မြန်မာ့ နန်းစဉ်ပတ္တမြားကြီးများ

မြန်မာပြည်ဟာ အဖိုးတန် သယံဇာတတွေ တွင်းထွက်ကျောက်မျက်ရတနာတွေနဲ့
ပြည့်နှက်နေတဲ့ ရွှေနိုင်ငံလေးတစ်နိုင်ငံ အဖြစ် နှစ်ပေါင်းများစွာကတည်းက ရပ်တည်လာခဲ့သလို
ကမ္ဘာကျော်စေခဲ့တဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေ ကြောင့်လဲ ကမ္ဘာ့အလည်မှာ နာမည်ဂုဏ်သတင်း ကျော်စောခဲ့ပါတယ်။

ပြီးတော့ မြန်မာ့ နန်းတွင်းကျောက်မျက် ရတနာတွေဆိုတာကလဲ ကြားရုံကြားဖူးခဲ့ပြီး
မြင်တွေ့ခွင့် မရခဲ့ပေမယ့် လေးစားအားကျ ခဲ့ရတဲ့ သမိုင်းဝင်ရတနာတွေဖြစ်ခဲ့ပါတယ်။

ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားတွေကတော့

၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန်
ရတီကိုးဆယ်ကျော်ရှိတဲ့ ငမောက်ပတ္တမြားကြီး

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့
လှော်ကားတင်ကလေးလို့ခေါ်တဲ့ ပတ္တမြား

၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့
ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီးလို့ခေါ်တဲ့ ပတ္တမြား

၎။အလေးချိန် ဆယ်ရတီရှိ ဆင်မတောလို့်ခေါ်တဲ့ ပတ္တမြား

၅။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော်လို့ခေါ်တဲ့ ပတ္တမြား

တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ နောက်ဆုံးသိမ်းခဲ့တဲ့ အချိန်ကတည်းက နန်းစဉ်ပတ္တမြားကြီးတွေ ပျောက်ဆုံးခြင်းမလှ ပျောက်ခဲ့ပါတယ်။

စစ်ရှုံးချိန်မှာ မန္တလေးမြို့မှာရှိတဲ့ စစ်သိမ်းပစ္စည်းကော်မတီက ထုခွဲရောင်းချတဲ့အထဲမှာလဲ နန်းစဉ် ပတ္တမြားကျောက်တော်များမပါခဲ့ပါ။

သင်္ဘောနဲ့ အင်္ဂလန်ကို ပေးပို့ခဲ့တဲ့ ရတနာသေတ္တာ သုံးလုံးမှာလဲ ပတ္တမြားကျောက်တော်များ မပါခဲ့ပါ။ ရတနာများကို အကဲဖြတ်ရသော ပရော်ဖက်ဆာ မက်စကဲလင်း ရဲ့ အစီရင်ခံစာမှာလဲ စတာလင်ပေါင် ၃၀၀ ကျော်တန် ပတ္တမြား တစ်လုံးသာပါကြောင်း တွေ့ရပါတယ်။

အဲဒီပတ္တမြားတွေထဲက နာမည်ကျော် ပတ္တမြားငမောက် ရဲ့ ရာဇဝင်နဲ့ ပျောက်ခြင်းမလှ
ပျောက်နေခဲ့တဲ့ သတင်းကို စာအုပ်တအုပ်ထဲမှာ ဖတ်ခဲ့ရပါတယ်။ စိတ်ဝင်တစားနဲ့ လိုက်ပြီး
လေ့လာခဲ့သလို ဆက်ပြီးသိခွင့်ရခဲ့တဲ့ ပတ္တမြားငမောက်ရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်လေးတွေကလဲ ဆန်းကြယ်လှသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ဒါ့ကြောင့် စိတ်ဝင်စားမိခဲ့တဲ့ ပတ္တမြားငမောက်ရဲ့ ရာဇဝင် စ လယ် ဆုံး သုံးပါးလုံးကို ဒီဘလော့လေးမှာ ဆက်လက်ဖော်ပြသွားပါ့မယ်။


အခုရေးခဲ့တဲ့ ပို့စ်လေးနဲ့ ဆက်ရေးမယ့် ပတ္တမြား ငမောက်အကြောင်းကတော့ ဆရာမကြီး မကြန်ရေးတဲ့ သမိုင်းဟူသည်နှင့် အခြားစာတမ်းများ စာအုပ်ကို ကိုးကားပြီး ရေးခဲ့သလို အွန်လိုင်းမှာ တွေ့ရှိထားတဲ့ အချက်အလက်တွေကိုလဲ မှီငြမ်းထားတာဖြစ်ပါတယ်။

4 comments:

သီဟသစ် said...

နန်းစဉ်ပတ္တမြားတွေရဲ့ အကြောင်း စိတ်ဝင်စားပါတယ်ဗျာ..
မဂ္ဂဇင်းတွေမှာ ဖတ်ဖူးပေမယ့် ဟိုတစ်ပိုင်း ဒီတစ်ပိုင်းဆိုတော့ သေချာ မမှတ်မိတော့ဘူး...

မျှော်နေပါမည်...

နေစိုးနိုင် said...

စောင့်ဖတ်မယ်

yehtutnaung said...

ဗဟုသုတ ရတယ်.. ဆက်လက် အားပေးနေပါတယ်ဗျာ။

emayarKhin said...

ဆက်ရန်ကိုစိတ်ဝင်စားနေမယ်နော်..............

My Blog List