“အမရေ အမ “
“လာပြီ လာပြီညီမ ခဏလေးနော် “
ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေရင်းက
ခြံဝက ခေါ်လာတဲ့ အသံရှင်ကို အသံပြုရင်း လှမ်းကြည့်တော့ ဘေးခြံက ချာတိတ်မ။
ဒီမှာနေလာတာ ခြောက်နှစ်ကျော်လို့ ခုနစ်နှစ်ထဲမှာ
ဆိုပေသည့် ဘေးခြံက ချာတိတ်မကလဲ နီလာ့နာမည်ကိုမသိ နီလာကလဲ သူ့နာမည်ကိုမသိ။
နှစ်စဉ်နှစ်တိုင်း မိုးကုန်လို့ ဆောင်းဦးပေါက်ရင်တော့
ဝါးကပ်ပြားသုံးချပ်မပြီး နီလာတို့ခြံထဲကို လာနေကျမို့ သူလာတိုင်း ခြံတံခါးဖွင့်ပေးရုံ
ပြုံးပြရုံကလွဲလို့ ချာတိတ်မနဲ့ ရင်းရင်းနှီးနှီးမရှိလှ။
ခြံထဲဝင်လာပြီး သူလဲ သူ့အလုပ်သူလုပ်
နီလာကလဲ ပန်းပင်တွေပြုပြင် ရေလောင်း သန့်ရှင်းရေးလုပ်။ တစ်ယောက်နဲ့တစ်ယောက် မလှမ်းမကမ်းမှာ
ရှိနေကြပေမယ့် သာကြောင်းမာကြောင်းလဲမပြောဖြစ်။ ရပ်ရေးရွာရေးလဲ မဆွေးနွေးဖြစ်။
“ကျေးဇူးပဲနော် အမ”
“အော် အေးအေး ရပါတယ်အေ”
သူ့ဆီက ကျေးဇူးပဲဆိုတဲ့ အသံကြားတာနဲ့
ခြံတံခါးကို ပြန်ဖွင့်ပေးရင်း ရပါတယ် ပြောပြီး ခြံတံခါးကို သော့ပြန်ပိတ်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်နှစ်မှာတစ်ခါ
အမရေ ညီမရေ ကျေးဇူးပါ ဆိုတာတွေထက်မပို။
“ဟိုဘက်ခြံက လာသွားပြန်ပြီလား “
“အင်းဟုတ်တယ် လာသွားပြန်ပီလေ”
ညနေစောင်းလို့ နီလာရဲ့ အိမ်သားပြန်ရောက်ပြီဆိုတာနဲ့ ကားစက်မသတ်ခင်မှာ မေးနေကျမေးခွန်း။နီလာ့မှာလဲ ဖြေစရာအဖြေက များများစားစားမရှိလှ။
သူ့ကားရပ်ထားတဲ့ ဘေးနားက ထိုးထိုးထောင်ထောင်ထွက်နေတဲ့
ခြံစည်းရိုး အသစ်စက်စက်ကို သတိမပြုပဲနေမှာမဟုတ်။
ဒါက နီလာတို့ ခြံမှာတစ်နှစ်မှာ တစ်ခါ
ဖြစ်နေကျမို့ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရပါသည်။
XXXXXXX
“အဒေါ်ကြီး ဒီနေရာမှာ ဒီခြံစည်းရိုးကြီးက ဘာဖြစ်နေတာလဲ”
“အော် အဲဒါလား မပြောချင်တော့ပါဘူး ငါ့တူမရယ်……ဇာတ်လမ်းက ရှည်တယ်အေ့။”
တူမတွေ အိမ်လာလည်လို့ ခြံထဲ လျှောက်ကြည့်တဲ့
အချိန်တိုင်း ခြံစည်းရိုးရဲ့ ဇာတ်လမ်းကို ရှင်းပြရတာမို့ ကြာလာတော့ နီလာလဲ မောလာသည်။
“ဟာ ဒါသက်သက်ကျောတာ အဲလိုလုပ်လို့ရမလား။ အဒေါ်က မပြောဘူးလား နောက်တစ်ခါလာရင်
သည်းမခံနဲ့ “
နီလာ့ဇာတ်လမ်းကိုကြားတိုင်းလဲ တူမတွေက
နီလာ့ကို အားမလိုအားမရ ဖြစ်ကြသည်။ နီလာ့အစား စိတ်တို ဒေါသထွက်ကြသည်။
“မြေတိုင်းကိုခေါ်ပြီး မြေတိုင်းလိုက်လေ။ ဒီဘက်အပိုင်းကိုပါ အုတ်တံတိုင်းတက်လိုက်
ခုရှုပ်မှနောင်ရှင်း အားနာမနေနဲ့နော်။”
တူမတွေက ချက်နဲ့လက်နဲ့ အားပေးအားမြှောက်လုပ်တိုင်းလဲ
အိမ်သားက ခပ်ပြုံးပြုံးနဲ့ နီလာ့ကို မျက်စောင်းထိုးလေ့ရှိသည်။
“ညည်းအဒေါ်ကို ညည်းတို့ပဲပြောတော့ ငါတော့ မောလာပြီ။ အိမ်အလုပ်ခြံအလုပ်က
သူ့အလုပ်။”
“ဒီတစ်ခါ အဲ့ကောင်မလေးလာရင် ပြတ်ပြတ်သားသား ပြောလိုက်စမ်းပါအေ။
ညည်းကိုက အားနာလွန်းတာ။ ငါ့အသက်ပဲ ခုနစ်ဆယ်ကျော်နေပြီ ဒီလိုအဖြစ်မျိုး
ကြားဖူးပေါင်အေ။”
အိမ်သားဆီက အသံထွက်လာတော့ တီဗီရှေ့မှာကိုရီးယားဇာတ်လမ်းတွဲကြည့်နေတဲ့
မာမားဆီကပါအသံထွက်လာသည်။ မာမားက နီလာ့လိုမဟုတ်။
စိတ်မြန်လက်မြန်ရှိသလို
သူတပါးကိုအလွန်အမင်း အားမနာတတ်။ ပြောစရာရှိရင်လဲ ရှေ့နောက်မကြည့်ပဲ ပြောပစ်တတ်သူ။
ခြံနီးချင်းနဲ့ ခြံစည်းရိုးကိစ္စမှာ
မာမာရော အိမ်သားပါ နီလာ့ကို အားမလိုအားမရ ဖြစ်နေကြပါသည်။ ဒါပေမယ့် အားနာတတ်လွန်းတဲ့
နီလာ့အကြောင်းကိုသိနေတာမို့ အပြစ်တင်စကားတော့ မပြောကြ။ တစ်နှစ်တစ်ကြိမ်ဆိုသလို ဟိုဘက်ခြံက
ချာတိတ်မရောက်လာတဲ့ အချိန်မှာသာ သတိပေးရုံသက်သက် သတိပေးကြသည်။ ပြီးတော့လဲ မေ့မေ့ပျောက်ပျောက်
ဖြစ်သွားကြစမြဲ။
မေ့လို့ပျောက်လို့မရသူက နီလာတစ်ယောက်တည်း။
နီလာတို့ခြံက ပေသုံးဆယ် ပေခုနစ်ဆယ်
အကျယ်ရှိတဲ့ခြံ။ အိမ်ရှေ့မျက်နှာစာက ပေသုံးဆယ် ကျယ်ပြီး အနောက်ထဲကို ပေခုနစ်ဆယ်ကျယ်တာမို့
အိမ်ကို ခြံရဲ့ နောက်နားကို ကပ်ပြီးဆောက်လိုက်တော့ အိမ်ရဲ့ မျက်နှာစာခြံဝန်းလေးထဲမှာ
သီးပင်ပန်းပင်တွေ စိုက်ဖို့ မြေနေရာလေးနဲ့ ကားနှစ်စီးရပ်ဖို့ လုံလောက်တဲ့ မြေနေရာလေးကျန်နေပါသည်။
ဒါပေမယ့် သိပ်မကြာခင်လေးကမှ
သတိထားမိခဲ့တဲ့ ပြဿနာက အိမ်ဆောက်ထားတဲ့ ခြံနောက်ပိုင်းကသာ ပေသုံးဆယ်အပြည့်ရှိပြီး ခြံရှေ့မျက်နှာစာက
နှစ်ဆယ့်ရှစ်ပေသာရှိတဲ့ ပြဿနာ။
နီလာတို့ခြံကိုဝယ်စတုန်းကတော့ ခြံဖိုးအတွက်
ရှိသမျှငွေတွေသုံးလိုက်ရတာမို့ ခြံပတ်ပတ်လည်ကို အုတ်တံတိုင်း မခတ်နိုင်ခဲ့။ အုတ်တိုင်သေးသေးလေးတွေထောင်ပြီး
သွပ်စည်းရိုးလေးသာ ကျဲကျဲလေး ကာခဲ့ရပါသည်။
နောက်ပိုင်းမှာတော့ ခေါင်းရင်းခြံက
သူတို့ခြံကို နှစ်ပိုင်းပိုင်းပြီး အနောက်ဘက်အခြမ်းကို ရောင်းလိုက်တာမို့ အသစ်ရောက်လာသူတွေက
ခြံနောက်ဘက်ကို အုတ်တံတိုင်းကြီး အခိုင်အမာကာလိုက်ပါသည်။
အသစ်ရောက်လာသူတွေက မြေတိုင်းကိုခေါ်ပြီး
သူတို့ဝယ်ယူတဲ့ မြေအတိုင်းအတာ အတိအကျယူခဲ့သလို နီလာတို့ဘက်က မြေ ပေသုံးဆယ်လုံးကိုလဲ
တိတိကျကျ ချန်ထားပေးခဲ့ပါသည်။ သူတို့ဘက်က အုတ်တံတိုင်းကာတော့မှ နီလာတို့ ရောက်စတုန်းကကာထားတဲ့
ခြံစည်းရိုးရဲ့ အပြင်မှာ မြေနှစ်ပေပိုနေခဲ့ပြီး ပိုနေတဲ့မြေက
နီလာတို့မြေမှန်းသိလိုက်ရပါသည်။
နီလာ့အိမ်သားကလဲ တလက်စတည်းလိုလို ကျန်နေသေးတဲ့
ခြံရဲ့ခြေရင်းဘက်ပိုင်းနဲ့ အနောက်ပိုင်းကို အုတ်တံတိုင်း အပြည့်ကာလိုက်ပါသည်။ ခြံရဲ့
လေးဘက်လေးတန်လုံးကို လုံခြုံစေချင်တာမို့ အုတ်တံတိုင်း မြင့်မြင့်တက်ချင်ပေမယ့် ခေါင်းရင်းခြံရဲ့
အရှေ့ပိုင်းကို အုတ်တံတိုင်းကာဖို့လုပ်ချိန်မှာတော့ တဘက်က ခြံပိုင်ရှင်နဲ့ အငြင်းပွားစရာ
ကြုံလာခဲ့ပါသည်။
နီလာတို့ခြံဝယ်ယူစဉ်ကတည်းက နီလာတို့ဘက်က
မြေနှစ်ပေကို သူတို့ခြံစည်းရိုးထဲပါအောင် ကာထားခဲ့တာကို နီလာတို့ သတိမထားမိခဲ့ပါ။ သူတို့စည်းချပြီး
တိုင်းထားတဲ့အတိုင်းသာ ခြံစည်းရိုးကာခဲ့မိပါသည်။ အခု သူတို့ခြံကို
တပိုင်းပိုင်းပြီးရောင်းတော့မှ သူတို့မသိမသာယူထားတဲ့ မြေနှစ်ပေက ဘွားကနည်း
ပေါ်လာခဲ့ပါသည်။ အဖြေမှန်ပေါ်လာပေမယ့်လဲ သူတို့နဲ့ ကပ်နေတဲ့ အပိုင်းက မြေနှစ်ပေကို ပြန်ပေးဖို့
စကားမစခဲ့။ ခြံရဲ့အရှေ့နဲ့ အနောက် စည်းရိုးနှစ်ခု မညီမညာဖြစ်နေတာကို
လျစ်လျူရှုထားဆဲ။
နီလာ့အိမ်သား အလုပ်သွားနေချိန်မှာ မိန်းမသားနှစ်ဦးတည်း
ရှိတတ်တာမို့ ခြံရှေ့မျက်နှာမှာ အုတ်တံတိုင်းမြင့်မြင့်နဲ့ သံပန်းတံခါးကို ထုထည်ကြီးကြီးနဲ့
လုပ်ထားသလို သံပန်းတံခါးအပေါ်မှာလဲ သွပ်ဆူးကြိုးတွေအထပ်ထပ်တင်ပေးထားပါသည်။
ခြံပတ်ပတ်လည်ကိုလဲ ထုထည်ကြီးကြီး အုတ်တံတိုင်းတက်ခဲ့ပေမယ့်
ကွာဟနေတဲ့ မြေနှစ်ပေကြောင့် ခြံရဲ့ ခေါင်းရင်းပိုင်းမှာတော့ သွပ်ဆူးကြိုးတစ်ဝက် အုတ်တဝက်
ခြံစည်းရိုးက နီလာတို့ မိသားစုကို စိတ်စနောင့်စနင်းဖြစ်စေခဲ့တာကြာခဲ့ပြီ။
ဒီကြားထဲမှာ ခေါင်းရင်းခြံက ချာတိတ်မကလဲ
တနည်းတဖုံ နယ်ပယ်ချဲ့ထွင်လေရော့သလားမသိ။ မိုးအကုန်ဆောင်းအကူး ရာသီဥတုသာယာချိန်ဆိုရင်
ခြံစည်းရိုးကာတဲ့ ဝါးကပ်သုံးချပ်ကိုင်ပြီး ခြံထဲကို ဝင်လာလေ့ရှိပါသည်။
နီလာတို့ကာထားတဲ့ သွပ်စည်းရိုးနဲ့ကပ်ရက်
ကားရပ်တဲ့နေရာ ဘေးတည့်တည့်မှာ သူတို့အိမ်က လူတွေတွေရေချိုးတဲ့ ရေစည်တွေချထားပါသည်။
သူတို့အိမ်မှာက မိန်းကလေးရော ယောက်ျားလေးရောရှိတာမို့ ရေချိုးတဲ့နေရာကို နီလာတို့ဘက်က
မမြင်ရလေအောင် ဝါးကပ်နဲ့ ကာကြပါသည်။
သူ့ခြံကိုယ့်ခြံနှစ်ခြံကြားထဲမှာ လုံခြုံရေးအတွက်
ဝါးကပ် ကာထားတာကို နီလာတို့ အပြစ်ဆိုလို့မရ ။ ပြောစရာဖြစ်နေတာက ဝါးကပ်
ကာထားတဲ့ပုံစံ။ ဝါးကပ်ကို သူတို့ဘက်ကနေကပ်ပြီးကာထားလိုက်ရင်လဲ ပြဿနာမရှိနိုင်ပါ။ ဒါပေမယ့်
ချာတိတ်မက ဝါးကပ်တွေကို နီလာတို့ခြံထဲကို သယ်လာပြီး နီလာတို့ကာထားတဲ့ သွပ်စည်းရိုးပေါ်ကနေထပ်ပြီး
ကာခဲ့ပါသည်။ သူ့ဝါးကပ်တွေ ကာလိုက်ချိန်မှာ နီလာတို့ဘက်က ကာထားတဲ့ သွပ်စည်းရိုးက ပျောက်သွားပြီး
သူတို့ရဲ့ ဝါးကပ်သုံးချပ်က ခြံထဲမှာ ထီးထီးကြီး ကျန်နေခဲ့တတ်ပါသည်။
သူတို့ဘက်ကကြည့်ရင်တော့ သူတို့ခြံစည်းရိုးက
သွပ်စည်းရိုးအပြည့်လှလှပပ လုံလုံခြုံခြုံ။ နီလာတို့ ဘက်မှာတော့ သွပ်စည်းရိုးတစ်ပိုင်း
ဝါးကပ်တပိုင်း အုတ်တပိုင်း။ ပေခုနစ်ဆယ် အရှည်ရှိတဲ့ ခြံရဲ့ ခေါင်းရင်းဘက်မှာ အပိုင်းပိုင်းဖြစ်နေတဲ့
ခြံစည်းရိုးက သတိထားပြီးကြည့်မယ်ဆိုရင်တော့ ရုပ်ဆိုးလှပါသည်။ ဒါပေမယ့် နီလာတစ်ယောက်
အားနာစိတ်နဲ့ ဘာမှမပြောဖြစ်ခဲ့ပါ။
XXXXXXX
“အိမ်ဓါတ်ပုံရိုက်မယ့်သူတွေ ဒီနေ့လာမယ်လို့ပြောတယ်။ နေ့လည်လောက်ရောက်လာလိမ့်မယ်”
“အင်း အင်း ရတယ် နီလာ အိမ်မှာပဲရှိမယ်နော်”
အိမ်သားဆီက ဖုန်းချသွားတော့ မြင်နေရတဲ့ ပြတင်းပေါက်ကတဆင့် ခြံထဲကို မျက်လုံးဝေ့ကြည့်လိုက်မိသည်။
မနက်က ပန်းပင်တွေရေလောင်းရင်းနဲ့ တံမြက်စည်းလှည်းထားတာမို့ ခြံထဲမှာ သစ်ရွက်ခြောက်တောင်မရှိပဲ သန့်ရှင်းနေတာမို့ ထပ်ပြီး သန့်ရှင်းရေးလုပ်စရာမလိုတော့။
အိမ်ထဲမှာလဲ ဧည့်ခန်းလေးက ကျဉ်းပေမယ့် သန့်သန့်ရှင်းရှင်းရှိနေပါသည်။ တအိမ်လုံးပေါင်းမှ လူသုံးယောက်တည်းရှိတာမို့ အိမ်သန့်ရှင်းရေးအတွက် ပူစရာမလို။
နီလာ့အတွက် အိမ်အလုပ်ကလွဲလို့ အခြားလုပ်စရာအလုပ်လဲမရှိ။ အိမ်အလုပ်ကလဲ ချက်ပြုတ်လျှော်ဖွတ် မီးပူတိုက် ခြံထဲက အပင်တွေရေလောင်း ခြံထဲမှာ တံမြက်စည်းလှဲတဲ့ အလုပ်က လုပ်နေကျအလုပ်မို့ ပင်ပန်းတယ်လို့ မဆိုနိုင်။
နီလာ့ရဲ့ အိမ်သားက မနက်မိုးလင်းတာနဲ့ အလုပ်သွား ညမိုးချုပ်မှပြန်ရောက်တာမို့ အိမ်ကိစ္စတွေ လှည့်မကြည့်နိုင်။ မာမားကလဲ လူကြီးမို့ အိမ်အလုပ်တွေကို မလုပ်ပါနဲ့ တားထားရသည်။ ဒါတောင် မာမားက သူ့အဝတ်အစားသူလျှော်ဖွတ်ပြီး ဝတ်နေတတ်သေးသည်။ တခါတရံမှာ တုန်တုန်ရီရီနဲ့ မီးဖိုထဲမှာ
လာကူချင်သေးသည်။
“အိမ်ဓါတ်ပုံရိုက်မယ့်သူတွေနေ့လည်လောက်ရောက်မယ်ပြောတယ်...မာမားရေချိုးမယ်ဆို
နည်းနည်းစောစောချိုးလိုက်လေနော်...”
နေမွန်းမတည့်ခင်ရေချိုးတတ်တဲ့ မာမားကို
ခပ်လောလောလေး သတိပေးလိုက်ရသည်။
မာမားက ရေချိုးခန်းထဲမှာ ရေချိုးလေ့မရှိ။
ရေချိုးခန်းက အရိပ်ကျနေတာမို့ တနှစ်ပတ်လုံး အေးစက်နေတတ်သည်။ ဒီလောက်အေးတဲ့ ရေချိုးခန်းထဲမှာ ရေချိုးရင် လေဖြတ်လိမ့်လို့
ညည်းညူတတ်တဲ့မာမားကို ရေချိုးခန်းထဲမှာရေချိုးဖို့ စည်းရုံးရေးဆင်းလို့မရ
ရေချိုးဖို့ ရေနွေးကျိုပေးမယ်လို့ ချော့ပြောလဲမရ။ နေမွန်းမတည့်ခင်လောက်မှာ ခြံထဲက ပန်းပင်ရေလောင်းတဲ့
ရေပိုက်ခေါင်းအောက်မှာ ပလတ်စတစ်ရေပုံးကြီးနဲ့ ရေခံပြီးချိုးလေ့ရှိသည်။ နေပူထဲလှမ်းထားတဲ့
ရေခပ်နွေးနွေးကို နေရောင်အောက်မှာချိုးပြီး တကိုယ်လုံးကိုရေခြောက်အောင် သုတ်ပြီးမှသာ
မာမားက အိမ်ထဲဝင်လေ့ရှိပါသည်။
“ငါရေစောစောချိုးတာတော့ ဟုတ်ပါပြီ။ အိမ်ခြံမြေ
အကျိုးဆောင်ကလူတွေလာရင် မြေကိစ္စက ဘယ်လိုပြောမှာတုန်း နီလာရဲ့..”
“အကျိုးတော်ဆောင်တွေကို နီလာပြောထားပါတယ် မပူပါနဲ့ မာမာရယ်”
မပူပါနဲ့ မာမာရယ်လို့ ပြောလိုက်ရပေမယ့်
မာမာပြောလာတဲ့ မြေကိစ္စအတွက် မကြာမကြာ ခေါင်းကိုက်ရပါသည်။ အကျိုးတော်ဆောင် အပ်လိုက်ပေမယ့်
အိမ်ဝယ်သူတွေက မြေနှစ်ပေကိစ္စကိုအကြောင်းပြပြီး မဝယ်ရင်ဒုက္ခလို့လဲ တွေးပူရပြန်ပါသည်။
ဒီခြံရောင်းမယ်လို့ ဆုံးဖြတ်လိုက်တော့
မာမာမေးတဲ့ မေးခွန်းကို နီလာ့အိမ်သားကလဲ မေးခဲ့ပြီးပြီ။ မြေနှစ်ပေကိစ္စကို အရောင်းအဝယ်မဖြစ်ခင်
နီလာတို့ဘက်က ရှင်းပေးရမယ့်တာဝန်ရှိသည်လေ။
နီလာတို့နေတဲ့ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်အေးချမ်းတဲ့
နေရာဆိုတော့ သူ့ခြံသူ့ဝန်းနဲ့ သီးသီးသန့်သန့်ရှိကြပါသည်။ ပတ်ဝန်းကျင်ကလူတွေနဲ့
ရင်းရင်းနှီးနှီးမရှိလှပေမယ့် သွားရင်းလာရင်းဆုံရင်တော့
ပြုံးပြနှုတ်ဆက်လေ့ရှိကြသည်။
ဒီခြံလေးကို စဝယ်တုန်းက ခြံဈေး မြေဈေးတွေက
သိန်းဂဏန်းနဲ့ဆို ဆယ်ဂဏန်းသာသာ ရာဂဏန်းပင်မပြည့်။ အခု ခြောက်နှစ်ကျော် ခုနစ်နှစ်ထဲကိုရောက်လာတော့
နီလာ့ခြံလေးကို သိန်းထောင်ချီပြီး ဈေးပေးလာတော့ တအံ့တသြဖြစ်ရသည်။ ဒါပေမယ့် နီလာသဘောကျတဲ့
ကိုးမိုင်ဘက်မှာ ပြန်ဝယ်ဖို့ စုံစမ်းတော့လဲ သိန်းထောင်ဂဏန်းဆိုတော့ အဆင်မသင့်ရင် အိတ်ထဲကပါ
ထပ်စိုက်ရမယ့် အခြေအနေ။
ဒါပေမယ့် နီလာ့အိမ်သားက
ခြံရှေ့မျက်နှာစာကို ကျယ်ကျယ်လေးနေချင်တယ်ဆိုတာမို့ ဒီ့ထက်နည်းနည်းကျယ်မယ့်
ခြံတွေကို လိုက်ကြည့်မိရာက ဒီခြံကို ရောင်းဖို့ ဆုံးဖြတ်လိုက်ကြပါသည်။
အနှစ်နှစ်အလလက ရေငုံနှုတ်ပိတ်နေတဲ့
မြေနှစ်ပေကိစ္စအတွက်တော့ ခြံအရောင်းအဝယ်မဖြစ်ခင်မှာ ပြောရပေအုံးတော့မည်။
မာမားနဲ့ သူငယ်ချင်းတွေက
အားနာတတ်တဲ့ နီလာ့ကို သိနေတော့ နည်းလမ်းမျိုးစုံနဲ့ အားပေးကြရှာသည်။
“အခုမပြောလဲ နောင်ပြောရမှာပဲလေ။
အားနာမနေပါနဲ့တော့ ခြံကို အုတ်တံတိုင်းအပြည့်တက်ချင်လို့ လုပ်ငန်းလေးမစခင်
မြေလေးပြန်တိုင်းပါရစေလို့ ခွင့်တောင်းလိုက်လေ။
သူတို့လဲ နားလည်မှာပါ။ ညည်းဆီက စကားမစသေးလို့ပါအေ။“
မာမားက နီလာအားနာတတ်မှန်းသိတော့ လေပြေအေးလေးနဲ့
ပြောဖို့ သင်ရှာပါသည်။ တခါတလေကျတော့လဲ လူကြီးပြီပြီ ရှေးရိုးစွဲနဲ့ စိုးရိမ်တတ်သေးသည်။
“ခြံထဲမှာ သံပုရာပင်လေးတစ်ပင်
နှစ်ပင်လောက် စိုက်ထားရင်ကောင်းမယ်။ ခြံရှေ့နဲ့ ခြံနောက်မှာ သံပုရာပင်လေးရှိနေတော့
သူများတွေ မကောင်းကြံလို့မရဘူးအေ့...”
ခေတ်ပညာတတ်ပီပီ ရှေးလူကြီးတွေရဲ့ အယူတွေကို
လက်မခံချင်ပေမယ့် မာမားစိတ်ချမ်းသာအောင် ခြံထဲမှာ အခြားသီးပင်လေးတွေနဲ့အတူ သံပုရာပင်လေးတွေ
စိုက်လိုက်ပါသည်။
“နောက်တစ်နှစ်သူတို့ ခြံစည်းရိုးလာလဲရင် လက်ထဲမှာ သံပုရာသီးကိုင်ပြီး
စကားပြောတော့အေ။ ငါသည်းမခံချင်တော့ဘူး။ ကာချင်ရင်သူတို့ဘက်ကပဲ ကာပေ့စေတော့။ ငါ့ခြံထဲ
မလာစေနဲ့။ ညည်းလဲ အားနာစရာမရှိတာကို အားနာမနေနဲ့ ”
တစ်နှစ်ကနေ နှစ်နှစ် နှစ်နှစ်ကလေ သုံးလေးနှစ် ဖြစ်လာတော့ မာမားစိတ်တိုစပြုလာပါသည်။
ဒီကြားထဲ မြေနှစ်ပေကိစ္စက ပေါ်လာပြန်တော့ ခြံထဲကို ဝင်ပြီး ဝါးကပ်လာကာတဲ့ ကိစ္စထက် မြေနှစ်ပေ
ကိစ္စက ပိုလို့ အရေးကြီးလာခဲ့ပါသည်။
နီလာကိုယ်တိုင်လဲ သည်းခံနေရတာကြာတော့
ဆက်ပြီး သည်းမခံချင်တော့ပါ။
ဒါပေမယ့်လဲ ခြံဝကနေ အမရေလို့ ခေါ်လိုက်တာနဲ့
မာန်တင်းလို့ မနေနိုင်ခဲ့။ အပြေးအလွှား သော့ရှာပြီး ခြံတံခါးဖွင့်ပေးမိပြန်သည်။
“အားတော့နာတယ် ညီမရယ်။ညီမတို့ဘက်ကပဲ ဒီတစ်ခေါက်တော့ ကာလိုက်ပါလား…အမှန်ကတော့ ဘယ်ဘက်ကပဲကာကာ အဓိကက လုံခြုံဖို့ပဲလေနော်…”
သူတို့လာရင်ပြောမယ်ကြံထားတဲ့ စကားလုံးတွေက
လက်တွေ့မှာတော့ အမရေဆိုတဲ့ ခေါ်သံအောက်မှာ ပျောက်သွားစမြဲ။
XXXXXXX
မိုးအကုန် ဆောင်းအကူးဆိုပေမယ့် ဆောင်းရဲ့
အငွေ့ကို မမြင်ရသေး။ မနက်စောစော ရှစ်နာရီလောက်ဆိုပေမယ့် အရိပ်ကွက်တိကွက်ကျားကျနေတဲ့
ခြံထဲမှာ နီလာတစ်ယောက် ချွေးတလုံးလုံးနဲ့ အလုပ်ရှုပ်နေခဲ့ပါသည်။
အိမ်ခြံမြေ အကျိုးတော်ဆောင်က အိမ်နဲ့
ခြံကို ဓါတ်ပုံရိုက်သွားတာ နှစ်ပတ်ကျော်လောက်ရှိရော့မည်။
မြေနှစ်ပေအတွက် အရောင်းအဝယ် မလုပ်ခင်
ကြိုရှင်းထားဖို့ ပြောသွားတာမို့ မနက်ခင်း ခြံထဲဆင်းတိုင်း သွပ်စည်းရိုးကြားကတဆင့်
တဘက်ခြံကို ချောင်းမိတာက နေ့စဉ်ရက်ဆက်။ သူတို့ရေချိုးတဲ့ နေရာမှာ ကာထားတဲ့ ဝါးကပ်သုံးချပ်လဲ
မိုဒဏ်လေဒဏ်နဲ့ အရောင်ပြောင်းစပြုနေပြီ။ တကယ်ဆို အခုလို အချိန်လောက်ဆို ဝါးကပ်သုံးချပ်ကိုင်ပြီး
ချာတိတ်မလေးရောက်လာနေကျ။
ဒီနှစ် ချာတိတ်မရောက်လာရင်တော့ သူ့လက်ကိုဆွဲပြီး
သူ့အဖေဆီကို တပါတည်းလိုက်သွားဖို့ ဆုံးဖြတ်ထားလိုက်ပါသည်။ ပြောစရာဆိုစရာရှိတာကိုတော့
ပြတ်ပြတ်သားသားပြောရပေမည်။
သူတို့ခြံဘက်ကို ကူးသွားပြီး ကိုယ့်ဘက်က
စပြောဖို့ဆိုတာကလဲ အားနာတတ်သူနီလာအတွက် မလွယ်ကူလှ။
“ဦးရယ် ကျွန်မတို့ဒီခြံကို ရောင်းဖို့ ဈေးဆိုင်ထားပြီးပါပြီ။
ဝယ်မယ့်သူက မြေတိုင်းကိုခေါ်ပြီး မြေအရင်တိုင်းပါရစေ ခွင့်တောင်းနေလို့လေ။ ဘယ်လိုမှတော့
မအောက်မေ့ပါနဲ့နော်။ ကျွန်မတို့ မြေတိုင်းကိုခေါ်ပြီး မြေလေးတိုင်းပါရစေ။”
“တကယ်လို့ ဦးတို့ဘက်က ခေါ်ချင်တဲ့ ဆန္ဒရှိရင်လဲ ဦးတို့ပဲ ခေါ်ပါနော်။
ကျွန်မကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်ရှင်။”
ဟိုဘက်ခြံက ချာတိတ်မရဲ့ အဖေကိုတွေ့ရင်ပြောဖို့
စကားလုံးတွေ
စီလိုက် တစ်ယောက်တည်း ပြောကြည့်လိုက်နဲ့
ချွေးပြန်နေခဲ့တာလဲ နှစ်ပတ်လောက်ရှိရော့မည်။
မနက်စောစောမှာ ခြံထဲမှာ ပွင့်နေတဲ့
သစ်ခွပန်းတွေကို ဂရုတစိုက်နဲ့ ရေလောင်းရင်း ဒီခြံလေးကို ရောင်းရမှာ နှမြောစိတ်က အကြိမ်ကြိမ်
ဖြစ်လာစမြဲ။
မာလကာပင် သံပုရာပင်တွေ နဲ့ အရိပ်ရနေပြီဖြစ်တဲ့
ပင်စိမ်းသီး ပင်တွေကို သံယောဇဉ် မပြတ်နိုင်။ သစ်ခွပန်း ရွက်လှပန်းတွေနဲ့ ဂမုန်းပင်တွေကလဲ
သူ့နေရာနဲ့သူ အစီအရီ အတန်းလိုက်။
“အမရေ အမရှိနေလား”
အတွေးတွေ ပျံ့လွင့်နေဆဲမှာပဲ ခြံဝဆီက
ခေါ်သံကြားလိုက်ရပါသည်။
ခေါင်းရင်းခြံက ချာတိတ်မလေး
လာပြီထင်ပါရဲ့
“လာပြီ ညီမရေ လာပြီ”
ခြံဝကို အသံပြုရင်း အိမ်အဝင်ဝမှာ
ချိတ်ထားတဲ့ သော့လေးကို ပြေးယူတော့ ဧည့်ခန်းထဲမှာ ထိုင်ပြီး သတင်းစာဖတ်နေတဲ့
မာမားက နီလာ့ကို ကြည့်ပြီး အားပေးသလို တစ်ချက်ပြုံးပြလိုက်တာကို တွေ့လိုက်ရပါသည်။
ချာတိတ်မလက်ထဲမှာ ကိုင်ထားတဲ့
ဝါးကပ်တွေကိုတွေ့နေရပေမယ့် ခါတိုင်းလို ခြံတံခါးကြီးကို မဖွင့်တော့ပဲ
လူဝင်ပေါက်ခပ်သေးသေးလေးကို ကြိုးစားပြီးဖွင့်နေတဲ့ နီလာ့လက်တွေက ချွေးစေးတွေနဲ့
စေးကပ်လို့ မသိမသာ တုန်ရီနေပါရောလား..........
နှင်းနဲ့မာယာ
0 comments:
Post a Comment