အာဆီယံ ဥက္ကဌ ဖြစ်ဖို့ အသင့်ဖြစ်ပြီလား




 
၂၀၁၃-၂၀၁၄ မြန်မာပြည်မှာ ပြုလုပ်မယ့် အာဆီယံ ဆီးဂိမ်းအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ အကြိုပြင်ဆင်မှုတွေ စနေပြီ။

၂၀၁၃-၂၀၁၄ မှာ မြန်မာနိုင်ငံက အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်လာအုံးမှာမို့ ပြည်တွင်းမှာ လမ်းတွေ တံတားတွေကိုလဲ အချိန်နဲ့ တပြေးညီ တည်ဆောက်နေကြပြီ။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌနိုင်ငံပီပီ ထိပ်သီးအစည်းအဝေးကြီးတွေကို လက်ခံနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံတကာ အဆင့်မီဟိုတယ်တွေ အစည်းအဝေးခန်းမတွေကိုလဲ တိုးချဲ့ဆောက်လုပ်နေကြပြီ။
အခြားအာဆီယံနိုင်ငံတွေရဲ့ စံချိန်စံနှုန်းနဲ့အညီ နိုင်ငံတကာ ငွေကြေးတွေ အလွယ်တကူ သုံးစွဲနိုင်အောင် လဲလှယ်လွှဲပြောင်းနိုင်အောင် စီမံနေကြပြီ။

အိန္ဒိယ ထိုင်း မြန်မာ သုံးနိုင်ငံကားလမ်းဖောက်ဖို့ကိုလဲ ပြင်ဆင်နေကြပြီ။
အာဆီယံနိုင်ငံတွေကြား မြန်မာရဲ့လှုပ်ရှားမှုတွေကလဲ စိတ်သထက်စိတ်လာခဲ့ပြီ။

မြန်မာနဲ့ အာဆီယံ အာဆီယံနဲ့ မြန်မာကြားမှာ ကူးလူးယှက်နွယ်မှု ခြေလှမ်းတွေ စိတ်သထက်စိတ်လာတဲ့ ကောင်းမြတ်သော အချိန်အခါတစ်ခုကို ရောက်လာခဲ့ပြီ။

မြန်မာဟာ အာဆီယံအတွက် အသင့်နီးပါးဖြစ်နေပြီဆိုပေမယ့် အာဆီယံနိုင်ငံတွေကြားမှာ တကယ့်ကို ပြုပြင် ပြောင်းလဲဖို့လိုအပ်နေသေးတာကတော့ အာဆီယံနိုင်ငံသား အခွင့်အရေးတစ်ခုပါ။

ကောင်းမွန်သော အပြုသဘောဆောင်သော တိုးတက်မှုတွေကြားမှာ နှောင့်နှေးနေဆဲဖြစ်တဲ့ အာဆီယံ နိုင်ငံသားအခွင့်အရေး တစ်ခုတော့ဖြင့် အရှိန်အဟုန်နဲ့ မြှင့်တင်ဖို့ လိုနေပါပြီ။
အာဆီယံနိုင်ငံ ၁၀ နိုင်ငံကြားမှာ ခံစားခွင့်ရှိတဲ့ အာဆီယံနိုင်ငံသားအခွင့်အရေးကို မြန်မာပြည်အနေနဲ့ လိုက်လျောဖို့ လိုနေပါပြီ။

 ဒီနေရာမှာ အပေးအယူအနေနဲ့ မြန်မာနိုင်ငံသားတွေလဲ အာဆီယံနိုင်ငံတွေက နိုင်ငံသားတွေ ရနေခဲ့တဲ့ အခွင့်အရေးတွေကို တောင်းဆိုဖို့ လိုအပ်နေပါပြီ။
မြန်မာနိုင်ငံအနေနဲ့ ပေးရမယ့် အခွင့်အရေးကတော့ အာဆီယံနိုင်ငံ ဆယ်နိုင်ငံကြားမှာ သတ်မှတ်ထားပြီးသား အခွင့်အရေးဖြစ်တဲ့ အာဆီယံနိုင်ငံသားတိုင်း မြန်မာနိုင်ငံလေဆိပ်မှာ ဗီဇာ ကင်းလွတ်ခွင့်ပါ။

ကျွန်မရဲ့ မိတ်ဆွေ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ အာဆီယံနိုင်ငံတွေကို အလည်သွားတဲ့ အခါမှာ ဗီဇာမလိုပါဘူး။ ဆိုက်ရောက်ဗီဇာတောင် တောင်းခံစရာမလိုပါဘူး။ အာဆီယံဒေသတွင်းနိုင်ငံတွေကို ဗီဇာကြေးပေးစရာမလိုပဲ ဝင်ထွက် သွားလာခွင့်ရထားပါတယ်။
 
ဒါကို (Free Visa) ဗီဇာကင်းလွတ်ခွင့်ရတယ် လို့ပြောလို့ရပါတယ်။ Visa On Arrival ထက်သာတဲ့ ဗီဇာမျိုးပါ။ ဗီဇာကြေးလဲ ပေးစရာမလိုသလို ကြိုတင်လျှောက်ထားစရာလဲ မလိုပါဘူး။
သူတို့နိုင်ငံကလဲ နိုင်ငံတကာ ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးပါတယ်။ မြန်မာနိုင်ငံသားတွေလဲ ဖိလစ်ပိုင်နိုင်ငံကိုသွားရင် ဗီဇာကင်းလွတ်ခွင့်ရပါတယ်။

ပြည်တွင်းစစ်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဗီယက်နမ်နိုင်ငံသည်လဲ နိုင်ငံခြားသားတွေကို Free Visa မပေးပေမယ့် အွန်လိုင်းကနေ အရေးပေါ် ဗီဇာလျှောက်ထားလို့ရအောင် စီစဉ်ထားပေးပါတယ်။
ဗီယက်နမ် လေဆိပ်ကိုရောက်တဲ့အချိန်မှာ ဗီဇာယူနိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပေးတဲ့ Pre Approval Visa လို့ခေါ်တဲ့ အထောက်အထားကို အွန်လိုင်းမှာ ထုတ်ပေးနေတာပါ။ Pre Approval Visa အတွက် ၂၄ နာရီအတွင်းရနိုင်တဲ့ အမြန်ကြေးကို ဒေါ်လာသုံးဆယ်ယူပါတယ်။

  (နှစ်ဆယ့်လေးနာရီအတွင်းလို့ပြောထားပေမယ့် တကယ်လျှောက်ကြည့်တော့ ခြောက်နာရီအတွင်းမှာ ရပါတယ်။ )နှစ်ရက် သုံးရက်လောက်ကြာတဲ့ ပုံမှန်ကြေးကို ဒေါ်လာ နှစ်ဆယ်ယူပါတယ်။ ဗီယက်နမ် လေဆိပ်မှာတော့ ဗီဇာကြေးကို နှစ်ဆယ့်ငါး ဒေါ်လာ ထပ်ပေးရပါသေးတယ်။
 
ဗီဇာကြေးအတွက် အပိုငွေပေးရတယ်ဆိုပေမယ့် သံရုံးကို တကူးတကသွားရင် အနည်းဆုံးနှစ်ခေါက်သွားရမယ် အချိန် နှစ်ရက်ကနေ သုံးရက်လောက်ကြာမယ့်ကိစ္စကို နာရီပိုင်းအတွင်း အချိန်မကုန် လူမပန်းပဲ ရတဲ့အတွက် တန်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက်တော့ ဗီယက်နမ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့် ပေးပါတယ်။ ( ဒါပေမယ့် သူတို့ပေးထားတဲ့ အာဆီယံနိုင်ငံသား ဗီဇာကင်းလွတ်ခွင့် အခွင့်အရေးမှာ မြန်မာနိုင်ငံသား မပါပါဘူး။ ဒါက ချွင်းချက်ပါ။) ဗီယက်နမ်နိုင်ငံကို ကျွန်မနဲ့ ဖိလစ်ပိုင်နိုင်ငံသူတစ်ယောက်နဲ့ တူတူသွားခဲ့ပေမယ့် ဖိလစ်ပိုင်သူလေးက ဗီဇာ ကင်းလွတ်ခွင့်ရပြီး မြန်မာနိုင်ငံသူကတော့ ဗီဇာအတွက် ကြိုတင်ပြင်ဆင်သွားရပါတယ်။ ဗီဇာကြေး နှစ်ဆယ့်ငါးဒေါ်လာလဲ ပေးလိုက်ရပါတယ်။ 

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာတွေ ဗီဇာမလိုတဲ့ နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ တစ်နိုင်ငံတည်းရှိပါတယ်။ ဗီဇာကြေးလဲ ပေးစရာမလိုတဲ့အတွက် ဗီဇာကင်းလွတ်ခွင့်ရတယ်လို့ပြောလို့ရပါတယ်။  ကမ္ဘောဒီးယားမှာတော့ မြန်မာနိုင်ငံသားတွေ ဆိုက်ရောက်ဗီဇာ ရနိုင်ပါတယ် ဗီဇာကြေးတော့ နှစ်ဆယ့်ငါးဒေါ်လာပေးရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ ခံစားခွင့်ပေးတယ်ဆိုပေမယ့် အခြား အာဆီယံအဖွဲဝင်နိုင်ငံတွေဖြစ်တဲ့ လာအို မလေးရှား ဖိလစ်ပိုင် စင်္ကာပူ ဗီယက်နမ် ထိုင်း အင်ဒိုနီးရှား နိုင်ငံတွေကိုတော့ ဗီဇာ ကင်းလွတ်ခွင့်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဆိုက်ရောက်ဗီဇာကို လေဆိပ်မှာ ထုတ်ယူနိုင်တယ်လို့သိရပါတယ်။ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တွေကို ထုတ်ပေးတဲ့ ဆိုက်ရောက်ဗီဇာအတွက် သက်ဆိုင်ရာဌာနတွေက ဖိတ်ခေါ်စာတွေတော့လိုအပ်ပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေအတွက်တော့ ဆိုက်ရောက်ဗီဇာ မရနိုင်သေးပါဘူး။ Pre Approval Visa (အွန်လိုင်းဗီဇာ)အတွက် Web Site ရှိပေမယ့် တကယ်တမ်းမှာတော့ အဲဒီဆိုဒ်က အလုပ်မလုပ်ပါဘူး။

ထိုင်းနိုင်ငံကတော့ နိုင်ငံထဲကို ဝင်ထွက်ဖို့မဟုတ်ပဲ လေဆိပ်မှာ လေယာဉ်ကူးပြောင်းဖို့ စောင့်ချိန်မှာတောင် မြန်မာနိုင်ငံသားတွေအတွက် ဗီဇာလိုအပ်ပါတယ်။ ထိုင်းလေဆိပ်မှာ ၂၄ နာရီထက်ပိုပြီး လေယာဉ်စောင့်စီးရမယ့် မြန်မာခရီးသည်တွေ ဗီဇာကြိုလုပ်ရပါတယ်။ ကျွန်မသူငယ်ချင်းတွေကတော့ ထိုင်းလေဆိပ်မှာ ၂၄ နာရီတောင် မကြာပေမယ့် ဗီဇာ လျှောက်ပီးသွားရပါတယ်။ ဒီအဖြစ်တွေက အင်မတန်ကို အရုပ်ဆိုးလှသလို အာဆီယံနိုင်ငံသားအနေနဲ့ အင်မတန်ကို မျက်နှာငယ်ရတဲ့ အဖြစ်တွေပါ။

လေယာဉ်ကွင်းမှာ လေယာဉ်ပြောင်းစီးသူတွေအနေနဲ့ လေဆိပ်မှာ နာရီကျော်ကြာရင် ဗီဇာလိုအပ်တဲ့ နိုင်ငံဟာ အမေရိကန်နိုင်ငံပါ။ လုံခြုံရေးတင်းကျပ်လွန်းတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးမှာတောင် တထောက်နားခရီးသည်တွေကို လေဆိပ်မှာ ရှစ်နာရီအထိ  နေခွင့်ပြုထားပါတယ်။

တကယ်တော့ အာဆီယံနိုင်ငံလဲ ဖြစ် အိမ်နီးချင်းလဲ ဖြစ်တဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေ မြန်မာနိုင်ငံသားတွေကို ဗီဇာတင်းကျပ်တာ အပြစ်ဆိုလို့မရနိုင်ပါဘူး။ တရားမဝင်ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ တောင်လိုပုံနေပါသေးတယ်။

ဒါပေမယ့် ဗီဇာတင်းကြပ်ဖို့ အခြားနည်းလမ်းတွေရှိနေသေးတဲ့အတွက် အဆင်ပြေလွယ်ကူစေမယ့် နည်းလမ်းလေးတွေနဲ့ ဗီဇာတင်းကြပ်နိုင်ရင်အကောင်းဆုံးပါပဲ။

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာတော့ အလုပ်အကိုင် ရာထူးကိုကြည့်ပြီး ဗီဇာတင်းကြပ်ပါတယ်။
ယူအေးအီးနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မန်နေဂျာ စီးပွားရေးလုပ်ငန်းရှင် ဆရာဝန် အင်ဂျင်နီယာ အဆင့်တွေဆိုရင် (မည်သည့်နိုင်ငံသားမဆို) အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဆိုက်ရောက်ဗီဇာထုတ်ပေးပါတယ်။ ရာထူးအဆင့်အတန်းတွေကို ယူအေအီးနိုင်ငံကပေးထားတဲ့ ဗီဇာပေါ်မှာ ပြထားတာမို့ အချိန်မကုန် အလုပ်မရှုပ်ပဲ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ခရီးသွားခွင့်ရှိပါတယ်။

အခုဆို အာရှမှာ မြန်မာဟာ ခရီးသွားတွေအတွက် ခရီးသွားလို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါပြီ။
အာဆီယံအိမ်နီးချင်းနိုင်ငံတွေကို ခရီးသွားဝင်ရောက်မှုနှုန်းကလဲ ထိုင်းနိုင်ငံမှာ သန်း ၂၀ ကျော်၊ မလေးရှားမှာ၂၄ သန်းကျော်၊ စင်ကာပူမှာ ၁၅ သန်းကျော်၊ ဖိလစ်ပိုင်မှာငါးသန်းကျော်၊ ကမ္ဘောဒီးယားမှာ ၃ ဒသမ ၅ သန်းကျော်၊ ဗီယက်နမ်မှာ ငါးသန်းနှင့် လာအိုမှာ ၂ ဒသမ ၅ သန်းကျော်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာလဲ ၂၀၁၃ ခုနှစ်အတွင်းမှာ ခရီးသွား ကိုးသိန်းအထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၁၁ ခုနှစ် ကိန်းဂဏန်းတွေနဲ့ တွက်ချက်ကြည့်တော့ ၂၀၁၂ အတွင်းမှာတောင် မထင်မှတ်ထားပဲ ခရီးသွားအရေအတွက် ၅၀ % အထိ တရှိန်ထိုး တိုးတက်လာခဲ့ပါပြီ။

ခရီးသွားတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ဟိုတယ်နဲ့ ပြည်တွင်းပို့ဆောင်ရေး လိုအပ်ချက်တွေ အဆင့်မီအောင် မြှင့်တင်နိုင်ဖို့ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ပြင်ဆင်နေကြပါပြီ။ ၂၀၁၃ မှာ ကျင်းပမယ့် အာဆီယံဒေသတွင်း အစည်းအဝေးတွေ ဒေသတွင်း အားကစားပွဲတွေကို အိမ်ရှင်ပီပီ တာဝန်ကျေကျေ ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေကြပါပြီ။

အဆင့်မြင့်ဝန်ဆောင်မှုတစ်ရပ်အနေနဲ့ အာဆီယံနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာ ဒါမှမဟုတ် ဗီဇာကင်းလွတ်ခွင့် အခွင့်ထူးတွေ ပေးနိုင်ရင် အာဆီယံဥက္ကဌ အနေနဲ့ မျက်နှာပန်းလှမှာ သေချာလှပါတယ်။

မြန်မာနိုင်ငံသားတိုင်းအနေနဲ့လဲ အာဆီယံနိုင်ငံတွေကြားမှာ အလားတူ အာဆီယံနိုင်ငံသားအခွင့်အရေးလေးတွေ ရနိုင်အောင်လဲ ညှိနှိုင်းသင့်လှပါတယ်။
ဒါမှလဲ အာဆီယံနိုင်ငံတွေကြားမှာ သာတူညီမျှ အာဆီယံနိုင်ငံသားရယ်လို့ ဆိုနိုင်မှာပါ။  
  
အထူးသဖြင့် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်တော့မယ့် နိုင်ငံအနေနဲ့ အခြားဥက္ကဌ ဖြစ်ခဲ့ဘူးတဲ့ နိုင်ငံတွေလို ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်မိပါတယ်။


1 comments:

သူကြီးမင်း (တုံးဖလား) said...

မနှင်းရေ...
သုံးသပ်ပြသွားတာလေးတွေ အရမ်းကောင်းတယ်။
ရွှေနိုင်ငံကြီးလဲ တစ်နေ့နေ့တော့ အာဆီယံထဲ ၀င်ဆန့်နိုင်ကောင်းပါရဲ့။ ပြီးတော့ အာစီယံနိုင်ငံတွေနဲ့လဲ ဖရီးသွားလာခွင့်တွေ ဖြစ်ကောင်းဖြစ်လာနိုင်မယ်လို့ မျှော်နေရတာပါဘဲ။

My Blog List