ပတ္တမြားငမောက်


ပတ္တမြားငမောက်ရဲ့ သမိုင်းကြောင်းက အငြင်းပွားစရာ တချို့ရှိနေခဲ့တာမို့ သမိုင်းအထောက်အထား ခိုင်လုံစွာနဲ့ ကိုးကားပြောဆိုခဲ့ကြသလို အမျိုးမျိုး ဆန်းစစ်ဝေဖန်ခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေလဲ ရှိခဲ့ပါတယ်။

ပထမ အငြင်းပွားကြတာကတော့ ပတ္တမြားငမောက်ဟာ ညောင်ရမ်းမင်းဆက် ၅ဆက်မြောက်ဖြစ်တဲ့ ပြည်မင်း ( ၁၆၆၁-၇၂) လက်ထက် တုန်းက ချင်းတွင်းရွာသား ငမောက်က ဆက်သခဲ့တာမို့ ငမောက်ပတ္တမြားလို့ ထင်ရှားလာတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဆန်းစစ်ဝေဖန်သုံးသပ်ချက်တွေအရ ဒီပတ္တမြားဟာ ညောင်ရမ်းမင်းဆက်က မဖြစ်နိုင်ပါ ကုန်ဘောင်မင်းဆက် ဗဒုံမင်းလက်ထက်မှာ ဆက်သရရှိခဲ့တာလို့ အခိုင်အမာ ပြောဆိုအတည်ပြုကြပါတယ်။

ပတ္တမြားငမောက်ရဲ့ ပါးစပ်ရာဇဝင်ကိုတော့ ဒီလိုလေးတွေ့ရှိ မှတ်သားရပါတယ်။

အမည်မသိ မြန်မာ မင်းတပါးလက်ထက်က ကျောက်တလုံးရွာသား တစ်ယောက်က မိုင်းလုံသွားတဲ့ လမ်းမကြီးပေါ်မှာ ကြီးမားတဲ့ ပတ္တမြားကျောက်တုံးကြီးကို ကောက်တွေ့ခဲ့ပါတယ်။
အသိဥာဏ်ပညာ နည်းပါးတဲ့ ကျေးတောသားဖြစ်တာမို့ ကျောက်တုံးကြီးကို ခွဲလိုက်မိတာ သုံးပိုင်းတိတိ ကွဲသွားခဲ့ပါတယ်။

တစ်တုံးကိုတော့ ခိုးသူတွေက တွေ့သွားပါတယ်။ ဒုတိယ တစ်တုံးကတော့ ရတီရှစ်ဆယ်လောက်ရှိပါတယ် အဲဒီပတ္တမြားကိုတော့ ပလောင်အမျိုးသမီးတစ်ယောက်က ကောက်ရသွားပါတယ်။ တတိယ ပတ္တမြားကတော့ ကာလကတ္တားကို ရောက်သွားပါတယ်။

ပလောင်အမျိုးသမီး ရခဲ့တဲ့ ပတ္တမြားကတော့ အင်မတန် အရည်အသွေးကောင်းပါတယ်။ အရောင်အဝါ တောက်ပလွန်းတာမို့ ညအချိန်မှာတောင် ပတ္တမြားက ထွက်တဲ့ အလင်းရောင်နဲ့ ပလောင်အမျိုးသမီးဟာ ချည်ငင်ဗိုင်းငင် လုပ်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီအမျိုးသမီးက နားမလည်ပဲ ပတ္တမြားကြီးကို ငပိ ဆီ စတဲ့ စားကုန်တွေနဲ့ လဲလိုက်တာ ချင်းတွင်းက ကုန်သည်တစ်ယောက်ဆီကို ရောက်သွားပြန်ပါတယ်။

အဲဒီကုန်သည်ဆီကနေတဆင့် ပတ္တမြားကြီးဟာ ငမောက်ကြီးထံကို ရောက်ပြန်ပါတယ်။ ငမောက်ကြီးကတော့ ပတ္တမြားကြီးကို ဗဒုံမင်းထံ ဆက်သလိုက်ပါတယ်။ ငမောက်ကြီးလဲ မြို့စားအဖြစ် ချီးမြောက်ခံရပါတယ်။ ငမောက်ကြီးဆက်တဲ့ ပတ္တမြားဖြစ်လို့ ငမောက်ပတ္တမြားလို့ အမည်ပေးခဲ့ပါတယ်။

ဗဒုံမင်းကလဲ ငမောက်ပတ္တမြားကြီးရဲ့ သတင်းကို နောက်ကြောင်းပြန် စုံစမ်းပါတယ်။ ခြေရာ ထပ်ကောက်ပါတယ်။ ပလောင်အမျိုး သမီးနဲ့ သူမရဲ့ ရွာအကြောင်းကို သိရတော့ တစ်ရွာလုံးကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ အဲဒီရွာကလဲ အလောင်းစင်ဆိုပြီး နာမည်တွင် ကျန်ရစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ခိုးသူတို့ရသွားတဲ့ ပတ္တမြားကိုလဲ ပြန်ရခဲ့ပါတယ်။ အဲဒီပတ္တမြားကိုတော့ သူခိုးလက်ရ ပြန်ရတာမို့ စောရသူခိုးလို့ အမည်ပေးပါတယ်။ စောရသူခိုးကတော့ ငမောက်လောက် အရွယ်အစား ရှိတယ်လို့ ပြောကြပါတယ်။ အလေးချိန်ကိုတော့ တိတိကျကျ မတွေ့ရပါဘူး။

ကလကတ္တား ရောက်သွားတဲ့ ပတ္တမြားကိုလည်း နည်းမျိုးစုံနဲ့ စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ တတိယ ပတ္တမြားကို ခက်ခက်ခဲခဲ ပြန်လည်ရှာဖွေပြီး ပြန်ရတာမို့လဲ ကုလားပြန်လို့ ဘွဲ့နာမည် တပ်ခဲ့ပါတယ်။

နာမည်ကျော် ဒီငမောက် ပတ္တမြားကိုတော့ ဗဒုံမင်း လက်ထက်ကစလို့ နန်းစဉ်ရတနာ အဖြစ် ဆက်လက်ထိန်းသိမ်း လာခဲ့တာ သီပေါမင်း ပါတော်မူချိန်အထိ မပျောက်မပျက်ခဲ့ပါဘူး။

သီပေါမင်း ပါတော်မူပြီးတဲ့ နောက်မှာတော့ ပတ္တမြား ငမောက်ဟာ သီပေါမင်းလက်ထဲပဲ ပါသွားသယောင်ယောင် အင်္ဂလိပ်တွေကပဲ ယူသွားသယောင်ယောင်နဲ့ သူ့ရဲ့ သတင်းပါပျောက်ဆုံးသွားခဲ့ပါတယ်။

ပတ္တမြား ငမောက်နဲ့ အဖိုးတန်ရတနာတွေ အကြောင်း သိခဲ့သူတွေက လိုက်လံ စုံစမ်းရှာဖွေခဲ့ပါတယ်။
သီပေါမင်းပါတော်မူပြီး စစ်သိမ်းပစ္စည်းတွေ ထုခွဲရောင်းချတဲ့ စာရင်းထဲမှာလဲ ရှာလို့မတွေ့ခဲ့ပါဘူး။

အင်္ဂလိပ်တွေ ပေးလာတဲ့ စာရင်းအရ အင်္ဂလန်ကို တင်ပို့လိုက်တဲ့ ရတနာ ပစ္စည်းတွေ စာရင်းထဲမှာလဲ ငမောက်က ပျောက်နေပြန်ပါတယ်။

နန်းစဉ်ရတနာတွေရဲ့ အကြောင်းကို သိနေတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်ကြီး ကိုယ်တိုင် မြန်မာ့နန်းတွင်းကို ရောက်ခဲ့ဖူးသူ နှံစပ်ခဲ့ဖူးသူတွေ ဖြစ်တဲ့ ဆာအက်ရှလီဒီဒင်၊ ကာနယ်ယူးလ် စတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး တော့ ရတနာတွေရဲ့ သတင်းကို စုံစမ်းဆွေးနွေးခဲ့ပါသေးတယ်။

ဒါပေမယ့် သတင်း တိတိကျကျ မရခဲ့ပါဘူး။

သီပေါမင်း နဲ့ ကာနယ်စလေဒင် တို့ကြား ပျောက်နေတယ်လို့ ပဲ မှတ်ယူခဲ့ကြပါတယ်။

ပတ္တမြား ငမောက်ရှာပုံတော် ရဲ့ နောက်ဆက်တွဲ ကို နောက်ပို့စ်လေးမှာ ဆက်ဖတ်ပါ။


6 comments:

yehtutnaung said...

စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဒီအကြောင်းကို စာအုပ်ကြီးကိုင်ပြီး ဖတ်ရတာထက် အခုလို blog ပေါ်မှာ ဖတ်ရတာ ပိုသွက်သလို။ ဆက်လက် အားပေးနေပါတယ်ဗျာ။

Anonymous said...

စိတ်ဝင်စားတယ်
မျှော်နေတယ်

စူး said...

စိတ်ဝင်စားပါ၏
ဆက်ရန်မျှော်နေ၏

တိုးတိုးလေးပြောသွားမယ်နော်
ပတ္တမြားငမောက် ကျနော့်ဆီမှာ ရောက်နေတယ်။

တောင်ပေါ်သား said...

အလွန်ကို စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ အပိုင်းများ စောင့်နေပါတယ်


လေးစားလျက်
တောင်ပေါ်သား

Unknown said...

ကျေးဇုတင်ပါတယ်ပတ္တမြားစစ်မစစ်ဆိုတာဘယ်လိုကြည့်၇ပါလဲခင်ဗျားတင်ပေပါအုံး

Unknown said...

ကျေးဇုတင်ပါတယ်ပတ္တမြားစစ်မစစ်ဆိုတာဘယ်လိုကြည့်၇ပါလဲခင်ဗျားတင်ပေပါအုံး

My Blog List