ခွန်အားမျှပါ... မေမေ

မေမေရေ
ခလုတ်ထိမှ အမိတတတ်တယ်လို့ ဆိုကြပေမယ့် သမီးကတော့ ခလုတ်ထိမှ အမိတရမှာကို ရှက်မိလို့ အမြဲတမ်း အမေ့ကို တိုးတိုးလေး တမ်းတနေတတ်ပါတယ်...

ဘယ်မှာပဲနေနေ ဘာတွေပဲလုပ်လုပ် မေမေသိရင် ကြိုက်ပါ့မလား စိတ်ဆိုးနေမှာလား ဆိုတဲ့ အတွေးတွေနဲ့ အမြဲလွမ်းနေရပါတယ်...

သမီးက မေမေနဲ့ အမြဲတမ်းလိုလို ခွဲနေရလို့လား မသိ မေမေ့ကို ပိုချစ်တတ်လာတယ်... ပိုပြီးနားလည်တတ်လာတယ် စာနာတတ်လာတယ်....

အဲလို ပိုချစ်တတ်လာတဲ့ အချိန် ပိုပြီး တွယ်တာတတ်လာချိန်မှာ ပိုပိုဝေးသွားတာကလဲ မေမေ့တန်ဖိုးတွေကို ပိုပြီး နားလည်တတ်ဖို့ ဖြစ်လာတယ်လို့ပဲ ယုံကြည်မိပါတယ် မေမေရေ...

မြန်မာပြည်မှာ နေစဉ်ကတည်းက ခရီးတို ခရီးရှည်တွေနဲ့ အိမ်မမြဲခဲ့တဲ့ သမီးတစ်ယောက်အတွက် မေမေ အမြဲတမ်းတွေးပြီး ပူပန်နေမယ်ဆိုတာကို နည်းနည်းလေးမှ မစဉ်းစားမိခဲ့သလို မေမေနဲ့ အတူတူနေရတဲ့ အချိန်တွေမှာ မေမေဆုံးမရင် အသာတကြည် လက်မခံချင်ပဲ အမြဲဆင်ခြေတွေပေးတတ်တဲ့ သမီးက သမီးဆိုးတစ်ယောက်တော့ မဟုတ်ခဲ့တာတော့ သေချာပါတယ် မေမေရယ်...

အမေအချစ်ဆုံးသမီးက အမေ့အဝေးဆုံးမှာ အမြဲရောက်နေတာ ကံကြမ္မာကို အပြစ်ဖွဲ့လို့ မရမှန်းသိပေမယ့် မေမေ့ကို ပြင်းပြင်းထန်ထန် တမ်းတမိတိုင်း ကိုယ့်ကိုယ်ကို ပဲ အပြစ်တင်မိပါတယ်....

ကိုယ်ရွေးခဲ့တဲ့ လမ်းကိုယ်လျှောက်နေတယ်ဆိုပေမယ့် သမီးက စက်ရုပ်တရုပ်မဟုတ်ခဲ့တော့ သံယောဇဉ်တွေ နှိပ်စက်တဲ့ ဒဏ်ကိုတော့ အလူးအလဲ ခံနေရပါတယ် မေမေရယ်...

မေမေက ဖြူစင်ဖို့ ပွင့်လင်းဖို့ ဟန်မဆောင်တတ်ဖို့ သင်ပေးခဲ့ပေမယ့် မေမေ့သမီးက ဟန်ဆောင်လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ခံစားချက်တွေကို မြိုသိပ်ပြီး ဟန်ဆောင်ရလွန်းလို့ ပင်ပန်းလှပြီမေမေရေ....
ဒါပေမယ့် မေမေ့သမီးက မေမေ မကြိုက်လွန်းတဲ့ ခေါင်းမာတာ မာနကြီးတာကလွဲလို့ ဖြူစင်ရိုးသားဆဲပါမေမေ...

စိတ်ချပါမေမေ... မေမေ့သမီးက မိဘမျက်ကွယ်မှာ နေရပေမယ့် မိဘကို မမေ့ခဲ့ပါဘူး.... ဟန်ဆောင်မှုတွေအောက်မှာ မိုးခါးရေကို လိုက်သောက်ဖို့ မာနကြီးနေသေးသလို...
ရောမမှာနေပေမယ့် ရောမလိုကျင့်တတ်ဖို့ကိုလဲ ခါးသီးရှက်ရွံ့နေတတ်ဆဲပါ မေမေရယ်...

မေမေ အမြဲပြောတတ်တဲ့ စကားတစ်ခွန်းကိုလဲ ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး....
အတိုင်းအတာနဲ့သာ ရသင့်သောအရာများကို အတိုင်းအတာနဲ့သာ ရယူပါဆိုတာလေ...
သမီးလောဘမကြီးပါဘူးမေမေ... အထူးသဖြင့် မိန်းကလေးတစ်ယောက် ဖြစ်နေတဲ့အတွက် ကိုယ့်လုပ်အားနဲ့ ရှာလို့ရတဲ့ အရာတွေကလွဲလို့ ဘယ်အရာကိုမှ မမက်မောခဲ့ပါဘူး ဘယ်လိုအရာမျိုးကိုမှလဲ မသာယာမိခဲ့ပါဘူး....

အထူးသဖြင့် ကိုယ့်နာမည် ကိုယ့်ဂုဏ်သိက္ခာတွေနဲ့ ရင်းပြီးမှ ရလာမယ့် စည်းစိမ်မျိုးကိုလဲ ပြင်းပြင်းထန်ထန် ရှုံ့ချမိသလို အထင်လဲမကြီးမိပါဘူး မေမေ...
ဒါတွေဟာ မေမေပေးခဲ့တဲ့ အသိတွေ ဆင်ခြင်တုံတရားတွေပါမေမေ...

ပြီးတော့မေမေ့သမီးက ဘယ်နေရာ ရောက်ရောက် မိန်းမမာနကို အမြဲရှေ့တန်းတင်လွန်းသလို မိန်းကလေးတွေကို အမြဲတမ်း ကာကွယ်ပေးလွန်းပြန်တယ် မေမေရေ...

တနေ့က သူငယ်ချင်းတွေနဲ့ စကားအခြေအတင် ပြောဖြစ်ကြတယ်မေမေ... ပြောဖြစ်တဲ့ခေါင်းစဉ်က သမီးတို့ နေတဲ့ လမ်းထဲက မိန်းမပျက်လေးတွေ အကြောင်းလေ.... သမီး ဘယ်တုန်းကမှ မဆွေးနွေးချင်ခဲ့သလို ဘယ်တုန်းကမှ ထင်မြင်ချက်မပေးချင်ခဲ့တဲ့ ခေါင်းစဉ်လေးပေါ့။သမီးနဲ့ ခါးခါးသီးသီး ဆွေးနွေးမိသူတွေက နီပေါသူလေး နှစ်ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသားနှစ်ယောက်လေ...

မေမေရေ ပြောဖြစ်ကြတဲ့ ငြင်းဖြစ်ကြတဲ့ အကြောင်းအရာ အချက်အလက်ကတော့ အစုံပါပဲ...
နောက်ဆုံးပိတ် သမီးပြောဖြစ်ခဲ့တဲ့ စကားကတော့ တစ်ခွန်းတည်းပါမေမေ....
ဘယ်မိခင်ကမှ သူတို့သမီးလေးတွေကို မိန်းမပျက်လေးတွေ ဖြစ်စေဖို့ မမွေးဖွားခဲ့သလို.... ဘယ်မိန်းကလေးကမှလဲ မိန်းမပျက်ဖြစ်ဖို့ လူ့လောကထဲကို ရောက်လာခဲ့တာမဟုတ်ပါဘူးလို့...
ပြောရင်းနဲ့ သမီးမျက်ရည်တွေ ဝဲနေခဲ့သလို မေမေ့ကိုလဲ အရမ်း သတိရနေမိတယ် မေမေ....

မိန်းကလေးဖြစ်ရတာ အင်မတန် နေတတ်ထိုင်တတ်လွန်းကာမှ ကိုယ့်ကိုယ်ကို စောင့်ထိန်းလွန်းကာမှ တော်ရာကျမယ် လို့ မေမေ အမြဲပြောနေတတ်တာ ဘာကြောင့်လဲဆိုတာကိုပါ တဆက်တည်း တွေးမိလိုက်လို့ပါ...

ပြီးတော့ သားသမီးတွေရဲ့ အနာဂတ်ကို အမေတွေက ဖန်တီးပေးတယ် ဆိုတာလေ...
သမီးအတွက်တော့ အရမ်းကို မှန်လွန်းခဲ့ပါတယ်...
မေမေပုံသွင်းခဲ့လို့လဲ မေမေ့သမီးက အစစအရာရာ ဘက်စုံမှာ ပြည့်စုံနေခဲ့သလို အရေးကြုံတိုင်းလဲ သက်လုံကောင်းနေခဲ့ပါတယ်။
မေမေ့အနားမှာပဲနေနေ အဝေးကိုပဲရောက်ရာက် ယုံကြည်ချက်အပြည့်နဲ့ မေမေ့သမီးလေး ပျော်တတ်ခဲ့တယ် နေတတ်ခဲ့ပါတယ်။

မေမေရေ... ကောင်းကင်ရဲ့ သမီးပျိုက အမြဲတမ်း ညည်းနေတတ်တယ်.. ငါ့မေမေကို အရမ်းလွမ်းတယ်တဲ့ ငါမေမေ့အတွက် ငါအသက်ရှင်နေတာတဲ့.... သမီးလေ သူ့ကို ပိုချစ်သွားတယ် မေမေ... သူလဲသမီးလိုပဲ အမေချစ်တဲ့ သမီးလေးလေ အမေကို အမြဲသတိရနေတဲ့ ကောင်မလေးပေါ့...

သမီးကတော့ သူ့လိုတဖွဖွ မညည်းတတ်ပါဘူး တိတ်တိတ်လေးပဲ လွမ်းနေတာဆိုတော့ သူတို့လဲ မသိကြဘူးလေ...
မေ့မေ့ကို တိတ်တိတ်လေးချစ်နေရတာ တမ်းတနေရတာက ပိုပြီး လေးနက်မှုရှိတယ်လို့ ခံစားရလို့ပါ မေမေ....

မေမေရေ ဝေးနေမှ ပိုပြီးလွမ်းတတ်တာ သဘာဝဆိုပေမယ့် ဘယ်သူနဲ့မှ မတူတဲ့ အချစ်နဲ့ မေမေ သမီးကိုချစ်ခဲ့တယ် ဆိုတာကိုတော့ သမီးအမြဲအမှတ်ရနေပါတယ်....

သမီးတွေ ရည်းစားထားမှာ မစိုးရိမ်ပေမယ့် ရည်းစားများမှာကိုတော့ မေမေ စိတ်ပူတတ်ခဲ့တယ်....
ရည်းစားက သစ္စာမဲ့သွားလို့ မေမေ့ရင်ခွင်ထဲမှာ သမီးလေးတစ်ယောက် ငိုခဲ့ဘူးတယ်...
ငိုနေတဲ့ သမီးကို မျက်ရည်တွေ သုတ်ပေးရင်း မေမေ အားပေးခဲ့ဘူးတယ်....
ပုဇွန်ကြိုက်တဲ့ သမီးအတွက် ထမင်းဘူးထဲမှာ ပုဇွန်တွေ မပြတ်အောင် မေမေ စီမံပေးခဲ့ဘူးတယ်..
တီဘီဖြစ်နေတဲ့ သမီးကို ဆရာဝန်တားထားတဲ့ကြားက မေတ္တာအပြည့်နဲ့ ရင်ခွင်ထဲမှာ ပေးအိပ်ခဲ့တာ မေမေလေ....
ညညဆို အဖျားတက်ပြီး ချွေးတွေရွှဲနေတတ်လို့ အအိပ်ပျက်ခံပြီး ချွေးသုတ်ပေးခဲ့တာလဲ မေမေ တစ်ယောက်ပဲရှိတယ်လေ...
အနေအထိုင်ရိုးလွန်းတဲ့ မေမေက သမီးတွေကို အရှက်သိက္ခာသိဖို့ ရှက်တတ်ကြောက်တတ်ဖို့ မိန်းကလေးပီပီ ဝတ်တတ်စားတတ်ဖို့ ပုံသွင်းခဲ့တာမှန်ပေမယ့် သမီးတွေက သူ့နေရာနဲ့သူ ဝတ်ဖို့စားဖို့အရေးကြုံလာတော့ သမီးတွေရဲ့ မီနီစကပ်တွေ ရှေ့ကွဲဘေးကွဲနောက်ကွဲ စကပ်တွေ စတိုင်ဘောင်းဘီတွေ ကို မေမေကြည့်တတ်မြင်တတ် လာခဲ့တယ်လေ...

အလုပ်ကပြန်လာတဲ့ သမီးဖတ်ဖို့ ဖတ်စရာ သတင်းအချက် အလက်တွေကိုလဲ အမြဲ စုဆောင်းပေးထားသလို မေမေနားထောင်ဖြစ်တဲ့ စိတ်ဝင်စားစရာ သတင်းလေးတွေကိုလဲ မေမေက ပြန်ပြီး ပြောပြတတ်သေးတယ်နော်..
စာတွေအရမ်းဖတ်တဲ့ မေမေနဲ့ ဖေဖေရဲ့ သမီးဖြစ်ခွင့်ရတာ သမီးကံကောင်းခဲ့ပါတယ်...

မိုးတွေ ဘယ်လောက်ရွာရွာ ခြင်တွေ ဘယ်လို ကိုက်ကိုက် သမီးအလုပ်ပြန်တဲ့ အချိန်တွေဆိုရင် ကားဂိတ်မှာ
မေမေတစ်ယောက် အမြဲလာစောင့်နေခဲ့ဘူးတယ်.... ဘယ်တုန်းကမှလဲ မပျက်ကွက်ခဲ့သလို ဘယ်လိုမှလဲ တားလို့မရအောင် မေမေက အစိုးရိမ်ကြီးခဲ့တယ်နော်...

သမီးတစ်ယောက်အနေနဲ့ အမေနားမှာ အမြဲရှိနေသင့်ပေမယ့် ခုချိန်ထိ မေမေ့နားကို ပြန်မရောက်နိုင်သေးသလို ဘယ်အချိန်မှ ရောက်မယ်ဆိုတာလဲ မသေချာသေးတာမို့ လွမ်းနေရုံ တမ်းတနေရုံ အဝေးကနေ ပူပန်နေရုံကလွဲလို့ မေမေ့သမီးက ဘာမှမတတ်နိုင်ခဲ့ပါဘူး....

အရင်ကဆို လူကြုံတွေလာတိုင်း မေမေ့လက်ရာ မြန်မာ့စားစရာတွေကို အားမနာတမ်း မှာတတ်ခဲ့ပေမယ့် ခုချိန်မှာတော့ သမီးက အလိမ္မာကြီးနေပြန်ရော မေမေ မသိခဲ့ဘူးနော်....

တစ်ခါက အိမ်က ပို့လိုက်တဲ့ ဗွီဒီယိုဖိုင်လေးထဲမှာ အမေက သမီးအတွက် စားစရာတွေ ချက်ပြုတ်နေတဲ့ ပုံလေးတွေ့တော့ ချက်ချင်းမျက်ရည်ဝဲလာခဲ့ပါတယ်။
မေမေပင်ပင်ပန်းပန်း ချက်ပြုတ်ကြော်လှော်ရမှာ သိရက်နဲ့ အလိုက်မသိလွန်းစွာ မှာမိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ စိတ်တိုမိတာမို့ အဲဒီနေ့ကစလို့ စားစရာတွေမှာတဲ့ အစီအစဉ်လေးကို ရပ်လိုက်ပါတော့တယ်။

မေမေကတာ့ အမြဲတမ်း သတိတရမေးနေတတ်တာ ဒီနေ့အထိပါပဲ ဘာစားချင်လဲ ဘာချက်ပေးရမလဲ ဘယ်သူတွေပြန်လာဖို့ရှိလဲ မေမေချက်ပေးလိုက်မယ် ဆိုပေမယ့်.... သမီးအလိုက်သိနေပါပြီ...

ငါ့မေမေချက်ပြီး ပို့လိုက်တာဆိုတဲ့ စကားတစ်ခွန်းကို အရင်က လွယ်လွယ်လေးနဲ့ ပြောထွက်ခဲ့ပေမယ့်ခုချိန်မှာတော့ မေမေပင်ပန်းမှာစိုးလို့ ဘာမှမမှာတော့ပါ လို့ ပြောင်းလဲ ပြောတတ်လာခဲ့တာ....
မေမေ့ကို အရမ်းချစ်လာလို့ပါ..... အရမ်းစာနာတတ်လာလို့ပါ...

ပြီးတော့ မေမေ့သမီးက မေမေ့သမီးပီပီ ပီသစွာ မိန်းမပီသစွာ ကျွမ်းကျင်စွာ ချက်ပြုတ်တတ်နေခဲ့တော့ အခြားမိန်းကလေးတွေလို ဒုက္ခမရောက်ခဲ့ပါဘူး....

အဝေးကြီးက သမီးအတွက် မေမေချွေးမစို့စေချင်ပါဘူး...

မေမေက သားသမီးတွေ အားလုံးအပေါ်တာဝန်ကျေခဲ့ပေမယ့် မေမေ့သမီးကတော့ မေမေ့အပေါ်မှာ တာဝန်မကျေသေးသလို ခံစားနေရတယ်မေမေရယ်...

ကျေးဇူးတွေ ပြန်ဆပ်ချင်တယ်လို့ ပြောလို့မထွက်ခဲ့ပါဘူး ပြောလဲ မပြောရဲပါဘူးမေမေ....
ဘယ်လောက်ပဲ ဆပ်ဆပ် ဘယ်လိုပဲ ဆပ်ဆပ် ဘယ်တော့မှ မကျေဘူးဆိုတာ သိနေလို့ပါမေမေ....

မေမေ အမြဲပြောတတ်တဲ့ စကားတစ်ခွန်းကို ထပ်ပြီးမှတ်မိနေပြန်ပါတယ်။

သူများတွေ ဘယ်လောက်ပဲကောင်းကောင်း ဘယ်လိုပဲကောင်းကောင်း မိဘထွေးထုတ်လိုက်တဲ့ တံတွေးတစ်စက် စင်တာလောက်ပဲရှိတယ်တဲ့....

ကိုယ့်အပေါ် ဘယ်သူတွေ ဘယ်လိုကောင်းကောင်း မသာယာတတ်ဖို့ အသိအမြဲရှိဖို့ မေမေ အမြဲသတိပေးနေတာလေးကို မမေ့ပါဘူးမေမေ....

ဒီလိုနေရာမျိုးမှာ ကူညီမယောင်နဲ့ ချောက်ထဲတွန်းချဖို့ ကြိုးစားနေတဲ့ သူတွေအများကြီးတွေ့နေရတော့ ပိုပြီး ကျေးဇူးတင်မိတယ် မေမေ့ကို...

အစစအရာရာ ကြိုတင်ပြင်ဆင်တတ်ဖို့ သတိရှိဖို့ ရှောင်နိုင်ဖို့ ငယ်ငယ်ကတည်းက ကြိုပြီး အသိပေးထားခဲ့လို့ပါ....

မေမေ့သမီးက အခက်အခဲ ကြုံလာမှ မေ့မေ့ကို သတိရတာမဟုတ်ပါဘူး .... အမြဲတမ်း တမ်းတနေပါတယ်....

တစ်ယောက်တည်း စိတ်ဓါတ်ကျ အားငယ်နေတဲ့ အချိန်တွေမှာတော့ အပြင်းပြဆုံးတောင့်တမိတာ မေမေ့ကိုပါ...

တခါတရံ ဘာရယ်မဟုတ်ပဲ တစ်ယောက်တည်း အထီးကျန်နေတဲ့ အချိန်တွေ စိတ်ဓါတ်တွေ အကြီးအကျယ် ကျနေတဲ့ အချိန်တွေ အကြောင်းတစ်ခုခုကြောင့် လူတွေကို စိတ်နာမိတဲ့အချိန်မှာတော့ မေမေ့ကို ဖုန်းဆက်ပြီး အားသစ်တွေ ပြန်မွေးရပါတယ်....

ဘာမှမပြောရသေးခင် မေမေ့အသံကြားရုံလေးနဲ့တင် စိတ်သောကတွေ လွင့်စင်ကုန်တာဟာ မေမေ့ဆီကရလာတဲ့ ခွန်အားတစ်မျိုး မေမေပေးနေကျ အင်အားတစ်မျိုးကြောင့်ပဲ ဖြစ်မှာပါ မေမေ...

မေမေရေ... အလိုချင်ဆုံး အတောင့်တဆုံးဆုက မေမေ့ဆီက ချစ်ခြင်းမေတ္တာနဲ့ ခွန်အား တစ်ချို့ပါ မေမေ...

သမီးလျှောက်ရမယ့်လမ်းမှာ ကောက်ကျစ်တဲ့သူတွေကို ရှောင်နိုင်ဖို့
မရိုးသားတဲ့သူတွေကို အရိုးသားဆုံး ယှဉ်ပြိုင်နိုင်ဖို့
သူတပါးရဲ့ အလိမ်အညာတွေ မခံရစေဖို့
သူတပါးကိုကူညီနိုင်ဖို့ ဖြူစင်နိုင်ဖို့
အမှန်တရားတွေ ရှာဖွေဖို့အတွက်
မေမေ့ဆီက ခွန်အားတွေ လိုနေဆဲပါမေမေ....
ခွန်အားမျှပါ မေမေ.....

8 comments:

နေစိုးနိုင် said...

စာကောင်းလေး တစ်ပုဒ်ပါဗျာ ။ အစ်မ လိုချင်နေတဲ့ ခွန်အားတွေ က အစ်မ အမေ ဆီက ပေးပြီးသားတွေပါ။ ခံယူတတ် တာနဲ့ ရပြီးသားဖြစ်နေမှာပါ။ အမေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့သမီး ထိုမှတဆင့် သမီးကို တာဝန်ကျေတဲ့ အမေ ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်။

yehtutnaung said...

မနှင်းနဲ့ မာယာရေ.. မိခင်ပေါ်မှာ နားလည်ခံစား နိုင်တဲ့ မိန်းကလေးတဦးအတွက် မိခင်ရဲ့ ရောင်ပြန်မေတ္တာ ဓာတ်တွေကြောင့်  ခလုပ်မထိ၊ ဆူးမငြိပဲ ဘ၀ခရီးလမ်းကို အောင်မြင်အောင် လျှောက်နိုင်ဦးမှာပါဗျာ။

ကောင်းကင်ရဲ့ သမီးပျို said...

နှင်းရေ မေမေ့ကို ပိုလွမ်းသွားပြီဟ

စူး said...

အမေတဲ့.............

ငယ်ငယ်တုန်းက ၆နှစ်အရွယ်ထိ ခေါ်ခဲ့ဖူးတဲ့ မေမေ ဆိုတဲ့ နာမည်ဟာ...အဲဒီကတည်းက ဘယ်သူ့ကိုမှ မခေါ်ခဲ့ရတဲ့ သူအဖို့ သူများတွေ ရဲ့မေမေတမ်းချင်းဟာ ကိုယ့်အတွက်တော့ ......... ဆက်မရေးချင်ဘူး..

ဖြစ်နိုင်ရင် အဲဒီအမေနေ့ကို မတွေးချင်ဘူး
အမေဆိုတာရဲ့ မေတ္တာ.. ကို ဘယ်တော့မှလဲ ရနိုင်မှာမဟုတ်လို့ သူများတွေရဲ့ အမေနေ့မှာတိတ်တိတ်လေးကြေကွဲနေ တဲ့ သူတွေ ရှိနေပါတယ်..မနှင်းရေ..

ငိုချင်လာတယ်..

လောကမှာမိစုံဖစုံရှိသူတွေ သိပ်ကံကောင်းကြပါတယ်...။

အခုအိမ်က ဂျပန်အမေနဲ့ သူ့သမီးရဲ့ နွေးထွေးမူတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ .. ရင်ထဲမှာ ဖော်မပြနီုင်အောင် ၀မ်းနဲမိတယ်..
ပြောပြဖို့ခက်တဲ့ စကားလုံးတွေပါပဲ မနှင်း

ငိုချင်တယ်။

အိုက်ခီလောက် said...
This comment has been removed by the author.
အိုက်ခီလောက် said...

အင်းအမေပိုစ့်လေးဖတ်ပြီး တစ်အားလွမ်းတယ်ဗျာ
ငမူးလည်း အမေ့ကို ချစ်တာပဲ အဖေတော့မချစ်ဘူး
အမေ့က ပိုဆင်းရဲခံ ပြီး ကျွေးမွေးလာတာလေ
အမေ့က ပိုသိတယ် သားသမီး ရဲ့ လိုအပ်ချက်တွေကို
မျက်နှာရိပ်မျက်နှာကဲကြည့်တာနဲ့  ဘာဖြစ်နေတယ်ဆိုတာ
သိယုံမက စိတ်ပါပူနေတတ်ပြီလေ
ကျေးဇူးပါပဲ ဖတ်လိုက်ရတာ

ခင်မင်လျှက်ပါ
ပေတလူဆိုးပေ အကောင်းစားလေး
အိုက်ခီလောက်

emayarKhin said...

နှင်း...ရဲ့ဒီပို့စ်လေးကိုဖတ်ပြီးတော့...
နှင်း...ကိုပိုပြီးတော့လေးစားခင်မင်မိပါတယ်...
နှင်း..ပြောချင်တဲ့စကားတွေနှင်းမေမေသိရင်သိပ်
ဝမ်းသာရှာမှာပါ.....နှင်း..တောင့်တသလိုမျိုး
နှင်း..မေမေဆီကခွန်အားတွေအမြဲပဲရရှိနိုင်ပါစေ...။

ခင်မင်စွာဖြင့်
အမရာ

vanko said...

ဒီပို့စ်လေးကို ဖတ်ပြီး အမေ့ရဲ့ မေတ္တာတွေကို ပြန်မြင်ယောင်မိလာတယ်။ သားသမီးတွေအတွက် အမြဲ အပင်ပန်းခံ အနစ်နာခံခဲ့တဲ့ အမေ့ကိုရော အဖေ့ကိုရော သတိရပြီး မျက်ရည်တောင်ဝဲမိတယ်။ ကျေးဇူးတင်ပါတယ်ဗျာ ဒီပို့စ်လေးအတွက်။
ချစ်တဲ့ အမေနဲ့အဖေကို အကောင်းဆုံးကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။

My Blog List