
မိန်းကလေးတွေအတွက် စွန့်ပစ်ရခက်တဲ့ အသုံးအဆောင်တွေထဲမှာ မှန်တင်ခုံတွေပေါ်က အလှကုန်ပစ္စည်းတွေက ထိပ်ဆုံးက ပါပါတယ်။
ဒါပေမယ့် အလှကုန်ပဲ ဖြစ်ဖြစ် အစားအသောက်ပဲဖြစ်ဖြစ် စီးနေတဲ့ ဖိနပ်တွေမှာပဲ ဖြစ်ဖြစ် သက်တမ်းလွန်ကာလဆိုတာ ရှိပါတယ်။
သက်တမ်းလွန်ပစ္စည်းတွေတိုင်းမှာလဲ ဘေးထွက် ဆိုးကျိုးလေးတွေ ရှိနေတတ်တာကို သတိပြုသင့်ပါတယ်။
လှတစ်မျက်နှာ ယဉ်တကိုယ်လုံးဆိုသလိုပဲ မှန်တင်ခုံပေါ်က အလှကုန်ပစ္စည်းတွေအတွက် မိန်းကလေးတိုင်းဟာ ရက်ရက်ရောရော နှမြောခြင်းမရှိပဲ ငွေကို သုံးတတ်ကြပါသေးတယ်။ တန်ဘိုးကြီးကြီးပေးဝယ်ထားရတာမို့ အလှကုန်ပစ္စည်းတွေကို စွန့်ပစ်ရမှာကိုလဲ နှမြောတွန့်တိုတတ်ကြပါသေးတယ်။
လှချင်ပချင်သူလေးတွေအနေနဲ့ နှမြောတွန့်တိုစိတ်ကို ခဏဖယ်ထားပြီး တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုရေးအတွက် သက်တမ်းလွန် အလှကုန်တွေကို ရှင်းလင်းချိန်ရောက်ပြီဆိုရင် ရှင်းလင်းသင့်ပါတယ်။
အလှကုန်ပစ္စည်းတွေတိုင်းမှာ သက်တမ်းလွန် ရက်စွဲကို ဖော်ပြထားလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ပြထားတဲ့ပုံက ရှုပ်ထွေးပွေလီလှတာမို့ စားသောက်ကုန်ပေါ်က သက်တမ်းလွန်ရက်စွဲတွေလို အလွယ်တကူဖတ်လို့မရတတ်ပါဘူး။
စားသောက်ကုန်ပေါ်မှာက သက်တမ်းလွန်ရက်ကို 10
11 2014 လို့ပြပါတယ်။ ဆေးဝါးတွေမှာဆိုရင် 11 2014 လို့ပြပါတယ်။ အလှကုန်မှာကတော့ ပုံစံမျိုးစုံနဲ့ ဖော်ပြပါတယ်။
VERSACE ရေမွှေးမှာတော့ ၈ လပိုင်း ၂၀၁၃ မှာ သက်တမ်းကုန်ဆုံးမယ့် ရေမွှေးကို
1128663 လို့ပြပါတယ်။
ကမ္ဘာကျော် Channel နှုတ်ခမ်းနီဘူးလေးမှာတော့ ၉ လပိုင်း ၂၀၁၂ မှာ သက်တမ်းကုန်ဆုံးမယ့် နှုတ်ခမ်းနီကို
4902 လို့ပြထားပါတယ်။
Face Shop က Skin
Care တစ်မျိုးကိုတော့ 20141228 လို့ရှင်းရှင်းလင်းလင်းပြပါတယ်။ ဆိုလိုတာက ၂၈ ရက် ၁၂ လပိုင်း ၂၀၁၄ မှာ သက်တမ်းကုန်မှာပါ။
L’OREAL ကတော့ သက်တမ်းကုန်ရက်စွဲတွေကို J012L လို့ပြထားသလို 28J100 လို့လဲ ပြပါသေးတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကထုတ်တဲ့ အချို့သော အလှကုန်တွေမှာတောင် သက်တမ်းလွန်ရက်စွဲကို ဖော်ပြလေ့မရှိဘူးလို့လဲ ဆိုကြပါသေးတယ်။
Brand တံဆိပ်ပေါင်းများစွာအတွက် သက်တမ်းကုန်ရက်စွဲတွေကို လေ့လာမယ်ဆိုရင်တော့ အင်မတန်ကို ရှုပ်ရှုပ်ထွေးထွေးလေ့လာရမှာပါ။ ပြီးတော့ ဈေးကွက်မှာ ဖြန့်ချီကြတဲ့ FIFO (First In First Out) စနစ်အရ အလှကုန်ပစ္စည်းတွေ တော်တော်များများဟာ သက်တမ်းကုန်ကာနီးမှာမှ ကုန်တိုက်တွေနဲ့ လက်လီဆိုင်တွေကိုရောက်လာတာများပါတယ်။
အထူးသဖြင့် အခါကြီးရက်ကြီးတွေမှာ ကုန်တိုက်တွေမှာ လျော့ဈေးနဲ့ ရောင်းတတ်တဲ့ အလှကုန်တွေကတော့ သက်တမ်းကုန်လုကုန်ခင် ထုတ်ကုန်တွေဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
သက်တမ်းကုန်ရက်စွဲတွေကိုတော့ အလှကုန်ဗူးတွေပေါ်မှာဖြစ်ဖြစ် ထုပ်ပိုးထားတဲ့ ပါကင်စက္ကူဗူးပေါ်မှာဖြစ်ဖြစ် အလွယ်တကူ တွေ့နိုင်ပါတယ်။
အလှကုန်ထုတ်လုပ်သူတွေကတော့ “Period After Opening” အလှကုန်ပစ္စည်းတွေကို ပုလင်းအဖုံးဖွင့်ပြီး စသုံးတဲ့ အချိန်ကစလို့ သက်တမ်းလွန်ရက်ကို စတင်ရေတွက် မှတ်သားကြပါတယ်။
“Period
After Opening” ကို သုံးမျိုးခွဲလို့ ဒီလို သတ်မှတ်ကြပါတယ်။
၁။ မျက်လုံးအတွက်သုံးတဲ့ Mascara အရည်နဲ့ အိုင်းလိုင်နာဂျယ်လိုမျိုး အလှပြင်ပစ္စည်းတွေကို စသုံးတဲ့အချိန်ကစလို့ လေးလကနေ ခြောက်လအတွင်း စိတ်ချလက်ချ သုံးနိုင်ပါတယ်။ ခြောက်လကျော်သွားရင်တော့ ခြောက်ခန်းသွားတဲ့ ဂျယ်တွေ Mascara တွေကို ရေထပ်ဖြည့်ပြီး သုံးတာမျိုးတွေ မလုပ်ရပါဘူး။
၂။ မျက်နှာမှာ လိမ်းတဲ့ အရည်ပါတဲ့ အလှကုန်တွေဖြစ်တဲ့ Moisturizers , Serums
နဲ့ Foundations (မိတ်ကပ်ရည်)
တွေကိုတော့ စသုံးတဲ့အချိန်ကစလို့ ခြောက်လမှ တစ်နှစ်အထိ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။ တစ်နှစ်ထက်ပိုပြီးတော့ သုံးစွဲဖို့ မသင့်တော်ဘူးလို့ ဆိုကြပါတယ်။
၃။ နှုတ်ခမ်းနီအမျိုးအစားထဲမှာပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေး ခဲတံ အတောင့်နဲ့ အရည်တွေကိုတော့ နှစ်နှစ်ကနေ သုံးနှစ်အထိ စိတ်ချလက်ချ သုံးစွဲလို့ရပါတယ်။
အလှကုန်တွေ သက်တမ်းလွန်သွားပြီဆိုရင်လဲ အနံ့အသက်နဲ့ အရောင်အဆင်း ပြောင်းလဲလာပြီး ဆီကြေးနံ့လို အနံ့မျိုးတွေ ရလာတတ်ပါသေးတယ်။
မှန်တင်ခုံပေါ်မှာ ရှိနေတဲ့ အလှကုန်တွေနဲ့ ပက်သက်ပြီး ပျိုမေတို့ သတိထားရမယ့် အချက်လေးတွေကတော့
၁။ အလှကုန်တွေကို တိုက်ရိုက်နေရောင်ရတဲ့ နေရာမှာ မထားရပါ။ မှန်တင်ခုံ အံဆွဲလိုမျိုး လေလုံတဲ့နေရာတွေမှာ သိမ်းဆည်းသင့်ပါတယ်။
၂။မိမိ တကိုယ်တည်းသုံးစွဲတဲ့ အလှကုန်တွေကို တပါးသူနဲ့မျှဝေ သုံးစွဲရင် အထူးဂရုစိုက်ရပါတယ်။ တကိုယ်ရည် ကျန်းမာရေးအတွက် နှုတ်ခမ်းဆိုးဆေးတွေ တို့ပတ်ပုဝါတွေကို တစ်ကိုယ်စာ သီးသန့်သုံးစွဲတတ်ဖို့ လိုပါမယ်။
၃။ မိတ်ကပ်လိမ်းခါနီးတိုင်း လက်နှစ်ဖက်ကို စင်ကြယ်စွာ ဆေးဖို့လိုပါတယ်။
၎။ တို့ဖတ်ပုဝါနဲ့ ဘရပ် (brushes) တွေကို လစဉ် လျှော်ဖွတ် သန့်စင်ဖို့ လိုပါတယ်။
၅။အလှကုန်ပစ္စည်းဝယ်ယူပြီးတိုင်း စတင်သုံးစွဲတဲ့ နေ့ကို ရေးမှတ်ထားသင့်ပါတယ်။ ဒါမှလဲ သက်တမ်းကုန်ဆုံးမယ့်ရက်ကို အလွယ်တကူ မှတ်မိနေမှာဖြစ်ပါတယ်၊
၆။မူလပါကင်မဟုတ်ပဲ ဖွင့်ထားပြီး အလှကုန်ပစ္စည်းတွေကို မဝယ်သင့်ပါဘူး။
၇။မိတ်ကပ်လိမ်းပြီးတိုင်း အလှကုန်ဗူးအဖုံးတွေကို တင်းတင်းကျပ်ကျပ် ပြန်ပိတ်ပါ။
စာဖတ်သူအားလုံး လှပကျန်းမာ ဘေးကင်းကွာကြပါစေ။
နှင်းနဲ့မာယာ
1 comments:
အတော်ကို ကောင်းတဲ့ပို့စ်လေးပါ...
ိမိုးနတ်လဲ အလှပြင်ပစ္စည်းတွေကို အလေးပေးပြီးသုံးစွဲ
သူမို့...ဒီပို့စ်လေးက တန်ဖိုးရှိလှပါတယ်...
ကျေးကျေးပါနော်...
ခင်တဲ့...မိုးနတ်
Post a Comment