တတောလုံးသုဉ်းလို့ တပင်လုံးလဲ ကြွေခဲ့တယ်….




မိုးငယ်ငယ်
သူနာပြုဆရာမရဲ့ ခေါ်သံအဆုံးမှာ ခန်းဆီးလိုက်ကာ အဖြူရောင်လေးကို တွန်းဖယ်ပြီးဆရာဝန်ကြီး အခန်းထဲကို ဝင်လိုက်တော့ သဘောကောင်းလှတဲ့ ဆရာဝန်ကြီးက သူမကို အပြုံးနဲ့ ဆီးကြိုနေခဲ့ပါသည်။
သမီး အရမ်းကံကောင်းပါတယ်။  ဒီတစ်ခေါက်လဲ Negative ပါပဲ။ နောက်ကို ဒီဆေးရုံကို သမီးထပ်လာစရာ မလိုတော့ဘူးနော်။
ဆရာဝန်ကြီးရဲ့ ရှင်းပြချက်အရ အင်မတန်မှကိုရှားပါးလှတဲ့ အခြေအနေတစ်ရပ်အနေနဲ့ သူမဟာ ရောဂါပိုး ကူးစက်ခြင်းမခံခဲ့ရပါ။ မိုးငယ်လိုပဲ ကံကောင်းခဲ့ဘူးတဲ့ မိန်းကလေး တစ်ယောက် နှစ်ယောက်လောက် ရှိခဲ့ဘူးတယ်ဆိုတာ မိုးငယ်အတွက် ဝမ်းသာ လက်ခံနိုင်စရာ အဖြေလဲ ဖြစ်ပါသည်။
ကျေးဇူးပါဆရာ။ ဆရာနဲ့ ဒီဆေးရုံကဆရာ ဆရာမတွေအားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်။
ကြည်ညိုလေးစားစရာ ဆရာ့ကို ကျေးဇူးတင်စကားဆိုပြီး အခန်းငယ်ထဲကထွက်လာတော့ စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းနေခဲ့ပါသည်။
ဆရာ့ရုံးခန်းကနေထွက်လာပြီး ထုံးစံအတိုင်း လူနာတွေထားတဲ့ အဆောင်တွေရှိရာကို သွက်သွက်လေး လှမ်းခဲ့မိပါသည်။ မိုးငယ်ရဲ့ ဆေးအဖြေအတွက် ရင်ခုန်စွာ စောင့်စားနေကြသူ လူနာတွေကိုလဲ မိုးငယ် ပျော်ရွှင်စေချင်ပါသည်။
ကိုကိုရှိစဉ်တုန်းက အချိန်အတော်ကြာကြာ နေခဲ့ရတဲ့ အမျိုးသား လူနာဆောင်ဘက်ကို အရင်သွားပြီး သိကျွမ်းခဲ့ဘူးတဲ့ လူနာတွေကို ရှာဖွေနှုတ်ဆက်ရင်း အားပေးစကားဆိုတော့ လူနာတွေရဲ့ မျက်နှာပေါ်မှာ ကျေနပ်ပျော်ရွှင်သွားကြတဲ့ အပြုံးတွေကို တွေ့ရပါသည်။ မိုးငယ်ရဲ့ နောက်ဆုံး ဆေးစစ်ချက် အဖြေအတွက် မိုးငယ်ပျော်သလို သူတို့လဲ ပျော်ကြသည်လေ။
အမျိုးသားဆောင်ပြီးတော့ အမျိုးသမီးဆောင်ဘက် ခြေဦးလှည့်မိပြန်ပါသည်။ အမျိုးသမီးဆောင်မှာတော့ အမျိုးသားဆောင်လို လူနာစောင့်တွေ ဆွေမျိုးမိတ်ဆွေတွေနဲ့ စည်စည်ကားကားမရှိလှပါ။
ထုံးစံအတိုင်း နာတာရှည် လူနာဖြစ်တဲ့ အမျိုးသမီးတွေကို ဆေးရုံပေါ်မှာ စွန့်ပစ်ထားခဲ့ကြတဲ့ အိမ်သားတွေရဲ့ ဇာတ်လမ်းတွေကို မကြားချင်လဲ ကြားရတတ်သလို မမြင်ချင်လဲ မြင်ရအုံးမည်လေ။
အေးအတူပူအမျှ ဆိုးတူ ကောင်းဘက်ဆိုတဲ့  မြန်မာ့အိမ်ထောင်ရေး စကားပုံကိုတော့ ဒီဆေးရုံရဲ့ အမျိုးသားလူနာဌာနမှာသာ လိုက်နာကျင့်သုံးကြဟန်တူပါသည်။
အမျိုးသမီးဆောင်မှာတော့ သူမအတွက် အသိမိတ်ဆွေရယ်လို့ သိပ်မရှိလှ။ ဒါပေမယ့် မိုးငယ်ငယ်ရဲ့ ဇာတ်လမ်းကို ကြားဖူးနားဝရှိသူတွေကို  မိုးငယ်က အားပေးချင်သေးသည်။ မိုးငယ်ဆေးရုံကိုရောက်လာတဲ့ အချိန်တိုင်း မိုးငယ်ကို အားကျတဲ့ အကြည့်တွေနဲ့ ငေးမောနေခဲ့ဘူးတဲ့ အမျိုးသမီး လူနာတွေကို မသိစိတ်က သံယောဇဉ်ဖြစ်နေသလို မိုးငယ်ရဲ့ ဆေးအဖြေအတွက် သူတို့ကို ဝမ်းသာကြစေချင်ပါသည်။
ဒီနေ့ရခဲ့တဲ့ အဖြေအတွက် အမျိုးသားလူနာဆောင်မှာရှိတဲ့လူနာတွေ အမျိုးသမီးဆောင်မှာရှိတဲ့ လူနာတွေနဲ့ ဒီဆေးရုံမှာရှိရှိသမျှသော ဝန်ထမ်းတွေထက် ဝမ်းသာပျော်ရွှင်နိုင်မယ့် လူသားတစ်ဦးကို မျက်ရည်ဝဲရုံလေး သတိရမိတော့ကိုကိုလို့ အသံမထွက်ပဲ တိုးတိုးလးရွတ်လိုက်မိပါသည်။
မိုးငယ်ငယ်အတွက် ရောက်လေရာ ဘုံဘဝကနေ ကိုကို ဝမ်းသာနေမှာ သေချာပါသည်။
ဆေးရုံဝင်းထဲက ထွက်လာတော့ ဆေးရုံထဲကို ခပ်ပြင်းပြင်းမောင်းဝင်လာတဲ့ ကားတစ်စီးက မိုးငယ်ရဲ့ ဘေးကဖြတ်သွားတာမို့ အလန့်တကြား လမ်းဘေးကို ပြေးဆင်းလိုက်မိပါသည်။
ကားပြတင်းပေါက်ကနေ ဘေးတစောင်းအနေအထားနဲ့ တွေ့လိုက်ရတဲ့ ကားမာင်းသူလေးကတော့ မိုးငယ်ရဲ့ ဘဝထဲက ဘယ်တော့မှ ထွက်သွားမှာမဟုတ်တဲ့ နေမျိုးရယ်လေ။

*******

ရန်ကုန် မော်လမြိုင်ကားပေါ်ကိုရောက်တော့ ကားထွက်ဖို့ အချိန်မီတယ်ဆိုရုံလေး။ ရန်ကုန်ကိုလာတုန်းက ကျောပိုးအိတ်ငယ်လေးတစ်လုံးနဲ့ ပေါ့ပေါ့ပါးပါးလာခဲ့ပေမယ့် ဒီတစ်ခေါက် မြို့ကိုပြန်တော့ ပစ္စည်းတွေက စုစည်းလို့မကုန် သိမ်းဆည်းလို့မကုန်နိုင်ခဲ့။
ကိုကိုနဲ့နှစ်ယောက်တည်းနေခဲ့ဘူးတဲ့ အိမ်လေးမှာ သိမ်းဆည်းထားတဲ့ အိမ်ထောင်ပရိဘောဂတွေကို ရောင်းသင့်တာရောင်း ရှင်းသင့်တာရှင်း သိမ်းသင့်တာသိမ်းခဲ့ရသည်။ နောက်တစ်ခေါက် ရန်ကုန်ကို လာဖို့လမ်းမရှိတော့ဘူးဆိုတော့ မိုးငယ်တို့နေခဲ့တဲ့အိမ်လေးကို အိမ်ရှင်ကို ပြန်အပ်ဖို့ တခါတည်း စီစဉ်ခဲ့ရသည်။
ဒီအိမ်လေးကို စရောက်တော့ အိမ်ရှင်မအသစ်စက်စက်လေးက အိမ်ထောင်ပရိဘောဂဝေးလို့ ကိုယ့်အဝတ်အိတ်ကလေးကိုတောင် လက်ဖျားနဲ့ မတို့ထိခဲ့ရပါ။ ကိုကို့ရဲ့ စီမံမှုအောက်မှာ အသက် နှစ်ဆယ်အရွယ် အိမ်ထောင်ရှင်မလေးက မင်းသမီးလေးတစ်ပါးလို နုနုရွရွ လှလှပပလေး နေခဲ့ရသည်။
အခုဒီအိမ်လေးကို စွန့်ခွာတော့ ကိုကို့ရဲ့ မင်းသမီးလေးက အသက် နှစ်ဆယ့်သုံးနှစ်ဆိုပေမယ့် လောကဓံရဲ့ အထုအထောင်းခံခဲ့ရသူမို့ ရင့်ကျက်မှုအပြည့်နဲ့ မိန်းမကြီးတစ်ယောက်လို သွက်သွက်လက်လက် စီမံရပြန်ပါသည်။ ကိုကို့ကို လွမ်းစိတ်နဲ့ ကျလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း ကိုယ့်ဝန်ကိုယ်ထမ်းရမယ် မိုးငယ်ရေ လို့ အားပေးရတာက အခါခါ။
အခြားပရိဘောဂတွေကို ရောင်းထုတ်ပစ်ခဲ့ပေမယ့် မိုးငယ်စိတ်တိုင်းကျ ကိုကိုဝယ်ပေးခဲ့တဲ့ ကျွန်းဗီဒိုကြီးကိုတော့ မိုးငယ်နဲ့တပါတည်းသယ်ခဲ့ပါသည်။
ထိုင်ခုံမှာ မိုးငယ်နေရာယူပြီး မကြာခင်မှာပဲ ကားစထွက်တာမို့ လမ်းဘေးမှာ တရိပ်ရိပ်ကျန်ခဲ့တဲ့ အပင်အိုတွေကိုငေးရင်း မရေရာတဲ့ ခရီးတခုအတွက် သက်မမောတစ်ခုကို ခပ်ပြင်းပြင်းချလိုက်မိပါသည်။
တကယ်ဆို မိုးငယ်ဆီမှာ ပြေးစရာ ခိုစရာအမေ့ရင်ခွင်ကလွဲလို့ တခြားမရှိ။ ဒီလို အခြေအနေမျိုးနဲ့ အမေရှိတဲ့ မြို့ငယ်လေးကိုလဲ မပြန်ချင်။ ဒါပေမယ့် ရွေးချယ်စရာမရှိတဲ့ အဆုံး မိုးငယ် လက်ပြနှုတ်ဆက်ခဲ့တဲ့ မွေးရပ်မြို့လေးကိုပဲ ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ ခြေဦးလှည့်ခဲ့ရပြန်ပါသည်။
မိုးငယ်မြို့လေးကို နှုတ်ဆက်ခွဲခွာခဲ့စဉ်က မင်းသမီးတပါးရဲ့ အဆောင်အယောင်တွေနဲ့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးမိဘတွေကို နှုတ်ဆက်ခဲ့ခြင်းပဲ ဖြစ်ပါသည်။ ကိုကို့အရိပ်မှာ ခိုဖို့ မိဘတွေရဲ့ သဘောတူညီမှုနဲ့ ခမ်းနားလွန်းတဲ့ မင်္ဂလာပွဲတွေ တပွဲပြီးတပွဲ နွဲခဲ့တာ အိပ်မက်လိုလို ပုံပြင်လိုလို။
မိဘစကားကိုနားထောင်ပြီး မြို့ကြီးသား ကိုကို့ကို လက်ထပ်ခဲ့တဲ့ မိုးငယ်ကို သူငယ်ချင်းတွေက အပြစ်တင်မဆုံးခဲ့။ ချစ်ဦးသူဖြစ်သလို တစ်ဦးတည်းသော ချစ်သူဖြစ်တဲ့ နေမျိုးကို ရက်ရက် စက်စက် ထားခဲ့သူရယ်လို့ မိုးငယ်ကို မြို့လေးမှာ အမျက်ရှသူတွေလဲ ဒုနဲ့ဒေး။
နေမျိုးနဲ့ မိုးငယ်ဆိုတာ နေနဲ့လ လို လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးဖြစ်ခဲ့တာမို့ မိုးငယ်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို မသိသူမရှိကြ။ မိုးငယ်တို့နှစ်ယောက် စက်ဘီးကိုယ်စီစီးပြီး လျှောက်လည်ခဲ့ဘူးတွေ လမ်းတိုင်းမှာလဲ မိုးငယ်နဲ့ နေမျိုးကို ငေးမောအားကျခဲ့သူတွေ တပုံတပင်။
နှစ်ယောက်လုံးက ဖြူဖြူသွယ်သွယ် မျက်လုံးမျက်ဖန်ကောင်းကြသလို သွားတက်လေးတွေကိုယ်စီရှိကြတာမို့ မိုးငယ်တို့ချစ်သူနှစ်ယောက်က နယ်မြို့လေးမှာ ငွေကြယ်ပွင့်လေးတွေလို ကျော်ကြားတာမဆန်းလှ။ မိုးငယ်တို့ကို မြို့ကြီးပြကြီးကလာတဲ့ မင်းသားမင်းသမီးတွေထက် လေးစား အားကျနေကြတဲ့ ဆယ်ကျော်သက်တွေဆို မိုးငယ်တို့ လာတတ်တဲ့ လမ်းတွေကနေ တကူးတက စောင့်မျှော်ငေးမောခဲ့ကြဘူးပါသည်။
အကို သုံးယောက်နဲ့ကြီးပြင်းလာတဲ့ အငယ်ဆုံးသမီး မိုးငယ်ငယ်တစ်ယောက် ဆယ်တန်းကို နှစ်ခါလောက်ကြိုးစားပြီးဖြေပေမယ့် မအောင်ခဲ့။ နောက်ဆုံးတော့ မိုးငယ်မိသားစုက နေမျိုးကို အပြစ်ဖို့ပြီး မိုးငယ်ကို မြို့မှာကျောင်းထားဖို့ပြင်သလို ရှေးရိုးစွဲ မိခင်ကြီးကလဲ အိမ်ထောင်ရက်သားချပေးဖို့ စိုင်းပြင်းလာပါသည်။ မိုးငယ်တို့မြို့လေးမှာက သမီးကညာ အခါမလင့်စေတဲ့ အစဉ်အလာကို လက်ကိုင်ထားကြလေတော့ အသက် ၂၀ ရှိတဲ့ မိုးငယ်ငယ်တစ်ယောက်လဲ စက်ကွင်းမလွတ်ခဲ့ပါ။
ကံဇာတာ အလှည့်အပြောင်းက လဲ မြန်မှမြန်။ ရည်ရည်မွန်မွန် မြို့ကြီးသားပီပီ စီးပွားရေးနားလည်သူ ကိုကိုတစ်ယောက် မိုးငယ်တို့မိသားစုဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသလို မိုးငယ်ကို မိသားဖသားပီပီလာတာင်းခဲ့ပါသည်။ မိုးငယ်ရဲ့ ပညာရေးကိုလဲ ဆက်ပြီး တာဝန်ယူပါ့မည်ဆိုတဲ့ ခံဝန်ချက်ကိုရတော့ မိုးငယ်မိသားစုအတွက် ကိုကိုက မိုးကျရွှေကိုယ် ဖြစ်မှန်းမသိ ဖြစ်လို့။

မိုးငယ်တို့မြို့လေးမှာ ကိုကို့ကို မသိသူမရှိသလောက် ကိုကိုက လူချစ်လူခင်ပေါလှသူ။ ဆွေမျိုးရယ်လို့ တိတိကျကျမရှိပေမယ့် မိုးငယ်တို့မြို့လေးကို တံခါးမရှိ ဓါးမရှိဝင်ထွက်နေတတ်တဲ့ကိုကို့အတွက် ဒီမြို့လေးက သူ့အတွက် မစိမ်းလှပါ။
ညည်းကောင်က မင်းသားလို ရုပ်ရည်ပဲရှိတာ  သုံးစားမရပေါင်။ ဒီလိုလင်နဲ့ရလို့ကတော့ ဒူးနဲ့မျက်ရည် မသုတ်ရရင် ငါ့ကို ပြောချင်သလိုပြောမိဘချမ်းသာပေမယ့် ဒီကောင်က လက်ကြောတင်းပုံမရပါဘူးအေ..”
ဒါကတော့ နေမျိုးအတွက် မေမေချလေ့ရှိတဲ့ မှတ်ချက်။
ဒါပေမယ့် အသားညိုညိုနဲ့ ယောက်ျားတွေထဲမှာ ရုပ်ဆိုးတယ်လို့ ပြောလို့ရတဲ့ ကိုကို့ကိုတော့ မေမေက သာသာထိုးထိုး ချိန်ခွင်လျှာဇာက်ထိုး ပေးခဲ့ရှာပါသည်။
ယောက်ျားဆိုတာ ရုပ်ရည်တခုတည်းကို ကြည့်ရတာမဟုတ်ဘူးအေ့တသက်လုံးကိုယ့်ကို သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ့်သူဆို ဒဿဂီရိဖြစ်နေတောင် မငြင်းနဲ့ မိုးငယ်ငယ်ရေ…. မိုးရွာတုန်းရေခံစမ်းပါအေ  ဆိုတဲ့ မေမေ့စကားက တာသွားလှပါသည်။
ချစ်သူနဲ့ မိသားစုကြား လွန်ဆွဲတဲ့ ပွဲမှာတော့ ဓါးကြိမ်းကြိမ်းတဲ့ အကိုတွေနဲ့ ရှေးရိုးစွဲ မိခင်ကြီးကို မိုးငယ် မလွန်ဆန်နိုင်ခဲ့ပါ။
ငါတို့မောင်က နူနေ ဝဲနေတာမဟုတ်ဘူး…. ငတ်ပြတ်နေတာမဟုတ်ဘူးငါတို့ချမ်းသာသမျှ ဒီမောင်တစ်ယောက်တည်းအတွက်ပဲဒီလိုကောင်မက ငါ့မောင်ကိုများ ငြင်းစရာလား..နေနှင့်အုံး သူ့ထက်သာတဲ့ မြို့သူကိုရှာပီးပေးစားပြမယ်…“
နေမျိုးအမတွေ မချိတင်ကဲ ပြောသမျှဆိုသမျှကိုလဲ မိုးငယ် ခွန်းတုန့်မပြန်နိုင်ခဲ့။
ကိုကိုနဲ့ စေ့စပ်မယ့်နေ့မတိုင်ခင် မြို့ပြင်ဘက်ကို စက်ဘီးစီးထွက်ရင်း မိုးငယ်တို့ နှစ်ယောက်လုံး ကြေကွဲဆို့နင့်စွာ ပြောစရာစကားလုံးတွေ ပျောက်ဆုံးနေခဲ့ပါသည်။
မိုးငယ် လိုအပ်တဲ့အချိန်တိုင်းမှာ ကိုနေ ရှိနေမှာပါဆိုတဲ့ စကားတစ်ခွန်းနဲ့ အဆုံးစွန်အထိ နားလည်ပေးခဲ့ရှာသူ နေမျိုးကို တမြို့လုံးက သနားမဆုံးခဲ့ပါ။
*******                          
မြို့ငယ်လေးထဲကို ကားဝင်လာချိန်မှာတော့ ကားလမ်းတလျှောက် ဟွန်းသံတွေ တတီတီနဲ့ ဆူညံသက်ဝင်လာခဲ့ပါသည်။ မြို့မဈေးကြီးကိုကျော်တော့ မြို့လေးရဲ့ တစ်ခုတည်းသော ဆေးခန်းတစ်ခုရှေ့မှာ လူနာတွေ တန်းစီနေတာကိုတွေ့ရပါသည်။ ဒီမြို့လေးက မြို့ကြီးပြကြီးလို အဆောင်အယောင်တွေမရှိ အဆင်တန်ဆာတွေမရှိ။ ပကတိ ဖြူစင် ရိုးသားလွန်းတဲ့ မြို့လေးတစ်မြို့။ ထိမ်ချန် ဖုံးကွယ်ထားခြင်းတွေ မရှိတဲ့ မြို့။ ပြီးတော့ လောကဓံကို အလူးအလဲ ခံနေရရှာတဲ့ မြို့လေးတစ်မြို့လေ။
ကိုကိုဆုံးပြီး ပထမဆုံးအကြိမ် မြို့ကိုပြန်ရောက်ချိန်မှာတည်းက ဒီမြို့လေးမှာ လိမ်ညာမှု ဖုံးကွယ်မှု မရှိခြင်းအတွက် စိတ်မသက်မသာ ဖြစ်ခဲ့ရပါသည်။
ရှမ်းပြည်လို့ခေါ်တဲ့ တဖက်နိုင်ငံကို တံခါးမရှိ ဓါးမရှိ သွားနေကြတဲ့ မြို့ငယ်လေးက လူငယ်တွေဟာ မိသားစုအပေါ် တာဝန်ကျေချင်လွန်းသူလေးတွေလို့ မိုးငယ်ကိုယ်တိုင် ကောက်ချက်ချခဲ့ဘူးပါသည်။
မိုးငယ်ရဲ့ ငယ်သူငယ်ချင်းလေးညိုညိုက မြို့လေးရဲ့တစ်ခုတည်းသော ဆေးခန်းမှာ ဆရာဝန်လေးကို ကူညီနေသူ သူနာပြုမလေးမို့ ဒီမြို့လေးရဲ့ သာရေးနာရေး သတင်းတွေကို မကြားချင် မသိချင်လို့မရ။ ဒီသတင်းတွေကို ညိုညိုက မသယ်လာရင်လဲ တစ်ဦးတည်းသော ဆရာဝန်လေးက မနက်ခင်း သတင်းတစ်ရပ်လို လက်ဖက်ရည်ဆိုင်မှာ တာဝန်ကျေစွာ သတင်းကြေငြာနေတတ်သူ။
အထူးသဖြင့် အေအိုင်ဒီအက်စ် နဲ့ အိတ်ခ်ျအိုင်ဗွီ လူနာတွေရဲ့ နောက်ဆုံးပိတ် စက်ရပ်သတင်းတွေ အိတ်အိုင်ဗွီလူနာ စစ်တမ်းတွေကို ဆရာဝန်ကိုယ်တိုင်က တာဝန်ကျေစွာ ဖြန့်ဖြူးနေလေတော့ ဒီဆေးခန်းလေးကို လူနာအချို့က ကြောက်ကြသည် ရှောင်ကြသည်။ အခြားမြို့က ဆေးခန်းတွေကို တိတ်တဆိတ်သွားပြကြသည်။
မြို့ခံ ဆရာဝန်လေးရဲ့ အဆိုအရ ဒီမြို့လေးမှာ အိတ်ခ်ျအိုင်ဗွီဖြစ်နေသူတွေက လက်ညှိုးထိုးလို့ မလွဲတော့ပါတဲ့။ အိမ်ပေါက်စေ့များ ဖြစ်နေလေရော့သလားလို့ သံသယ ဖြစ်လောက်အောင် သူ့သတင်းက ခိုင်လုံနေလေရော့သလားလို့ ဘုရားတမိပါသည်။ ကံကောင်းထောက်မစွာပဲ ကိုကို့သတင်းကိုတော့ ဒီမြို့လေးမှာ ဘယ်သူမှ မသိခဲ့ရှာပါ။ ရှားရှားပါးပါး သိခွင့်ရလိုက် သူကတော့ မိုးငယ်ရဲ့ အရိပ်တစ်ခုဖြစ်တဲ့ နေမင်း။
မြို့ခံဆရာဝန်လေးရယ် ဘာလို့များ ဒီလောက်တောင် ပွင့်လင်းရိုးသားချင်ရတာလဲ ရောဂါ ဝေဒနာသည်တွေအတွက် တခါတလေတော့ လိမ်ညာ ဟန်ဆောင်ပေးသင့်ပါတယ်လေ။
အိမ်ပေါက်စေ့ မြို့လုံးကျွတ်လို့ မပြောပါနဲ့လား…. မိုးငယ်တို့အိမ်လေးကိုလဲ ဒီစာရင်းထဲကို မထည့်ပါနဲ့လားလို့တောင်းပန်ခဲ့ချင်ပေမယ့် ကံကြမ္မာက မိုးငယ်ဘက်မှာမရှိခဲ့။
သုံးနှစ်ကြာခွဲခွာခဲ့ရတဲ့ အိမ်လေးကို ပြန်ရောက်ရောက်ချင်း ကြားခဲ့ရတဲ့ မိသားစုသတင်းက မိုးငယ်ရဲ့ သောကတွေကို ပိုလို့သာ တိုးစေခဲ့ပါသည်။
အကို အကြီးဆုံးကိုကိုကြီးက ကလေးနှစ်ယောက်နဲ့ ရာဘာခြံတွေကို ဦးစီးနေရှာသူ။ မိုးငယ်နဲ့ မတွေ့ဖြစ်တဲ့ နှစ်နှစ်ကျော် သုံးနှစ်အတွင်း သိသိသာသာ ပိန်ချုံးလာခဲ့ပြီး ကိုကိုကြီးဆီမှာ အိတ်ခ်ျအိုင်ဗွီပေါ့စစ်တစ်လို့ သေချာသွားချိန်မှာတော့ ကိုကိုကြီးရဲ့ အမျိုးသမီးမမနွယ်က သားနှစ်ယောက်နဲ့အတူ မိသားစုကို ပစ်ခွာပြီး ရှမ်းပြည်ဘက်ကို ထွက်သွားခဲ့ပါသည်။
ကိုကိုကြီးကလဲ သားနှစ်ယောက်ကို မေမေ့ဆီမှာ စိတ်ချလက်ချအပ်လို့ ရာဘာခြံထဲမှာပဲ သူ့ဘဝကို ကုန်ဆုံးစေခဲ့ပါသည်။ ဒါပေမယ့် နှစ်ပတ်တခါ သုံးပတ်တခါဆိုသလို မြို့ငယ်လေးမှာ သောက်ရမယ့်ဆေးတွေ လာယူတတ်သလို မေမေနဲ့ သားနှစ်ယောက်ကိုလဲ လာတွေ့တတ်ပါသည်။မေမေ့ရာဘာခြံတွေက ကိုကိုကြီးအတွက် ဆေးဘိုးဝါးခနဲ့ မိုးငယ်တို့ မိသားစုလေးကိုတော့ လောက်ငအောင်ကျွေးမွေးနိုင်ဆဲမို့ ကျေးဇူးတင်ရပြန်ပါသည်။
မမနွယ်တစ်ယောက် ကိုကိုကြီးနဲ့ သားနှစ်ယောက်ကို မငဲ့ခဲ့ခြင်းအတွက် အပြစ်မတင်လိုပေမယ့် မကြာခင်အချိန်လေးမှာပဲ နောက်အိမ်ထောင်ပြုလိုက်တယ်ဆိုတဲ့ သတင်းကို ကြားချိန်မှာတော့ သူမရဲ့ မိုက်မဲမှုအတွက် မတုန်လှုပ်ပဲ မနေနိုင်တော့ပါ။ တကယ်ဆို ကိုကိုကြီးဆီမှာ ရောဂါရှိနေတာ သေချာနေခဲ့တာမို့ မမနွယ်ကိုယ်တိုင်လဲ ဆေးစစ်သင့်ပါသည်။ ဒါပေမယ့် ဆရာဝန်ရဲ့ တိုက်တွန်းချက်ကို လျစ်လျူရှုပြီး လုံးဝ မေ့လျော့ပစ်ခဲ့တာကိုတော့ မိုးငယ် ဘဝင်မကျနိုင်ပါ။ မမနွယ်တစ်ယောက် သူမရဲ့ နောက်အိမ်ထောင်အပေါ် ဘာလို့များ မရိုးသားခဲ့ပါလိမ့်။
မိုးငယ်ရဲ့ အထက်က အငယ်ဆုံးအကိုကလဲ အိမ်မှာ မေမေနဲ့ တခြိမ်းခြိမ်း စကားတွေ များနေတတ်ပါသည်။ ကိုငယ် အိမ်ထောင်ပြုဖို့ ရွေးချယ်ထားသူကိုမေမေက သဘောမတူခဲ့။ဒီကောင်မလေးက ရှုပ်ရှုပ်လေး ဇာတ်လမ်းတွေ ကြားရတာ မကောင်းလှဘူး ရောဂါ ဖြစ်နေပြီဆိုလား ဘာလားအေညည်းအကိုကလဲ ပြောမနိုင် ဆိုမနိုင်ထဲကအေရဲ့။မေမေ့ဆီက ကြားရတဲ့ သတင်းကိုလဲ မဟုတ်ဘူး မငြင်းရဲ မငြင်းဝံ့။
ကိုငယ်နဲ့ တွဲနေတဲ့ မမထက်က ဟိုဘက်ကမ်း ရှမ်းပြည်ဘက်မှာ အလုပ်သွားလုပ်ခဲ့တာကို မိုးငယ်သိသလို ဒီမြို့လေးမှာ မသိသူမရှိ။ မိုးငယ် အတတ်မပြောရဲတာက မမထက်မှာ ရောဂါ ရှိမရှိဆိုတဲ့ အချက်ပဲ ဖြစ်ပါသည်။ မထက်ထက်ကို ဆေးစစ်ခိုင်းဖို့ကိုလဲ ကိုငယ့်ကို မပြောရဲခဲ့။ မိုးငယ် ဘာလို့ ဒါတွေ သိနေခဲ့တာလဲလို့ မေးလာခဲ့ရင် မိုးငယ်မှာ အဖြေမရှိခဲ့။ မိုးငယ်ရခဲ့တဲ့ ဘဝအသိတွေ သင်ခန်းစာတွေကို မိုးငယ်ရဲ့ မိသားစု မသိစေချင်ပါ။
ဆရာဝန်လေးပြောသလိုပဲ မြို့လုံးကျွတ် ရွာလုံးကျွတ် ကျိန်စာသင့်နေကြလေရော့သလား။
*******
ဒီနေ့ကိုကို ဆုံးတာ တစ်နှစ်တိတိပြည့်တဲ့ နေ့။
မနက်စောစောစီးစီး အာရုံဆွမ်းချက်ပြီး သူငယ်ချင်းမလေး ညိုညိုနဲ့အတူ မိုးငယ်တို့ အိမ်နားက ဘကြီးဘုန်းကြီး သီတင်းသုံးနေတဲ့ ဘုန်းကြီးကျောင်းကို ထွက်လာတော့ လမ်းမီးတိုင်တွေတောင် မမှိတ်သေး။ ဒီဘုန်းကြီးကျောင်းကို ရွေးချယ်ခဲ့တာလဲ ကိုကို့အတွက် အမှတ်တရ ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့်ပင်။
ကိုကိုနဲ့လက်ထပ်ပြီး မင်္ဂလာဦးဆွမ်းကပ်စဉ်ကလဲ ဒီကျောင်းလေးမှာပဲ မိဘဆွေမျိုးတွေနဲ့ စည်စည်ကားကားကျင်းပခဲ့ပါသည်။
မိုးငယ် သမီးလေးမွေးပြီး အဖတ်မတင်တော့လဲ သမီးလေးအတွက်ရည်စူးပြီး ဒီကျောင်းလေးမှာပဲ အလှူပြုခဲ့ကြပါသည်။
နောက်ဆုံး ကိုကို နာမကျန်းဖြစ်တဲ့ အချိန်မှာလဲ ကိုကို့ဆန္ဒအရ ဒီကျောင်းလေးမှာပဲ  ရဟန်းခံခဲ့ပါသည်။
ဘုန်းကြီးကျောင်းကပြန်တော့ ညိုညိုက ဆေးခန်းကို တန်းမသွားပဲ မိုးငယ်နဲ့အတူတူ အိမ်ပြန်လိုက်ခဲ့ပါသည်။
ကိုကို ကုသိုလ်ရအောင် ကိုကို့အဝတ်အစားတွေကို ရာဘာခြံထဲက အလုပ်သမားတွေကို လှူဖို့ ဆုံးဖြတ်ထားတာမို့ ညိုညိုနဲ့ အတူတူ အဝတ်ဗီရိုကြီးရှေ့မှာ ထိုင်ပြီး လှူမယ့်အဝတ်တွေကို ရွေးချယ်ကြပါသည်။
ကိုကိုဆုံးပြီးတည်းက ကိုကို့အဝတ်တွေကို ဒီအတိုင်းသိမ်းထားခဲ့တာမို့ အဝတ်တွေက ပရုပ်လုံးနံ့လေးတွေ သင်းနေခဲ့ပါသည်။ အဝတ်ဗီရိုကြီးကို ရန်ကုန်က သယ်ခဲ့ပြီးတော့လဲ ဗီရိုရဲ့ ညာဘက်ခြမ်းကို ကိုကိုရှိစဉ်ကအတိုင်း ကိုကို့ အသုံးအဆောင်တွေအတွက်နေရာပေးထားခဲ့ပါသည်။
ဗီရိုညာဘက်ခြမ်းအကန့်တွေထဲမှာ သိမ်းထားတဲ့ ထသွားထလာဝတ်တဲ့ တီရှပ် စပို့ရှပ်နဲ့ ရှပ်အကျီတွေအားလုံးကို ရွေးထုတ်လိုက်တော့ ဗီရို အောက်ဘက်ခြမ်းတစ်ထပ်လုံး ရှင်းလင်းသွားခဲ့ပါသည်။
သူမက အဝတ်တွေ စီနေဆဲမှာ ညိုညိုက ဗီရိုကြမ်းပြင်ကို လက်ဝါးနဲ့ တဖြတ်ဖြတ်ပုတ်ပြီး ဖုန်ခါနေခဲ့ပါသည်။ ဖုန်ခါနေရင်းက ရုတ်တရက် အောက်ခြေမှာ အံကလေးတစ်ခု ရှိနေသေးတာကို သတိထားလိုက်မိတာမို့ ညိုညိုက လက်မြန်ခြေမြန်နဲ့ အံဝှက်လေးကို ဆွဲထုတ်လိုက်ပါသည်။
ညိုညို့လက်ထဲမှာ ပါလာတဲ့ အဝါရောင် အေဖိုးဆိုဒ် စာအိတ်အရှည်ကြီးက ထူထူထဲထဲ ရှိလှသည်။ စာအိတ်ရဲ့ ဘေးဘက်မှာ ပွင့်နေတာမို့ စာအိတ်ထဲက စာရွက်တွေကို အတိုင်းသား မြင်နေရပါသည်။
တစက္ကန့်လေးတောင် မဆိုင်းပဲ ညိုညိုက စာရွက်တွေကို ဆွဲထုတ်လိုက်ချိန်မှာတော့ မိုးငယ်လဲ လက်ထဲက ကိုကို့အဝတ်တွေကို ဘေးနားမှာ ခဏချပြီး ညိုညို့ဖတ်နေတဲ့ စာရွက်တွေကို စပ်စုနေလိုက်ပါသည်။
စာရွက်တွေအားလုံးဟာ ဆေးခန်းနဲ့ ဓါတ်ခွဲခန်းတွေမှာ စစ်ထားတဲ့ ဆေးမှတ်တမ်းတွေဆိုတာ သိလိုက်တာမို့ သူနာပြုပေါက်စ ညိုညိုတစ်ယောက် မိုးငယ်ကို ခွင့်မတောင်းပဲ တရွက်ပီးတရွက် ဖတ်နေခဲ့ပါသည်။
ဆေးပညာ အသုံးအနှုန်းတွေအားလုံးကို နားမလည်ပေမယ့် မိုးငယ်နဲ့ ရင်းနှီးခဲ့ဘူးတဲ့ HIV Positive negative ဆိုတာတွကိုတော့ မိုးငယ် ဖတ်နိုင်ပါသည်။ ပြီးတော့ စာရွက်တွေရဲ့ ထိပ်ဆုံးမှာ ရေးထားတဲ့ ကိုကို့ရဲ့ နာမည်နဲ့ ဆေးစစ်ခဲ့တဲ့ နေ့စွဲတွေ။
နေ့စွဲတွေက ကိုကိုနဲ့ မိုးငယ် လက်မထပ်ခင် နှစ်နှစ်လောက်က နေ့စွဲတွေဆိုတော့ ကိုကို့ဆေးမှတ်တမ်းတွေက ငါးနှစ်စာလို့ ပြောလို့ရပါသည်။ ညိုညို့ စကားတွေအရဆို လွန်ခဲ့တဲ့ ငါးနှစ်လောက်တည်းက ကိုကိုက တီဘီရောဂါ ဖြစ်နေခဲ့သလို တီဘီဆေးတွေကိုလဲ လနဲ့ချီပြီး သောက်သုံးနေခဲ့ပုံရပါသည်။
တီဘီရောဂါစစ်ထားတဲ့ စာရွက်တွေရဲ့နောက်မှာတော့ မိုးငယ်နဲ့ လက်ထပ်ပြီးချိန်လောက်ကHIV ပိုးရှိမရှိ လစဉ်နီးပါး စစ်ဆေးခဲ့တဲ့ မှတ်တမ်းတွေထွက်လာပါသည်။ ကိုကိုတစ်ယောက် တစုံတခုကို ကြိုတင်သိနေခဲ့လို့များလား။ ဘာကိုများစိုးရိမ်ထိတ်လန့်ပြီး ဒီလိုမမေ့မလျော့ စစ်နေခဲ့လဲဆိုတဲ့ မေးခွန်းကို ညိုညိုမေးလာတော့ မိုးငယ်မှာ အဖြေမရှိခဲ့။
နောက်ဆုံး ဒီလောက်များတဲ့ ဆေးမှတ်တမ်းတွေ ဒီဗီရိုထဲမှာ ရှိနေခဲ့တာကိုတောင် မိုးငယ်မသိခဲ့ သတိမထားမိခဲ့။ ကိုကို့အဝတ်တွေ လျှော်ဖွတ် မီးပူတိုက်ပီးတိုင်း ဗီရိုထဲကို ထည့်ပေးခဲ့ပေမယ့် ဒီအံဝှက်လေးနဲ့ ဒီစာရွက်တွေကို လုံးဝ မသိခဲ့ မမြင်ခဲ့ဘူးပါ။
မိုးငယ်ကိုလက်ထပ်ပြီး ရန်ကုန်ကိုခေါ်လာတဲ့ အချိန်မှာ ကိုကို မိုးငယ်ကို လိုတာထက်ပိုလို့ ဂရုစိုက်ခဲ့သည်။ ချစ်ခင်ခဲ့သည်။ ကြင်နာခဲ့သည်။ မိုးငယ်ကို ကျူရှင်ကောင်းကောင်းထားပြီး စိတ်အေးလက်အေး ဆယ်တန်း ဖြေစေခဲ့သည်။ ဆယ်တန်းအောင်ပီးတော့လဲ တက္ကသိုလ်တက်ဖို့ စီစဉ်ပေးပြန်သည်။ မိုးငယ်က အဝေးသင်ပဲ တက်ပါရစေလို့ ခွင့်တောင်းတော့ ကိုကိုက စိတ်ဆိုးခဲ့သေးသည်။ ဒါပေမယ့် မိုးငယ်ဆန္ဒအတိုင်းသာ ဖြစ်စေခဲ့သည်။ မိုးငယ်ရဲ့ ငယ်ရည်းစား နေမျိုးနဲ့ ပက်သက်ပြီးလဲ ဘယ်တုန်းကမှ အပြစ်တင် ဝေဖန်ခြင်းမရှိခဲ့ နေမျိုး ရန်ကုန်မှာ စီးပွားရေးလုပ်ရင်း အိမ်ထောင်ကျသွားတဲ့ သတင်းကိုလဲ ကိုကိုကပဲ မိုးငယ်ကို အသိပေးခဲ့တဲ့အထိ နားလည်မှုရှိခဲ့သည်။
နေမျိုးကလဲ မိုးငယ်ရဲ့ အိမ်ထောင်ရေးကို နားလည်လွန်းစွာ အဆက်အသွယ်မလုပ်ခဲ့။ မိုးငယ် ဆယ်တန်းအောင်တဲ့ သတင်းကြားတုန်းက တစ်ကြိမ် လူကြုံနဲ့ လက်ဆောင်လေးတစ်ခုပို့ပေးခဲ့ပေမယ့် မိုးငယ်ရဲ့ ရှေ့ကို ဘယ်တုန်းကမှ လူလုံးမပြခဲ့။ ဒါပေမယ့် မိုးငယ်ရဲ့ ကောင်းသတင်း ဆိုးသတင်းတွေကို နေမျိုးက အမြဲတမ်း နားစွင့်နေခဲ့သူ သိနေခဲ့သူပီပီ အမြဲလဲ အသင့်ရှိနေခဲ့ပါသည်။
ကိုကို့ဆေးစာရွက်တွေအရ ကိုကို့ရဲ့ ဇစ်မြစ်ကို အစအဆုံးသိလိုက်ရတဲ့ ညိုညိုရဲ့ မျက်နှာက သွေးဆုတ်ဖြူလျော်နေခဲ့သလို သူမကို ကြည့်လာတဲ့ အကြည့်တွေမှာလဲ စိုးရိမ်ထိတ်လန့်မှုတွေကို မြင်နေရပါသည်။
ငါလဲ ဆေးစစ်ခဲ့ရပါတယ် ညိုရယ် ကိုကို ဆေးရုံစတက်တဲ့ အချိန်ကစလို့ ပြီးခဲ့တဲ့လက အထိလေ။ ဒါပေမယ့် ငါအခုချိန်ထိ ကံကောင်းနေသေးတယ်ညို….”
ဝမ်းနည်းစိတ်နဲ့ ကျလာတဲ့မျက်ရည်တွေကို သုတ်ပစ်ဖို့ မကြိုးစားပဲ  ညို့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ငိုရှိုက်မိပါသည်။ ဒီမြို့လေးမှာ မိုးငယ်နဲ့ ကိုကို့အကြောင်းကို ဒုတိယတစ်ယောက်အနေနဲ့ သိခွင့်ရတဲ့သူကတော့ ညိုညို။  ညိုကတော့ ဒုတိယနဲ့ နောက်ဆုံးအနေနဲ့ သိခွင့်ရသူဆိုတာ မျက်စိမှိတ်ပြီး ယုံကြည်ရဲခဲ့ပါသည်။
မိုးငယ် အဝေးသင်စတက်တဲ့ နှစ်မှာပဲ ကိုယ်ဝန်ရှိလာသလို ကိုကိုလဲ စပြီး ချူချာလာခဲ့ပါသည်။ မကြာခဏဆိုသလို ဆေးခန်းသွားရတာမို့ ကိုကို့ကို အရင်ကထက်ပိုပြီး ဂရုစိုက်မိပါသည်။ ကိုကိုကလဲ သူမကိုယ်ဝန်စရှိချိန်မှာပဲ ဆေးခန်းကြီးတစ်ခုကိုခေါ်သွားပြီး မိုးငယ်ကို အထွေထွေ ဆေးစစ်ပေးခဲ့ပါသည်။ အဖြေတွေကိုလဲ ကိုကိုကိုယ်တိုင်ပဲ သွားယူပြီး မိခင်လောင်းဆိုတာ ကျန်းမာရေးကို အထူးဂရုစိုက်ရမယ်။ မပေါ့ရဘူးလို့ မကြာခဏ သတိပေးတတ်ပါသည်။
ခပ်ပြည့်ပြည့် တောင့်တောင့်တင်းတင်းရှိခဲ့တဲ့ ကိုကိုတစ်ယောက် မသိမသာ ပိန်ကျသွားချိန်မှာတော့ ဆေးခန်း ဓါတ်ခွဲခန်းတွေကို သွားတဲ့ အကြိမ်အရေအတွက်လဲ စိတ်လာပါသည်။
ကိုကို ဘာဖြစ်တာလဲလို့ မေးတိုင်းလဲ စိတ်ပူစရာ မရှိပါဘူး တီဘီဖြစ်နေလို့ ကိုကို ဆေးသောက်နေရတာပါ မိုးငယ်ရယ် မကြာခင်ပျောက်သွားပါ လို့ ခပ်ပြုံးပြုံး ဖြေလေ့ရှိပါသည်။
မိုးငယ် သမီးလေးကို မွေးချိန်မှာတော့ မေမေ့ဆန္ဒအရ မေမေ့အိမ်မှာပဲ ပြန်မွေးခဲ့ရပါသည်။ ကံမကောင်းလှတဲ့ သမီးလေးကတော့ လူ့လောကကြီးကို ရောက်ဖူးတယ်ဆိုရုံသာ ရောက်ခဲ့ရှာပါသည်။ မွေးပြီး နာရီပိုင်းအတွင်းမှာပဲ သမီးလေး ဆုံးသွားခဲ့ပါသည်။
သမီးလေး ဆုံးသွားချိန်မှာတော့ ကိုကိုက မိုးငယ်ကို နှစ်ဆတိုးလို့ အားပေးနှစ်သိမ့်ခဲ့ပါသည်။
ဒါပေမယ့် ကိုကို ကိုယ်တိုင်လဲ သိသိသာသာ ပိန်ချုံးလာပါသည်။
သိပ်မကြာခင်မှာလေးမှာတော့ ကိုကိုက မိုးငယ် ကိုပါခေါ်ပြီး ဆေးခန်းကိုထပ်သွားခဲ့ပါသည်။ ပြီးတော့ သူမကို သွေးဖောက်ပြီးစစ်ပေးခဲ့ပါသည်။ မိုးငယ် တီဘီရောဂါ ကူးစက်မှာစိုးတာမို့ ဆေးစစ်ပေးတာပါလို့ ခပ်အေးအေးပဲပြောခဲ့ပါသည်။ မိုးငယ်ကတော့ ဘာရယ်မှန်းမသိခဲ့ပေမယ့် ကိုယ်တိုင်လဲ နားမလည်တာမို့ ကိုကို့သဘောကျ ဘာကိုမှ မငြင်းခဲ့ပါ။ ကိုကို့ကိုလဲ မေးခွန်းတွေ မထုတ်ခဲ့မိပါ။ နယ်ကလာတဲ့ မိန်းကလေးပီပီ သူမဘက်က ရိုးရိုးတွေး ရိုးရိုးမြင်ပြီး တုံးခဲ့ အခဲ့တာလဲ ဖြစ်နိုင်ပါသည်။
မိုးငယ်ရဲ့ ဆေးစစ်ချက် အဖြေကိုသွားယူတဲ့ နေ့တုန်းကတော့ ကိုကို့မျက်နှာလေးမှာ အပြုံးရိပ်တွေတွေ့ခဲ့ရပါသည်။ အဲဒီနေ့က ထူးထူးခြားခြား ကိုကိုတစ်ယောက် အရမ်းပျော်ရွှင်နေခဲ့တာကိုတော့ သတိထားမိခဲ့ပါသည်။
နောက်ပိုင်းမှာတော့ ကိုကို ဆေးတွေ ပုံမှန်သောက်ရင်း ဆေးခန်းကိုလဲ ပုံမှန်သွားခဲ့ပါသည်။ သူမဘက်ကတော့ ကိုကို့ဖျားနာမှုကို သံသယစိတ်ကင်းစွာနဲ့ ပုံမှန်အတိုင်းပဲ အချိန်တွေကို ပေါ့ပါးစွာ ဖြတ်ကျော်ခဲ့ကြပါသည်။
ကိုကို နေမကောင်းဖြစ်ပြီး သုံးလေးလလောက်အကြာမှာတော့ တော်တော် အခြေအနေ ဆိုးလာပါခဲ့သည်။ ကျန်းမာရေး ညံ့လွန်းတာမို့ ပဉ္ဇင်းတက်ချင်လို့ ဆိုပြီး မိုးငယ်ရဲ့မြို့လေးကို လိုက်ပြီး ဒုလ္လဘ ရဟန်းခံခဲ့ပါသည်။ ပြန်ခါနီးအချိန်မှာလဲ သူမဘက်ကဆွေမျိုး မိဘတွေအားလုံးကို လိုက်ကန်တော့ ခဲ့ပါသည်။
ဒီတစ်ခေါက်ရန်ကုန်ပြန်ရောက်တော့ မိုးငယ်ကိုဆေးစစ်ဖို့ ထပ်ခေါ်ပါသည်။ သူမကလဲ သွေးဖောက်ပေးပြီးတဲ့ အထိ ဘာမှမမေးခဲ့ပါ။ ကိုကိုကလဲ ဘာမှမပြောခဲ့ပါ။ ကိုကို ကိုယ်တိုင်က အားပြတ်နေပါပြီ။သူကိုယ်တိုင် နေမကောင်းတဲ့ ကြားက သူမရဲ့ဆေးစစ်ချက်အဖြေကိုလဲ ကိုယ်တိုင်သွားယူတတ်ပါသည်။ ပြန်လာတော့ ထုံးစံအတိုင်း ပြုံးလို့ ပျော်လို့။ ပြီးတော့ မိုးငယ်ရဲ့ ဆေးမှတ်တမ်းစာရွက်လေးကို ဖိုင်လေးထဲထည့် ပြီးသိမ်းလိုက်ပါသည်။
တစ်ပတ်လောက်နေတော့ ကိုကိုတို့သွားစရာ ရှိတယ် မိုးငယ်ပါလိုက်ခဲ့ ဆိုပြီး ကားငှားပြီး ဆေးရုံတစ်ရုံကို ခေါ်သွားခဲ့ပါသည်။ ကိုကို့လက်ထဲမှာလဲ ဆေးမှတ်တမ်းလေးတွေပါတဲ့ ဖိုင်အကြည်လေးကိုင်လို့၊ မိုးငယ်တို့ရောက်ခဲ့တဲ့ နေရာကတော့ ရန်ကုန်မြို့စွန် တနေရာကကူးစက်ရောဂါကု ဆေးရုံတစ်ခုဆိုတာကိုတော့ သိလိုက်ရပါသည်။
တကယ်ဆို ကိုကိုက တီဘီရောဂါသည်တစ်ယောက် မိုးငယ်ရောက်နေတာက အေအိုင်ဒီအိက်စ်ရောဂါသည်တွေ ရှိနေတဲ့ ဆေးရုံ။ တခုခု လွဲနေတာတော့ သေချာပါသည်။ ပိုလို့ ထူးဆန်းတာက ကိုကို မိုးငယ်ကို ပေးတွေ့ခဲ့တဲ့ ဆရာဝန်ပဲ ဖြစ်ပါသည်။ဆရာဝန်ရဲ့ အခန်းထဲကို ဝင်ချိန်မှာတော့ ကိုကို အပြင်မှာ စောင့်ရင်းကျန်နေရစ်ခဲ့ပါသည်။ ဆရာဝန်နဲ့ စကားမပြောခင်အထိ မိုးငယ် ဘာဆိုဘာမှ မရိပ်မိခဲ့ မသိခဲ့ရပါ။
ဆရာဝန်လေးက မိုးငယ်ကို အေအိုင်ဒီအက်စ်ရောဂါ အကြောင်း အကြံပေး ဆွေးနွေးလာခဲ့ပါသည်။ သူမဘက်က ဆောင်ရန်ရှောင်ရန်များ လေ့လာမှတ်သားစရာများကိုပါ အသေးစိတ်ရှင်းပြလာခဲ့ပါသည်။ မိုးငယ်ကို စိတ်ဓါတ်မကျစေဖို့ အားပေးရင်း ကိုကို့မှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်နေတာကို အသိပေးပြောပြလာခဲ့ပါသည်။
လက်ရှိဆေးမှတ်တမ်းတွေအရ မိုးငယ်မှာတော့ ရောဂါလက္ခဏာ မပြသေးပါ မိုးငယ်ရဲ့ ဆေးမှတ်တမ်းတွေအားလုံးမှာ HIV negative ဆိုတာကိုပါအသေးစိတ်ရှင်းပြခဲ့ပါသည်။ မိုးငယ်ကိုတော့ တစ်လတစ်ခါပုံမှန် သွေးလာစစ်ဖို့ တိုက်တွန်းခဲ့ပါသည်။ ဆရာဝန်လေးနဲ့ တွေ့ပြီးအခန်းထဲက ထွက်လာမှ သူမအရာရာကို နားလည်သဘောပေါက် ခဲ့ပါသည်။
ကိုကိုကတော့ အိမ်ပြန်ရောက်တဲ့ အထိ မိုးငယ်ကိုဘာမှ မပြောခဲ့ပါ။ သူ့ဆီမှာ ပြောဖို့ခွန်အားတွေ မရှိတော့သလို သူ့ပုံစံက အရုပ်ကြိုးပြတ်။ ညစာစားချိန်မှုာတော့ မိုးငယ်ကို စကားတစ်ခွန်းပဲ ပြောခဲ့ပါသည်။ အစစအရာရာအတွက် ကိုကိုစိတ်မကောင်းပါဘူး ဒါပေမယ့် မိုးငယ်ရဲ့ ဆေးအဖြေတွေအတွက်တော့ အရမ်းဝမ်းသာပါတယ် တဲ့။
မိုးငယ်သေသေချာချာ မှတ်မိနေခဲ့တာကတော့ သမီးလေးကို မွေးပြီးကတည်းက ကိုကိုတစ်ယောက် ချူချာလာခဲ့တာမို့ သူမတို့နှစ်ယောက် လက်ပွန်းတတီး မနေဖြစ်ခဲ့ပါ။ ကိုကိုကလဲ မိုးငယိကို ညီမလေး တစ်ယောက်လိုပဲ စောင့်ရှောက်ခဲ့ပါသည်။
ဆရာဝန်တွေကလဲ မိုးငယ်တို့ နှစ်ယောက်ကို အံ့သြနေခဲ့ကြပါသည်။ ဒါပေမယ့် သူမဘက်ကတော့ အနည်းဆုံး နောက်ထပ် ခြောက်လ တစ်နှစ်ဆိုသလို ဆက်တိုက် ဆေးစစ်ကြည့်ရပါမည်။ ပြီးရင်လဲ ခြောက်လတစ်ကြိမ်လောက် ဆိုသလို ထပ်ကာထပ်ကာစစ် ပြီးမှ စိတ်ချရမည်ဟုပြောလာပါသည်။
နောက်ပိုင်းမှာတော့ ဆရာဝန်တွေရဲ့ အကြံပေးချက်အရ ကိုကို့ကို ဆေးရုံတင်လိုက်ရပါသည်။ ရန်ကုန်မြို့စွန်နားက ကူးစက်ဆေးရုံမှာ ဆေးကုသမှုခံနေတာမို့ သူမကတော့ နေ့လည်ဘက် တစ်နေ့လုံး ကိုကို့အနားမှာ စောင့်ပေးရပါသည်။ ညပိုင်းမှာတော့ ကိုကို့ရဲ့ ညီလေးတွက လာစောင့်ပေးပါသည်။
ဆေးရုံမှာ ကိုကိုနဲ့ ဘဝတူ လူနာတွေအများကြီးကို ထပ်တွေ့ ရပါသည်။ ကိုကို့ကို သူတို့က အားပေးလိုက်။ ကိုကိုက သူ့တို့ကို အားပေးလိုက်။ အထူးသဖြင့် ကိုကို့ခုတင်နားက လူနာတွေက ခုချိန်ထိ ရောဂါကူးစက်ခြင်းမခံရသေးတဲ့ မိုးငယ်ကို အားပေးနှစ်သိမ့်ကြခြင်းပဲ ဖြစ်ပါသည်။
မိုးငယ် ဆေးစစ်ပြီးတိုင်း အဖြေတွေထွက်လာတိုင်း ကိုကိုနဲ့ ကိုကိုတို့ အဆောင်က အမျိုးသားလူနာတွေ မျက်နှာပေါ်မှာ အပြုံးပန်းတွေ ဝေလို့နေပါသည်။ သူတို့ခံစားနေရတဲ့ ဝေဒနာ စိတ်ဖိစီးမှုတွေကို သူတပါးကို မခံစားစေချင်တဲ့ စေတနာတစ်မျိုးပဲ ဖြစ်ပါလိမ့်မယ်။
ကူးစက်ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပဲ ကိုကို ဆုံးသွားခဲ့ပါသည်။ ဆေးရုံတက်စဉ်ကတည်းက မခွဲအတူတူရှိခဲ့တာမို့ သတိရတဲ့ အချိန်တိုင်းမှာ ကိုကို မိုးငယ် ကိုတောင်းပန်တတ်ပါသည်။ မိုးငယ်အတွက်လဲ မနားတမ်း ဆုတွေတောင်းပေးနေတတ်ပါသည်။
ကိုကို ဆေးရုံတက်နေခဲ့တဲ့ အချိန်တွေတုန်းက နေမျိုးကို ဆေးရုံထဲမှာ ရိပ်ကနဲဆိုသလို တွေ့ခဲ့ဘူးပါသည်။ ဒါပေမယ့် နေမျိုးက မိုးငယ်ဆီကိုတိုက်ရိုက်မလာသလို ကိုကို့ဆီကိုလဲ မသွားခဲ့တာ သေချာပါသည်။ တရက်မှာတော့ အကူအညီလိုအပ်ခဲ့ရင် သူ့ဆီကို အချိန်မရွေးဖုန်းဆက်ပါ ဆိုတဲ့ စာတိုတိုလေးနဲ့ ဖုန်းနံပါတ်တစ်ခုကို ဆေးရုံသန့်ရှင်းရေး ဝန်ထမ်းတစ်ယောက်ဆီကတဆင့် ရခဲ့ပါသည်။ ဒါပေမယ့် ကိုကို ဆုံးပါးပြီးတဲ့ အထိ နေမျိုးကို အဆက်အသွယ်မလုပ်ခဲ့မိပါ။
မပြောပဲသိနေခဲ့ကြတဲ့ နားလည်မှုကိုယ်စီနဲ့ နှုတ်ဆိတ်နေခြင်းဟာ သူမတို့ နှစ်ယောက်လုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
********
ဒီနေ့ ငါဆေးခန်းသွားရအုံးမယ်ဟ
ပြောပြောဆိုဆိုနဲ့ ညိုညိုက စာရွက်တွေအားလုံးကို တစုတစည်းတည်းဖြစ်အောင် စုစည်းလိုက်ပါသည်။ စာရွက်အားလုံးကို စာအိတ်ရှည်ကြီးထဲ ထိုးထည့်လိုက်ချိန်မှာတော့ ဘယ်ကဘယ်လို ထွက်ကျလာမှန်းမသိတဲ့ ပလတ်စတစ်လောင်းထားတဲ့ ပါတ်စ်ပို့ဆိုဒ် ဓါတ်ပုံလေးတစ်ပုံ ကြမ်းပြင်ပေါ်ကို ဒေါက်ကနဲ ပြုတ်ကျလာခဲ့ပါသည်။
ဓါတ်ပုံလေးနောက်ကျောက စာတွေကို အရင်မြင်တဲ့ ညိုညိုက ကျောဘက်ကို အရင်လှန်ကြည့်လိုက်ပါသည်။ ချစ်ရတဲ့ ကိုကြီးအတွက် မီးငယ် ဆိုတဲ့ ခပ်စောင်းစောင်း လက်ရေးလေးနဲ့ အတူ ရက်စွဲတစ်ခု။ ရက်စွဲလေးက မိုးငယ်တို့ လက်မထပ်ခင် နှစ်နှစ်ခန့်က ရက်စွဲလေး။ ဓါတ်ပုံရှင်လေးကတော့ မိုးငယ်တို့နှစ်ယောက်လုံး ဘယ်လိုမှ မျှော်လင့်မထားမိသူလေး။
ဈေးနဲ့ မလှမ်းမကမ်း ညိုညိုတို့ လမ်းထိပ်မှာနေတဲ့ ညီအမ သုံးယောက်ထဲက အထွေးဆုံး ခိုင်လေးရယ်….  ဓါတ်ပုံထဲမှာ ပြုံးနေတဲ့ အပြုံးလေးက ပကတိ အေးချမ်းလှသည်။  ခိုင်လေးတို့ ညီအစ်မ သုံးယောက်လုံးက ဒီမြို့လေးမှာ အလှဆုံးစာရင်းဝင်လေးတွေ ရှမ်းပြည်ဘက်ကို ကူးချည်သန်းချည် လုပ်နေကြသူတွေ။ မိုးငယ်နဲ့လဲ အသက်မတိမ်းမယိမ်းလေးတွေ။ ဒါပေမယ့် မိုးငယ်တို့နဲ့  ရင်းရင်းနှီးနှီးမရှိလှပါ။
ခိုင့်ဓါတ်ပုံကို ကိုင်ထားရင်း ညို့နှုတ်ဖျားက ထွက်ကျလာတဲ့ နောက်ဆက်တွဲ သတင်းလေးက သွေးပျက်ချင်စရာ …. လက်မခံချင်စရာ သတင်းဆိုး။
ခိုင်လေးတို့ ညီအမသုံးယောက်လုံးက မိုးငယ် လက်မထပ်ခင်အချိန်တည်းက HIV ရောဂါကူးစက်ခံစားနေရသူတွေ…..
မိုးငယ်ကိုကြီးကို လက်ထပ်ပြီး ရန်ကုန်ကို လိုက်သွားတဲ့ အချိန်ကတည်းက ခိုင်တို့ရဲ့ အိမ်လေးမှာ ချိတ်ထားတဲ့ သော့ခလောက်လေးက  ခုချိန်ထိ ပိုင်ရှင်မဲ့နေဆဲ….တဲ့လေ
ဒီစာအိတ်ရှည်ရှည်လေးထဲက စာရွက်တွေရယ်... ပြီးတော့ ခိုင်လေးရဲ့ ဓါတ်ပုံလေးရယ်...
မိုးငယ်နဲ့ ညိုတို့ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့တဲ့ အဖြေတစ်ခုကို တချိန်ချိန်မှာ တစ်ယောက်ယောက်ကတော့ ပြောပြနိုင်ပါလိမ့်မည်။
မိုးငယ်နားကို ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ကိုကို….
ဒါမှမဟုတ်
မိုးငယ်တို့မြို့နဲ့ မလှမ်းမကမ်းက ရွာလေးတစ်ရွာမှာ ဥယျာဉ်ခြံလုပ်ရင်း နောက်ဆုံးနေ့ကို စောင့်နေရှာတဲ့ ခိုင်လေး……
*******
မိုးငယ်ရယ် ငါတို့မြို့လေးက တကယ်ပဲ ကျိန်စာပဲ သင့်ခဲ့တာလား….
အဆိပ်နွံမှာပဲ နစ်ခဲ့ကြတာလား…..
ငါ ဒီအလုပ်ကို ဆက်လုပ်ရမှာ မုန်းတယ်
ခြံထဲက မထွက်ခင် ပြောသွားခဲ့တဲ့ ညိုညို့ရဲ့ စိတ်ပျက် ညည်းညူတဲ့ စကားသံတွေက မိုးငယ်ရဲ့ အာရုံမှာ ကြားတချက် မကြားတချက်….
မြေနီလမ်းလေးအတိုင်း တရွေ့ရွေ့လှမ်းသွားတဲ့ ညို့ကျောပြင်ကိုငေးရင်း ခပ်တိုးတိုးလေးပဲ မှတ်ချက်ချလိုက်မိပါသည်။
တတောလုံးသုဉ်းပြီး တပင်လုံးလဲ ကြွေခဲ့ပြီးပြီပဲ ညိုရယ်…..”

နှင်းနဲ့မာယာ
( ဒီဇင်ဘာ ၁ ရက် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်)

 (ဒီဇာတ်လမ်းလေးကို ဘလော့ပေါ်မှာ ၂၀၀၉ ခုနှစ်လောက်တုန်းက ဇာတ်လမ်းတိုလေးအနေနဲ့ တင်ခဲ့ဘူးပါတယ်။  ၂၀၁၂ ဒီဇင်ဘာလ ရတီမဂ္ဂဇင်းအတွက် ဒီဇာတ်လမ်းလေးကိုပဲ ဝတ္တုတိုပုံစံလေး ပြန်ရေးထားပါတယ်။)

0 comments:

My Blog List