“အခါတော်ပေးတာက”


၁)
မင်္ဂလာဦးမှာအလင်္ကာ ကျုးပါလို့..  ရွှေဖူးစာ …. ဂဟေခိုင်မာ….

လက်ကိုတွဲကာတသက်ကို မခွဲပါချစ်မဝနိုင်ဘူး  အချစ်ဦးသက်လျာ…….”
မင်္ဂလာ သတို့သားနဲ့ သတို့သမီးလောင်းလျာက မင်္ဂလာစင်မြင့်ပေါ်မှာ ကြွကြွရွရွ နေရာယူလို့။ တယောကိုတင်ရီဦးဆောင်တဲ့ သံစုံတီးဝိုင်းကြီးကလဲ မြိုင်မြိုင်ဆိုင်ဆိုင် တီးလို့ အဆိုတော် ရာဇာဝင်းတင့်နဲ့ မီမီဝင်းဖေတို့ကလဲ တီးဝိုင်းကြီးနဲ့ အတူ မင်္ဂလာ သီချင်းလေးနဲ့ ရွှေပွဲလာတွေကို ငြိမ့်ငြိမ်ညောင်းညောင်း ဧည့်ခံလို့။

မင်္ဂလာခန်းမ တစ်ခုလုံးကို ဝေ့ဝဲပြီး အကဲခတ်မိတော့ ဧည့်ပရိတ်သတ်က ခန်းမတစ်ခုလုံးပြည့်လျံနေတာကိုတွေ့လိုက်သည်။ ဒေါ်ခင်မမရဲ့ မျက်နှာပေါ်မှာလဲ ကျေနပ်အားရတဲ့ အပြုံးက အထင်းသား။

ရွှေကို ရွှေချင်းထပ်တဲ့ပွဲ စိန်ကိုမြနဲ့ရံတဲ့ပွဲဆိုတော့ သားကြီးအတွက် ဒေါ်ခင်မမ ပီတိဖြစ်ရသည်လေ။
အသက်သုံးဆယ်ကျော် ငါးနှစ်စွန်းကာမှ မိဘစီမံတဲ့ မိန်းကလေးကို ခေါင်းငြိမ့်ရှာတဲ့သား ကျော်ကျော်။ တစ်ဘက်ကလဲ အသက်သုံးဆယ်စွန်းစ မိဘစကား နားထောင်ရှာတဲ့ ကလေးမဆိုတော့ အချစ်တွေ မေတ္တာတွေ သံယောဇဉ်တွေ အခြေမခံပေမယ့် သာယာတဲ့ အိမ်ထောင်ရေးတော့ ဖြစ်လာနိုင်ပါသည်။

မမရေ ကိုယ်တို့ ဧည့်သည်တွေနှုတ်ဆက်ဖို့ အပြင်ထွက်ရအောင်  ဘေးနားမှာ ထိုင်နေတဲ့ သားရဲ့ အဖေ ကိုမောင်မောင်ကျော်က လက်တို့တော့ ကောဇောနီခင်းထားတဲ့ လျှောက်လမ်းအတိုင်း  ဧည့်ပရိတ်သတ်ကို နှုတ်ဆက်ဖို့ ထွက်လာခဲ့ပါသည်။  

ကောဇောနီပေါ် တလှမ်းချင်းလှမ်းထွက်လာတဲ့ ဒေါ်ခင်မမအပြုံးက အကယ်ဒမီများရှင် ဒေါ်ခင်သန်းနုအလား
ခန်းမအဝင်ဝနားဆီမှာတော့ ဗီဒီယိုသမားတွေနဲ့ ဓါတ်ပုံဆရာတွေ အပြိုင်အဆိုင် အလုအယက် မှတ်တမ်းတင်နေကြသည်။ ခန်းမ အပြင်ဘက်နားမှာ ခင်းထားတဲ့ စားပွဲဝိုင်းအချို့မှာလဲ လူတွေပြည့်နေတာကို တအံ့တသြတွေ့ရပြန်ပါသည်။

မမ ပင်ပန်းနေပြီလား လူတွေ များလွန်းလို့ ဒေစီတောင် ခေါင်းထဲ ငြီးစီစီဖြစ်နေသေးတာ မမရယ်…”
သူမတို့ စုံတွဲဘေးနားမှာ လာရပ်ရင်း ခမည်းခမက်လောင်း ဒေါ်ဒေစီက ခပ်တိုးတိုး ညည်းရှာသည်။
ဒီသား ဒီသမီးအတွက် တသက်မှာ တခါ နွှဲရတဲ့ပွဲပဲ ဒေစီရယ် ပင်ပန်းတယ်လို့ ဘယ်ဟုတ်ပါ့မလဲ။   ဟုတ်ဘူးလား မောင်ရယ်
ဘေးနားက လင်တော်မောင်ကို အဖော်စပ်လို့ နည်းနည်းလေးမှမပင်ပန်းတဲ့ ဟန်ပန်လုပ်ပြနေရပေမယ့် စိတ်ထဲမှာ မောနေတာ ကိုယ်သာအသိဆုံး။
 
တကယ်ဆို ဒီလောက်ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားလုပ်တဲ့ပွဲမှာ ဧည့်ခံရုံသက်သက် တက်လာတဲ့ ဒေါ်ဒေစီတို့ မိသားစုကို သိပ်ဘဝင်မကျချင်။ မင်္ဂလာဖိတ်စာ ၄၀၀ လောက်ဆိုတော်ပီပေါ့ဆိုတုန်းက သူတို့က ၅၀၀ လောက်တော့ရိုက်ပါမမရယ်လို့ ဆိုခဲ့သူတွေ။
မင်္ဂလာလက်မှတ်ထိုးတဲ့ အခန်းအနားကစလို့ ဒင်နာပွဲအဆုံး သတို့သားဘက်က တာဝန်ယူရတာကို ဒေါ်ခင်မမအနေနဲ့ ပုံကြီးမချဲ့လိုပါ။  

သိန်းရာဂဏန်းနဲ့ချီပြီး ဒေါ်ခင်မမတို့ သုံးနေတာသိလျက်က သတို့သမီး သတို့သားနဲ့ နှစ်ဘက် မိဘတွေအတွက် ကြိုးကြီးချိတ်တွေကို အမရပူရ ရက်ကန်းစင်ကမှာမှ ကောင်းမှာမမရယ်မမပဲ စီစဉ်ပေးပါအုံးနော်..” လို့ပြောရက်တဲ့ နေ့ကတည်းက ဒေါ်ဒေစီတို့သားအမိအပေါ် ဘဝင်မကျချင်တော့။ သတို့သမီးညီမအတွက်ပါ  စာရင်း ထည့်တွက်လာလေတော့ ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ရသည်။

အမရပူရ ရက်ကန်းစင်တွေမှာ ဒေါ်ခင်မမတို့ ဆွေမျိုးတွေက လက်ညှိုးထိုးလို့ မလွဲလေတော့ သူတို့ဘက်က မသိမသာလေး ခိုင်းသွားတာကို အပြစ်မဆိုသာ။ ကိုယ့်နာမည်တပ်ပြီး စီစဉ်ပေးပါမမရယ် ဆိုပေမယ့် သတို့သမီးအကြိုက် ဒီဇိုင်းက ကြိုရွေးပြီးသားလေ။  ဒီတော့လဲ လွန်းရာကျော် ကြိုးကြီးချိတ်တွေအတွက် မထင်မှတ်ထားပဲ ငွေသိန်းနှစ်ဆယ်ကျော် ထပ်ကုန်သွားပြန်သည်။

မင်္ဂလာ ပန်းကုံးစွပ်ဖို့က ဝန်ကြီး တစ်ပါးပါး ဖိတ်မှ သင့်မယ် မမရယ်။ မင်္ဂလာ လက်စွပ် ချီးမြှင့်ဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီးကိုတော့ ဒေစီတို့ဘက်ကစီစဉ်လိုက်မယ်လေ မမ
တော်လိုက်တဲ့ ဒေစီ။ ဒီလောက်အကွက်ကျစေ့စပ်လွန်းတဲ့ ခမည်းခမက်မျိုး ဒီတစ်သက်မပြောနဲ့ နောက်တစ်သက်တောင် တွေ့ဖို့ လမ်းမမြင်။
ဝန်ကြီးတစ်ပါးဖိတ်ဖို့တာဝန်ကို ခပ်ပါးပါးလေး လွဲချတော့လဲ ဒေါ်ခင်မမတစ်ယောက် မသိမသာ သက်ပြင်းချမိပေမယ့် အပြုံးမပျက်ခဲ့ပါ။ သူတို့ဖိတ်တဲ့ ထိပ်ထိပ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ကြီးဆိုတာက ဒေါ်ခင်မမရဲ့ အမျိုးသားနဲ့ ဂေါက်သီးရိုက်ဖက်တွေ။ သူတို့ တာဝန်ယူစရာမလိုပဲတောင် ဖိတ်စာပို့ရုံနဲ့ လာနိုင်တဲ့ လူမျိုး။

မင်္ဂလာပွဲရက်မှာ ရန်ကုန်မှာ ရှိနိုင်မယ့် ဝန်ကြီးတစ်ပါးပါးကိုစဉ်းစားပြီး ဝန်ကြီးကတော်ဆီ ပေါက်ပေါက်ရောက်ရောက် ဝင်နိုင်ထွက်နိုင်တဲ့ စိန်ပွဲစားမမမြကိုပဲ ပြေးပြီးအပူကပ်ခဲ့ရသည်။ ဒါ့အပြင် ကိုယ်နဲ့ သွေးမတော်သားမစပ် ဝန်ကြီးကို ဖိတ်တဲ့ ကိစ္စအတွက် လုပ်ထုံးလုပ်နည်းတွေ ဒေစီတို့ဘက်က မသိတာမျိုးလဲ မဟုတ်။
သားကတစ်ယောက်တည်းသာ ပါပေလို့ မင်္ဂလာကိစ္စ တစ်သက်မှာ တစ်ခါသာ စီစဉ်ရတာလို့ မှတ်ပြီး သက်မမောကို ချရတာ အခါခါ။

တကယ်ဆို ကုန်သည်ပွဲစားချင်းအတူတူ စက်မှုလက်မှုကုန်တိုက်တွေပိုင်ကြတဲ့ စီးပွားတူချင်းပေမယ့် ဒေါ်ဒေစီတို့ဘက်က ဒီလောက် စေ့စပ်မယ် တွက်ချက်မယ်လို့ မထင်မိတာက ကိုယ့်အမှား။
ဆန်ကုန်သည်ကြီးနဲ့ ပွဲကတော် မာလာတင့်ရဲ့ သမီးလေး ဒါလီဖူးကို ကျပြန်တော့ ဆိုရှယ်ကျလွန်းတယ်ထင်ပြီး သားအတွက်မရွေးဖြစ်ခဲ့။ ဒီလိုနေရာမှာ မာလာနဲ့ ဒါလီတို့သားအမိဆို ဒီလောက်အထိ လိုက်ပြီး ကပ်သပ်နေမှာမဟုတ်။ ကိုယ်မိန်းကလေးတွေလှလှပပ ပွဲတက်ရဖို့အရေး ကိုယ့်အိတ်ထဲကကိုယ် မညည်းမညူစိုက်ထုတ်ကြမှာသေချာသည်။

သမီးရဲ့ ကျောင်းနေဖက် သူငယ်ချင်းလေးလေ ဂျပန်မှာ မိတ်ကပ်ပညာ သင်ခဲ့တဲ့ ချာတိတ်ရယ် မင်္ဂလာမိတ်ကပ်ကို သူပဲ တာဝန်ယူပါရစေတဲ့…..လိမ်မာသိတတ်လိုက်တဲ့ သူငယ်ချင်းလေးတွေပါပဲမမရယ်။
ဒေါ်ခင်မမ ရွေးချယ်ပေးတဲ့ နာမည်ကျော် မိတ်ကပ်ဆရာကို မရွေးချယ်ပဲ မေတ္တာလက်ဆောင် လက်ဖွဲ့တယ်ဆိုတဲ့ နာမည်သိပ်မကြီးသေးတဲ့ မိတ်ကပ်ဆရာကိုရွေးကြတော့လဲ ဒေါ်ခင်မမက အသာအယာ နှုတ်ဆိတ်နေလိုက်ပါသည်။ ကိုယ်ကသားရှင်ပဲလေ။ သတို့သမီးလှတာ မလှတာ ကိုယ့်ကိစ္စမဟုတ်တော့ပြီ။  

နေရာတကာ တစ်ကျပ်စီ တစ်ပြားစီခွာနိုင်လွန်းတဲ့ မိသားစုကို စိတ်ပျက်လှပါပြီ။
ဒေါ်ခင်မမရွေးချယ်လက်ဆက်ပေးခဲ့တဲ့ ဒေစီ့သမီးလေး ငွေခြည်ကတော့ မဆိုးရှာပါ။ တခုခုဆို ဒေါ်ခင်မမမျက်နှာကို ကြည့်နေရှာပါသည်။ ဟန်းနီးမွန်းခရီးအတွက် စီစဉ်ပေးတုန်းကမေမေ အကုန်အကျတွေ အရမ်းများနေပါပြီ တော်ရုံဆိုရပါပီမေမေရယ် လို့ပြောရှာပါသေးသည်။
မင်းပရိတ်သတ် ကုန်အောင် နှုတ်ဆက်ပြီးချိန်မှာတော့ လူတစ်ကိုယ်လုံးကိုင်ရိုက်ထားသလို တောင့်တင်းနေပါပီ။ ဒါပေမယ့် ဒေါ်ခင်မမရဲ့ မျက်နှာပေါ်က မပြုံးက တချက်လေးမှ မပြယ် တစက်လေးမပျက်ခဲ့။

XXXXXXX
 ၂)
သားကျော်ကျော်နဲ့ သမီးငွေခြည်တို့ကို အိပ်ခန်းအပ်ပြီးတော့ သားနဲ့သမီးက နှစ်ဖက် မိဘတွေကို ကန်တော့ရှာပါသည်။
ဒေါ်ခင်မမတို့မှာက သားတစ်ယောက် သမီးတစ်ယောက်သာရှိပါသည်။ သမီးငယ်က ကျောင်းတက်နေဆဲ အရင်ဆုံးအိမ်ထောင်ကျတဲ့သားကိုလဲ အဝေးကို ပေးမသွားနိုင်။ ဒေါ်ခင်မမတို့ရဲ့ စက်မှုကုန်တိုက်ကြီးကို သားကပဲ ဦးစီးနေရသူ။ စီးပွားက ခွဲထုတ်လို့မရ ခွဲလို့ရသည့်တိုင်အောင် သားက မိဘကို တွယ်တာလွန်းသူမို့ ခွဲထွက်မှာမဟုတ်.  

လောလောဆယ်တော့ သူတို့ခြံကျယ်ကြီးထဲက နှစ်ထပ်တိုက်လေးကို သားအတွက် လက်ဖွဲ့ခဲ့ပါသည်။
အင်းလျားလမ်းထဲက ပေ ၁၅၀ ပတ်လည် ကျယ်တဲ့ ခြံကြီးထဲမှာ သားတို့ငယ်စဉ်ကတည်းက နှစ်ထပ်တိုက်နှစ်လုံးဆင်တူဆောက်ပြီး တစ်လုံးကို နိုင်ငံခြားသား မိသားစု တစ်စုကို ငှားထားခဲ့ပါသည်။ အခုသားအိမ်ထောင်ကျတော့ အိမ်ငှားတွေကို ဖယ်ပြီး သားအတွက် ဖြစ်စေခဲ့ပါသည်။

သာဓု သာဓု သာဓုဒီသား ဒီသမီး အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေကွယ်……”
ကလေးနှစ်ယောက်ကို ဆုပေးပြီးချိန်မှာ သားကျော်ကျော်က သူ့ညီမတော် ကေခိုင်ကို မျက်စပစ်လိုက်တာကို ဒေါ်ခင်မမ တွေ့လိုက်ရပါသည်။

ကေခိုင်တစ်ယောက် ဒေါ်ခင်မမဘေးမှာ ခပ်ရို့ရို့လေးထိုင်ပြီး လက်ထဲက စာရွက်ထဲကအတိုင်း စာရင်းတွေကို တခုချင်းရွတ်ပြလာပါသည်။
ဒီနေ့ လက်ဖွဲ့ရတဲ့ ငွေသားက သိန်း၂၂၀ ရွှေက သုံးကျပ်သား စိန်လက်စွပ်က သုံးကွင်း ကျန်တဲ့ ပစ္စည်းတွေကိုတော့ မဖွင့်မဖောက်ပဲ ဒီအတိုင်းထားထားပါတယ်မေမေ
သမီးကေခိုင်ရဲ့ စာရင်းစာရွက်ပေါ်က မျက်လုံးမခွာနိုင်ဖြစ်နေတဲ့ ဒေါ်ဒေစီကို သတိထားမိပေမယ့် မသိသလို အသံထွက်ပြီး ရယ်နေလိုက်ပါသည်။
ဟင်း ဟင်း ဟင်း ဒီလောက်တော့ ရှိမှာပေါ့ သမီးရယ်…. မေမေတို့ကုန်ခဲ့တာနဲ့စာရင် ဒီလက်ဆောင်စာရင်းက မပြောပလောက်ပါဘူး
ဒေါ်ခင်မမရဲ့ စကားအဆုံးမှာ ဒေါ်ဒေစီတစ်ယောက် သိသိသာသာ မျက်နှာပျက်သွားခဲပါသည်။ ဒေါ်ခင်မမ ဘယ်လောက်ကုန်ကျခဲ့တယ်ဆိုတာ ဒေါ်ဒေစီမှ မသိခဲ့တာ။ ဒီနည်းနဲ့မှမပြောရင် သိစရာလမ်းလဲမရှိ။ ဒေါ်ဒေစီဆိုတာက အားနာပါးနာနဲ့ မေးစမ်းပြီး လောကဝတ်ချော်မယ့်သူမျိုးလဲ မဟုတ်ဘူးလေ။

ထားလိုက်တော့ ထားလိုက်တော့ ဒါတွေက နောက်မှပြောလဲရတယ် သားနဲ့ သမီးနဲ့ ညဒင်နာအတွက် ပြင်ဆင်ဖို့ နားတော့လေ။
အော်ဒါနဲ့ မနက်ကျရင်လဲ  အထက်မြန်မာပြည် ဘုရားဖူးရင်း ဟန်းနီးမွန်းထွက်မှာဆိုတော့ သားကို မေမေမုန့်ဘိုးပေးထားတဲ့ သိန်းနှစ်ဆယ်ထဲကပဲ သုံးလိုက်လေ
စကားဖြတ်ပြောရမှာ အားတော့နာပါတယ် မမရယ် ကလေးတွေမင်္ဂလာအထိမ်းအမှတ် တခုခု လှူရင်ကောင်းမလားလို့ပါ
ဟုတ်သားပဲ ဒေစီရယ် မမလဲ စီစဉ်ထားပြီးမေ့သွားတာသားတို့ လက်ဖွဲ့ရတဲ့ အထဲက သိန်းနှစ်ဆယ်ကိုတော့ ဘိုးဘွားရိပ်သာကိုလှူ …. ပြီးတော့ ရွှေစင်ရွှေသားတွေနဲ့ စိန်လက်စွပ် သုံးကွင်းကိုတော့ ရွှေတိဂုံဘုရားကိုလှူလိုက်နော် သားတို့မင်္ဂလာဦးမှာ ကုသိုလ်ရတာပေါ့
 ပြောပြောဆိုဆို ဆိုဖာခုံကထတော့ ဒေါ်ဒေစီရဲ့ မျက်နှာပေါ်မှာ တစုံတခုကို အလိုမကျတဲ့ ပုံက အထင်းသား။

အို မမရယ် စိန်လက်စွပ်တွေကတော့ ဆွေမျိုးသားချင်းတွေက ဝတ်စေစားစေချင်လို့ လက်ဖွဲ့တာနေမှာဒေစီလဲ လှူတော့ လှူချင်ပါတယ်။ ဟိုလေ ဟို
ဒေါ်ဒေစီ ဒီစကားစတည်းက ဒေါ်ခင်မမက သိပြီးသား။ ဒီစိန်လက်စွပ်လေးတွေက သားအတွက်တော့ မဖြစ်နိုင် သူတို့ဘက်က သတို့သမီးတစ်ယောက်တည်း ရစေချင်လို့ ပေးတာမျိုးများလား။

ဒေစီရယ် ဒေစီတို့ မမတို့ဆိုတာက ဒီလို စိန်လက်စွပ်မျိုးတွေ ကို ဘယ်လိုနေရာမှတောင် မသုံးဖြစ်လို့ အလကားလိုလို သိမ်းထားရတဲ့ သူတွေပါ။ ဒေစီ့သမီးတွေအတွက် ဒေစီစုဆောင်းထားသလို မမရဲ့ သမီးလေးအတွက်လဲ ရတနာတွေကို ဘယ်လိုဝယ်စုခဲ့တယ်ဆိုတာ မသိတဲ့သူတွေမှမဟုတ်တာ။
စကားကို ခပ်ပြတ်ပြတ်ပြောပြီး ဧည့်ခန်းထဲက လှည့်ထွက်တော့ ဒေါ်ဒေစီတစ်ယောက် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ရှာပါသည်။

ဒါပေမယ့် ဒီကိစ္စက ဒီမှာတင်ပြီးမှာတဟုတ်ဘူးဆိုတာ ဒေါ်ခင်မမ သိလိုက်ပါသည်။

XXXXXXX
၃)
ငွေခြည်နဲ့ ကျော်ကျော်တို့ရဲ့ အိမ်ထောင်ဦးကာလက သာယာမှုအတိပြီးခဲ့ပါသည်။ အချစ်မေတ္တာ အခြေမခံပေမယ့် လိုအပ်ချက် ကွက်လပ်မရှိတဲ့ အိမ်ထောင်ရေးကို ဖန်တီးထားနိုင်တာလဲ ပါပါသည်။ ကျော်ကျော်စီးနေတဲ့ ကားနဲ့ အိမ်နဲ့က ကျော်ကျော့်မိဘများက တရားဝင်လက်ဖွဲ့ထားတာမို့ ငွေခြည့်အတွက် ရင်အေးရပါသည်။

ဟန်းနီးမွန်းထွက်မယ့် မနက် လေဆိပ်ဆင်းကာနီး အိမ်ကထွက်တော့ ငွေ့ခြည့်လည်ပင်းမှာ ခပ်မျှင်မျှင် ပလက်တီနမ်ကြိုးလေး တစ်ကုံးသာတွေ့ရတာမို့
ငွေခြည် ခါတိုင်းဝတ်နေတဲ့ ပစ္စည်းတွေ မဝတ်တော့ဘူးလား
ကျော်ကျော်ကတော့ ဘာရယ်မဟုတ် သိမ်းစရာရှိရင်လဲ အိမ်မှာပဲ သေသေချာချာ သိမ်းထားခဲ့လို့ရအောင် မေးလိုက်ခြင်းရယ်ပါ။

ကိုရယ် မနေ့က ဟိုတယ်မှာ အလှပြင်မယ်ဆိုတော့ မေမေကပဲ သိမ်းထားပေးခဲ့တာ ဟိုတယ်မှာက လူစုံတော့ ပျောက်တာရှတာဖြစ်မှာစိုးလို့ပါ။ မေမေ့လက်ထဲမှာဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ယူလို့ရတယ်လေ။

ငွေခြည့်စကားကို နားလည်သလိုလို ခေါင်းငြိမ့်ပြခဲ့ပေမယ့် နားမလည်နိုင်တာတော့ အမှန်။ မေမေသာတွေ့ရင် မိုးမီးလောင်မလားမသိ လို့ တွေးမိပေမယ့် သွားရမယ့်ခရီးက ရှိသေးတာမို့ အိမ်သော့ကိုသာ အသံထွက်အောင် ခပ်နာနာလေးခတ်ပစ်ခဲ့လိုက်ပါသည်။
XXXXXXX

၎)
တနင်္ဂနွေ မနက်ခင်းမို့ ကျော်ကျော်တစ်ယောက် အိပ်ယာစောစောထစရာမလို။ ဟန်းနီးမွန်းကာလတွေကလဲ ကုန်တာ မြန်လှသည်။ ဒေါ်ဒေစီတစ်ယောက် လူချမ်းသာသလောက် နေရာတကာ စိစပ်ချွေတာတာကလွဲရင် ငွေခြည်လေးကတော့ မဆိုးရှာလှ။ လင်ယောက်ျားကို ဘုရားတစ်ဆူလို ကိုးကွယ်မယ့်ချာတိတ်မလေးလို နှုးညံ့သိမ့်မွေ့လှသည်။  
ငွေခြည်ရော ကျော်ကျော်ရော နှစ်ယောက်လုံးက လိုအပ်ရင်လိုအပ်သလို အလုပ်ထဲမှာ နေနေရတာမို့ ချက်တဲ့ ပြုတ်တဲ့ကိစ္စကိုတော မေမေတို့အိမ်ကပဲ တာဝန်ယူထားပါသည်။ မနက်စာ ညစာတွေကို မေမေတို့အိမ်မှာပဲ သွားစားဖြစ်တာမို့ အိမ်တာဝန်ရယ်လို့ ငွေခြည့်မှာ များများစားစားမရှိတော့ပါ။

အလုပ်သွားစရာမလိုတဲ့ နေ့မို့ အိပ်ယာထဲမှာ လူးလိမ့်နေတဲ့ ကျော်ကျော့်နားကို ငွေခြည်ကပ်လာတော့ လတ်လတ်ဆတ်ဆတ်လိမ်းလာပုံရတဲ့ ရှင်မတောင်သနပ်ခါးနံ့ သင်းသင်းလေးက ကျော်ကျော့်နှာခေါင်းဝကို ကျီစယ်နေခဲ့ပါသည်။

ကိုရေ နိုးသေးဘူးလား ထတော့နော်။ ဒီနေ့ မေမေတို့အိမ်ကို ပို့ပေးပါအုံး
မင်္ဂလာပွဲပြီးကတည်းက ယောက်္ခမများအိမ်ကို မရောက်သေးတာကို သတိရလိုက်မိတာမို့
အိုကေ ဒါဆိုလဲ စောစော သွားကြတာပေါ့
ကျန်သေးတယ် ကိုရဲ့
လက်မောင်းသားတွေကို မှီခိုရင်း ချွဲချွဲပစ်ပစ် စကားစလာတဲ့ ငွေခြည်ကို မေးလေးဆတ်ပြတော့
မာမီ့သူငယ်ချင်း အန်တီသက်သက်က စိန်သန့်သန့်လေးတွေ လုပ်ထားပြီးသားရှိတယ်တဲ့ အဲဒါ ကိုကိုစိတ်ဝင်စားမလားလို့လေ…. အန်တီသက်ကိုတောင် မေမေ့အိမ်ကို လာဖို့ပြောထားသေးတယ်။
တကယ်တော့ စိန်သန့်သန့်တစ်ဆင်စာနဲ့ သူနဲ့ ဘာမှတော့ မဆိုင်လှပါ။ ဆိုင်ချင်းဆိုင် မေမေ ဒေါ်ခင်မမနဲ့သာဆိုင်ပေမည်။ မေမေက ရတနာစုဆောင်းရတာ ဝါသနာပါသူမို့ မေမေ့ဆီမှာလဲ လက်ဝတ်ရတနာတွေမနည်းလှ။

ဒါဆို မေမေ့ကိုပြောလေ မေမေစိတ်ဝင်စားရင်ကြည့်ရတာပေါ့လို့ ခပ်ပေါ့ပေါ့ပြောမိတော့
ဟုတ်ဘူးလေကိုရယ် ငွေခြည်ပြောတာက ကိုကိုများငွေခြည့်အတွက် ဝယ်ပေးချင်မလားလို့ပါ။ ဟိုလေ မေမေသိမ်းခိုင်းထားတဲ့ လက်ဖွဲ့ငွေတွေရှိနေတော့ အဖတ်တင်အောင် မင်္ဂလာဦး အမှတ်တရပေါ့ ကိုကိုရယ်။
အားပါးပါး ဒီအမျိုးသမီးလေးနှယ် သွက်လိုက်ပါဘိ။ ကိုယ်တိုင်ဘယ်တုန်းကမှ မတွေးမိတဲ့ အကွက်။ ဒေါ်ဒေစီရဲ့ စနက်တခုခုတော့ ပါမှာသေချာပါသည်။ ဒါပေမယ့် မေမေ့ကို အသိမပေးလို့ကမဖြစ်။
 
အော် ကိုကိုလဲ အဲဒါပြောမလို့ ကိုယ်တို့ကို မေမေက ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး ပွဲထုတ်ခဲ့တာ မေမေတို့အတွက် အမှတ်တရ တခုခုတော့ ပြန်ဝယ်ပေးချင်သေးတယ် အဲဒီပိုက်ဆံထဲကပဲ သုံးမယ်လေကွာ
မေမေ့စေတနာတွေအတွက် ကျော်ကျော် တစ်ခုခုတော့ လုပ်မှဖြစ်တော့မည်။

ဟိုနေ့တုန်းက Duty Free မှာ နာရီလေးတစ်စုံတွေ့ထားတယ် ဖေဖေနဲ့ မေမေအတွက် ဝယ်လိုက်ရရင်ကောင်းမလားလို့။ ပစ္စည်းကတော့ ကောင်းမှကောင်း တကယ့်ဘရန်းစစ်စစ်ဆိုတော့ သိန်း လေးဆယ်လောက်တော့ရှိတယ်
နာရီ နှစ်လုံးကို သိန်းလေးဆယ်….. မများဘူးလား ကိုရယ်။။ မေမေတို့သိရင်လဲ စိတ်ကောင်းမှာ မဟုတ်ဘူးနော်ဒီလိုလုပ်လေ တစ်စုံကို သိန်းနှစ်ဆယ်တန်လောက် ရှာပြီး နှစ်ဘက်မိဘတွေကို ကန်တော့ကြတာပေါ့။

ဒေါ်ဒေစီပေါက်စလေးရေ တော်ပါပေ့ကွာမယားအလှလေးကို စိတ်ထဲကနေ မချိတင်ကဲ ထောပနာ ပြုလိုက်မိပေမယ့် နှုတ်ကတော့ ဖွင့်မပြောရက်ခဲ့ပါ။
အိမ်ထောင်ဦးအစပေပဲ။ ညှိစရာ နိုင်းစရာက ကုန်နိုင်အုံးမည်မထင်။
 နောက်ဆုံးမှာတော့ နှစ်ဖက်သောမိဘများအတွက် အဆင်တူ အသွေးတူ နာရီတစ်ယောက်တစ်လုံးစီ ကန်တော့ပြီး မင်္ဂလာအမှတ်တရ စိန်တစ်ဆင်စာကတော့ ချစ်မယား ငွေခြည်အတွက် ချစ်သက်လက်ဆောင် ဖြစ်စေခဲ့ရပါသည်။

ကိုရယ် ပထမတုန်းက အန်တီသက်သက်ကို ငွေ နှစ်ရာလောက်သုံးမယ်ပြောထားတာ။ အခုတော့ ငွေခြည်တို့မှာ တစ်ရာ့ခြောက်ဆယ်ပဲ ကျန်တော့တယ် အန်တီကတော့ ဖြစ်အောင်လုပ်ပေးမယ်ပြောတာပဲ။ စိန်သန့်ရင်ပြီးတာပါပဲလို့သာ စကားလှအောင်ပြောလိုက်ရတယ်….သူပြတဲ့ သိန်းနှစ်ရာတန် အဆင်လေးက မျက်စိထဲကမထွက်ဘူး

ဒီစကားလုံးတွေကို အန်တီဒေစီကသာ ပြောခဲ့မယ်ဆိုရင် သူအပြစ်မြင်မိမှာမဟုတ်ပါ။
ဒါပေမယ့် ဇနီအလိမ္မာလေးကပြောလာတော့ မချိတရိ ဖြစ်ရသည်။
ငွေခြည့်မှာ ဝတ်ဖို့စားဖို့ အချိန်တွေအများကြီးရှိသေးတယ်လေ။ အခုက အစပဲရှိသေးတာ ငွေခြည်လိမ်မာရင် အရာအားလုံးက ငွေခြည့်လက်ထဲမှာပါ
အားပေးသယောင်စကားဆိုမိပေမယ့် ဒီစကားက ရင်ထဲက လာတဲ့စကားမဟုတ်တာကိုတော့ ကျော်ကျော်ကလွဲလို့ ဘယ်သူမှမသိ။

မေမေ့လက်ထဲကပစ္စည်းက အချိန်မရွေးပြန်ယူလို့ရနေတာပဲဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ငွေခြည် အိမ်ထောင်မကျခင်တည်းက ဝတ်စားခဲ့တဲ့ ရတနာတွေ လက်ဝတ်လက်စားတွေ ကျော်ကျော့်အိမ်ကို ပါမလာခဲ့တာ ကျော်ကျော်သာ သိသည်လေ။

မိဘပစ္စည်းဆိုတာ အပျိုဘဝမှာပဲ ဆိုင်တာ….လင်ယူပြီးရင်လင်ကဆင်မှာပေါ့ သူ့ယောက်ခမတွေကလဲ တော်ရုံ တန်ရုံချမ်းသာတာမှမဟုတ်တာ …. မိဘအိမ်မှာ ရွှေအပြည့် ငွေအစုံနဲ့ နေခဲ့တာ အခုလင်အိမ်မှာ ရွှေမရှိငွေမရှိနေတော့ သူ့လင်ပဲ သိက္ခာကျမှာ တို့က အနေသာကြီး…..“ 

သူတို့ကွယ်ရာမှာ ဒေါ်ဒေစီပြောနေခဲ့တဲ့ စကားတွေက နံရံတွေကနေတဆင့် ပဲ့တင်ထပ်လာခဲ့သည်ပဲ။ မေမေကိုယ်တိုင်လဲ ဒီစကားလုံးတွေအပေါ် နာလိုခံခက်ဖြစ်လို့သာ လက်ဖွဲ့ကျန်ငွေ သိန်းတစ်ရာ့ခြောက်ဆယ်လုံးကို မျက်စိစုံမှိတ်ပီး ပေးခဲ့တာဆိုတာ ငွေခြည် မသိလေရော့သလား။
ချစ်စကိုသာရှည်စေလိုပါသည်ငွေခြည်။

XXXXXXX

၅)
တစ်ရက် ညစာ ထမင်းစားဖြစ်တော့ စိန်ပွဲစား အန်တီသက်နဲ့ ပက်သက်ပြီး ညီမလေး ကေခိုင် ဆီက စကားစလာတာမို့
သမီးငွေခြည်ဝယ်ထားတဲ့ ပစ္စည်းလေး မေမေတို့တောင် မမြင်ဘူးသေးဘူး လမ်းကြုံရင် ယူခဲ့ချေအုံး သမီးငယ်က ခုနောက်ပိုင်း ခတ်တဲ့ ဒီဇိုင်းလေးတွေ စိတ်ဝင်စားနေတာ
မေမေကလဲ သဘက်ခါ ကြီးကြီးနုတို့ အိမ်မှာ ဘဘဦး မွေးနေ့ရှိတယ်လေ အဲ့နေ့ကျရင် တခါတည်း ဝတ်ခဲ့တော့ ပြီးတာပဲကို
အော်ဟုတ်သားပဲ သားတို့ရဲ့ ကြီးဒေါ်တွေဆီကို သမီးကို ခေါ်သွားရမှာပေါ့ ကောင်းတယ် ကောင်းတယ်
ဟုတ် ဟုတ်ကဲ့ မေမေ သမီးဝတ်ခဲ့ပါ့မယ် မေမေ
ငွေခြည့်အသံက ကတုန်ကရီထွက်လာတာမို့ စိုးရိမ်စိတ်နဲ့ကြည့်မိတော့ ဇွန်းကိုကိုင်ထားတဲ့ ငွေခြည့်လက်ဖျားလေးတွေ တုန်ယင်နေတာကို သတိထားလိုက်မိပါသည်။
အိမ်ပြန်ရောက်ချိန်မှာတော့ ငွေခြည်က မျက်နှာမသာမယာနဲ့ စကားဆိုလာခဲ့ပါသည်။
ကိုရေ ပစ္စည်းက ဝယ်တဲ့နေ့တည်းက မေမေ့ဆီမှာ ခုထိ ငွေခြည်သွားမယူရသေးဘူးမနက်ဖြန် အလုပ်ကပြန်ရင် ယူခဲ့ပေးပါနော်
ဇနီးသည်ရဲ့ ဟန်ဆောင်ထားတဲ့ မျက်နှာက မသာယာနိုင်။ အဖြစ်တွေကို အခုမှရိပ်မိတဲ့ ကျော်ကျော်လဲ မပြုံးနိုင် မရယ်နိုင်။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ ဖြစ်ရမည်လေ။
အော် ကိုယ်တို့မှ မအားတာ မနက်ဖြန်ယူခဲ့တော့ ပြီးပြီပေါ့ ဟုတ်ပီလား ကလေးမ

XXXXXXX

 ၆)
ဒေါ်ခင်မမတို့များ ချွေးမကို ချစ်လိုက်တာဆိုတာ ဒီနေ့မင်္ဂလာဆောင်တယ် နောက်နေ့ကို စိန်တစ်ဆင်စာ ဆင်ပြီးသားပဲ ကိုယ့်ညီမမို့လို့ ပြောတာ မဟုတ်ပါဘူးအေဒီသမီးလေး ယောက်ခမရတာ ကံကောင်းရှာတယ်
မမရယ် ခင်မမတို့ဆိုတာ မွေးကတည်းက စိန်မရှားငွေမရှား နေလာတာလေ။ ကိုယ့်ချွေးမကို အိမ်ပေါ်ခေါ်ထားပြီး နားပေါက်ဟောင်းလောင်းထားမယ့် ယောက်္ခမစားထဲ အပါမခံနိုင်ပါဘူး။

မေမေ့စကားအဆုံးမှာ သိသိသာသာ မျက်နှာပျက်ရှာသူက ငွေခြည်။ မေမေ့စကားက အနှောင့်အသွား မလွတ်လှ သူ့အမေ ဒေါ်ဒေစီက အိမ်ထောင်ကျသွားတဲ့ သမီးကို နားပေါက်ဟောင်းလောင်းထားသယောင် အထင်ရောက်စေသည်လေ။
 
ဟင်း ဟင်း မျိုးရိုးဂုဏ်ကလဲ ရှိသေးတာကိုးအခု ဝယ်ပေးထားတာတောင် ပုံစံတုံးတုံးမဟုတ်ဘူးမမရဲ့ ခေတ်နဲ့အညီ ဒီဇိုင်းဆန်းဆန်းလေးကို လက်တင် ဝယ်ပေးထားတာ။ သမီးအပျိုကိုတောင် ဒါမျိုး ဒုတ်ဒုတ်ထိ ဆင်ရသေးတာမဟုတ်ဘူးကေခိုင့်ကိုတောင် ညီမ ငယ်ငယ်က ဝတ်ခဲ့တဲ့ စိန်တွေဆင်နေလို့ တချိန်လုံးဂျီကျနေတာလေ မမရဲ့…..”

ဒေါ်ခင်မမ တော်ရှာပါသည်။ သူ့စကားလုံးတစ်လုံးချင်းစီကို သူပြန်ကောက်နိုင်သည်။ ငွေခြည့်ကို ချက်ချင်းဆိုသလို မဲ့စေခဲ့သလို တမုဟုတ်ချင်းမှာပဲ ပြန်ပြုံးစေနိုင်သူလဲ ဖြစ်သည်။ ပြီးတော့ ဒီစိန်တစ်ဆင်စာဟာ သူမငွေနဲ့ ဝယ်ခဲ့တယ်ဆိုတာကိုပါ ငွေခြည့်ကို သိအောင်တရားဝင်ကြေငြာပေးခဲ့သည်လေ။

ကျော်ကျော့်မှာသာ မိခင်နဲ့ မယား အသစ်စက်စက်အကြား မကြာခဏ ဇောချွေးပြန်ရသူ။
ဒီ့ထက်ဇောချွေးပြန်စရာ အကြောင်းကလဲ အိမ်မှာ ဆီးလို့ကြိုနေပြန်သည်လေ။
ကျော်ကျော်တို့ အိမ်ကိုရောက်တော့ ယောက္ခ်မကြီး ဒေါ်ဒေစီနဲ့ ငွေခြည့်ညီမငယ် ရွှေရည့်ကိုပါ ဧည့်ခန်းထဲမှာတွေ့လိုက်ရပါသည်။

သားရေ လမ်းလေးကြုံလို့ သမီးဆီခဏလှည့်ဝင်လာတာ။ သားတို့ ဆွေပြမျိုးပြသွားကြတယ်ဆို…”
ဒေါ်ဒေစီထံမှ ထုံးစံအတိုင်း သကာရည်လောင်းထားတဲ့ စကားတွေကိုသာ ကြားရပါသည်။
ကျော်ကျော် အဝတ်အစားလဲပြီး ခြံထဲမှာ ကားရေဆေးဖို့ ထွက်လာတော့ ဒေါ်ဒေစီနဲ့ ငွေခြည်နှစ်ယောက်သား အခန်းထဲကို ဝင်သွားတာကို တွေ့လိုက်ရပါသည်။
 
အမေနဲ့ လင်ဖြစ်သူကြားမှာ ဗျာများနေရှာတဲ့ ငွေခြည့်ကို မကြည့်ရက်တာမို့ သူတို့သားအမိတွေ လွတ်လွတ်လပ်လပ်နေလို့ရအောင် ခြံထဲမှာ ကားရေဆေးရင်း ပေါင်းမြက်တွေရှင်းနေလိုက်ပါသည်။
ညနေဘက် မေမေတို့အိမ်မှာ ညစာစားပြီးပြန်လာတော့ မနက်က ဝတ်သွားတဲ့ နဝရတ်ကိုးသွယ် လက်စွပ်ကို ငွေခြည့်လက်ထဲထည့်ပေးရင်း
ဒီလက်စွပ်လေးကို ငွေခြည့်ပစ္စည်းတွေနဲ့ရောပြီး မီးခံသေတ္တာလေးထဲမှာ သိမ်းထားလိုက်ပါအုံး ကိုယ်က မေ့တတ်တယ်

တနေ့လုံးကြည်စင်နေတဲ့ ငွေခြည့်မျက်နှာလေး ရုတ်တရက် လငပုတ်ဖမ်းသလို မဲမှောင်သွားရှာပါသည်။
သူပေးတဲ့ လက်စွပ်လေးကို လှမ်းယူရင်း
ဟိုလေ ရွှေ ရွှေရည်.. ညီမလေးက  လကုန်ရင် ဒီပလိုမာယူဖို့ရှိလို့ ပွဲနေ့မှာဝတ်ဖို့ ငွေခြည့် ပစ္စည်းလေးတွေ ခဏ ငှားသွားတယ် ကိုကို

တခုခုတော့ လွဲပြန်ပီ။ ဒီစိန်တဆင်စာကို ဒီနေ့ဝတ်ဖို့ မနေ့ကမှ ဒေါ်ဒေစီ့အိမ်က ပြန်ယူခဲ့ရသည်။ နေ့တောင်မကူးသေးပဲ ဒီနေ့ပြန်လာယူသည်ဆိုတော့။ လကုန်ဖို့ကလဲ အဝေးကြီးလိုသေးသည်။ လကုန်ရင် ဒီပလိုမာယူမှာက ရွှေရည်အိမ်ထောင်မပြုရသေးတဲ့ သမီးပျိုဒေါ်ဒေစီ့ဆီမှာ ရတနာမျိုးစုံ ရှိနေရက်နဲ့ ငွေခြည့် စိန်တဆင်စာကိုမှ လာမြင်နေပြန်သည်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ ကျော်ကျော် သည်းခံလာသမျှ ဒီတစ်ခါတော့ စိတ်ထိန်းဖို့ မဖြစ်နိုင်တော့ မေမေဒေါ်ခင်မမနေရာကကြည့်ရင် ရင်အနာကြီးနာရတဲ့ အကြိမ်ပေါင်းလဲ မနည်းတော့။

ဒေါ်ဒေစီရေ ကျုပ်ယူထားတဲ့ မိန်းမကိုပဲ ကျုပ်ဆင်နိုင်မယ်ဗျ။ မယူရသေးတဲ့ နောက်တစ်ယောက်ကိုပါ ဆင်စေချင်ရင်တော့ ကန်တော့ပါရဲ့ဗျာ ကျုပ် ခင်ဗျားသမီးအငယ်နဲ့ပါ မင်္ဂလာဆောင်မှဖြစ်တော့မယ်……..”
စိတ်ထဲက ကြိမ်းဝါးနေတဲ့ စကားစုက  နှုတ်ဖျားကတော့ ထွက်မလာခဲ့ပါ။
တကယ်တမ်းပြောဖြစ်တာကတော့….
ကိုယ့်မေမေကတော့ ငွေခြည့်ကို နားပေါက်ဟောင်းလောင်း မထားခဲ့ပါဘူးငွေခြည်သိပါတယ်ဒါပေမယ့် ငွေခြည့်မေမေ ပြန်လာပေးတဲ့အထိတော့ နားပေါက်ဟောင်းလောင်းနဲ့ နေလိုက်အုံးပေါ့သိပ်တော့မကြာလောက်ပါဘူးနော်…..”
ရယ်ဟဟ ပြောဖြစ်ခဲ့တဲ့ ဒီစကားတစ်ခွန်းအတွက် ငွေခြည် ဆွေ့ဆွေ့ခုန်အောင် နာမည်ဆိုလဲ နာစေတော့။။။
နာစေလိုတဲ့ဆန္ဒမရှိခဲ့တာ ငွေခြည်သိသည်လေ။
 

8 comments:

သက်ဝေ said...

ရသမြောက်တဲ့ စာတပုဒ်...
တခုတခု ဖြစ်နိုး ဖြစ်နိုးနဲ့ အသက်အောင့်ပြီး ဖတ်နေရင်း အဆုံးကျမှ အသက်ပြန်ရှူမိလောက်အောင် ဆွဲဆောင်နိုင်တဲ့ စာတပုဒ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ..
တကယ်ကို အရေးကောင်းပါရဲ့... ဖတ်ရင်းနဲ့ကို တဖွဖွ ချီးကျူးမိတယ်။
လူ့လောက သဘာဝတွေကို ပိုင်ပိုင်နိုင်နိုင်ရေးသွားလိုက်တာ..
ဖတ်ရတာတကယ်ကို ဆွဲဆောင်မှု ရှိလှတယ်။

mysterysnow said...

မမသက်ဝေနဲ့ ချောရေ အခုလိုအားပေးတဲ့ အတွက်ကျေးဇူးပါနော်။
နှင်း

သီဟသစ် said...

ဒီလိုမျိုး စာကောင်းလေးတွေ မဖတ်ရတာကြာပြီ။ ခုဘလော့ ပြန်လည်နေပါသည်..:D

ခင်မင်စွာဖြင့်
သီဟသစ်

အမ်တီအန် said...

နှင်းရေ..
ဖတ်ရတာ ကောင်းလိုက်တာ
ဆက်ရန်များ ရှိနေဦးမလားနော်..
အထက်တန်းလွှာတွေမှာ ရှိလေ့ရှိထရှိတဲ့ စရိုက်တွေကို ပီပီပြင်ပြင်ကို ရေးထားတာ..။
ဘာတွေများဆက်ဖြစ်နေဦးမလဲလို့ စိတ်ထဲ တထင့်ထင့်နဲ့ကို ဖတ်နေမိတာ..
အခုလည်း ပြီးသွားတာတောင် ဇာတ်လမ်းဆက်ရန်ရှိမလား တွေးနေမိပြီ..

blackroze said...

မနှင်းရေ
ဖတ်ရတာကောင်းလိုက်တာနော်..
ဖတ်ရင်းနဲ့ဇတ်လမ်းဆုံးမှ သက်ပြင်းတချက်
ချမိတော့တယ်..

Lorem Ipsum said...

အရမ်းဖတ်လို့ကောင်းတယ် အမ..မျက်ရှုမှာ စုဗူးတစ်လုံးရှိလေသည်ကနေ အမရဲ့စာတွေကိုဖတ်ဖြစ်ခဲ့တား)

mysterysnow said...

ဆုမြတ်မိုး... မမမြသွေးနီ... မမသက်ဝေ... ကိုသီဟသစ်... ချော... Blackroze...
အခုလို အားပေးတဲ့အတွက်
ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ရှင်......

နှင်း

My Blog List