သဲမုန်တိုင်းထဲမှာ

ဒီနှစ်အာရပ်နွေဦးက မြူမှုန်တွေ ဝေဆိုင်းဆိုင်း ဖုန်အလူးလူးနဲ့ ရောက်လာပြန်ပါသည်။ ဆောင်းအကုန် နွေအကူးမှာ အရင်နှစ်တွေလို မိုးသည်းသည်းရွာပြီး မြန်မြန်ဆန်ဆန် ပူပူလောင်လောင်ကြီး နွေကို ခုန်ကူးလာတာမျိုးမဟုတ်။
တပတ် ဆယ်ရက်လုံးလုံး မိုးသားတိမ်လိပ် မည်းမည်းတွေနဲ့ ရှစ်ခွင်တိုင်းမှိုင်းဝေပြီး ကောင်းကင်တခုလုံး အုံ့ဆိုင်းဆိုင်းရှိနေခဲ့ပါသည်။ ဒါပေမယ့် လေပြေလေးညှင်းတွေက မိုးရိပ် မိုးသားတွေကို တရွေ့ရွေ့ ပြန်သယ်ယူသွားပြန်တာမို့ မိုးရယ်လို့ဆိုနိုင်ရုံ မိုးဖွဲဖွဲသာရွာခဲ့ပါသည်။
ဆောင်းကုန်ပြီးတည်းက မိုးဖွဲဖွဲလေး နှစ်ရက်ဆက်တိုက်သာ ရွာခဲ့ပြီး အသေးစားသဲမှုန်တိုင်းလေးတွေကတော့ နေ့စဉ်ရက်ဆက် တဖွဲဖွဲနဲ့ တိုက်ခတ်လို့မစဲနိုင်သေး။ အပူပိုင်းဇုံ အာရပ်မြေမှာတော့ နွေခြောက်လ ဆောင်းခြောက်လ ရာသီစက်ဝန်းက ပုံမှန်လည်ပတ်နေတာမို့ မိုးဆိုတာ ရာသီပြောင်းချိန်ရဲ့ သင်္ကေတ သက်သက်။ ဆောင်းအကုန်နွေအကူးမှာ တစ်ကြိမ် နွေအကုန်ဆောင်းအကူးမှာ တစ်ကြိမ် တစ်နှစ်ကို နှစ်ကြိမ်လောက်သာ မိုးငွေ့မိုးသက်ကို တွေ့ရတတ်ပါသည်။
အရင်နှစ်တွေတုန်းက ဒီလိုလတွေမှာ အပူချိန်ခပ်ပြင်းပြင်းနဲ့ နွေဦးကိုကြိုခဲ့ပေမယ့် ဒီနှစ်မှာတော့ နွေဦးကာလဟာ ပူသင့်သလောက်လဲ မပူခဲ့။
အာရပ်နွေဦးမှာ လေကြောင်းပြောင်းလဲမှုကြောင့် သဲမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမယ့် အဲဒီနေ့က တိုက်ခဲ့တဲ့ သဲမုန်းတိုင်းကတော့ ထူးထူးခြားခြား ပြင်းထန်ခဲ့ပါသည်။
အဲဒီနေ့ကတော့ မိုးသားတိမ်လိပ်တချို့နဲ့ ကောင်းကင်က လင်းတလှည့်မှောင်တလှည့် ဒါပေမယ့် လျှပ်စီးတော့ မလက်။ ညိုညစ်ညစ် အရောင်အဆင်းမရှိတဲ့ တိမ်တွေက လေအဝေ့မှာ ဘယ်တိမ်းလိုက် ညာယိမ်းလိုက်။ လေတချက်ဝေ့လိုက်တိုင်း လမ်းမပေါ်မှာ သဲမှုန်တွေ အစုလိုက်အဝေးလိုက် ပြေးလွားနေခဲ့ပါသည်။ မိုးတိမ်လိပ်တွေတွေ့နေရပေမယ့် မိုးရွာမယ့်အရိပ်အယောင်ရယ်လို့ မမြင်ရ။
ကန္တာရမိုးဆိုတာလဲ ပြောရခက် မှန်းရခက် ကြုံရခက် ဒါပေမယ့် အစိုးမရချင်ရင်တော့လဲ ရေခဲတုံးလေးတွေ အခဲလိုက်ရွာချတတ်လေတော့ ရင်တထိတ်ထိတ်နဲ့ မမျှော်ကောင်းတဲ့ အရာလိုမျိုး မတကောင်းတဲ့ မိုးလိုမျိုး။
လေကြမ်းကြမ်းတစ်ချက်တိုက်လိုက်ချိန်မှာ လေထဲမှာပါလာတဲ့ သဲတွေက မျက်နှာပြင်ကို သိသိသာသာ လာနှုတ်ဆက်ပြန်တာမို့ မျက်စိ နား နှာခေါင်း ပါးစပ်တွေထဲကို သဲတွေ မဝင်အောင် အတတ်နိုင်ဆုံး လေတိုက်ရာရဲ့ ဆန့်ကျင်ဘက်ကို လှည့်လိုက်ပေမယ့် ဆံပင်တွေကို သပ်လိုက်တဲ့ လက်ထဲမှာ သဲမွမွတွေရဲ့ အထိအတွေ့ကို ခံစားလိုက်ရပြန်ပါသည်။
ရံဖန်ရံခါ ကြုံရတတ်တဲ့ သဲမုန်တိုင်းဆိုပေမယ့် ဒီတစ်ခါတွေ့နေရတဲ့ သဲမုန်တိုင်းက ခါတိုင်းထက် ပိုလို့ပြင်းထန်ပုံရပါသည်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းရဲ့ အပေါ်နဲ့ အောက်ကို နှုတ်ခမ်းအချင်းချင်း မသိမသာ ဖိကြည့်လိုက်တော့ ပါးစပ်ထဲကို အလိုလိုရောက်လာတဲ့ သဲမှုန်တွေက ပါးစပ်ထဲမှာ တကျိကျိနဲ့ ဝတ်ထားတဲ့ အဝတ်အစားတွေ မှာလဲ သဲတွေက အဖွေးသား ရှုးဖိနပ်စီးထားပေမယ့် ဘယ်ကဘယ်လို ဝင်လာမှန်းမသိတဲ့ သဲတွေကို ခြေအိတ်တွေထဲမှာလဲ ရှတတ ခံစားမိလိုက်ပြန်ပါသည်။
မနက်စောစော ရောင်နီမပျိုးခင် အိပ်ယာက နိုးတော့ အိပ်ခန်းရဲ့ မှန်တံခါးမှာ တရှဲရှဲ တဒေါက်ဒေါက်နဲ့ အသံတွေ အဆက်မပြတ် ကြားခဲ့ရတာကို ပြန်သတိရတော့ သဲမှုန်တိုင်းပါလားလို့ ဘာလို့ မတွေးမိပါလိမ့်။ လေထဲမှာ ပါလာတဲ့ သဲမှုန်တွေ အမှိုက်အစအနတွေက အထပ် ခုနစ်ထပ် ရှစ်ထပ်လောက်အမြင့်အထိ မတက်နိုင်ဘူးလို့ လျှော့တွက်မိလိုက်သလားမသိ။
သူငယ်ချင်းတစ်ယောက်က သူ့ဆီ ဝင်လာတဲ့ သဲမုန်တိုင်းသတင်းတိုလေးကို လာပြတော့ ဘုရားတရင်း ဘာရယ်မသိ ကြောက်စိတ်က ဝင်လာမိပြန်ပါသည်။ ဒီနေ့တိုက်တဲ့ သဲမုန်တိုင်းက တော်တော်လေးပြင်းထန်တာမို့ ကျောင်းတချို့ပိတ်ထားတဲ့ သတင်းနဲ့ တတ်နိုင်ရင် အပြင်မထွက်ပဲ အမိုးအကာအောက်မှာနေဖို့ သတိပေးထားတဲ့ သတင်းတိုလေး။
ဒီလိုဆိုရင် ခက်ပြီလို့ ခပ်ဖွဖွရွတ်ရင်း အမိုးအကာအောက်မှာ နေလို့ မဖြစ်နိုင်ပဲ ဂျူတီချိန်မှာ မဖြစ်မနေ အလုပ်လုပ်နေရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေလဲလို့ ပြန်တွက်ကြည့်မိပါသည်။ အမှန်တဝက် အမှားတဝက်သတင်းတွေလဲ ရှိတတ်တာမို့ ကုန်းတွင်းပိုင်းမှာ တိုက်တဲ့ သဲမုန်တိုင်းဟာ လူတွေကို ဘယ်လောက်အထိ ဒုက္ခရောက်စေနိုင်မှာလဲလို့ မမီ့တမီ ဥာဏ်လေးနဲ့ ပြန်တွက်ကြည့်မိပါသည်။
အမိုးအကာအောက်မှာ မနေနိုင်သူတွေအနေနဲ့ လေပြင်းပြင်းတိုက်တာခံရမယ်။ လေထဲမှာပါလာတဲ့ သဲမှုန်တွေနဲ့ တကိုယ်လုံး စေးကပ်ညစ်ပေနေမယ်။ ဖုန်ထူထူတောလမ်းတွေကို သွားရတဲ့လူတွေလို မျက်လုံး ပါးစပ်တွေကို တခုခုကာကွယ်ပြီး အလုပ်လုပ်မယ်။ အလွန်ဆုံးဖြစ်လှ တနေ့လုံး သဲတွေကို ဝါးစားရင်း ပါးစပ်ထဲမှာ ယားကျိကျိနဲ့ အလုပ်လုပ်ရမယ်။
ကားလမ်းမတွေပေါ်မှာ ကားမောင်းနေတဲ့သူတွေဆိုရင်လဲ လေကြောင်းနဲ့ ပြောင်းပြန် လေကိုဆန်ပြီး ကားကို သတိကြီးကြီးနဲ့ မောင်းရမယ်။
ကားမှန်ကို လာရိုက်တဲ့ သဲမှုန်တွေကို ကားမှန်ရှေ့က ဝှိုက်ပါနဲ့ တချိန်လုံး ရှင်းနေရမယ်။ ကားလမ်းမပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ ပြေးလွှားနေတဲ့ သဲမှုန်တွေကိုခံစားနေဖို့အချိန်မရှိပဲ ကိုယ်မောင်းနေတဲ့ အရှိန်နဲ့ လေကိုဆန်ပြီး ယိမ်းထိုးယိုင်ထိုးနဲ့ တကယ်သွားနေတဲ့ ကားရဲ့အရှိန်ကို ထိန်းပီး ရှေ့ကားနောက်ကားတွေကို သတိထားပြီးမောင်းရမယ်။
မြူတွေဆိုင်းသလို ခပ်လှမ်းလှမ်းအထိ လှမ်းကြည့်လို့မမြင်ရတဲ့ အနေအထားမှာဆို ယာဉ်ကြောတစ်ခုလုံးကို သတိကြီးကြီးထားပြီး မောင်းရအုံးမယ်။
ဒီလိုရာသီအကူးအပြောင်းမှာ လေကြောင်းပြောင်းလို့တိုက်တဲ့ မုန်တိုင်းပဲဖြစ်ဖြစ် သာမန်သဲမှုန်တိုင်းပဲဖြစ်ဖြစ် ဘယ်လောက်အထိ ခပ်ပြင်းပြင်းတိုက်နိုင်မှာလဲ။ လမ်းပေါ်မှာ ရပ်နေတဲ့ လူတစ်ယောက်လုံးလွင့်သွားစေလောက်အောင် ပြင်းထန်မလား။ ဒါမှမဟုတ် ရပ်ထားတဲ့ ကားတွေ စက်ဘီးတွေ လွင့်စင်လောက်အောင်ပဲ ပြင်းထန်အုံးမလား။
အတွေးစတွေ အများကြီးနဲ့ နေ့လည်စာစားဖို့ စားသောက်ဆိုင်တွေ ရှိရာဘက်ကို ထွက်လာတော့ စားသောက်ဆိုင်တန်းမှာ ခရီးသွားတွေပြည့်နှက်နေတာကို တွေ့လိုက်ရပြန်ပါသည်။ သဲမုန်တိုင်းကြောင့် လေယာဉ်အချို့ ဆင်းသက်ဖို့ အခက်အခဲရှိတာမို့ ခရီးစဉ်နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေခဲ့ပါသည်။ လေယာဉ်အချို့အချိန်မီ မဆင်းသက်နိုင်သလို ထွက်ခွာရမယ့် လေယာဉ်အချို့ကလဲ အချိန်မီမထွက်ခွာနိုင်ခဲ့။
စားစရာတွေ မှာပြီးချိန်မှာတော့ စားသောက်ဆိုင်တန်းမှာ နေရာတစ်ခုကို ခက်ခက်ခဲခဲရှာဖွေရပြန်ပါသည်။ စားပွဲလွတ်ရယ်လို့မတွေ့တာမို့ စားပွဲဝိုင်းတစ်ခုမှာ အရင်ရောက်နှင့်နေတဲ့ မိန်းမချောလေးကို ခွင့်တောင်းပြီး ထိုင်လိုက်ရပါသည်။
မနက်အလုပ်လာချိန်မှာ မိလာတဲ့ သဲမုန်တိုင်းကြောင့် ကျွန်မဝတ်ထားးတဲ့ ယူနီဖောင်းမှာ သဲမှုန်တွေကပ်ပြီး ကုတ်အကျီက မာတောင့်တောင့်ဖြစ်နေတာမို့ လူတွေကြားမှာ ထိုင်နေရတာ သက်တောင့်သက်သာမရှိလှ။ ဒါပေမယ့် ကျွန်မရှေ့မှာထိုင်နေတဲ့ ဖြူဖြူသွယ်သွယ်ချစ်စဖွယ် မိန်းမလှလေးကတော့ ကျွန်မရဲ့ ယူနီဖောင်းကိုမြင်တာနဲ့ ဝမ်းသာအားရဖြစ်သွားပုံရပါသည်။
ကျွန်မထမင်းစစားချိန်မှာပဲ မျက်နှာချင်းဆိုင်က မိန်းမချောလေးက မိတ်ဆက်စကားဆိုလာပြီး သူမရဲ့ အခက်အခဲတစ်ခုကို ပြောပြရင်း အကူအညီတောင်းခံလာခဲ့ပါသည်။ အနီးကပ်ကြည့်မိတော့မှ မျက်လုံးမျက်ဆံကောင်းကောင်း နှာတံစင်းစင်လေးနဲ့ ပါးအို့နီလေးလို ပန်းသွေးရောင်ပြေးနေတဲ့ မျက်နှာလေးက အသက် နှစ်ဆယ်ပတ်ဝန်းကျင်လောက်ပဲရှိတယ်ဆိုတာ ဖော်ပြနေပါသည်။
သူမရဲ့ အပြင်အဆင်နဲ့ သူမဝတ်ဆင်ထားတဲ့ ပုံစံခပ်ဆန်းဆန်းရွှေထည်တွေကလဲ သူမရဲ့ ကြွယ်ဝမှုကို ဖော်ပြနေပါသည်။ စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းဗူးလေးက လောလောလတ်လတ်ဝယ်လာတဲ့ နောက်ဆုံးပေါ် အိုင်ဖုန်းဆိုတာကိုပြနေသလို သူမဆော့ကစားနေတဲ့ အိုင်ပက်ကလေးကလဲ အသစ်စက်စက်။
သူမက လေဆိပ်ထဲမှာ ဈေးဝယ်ထွက်နေရင်း အချိန်လွန်မှ လေယာဉ်ထွက်ခွာမယ့်ဂိတ်ကိုရောက်သွားတာမို့ လေယာဉ်လွတ်သွားတဲ့အကြောင်းကို ပြောပြလာပါသည်။ သူမထိုင်နေတဲ့ စားပွဲဝိုင်းဘေးမှာ ချထားတဲ့ ဂျူတီဖရီး စာတမ်းပါ အထုတ်အပိုးတွေကြည့်ရင်း မထူးဆန်းသလို သက်မမောတစ်ခုကိုချလိုက်မိပါသည်။
သူမသွားချင်တဲ့မြို့က နေ့စဉ်လေယာဉ်ခရီးစဉ် မရှိတဲ့မြို့ဖြစ်နေတာမို့ အနီးစပ်ဆုံးလေယာဉ်ကို စဉ်းစားပေးမိပါသည်။ ကျွန်မတို့ လေယာဉ်ကွင်းမှာ အနီးဆုံးလေယာဉ်ခရီးစဉ်က နောက်နှစ်ရက်နေမှရှိတာမို့ အခြားလေယာဉ်ကွင်းတစ်ခုကိုပြောင်းစီးဖို့ အကြံပေးမိတော့ သူမရဲ့ မျက်နှာက ရုတ်တရက်ညှိုးနွမ်းသွားပါသည်။ သူမလက်ထဲမှာ နိုင်ငံကူးလက်မှတ် မရှိပါ။ နိုင်ငံကူးလက်မှတ် မတော်တဆ ပျောက်ဆုံးသွားတာမို့ သူမရဲ့ သံရုံးက ထုတ်ပေးထားတဲ့ ယာယီခရီးသွား လက်မှတ်တစ်စောင်သာပါရှိပါသည်တဲ့။
ဒီလေဆိပ်မှာပဲ နောက်ထပ်နှစ်ရက်စောင့်ဖို့ သူမသဘောတူလိုက်ပေမယ့် လေယာဉ်လက်မှတ်အသစ် ဝယ်ယူဖို့ အခက်အခဲက ရှိနေပြန်ပါသည်။ အင်တာနက်ကနေတဆင့် လက်မှတ်ဝယ်ပေးဖို့ ကူညီနေစဉ်မှာ တောင်စဉ်ရေမရ ပြောလာတဲ့ သူမရဲ့စကားတွေကလဲ ဟိုရောက်သည်ရောက်။
သူမရဲ့ အပျော်ချစ်သူ ဖိတ်ကြားလို့ ခဏလာလည်တယ်ဆိုတဲ့ အထိ သူမစကားတွေကို သတိမထားမိပေမယ့် သူမရဲ့ ချစ်သူက ဒေသခံ အာရပ်အမျိုးသား တစ်ယောက်လို့ ဆိုလာတော့ သူမရဲ့ အိုင်ပက်ပေါ်မှာ လက်မှတ်ဝယ်ဖို့ ကြိုးစားနေတဲ့ လက်တွေ တုန့်ကနဲ ရပ်သွားပါသည်။
ဒါဆိုရင်လဲ အဲဒီတစ်ယောက်ကို ဖုန်းဆက်ပြီး လက်မှတ်ဝယ်ခိုင်းကြည့်ပါလား ပိုအဆင်ပြေမယ်ထင်တယ် လို့ အကြံပြုသလိုပြောမိတော့ နှင်းဆီငုံနှုတ်ခမ်းဖူးဖူးလေးက ရုတ်တရက် အသံတိတ်သွားပြန်ပါသည်။ သူမရဲ့ မျက်ဝန်းပေါ်မှာ ဝေခွဲရခက်တဲ့ အရပ်အချို့ဖြတ်ပြေးသွားတာကို မြင်လိုက်ရပြန်ပါသည်။
သူမရဲ့ လက်ချောင်းသွယ်သွယ်လေးမှာဝတ်ထားတဲ့ စိန်လက်စွပ်တစ်ကွင်းဆီကို အကြည့်ရောက်သွားချိန်မှာ ကျွန်မသူငယ်ချင်းတွေပြောပြောနေတဲ့ နိုင်ငံတကာ အထက်တန်းစား အပျော်မယ်တွေရဲ့ ဇာတ်လမ်းတွေကို သတိရလိုက်မိပါသည်။ အတွေ့အကြုံများလှတဲ့ သူငယ်ချင်းတွေပြောပြတဲ့ ဇာတ်လမ်းတွေကို ကြားဖူးတယ်ဆိုရုံ သိခွင့်ခဲ့ရတာမို့ ကျွန်မရဲ့ မျက်စိရှေ့ကိုတိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့ အလှပဂေးမလေးကို အစပိုင်းတုန်းက သနားစိတ်ပိုမိတာကိုပဲ အလိုလိုနောင်တရလိုက်မိပါသည်။
တကယ်ဆို ဒီလိုနေရာမျိုးမှာ ဒီလိုပုံစံတူ ပြဿနာပေါင်းစုံနဲ့ မိန်းမချောတွေကိုတွေ့နေကြဆိုတော့ သိပ်ပြီး အံ့သြစရာမရှိပါ။ သူမရဲ့ ခရီးဆုံးမြို့ကလဲ နိုင်ငံတကာ အထက်တန်းစား အပျော်မယ်လေးတွေ အများဆုံးလာလေ့ရှိတဲ့ မြို့။ အချို့ဆို စင်းလုံးငှားလေယာဉ်တွေ ဗီအိုင်ပီ ခရီးစဉ်တွေနဲ့တောင် ခမ်းခမ်းနားနား လာလေ့ရှိတဲ့ မြို့ဆိုတော့ သူမရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးတဲ့ ကိစ္စကလဲ မဆန်းပါလားလို့ ခပ်ကြမ်းကြမ်းလေး တွေးလိုက်မိပါသည်။
တစ်ပတ်ဆယ်ရက်ဆိုသလို အလည်လာတဲ့ ခရီးစဉ်တစ်ခုမှာ မိဘအုပ်ထိန်းသူမပါ ဆွေမျိုးသားချင်း သူငယ်ချင်းမပါ သူမလို အသက်နှစ်ဆယ် မပြည့်တပြည့်ကလေးမတစ်ယောက်တည်း။
သူမကို အလည်လာဖို့ ဖိတ်ခေါ်သူ အိမ်ရှင်ကလဲ သူမရဲ့ အပျော်ရည်းစားတစ်ယောက်။ လေယာဉ်ထွက်ချိန်ကိုတောင် မစောင့်ဆိုင်းနိုင်ပဲ ပြေးအလွှား ဝယ်ယူထားတဲ့ နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းအသုံးအဆောင်တွေကလဲ လူနဲ့မလိုက်အောင် တပွေ့တပိုက်။
အဆိုးဆုံးအချက်က နောက်လေယာဉ်ကိုစောင့်ဖို့ နှစ်ရက်လုံးလုံး လေဆိပ်ထဲမှာ ဒုက္ခခံနေရမယ့်သူမကို အာမခံပြီး လာခေါ်ဖို့ မိတ်ဆွေတစ်ယောက်တလေမျှပင်မရှိ။
နေ့လည်စားစားပြီးချိန်မှာတော့ လေယာဉ်ခရီးစဉ်တစ်ခုကို boarding လုပ်ပေးဖို့ရှိတာမို့ သူမကို နှုတ်ဆက်ပြီး Boarding gate တွေရှိရာကို ထွက်လာမိပါသည်။ မှန်တံခါးတွေဆီကနေ အပြင်ကိုလှမ်းကြည့်မိတော့ တမနက်လုံးတိုက်နေတဲ့ သဲမုန်တိုင်းက မစဲသေးတာကို တွေ့ရပါသည်။
ကျွန်မတာဝန်ကျတဲ့ နေ့လည်ခရီးစဉ်က အီသီယိုးပီးယား နိုင်ငံက မြို့တစ်မြို့ကိုသွားတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါသည်။ ခရီးသည်တစ်ယောက်ကို မြင်လိုက်တာနဲ့ သူသွားမယ့်ခရီးစဉ်ကို အတတ်ပြောလို့ရသည်အထိ ထူးခြားမှုရှိတဲ့ ခရီးစဉ်လို့ ပြောလို့ရပါသည်။ အရောင်အသွေးစုံ ပြောင်ပြောင်လက်လက် အဝတ်အစားတွေဝတ်ဆင်ထားသူ အမျိုးသမီး အမျိုးသား အားလုံးလိုလို ထူးထူးဆန်းဆန်း ဆံပင်ပုံတွေကိုလဲ ပိုင်ဆိုင်ထားကြပါသည်။
ပိုလို့ထူးခြားတာက ရာသီဥတုမရွေး သူတို့ဝတ်ဆင်ထားလေ့ရှိတဲ့ အနွေးတည် ခပ်ထူထူတွေနဲ့ ရှုပ်ရှက်ခတ်နေအောင် ဝတ်ဆင်ထားတဲ့ ဖန်စီလက်ဝတ်ရတနာ အထူးအဆန်းတွေပဲ ဖြစ်ပါသည်။ ဒါပေမယ့် ခရီးသည်တွေရဲ့ သုံးပုံတစ်ပုံလောက်ရှိတဲ့ တထောက်နားခရီးသည်တွေကတော့ အခြားအာရပ်နိုင်ငံတွေမှာ အိမ်ဖော်လုပ်နေကြသူတွေပဲ ဖြစ်ပါသည်။ အရာင်တောက်တောက်ခရီးသည်တွေကြားမှာ အနည်းငယ်အရောင်မှိန်နေသူတွေကိုလဲ အလွယ်အကူခွဲခြားပြီး တွေ့ရတတ်ပါသည်။
သဲမုန်တိုင်းကြားမှာ အိမ်ပြန်သူတွေကို boarding pass တွေနဲ့ နိုင်ငံကူးလက်မှတ်တွေကို စစ်ဆေးပေးနေစဉ်မှာပဲ ကျွန်မရဲ့ရှေ့ကိုရောက်လာသူ အမျိုးသမီးလေးတစ်ယောက်က မွေးကင်းက ကလေး နီတာရဲလေးတစ်ယောက်ကို ပိုက်ထွေးထားတာကိုတွေ့လိုက်ရပါသည်။ Boarding pass လူကြီးအတွက်တစ်စောင် ကလေးအတွက်တစ်စောင် ပေးလာတာမို့ သူမကိုကြည့်လိုက်တော့ သူမရဲ့ မျက်ဝန်းတွေက အရောင်ခပ်မှိန်မှိန်ဖြစ်နေတာကို မြင်ဖြစ်အောင် မြင်လိုက်မိပါသည်။ Boarding Pass တွေနဲ့အတူ သူမပေးလာတာကတော့ နိုင်ငံကူးလက်မှတ်မဟုတ်ပဲ ယာယီခရီးသွား လက်မှတ်တစ်စောင်ဖြစ်နေခဲ့ပါသည်။
ရုတ်တရက်ဖြစ်လာတဲ့ သနားစိတ်ကြောင့် သက်မမောကို နာနာချရင်း နောက်ထပ်ခရီးသည်တစ်ယောက်ကို လှမ်းကြည့်မိတော့ သူမလိုပဲ မွေးကင်းက ကလေးငယ်ကို ပွေ့ပြီး သူမနောက်မှာတန်းစီနေတဲ့ နောက်ထပ် အမျိုးသမီးငယ် သုံးယောက်ကို ထပ်တွေ့လိုက်ရပြန်ပါသည်။
ကျွန်မနဲ့ အတူတူအလုပ်လုပ်နေတဲ့ သူငယ်ချင်းမလေးဆီက ဘုရားသခင် ဒီနေ့ များလှချေလားလို့ တိုးတိုးလေးရေရွတ်လိုက်သံကို ကြားလိုက်ရပါသည်။
မွေးကင်းစ ကလေးသေးသေးလေးတွေ ထွေးပိုက်ပြီး အိမ်ပြန်ကြတဲ့ အရောင်ခပ်မှိန်မှိန်မျက်လုံးများပိုင်ရှင် လေးယောက် လက်ထဲမှာလဲ နိုင်ငံကူးလက်မှတ်တွေ ပါမလာခဲ့။ သက်ဆိုင်ရာက ထုတ်ပေးလိုက်တဲ့ တစ်ကြိမ်တစ်ခါသုံး ခရီးသွားခွင့်လက်မှတ်တွေကိုင်လို့။ မကြည့်ချင်လဲ ကြည့် မမြင်ချင်ပေမယ့်လဲ မျက်နှာလွဲလို့မရတဲ့ အရောင်ခပ်မွဲမွဲ မျက်လုံးလေးတွေက သူတို့ခံစားခဲ့ရတဲ့ လောကဒဏ်ကို ဖော်ပြနေသယောင်။
တစ်ရက်လဲ မဟုတ် နှစ်ရက်လဲမဟုတ် နေ့စဉ်လိုလိုကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေဆိုပေမယ့် ဒီခရီးစဉ်ကို တာဝန်ယူရတဲ့ နေ့တွေမှာ ကျွန်မရဲ့ ရင်ကို လှုပ်ခါစေတဲ့ မျက်လုံးအရောင်မှိန်မှိန်လေးတွေကို မြင်ရတိုင်း ရင်ထဲမှာ စူးကနဲနာကျင်မိစမြဲ။
ဆင်းရဲနွမ်းပါးတဲ့ အာဖရိကကို စွန့်ခွာပြီး မိသားစုအတွက် အလုပ်လုပ်နေသူ အမျိုးကောင်းသမီးလေးတွေ အချိန်တန်လို့ အိမ်ပြန်ကြတိုင်း အိမ်ပြန်ချိန်တွေ မလှတဲ့ဘဝတွေ မိသားစုအတွက် နိမ့်ကျတဲ့ ဘဝတွေအတွက် အရဲစွန့်လို့ သွားစဉ်တုန်းက တစ်ယောက်တည်း... အိမ်ပြန်ချိန်မှာတော့ အာရပ်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း အမျိုးသမီး ထိန်းသိမ်းရေးဂေဟာတွေရဲ့ အကူအညီနဲ့ မွေးဖွားခဲ့ရတဲ့ နီတာရဲ ကလေးငယ်တွေကို ရင်ခွင်ပိုက်လို့။
လူသားဆန်မှု စာနာတရား ဆိုတဲ့ ခေါင်းစဉ်တွေ ပျောက်ဆုံးနေတဲ့ အရပ်ဒေသတွေက ကမ္ဘာပေါ်မှာ ဒုနဲ့ဒေး။
နီတာရဲကလေးငယ်လေးတွေကို ထွေးပွေ့ပြီး အိမ်ပြန်ကြသူတွေလိုပဲ အသိစိတ်ကင်းမဲ့ပြီး စိတ္တဇဝေဒနာတွေ ခံရသည်အထိ လောကဒဏ်ကို ခံစားခဲ့ရသူ မိန်းမပျိုလေးတစ်ယောက်လဲ မကြာခင်လေးကမှ မျက်ဝန်းမှိန်မှိန်လေးနဲ့ အိမ်ပြန်သွားတာကို ပြန်သတိရလိုက်မိပါသည်။
သွားလမ်းသာလို့ လာလမ်းမဖြောင့်သူတွေ ဘဝမုန်တိုင်းထဲမှာ ဘယ်လောက်တောင် နစ်မွန်းနေခဲ့ပြီလဲမသိ။
အလုပ်ချိန်ပြီးဆုံးလို့ ဖယ်ရီတွေ ရပ်ထားရာ ကားဂိတ်ကိုလျှောက်လာချိန်မှာတော့ ခပ်ကြမ်းကြမ်းတိုက်လာတဲ့ လေထဲကသဲတွေက မျက်စိတွေထဲကို တရကြမ်းတိုးဝင်လာခဲ့ပြန်ပါသည်။ ဒီတစ်ကြိမ်မှာတော့ မျက်စိထဲ ပါးစပ်တွေထဲကို ကို ဝင်လာတဲ့ သဲတွေကို သည်းအသန် ရှောင်တိမ်းဖယ်ရှားဖို့ မကြိုးစားမိတော့ပါ။
ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပေါ်ကနေတဆင့် သူ့အလိုလိုရောက်လာတဲ့ သဲမှုန်တွေက လျှာပေါ်မှာ ရှတတ သွားတွေကြားမှာ ကျလိကျလိ။
တဖွဲဖွဲတိုက်လာတဲ့ လေထုထဲက သဲတွေကြားမှာတော့ နေ့လည်က တွေ့ခဲ့ရတဲ့ နုနယ်ပျိုမြစ်တဲ့ မိန်းမချောလေးနဲ့ ခပ်မှိန်မှိန် မျက်ဝန်းလေး လေးစုံကိုပဲ သဲမှုန်တိုင်းကြားမှာ ခပ်ဝါးဝါးမြင်ယောင်ရင်း ….

4 comments:

သဒ္ဓါလှိုင်း said...

သဲတွေကြားထဲမှာ ရှိနေမယ့် မနှင်းရဲ့ ချစ်စရာ့ ပုံလေးကိုလည်း မြင်နေမိပါတယ်..။ ခပ်မှိန်မှိန်မျက်ဝန်းလေးတွေနဲ့ မိန်းကလေးတွေလည်း ဘဝမုန်တိုင်းထဲကနေ လွတ်မြောက်နိုင်ခွင့် ရကြပါစေ..(ဆုတောင်းပေးရုံသာ ဆုတောင်းပေးနိုင်တဲ့ ဘဝ..)
ချစ်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ
မတူညီတဲ့ ကမ္ဘာတစ်ခုကို ပုံဖော်ထားတာများ မျက်လုံးထဲကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာစေတယ်.
ပြီးတော့လည်း ရပ်ဝေးမြေခြားကို စွန့်စားပြီး လာရသူတို့ရဲ့ ဘဝကိုလည်း ကိုယ်ချင်းစာမိအောင် အရေးအသားကောင်းလိုက်တာ။
နှင်းရဲ့ရင်ထဲက ကရုဏာစိတ်ကလေးကိုလည်း လှစ်ခနဲမြင်နေရတယ်။
သဲမုန်တိုင်းတွေကြားမှာနေတဲ့ တိုင်းပြည်ကလူတွေ လူလူချင်း ကိုယ်ချင်းစာစိတ်တွေ အပြည့်အဝ ရှိလာပါစေလို့ ဆုတောင်းမိပါတယ်။

desertraindrops said...

ကန္တာရမိုး အစိုးမရသလိုပဲ ဒီကန္တာရမိုးစက်များ ပိုင်ရှင် မငုံကလဲ. အစိုးမရနေဘူး. အားတဲ့အခါပေါ်လာလိုက် ပျောက်သွားလိုက်နဲ့. နှင်းရေ သတိရနေတယ်။
ဒီနှစ်ကန္တာရဆောင်းအေးရောပေါ့

Anonymous said...

စာရေးကောင်းတဲ့ သူတစ်ယောက်ရေးတဲ့ စာတွေကတော့ ဖတ်ချင်စရာတွေချည်းပါ----

My Blog List