အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျား သို့ပေသော်ငြား


 

ဒီတစ်လမှာတော့ ဘုရားဆုပန် မင်းယောက်ျား အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျား အိမ်ဦးနတ်လို့ ကျွန်မတို့တင်စားနေကြတဲ့ အမျိးသားတွေရဲ့အခန်းကဏ္ဍကို ပြောဖို့ အလှည့်ကျရောက်လာပြန်ပါပြီ။
အထူးသဖြင့် လူငယ် ချာတိတ်လေးတွေနဲ့ အရွယ်ရောက်ပြီး အမျိုးသားအားလုံးနဲ့ သက်ဆိုင်တဲ့ နေ့လေးတစ်နေ့အကြောင်းကို မျှဝေချင်တာပါ။

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာတော့ အမျိုးသားတွေဟာ အခွင့်ထူးခံ လူတန်းစားတွေပါ။ အမျိုးသမီးတွေထက်ပိုလို့ အခွင့်အရေး ရကြသူတွေပါပဲ။

အိန္ဒိယလူမျိုး ကျွန်မရဲ့ မိတ်ဆွေတွေကို တွေ့တိုင်း မင်းတို့နိုင်ငံမှာ ဒေါင်ရီယဉ်ကျေးမူ မပျောက်သေးဘူး လားလို့ မကြာခဏမေးခဲ့ဖူးပါတယ်။ အိန္ဒိယလူမျိုးတွေကတော့ နိုင်ငံတွင်းမှာရော နိုင်ငံပြင်ပမှာပါ ဒေါင်ရီစနစ်ကို အခုချိန်အထိ ကျင့်သုံးနေကြဆဲပါ။ ဒါဟာ အမျိုးသားတွေရဲ့ တန်ဘိုးကြီးမြင့်မှုကို မီးမောင်းထိုးပြနေဆဲ ဖြစ်တဲ့ အိန္ဒိယရဲ့ ဓလေ့တစ်ခုပါ။

အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေမှာလဲ သားယောက်ျားလေးကို လွန်လွန်ကဲကဲ တန်ဘိုးထားလေ့ရှိကြပါတယ်။ သားယောက်ျားလေး မမွေးပေးနိုင်တဲ့ မိခင်တွေကို ကွာရှင်းပစ်တတ်ကြသလို ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့အထိ အစွန်းရောက်ကြပါတယ်။ ဒါ့ကြောင့်လဲ အာရပ်ကမ္ဘာကို မဟာဖိုဝါဒ ကြီးစိုးတဲ့ ကမ္ဘာလို့ တင်စားကြခြင်းပဲ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာလူမျိုးတွေဆိုရင်လဲ အမျိုးသားတွေကို ရှေ့တန်းတင်ပြီး လေးစားကိုးကွယ်နေဆဲပါ။ လူငယ်ချာတိတ်လေးတွေကို အဝတ်ကြိုးတန်းအောက် ဖြတ်မလျောက်ခိုင်းတာကအစ မိခင်နဲ့ အမတွေရဲ့ ထမီကို ထိခွင့်ကိုင်ခွင့်မပေးတာတွေဟာ ယောက်ျားတို့ရဲ့ ဘုန်းတန်ခိုးကို တန်ဘိုး
ထားခြင်းကိုပြနေပါတယ်။

ယောက်ျားနဲ့ မိန်းမ ကြမ်းတပြေးတည်း ထိုင်ရမှာကိုတောင် စိုးရွံထိတ်လန့်ကြတဲ့အထိကို သည်းသည်းလူပ်ကြပါတယ်။

အိမ်ထောင်ရှင်မတွေဆိုလဲ အိမ်ဦးနတ်ဝတ်တဲ့ အဝတ်အစားတွေဆိုရင် စုတ်ပြဲသွားတဲ့အထိ လက်ခုစုတ်တွေ ကြမ်းသုတ်ဝတတွေ လုပ်ခွင့်မရခဲ့ပါဘူး။ မိမိရဲ့ အိမ်ဦးနတ်အတွက် ထမင်းဦး ဟင်းဦးတွေကို ဖယ်ထားပြီးမှ စားကြသောက်ကြပါတယ်။ ဒါတွေအားလုံးဟာ အရွယ်သုံးပါးမရွေး အမျိုးသားတွေရဲ့ ဘုန်းကံကို တန်ဘိုးထားကြတဲ့ ချစ်စရာ မြန်မာ့ဓလေ့တွေပါ။

အနောက်တိုင်းနဲ့ အချို့သော နိုင်ငံတွေမှာတော့ အမျိုးသားတွေရဲ့ အခွင့်အရေးဟာ အမျိုးသမီးတွေနဲ့ မခြားလှပါဘူး။
အိမ်ထောင်ရှင် အမျိုးသားတွေဟာ အမျိုးသမီးတွေလိုပဲ အိမ်မူကိစ္စနဲ့ ကလေးထိန်းတဲ့ အလုပ်တွေကို မျှဝေပြီးကူညီရပါတယ်။ မိသားစုအတွက်ငွေရှာရတဲ့အလုပ်အပြင် မိသားစုအလုပ်တွေပါ ပိုလုပ်ရတာပါ။


အရှေ့တိုင်းနဲ့ အနောက်တိုင်းမှာ အမျိုးသားတွေရဲ့ အခွင့်အရေး ဘယ်လိုပဲ ကွာကွာ ကမ္ဘာ့ခေါင်းဆောင်တွေကစလို့ အောက်ခြေက ကော်လာပြာ အလုပ်သမားတွေအဆုံး အမျိုးသားတွေပဲ ဦးဆောင်နေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဒီလိုပဲ နေရာတိုင်းမှာ အပင်ပန်းဆုံး အဆင်းရဲဆုံး အညစ်ပတ်ဆုံးလို့ ပြောလို့ရတဲ့ အလုပ်တွေကိုလဲ အမျိုးသားတွေပဲလုပ်ရပါတယ်။ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာလဲ သားငါး ဟင်းသီးဟင်းရွက်ရောင်းတဲ့ အလုပ် ရွေငွေနဲ့ အဝတ်အထည်တွေရောင်းတဲ့ အလုပ် အပြင် လူထုနဲ့ တိုက်ရိုက်ဆက်သွယ်ရတဲ့ အလုပ်တွေအားလုံးကို အမျိုးသားတွေကပဲ လုပ်ရပါတယ်။

နောက်ဆက်တွဲ အကျိုးဆက်ကတော့ အမျိုးသားတွေဟာ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ရတာကြောင့် စိတ်ဖိစီးမူတွေရလာသလို ရောဂါဘယတွေလဲ ထူပြောလာပါတယ်။

သာမန်အားဖြင့်လဲ အမျိုးသားများဟာ အမျိုးသမီးတွေထက် အသက်တိုတာကို တွေ့ရတတ်ပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သက်တမ်း ငါးနှစ်မှ ဆယ်နှစ်အထိ ပိုနေရပြီး အသက်ရာကျော်တဲ့ ဘိုးဘွားတွေကိုကြည့်မယ်ဆိုရင် ၈၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းမှာလဲ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုလို့မြင့်မားနေတာကိုတွေ့ရပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းမြင့်သလိုပဲ ကင်ဆာရောဂါကြောင့်သေဆုံးနှုန်းကလဲ၇၀ရာခိုင်နှုန်းအထိ မြင့်လာပါတယ်။ ရောဂါဝေဒနာ ပြင်းထန်စွာခံရရတဲ့ နှုန်းမှာလဲ အမျိုးသားတွေက အမျိုးသမီးတွေထက် မြင့်မားနေပြန်ပါတယ်။

တစ်နှစ်ကို အမျိုးသား တစ်ခန်းခန့်ဟာ မိမိကိုယ်မိမိ သတ်သေတဲ့အထိ ဆိုးကျိုးတွေဖြစ်လာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ အမျိုးသားတွေ သေကြောင်းကြံစည်မှုဟာ အမျိုးသမီးတွေထက် သုံးဆခန့် တက်လာပါတယ်။ ဗြိတိန် တစ်နိုင်ငံတည်းမှာပဲ တစ်နှစ်ကို အမျိုးသား လေးထောင်ခန့်ဟာ မိမိကိုယ်မိမိ သေကြောင်းကြံခဲ့ကြပါတယ်။ ဒီအရေအတွက်ဟာ တနေ့ကို ၁၂ ယောက် နှုန်း နှစ်နာရီခြား တစ်ယောက်နှုန်း လို့ ဆိုလို့ရပါတယ်။

ဗြိတိန်လူငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာလဲ လူကြီးတွေရဲ့ လစ်လျူရှုခြင်းကို ခံရလေ့ရှိပြီး အဲဒီလူငယ်တွေကြီးပြင်းလာတဲ့အခါမှာ သေကြောင်းကြံစည်မှုဟာ ငါးဆခန့် တိုးတက်လာတာကိုတွေ့ရပါတယ်။

 မိမိကိုယ်မိမိသေကြောင်းကြံစည်မှုဟာ စိတ်ဖိစီးမှုတွေက လွတ်မြောက်အောင် ထွက်ပေါက်ရှာခြင်းတစ်မျိုးပါပဲ။
မိမိကိုယ်မိမိ သေကြောင်းကြံစည်ကြတဲ့ အမျိုးသားအများတွေကို ခွဲခြမ်းစိတ်ဖြာရင်တော့
အိမ်ထောင်ကွဲ တခုလပ်များ မိဘ စွန့်ပစ်ခံများ အရက်ကို အလွန်အမင်းသောက်သုံးကြသူများ အိုးမဲ့အိမ်မဲ့ ခြေသလုံး အိမ်တိုင်များနဲ့ လိင်မှုဆိုင်ရာ စော်ကားခံရသူများ ဖြစ်နေတာကိုတွေ့ရတတ်ပါတယ်။

ကျွန်မတို့လူ့အဖွဲ့အစည်းမှာ ကမ္ဘာကျော်ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်သူတွေနေရာမှာသာ အမျိုးသားထုက နေရာယူနေကြတာမဟုတ်ပါဘူး။ မူးယစ်သောက်စား ရမ်းကားသူတွေ ရာဇဝတ်မှု ကျူးလွန်သူတွေ လမ်းဘေးမှာ လေလွင့်ပျက်စီးနေသူတွေစာရင်းမှာလဲ အမျိုးသားထုကပဲ ထိပ်ဆုံးက နေရာယူထားတတ်ပါသေးတယ်။ ဒါ့ကြောင့်လဲ အကျဉ်းထောင်တွေမှာ အမျိုးသားထုက ရာနှုန်းပြည့်နီးပါး နေရာယူထားတာကိုတွေ့ရပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာရှိတဲ့ အကျဉ်းသား၉၅ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျုးလွန်သူ အကျဉ်းသားတွေထဲမှာလဲ အလားတူ မိဘမဲ့ အိုးအိမ်မဲ့ အမျိုးသားတွေရဲ့ အရေအတွက်က အများဆုံးဖြစ်နေပြန်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေကြောင့် လူငါးသိန်းခန့် သေဆုံးနေပါတယ်။ သေဆုံးသူတွေရဲ့ ၈၃ ရာခိုင်နှုန်းဟာ အမျိုးသားတွေနဲ့ လူငယ်ချာတိတ်ကလေးတွေ ဖြစ်နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။
ဒီလို ဖြစ်ရပ်တွေကို အခြေခံပြီး ကမ္ဘာတဝှမ်းမှာ အမျိုးသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြဖို့အတွက် နိုင်ငံအကာ အမျိုးသားနေ့ရယ်လို့ ဖြစ်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသားများနေ့ကိုတော့ ၁၉၉၉ ခုနှစ်ကစပြီး နှစ်စဉ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ စတင်ကျင်းပတဲ့ နိုင်ငံတွေကတော့ ထရီနီဒက်နဲ့ တိုဘားကိုး နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ရုရှ နိုင်ငံကတော့ နိုဝင်ဘာလ ၁ ရက်နေ့ကို အမျိုးသားကမ္ဘာနေ့အဖြစ် သတ်မှတ်ထားပါတယ်။

ဒီလိုနေ့လေးကို အသိအမှတ်ပြုပြီး ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသားများနဲ့ လူငယ်ကလေးများရဲ့ ကျန်းမာရေး တိုးတက်စေရေးကို အခြေခံပြီး ကျားမတန်းတူအခွင့်အရေးရရှိစေရေး အမျိုးသား အမျိုးသမီးဆက်ဆံရေး တိုးတက်စေရေး နဲ့ အမျိုးသားတစ်ယောက်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။

အခြားတဘက်ကလဲ လူငယ်ချာတိတ်လေးတွေနဲ့ အမျိုးသားထုကြားက ခွဲခြားဆက်ဆံရေးကိုဆန့်ကျင်ပြီး သူတို့တွေရဲ့ အောင်မြင်မှုတွေ နဲ့ လူထုအကျိုးပြု ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုပေးဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အမျိုးသားများနေ့ကိုတော့ အခုချိန်မှာ နိုင်ငံပေါင်း ခြောက်ဆယ်ကျော်မှာ အသိအမှတ်ပြု ကျင်းပနေပြီလို့ ဆိုပါတယ်။

အခုလာမယ့် ၂၀၁၂ ခုနှစ်မှာတော့ပျော်ရွှင်ကျန်းမာတဲ့ ဘဝတွေပိုင်ဆိုင်စေဖို့ အမျိုးသားများနဲ့ လူငယ်ချာတိတ်တွေ အသက်ရှည်ဖို့ ကူညီကြပါစို့။ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အတူ ကျန်းမာရေးကဏ္ဍကို အဓိကထားပြီးလှုံ့ဆော်ထားပါတယ်။

ဒီနေရာမှာတော့ ဒီနေ့ထူးနေ့မြတ်လေး ကျင်းပရခြင်းရည်ရွယ်ချက်လေးက ခေတ်အဆက်ဆက်က ပြောလေ့ရှိတဲ့ မဟာဖိုဝါဒ တွေ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေမှာ လက်ကိုင်စွဲထားတဲ့ ယောက်ျားသားတွေရဲ့  ဗိုလ်ကျစိုးမိုးရေးဝါဒတွေနဲ့ မဟာအခွင့်အရေးတွေ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းက အရိုးစွဲနေတဲ့ အိမ်ဦးနတ်ဆိုတဲ့ ပညတ်ချက်တွေနဲ့ မတူ ကွဲပြားခြားနားတဲ့ ရည်ရွယ်ချက်တွေရှိနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ အဘိုး အဖေ အကိုမောင်ဖွားတွေ အသက်ရှည်ရှည်နဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် ကျွန်မတို့မှာလဲ တာဝန်ရှိပါတယ်။ ကျားမမရွေး ပျော်ရွှင်ကျန်းမာတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်းကူညီကြပါစို့လားရှင်။

(နိုဝင်ဘာလထုတ် ရတီမဂ္ဂဇင်းအတွက် ရေးထားတဲ့ ဆောင်းပါးလေးပါ။) 

1 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ ဆောင်းပါးလေး..
အချက်အလက်တွေ ပြည့်ပြည့်စုံစုံနဲ့မို့ ဗဟုသုတရတယ်နှင်းရေ
ကမ္ဘာမှာ ယောက်ျားတွေ သေဆုံးမှုနှုန်းမြှင့်တာကိုတော့ ခုမှ သိတော့တယ်။
အိမ်မှာလည်း အဖိုးနဲ့ အဖွားဆို အဖိုးက အရင်ဆုံးတာ
အဖေဘက်ရော အမေဘက်ရော အဖိုးအရင်ဆုံးတာ ခု နှင်းပြောမှ ပြန်တွေးမိတော့တယ်။

My Blog List