကတော့
ကျွန်မ တောင်ပေါ်မှာနေရအုံးမည်။ ပြီးတော့ တောင်ပေါ်မှာ ဆက်နေမယ့် တပတ်စာ ဆယ်ရက်မှာ နာနာဘာဝ
ဒုက္ခသည် ကျွန်မအတွက် တောင်ပေါ်သူ တောင်ပေါ်သား ရန်ကုန်သူ ရန်ကုန်သားတွေဆီက စုဆောင်းထားတဲ့
ပရိတ်ရေ ပရိတ်ခဲ ပရိတ်သဲတွေက ကျွန်မအခန်းရဲ့ ပတ်ပတ်လည် ကျွန်မခုတင်ရဲ့ ပတ်ပတ်လည်မှာ
အစီအရီ။
အခန်းဖော်ဆွေကလဲ သူ့ကုတင်နဲ့ ကျွန်မကုတင်
နှစ်ခုပူးပေးလာတာမို့ ရန်ကုန်မပြန်ခင်လေးမှာ ညရေးညတာ ဒုက္ခအတွက် ယာယီတော့ အဆင်ပြေသွားခဲ့ပြန်ပါသည်။
ဒုတိယည
ညဦးပိုင်းမှာတည်းက အခန်းအပြင်မှာလုပ်ရမယ့်
ကိစ္စဝိစ္စတွေကို အပြီးလုပ်ပြီး ကျွန်မတို့ အခန်းဖော်သုံးယောက်လုံး ည ခုနစ်နာရီတည်းက
ခုတင်ပေါ်မှာ စပြီး နေရာယူလိုက်ကြပါသည်။ ဘယ်တုန်းကမှ သော့မခတ် ချက်မချခဲ့ဘူးတဲ့ အခန်းတံခါးကိုလဲ
ညခုနစ်နာရီတည်းက ချက်ချခဲ့ပါသည်။
ကျွန်မတို့ရဲ့ ဒုက္ခကို သိထားကြသူတွေက
ဒီညမှာတော့ အခန်းကို လာမလည်ပါဘူးလို့လဲ ကတိကဝတ်တွေ ပြုကြပါသည်။
(တကယ်တော့ မနေ့ကညကတည်းက ကျွန်မတို့အခန်းကို ဘယ်သူမှ မလာခဲ့ကြသလို
တံခါးလဲ လာမခေါက်ခဲ့ပါ)
ဒုတိယညမှာတော့ ခေါင်းအုံးအောက်က အဆောင်အယောင်တွေ
ကျွန်မကုတင်ပတ်ပတ်လည်က ပရိတ်ရေ ပရိတ်ကြိုး ပရိတ်သဲ ပရိတ်ခဲတွေကြောင့် ကျွန်မ အနှောင့်အယှက်မရှိပဲ
စောစော အိပ်ပျော်သွားခဲ့ပါသည်။ ( ပထမညက တညလုံးမအိပ်ထားရလို့ စောစောစီးစီး
အိပ်ပျော်သွားတာ ဖြစ်နိုင်ပါသည်)
အိပ်ယာက တရေးနိုးလာတော့ ည ၁၀ နာရီခန့်သာရှိသေးသလို
အခန်းဖော် ၂ ယောက်လုံးကောင်းကောင်းအိပ်မပျော်သေးတာကို သတိထားလိုက်မိပါသည်။ ကျွန်မနိုးလာပြီး
မရှေးမနှောင်းမှာ ရုတ်တရက်ဆိုသလို အဆောင်တစ်ခုလုံး မီးပျက်သွားတာကို သတိထားလိုက်မိပါသည်။
အဆောင်တခုလုံးမှောင်မည်းသွားချိန်မှာ
နိုးတဝက် အိပ်တဝက် ဒါပေမယ့် အိပ်ချင်စိတ်က များနေတာမို့ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားပြန်ပါသည်။
သိပ်မကြာခင်မှာပဲ ရုတ်တရက် ကျွန်မကုတင်ဘက်ကို
တိုးလာတဲ့ ဆွေ့ရဲ့ ကိုယ်လုံးရဲ့ အထိအတွေ့နဲ့ ဆွေ့အသံကြောင့် ကျွန်မပြန်နိုးသွားပြန်ပါသည်။
“သူငယ်ချင်း ငါလဲ နင့်လိုဒုက္ခရောက်နေပီ”
ဆိုတဲ့ ဆွေ့အသံတုန်တုန်ရီရီအဆုံးမှာ အခန်းရဲ့ အခြားထောင့်မှာ
အိပ်နေတဲ့ မမသီက ဆွေတို့နိုးနေတာလား ဒီကိစ္စ အမသိတယ်လို့ပြောပြီး သူ့ရဲ့ လက်နှိပ်ဓါတ်မီးကြီးကို
ဖွင့်ပြီး ကျွန်မတို့ကုတင်တွေဆီကို ရောက်လာခဲ့ပါသည်။
ကျွန်မတို့ သုံးယောက်လုံး မတိုင်ပင်ထားပဲ
အမှောင်ထဲမှာ လက်နှိပ်ဓါတ်မီး အကူအညီနဲ့ အခန်းအပြင်ကို ထွက်ပြေးခဲ့ကြပါသည်။
ဟိုတယ်ရဲ့ ဧည့်ကြိုဌာနရှိရာ အဆောက်အဦကိုရောက်ချိန်မှာတော့
ပျက်သွားတဲ့မီးက ပြန်လာတာမို့ ဧည့်ခန်းဆောင်ကျယ်ကြီးထဲမှာ ဆွေ့ကို အားပေးနှစ်သိမ့်ရပါသည်။
မမသီက သူမရဲ့ ဇာတ်လမ်းကို စပါသည်။ မမ ပရိတ်တော်ရွတ်နေတုန်းမှာ အဲဒီဘာမှန်းမသိတဲ့
တစ်ကောင်က မမကုတင်ကို အရင်လာတယ် မမက တခုခုကို ခံစားမိတယ် အဲဒါနဲ့ ပရိတ်ဆက်ရွတ်တယ် မေတ္တာပို့တယ်
ဘုရားစာတွေ တောက်လျှောက် ရွတ်နေခဲ့တယ်။ သူလဲ မမအနားမှာ တော်တော်ကြာကြာစောင့်ကြည့်နေသေးတယ်
ပြီးမှ ဆွေလေးတို့ဘက်ကို ထွက်သွားတာလို့ ပြောပါသည်။
မမသီရဲ့ စကားဆုံးတော့ ဆွေက ထောက်ခံပါသည်။
ဟုတ်တယ် မီးရုတ်တရက်ပျက်သွားပီး မကြာဘူး ဆွေ့ကို လည်ပင်းလာညှစ်တယ်။။။ တဟီးဟီးနဲ့ ညည်းသံကြီးလဲ
ကြားရတယ်။ ဆွေက မျက်လုံးဖွင့်ကြည့်တော့ မည်းမည်း အလုံးကြီးကို ဆွေ့မျက်နှာပေါ်မှာတွေ့တယ်။
ဆွေလဲ သူ့ကို ပြန်ပြီးချတယ်။ သူက လည်ပင်းညှစ်တော့ သူ့ကို လက်သီးနဲ့ ပြန်ထိုးတယ်။ ဒါပေမယ့်
ဆွေ့လက်သီးက လေထဲမှာ ပျောက်နေတယ်။ မမသီကို အော်တာလဲ အသံမထွက်ဘူး။ အော်လို့မရအောင် သူလည်ပင်းညှစ်ထားတယ်။
နောက်ဆုံး ဘေးကုတင်မှာ သဲသဲ ရှိတယ်ဆိုပြီး
သူ့ဘက်ကို လှိမ့်ချပီး သူ့ကို အော်တော့မှ အဲဒီကောင်ကြီး ပျောက်သွားတာလို့ ပြောလာပါသည်။
ညဂျူတီကျနေတဲ့ ယောက်ျားလေး သူငယ်ချင်းတွေက
ကျွန်မတို့ကို အကျိုးအကြောင်းမေးပြီး ဟောင်းလောင်းဖွင့်ထားခဲ့တဲ့ ကျွန်မတို့ရဲ့ အခန်းရှိရာကို
ချီတက်သွားကြပါသည်။
ဒါပေမယ့် ကြောက်စိတ်လွန်ကဲနေတဲ့ ကျွန်မတို့
သုံးယောက်လုံး အခန်းကို မပြန်ရဲတာမို့ ဟိုတယ်ဧည့်ခန်းမကြီးထဲက ဆိုဖာတွေပေါ်မှာ
ဖြစ်သလိုအိပ်ခဲ့ကြပါသည်။
မနက်မိုးလင်းလို့ လူကြီးတွေ ရောက်လာချိန်မှာတော့
ကျွန်မတို့ကို အားပေးနှစ်သိမ့်ပြီး ပရိတ်တရားနာဖို့ ချက်ချင်းစီစဉ်ပေးပါသည်။ ကျွန်မတို့
အခန်းရှေ့မှာ ခုံတွေခင်းပြီး တောရဆရာတော် သုံးပါးကိုပင့်ပြီး တရားနာ ပရိတ်ရွတ်ပါသည်။
ကျွန်မတို့ အခန်းနဲ့ ရေချိုးခန်းတွေကြားမှာရှိတဲ့ သစ်ပင်အိုကြီးမှာနေတဲ့ အစောင့်အရှောက်က
နှစ်ပေါင်း များစွာ သူမကျွတ်မလွတ်ကြောင်း သူ့အတွက် အမျှပေးဝေဖို့ တောင်းပန်ကြောင်း
တောရ ဆရာတော်များထံမှ သိရပြန်ပါသည်။
တောရဆရာတော်များ ပရိတ်ရွတ် တရားနာပြီးချိန်မှာတော့
ကျွန်မတို့ကို ဒုက္ခပေးခဲ့တဲ့ ဘာမှန်းမသိတဲ့ အကောင်ကြီးလဲ ကျွန်မတို့ အဆောင်နားကနေ ပျောက်ချင်းမလှ
ပျောက်သွားခဲ့ပါသည်။
( ဇာတ်လမ်းပေါင်းများစွာထဲက တစ်ခုတည်းသော
ဇာတ်လမ်းလေးပါ)
ခိုင်စိုးလင်း စီစဉ်တဲ့ သရဲ E-book ထဲက စာမူလေးပါ။
5 comments:
ဟင့်...ဟင့်..မီးမီးကြောက်ကြောက်...
တကယ်ကြီးလား
စာအုပ်အတွက်စာမူလား ဟင်..
ကြောက်စရာကြီး
အေးသာယာမှာလားအစ်မ...နေရာမှန်းရသလောက်...။ အသိတွေလည်းပြောဖူးတယ်...။
Phyo ရေ။ ဟုတ်တယ် အေးသာယာမှာပါ။
အဲဒီသရဲက ဆရာဝန်လာဟင်...
Post a Comment